မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာလေ့လာချိန်မှာ ပိုပျော်ရွှင်ပြီး ပိုအကျိုးရအောင် ပြုလုပ်ပါ

ကျမ်းစာလေ့လာချိန်မှာ ပိုပျော်ရွှင်ပြီး ပိုအကျိုးရအောင် ပြုလုပ်ပါ

ကျမ်းစာလေ့လာချိန်မှာ ပိုပျော်ရွှင်ပြီး ပိုအကျိုးရအောင် ပြုလုပ်ပါ

သမ္မာကျမ်းစာလေ့လာတဲ့အခါ ပိုပျော်ရွှင်အောင် ဘယ်လိုလုပ်နိုင်သလဲ။ လေ့လာတဲ့အချိန်မှာ အကျိုးပိုခံစားရအောင် ဘာလုပ်နိုင်ပါသလဲ။ သမ္မာကျမ်းစာကို ကိုယ်ပိုင်လေ့လာခြင်းကနေ အကျိုးအများဆုံးရရှိစေနိုင်တဲ့ အရေးကြီးတဲ့အချက်သုံးချက်ကို အတိုချုပ်သုံးသပ်ကြည့်ကြစို့။

၁ ဆုတောင်းပါ– ဦးဆုံးလုပ်ရမှာက ဆုတောင်းဖို့ဖြစ်တယ်။ (ဆာ. ၄၂:၈) ဘာကြောင့်လဲ။ သမ္မာကျမ်းစာလေ့လာခြင်းကို ဝတ်ပြုရေးရဲ့ ကဏ္ဍတစ်ခုအဖြစ် ယူမှတ်သင့်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ဖတ်ရှုတာတွေကို နားလည်လက်ခံနိုင်တဲ့ စိတ်နှလုံးရှိဖို့နဲ့ သန့်ရှင်းသောစွမ်းအားတော်ပေးဖို့ ယေဟောဝါထံ ဆုတောင်းဖို့လိုတယ်။ (လု. ၁၁:၁၃) သက်တမ်းကြာ ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်တဲ့ ဘာဘရာ ဒီလိုပြောတယ်– “ကျမ်းစာမဖတ်ခင် ဒါမှမဟုတ် မလေ့လာခင် ကျွန်မ အမြဲဆုတောင်းတယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ယေဟောဝါ ကျွန်မနဲ့အတူရှိတယ်၊ ကျွန်မရဲ့လေ့လာမှုကို ကိုယ်တော်နှစ်သက်တယ်လို့ ခံစားရတယ်။” မလေ့လာခင် ဆုတောင်းခြင်းက ပေါများကြွယ်ဝတဲ့ပုံဆောင်အစားအစာတွေကို အပြည့်အဝလက်ခံနိုင်ဖို့ ကျွန်ုပ်တို့ရဲ့စိတ်နှလုံးကို ပြင်ဆင်ပေးတယ်။

၂ တွေးတောဆင်ခြင်ပါ– အချိန်သိပ်မရှိတဲ့အတွက် တချို့က သမ္မာကျမ်းစာကို သာမန်ကာလျှံကာပဲ ဖတ်ကြတယ်။ ဒါကြောင့် သမ္မာကျမ်းစာလေ့လာခြင်းရဲ့ အကျိုးကျေးဇူးတွေကို သူတို့မရတော့ဘူး။ ယေဟောဝါကို နှစ်ပေါင်း ၅၀ ကျော် အမှုဆောင်လာတဲ့ ညီအစ်ကိုကားလို့စ်က တွေးတောဆင်ခြင်ဖို့ အချိန်ပေးတာက လေ့လာမှုကနေအကျိုးပိုရရှိစေတယ်ဆိုတဲ့ အရေးကြီးတဲ့အချက်ကို သိရှိခဲ့တယ်။ သူ ဒီလိုပြောတယ်– “အခု ကျွန်တော် သမ္မာကျမ်းစာဖတ်ရင် စာမျက်နှာနည်းနည်းပဲဖတ်တယ်၊ တစ်ရက်ကို နှစ်မျက်နှာလောက်ပဲ ဖတ်တယ်။ ဒါကြောင့် ကျွန်တော်ဖတ်ခဲ့ရာတွေကို ပြန်တွေးတောဆင်ခြင်ဖို့ အချိန်များများပေးနိုင်တယ်၊ ဒါမှ အရေးကြီးတဲ့သင်ခန်းစာတွေကို သင်ယူနိုင်မှာဖြစ်တယ်။” (ဆာ. ၇၇:၁၂) တွေးတောဆင်ခြင်ဖို့အချိန်ယူတဲ့အခါ အသိပညာပိုတိုးများလာပြီး ဘုရားသခင့်အလိုတော်ကို ပိုသိနားလည်လာတယ်။—ကော. ၁:၉-၁၁

၃ လက်တွေ့ကျင့်သုံးပါ– အလုပ်တစ်ခုရဲ့ လက်တွေ့ကျတန်ဖိုးကိုသိရင် အဲဒီကနေ အကျိုးပိုခံစားရတယ်။ သမ္မာကျမ်းစာလေ့လာခြင်းနဲ့ပတ်သက်ပြီးတော့လည်း အလားတူပဲ။ သမ္မာကျမ်းစာကို ပုံမှန်လေ့လာတဲ့ ညီအစ်ကိုဂါဗရီရယ် ဒီလိုပြောတယ်– “နေ့စဉ်ဘဝပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ လေ့လာမှုက အထောက်အကူပြုတယ်၊ ပြီးတော့ တခြားသူတွေကိုလည်း ကူညီပေးလာနိုင်တယ်။” သူ ဒီလိုထပ်ပြောတယ်– “ကျွန်တော်လေ့လာသိရှိခဲ့သမျှကို နေ့စဉ်ဘဝအသက်တာမှာ လက်တွေ့ကျင့်သုံးဖို့ ကြိုးစားတယ်။” (တရား. ၁၁:၁၈; ယောရှု ၁:၈) မှန်ပါတယ်၊ သမ္မာကျမ်းစာမှာ ကျွန်ုပ်တို့လေ့လာသင်ယူပြီး လက်တွေ့ကျင့်သုံးနိုင်တဲ့ ဘုရားသခင်ထံကလာတဲ့အသိပညာ အလျှံပယ်ရှိတယ်။—သု. ၂:၁-၅

ပြန်သုံးသပ်ခြင်း- ဉာဏ်ပညာရှိသမျှရဲ့ ရင်းမြစ်ဖြစ်တဲ့ ယေဟောဝါပြင်ဆင်ပေးတဲ့ အသိပညာတွေကို စူးစမ်းလေ့လာခွင့်ရတာက တကယ့်အခွင့်ထူးကြီးဖြစ်တယ်။ (ရော. ၁၁:၃၃) ဒါကြောင့် သင် နောက်တစ်ကြိမ်လေ့လာမှုလုပ်တဲ့အခါ ဦးဆုံး၊ ကျွန်ုပ်တို့ဖတ်ရှုရာကို နားလည်လက်ခံနိုင်တဲ့ စိတ်နှလုံးနဲ့ ကိုယ်တော့်သန့်ရှင်းသောစွမ်းအားတော်ပေးဖို့ ယေဟောဝါထံ ဆုတောင်းကြောင်း သေချာစေပါ။ အဲဒီနောက် သင်ဖတ်ရှုခဲ့ရာကို တွေးတောဆင်ခြင်ဖို့ အချိန်ယူပါ။ ဒါ့အပြင် နေ့စဉ်ဘဝအသက်တာမှာ သင်လေ့လာသိရှိခဲ့ရာတွေအတိုင်း လိုက်လျှောက်ပြီး လက်တွေ့ကျင့်သုံးပါ။ ဒီအရေးကြီးတဲ့အချက်တွေကို လုပ်ဆောင်တဲ့အခါ သင် သမ္မာကျမ်းစာလေ့လာရာမှာ ပိုပျော်ရွှင်ပြီး အကျိုးပိုရရှိတယ်ဆိုတာ တွေ့လာရပါလိမ့်မယ်။