မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယုံကြည်ခြင်းမတူတဲ့ အိမ်ထောင်မှာ ပျော်ရွှင်နိုင်

ယုံကြည်ခြင်းမတူတဲ့ အိမ်ထောင်မှာ ပျော်ရွှင်နိုင်

ယုံကြည်ခြင်းမတူတဲ့ အိမ်ထောင်မှာ ပျော်ရွှင်နိုင်

‘သင်သည် ကိုယ့် [အိမ်ထောင်ဖက်] ကို ကယ်တင်နိုင်မည်ဟု မည်သို့သိသနည်း။’—၁ ကော. ၇:၁၆

သင် အဖြေရှာတွေ့သလား

ယုံကြည်ခြင်းမတူတဲ့အိမ်ထောင်မှာ ငြိမ်သက်မှုရှိအောင် ယုံကြည်သူတွေ ဘာလုပ်နိုင်သလဲ။

မယုံကြည်သူမိသားစုဝင်တွေ စစ်မှန်တဲ့ဝတ်ပြုရေးကို လက်ခံလာအောင် ခရစ်ယာန်တစ်ဦး ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

ယုံကြည်ခြင်းမတူတဲ့အိမ်ထောင်မှာရှိတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို ကျွန်ုပ်တို့ ဘယ်လိုကူညီပေးနိုင်သလဲ။

၁။ တစ်စုံတစ်ဦးက အမှန်တရားကိုလက်ခံတဲ့အခါ သူ့မိသားစုအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ။

တစ်ကြိမ်မှာ တမန်တော်တွေကို ဒီလိုပြောပြီး ယေရှုစေလွှတ်ခဲ့တယ်– “သွားစဉ်တွင် ‘ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ’ ဟု ဟောပြောကြလော့။” (မ. ၁၀:၁၊) ဒီသတင်းကောင်းကို ကျေးဇူးတင်လေးမြတ်စိတ်နဲ့ လက်ခံသူတွေက ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှုခံစားရမှာ ဖြစ်တယ်။ ဒါပေမဲ့ ဟောပြောခြင်းလုပ်ငန်းကို ဆန့်ကျင်သူများစွာရှိလိမ့်မယ်လို့လည်း တမန်တော်တွေကို ယေရှု သတိပေးခဲ့တယ်။ (မ. ၁၀:၁၆-၂၃) မိသားစုရဲ့ဆန့်ကျင်မှုကိုခံရတဲ့အခါ ပိုခက်ခဲနိုင်ပါတယ်။—မဿဲ ၁၀:၃၄-၃၆  ကိုဖတ်ပါ။

၂။ ကျွန်ုပ်တို့ရဲ့မိသားစုက အမှန်တရားမှာမရှိဘူးဆိုရင်တောင် ဘာကြောင့် ပျော်ရွှင်နိုင်သလဲ။

ဒါက မိသားစုလိုက် အမှန်တရားမှာမရှိဘူးဆိုရင် ပျော်ရွှင်မှုမရှိနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်လား။ မဟုတ်ပါဘူး။ တချို့ခရစ်ယာန်တွေက မိသားစုရဲ့အပြင်းအထန်ဆန့်ကျင်မှုကို ကြုံကြရပေမဲ့ တချို့ကတော့ မကြုံရဘူး။ မိသားစုဆန့်ကျင်မှုဆိုတာကလည်း အမြဲရှိနေမှာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ပါစေ၊ မိသားစုဝင်တွေ ဆန့်ကျင်တဲ့အခါ ဒါမှမဟုတ် သူတို့က အမှန်တရားကို လုံးဝစိတ်မဝင်စားတဲ့အခါ ကျွန်ုပ်တို့ဘက်က နည်းမှန်လမ်းကျတုံ့ပြန်မယ်ဆိုရင် ပျော်ရွှင်နိုင်ပါတယ်။ မိမိအပေါ်တည်ကြည်သူတွေ ခက်ခဲတဲ့အခြေအနေကြုံရရင်တောင် ပျော်ရွှင်နိုင်ဖို့ ယေဟောဝါ ကူညီပေးတယ်။ ခရစ်ယာန်တွေက (၁) အိမ်ထောင်မှာ ငြိမ်သက်မှုရှိဖို့ ကြိုးစားလုပ်ဆောင်မယ်၊ (၂) မိသားစုဝင်တွေ အမှန်တရားလက်ခံဖို့ စိတ်ရင်းမှန်နဲ့ ကူညီပေးမယ်ဆိုရင် ပျော်ရွှင်နိုင်ပါတယ်။

မိသားစုမှာ ငြိမ်သက်မှုရှိဖို့ ကြိုးစားလုပ်ဆောင်ပါ

၃။ မိသားစုမှာ ငြိမ်သက်မှုရှိဖို့ ခရစ်ယာန်တစ်ဦး ဘာကြောင့် ကြိုးစားလုပ်ဆောင်သင့်သလဲ။

အိမ်ထောင်မှာ ငြိမ်သက်မှုရှိမယ်ဆိုရင် မိသားစုအနေနဲ့ အမှန်တရားကို လက်ခံဖို့ ပိုအကြောင်းများတယ်။ (ယာကုပ် ၃:၁၈  ကိုဖတ်ပါ။) မိသားစုက ယေဟောဝါကို ဝတ်မပြုဘူးဆိုရင်တောင် မိသားစုမှာ ငြိမ်သက်မှုရှိဖို့ ခရစ်ယာန်ဖြစ်သူက ကြိုးစားလုပ်ဆောင်ရမယ်။ ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

၄။ ကျွန်ုပ်တို့မှာ စိတ်ငြိမ်သက်မှုရှိဖို့ ဘာလုပ်နိုင်သလဲ။

ကျွန်ုပ်တို့မှာ စိတ်ငြိမ်သက်မှု ရှိနေရမှာဖြစ်တယ်။ အဲဒီလိုရှိနေဖို့အတွက် “စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ငြိမ်သက်ခြင်း” ရဖို့ ဆုတောင်းရမယ်။ (ဖိ. ၄:၆၊ ၇) ယေဟောဝါအကြောင်းသင်ယူပြီး ကျမ်းစာမူတွေအတိုင်း အသက်ရှင်နေထိုင်ခြင်းက ပျော်ရွှင်မှုနဲ့ ငြိမ်သက်မှုရစေတယ်။ (ဟေရှာ. ၅၄:၁၃) ကျွန်ုပ်တို့က ပျော်ရွှင်မှု၊ ငြိမ်သက်မှုရရှိချင်တယ်ဆိုရင် အသင်းတော်အစည်းအဝေးတွေမှာ တက်ရောက်ပါဝင်ပြီး လယ်ကွင်းလုပ်ငန်းမှာ ထက်ထက်သန်သန်ပါဝင်ဖို့ လိုတယ်။ များသောအားဖြင့် ယုံကြည်ခြင်းမတူတဲ့ အိမ်ထောင်ဖက်ရှိသူတွေက ဒီလိုအရေးကြီးတဲ့အလုပ်တွေကို လုပ်ဆောင်ဖို့ နည်းလမ်းရနိုင်ပါတယ်။ ဥပမာ၊ မေသူရဲ့ခင်ပွန်းက သူ့ကို ကြမ်းတမ်းခက်ထန်စွာ ဆန့်ကျင်တယ်။ * သူက အိမ်အလုပ်တွေပြီးမှ အမှုဆောင်ထွက်တယ်။ မေသူ ဒီလိုပြောတယ်– “တခြားသူတွေကို သတင်းကောင်းဟောပြောဖို့ ကြိုးစားအားထုတ်တဲ့အခါတိုင်း ရလဒ်ကောင်းတွေရစေခြင်းအားဖြင့် ကျွန်မကို ယေဟောဝါ ကြွယ်ဝစွာကောင်းချီးပေးခဲ့တယ်။” ဒီကောင်းချီးတွေကြောင့် သူ ငြိမ်သက်မှု၊ ကျေနပ်မှုနဲ့ ပျော်ရွှင်မှု ခံစားရတယ်။

၅။ မိသားစုဝင်တွေက အမှန်တရားမှာမရှိဘူးဆိုရင် ဘာအခက်တွေ့နိုင်သလဲ။ ဘယ်ကနေ အကူအညီရနိုင်သလဲ။

အမှန်တရားမှာမရှိတဲ့မိသားစုဝင်တွေနဲ့ ငြိမ်သက်မှုရှိဖို့ ကျွန်ုပ်တို့ ကြိုးစားအားထုတ်ရမယ်။ ဒီလိုလုပ်ဖို့ ခက်ခဲနိုင်ပါတယ်၊ အကြောင်းကတော့ တစ်ခါတလေ သူတို့က ကျွန်ုပ်တို့ကို ကျမ်းစာမူတွေနဲ့ဆန့်ကျင်တဲ့အရာတွေကို လုပ်စေချင်တဲ့အတွက်ဖြစ်တယ်။ ကျွန်ုပ်တို့က ကျမ်းစာအတိုင်း လိုက်လျှောက်တဲ့အတွက် အမှန်တရားမှာမရှိတဲ့မိသားစုဝင်တချို့က ဒေါသထွက်နိုင်တယ်။ သူတို့ကြောင့် မှန်ရာကိုလုပ်ဆောင်နေတာကို မရပ်လိုက်သင့်ဘူး။ ကျွန်ုပ်တို့ ကြိုးစားလုပ်ဆောင်တယ်ဆိုရင် တစ်နေ့ မိသားစုမှာ ငြိမ်သက်မှုရှိလာနိုင်ပါတယ်။ ဒါကြောင့် ကျမ်းစာမူတွေနဲ့မဆန့်ကျင်ဘူးဆိုရင်တော့ မိသားစုရဲ့ဆန္ဒကို လိုက်လျောခြင်းအားဖြင့် ကျွန်ုပ်တို့ အကောင်းဆုံးလုပ်ဆောင်ကြတယ်။ ဒီနည်းအားဖြင့် မလိုလားအပ်တဲ့ပြဿနာတွေကို ရှောင်နိုင်တယ်။ (သု. ၁၆:  ကိုဖတ်ပါ။) ပြဿနာကြုံရပြီဆိုရင်တော့ တည်ကြည်တဲ့ကျွန် ထုတ်ဝေထားတဲ့စာပေတွေနဲ့ အကြီးအကဲတွေထံကနေ ကျမ်းစာအကြံပြုချက်ရှာဖို့ အရေးကြီးတယ်။—သု. ၁၁:၁၄

၆၊ ၇။ (က) မိမိတို့ရဲ့မိသားစုဝင်တွေ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာတာကို တချို့က ဘာကြောင့် ဆန့်ကျင်တာလဲ။ (ခ) မိသားစုရဲ့ဆန့်ကျင်မှုကို ကျမ်းစာသင်သား ဒါမှမဟုတ် သက်သေခံတစ်ဦး ဘယ်လိုတုံ့ပြန်သင့်သလဲ။

ကျွန်ုပ်တို့က ယေဟောဝါကိုယုံကြည်ကိုးစားပြီး မိသားစုရဲ့ခံစားချက်ကို နားလည်ဖို့ကြိုးစားမယ်ဆိုရင် မိသားစုမှာ ငြိမ်သက်မှုရှိနိုင်ပါတယ်။ (သု. ၁၆:၂၀) ကျမ်းစာစသင်နေသူတွေတောင် ဒီလိုလုပ်နိုင်တယ်။ မယုံကြည်တဲ့ ခင်ပွန်းသည်၊ ဇနီးသည်တချို့က သူတို့ရဲ့အိမ်ထောင်ဖက် ကျမ်းစာလေ့လာတာကို မဆန့်ကျင်တဲ့အပြင် မိသားစုအတွက်ကောင်းတယ်လို့တောင် ပြောကြမယ်။ ဒါပေမဲ့ တခြားသူတွေကျတော့ အပြင်းအထန် ဆန့်ကျင်နိုင်တယ်။ အခု သက်သေခံဖြစ်နေတဲ့ အက်စတာက သူ့ခင်ပွန်း ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာတုန်းက သူ အရမ်းစိတ်ဆိုးတယ်လို့ ဝန်ခံခဲ့တယ်။ သူ ဒီလိုပြောတယ်– “သူ့စာအုပ်တွေကို ကျွန်မ လွှင့်ပစ်တယ်၊ မီးရှို့ပစ်တယ်။” ဟောင်းဝါ့ဒ်က သူ့ဇနီး ကျမ်းစာလေ့လာတာကို ကန့်ကွက်ခဲ့တယ်။ ယောက်ျားတွေက သူတို့ရဲ့ဇနီးတွေ ဘာသာရေးဂိုဏ်းတစ်ခုနဲ့ ဆက်သွယ်မိပြီး အလိမ်အညာခံရမှာကို စိုးရိမ်ကြတယ်လို့ သူပြောတယ်။ ကိုယ့်ဇနီး အန္တရာယ်ကျရောက်နေတယ်လို့ထင်တဲ့အတွက် ခင်ပွန်းဖြစ်သူက ကြမ်းကြမ်းတမ်းတမ်း ပြောဆို၊ ပြုမူမိနိုင်တယ်လို့လည်း ပြောတယ်။

အိမ်ထောင်ဖက်ရဲ့ဆန့်ကျင်မှုခံရလို့ ကျမ်းစာသင်နေတာကို ရပ်ပစ်စရာမလိုဘူးဆိုတာ သင်သားနားလည်အောင် ကူညီပေးသင့်တယ်။ ဆန့်ကျင်တဲ့အိမ်ထောင်ဖက်အပေါ် နူးညံ့သိမ်မွေ့မှု၊ လေးစားမှုပြခြင်းအားဖြင့် အခြေအနေတိုးတက်အောင် လုပ်ဆောင်နိုင်ပါတယ်။ (၁ ပေ. ၃:၁၅) ဟောင်းဝါ့ဒ် ဒီလိုပြောတယ်– “ကျွန်တော့်ဇနီးက တည်တည်ငြိမ်ငြိမ်ရှိပြီး အလွန်အကျွံမတုံ့ပြန်တဲ့အတွက် အရမ်းကျေးဇူးတင်တယ်။” သက်သေခံတွေက သူ့ဇနီးကိုလှည့်စားနေတယ်လို့ ဟောင်းဝါ့ဒ်ထင်တဲ့အတွက် ကျမ်းစာဆက်မသင်ဖို့ ပြောတယ်လို့ ဇနီးသည်က ရှင်းပြတယ်။ ဟောင်းဝါ့ဒ်ရဲ့ဇနီး ဒီလိုပြောတယ်– “အငြင်းအခုံလုပ်မယ့်အစား ရှင်ပြောတာဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ဘယ်လိုလှည့်စားခံနေရတယ်ဆိုတာ ကျွန်မ,မသိဘူး။ ဒါကြောင့် ကျွန်မလေ့လာနေတဲ့စာအုပ်တွေကို ဖတ်ကြည့်ပါလားလို့ သူ့ကိုပြောတယ်။ သူဖတ်ကြည့်တဲ့အခါ အဲဒီမှာပါတာတွေက အမှန်တရားဆိုတာ သူ မငြင်းနိုင်ခဲ့ဘူး။ ဒါက သူ့စိတ်နှလုံးကို တကယ်ထိမိခဲ့တယ်။” အိမ်ထောင်ဖက်တွေက သူတို့ကိုထားခဲ့ပြီး အစည်းအဝေးတက်၊ အမှုဆောင်ထွက်တဲ့အခါ အထီးကျန်တယ်၊ ဒါမှမဟုတ် အိမ်ထောင်ရေးကို ထိခိုက်နိုင်တယ်လို့ ဆန့်ကျင်သူအိမ်ထောင်ဖက် ခံစားရနိုင်တယ်ဆိုတာ သတိရဖို့လည်း အရေးကြီးတယ်။ ဒါပေမဲ့ ကျမ်းစာသင်နေသူ ဒါမှမဟုတ် သက်သေခံဖြစ်သူက ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာ ပြောဆိုနိုင်တယ်။ ဒါက အိမ်ထောင်ဖက်ရဲ့ စိုးရိမ်ပူပန်မှုကို ပြေပျောက်စေနိုင်ပါတယ်။

အမှန်တရားလက်ခံလာအောင် ကူညီပေးပါ

၈။ ခရစ်ယာန်မဟုတ်တဲ့ အိမ်ထောင်ဖက်ရှိသူတွေကို တမန်တော်ပေါလု ဘယ်လိုပြောခဲ့သလဲ။

ကိုယ့်ရဲ့အိမ်ထောင်ဖက်က ခရစ်ယာန်မဟုတ်တာနဲ့ပဲ စွန့်ပစ်လို့မရဘူးလို့ တမန်တော်ပေါလု ပြောခဲ့တယ်။ * (၁ ကောရိန္သု ၇:၁၂-၁၆  ကိုဖတ်ပါ။) တစ်နေ့ ကိုယ့်ရဲ့အိမ်ထောင်ဖက်က အမှန်တရားလက်ခံလာနိုင်တယ် ဆိုတဲ့အချက်ကို သတိရခြင်းက ခရစ်ယာန်တစ်ဦးကို ပျော်ရွှင်စေပါလိမ့်မယ်။ ဒါပေမဲ့ အိမ်ထောင်ဖက် အမှန်တရားသိလာအောင် ကူညီပေးဖို့ကြိုးစားရာမှာ ဂရုစိုက်ဖို့လိုတယ်ဆိုတာကို အောက်ပါတွေ့ကြုံမှုတွေက ဖော်ပြတယ်။

၉။ ခရစ်ယာန်တစ်ဦး မိသားစုကို အမှန်တရားအကြောင်းပြောဆိုရာမှာ ဘယ်လိုမလုပ်မိဖို့ သတိပြုရမလဲ။

ဂျေဆင် အမှန်တရားစသိချိန်မှာ အရမ်းစိတ်လှုပ်ရှားခဲ့တယ်။ သူ ဒီလိုပြောတယ်– “လူတိုင်းကို ပြောပြချင်ခဲ့တာ။” ကျမ်းစာထဲကနေ သင်ယူသိရှိရတာတွေက အမှန်တရားဆိုတာ ကျမ်းစာသင်သားသိတဲ့အခါ ဒီအကြောင်းကိုပဲ တစ်ချိန်လုံး ပြောချင်နေမှာဖြစ်တယ်။ သူ့မိသားစုလည်း အမှန်တရားကို ချက်ချင်းလက်ခံမယ်လို့ သူ မျှော်လင့်မယ်၊ ဒါပေမဲ့ မိသားစုဝင်တွေက လက်ခံချင်မှလက်ခံမယ်။ ဂျေဆင်ရဲ့စိတ်လှုပ်ရှားမှုအပေါ် သူ့ဇနီး ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ဒီအမှန်တရားအကြောင်း သူ ပြောလို့ကိုမပြီးနိုင်တော့ဘူးလို့ ခံစားခဲ့ရကြောင်း ဂျေဆင်ရဲ့ဇနီးက ပြောပြတယ်။ ခင်ပွန်းသည်အမှန်တရားရပြီး ၁၈ နှစ်ကြာမှ သက်သေခံဖြစ်လာတဲ့ အမျိုးသမီးတစ်ဦးက သူ ဖြည်းဖြည်းချင်း သင်ယူဖို့လိုအပ်ခဲ့တယ်လို့ ပြောတယ်။ အမှန်တရားကို လက်ခံလိုစိတ်မရှိတဲ့ အိမ်ထောင်ဖက်ရှိသူတစ်ဦးကို သင် ကျမ်းစာသင်ပေးနေတာ ဖြစ်နိုင်တယ်။ အိမ်ထောင်ဖက်ကို စိတ်အနှောင့်အယှက်မဖြစ်စေဘဲ အမှန်တရားကို ကြင်ကြင်နာနာရှင်းပြနိုင်တဲ့နည်းလမ်း သင်ပေးခြင်းက ကောင်းတယ်။ ပရောဖက်မောရှေ ဒီလိုပြောခဲ့တယ်– ‘ငါ့သွန်သင်ချက်က မိုးရေလို ကျလိမ့်မယ်။ ငါ့စကားတွေက ဆီးနှင်းလို တစက်စက်ကျလိမ့်မယ်။ မြက်ပင်တွေပေါ်ရွာတဲ့ မိုးဖွဲလေးလိုပဲ။’ (တရား. ၃၂:၂ကဘ) အမှန်တရားအကြောင်းပြောဆိုရာမှာ စကားအများကြီးပြောတာထက် စကားအနည်းငယ်ကို သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့နည်းနဲ့ပြောတာက ပိုထိရောက်တယ်။

၁၀-၁၂။ (က) မယုံကြည်သူအိမ်ထောင်ဖက်ရှိတဲ့ ခရစ်ယာန်တွေကို တမန်တော်ပေတရု ဘာအကြံပေးခဲ့သလဲ။ (ခ) ၁ ပေတရု ၃:၁၊ ၂ မှာပါတဲ့ အကြံပြုချက်ကို ကျမ်းစာသင်သားတစ်ဦး ဘယ်လိုကျင့်သုံးတတ်လာသလဲ။

၁၀ တမန်တော်ပေတရုက မယုံကြည်သူခင်ပွန်းရှိတဲ့ ခရစ်ယာန်ဇနီးတွေကို ဒီပညာရှိအကြံဉာဏ်ပေးဖို့ စွမ်းအားတော်ရဲ့လှုံ့ဆော်မှု ခံခဲ့ရတယ်– “ဇနီးတို့၊ ကိုယ့်ခင်ပွန်းကို လက်အောက်ခံကြလော့။ သို့ပြုခြင်းဖြင့် တရားစကားတော်ကို မနာခံသူအချို့ရှိလျှင်ပင် တစ်ခွန်းမျှပြောရန်မလိုဘဲ သင်တို့၏အမူအကျင့်အားဖြင့် သူတို့ကိုရလိမ့်မည်။ အကြောင်းမူကား သင်တို့၏စင်ကြယ်သောအမူအကျင့်နှင့် အလွန်ရိုသေလေးစားမှုကို သူတို့မြင်သောကြောင့်ဖြစ်၏။” (၁ ပေ. ၃:၁၊ ၂) ခင်ပွန်းက ကြမ်းကြမ်းတမ်းတမ်းပြုမူတယ်ဆိုရင်တောင် ဇနီးက နှိမ့်ချမှုနဲ့ နက်ရှိုင်းတဲ့လေးစားမှုပြမယ်ဆိုရင် ခင်ပွန်းဖြစ်သူ အမှန်တရားလက်ခံလာအောင် ကူညီပေးနိုင်ပါလိမ့်မယ်။ ဒီလိုပဲ ဆန့်ကျင်တဲ့ဇနီးရှိတဲ့ ယုံကြည်သူခင်ပွန်းလည်း ဘုရားသခင်အလိုရှိတဲ့အတိုင်း ပြုမူကျင့်ကြံပြီး မေတ္တာရှိတဲ့ အိမ်ထောင်ဦးစီးဖြစ်သင့်တယ်။—၁ ပေ. ၃:၇-၉

၁၁ ယနေ့ခရစ်ယာန်များစွာက ပေတရုရဲ့အကြံပြုချက်ကို လိုက်နာခြင်းကနေ အကျိုးခံစားခဲ့ကြရတယ်။ ဆဲလ်မာကို ကြည့်ပါ။ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတာကို သူ့ခင်ပွန်း စတိဗ် မကြိုက်ဘူး။ ဒေါသထွက်ပြီး မနာလိုဖြစ်တယ်၊ စိုးရိမ်တယ်။ ဆဲလ်မာ အမှန်တရားမသင်ယူခင်ကတည်းက စတိဗ်ဟာ ပေါင်းရသင်းရခက်တဲ့လူစားမျိုး ဖြစ်တယ်။ ဆဲလ်မာ ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် အရမ်းသတိထားရတယ်။ သူက အမြဲတမ်းဒေါသထွက်နေသူဖြစ်ပြီး ဆဲလ်မာ ကျမ်းစာစလေ့လာချိန်မှာ အခြေအနေက ပိုဆိုးသွားတယ်လို့ ဆဲလ်မာပြောပြတယ်။ ဒီအခြေအနေ ဘယ်လိုတိုးတက်လာသလဲ။

၁၂ သူ့ကို ကျမ်းစာသင်ပေးတဲ့ ညီအစ်မဆီက သင်ယူခဲ့ရတဲ့သင်ခန်းစာတစ်ခုကို ဆဲလ်မာ သတိရမိတယ်။ သူ ဒီလိုပြောပြတယ်– “တစ်နေ့မှာ ကျွန်မ ကျမ်းစာမသင်ချင်ဘူး။ အဲဒီနေ့မတိုင်ခင်ညက ကျွန်မ ကိစ္စတစ်ခုကိုရှင်းပြဖို့ ကြိုးစားတော့ စတိဗ်က ကျွန်မကိုရိုက်တယ်၊ ကျွန်မ စိတ်မကောင်းဖြစ်ပြီး အရမ်းဝမ်းနည်းခဲ့ရတယ်။ အဖြစ်အပျက်နဲ့ ကျွန်မရဲ့ခံစားချက်ကို ကျမ်းစာသင်ပေးတဲ့ညီအစ်မကို ပြောပြပြီးတဲ့နောက်မှာ ညီအစ်မက ၁ ကောရိန္သု ၁၃:၄-၇ ကို ဖတ်ခိုင်းတယ်။ ကျွန်မဖတ်ပြီးတဲ့နောက် ‘ဒီအထဲမှာပါတဲ့ အချက်တစ်ချက်ကိုမှ စတိဗ် ကျွန်မအပေါ်မပြခဲ့ဘူး’ လို့ ပြောလိုက်တယ်။ ဒါပေမဲ့ ညီအစ်မက ‘ရှင်ရော ဒီမှာပါတဲ့ အချက်ဘယ်နှစ်ချက်ကို ရှင့်ယောက်ျားအပေါ် ပြခဲ့သလဲ’ လို့မေးပြီး စဉ်းစားစေတယ်။ ‘တစ်ခုမှမပြခဲ့ဘူး၊ သူက အရမ်းပေါင်းရသင်းရခက်တာကိုး’ လို့ ပြန်ဖြေလိုက်တယ်။ ‘ဆဲလ်မာ၊ ခရစ်ယာန်ဖြစ်ဖို့ ကြိုးစားနေတာက ဘယ်သူလဲ။ ရှင်လား၊ စတိဗ်လား’ ဆိုပြီး ညီအစ်မက နူးညံ့တဲ့လေသံနဲ့ မေးခဲ့တယ်။” သူ့ရဲ့စဉ်းစားပုံကို ပြောင်းလဲဖို့လိုတယ်ဆိုတာ ဆဲလ်မာ သိသွားတယ်။ သူ ဒီလိုပြောတယ်– “စတိဗ်အပေါ် ပိုပြီးချစ်ခင်ကြင်နာတတ်ဖို့ ကူညီပေးပါလို့ ယေဟောဝါထံ ဆုတောင်းခဲ့တယ်။ တဖြည်းဖြည်းနဲ့ အခြေအနေတွေ တိုးတက်လာတယ်။” ၁၇ နှစ် ကြာပြီးတဲ့နောက် စတိဗ် အမှန်တရားကို လက်ခံခဲ့တယ်။

တခြားသူတွေ ကူညီပေးနိုင်ပုံ

၁၃၊ ၁၄။ ယုံကြည်ခြင်းမတူတဲ့အိမ်ထောင်မှာ ရှိသူတွေကို ကျွန်ုပ်တို့ ဘယ်လိုကူညီပေးနိုင်သလဲ။

၁၃ မိုးစက်မိုးပေါက်လေးတွေက မြေကြီးထဲစိမ့်ဝင်သွားပြီး အပင်ငယ်လေးတွေကို ပေါက်စေသလို အသင်းတော်မှာရှိတဲ့ ကျွန်ုပ်တို့တစ်ဦးစီကလည်း ယုံကြည်ခြင်းမတူတဲ့အိမ်ထောင်မှာရှိသူတွေ ပျော်ရွှင်အောင် ကူညီပေးနိုင်တယ်။ ဘရာဇီးနိုင်ငံက အဲလ်ဗီနာ ဒီလိုပြောတယ်– “ညီအစ်ကို၊ ညီအစ်မတွေပြတဲ့မေတ္တာက အမှန်တရားမှာ အခိုင်အမာရပ်တည်ဖို့ ကျွန်မကို ကူညီပေးတယ်။”

၁၄ အသင်းတော်မှာရှိတဲ့ ညီအစ်ကို၊ ညီအစ်မတွေပြတဲ့ ကြင်နာမှု၊ စိတ်ဝင်စားမှုတွေက မယုံကြည်သူတစ်ဦးရဲ့ နှလုံးသားကို ပြောင်းလဲစေနိုင်တယ်။ ဇနီးဖြစ်သူအမှန်တရားရပြီး ၁၃ နှစ်ကြာမှ သက်သေခံဖြစ်လာတဲ့ နိုင်ဂျီးရီးယားက ညီအစ်ကိုတစ်ဦး ဒီလိုပြောတယ်– “သက်သေခံတစ်ဦးနဲ့အတူ ခရီးသွားနေတုန်း ကျွန်တော်တို့ရဲ့ကား ပျက်သွားတယ်။ သက်သေခံဖြစ်သူက အနီးအနားရွာမှာရှိတဲ့ သက်သေခံတွေကိုရှာပြီး အဲဒီမှာပဲ ကျွန်တော်တို့ ညအိပ်ခဲ့ကြတယ်။ သူတို့က ငယ်ပေါင်းကြီးဖော်တွေလိုပဲ ကျွန်တော်တို့ကို ဂရုစိုက်တယ်။ ချက်ချင်းဆိုသလိုပဲ ကျွန်တော့်ဇနီးအမြဲပြောပြောနေတဲ့ ခရစ်ယာန်မေတ္တာကို ကျွန်တော် ခံစားခဲ့ရတယ်။” ခင်ပွန်းဖြစ်သူ အမှန်တရားရပြီး ၁၈ နှစ်ကြာမှ သက်သေခံဖြစ်လာတဲ့ အင်္ဂလန်နိုင်ငံက ညီအစ်မတစ်ဦး ဒါကိုသတိရနေတယ်– “သက်သေခံတွေက ကျွန်မတို့လင်မယားကို ဖိတ်ခေါ်ကျွေးမွေးတယ်။ အမြဲပဲ ရင်းရင်းနှီးနှီးရှိတယ်လို့ ခံစားခဲ့ရတယ်။” * နောက်မှ သက်သေခံဖြစ်လာတဲ့ အင်္ဂလန်နိုင်ငံက အမျိုးသားတစ်ဦး ဒီလိုပြောတယ်– “ညီအစ်ကို၊ ညီအစ်မတွေက ကျွန်တော်တို့ဆီ လာလည်ကြတယ်၊ ဒါမှမဟုတ် သူတို့ရဲ့အိမ်တွေကို ဖိတ်ခေါ်ကြတယ်၊ သူတို့မှာ ဂရုစိုက်တဲ့သဘောထားရှိတာကို ကျွန်တော်တွေ့ခဲ့ရတယ်။ ကျွန်တော် ဆေးရုံတက်နေတဲ့အချိန်မှာ သူတို့တွေ ကျွန်တော့်ဆီ လာလည်တဲ့အခါ ဒါကို သတိထားမိခဲ့တယ်။” သက်သေခံတစ်ယောက်တည်းပဲရှိတဲ့ မိသားစုတွေကို သင် အလားတူ စိတ်ဝင်စားမှုပြနိုင်သလား။

၁၅၊ ၁၆။ အမှန်တရားမှာ တစ်ဦးတည်းရှိသူတွေ ပျော်ရွှင်မှုကို ဆက်ထိန်းသိမ်းရာမှာ ဘာကကူညီပေးနိုင်သလဲ။

၁၅ ကျွန်ုပ်တို့က နှစ်ပေါင်းများစွာ မှန်ရာကိုပြုလုပ်ပြီး ကြင်ကြင်နာနာ သက်သေခံတယ်ဆိုရင်တောင် မိသားစုဝင်ယောက်တိုင်းက အမှန်တရားကိုလက်ခံလာမှာ မဟုတ်ဘူး။ တချို့မိသားစုဝင်တွေက အမှန်တရားကို လုံးဝစိတ်မဝင်စား ဒါမှမဟုတ် အပြင်းအထန် ဆန့်ကျင်နေပါလိမ့်မယ်။ (မ. ၁၀:၃၅-၃၇) ဒါပေမဲ့ ခရစ်ယာန်အရည်အသွေးတွေကို ကျွန်ုပ်တို့တင်ပြတဲ့အခါ အလွန်ကောင်းတဲ့ရလဒ်တွေ ရနိုင်ပါတယ်။ ဇနီးရဲ့နောက်မှ အမှန်တရားရလာတဲ့ အမျိုးသားတစ်ဦး ဒီလိုပြောတယ်– နှစ်သက်ဖွယ်ကောင်းတဲ့ ခရစ်ယာန်အရည်အသွေးတွေက မယုံကြည်သူအိမ်ထောင်ဖက်ရဲ့ စိတ်နှလုံးကို ဘယ်လိုထိမိစေတယ်ဆိုတာ သင် သိမှာမဟုတ်ဘူး။ “သင့်ရဲ့ မယုံကြည်သူအိမ်ထောင်ဖက်ကို လုံးဝလက်မလျှော့လိုက်ပါနဲ့” လို့လည်း သူပြောတယ်။

၁၆ မိသားစုဝင်တွေ အမှန်တရားကိုလက်မခံရင်တောင် ပျော်ရွှင်နိုင်ဆဲဖြစ်တယ်။ ညီအစ်မတစ်ဦးက သူ့ခင်ပွန်းကို ၂၁ နှစ်လုံးလုံး ကြိုးစားပြီးသက်သေခံခဲ့တယ်၊ ဒါပေမဲ့ ခင်ပွန်းက လက်မခံဘူး။ ယေဟောဝါရဲ့နှစ်သက်မှုရဖို့၊ ကိုယ်တော့်အပေါ် တည်ကြည်နိုင်ဖို့၊ ကိုယ်တော်နဲ့ခိုင်မြဲတဲ့ဆက်ဆံရေးရှိဖို့ ကြိုးစားခြင်းအားဖြင့် ဆက်ပျော်ရွှင်နိုင်ခဲ့တယ်လို့ သူပြောတယ်။ ကိုယ်ပိုင်လေ့လာမှုလုပ်တာ၊ အစည်းအဝေးတွေတက်တာ၊ အမှုဆောင်ထွက်တာ၊ အသင်းတော်မှာရှိတဲ့ တခြားသူတွေကို ကူညီပေးတာတွေမှာ ဆက်ပြီးအလုပ်များနေတယ်လို့လည်း သူပြောတယ်။ ဒီလိုလုပ်ခြင်းက ယေဟောဝါနဲ့ပိုရင်းနှီးလာတယ်လို့ ခံစားရစေဖို့၊ ကိုယ်တော့်အပေါ် တည်ကြည်မှုရှိဖို့ ကူညီပေးတယ်။—သု. ၄:၂၃

လက်မလျှော့နဲ့

၁၇၊ ၁၈။ ယုံကြည်ခြင်းမတူတဲ့အိမ်ထောင်မှာတောင် ခရစ်ယာန်တစ်ဦး ဘာကို ဆက်ပြီး မျှော်လင့် နိုင်သလဲ။

၁၇ သင်ဟာ ယုံကြည်ခြင်းမတူတဲ့မိသားစုမှာရှိနေတယ်ဆိုရင် လက်မလျှော့လိုက်ပါနဲ့။ ယေဟောဝါက သူ့လူမျိုးကိုဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူးဆိုတာ သတိရပါ။ (၁ ရာ. ၁၂:၂၂) သင် ကိုယ်တော်နဲ့နီးနိုင်သမျှအနီးဆုံးနေလေ ကိုယ်တော် သင်နဲ့အတူရှိလေဖြစ်တယ်။ (၆ ရာ. ၁၅:  ကိုဖတ်ပါ။) ဒါကြောင့် ယေဟောဝါအကြောင်း လေ့လာခြင်းမှာ ပျော်မွေ့ပြီး “ကိုယ်တော်ကို ကိုးစား” ပါ။ (ဆာ. ၃၇:၄၊ ၅) ‘ဆုတောင်းခြင်းမှာ စွဲမြဲ’ ပြီး အခက်အခဲအားလုံးကို သင်ခံရပ်နိုင်ဖို့ ကျွန်ုပ်တို့ရဲ့ မေတ္တာရှင် ကောင်းကင်ဖခင် ကူညီပေးနိုင်တယ်ဆိုတာ ယုံကြည်စိတ်ချပါ။—ရော. ၁၂:၁၂

၁၈ ယေဟောဝါထံ ဆုတောင်းပါ၊ မိသားစုမှာငြိမ်သက်မှုရှိအောင် ကူညီပေးဖို့ ကိုယ်တော့်သန့်ရှင်းသောစွမ်းအားတော်ကို တောင်းခံပါ။ (ဟေဗြဲ ၁၂:၁၄) အဲဒီလိုလုပ်တယ်ဆိုရင် အမှန်တရားမှာမရှိတဲ့ သင့်မိသားစုဝင်တွေအပေါ် ကောင်းတဲ့သြဇာလွှမ်းမိုးနိုင်ပါလိမ့်မယ်။ ‘ဘုရားသခင်၏ဂုဏ်အတွက် အရာခပ်သိမ်းကိုပြု’ တဲ့အခါ ပျော်ရွှင်ပြီး စိတ်ငြိမ်သက်မှု ခံစားရပါလိမ့်မယ်။ (၁ ကော. ၁၀:၃၁) ဒါ့အပြင် သင့်ညီအစ်ကို၊ ညီအစ်မတွေကလည်း သင့်ကို မေတ္တာနဲ့ ကူညီထောက်မမှုပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 4 အမည်များကို ပြောင်းထား။

^ အပိုဒ်၊ 8 အရမ်းဆိုးဝါးတဲ့အခြေအနေတွေမှာ ခရစ်ယာန်တွေခွဲနေကြတာကိုတော့ ပေါလု မတားမြစ်ခဲ့ဘူး။ ဒါက အလေးအနက်ထားရမယ့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်တယ်။ ဘုရားသခင့်မေတ္တာတော်၌ တည်နေလော့၊” စာမျက်နှာ ၂၂၀-၂၂၁ ကိုကြည့်ပါ။

^ အပိုဒ်၊ 14 အမှန်တရားမှာမရှိသူတွေနဲ့ အတူစားသောက်ခြင်းကို သမ္မာကျမ်းစာက မတားမြစ်ဘူး။—၁ ကော. ၁၀:၂၇

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၈ ပါရုပ်ပုံ]

သင့်ယုံကြည်ချက်တွေကို ရှင်းပြဖို့ သင့်တော်တဲ့အချိန်ကို စောင့်ပါ

[စာမျက်နှာ ၂၉ ပါရုပ်ပုံ]

မယုံကြည်သူအိမ်ထောင်ဖက်တွေကို စိတ်ဝင်စားမှုပြပါ