မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ထံ ချဉ်းကပ်ကြပါ

“သင့်ကို ငါမမေ့လျော့”

“သင့်ကို ငါမမေ့လျော့”

ယေဟောဝါဘုရားသခင်က သူ့ကို ကိုးကွယ်တဲ့သူတွေကို တကယ်ဂရုစိုက်ပါသလား။ ဂရုစိုက်တယ်ဆိုရင် ဘယ်လောက်အထိလဲ။ အဲဒီမေးခွန်းတွေရဲ့အဖြေကို သိနိုင်တဲ့ တစ်ခုတည်းသောနည်းကတော့ ကျမ်းစာကိုဖတ်ရှုခြင်း ဖြစ်ပါတယ်။ ကျမ်းစာထဲမှာ ဘုရားသခင်ရဲ့ခံစားချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဟေရှာယ ၄၉:၁၅ မှာပါတဲ့ ကျမ်းစကားတွေကို သုံးသပ်ကြည့်ကြစို့။

ယေဟောဝါဘုရားသခင်ဟာ သူ့ကို ကိုးကွယ်တဲ့သူတွေအပေါ်ထားတဲ့ နက်ရှိုင်းတဲ့ခံစားချက်ကို ဟေရှာယကနေတစ်ဆင့် ဖော်ပြရာမှာ စိတ်အထိမိဆုံး ဥပမာတစ်ခုကို သုံးခဲ့တယ်။ အဲဒီဥပမာကို စဉ်းစားစေတဲ့ ဒီမေးခွန်းနဲ့ ကိုယ်တော်အစပြုခဲ့တယ်– “မိန်းမသည် မိမိဖွားသောသားကို မသနားသည်တိုင်အောင် မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။” အပေါ်ယံစဉ်းစားမယ်ဆိုရင် အဖြေက ရှင်းနေပုံရပါတယ်။ နို့စို့ကလေးဟာ သူ့မိခင်အပေါ်မှာပဲ နေ့ရောညပါ မှီခိုအားထားနေရတဲ့အပြင် သူ့ကိုဂရုစိုက်ပေးဖို့ ငိုပြီးတော့တောင် ခေါ်တတ်တဲ့အတွက် မိခင်က သူ့နို့စို့ကလေးကို ဘယ်လိုလုပ် မေ့နိုင်မှာလဲ။ ဒါပေမဲ့ ဘုရားသခင်မေးတဲ့မေးခွန်းက အဲဒီထက်မက ပိုပြီးအဓိပ္ပာယ်ရှိပါတယ်။

မိခင်တစ်ဦးဟာ သူ့ကလေးကို ဘာကြောင့် အချိန်တိုင်း ပြုစုပြီး လိုလေသေးမရှိအောင် ထားရတာလဲ။ ကလေး အငိုတိတ်ဖို့လောက်ပဲလား။ မဟုတ်ပါဘူး။ မိခင်ရဲ့ ပင်ကိုသဘာဝကိုက “မိမိဖွားသောသားကို” သနားတတ်ကြပါတယ်။ “သနား” ဆိုတဲ့ ဟီဘရူးကြိယာက အကူအညီမဲ့နေသူ ဒါမှမဟုတ် ခုခံနိုင်စွမ်းမရှိသူကို ချင်ခင်ကြင်နာစွာ ပြုမူဆက်ဆံတယ်ဆိုတဲ့ သဘောသက်ရောက်နိုင်ပါတယ်။ နို့စို့ကလေးအပေါ်ထားတဲ့ မိခင်ရဲ့သနားကြင်နာစိတ်က ကျွန်ုပ်တို့စဉ်းစားလို့ရနိုင်တဲ့အထဲမှာ အပြင်းထန်ဆုံး စိတ်ခံစားမှုတစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ ဝမ်းနည်းစရာက ကိုယ့်ကလေးကို သနားကြင်နာမှုမရှိတဲ့ မိခင်တွေလည်း ရှိနေတာပဲ။ အဲဒီလိုမိခင်တွေဟာ ကိုယ့်ကလေးကို မေ့လျော့နိုင်တယ်လို့ ဘုရားသခင်က ပြောတယ်။ ကနေ့ ကမ္ဘာပေါ်မှာ အမျိုးသား၊ အမျိုးသမီး အတော်များများဟာ “သစ္စာမရှိသူ၊ မိသားစုချစ်ခင်စုံမက်ခြင်းမရှိသူ” တွေဖြစ်နေကြပါတယ်။ (၂ တိမောသေ ၃:၁-၅) မိခင်တွေက သူတို့ရဲ့မွေးကင်းစကလေးကို ဂရုမစိုက်ဘူး၊ နှိပ်စက်တယ် ဒါမှမဟုတ် စွန့်ပစ်တယ်ဆိုတဲ့ သတင်းတွေကို မကြာခဏ ကြားနေရပါတယ်။ ဟေရှာယ ၄၉:၁၅ နဲ့ပတ်သက်ပြီး အကိုးအကားစာအုပ်တစ်အုပ်က ဒီလိုရှင်းပြတယ်– “မိခင်တွေမှာလည်း အပြစ်ပြုလိုတဲ့စိတ်ရှိတယ်၊ တစ်ခါတလေ ယုတ်ညံ့တဲ့စိတ်ဓာတ်ကြောင့် နှလုံးသားမဲ့တဲ့ မိခင်တွေ ဖြစ်သွားတတ်တယ်။ လူ့မေတ္တာထဲမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ မိခင်မေတ္တာတောင် တင်ပြဖို့ ပျက်ကွက်နိုင်ပါတယ်။”

မိခင်တွေက မေ့လျော့ရင်တောင် “သင့်ကို ငါမမေ့လျော့” ဆိုပြီး ယေဟောဝါဘုရားသခင်က ကျွန်ုပ်တို့ကို အာမခံတယ်။ အခု ဟေရှာယ ၄၉:၁၅ မှာဖော်ပြထားတဲ့ ဘုရားသခင်ရဲ့မေးခွန်းက အဓိကကျတဲ့အချက်ကို ကျွန်ုပ်တို့ သိရပါပြီ။ ဒီကျမ်းချက်မှာ ဘုရားသခင်က နှိုင်းယှဉ်ချက်ကိုမဟုတ်ဘဲ ကွာခြားချက်ကို ဖော်ပြနေတာဖြစ်ပါတယ်။ ခိုကိုးရာမဲ့ နို့စို့ကလေးအပေါ် သနားကြင်နာမှုပြဖို့ ပျက်ကွက်နိုင်တဲ့ မိခင်တွေနဲ့မတူဘဲ ဘုရားသခင်ဟာ သူ့ကို ဝတ်ပြုကိုးကွယ်သူတွေကို သနားကြင်နာမှုပြဖို့ ဘယ်တော့မှ ပျက်ကွက်မှာမဟုတ်ဘူး ဒါမှမဟုတ် မေ့လျော့မှာမဟုတ်ပါဘူး။ အပေါ်မှာညွှန်းခဲ့တဲ့ အကိုးအကားစာအုပ်ကပဲ ဟေရှာယ ၄၉:၁၅ နဲ့ပတ်သက်ပြီး ဒီလိုပြောတယ်– “ဒီဖော်ပြချက်ဟာ ဓမ္မဟောင်းကျမ်းထဲမှာပါတဲ့ ဘုရားသခင့်မေတ္တာဆိုင်ရာ အကောင်းဆုံးဖော်ပြချက် မဟုတ်ရင်တောင် အကောင်းဆုံးဖော်ပြချက်တွေထဲက တစ်ခုဖြစ်ပါတယ်။”

“ဘုရားသခင်၏ သနားစာနာခြင်း ကျေးဇူး” အကြောင်း သင်ယူသိရှိခွင့်ရတာ နှစ်သိမ့်မှု မခံစားရဘူးလား။ (လုကာ ၁:၇၈) ယေဟောဝါဘုရားသခင်နဲ့ ရင်းနှီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ယူပါ။ မေတ္တာပြည့်ဝတဲ့ ဘုရားသခင်က သူ့ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေကို အခုလို စိတ်ချစေပါတယ်– “ငါသည် သင့်ကို အလျှင်းမစွန့်၊ အလျှင်းပစ်၍မထား။”—ဟေဗြဲ ၁၃:၅

ဖေဖော်ဝါရီလအတွက် ကျမ်းစာဖတ်ရှုခြင်း အစီအစဉ်–

ဟေရှာယ ၄၃-၆၂