မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုရဲ့ နိုးကြားမှုပုံနမူနာကို တုပပါ

ယေရှုရဲ့ နိုးကြားမှုပုံနမူနာကို တုပပါ

ယေရှုရဲ့ နိုးကြားမှုပုံနမူနာကို တုပပါ

“စောင့်နေ [နိုးကြား] ၍ မပြတ်ဆုတောင်းလျက်နေကြလော့။”—မ. ၂၆:၄၁

သင် ဘယ်လိုဖြေမလဲ

နိုးနိုးကြားကြားရှိနေကြောင်း ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေက ဘယ်လိုဖော်ပြ နိုင်သလဲ။

ဟောပြောခြင်းလုပ်ငန်းမှာ နိုးနိုးကြားကြား ရှိနေကြောင်း ဘယ်လိုနည်းတွေနဲ့ တင်ပြနိုင်သလဲ။

စမ်းသပ်မှုတွေကြုံရချိန်မှာ နိုးနိုးကြားကြားရှိဖို့ ဘာကြောင့်အရေးကြီးသလဲ၊ ကျွန်ုပ်တို့ ဘယ်လို နိုးကြားနေနိုင်သလဲ။

၁၊ ၂။ (က) ယေရှုရဲ့ နိုးကြားမှုပုံနမူနာနဲ့ပတ်သက်ပြီး ဘယ်မေးခွန်းတွေမေးနိုင်သလဲ။ (ခ) မစုံလင်သူလူသားတွေက စုံလင်သူယေရှုရဲ့ပုံနမူနာကို တုပဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဥပမာပေးပါ။

ယေရှုလို ငါ နိုးနိုးကြားကြားရှိနေနိုင်ပါ့မလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးဖူးသလား။ ယေရှုက စုံလင်သူဖြစ်တယ်။ အနာဂတ်ကိုလည်း နှစ်ထောင်နဲ့ချီပြီး ကြိုမြင်နိုင်တယ်။ ဒါဆို ယေရှု နိုးနိုးကြားကြားရှိဖို့ တကယ်လိုအပ်ခဲ့သလား။ (မ. ၂၄:၃၇-၃၉; ဟေဗြဲ ၄:၁၅) ဒီမေးခွန်းနှစ်ခုရဲ့အဖြေကို အရင်ဆုံး သုံးသပ်ကြည့်ကြစို့။ ဒါမှ ကျွန်ုပ်တို့ နိုးနိုးကြားကြားရှိနေဖို့ ဘာကြောင့်အရေးကြီးတယ်ဆိုတာ နားလည်မှာဖြစ်တယ်။

မစုံလင်သူတစ်ဦးက စုံလင်သူရဲ့ပုံသက်သေကနေ သင်ယူနိုင်ပါ့မလား။ ဆရာကောင်းတစ်ဦးထံကနေ တပည့်တစ်ဦး သင်ယူနိုင်သလို သင်ယူနိုင်ပါတယ်။ လူတစ်ဦး မြားပစ်နည်း စ,သင်နေတာကို မြင်ယောင်ကြည့်ပါ။ ဦးဆုံးအကြိမ်မှာ သူဟာ ပစ်မှတ်ကိုတည့်တည့်ထိအောင် ပစ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ သူဟာ ဆက်သင်ယူပြီး ကြိုးစားတယ်။ မြားပစ်ကျွမ်းကျင်တဲ့ ဆရာရဲ့ပုံနမူနာကို အသေအချာလေ့လာတယ်။ ဆရာ မတ်တတ်ရပ်တဲ့အနေအထား၊ လက်အနေအထား၊ လေးကြိုးကိုကိုင်တဲ့အနေအထားတွေကို သူ အသေအချာကြည့်တယ်။ တဖြည်းဖြည်းနဲ့ လေးကြိုးပေါ်မှာ လက်အား ဘယ်လောက်စိုက်ရတယ်၊ တိုက်ခတ်လာတဲ့လေက မြားအပေါ် ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာကို လေ့လာတယ်။ သူ အစွမ်းကုန်ကြိုးစားပြီး ဆရာကို ဆက်တုပနေမယ်ဆိုရင် ပစ်မှတ်ရဲ့ဗဟိုနဲ့ နီးသည်ထက်နီးအောင် ပစ်နိုင်မှာဖြစ်တယ်။ အလားတူပဲ၊ ကျွန်ုပ်တို့လည်း ယေရှုရဲ့ညွှန်ကြားချက်တွေကို လိုက်လျှောက်ပြီး ကိုယ်တော်ရဲ့စုံလင်တဲ့ပုံသက်သေကို တုပခြင်းအားဖြင့် ပိုပိုပြီး ခရစ်ယာန်ပီသလာဖို့ အစွမ်းကုန်ဆက်ကြိုးစားမှာ ဖြစ်တယ်။

၃။ (က) နိုးနိုးကြားကြားရှိဖို့လိုခြင်းနဲ့ပတ်သက်ပြီး ယေရှုဘာပြောခဲ့သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်းဆွေးနွေးကြမလဲ။

ယေရှု နိုးနိုးကြားကြားရှိဖို့ တကယ်လိုအပ်ခဲ့သလား။ လိုအပ်ခဲ့တယ်။ ဥပမာ၊ ကိုယ်တော်မသေဆုံးခင်ညမှာ တည်ကြည်တဲ့တမန်တော်တွေကို “ငါနှင့်အတူ စောင့်နေကြလော့” ဆိုပြီး ပြောခဲ့တယ်။ အဲဒီနောက် “သွေးဆောင်ခြင်းမခံရရန် စောင့်နေ၍ မပြတ်ဆုတောင်းလျက်နေကြလော့” လို့ဆက်ပြောခဲ့တယ်။ (မ. ၂၆:၃၈၊ ၄၁) ယေရှု မြေကြီးပေါ်မှာရှိတုန်းက အမြဲနိုးနိုးကြားကြားရှိခဲ့တယ်။ ဒါပေမဲ့ ကိုယ်တော်မသေဆုံးမီ အခက်ခဲဆုံးအချိန်မှာ အထူးသဖြင့် နိုးနိုးကြားကြားရှိပြီး ကောင်းကင်ဖခင်နဲ့ နီးနိုင်သမျှအနီးဆုံး နေချင်ခဲ့တယ်။ မိမိရဲ့နောက်လိုက်တွေလည်း အဲဒီအချိန်မှာသာမဟုတ်ဘဲ ရှေ့လျှောက်လည်း နိုးနိုးကြားကြားရှိဖို့လိုတယ်ဆိုတာ ကိုယ်တော်သိခဲ့တယ်။ ယေရှု ဘာကြောင့် ကျွန်ုပ်တို့ကို နိုးနိုးကြားကြားရှိစေချင်သလဲဆိုတာ သုံးသပ်ကြည့်ကြစို့။ အဲဒီနောက် ယေရှုလို နိုးနိုကြားကြားရှိနေနိုင်တဲ့ နည်းသုံးနည်းကို လေ့လာကြပါမယ်။

ယေရှု ကျွန်ုပ်တို့ကို ဘာကြောင့် နိုးနိုးကြားကြားရှိစေလို

၄။ ကျွန်ုပ်တို့ ဘာကြောင့် နိုးနိုးကြားကြားရှိဖို့လိုသလဲ။

ယေရှု ကျွန်ုပ်တို့ကို နိုးနိုးကြားကြားရှိစေချင်တဲ့ ပထမအကြောင်းရင်းက အနာဂတ်မှာဖြစ်လာမယ့်အရာအားလုံးကို ကျွန်ုပ်တို့ မသိလို့ဖြစ်တယ်။ ယေရှု မြေကြီးပေါ်မှာရှိတုန်းက ရှေ့မှာဖြစ်ပျက်မယ့်အရာအားလုံးကို မသိခဲ့ဘူး။ “ထိုနေ့ရက်နှင့် အချိန်နာရီကိုကား မည်သူမျှမသိ။ ကောင်းကင်တမန်တို့လည်း မသိ။ သားတော်လည်း မသိ။ ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏” ဆိုပြီး ယေရှုပြောတဲ့အခါ ဒီအချက်ကို ကိုယ်တော် နှိမ့်ချစွာဝန်ခံခဲ့တယ်။ (မ. ၂၄:၃၆) အဲဒီအချိန်တုန်းက “သားတော်” ယေရှုဟာ ဒီဆိုးညစ်တဲ့လောကရဲ့အဆုံး ဘယ်တော့ရောက်လာမယ်ဆိုတာ အတိအကျမသိခဲ့ဘူး။ ယနေ့ ကျွန်ုပ်တို့ကော။ ရှေ့မှာဖြစ်ပျက်မယ့်အရာအားလုံးကို သိထားကြသလား။ မသိကြပါဘူး။ ဆိုးညစ်တဲ့ဒီလောကကို ဖျက်ဆီးဖို့ သားတော်ကို ဘယ်အချိန်မှာ ယေဟောဝါစေလွှတ်မယ်ဆိုတာကို ကျွန်ုပ်တို့ အတိအကျမသိကြဘူး။ ရှေ့မှာဖြစ်ပျက်မယ့် အရာအားလုံးအကြောင်း သိထားတယ်ဆိုရင်တော့ နိုးနိုးကြားကြားရှိဖို့ လိုမှာမဟုတ်ပါဘူး။ ဒီဆိုးညစ်တဲ့လောကရဲ့အဆုံးက မထင်မှတ်တဲ့အချိန်မှာ ရုတ်တရက်ရောက်လာမယ်လို့ ယေရှု ပြောခဲ့တယ်။ ဒါကြောင့် ကျွန်ုပ်တို့ နိုးနိုးကြားကြားရှိနေဖို့ လိုတယ်။—မဿဲ ၂၄:၄၃ ကိုဖတ်ပါ။

၅၊ ၆။ (က) ဘုရားသခင့်နိုင်ငံတော်အကြောင်း သိထားတာက ကျွန်ုပ်တို့ကို ဘယ်လိုနိုးနိုးကြားကြားရှိစေသလဲ။ (ခ) စာတန်အကြောင်းသိထားတာက ကျွန်ုပ်တို့ကို ဘာကြောင့် ခါတိုင်းထက်ပိုပြီး နိုးနိုးကြားကြားရှိစေသလဲ။

ယေရှု ကျွန်ုပ်တို့ကို နိုးနိုးကြားကြားရှိစေချင်တဲ့ ဒုတိယအကြောင်းရင်းက အနာဂတ်မှာဖြစ်ပျက်မယ့်အကြောင်းအရာအတော်များများကို ကျွန်ုပ်တို့ သိထားလို့ဖြစ်တယ်။ ယေရှုက သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူအများစုမသိတဲ့ တကယ်ကောင်းတဲ့အနာဂတ်အကြောင်း အတော်များများ သိထားတယ်။ ယေရှုသိခဲ့သလောက်တော့ ကျွန်ုပ်တို့ မသိကြဘူး။ ဒါပေမဲ့ ကိုယ်တော်က ဘုရားသခင့်နိုင်ငံတော်၊ အနာဂတ်မှာ ဘုရားသခင့်နိုင်ငံတော်က လုပ်ဆောင်ပေးမယ့်အရာတွေအကြောင်း ကျွန်ုပ်တို့ကို အများကြီးသင်ပေးခဲ့တယ်။ ကျောင်း၊ အလုပ်နဲ့ ကျွန်ုပ်တို့ဒေသမှာရှိသူအများစုဟာ ဒီကောင်းတဲ့အကြောင်းအရာတွေကို မသိကြဘူး။ ဒါကြောင့် ကျွန်ုပ်တို့က ယေရှုလိုပဲ ဘုရားသခင့်နိုင်ငံတော်အကြောင်း တခြားသူတွေကိုပြောပြဖို့ အခွင့်အရေးရှာရာမှာ နိုးနိုးကြားကြားရှိဖို့ ဖြစ်တယ်။ သတင်းကောင်းဟောပြောရတာက အခွင့်ထူးဖြစ်တဲ့အတွက် ဒီအခွင့်ထူးကို ကျွန်ုပ်တို့ လက်လွှတ်မခံချင်ကြဘူး။ လူတွေမှာ အသက်အန္တရာယ်ရှိနေတယ်။—၁ တိ. ၄:၁၆

ယေရှုကို နိုးနိုးကြားကြားရှိစေတဲ့ တခြားအကြောင်းတစ်ခုကိုလည်း ကိုယ်တော်သိခဲ့တယ်။ စာတန်က မိမိကိုသွေးဆောင်ဖို့၊ နှိပ်စက်ညှဉ်းပန်းဖို့နဲ့ ဘုရားသခင်အပေါ် မိမိရဲ့တည်ကြည်မှုကို ချိုးဖျက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာ ယေရှုသိထားတယ်။ ဒီဆိုးညစ်တဲ့ရန်သူက ယေရှုကိုစုံစမ်းဖို့ “အခွင့်အခါကောင်းကို စောင့်နေ” ခဲ့တယ်။ (လု. ၄:၁၃) ယေရှု အမြဲနိုးနိုးကြားကြားရှိခဲ့တယ်။ သွေးဆောင်မှုပဲဖြစ်ဖြစ်၊ ဆန့်ကျင်မှုပဲဖြစ်ဖြစ်၊ နှိပ်စက်ညှဉ်းပန်းမှုပဲဖြစ်ဖြစ် ဘယ်စမ်းသပ်မှုအတွက်မဆို ကိုယ်တော်အသင့်ရှိချင်ခဲ့တယ်။ ကျွန်ုပ်တို့လည်း ယေရှုကြုံခဲ့ရသလို ကြုံနေရတယ်။ စာတန်ဟာ “ဟောက်သောခြင်္သေ့ကဲ့သို့ တစ်ဦးတစ်ယောက်ကို မျိုရန် လှည့်လည်ရှာဖွေ” နေတုန်းပဲဆိုတာ ကျွန်ုပ်တို့ သိထားကြတယ်။ ဒါကြောင့် သမ္မာကျမ်းစာက ခရစ်ယာန်အားလုံးကို “သတိရှိလျက် နိုးကြားနေကြ” ပါလို့ ပြောတယ်။ (၁ ပေ. ၅:၈) ကျွန်ုပ်တို့ ဘယ်လိုလုပ်နိုင်သလဲ။

နိုးနိုးကြားကြားရှိဖို့ ဆုတောင်းခြင်းက ကူညီပေး

၇၊ ၈။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ယေရှု ဘာပြောခဲ့သလဲ။ ကိုယ်တော့်ဆုတောင်းပုံကနေ ဘာသင်ယူနိုင်သလဲ။

နိုးနိုးကြားကြားရှိဖို့ ဒါမှမဟုတ် စောင့်နေနိုင်ဖို့ဆိုရင် ဆုတောင်းခြင်းကအရေးကြီးတယ်လို့ သမ္မာကျမ်းစာက ပြောတယ်၊ ဒါမှသာ ယေဟောဝါနဲ့ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးကို ကာကွယ်နိုင်မှာဖြစ်တယ်။ (ကော. ၄:၂; ၁ ပေ. ၄:၇) ယေရှုက မိမိနဲ့အတူဥယျာဉ်ထဲသွားတဲ့သူတွေကို သူနဲ့အတူစောင့်နေဖို့ပြောပြီး သိပ်မကြာမီမှာ ဒီလိုပြောခဲ့တယ်– “သွေးဆောင်ခြင်းမခံရရန် စောင့်နေ၍ မပြတ်ဆုတောင်းလျက်နေကြလော့။” (မ. ၂၆:၄၁) သူတို့တွေက အဲဒီခက်ခဲတဲ့အချိန်အတွင်းမှာပဲ ဆုတောင်းဖို့လိုတယ်ဆိုတဲ့ အဓိပ္ပာယ်လား။ မဟုတ်ဘူး။ ကိုယ်တော့်သွန်သင်ချက်က ကျွန်ုပ်တို့ရဲ့နေ့စဉ်အသက်တာမှာ လိုက်နာရမယ့်မူတစ်ခု ဖြစ်တယ်။

ယေရှုရဲ့ပုံနမူနာက ဆုတောင်းခြင်းရဲ့အရေးကြီးမှုကို သိမြင်စေတယ်။ ယေရှုက သူ့ဖခင်ထံ တစ်ညလုံးဆုတောင်းခဲ့တာကို သင် သတိရပါလိမ့်မယ်။ (လုကာ ၆:၁၂၊ ၁၃ ကိုဖတ်ပါ။) မြင်ယောင်ကြည့်ပါ– အချိန်ကတော့ နွေဦးပေါက်ဖြစ်တယ်၊ ယေရှုဟာ ကပေရနောင်မြို့အနီးမှာ ရှိနေတာဖြစ်နိုင်တယ်။ မှောင်လာတဲ့အခါ ယေရှုဟာ ဂါလိလဲပင်လယ်ကို အပေါ်စီးကနေမြင်နိုင်တဲ့ တောင်တစ်လုံးပေါ် တက်သွားတယ်။ ညရှုခင်းကို တောင်ပေါ်ကနေ လှမ်းကြည့်လိုက်တဲ့အခါ ကပေရနောင်မြို့နဲ့ အနီးအနားရွာတွေက ဆီမီးခွက်တွေရဲ့ မှိန်ပျပျအလင်းကို ဟိုတစ်စသည်တစ်စ မြင်တွေ့ရမှာဖြစ်တယ်။ အဲဒီနောက် ယေရှုက အနှောင့်အယှက်မရှိဘဲ ယေဟောဝါထံ စဆုတောင်းပြီး စကားပြောခဲ့တယ်။ မိနစ်တွေ၊ နာရီတွေ တရွေ့ရွေ့ကုန်လွန်သွားတယ်။ ခုနကမြင်ရတဲ့မီးတွေ တစ်ခုပြီးတစ်ခု ငြိမ်းသွားတာ၊ ညကောင်းကင်ယံမှာ လ တရွေ့ရွေ့တက်လာတာ၊ ချုံပုတ်တွေမှာ ညဘက်အစာရှာထွက်တဲ့ တိရစ္ဆာန်တွေ အစာရှာနေတာကို ကိုယ်တော် သတိမထားမိဘူး။ ကိုယ်တော်ဆုံးဖြတ်ရမယ့် ကြီးလေးတဲ့ဆုံးဖြတ်ချက်အတွက် ဆုတောင်းခဲ့တာဖြစ်မယ်။ တမန်တော် ၁၂ ဦးအဖြစ် ဘယ်သူတွေကို ရွေးချယ်ရမယ်ဆိုတာ ဆုံးဖြတ်ခဲ့ရတယ်။ တပည့်တစ်ဦးချင်းစီနဲ့ပတ်သက်ပြီး မိမိရဲ့ထင်မြင်ချက်၊ စိုးရိမ်ကြောင့်ကြမှုတွေကို ပြောပြပြီး ဖခင်ရဲ့လမ်းညွှန်မှုနဲ့ ဉာဏ်ပညာရဖို့ ယေရှု အားတက်သရော ဆုတောင်းခဲ့တာကို မြင်ယောင်ကြည့်ပါ။

ညလုံးပေါက်ဆုတောင်းခဲ့တဲ့ ယေရှုရဲ့ပုံနမူနာကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

ကျွန်ုပ်တို့ ဆုတောင်းတဲ့အခါ နာရီနဲ့ချီပြီးဆုတောင်းရမယ်လို့ ယေရှုရဲ့ပုံနမူနာက သင်ပေးသလား။ မဟုတ်ပါဘူး။ နောက်လိုက်တွေနဲ့ပတ်သက်ပြီး “စိတ်ဆန္ဒရှိသော်လည်း ခန္ဓာကိုယ်မူကား အားနည်း” တယ်လို့ ယေရှု သက်သက်ညှာညှာပြောခဲ့တယ်။ (မ. ၂၆:၄၁) ဒါကမှန်ပေမဲ့ ယေရှုကို ကျွန်ုပ်တို့ တုပနိုင်တယ်။ ဥပမာ၊ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်း၊ တည်ကြည်မှု၊ မိသားစု ဒါမှမဟုတ် အသင်းတော်အပေါ် အကျိုးသက်ရောက်နိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခုမချခင် ယေဟောဝါထံ ဆုတောင်းသလား။ ကျွန်ုပ်တို့ရဲ့ ညီအစ်ကို၊ ညီအစ်မတွေအတွက် ဆုတောင်းပေးသလား။ စိတ်နှလုံးပါပါ ဆုတောင်းသလား ဒါမှမဟုတ် ရွတ်နေကျစကားလုံးကိုပဲ အထပ်ထပ်ရွတ်နေသလား။ ယေရှုက သူ့ဖခင်နဲ့ နှစ်ကိုယ်ကြားသီးသန့်ပြောဆိုရတာကို တန်ဖိုးထားလေးမြတ်ခဲ့တယ်ဆိုတာကိုလည်း သတိပြုပါ။ ယနေ့ ဗျာများနေတဲ့လောကမှာ အရေးကြီးဆုံးအရာကိုမေ့လျော့ဖို့ အရမ်းလွယ်တယ်။ ယေဟောဝါထံ စိတ်နှလုံးပါပါ နှစ်ကိုယ်ကြားစကားပြောဆုတောင်းဖို့ အချိန်များများပေးမယ်ဆိုရင် ပိုပြီးနိုးနိုးကြားကြားရှိပါလိမ့်မယ်။ (မ. ၆:၆၊ ၇) ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ပိုခိုင်မြဲစေတဲ့အရာမှန်သမျှကို လုပ်ဆောင်ပြီး ဆက်ဆံရေးကိုထိခိုက်စေတဲ့အရာမှန်သမျှကို ရှောင်ခြင်းအားဖြင့် ယေဟောဝါနဲ့ပိုရင်းနှီးလာမှာ ဖြစ်တယ်။—ဆာ. ၂၅:၁၄

ဟောပြောခြင်းလုပ်ငန်းမှာ နိုးနိုးကြားကြားရှိနိုင်ပုံ

၁၀။ တခြားသူတွေကို ဟောပြောဖို့ အခွင့်အရေးရှာရာမှာ ယေရှုနိုးနိုးကြားကြားရှိကြောင်း ဘယ်အဖြစ်အပျက်ကဖော်ပြသလဲ။

၁၀ ယေရှုဟာ ယေဟောဝါစေခိုင်းထားတဲ့ အလုပ်ကိုလုပ်ဖို့ နိုးနိုးကြားကြား ရှိခဲ့တယ်။ တချို့အလုပ်တွေက အာရုံပျံ့လွင့်ပြီးလုပ်နေပေမဲ့ ကြီးကြီးမားမားထိခိုက်မှု မရှိနိုင်ဘူး။ ဒါပေမဲ့ တချို့အလုပ်တွေကျတော့ အာရုံပျံ့လွင့်လို့မရဘဲ အဲဒီအလုပ်တစ်ခုတည်းကိုပဲ အာရုံစူးစိုက်လုပ်ရတယ်။ ဟောပြောခြင်းလုပ်ငန်းက အဲဒီလိုအလုပ်မျိုးဖြစ်တယ်။ ယေရှုက ဒီလုပ်ငန်းမှာ အမြဲနိုးနိုးကြားကြားရှိခဲ့တယ်။ တခြားသူတွေကို သတင်းကောင်းဟောပြောနိုင်တဲ့ အခွင့်အရေးရှာဖို့ အမြဲနိုးနိုးကြားကြားရှိခဲ့တယ်။ ဥပမာ၊ ယေရှုနဲ့တပည့်တွေ တစ်မနက်လုံးလမ်းလျှောက်ပြီး ရှုခါမြို့အနားရောက်လာတယ်၊ တပည့်တွေက စားစရာဝယ်ဖို့ ထွက်သွားကြတယ်။ ယေရှုက အဲဒီနားမှာရှိတဲ့ ရေတွင်းတစ်တွင်းဘေးမှာ နားနေတယ်၊ ဒါပေမဲ့ ကိုယ်တော်ဟာ နိုးနိုးကြားကြားရှိလို့ ဟောပြောဖို့အခွင့်အရေး တွေ့သွားတယ်။ ရှမာရိအမျိုးသမီးတစ်ဦး ရေခပ်ဖို့ရေတွင်းကို ရောက်လာတယ်။ ယေရှု တစ်ရေးတစ်မောအိပ်နေလို့ရတယ် ဒါမှမဟုတ် ဒီအမျိုးသမီးနဲ့စကားပြောလို့မရတဲ့ အကြောင်းပြချက်တွေကို စဉ်းစားနိုင်တယ်။ ဒါပေမဲ့ ကိုယ်တော်က အဲဒီအမျိုးသမီးနဲ့ စကားစပြောခဲ့ပြီး ကောင်းကောင်းသက်သေခံနိုင်ခဲ့တယ်၊ အဲဒီကနေ မြို့မှာရှိတဲ့တခြားသူတွေလည်း အကျိုးရသွားတယ်။ (ယော. ၄:၄-၂၆၊ ၃၉-၄၂) ကျွန်ုပ်တို့ကော နေ့တိုင်း တွေ့သမျှလူတွေကို ဟောပြောဖို့ အခွင့်အရေးရှာရာမှာ ပိုပြီးနိုးနိုးကြားကြားရှိနေခြင်းအားဖြင့် ယေရှုကိုတုပနိုင်မလား။

၁၁၊ ၁၂။ (က) မိမိရဲ့အလုပ်ကနေ အာရုံပျံ့လွင့်အောင်လုပ်သူတွေကို ယေရှု ဘာပြောခဲ့သလဲ။ (ခ) ယေရှုက ဟောပြောခြင်းလုပ်ငန်းကို ဘယ်လို ဟန်ချက်ညီညီ လုပ်ဆောင်ခဲ့သလဲ။

၁၁ တစ်ခါတစ်ရံမှာ စိတ်နှလုံးရိုးဖြောင့်သူတွေက ယေရှုကို သူ့ရဲ့အလုပ်ကနေ အာရုံပျံ့လွင့်အောင် လုပ်ဆောင်ခဲ့ကြတယ်။ ကိုယ်တော်က ကပေရနောင်မြို့မှာ ဖျားနာသူတွေကို အံ့ဖွယ်နည်းနဲ့ကုသပေးလို့ မြို့သားတွေက ယေရှုကို အဲဒီမြို့ကနေထွက်မသွားစေချင်ကြဘူး။ သူတို့ ဘာကြောင့် ဒီလိုလုပ်ချင်တယ်ဆိုတာကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ယေရှုရဲ့အထူးတာဝန်က မြို့တစ်မြို့တည်းမှာဟောဖို့မဟုတ်ဘဲ “အစ္စရေးလူမျိုးထဲက ပျောက်လွင့်သောသိုးများ” အားလုံးကို ဟောပြောဖို့ဖြစ်တယ်။ (မ. ၁၅:၂၄) “ဘုရားသခင်၏နိုင်ငံတော် သတင်းကောင်းကို အခြားမြို့ရွာများတွင်လည်း ငါဟောပြောရမည်။ ထိုအကြောင်းကြောင့် ငါ့ကိုစေလွှတ်တော်မူ၏” လို့ အဲဒီမြို့ကလူတွေကို ယေရှုပြောခဲ့တယ်။ (လု. ၄:၄၀-၄၄) ဒါကြောင့် ယေရှုရဲ့အသက်တာမှာ ဟောပြောခြင်းလုပ်ငန်းက အရေးကြီးဆုံးဖြစ်ခဲ့တယ်။ ဒီလုပ်ငန်းကနေ အာရုံပျံ့လွင့်သွားဖို့ ကိုယ်တော် ဘယ်အရာကိုမှ ခွင့်မပြုခဲ့ဘူး။

၁၂ ယေရှုက အလုပ်တစ်ခုတည်းကိုပဲ သဲကြီးမဲကြီးလုပ်နေပြီး ဘဝမှာတခြားပျော်ရွှင်စရာတွေအတွက် အချိန်မပေးနိုင်လောက်အောင် တစ်ဖက်စောင်းနင်းဖြစ်ခဲ့သလား။ ဒါမှမဟုတ် လူတွေရဲ့လိုအပ်ရာတွေကို မသိတော့တဲ့အထိ ဖြစ်ခဲ့သလား။ မဖြစ်ခဲ့ဘူး၊ ယေရှုဟာ ဘုရားသခင်ပေးအပ်ထားတဲ့အလုပ်ကို ဟန်ချက်ညီညီလုပ်ဆောင်ခဲ့တယ်။ ဘဝကိုပျော်မွေ့ခဲ့ပြီး မိတ်ဆွေတွေနဲ့ ပျော်ပျော်ပါးပါး ပေါင်းသင်းခဲ့တယ်။ မိသားစုတွေကို သနားကြင်နာမှုပြခဲ့ပြီး သူတို့ရဲ့လိုအပ်ရာတွေ၊ ပြဿနာတွေကို ကောင်းစွာနားလည်ပေးခဲ့တယ်။ ကလေးတွေကိုလည်း ချစ်ခင်ခဲ့တယ်။—မာကု ၁၀:၁၃-၁၆ ကိုဖတ်ပါ။

၁၃။ ဟောပြောခြင်းလုပ်ငန်းမှာ နိုးနိုးကြားကြားရှိပြီး ဟန်ချက်ညီတဲ့ ယေရှုရဲ့ပုံသက်သေကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

၁၃ ယေရှုရဲ့ နိုးနိုးကြားကြားရှိတဲ့ပုံနမူနာကို တုပတဲ့အခါ ကိုယ်တော့်လို ဟန်ချက်ညီဖို့ ကျွန်ုပ်တို့ ဘယ်လိုလုပ်ဆောင်နိုင်သလဲ။ ဒီလောကကြောင့် ကျွန်ုပ်တို့ရဲ့ အမှုဆောင်လုပ်ငန်းကနေ အာရုံပျံ့လွင့်တာမျိုး အဖြစ်မခံကြဘူး။ စိတ်ရင်းကောင်းတဲ့မိတ်ဆွေတွေ၊ ဆွေမျိုးတွေက အမှုဆောင်လုပ်ငန်းကို တော်ရုံတန်ရုံပဲလုပ်ဖို့ ဒါမှမဟုတ် သာမန်ဘဝလို့ သူတို့ခေါ်တဲ့ဘဝနဲ့ အသက်ရှင်ဖို့ ပြောကြမယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က ယေရှုကို တုပတယ်ဆိုရင် ဟောပြောခြင်းလုပ်ငန်းက ကျွန်ုပ်တို့အတွက် စားစရာလို အရေးကြီးတဲ့အရာ ဖြစ်ပါလိမ့်မယ်။ (ယော. ၄:၃၄) ဟောပြောခြင်းလုပ်ငန်းက ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ခိုင်မြဲစေပြီး ကျွန်ုပ်တို့ကို ပျော်ရွှင်စေတယ်။ ဒါပေမဲ့ တစ်ဖက်စောင်းနင်းဖြစ်သွားတာ၊ ကိုယ်ပဲဖြောင့်မတ်တယ်ဆိုတဲ့သဘာထားမျိုးတင်ပြတာ၊ ဘဝမှာ ပျော်စရာတွေကိုလုံးဝမရှာတာမျိုး ဘယ်တော့မှ မဖြစ်ချင်ကြဘူး။ ကျွန်ုပ်တို့က ယေရှုလိုပဲ ပျော်ရွှင်ပြီး ဟန်ချက်ညီတဲ့ ကျေးကျွန်တွေ ဖြစ်ချင်ကြတယ်၊ အကြောင်းကတော့ ကျွန်ုပ်တို့က “ပျော်ရွှင်သောဘုရားသခင်” ကို ကိုးကွယ်ကြလို့ပဲ။—၁ တိ. ၁:၁၁

စမ်းသပ်မှုတွေကြုံရတဲ့အခါ နိုးနိုးကြားကြားရှိနိုင်ပုံ

၁၄။ အခက်အခဲတွေကြုံရတဲ့အခါ ဘယ်အချက်ကို မမေ့သင့်သလဲ။ ဘာကြောင့်လဲ။

၁၄ ယေရှု စမ်းသပ်မှုတွေ ကြုံတွေ့ရချိန်မှာ တပည့်တွေကို အရေးကြီးတဲ့သွန်သင်ချက်တချို့ ပေးခဲ့တယ်။ (မာကု ၁၄:၃၇ ကိုဖတ်ပါ။) ခက်ခဲတဲ့အခြေအနေကို ကျွန်ုပ်တို့ကြုံရတဲ့အခါ ယေရှုရဲ့ပုံသက်သေကို ခါတိုင်းထက် ပိုသတိရဖို့လိုတယ်။ အခက်အခဲကြုံရချိန်မှာ လူတွေက အရေးပါတဲ့အမှန်တရားတစ်ခုကို မေ့သွားတတ်တယ်။ အဲဒီအမှန်တရားက အရေးကြီးတဲ့အတွက် ကျမ်းတစ်ကျမ်းတည်းမှာပဲ နှစ်ကြိမ်တိတိဖော်ပြထားတယ်– “လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း အဆုံး၌ သေခြင်းသို့ပို့သော လမ်းတစ်မျိုးရှိ၏။” (သု. ၁၄:၁၂; ၁၆:၂၅) ကြီးလေးတဲ့ပြဿနာတွေကြုံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပဲအားကိုးမယ်ဆိုရင် ကျွန်ုပ်တို့ကိုယ်တိုင်နဲ့ ကျွန်ုပ်တို့ချစ်ရသူတွေ အန္တရာယ်ကြုံတွေ့ရနိုင်တယ်။

၁၅။ မိသားစုကိုကျွေးမွေးစောင့်ရှောက်ဖို့ ရုန်းကန်နေရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်က ဘာလုပ်ဖို့ သွေးဆောင်ခံရနိုင်သလဲ။

၁၅ ဥပမာ၊ အိမ်ထောင်ဦးစီးတစ်ယောက်က “မိမိအိမ်သူအိမ်သား” တွေကို ကျွေးမွေးစောင့်ရှောက်ဖို့ ရုန်းကန်နေရတာဖြစ်နိုင်တယ်။ (၁ တိ. ၅:၈) သူဟာ အစည်းအဝေးမတက်နိုင်တဲ့၊ မိသားစုဝတ်ပြုမှုကို ဦးမဆောင်နိုင်တဲ့၊ အမှုဆောင်လုပ်ငန်းမှာမပါဝင်နိုင်တဲ့ အလုပ်တစ်ခုကို လက်ခံဖို့ သွေးဆောင်ခံရနိုင်တယ်။ လူ့အမြင်အရကြည့်မယ်ဆိုရင် ဒီအလုပ်ကိုလက်ခံလိုက်တာက မှန်တယ်လို့ယူဆနိုင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်မယ်ဆိုရင် ယေဟောဝါနဲ့မိတ်ပျက်သွားနိုင်ပြီး ကိုယ်တော့်ကိုကျောခိုင်းတဲ့အထိတောင် ဖြစ်သွားနိုင်တယ်။ ရှောလမုန်ရဲ့ ဒီအကြံပေးချက်ကို လိုက်လျှောက်တာက ပိုကောင်းပါတယ်– ‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ယေဟောဝါကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။’—သု. ၃:၅၊ ၆

၁၆။ (က) ယေဟောဝါရဲ့ဉာဏ်ပညာကိုအားကိုးတဲ့ ယေရှုရဲ့ပုံနမူနာကနေ ကျွန်ုပ်တို့ ဘာသိရှိရသလဲ။ (ခ) ခက်ခဲတဲ့အချိန်တွေမှာ အိမ်ထောင်ဦးစီးများစွာက ယေရှုရဲ့ပုံနမူနာကို ဘယ်လိုတုပနေကြသလဲ။

၁၆ ယေရှု စမ်းသပ်မှုကြုံရချိန်မှာ သူ့ရဲ့ဉာဏ်ပညာကို သူအားမကိုးခဲ့ဘူး။ ဒီအချက်ကို စဉ်းစားကြည့်ပါ။ အသက်ရှင်ခဲ့သမျှလူတွေထဲမှာ ပညာအရှိဆုံးပုဂ္ဂိုလ်က သူ့ဉာဏ်ပညာကို အားမကိုးခဲ့ဘူး။ သာဓကအနေနဲ့ ယေရှုကို စာတန်သွေးဆောင်ချိန်တွေမှာ “ကျမ်းစာ၌ရေးထားသည်” လို့ အကြိမ်ကြိမ်တုံ့ပြန်ခဲ့တယ်။ (မ. ၄:၄၊ ၇၊ ၁၀) သွေးဆောင်မှုကိုတွန်းလှန်ရာမှာ ဖခင်ပေးတဲ့ဉာဏ်ပညာကို ယေရှု အားကိုးခဲ့တယ်။ ဒီနည်းအားဖြင့် ယေရှုက စာတန်မှာမရှိတဲ့၊ စာတန်မုန်းတဲ့အရည်အသွေးဖြစ်တဲ့ နှိမ့်ချမှုကို တင်ပြခဲ့တယ်။ ကျွန်ုပ်တို့ကော ယေဟောဝါရဲ့ဉာဏ်ပညာကို အားကိုးသလား။ ယေရှုလို နိုးနိုးကြားကြားရှိတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်က အထူးသဖြင့် ခက်ခဲတဲ့အခြေအနေတွေမှာ သမ္မာကျမ်းစာရဲ့လမ်းပြမှုကို ခံယူတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အိမ်ထောင်ဦးစီးများစွာက ဒီအတိုင်းလုပ်နေကြတယ်။ သူတို့တွေက ရုပ်ပိုင်းလိုအပ်ရာတွေထက် ဘုရားသခင့်နိုင်ငံတော်နဲ့ စစ်မှန်တဲ့ဝတ်ပြုရေးကို ပထမနေရာမှာထားကြတယ်။ ဒီလိုနည်းအားဖြင့် သူတို့တွေက သူတို့ရဲ့မိသားစုတွေကို အကောင်းဆုံးကျွေးမွေးပြုစုကြတယ်။ မိသားစုရဲ့ရုပ်ပိုင်းလိုအပ်ရာတွေကို ထောက်ပံ့ဖို့ အိမ်ထောင်ဦးစီးတွေရဲ့ကြိုးစားမှုကို ယေဟောဝါက ကတိပြုထားတဲ့အတိုင်း ကောင်းချီးပေးတယ်။—မ. ၆:၃၃

၁၇။ ယေရှုရဲ့နိုးကြားမှုပုံနမူနာကို သင် ဘာကြောင့် တုပချင်တာလဲ။

၁၇ နိုးနိုးကြားကြားရှိနေခြင်းနဲ့ပတ်သက်ပြီး အကောင်းဆုံးစံနမူနာရှင်က ယေရှုဆိုတာ သေချာတယ်။ ကိုယ်တော့်ပုံသက်သေက လက်တွေ့ကျပြီး အသက်ကိုတောင် ကယ်တင်ပေးတယ်။ စာတန်က သင့်ကို ဝတ်ပြုရေးမှာ တက်တက်ကြွကြွမရှိစေချင်ဘူး၊ ယုံကြည်ခြင်း အားနည်းသွားစေချင်တယ်၊ ယေဟောဝါကို ဝတ်ပြုရာမှာ ဇွဲလျော့နည်းသွားစေချင်တယ်၊ သင့်ရဲ့ တည်ကြည်မှုကို ချိုးဖျက်ချင်တယ်။ (၁ သက်. ၅:၆) စာတန်ကို အနိုင်မပေးလိုက်ပါနဲ့။ ယေရှုလို နိုးနိုးကြားကြားရှိနေပါ။ စိတ်နှလုံးပါပါဆုတောင်းဖို့ အချိန်ပေးပါ၊ ဟောပြောခြင်းလုပ်ငန်းမှာ တက်ကြွစွာပါဝင်ပါ၊ စမ်းသပ်မှုတွေကြုံရတဲ့အခါ ယေဟောဝါကို ယုံကြည်ကိုးစားပါ။ ဒီလိုလုပ်ဆောင်မယ်ဆိုရင် ဆိုးညစ်တဲ့လောကရဲ့အဆုံး နီးနေတဲ့ဒီအချိန်မှာတောင် သင့်ဘဝက အဓိပ္ပာယ်ပြည့်ဝပြီး ပျော်ရွှင်ကျေနပ်နေမှာဖြစ်တယ်။ သင် နိုးနိုးကြားကြားရှိနေတယ်ဆိုရင် ဒီဆိုးညစ်တဲ့လောကကို ဖျက်ဆီးဖို့ ယေရှုကြွလာတဲ့အခါ သင်ဟာနိုးနိုကြားကြားရှိပြီး ဘုရားသခင့်အမှုတော်မှာ အလုပ်များနေတာကို ကိုယ်တော်တွေ့မှာဖြစ်တယ်။ သင့်ရဲ့တည်ကြည်မှုအတွက် ယေဟောဝါ ကျေကျေနပ်နပ် ဆုချမှာဖြစ်တယ်။—ဗျာ. ၁၆:၁၅

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၆ ပါရုပ်ပုံ]

ရေတွင်းနားမှာတွေ့တဲ့ အမျိုးသမီးကိုယေရှု ဟောပြောခဲ့၊ သင်ကော နေ့တိုင်း ဟောပြောဖို့ အခွင့်အရေးရှာသလား

[စာမျက်နှာ ၇ ပါရုပ်ပုံ]

ဘုရားသခင်နဲ့ သင့်မိသားစုရဲ့ဆက်ဆံရေးကို ဂရုစိုက်ပေးခြင်း အားဖြင့် သင်နိုးနိုးကြားကြားရှိနေ