မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

ဆေးရွက်ကြီး စိုက်ပျိုးသူတစ်ယောက်ကို သူ့အလုပ်နဲ့ အမြစ်စွဲနေတဲ့ သူ့ဘာသာရေးယုံကြည်ချက်ကို စွန့်လိုက်ဖို့ ဘာက လှုံ့ဆော်ပေးခဲ့သလဲ။ အရက်စွဲနေသူတစ်ယောက်ဟာ အရက်ဖြတ်နိုင်ဖို့ ခွန်အားကို ဘယ်ကနေ ရရှိခဲ့ပါသလဲ။ သူတို့ ပြောတာတွေကို ဖတ်ကြည့်ကြရအောင်။

“ဒီမိသားစုကြီး အဝင်ဖြစ်ရတာ ကျွန်တော် နှစ်သက်တယ်။”—ဒီနို အလီ

မွေးဖွားသည့်နှစ်– ၁၉၄၉

နေရင်းနိုင်ငံ– ဩစတြေးလျ

နောက်ခံ– ဆေးရွက်ကြီးစိုက်ပျိုးသူ

အတိတ်– ၁၉၃၉ ခုနှစ်မှာ ကျွန်တော့်မိဘတွေဟာ အယ်လ်ဘေးနီးယားနိုင်ငံကနေ ပြောင်းရွှေ့လာကြပြီး ဩစတြေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်က မြို့ငယ်လေးဖြစ်တဲ့ မာရီးဘားမှာ အခြေချနေထိုင်ခဲ့ကြတယ်။ အဲဒီဒေသကို အီတလီ၊ ဆားဘီးယား၊ ဘော့စနီးယား၊ ဂရိလူမျိုးတွေနဲ့ တခြားလူမျိုးတွေလည်း ပြောင်းရွှေ့လာပြီး သူတို့ရဲ့ ယုံကြည်ချက်တွေ၊ ဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေကိုပါ တစ်ပါတည်းယူဆောင်လာကြတယ်။ မာရီးဘားဟာ ဆေးရွက်ကြီးစိုက်ပျိုးတဲ့မြို့ဖြစ်လို့ ကျွန်တော့်မိဘတွေလည်း အဲဒီလုပ်ငန်းကို စလုပ်လာကြတယ်။

မကြာပါဘူး၊ အကြီးဆုံးအစ်မ မွေးလာတယ်၊ နောက်ပိုင်းမှာ အစ်ကိုနှစ်ယောက်နဲ့ ကျွန်တော့်ကို မွေးလာတယ်။ ဝမ်းနည်းစရာက ကျွန်တော် တစ်နှစ်သားအရွယ်မှာ အဖေ နှလုံးရောဂါနဲ့ ဆုံးသွားတယ်။ အမေဟာ နောက်အိမ်ထောင်ပြုလိုက်ပြီး သားလေးယောက် ထပ်မွေးလာတယ်။ ကျွန်တော်တို့အားလုံး ပထွေးရဲ့ ဆေးရွက်ကြီးစိုက်ခင်းမှာ အလုပ်လုပ်ရင်း ကြီးပြင်းလာကြပါတယ်။

ကျွန်တော် ဆယ်ကျော်သက်အရွယ်ရောက်တော့ အိမ်မှာ မနေတော့ဘူး။ အသက် ၂၀ လောက်မှာ ဆိုင်မီဆိုတဲ့ မိန်းကလေးနဲ့ ဗလီတစ်ခုမှာလက်ထပ်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ယောက်စလုံးက မွတ်စလင်ဘာသာဝင်တွေမို့လို့လေ။ ကျွန်တော့်ဆွေမျိုးအားလုံးလည်း အစ္စလာမ်ဘာသာကို ယုံကြည်သက်ဝင်ကြတယ်။ ကျွန်တော်ဟာ ကိုရန်ကျမ်းနဲ့ တမန်တော် မိုဟာမက်ရဲ့ သမိုင်းကြောင်း စာအုပ်ကို ဖတ်သလို တစ်ချိန်တည်းမှာ သမ္မာကျမ်းစာကိုလည်း ဖတ်ခဲ့ပါတယ်။ ကျမ်းစာမှာပါတဲ့ ပရောဖက် (ကြိုဟောသူ) တွေအကြောင်း ကိုရန်ကျမ်းမှာ ဖော်ပြထားပေမဲ့ သမ္မာကျမ်းစာကို ဖတ်လို့သာ သူတို့ ဘယ်အချိန်မှာ အသက်ရှင်ခဲ့တယ်ဆိုတာ သိလာခဲ့ရတာပါ။

ကျွန်တော့်အိမ်ကို ယေဟောဝါသက်သေခရစ်ယာန်တွေ ရောက်လာပြီး မဂ္ဂဇင်းတွေနဲ့ စာအုပ်တွေ မှန်မှန် လာပေးပါတယ်။ ဆိုင်မီနဲ့ ကျွန်တော် အဲဒီစာအုပ်တွေဖတ်ရတာကို အရသာတွေ့ကြတယ်။ သက်သေခံတွေနဲ့ ဘာသာရေးအကြောင်း ဆွေးနွေးခဲ့တာကို ကျွန်တော် မှတ်မိပါသေးတယ်။ ဆွေးနွေးတဲ့အခါတိုင်း ကျမ်းစာနဲ့ပဲ ပြန်ဖြေကြတယ်။ အဲဒါက ကျွန်တော့်ကို အရမ်းစွဲမှတ်စေတယ်။

သက်သေခံတွေက သူတို့နဲ့ကျမ်းစာလေ့လာဖို့၊ အစည်းအဝေးတွေလာတက်ဖို့ ဖိတ်ခေါ်ပေမဲ့ ကျွန်တော် အမြဲငြင်းခဲ့တယ်။ အဲဒီအချိန်တုန်းက ဆေးရွက်ကြီးစိုက်ခင်းတစ်ခု ပိုင်ဖို့၊ မိသားစုတိုးလာဖို့ပဲ ကျွန်တော် ဦးစားပေးနေတာ။ စိုက်ခင်းတစ်ခုတော့ မပိုင်ဆိုင်ခဲ့ရပေမဲ့ ကလေးငါးယောက်အဖေ ဖြစ်လာတာကိုတော့ ဂုဏ်ယူလို့မဆုံးပါ။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ– ယေဟောဝါသက်သေတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် ကိုးနှစ်အကြာမှာတောင် ကျွန်တော့်ရဲ့ယုံကြည်ချက်တွေက အရင်အတိုင်းပါပဲ။ ဒါပေမဲ့လည်း သူတို့ရဲ့စာပေတွေကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှုလေ့လာခဲ့ပါတယ်။ ကျွန်တော်နဲ့ ဆိုင်မီဟာ အဲဒီစာပေတွေကို တနင်္ဂနွေနေ့တိုင်း အချိန်ပေးဖတ်ကြတယ်။ နှစ်တွေတစ်လျှောက်ရရှိခဲ့တဲ့ မဂ္ဂဇင်းအားလုံးကို သိမ်းထားတယ်။ ကျွန်တော့်ရင်ထဲမှာ တဖြည်းဖြည်း ကြီးထွားလာနေတဲ့ ယုံကြည်ခြင်းကို တခြားသူတွေ စမ်းသပ်တဲ့အခါ အဲဒီမဂ္ဂဇင်းတွေမှာပါတဲ့ အချက်အလက်တွေကြောင့် ကြံ့ကြံ့ခံနိုင်ခဲ့တာ။

ဥပမာ၊ ခရစ်ယာန် တရားဟောဆရာတစ်ယောက်က ယေရှုကို ကယ်တင်ရှင်အဖြစ်လက်ခံဖို့ အတင်းဖိအားပေးတာကို ကြုံခဲ့ရတယ်။ သူ့စကားကို ဆိုင်မီရဲ့ မောင်လေးနဲ့ ကျွန်တော့်မိတူဖကွဲ ညီတစ်ယောက် နားယောင်သွားကြတယ်။ မကြာပါဘူး၊ ဘာသာရေးအသင်းအဖွဲ့အမျိုးမျိုးက ကျွန်တော့်အသိမိတ်ဆွေတွေဟာ သူတို့ရဲ့ဘာသာထဲပြောင်းဝင်ဖို့ ဖိအားပေးလာတယ်။ တချို့ဆိုရင် ယေဟောဝါသက်သေတွေကို ပုတ်ခတ်တဲ့စာအုပ်တွေ ကျွန်တော့်ကို ပေးဖတ်တယ်။ သူတို့ရဲ့အယူဝါဒတွေကို ကျမ်းစာထဲကပြပါလို့ ပုတ်ခတ်တဲ့သူတွေကိုပြောတော့ တစ်ယောက်မှ မပြနိုင်ခဲ့ကြပါဘူး။

ဒီဆန့်ကျင်မှုတွေကြောင့်ပဲ သက်သေခံတွေဆီကရထားတဲ့ စာပေတွေကိုသုံးပြီး ကျမ်းစာကို နက်နက်နဲနဲ လေ့လာ၊ သုတေသန ပိုလုပ်ဖြစ်သွားတယ်။ နောက်ဆုံးမှာတော့ ကိုယ်သိထားတာနဲ့အညီ ပြုမူလုပ်ဆောင်ဖို့ အချိန်တန်လာပါပြီ။

သက်သေခံတစ်ယောက်နဲ့မှ ကျွန်တော် ကျမ်းစာမလေ့လာခဲ့ပေမဲ့ သူတို့ရဲ့ဝတ်ပြုစည်းဝေးတွေကိုတော့ သွားတက်ခဲ့ပါတယ်။ အစပိုင်းမှာတော့ ကြောက်လည်းကြောက်၊ ရှက်လည်းရှက်တယ်။ ဒါပေမဲ့ အဲဒီနေရာမှာ ဖော်ရွေတဲ့လူတွေ အများကြီးနဲ့ ဆုံခဲ့ပြီး ကြားခဲ့ရတဲ့ အကြောင်းအရာတွေကို ကျွန်တော် သဘောကျသွားတယ်။ ဒါကြောင့် ယေဟောဝါသက်သေတစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး ဘုရားသခင်ဆီ အပ်နှံတဲ့အထိမ်းအမှတ်အနေနဲ့ ၁၉၈၁ ခုနှစ်မှာ နှစ်ခြင်းခံလိုက်ပါတယ်။

ကျွန်တော့်ဇနီးက ကျွန်တော် လှည့်စားခံနေရပြီလားဆိုပြီး သံသယဝင်မိပေမဲ့ ကျွန်တော့်ဆုံးဖြတ်ချက်ကိုတော့ မဆန့်ကျင်ခဲ့ပါဘူး။ ကျွန်တော်နှစ်ခြင်းခံတာကိုတောင် သူ လာကြည့်သေးတယ်။ သင်ယူသိရှိလာတဲ့ အမှန်တရားတွေ သူ့ကို ဆက်ပြီးပြောပြတယ်။ ကျွန်တော်နှစ်ခြင်းခံပြီး တစ်နှစ်လောက်လည်းကြာရော ကျွန်တော်တို့ဇနီးမောင်နှံ အားလပ်ရက်ခရီးကနေအပြန် လမ်းမှာ ဆိုင်မီက သက်သေခံဖြစ်ချင်တယ်လို့ ဖွင့်ပြောလာတယ်။ သူ့စကားကိုကြားတော့ အရမ်းအံ့သြသွားတယ်။ ဒါနဲ့ ၁၉၈၂ ခုနှစ်မှာ သူ နှစ်ခြင်းခံလိုက်ပါတယ်။

ကျွန်တော်တို့ရဲ့ဘဝပုံစံကို ပြောင်းလဲရတာ ထင်သလောက် မလွယ်ပါဘူး။ ဆေးရွက်ကြီးစိုက်တာ ကျမ်းစာမူတွေနဲ့ မကိုက်ညီတဲ့အတွက် အဲဒီအလုပ်ကို ရပ်လိုက်ရတယ်။ (၂ ကောရိန္သု ၇:၁; ယာကုပ် ၂:၈) သင့်တော်တဲ့အလုပ်ရဖို့ အချိန်တော်တော် စောင့်ခဲ့ရတယ်။ ဒါ့အပြင် ဆွေမျိုးသားချင်းတချို့ကလည်း နှစ်အတော်ကြာတဲ့အထိ ကျွန်တော်တို့ဆီ လာမလည်ကြဘူး။ သူတို့ကို ကျမ်းစာမူတွေနဲ့အညီ မေတ္တာပြဖို့ ကြိုးစားခဲ့တယ်။ နောက်ဆုံးမှာတော့ အတားအဆီးတွေ တဖြည်းဖြည်း နည်းလာပြီး အခုဆိုရင် ဆွေမျိုးရင်းချာတွေက ကျွန်တော်တို့ဆီ လာလည်နေကြပါပြီ။

အကျိုးကျေးဇူးရရှိခဲ့ပုံ– ကျွန်တော့်ရဲ့ အရှက်အကြောက်ကြီးမှုကို ပျောက်အောင်လုပ်တာ၊ ငွေရေးကြေးရေးအခြေအနေကို ကိုင်တွယ်ဖြေရှင်းတာ၊ မိသားစုရဲ့ဆန့်ကျင်မှုကို ရင်ဆိုင်ဖြေရှင်းတာစတဲ့ စမ်းသပ်မှုတွေကို အောင်မြင်ကျော်လွှားနိုင်အောင် ယေဟောဝါဘုရားသခင်က စိတ်ရှည်ရှည်နဲ့ သင်ပေးခဲ့တယ်။ ဥပမာ၊ အခုဆိုရင် အသင်းတော်မှာ အကြီးအကဲတစ်ဦးအနေနဲ့ အမှုဆောင်နေတဲ့အတွက် စင်မြင့်ပေါ်ကနေ ဟောပြောသွန်သင်ဖို့ တာဝန်ရရှိထားတယ်။ အဲဒီတာဝန်က ကျွန်တော့်အတွက် စိန်ခေါ်ချက်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ကြောက်တတ်တဲ့အတွက် စကားပြောပြီဆိုရင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားတတ်လို့ပါ။ ဒါပေမဲ့ ဘုရားသခင့်အကူအညီရဖို့ မပြတ် ဆုတောင်းတဲ့အတွက် အကြီးအကဲတာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်ပါပြီ။

ကျွန်တော့်ဇနီးနဲ့လည်း ပိုပြီး ရင်းနှီးတွယ်တာလာတယ်။ ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါ အမှားအယွင်းလေးတွေ ရှိပေမဲ့ ကျွန်တော်တို့ သင်ယူသိရှိထားတဲ့ အမှန်တရားတွေကို အတတ်နိုင်ဆုံး သူတို့ကို သွန်သင်ပြောပြတယ်။ (တရားဟောရာ ၆:၆-၉) အခုဆိုရင် ကျွန်တော့်အကြီးဆုံးသားနဲ့ သူ့ဇနီးက ယေဟောဝါသက်သေ ခရစ်ယာန်သာသနာပြုတွေအဖြစ် အမှုဆောင်နေပါပြီ။

သက်သေခံတွေရဲ့ ဝတ်ပြုစည်းဝေးကို မိသားစုလိုက် စတက်ခဲ့တုန်းက ဖြစ်ရပ်လေးကို မှတ်မိပါသေးတယ်။ ကားကို ပါကင်ထိုးလိုက်ပြီး လူတွေပြည့်နေတဲ့ ခန်းမထဲကို ကြည့်လိုက်တယ်။ အိမ်သားတွေကို “မင်းတို့ ဘာတွေမြင်သလဲ” ဆိုပြီး မေးလိုက်တယ်။ အထဲမှာရှိနေတဲ့သူတွေက ယဉ်ကျေးမှု၊ နောက်ခံ၊ ဘာသာစကားအမျိုးမျိုး ပြောတဲ့ ဩစတြေးလျ၊ အယ်လ်ဘေးနီးယား၊ အက်ဘရိုဂျင်နီနဲ့ ခရိုအေးရှားလူမျိုးတွေဖြစ်ပေမဲ့ ပျော်ရွှင်စွာနဲ့ အတူတကွ စုရုံးနေကြတယ်လေ။ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့ မိသားစုကြီး အဝင်ဖြစ်ရတာ ကျွန်တော် နှစ်သက်တယ်။ အဲဒီလိုအခြေအနေက ဩစတြေးလျမှာပဲ မဟုတ်ပါဘူး၊ တစ်ကမ္ဘာလုံးမှာ အဲဒီအတိုင်းပဲ ဖြစ်ပါတယ်။။—၁ ပေတရု ၅:၉

“အစ်မက ကျွန်မကို ဘယ်တော့မှ လက်မလျှော့ခဲ့ဘူး။”—ရယ်လီနာ ဗလာဒီမီရိုနာ စီယိုမီနာ

မွေးဖွားသည့်နှစ်– ၁၉၅၂

နေရင်းနိုင်ငံ– ရုရှား

နောက်ခံ– အရက်စွဲသူ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသူ

အတိတ်- ကျွန်မဟာ မော်စကိုမြို့နားက အေးဆေးငြိမ်သက်တဲ့ မြို့ငယ်လေးတစ်မြို့မှာ မွေးဖွားခဲ့ပြီး ကျောင်းဆရာမိသားစုမှာ ကြီးပြင်းလာခဲ့တယ်။ စာတော်တဲ့ ကျောင်းသူတစ်ဦးဖြစ်တဲ့အပြင် တေးဂီတပညာကို သင်ယူခဲ့ပါတယ်။ ကျွန်မရဲ့အနာဂတ်က တောက်ပနေပုံပဲ။

ကျွန်မ အိမ်ထောင်ကျပြီးတဲ့နောက် အရက်သမား၊ ဆေးလိပ်သမားနဲ့ အဆဲသန်သူတွေ နေထိုင်တဲ့ ဒေသတစ်ခုကို ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလို ပတ်ဝန်းကျင်စရိုက်တွေက ကျွန်မအပေါ် လွှမ်းမိုးခဲ့တယ်ဆိုတာ အဲဒီတုန်းက သဘောမပေါက်ခဲ့ဘူး။ အစပိုင်းမှာ ဂစ်တာတီး သီချင်းဆိုဖို့လောက်ပဲ ပါတီပွဲတွေကို ကျွန်မ သွားခဲ့တာ။ နောက်ပိုင်းမှာတော့ အဲဒီမှာရှိတဲ့လူတွေက ကျွန်မကို သူတို့လိုပဲ ဆေးလိပ်သောက်၊ အရက်သောက်ခိုင်းတော့တာပဲ။ မကြာပါဘူး၊ ကျွန်မ အရက်စွဲသွားပါလေရော။

အရက်ကြောင့် ကျွန်မ ဘဝပျက်ခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့အခြေအနေက မသောက်ရမနေနိုင်တဲ့ အဆိုးဆုံး အဆင့်အထိ ရောက်သွားတယ်၊ ဘာမှ စားချင်သောက်ချင်တဲ့စိတ် မရှိတော့ဘူး။ သေပဲ သေချင်နေတော့တာ။ ဒါနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တယ်။ သေကြောင်းကြံစည်မှု အထမမြောက်ခဲ့တာကို ကျေးဇူးတင်လိုက်တာ။

အဲဒီအချိန်တစ်လျှောက်လုံး ကျွန်မရဲ့အစ်မက ကျွန်မဆီ မှန်မှန်လာလည်ပတ်တယ်။ အစ်မက ယေဟောဝါသက်သေတစ်ဦး ဖြစ်တဲ့အတွက် ကျမ်းစာက ကျွန်မကို ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ ကြိုးစားရှင်းပြတယ်။ ကျမ်းစာကို ကျွန်မ စိတ်မဝင်စားတဲ့အတွက် အဲဒီကိစ္စအတွက်နဲ့ဆိုရင် ကျွန်မဆီမလာဖို့ သူ့ကိုပြောလိုက်တယ်။ ဒါပေမဲ့လည်း အစ်မက လက်မလျှော့ခဲ့ပါဘူး။ ကျွန်မအပေါ် အရမ်းစိတ်ရှည်ခဲ့ပြီး မေတ္တာပြခဲ့တဲ့အတွက် နောက်ဆုံးတော့ ကျမ်းစာသင်ဖို့ သဘောတူလိုက်ပါတယ်။

သမ္မာကျမ်းစာက ကျွန်မဘဝကို ပြောင်းလဲပေးခဲ့ပုံ– ကျွန်မ ကျမ်းစာလေ့လာပြီးတဲ့နောက် အရက်ဖြတ်ဖို့ စိတ်ဒုန်းဒုန်းချလိုက်တယ်။ အဲဒီအချိန်မှာ အိမ်နီးနားချင်း အရက်သမားတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့အတွက် ဒဏ်ရာအကြီးအကျယ်ရသွားပြီး ဆေးရုံရောက်သွားတယ်။ ကျွန်မရဲ့နံရိုးလေးချောင်း ကျိုးသွားပြီး မျက်ကြည်လွှာတစ်ခုလည်း ပျက်စီးသွားတယ်။ ဒါပေမဲ့ ဆေးရုံပေါ်ရောက်နေလို့ အရက်ပြတ်တဲ့ဝေဒနာတွေကနေ သက်သာရာရခဲ့ပါတယ်။

အဲဒီအချိန်တစ်လျှောက်လုံးမှာ ကျွန်မ အဆက်မပြတ် ဆုတောင်းခဲ့တယ်။ ကျွန်မ အရမ်းနှစ်သိမ့်မှုရခဲ့တာကတော့ ‘အိုထာဝရဘုရားသခင် နက်သောမြေတွင်းထဲက အကျွန်ုပ်သည် ကိုယ်တော်၏နာမကို ခေါ်ပါ၏။ အကျွန်ုပ်ခေါ်သံကို ကြားတော်မူသည်ဖြစ်၍ အကျွန်ုပ် ညည်းတွားအော်ဟစ်သောအခါ နားတော်ကို လွှဲတော်မမူပါနှင့်’ ဆိုတဲ့ ကျမ်းပိုဒ်ဖြစ်ပါတယ်။—မြည်တမ်းစကား ၃:၅၅၊ ၅၆

ယေဟောဝါဘုရားသခင်က ကျွန်မရဲ့ဆုတောင်းချက်တွေကို ဖြေကြားပေးတယ်ဆိုတာ ယုံတယ်။ ကျွန်မရဲ့အတိတ်ဘဝကနေ ရုန်းထွက်နိုင်အောင် ဘုရားသခင် ခွန်အားပေးခဲ့တယ်။ အရက် ပြန်သောက်မိအောင် သွေးဆောင်ခံရတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသွေးဆောင်မှုတွေကို ကျွန်မ မလိုက်လျောခဲ့ပါဘူး။

ကျမ်းစာကို ဆက်လေ့လာတဲ့အခါ မိသားစုရဲ့ဦးခေါင်းဖြစ်တဲ့ ခင်ပွန်းဖြစ်သူကို ထောက်မရမယ်ဆိုတာကို ကျွန်မ သိလာရတယ်။ (၁ ပေတရု ၃:၁၊ ၂) အဲဒီလိုလုပ်ဖို့ ကျွန်မအတွက် မလွယ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ခင်ပွန်းသည်ကို အာဏာပြတတ်တဲ့အကျင့်က ကျွန်မမှာ အမြစ်စွဲနေလို့လေ။ အကူအညီရဖို့ ယေဟောဝါဘုရားသခင်ဆီ ကျွန်မ ဆုတောင်းတယ်။ ပြောင်းလဲနိုင်ဖို့ အချိန်တော်တော် ပေးရပေမဲ့ နောက်ဆုံးတော့ ခင်ပွန်းသည်အတွက် အထောက်အမကောင်းတစ်ယောက် ဖြစ်လာပါတယ်။

ကျွန်မ ပြောင်းလဲလာတာကို ခင်ပွန်းသည် တွေ့တဲ့အခါ အရမ်းအံ့သြသွားတယ်။ အဲဒီအချိန်အထိတော့ ကျမ်းစာကို သူ စိတ်မဝင်စားသေးပါဘူး။ ဒါပေမဲ့ ကျွန်မ ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ သူ့ကို ပြောပြတော့ သူက “မင်း ဆေးလိပ်ဖြတ်မယ်ဆိုရင် ငါလည်း ကျမ်းစာ လေ့လာတော့မယ်” တဲ့။ အဲဒီနေ့မှာပဲ ကျွန်မတို့နှစ်ယောက်စလုံး ဆေးလိပ်ဖြတ်လိုက်ပါတော့တယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ– ကျွန်မခင်ပွန်းက ကတိပေးထားတဲ့အတိုင်း ကျမ်းစာ စလေ့လာတယ်။ အခုဆိုရင် နေ့တိုင်း ကျမ်းစာအတူတူ ဖတ်တယ်၊ ဖတ်တဲ့အရာတွေကို တွေးတောဆင်ခြင်တယ်၊ အကြံပြုချက်တွေကို ဘဝမှာ လက်တွေ့ကျင့်သုံးဖို့ ကြိုးစားတယ်။

ကျွန်မရဲ့မိသားစုနဲ့ ကျွန်မကိုယ်တိုင် ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေကတော့ စကားနဲ့တောင် မဖော်ပြနိုင်ပါဘူး။ ကျွန်မကို ဆွဲဆောင်ခဲ့တဲ့ ဘုရားသခင်ကို အရမ်းကျေးဇူးတင်တာပဲ။ (ယောဟန် ၆:၄၄) ကျွန်မကို ဘယ်တော့မှ လက်မလျှော့ခဲ့တဲ့ အစ်မကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့ကြောင့် ကျမ်းစာက လူတွေရဲ့ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်တယ်ဆိုတာ ကိုယ်တွေ့ ခံစားခဲ့ရပါတယ်။

[စာမျက်နှာ ၁၁ ပါ အကျဉ်းဖော်ပြချက်]

ကိုယ်သိထားတာနဲ့အညီ ပြုမူ လုပ်ဆောင်ဖို့ အချိန်တန်လာပါပြီ

[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]

အစ်မက ကျွန်မအပေါ် အရမ်းစိတ်ရှည်ပြီး မေတ္တာပြခဲ့လို့ နောက်ဆုံးတော့ ကျမ်းစာသင်ဖို့ ကျွန်မ သဘောတူခဲ့