မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ငါ ဘယ်လိုဟောပြောရမလဲ’

‘ငါ ဘယ်လိုဟောပြောရမလဲ’

‘ငါ ဘယ်လိုဟောပြောရမလဲ’

တကယ့်ရောဂါကြီးတွေခံစား နေရပေမဲ့ ဟောပြောခြင်းလုပ်ငန်းမှာ စွဲစွဲမြဲမြဲ ပါဝင်နေကြတဲ့ ညီအစ်ကို ညီအစ်မတွေရဲ့ တွေ့ကြုံမှုကောင်းတွေ ကမ္ဘာတစ်ဝန်းမှာရှိတယ်။ ဥပမာ၊ လစ်သူယေးနီးယားနိုင်ငံရဲ့မြို့တော်၊ ဗီလ်နီယပ်စ်မှာနေထိုင်တဲ့ ဒေလီယာကို ကြည့်ပါ။

ညီအစ်မ ဒေလီယာက အသက် ၃၇ နှစ် ရှိပြီ။ သူက မွေးကတည်းက ဦးနှောက်လေဖြတ်သွားတယ်။ ဒီရောဂါကြောင့် တစ်ကိုယ်လုံးလေဖြတ်သွားပြီး စကားပြောတဲ့အခါ ဗလုံးဗထွေးဖြစ်နေတယ်။ ဒါကြောင့် သူပြောတဲ့စကားကို မိသားစုဝင်တွေပဲ ကောင်းကောင်းနားလည်တယ်။ ဒေလီယာက သူ့ကိုကြည့်ရှုပြုစုပေးတဲ့ အမေဖြစ်သူ ဂေလီနာနဲ့အတူနေတယ်။ ဒေလီယာရဲ့ဘဝမှာ ဆင်းရဲဒုက္ခတွေ၊ စိုးရိမ်ပူပန်စရာတွေနဲ့ ပြည့်နေပေမဲ့ သူ့မှာ အကောင်းမြင်သဘောထား ရှိတယ်။ ဘယ်လိုဖြစ်နိုင်သလဲ။

ဂေလီနာ ဒီလိုပြောပြတယ်– “၁၉၉၉ ခုနှစ်မှာ ကျွန်မရဲ့ဝမ်းကွဲညီမ အပါးလျိုနီယာ ကျွန်မတို့ဆီလာလည်တယ်။ ယေဟောဝါသက်သေတစ်ဦးဖြစ်တဲ့ အပါးလျိုနီယာက ကျမ်းစာအကြောင်းကောင်းကောင်းသိတယ်ဆိုတာ ကျွန်မတို့ သတိထားမိတယ်၊ ဒါနဲ့ ဒေလီယာက သူ့ကို ကျမ်းစာမေးခွန်း အတော်များများမေးခဲ့တယ်။ သိပ်မကြာခင်မှာပဲ ဒေလီယာ ကျမ်းစာစလေ့လာတော့တယ်။ ဒေလီယာရဲ့စကားကို ဘာသာပြန်ပေးဖို့ သူတို့ကျမ်းစာလေ့လာတဲ့အခါ ကျွန်မ တစ်ခါတလေ ထိုင်ပေးရတယ်။ ဒါပေမဲ့ သူသင်ယူသမျှအရာအားလုံးက သူ့အတွက် တကယ်အကျိုးရှိတယ်ဆိုတာ ကျွန်မသတိပြုမိတယ်။ သိပ်မကြာခင်မှာပဲ ကျွန်မကိုလည်း ကျမ်းစာသင်ပေးဖို့ ပြောလိုက်တယ်။”

ကျမ်းစာအမှန်တရားအကြောင်း ဒေလီယာ စသိလာတဲ့အခါ သူ ဘဝင်မကျဖြစ်နေတဲ့မေးခွန်းတစ်ခု ပေါ်လာတယ်။ နောက်တော့ သူက “ကျွန်မလို လေဖြတ်ထားသူတွေ ဘယ်လိုဟောပြောရမလဲ” ဆိုပြီး အပါးလျိုနီယာကို မေးတယ်။ (မ. ၂၈:၁၉၊ ၂၀) အပါးလျိုနီယာက အေးအေးဆေးဆေးပဲ “မစိုးရိမ်နဲ့၊ ယေဟောဝါကူညီမှာပါ” ဆိုပြီး ပြောခဲ့တယ်။ ယေဟောဝါ တကယ် ကူညီပေးခဲ့တယ်။

ဒါနဲ့ ဒေလီယာ ဘယ်လိုများ ဟောပြောနိုင်တာလဲ။ နည်းအမျိုးမျိုးနဲ့ ဟောပြောနိုင်ခဲ့တယ်။ ကျမ်းစာသတင်းတရားအကြောင်း စာရေးပြီးသက်သေခံရာမှာ ခရစ်ယာန်ညီအစ်မတွေက သူ့ကိုကူညီပေးတယ်။ ဦးဆုံး ဒေလီယာက သူပြောချင်တဲ့အကြောင်းအရာကို ညီအစ်မတွေကို ပြောပြတယ်။ အဲဒီနောက် သူတို့က သူပြောချင်တဲ့အကြောင်းအရာတွေကို စာစီပေးကြတယ်။ ဒေလီယာက သူ့ရဲ့ဖုန်းနဲ့စာပို့ပြီးတော့လည်း သက်သေခံတယ်။ ရာသီဥတုသာယာတယ်ဆိုရင် ပန်းခြံတွေနဲ့ လမ်းပေါ်မှာရှိတဲ့သူတွေကို ဟောပြောဖို့ အသင်းတော်က ညီအစ်ကိုညီအစ်မတွေက သူ့ကိုခေါ်သွားပေးတယ်။

ဒေလီယာနဲ့သူ့မိခင်တို့ဟာ အမှန်တရားမှာ ဆက်တိုးတက်နေကြတယ်။ ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာမှာ သူတို့နှစ်ဦးစလုံးက ယေဟောဝါထံအပ်နှံပြီး နှစ်ခြင်းခံခဲ့ကြတယ်။ ၂၀၀၈၊ စက်တင်ဘာမှာ ဗီလ်နီယပ်စ်မှာ ပိုလန်စကားပြောအုပ်စုတစ်စုကို ဖွဲ့စည်းခဲ့တယ်။ အဲဒီအုပ်စုမှာ ကြေညာသူလိုအပ်နေလို့ ဒေလီယာနဲ့သူ့မိခင်က အဲဒီကို ပြောင်းခဲ့တယ်။ ဒေလီယာ ဒီလိုပြောပြတယ်– “တချို့လတွေမှာ အမှုဆောင်မထွက်ရသေးဘူးဆိုရင် အဲဒီလအတွက် ကျွန်မအရမ်းစိတ်ပူတယ်။ ဒါပေမဲ့ ဒီအကြောင်းကို ယေဟောဝါထံ ဆုတောင်းပြီးတဲ့နောက် မကြာခင်မှာပဲ ကျွန်မနဲ့အတူအမှုဆောင်ထွက်ဖို့ တစ်ယောက်ယောက်က အမြဲအချိန်းအချက်လုပ်တယ်။” ကျွန်ုပ်တို့ချစ်မြတ်နိုးတဲ့ ညီအစ်မ ဒေလီယာက သူ့အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရသလဲ။ သူ ဒီလိုပြောတယ်– “ဒီရောဂါကြောင့် ကျွန်မတစ်ကိုယ်လုံး လေဖြတ်သွားပေမဲ့ ကျွန်မရဲ့စိတ်ကတော့ လေမဖြတ်ဘူး။ တခြားသူတွေကို ယေဟောဝါအကြောင်း ပြောပြနိုင်လို့ ကျွန်မ အရမ်းပျော်တယ်။”