မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နာသန် စစ်မှန်တဲ့ဝတ်ပြုရေးကို တည်ကြည်စွာထောက်ခံသူ

နာသန် စစ်မှန်တဲ့ဝတ်ပြုရေးကို တည်ကြည်စွာထောက်ခံသူ

နာသန် စစ်မှန်တဲ့ဝတ်ပြုရေးကို တည်ကြည်စွာထောက်ခံသူ

အခွင့်အာဏာရှိသူတစ်ဦးကို သူ့ရဲ့လုပ်ရပ်တွေက မှားနေတယ်၊ ပြုပြင်ဖို့လိုတယ်ဆိုတဲ့အသိတရား ဝင်လာအောင် လုပ်ဖို့ဆိုတာမလွယ်ဘူး။ အခွင့်အာဏာ ရှိသူတစ်ဦးက သိက္ခာဆယ်ဖို့ လူတစ်ယောက်ကို သတ်ပစ်လိုက်တယ်လို့ သင်သိထားတယ်ဆိုရင် အဲဒီလူရဲ့အမှားကို သင်ထောက်ပြရဲပါ့မလား။

ရှေးအစ္စရေးဘုရင် ဒါဝိဒ်က ဗာသရှေဘနဲ့ အိမ်ထောင်ရေးဖောက်ပြန်ပြီး ဗာသရှေဘ ကိုယ်ဝန်ရလာတယ်။ သူတို့ရဲ့အပြစ်ကိုဖုံးဖိဖို့ ဒါဝိဒ်က ခင်ပွန်းဖြစ်သူဥရိယကိုသတ်ပြီး ဗာသရှေဘကို သိမ်းပိုက်လိုက်တယ်။ ဒါဝိဒ်ဟာ လပေါင်းများစွာကြာတဲ့အထိ သူ့ရဲ့အပြစ်တွေကိုဖုံးကွယ်ပြီး ဘုရင့်တာဝန်တွေကို ဆက်လုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ဘုရင်ကျူးလွန်ခဲ့တဲ့အပြစ်တွေကို ယေဟောဝါ မျက်ကွယ်မပြုခဲ့ဘူး။ သူကျူးလွန်ခဲ့တဲ့အပြစ် ဘယ်လောက်ကြီးလေးတယ်ဆိုတာ သိအောင်ပြောပြဖို့ ပရောဖက်နာသန်ကို စေလွှတ်ခဲ့တယ်။

ဒါက ခက်ခဲတဲ့တာဝန်ဖြစ်တယ်။ သင့်ကိုယ်သင် နာသန်လို့ မြင်ယောင်ကြည့်ပါ။ ယေဟောဝါအပေါ်တည်ကြည်ပြီး ဘုရားသခင့်ပညတ်တွေကို ကာကွယ်လိုတဲ့ နာသန်ရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ကြောင့် ဒါဝိဒ်ရဲ့အပြစ်တွေကို သတိပေးဖို့ လှုံ့ဆော်ခံခဲ့ရတယ်။ ပရောဖက်က ဒီတာဝန်ကို ဘယ်လိုလုပ်ဆောင်ခဲ့ပြီး ဒါဝိဒ် အသိတရားရလာအောင် ဘယ်လိုကူညီပေးခဲ့သလဲ။

ပညာသားပါတဲ့ သွန်သင်သူ

၂ ရာ. ၁၂:၁-၂၅ ကိုဖတ်ကြည့်ပါ။ သင်ဟာ နာသန်နေရာကနေပြီး ဒါဝိဒ်ကို ဒီဇာတ်လမ်းအကြောင်း ပြောပြနေတယ်လို့ မြင်ယောင်ကြည့်ပါ– “အရှင်မင်းကြီး ဤမည်သောမြို့တွင် သူဌေးတစ်ဦး၊ ဆင်းရဲသားတစ်ဦးရှိပါ၏။ သူဌေးသည် အလွန်များစွာသော သိုးနွားမှစသည်တို့နှင့် ကြွယ်ဝပြည့်စုံပါ၏။ ဆင်းရဲသားမူကား မိမိဝယ်၍မွေးစားသော သိုးမကလေးတစ်ကောင်တည်းမှတစ်ပါး အခြားသောဥစ္စာမရှိပါ။ ထိုသိုးမကလေးသည် အရှင်နှင့်လည်းကောင်း၊ အရှင်၏သားသမီးတို့နှင့်လည်းကောင်း ပေါင်း၍ကြီးပွား၏။ အရှင်၏အစာကိုစားတတ်၏။ အရှင်၏ရေခွက်၌သောက်တတ်၏။ အရှင်၏ရင်ခွင်၌အိပ်၍ သမီးကဲ့သို့ဖြစ်၏။ သူဌေးအိမ်သို့ဧည့်သည်တစ်ဦးရောက်၍ သူဌေးသည် ဧည့်သည်ကိုလုပ်ကျွေးဖို့ မိမိသိုး နွားများကိုနှမြောသောကြောင့်မယူ၊ ဆင်းရဲသား၏သိုးမကလေးကိုယူ၍ ဧည့်သည်ကိုလုပ်ကျွေးဖို့ ချက်ပါသည်။”—၂ ရာ. ၁၂:၁-၄

နာသန်ရဲ့ဇာတ်လမ်းကိုကြားပြီး ဒါဝိဒ် အရမ်းဒေါသထွက်သွားတယ်၊ ဒါနဲ့ ဒီလိုပြောတယ်– ‘ယေဟောဝါအသက်ရှင်တော်မူသည်အတိုင်း ထိုသို့ပြုသောသူသည် အမှန်သေရမည်။’ အဲဒီနောက် နာသန်က ‘ထိုသူကား ကိုယ်တော်ပင်ဖြစ်ပါ၏’ လို့ ပြတ်ပြတ်သားသား ပြောလိုက်တယ်။ (၂ ရာ. ၁၂:၅-၇) ဒါဝိဒ်က သိုးထိန်းလုပ်ခဲ့ဖူးလို့ ဒီဇာတ်လမ်းကို အဖြစ်မှန်လို့ထင်သွားပုံရတယ်။ နာသန်ဟာ အကူအညီလိုနေတဲ့ မတရားခံရသူတွေအကြောင်း ဒါဝိဒ်ကို မကြာခဏပြောပြတတ်လို့ ဒီလိုယူဆတာဖြစ်နိုင်တယ်လို့ ကျမ်းပညာရှင်တစ်ဦးက ပြောတယ်။ ဒီစကားတကယ်မှန်တယ်ဆိုရင်တောင် ဒီလိုပြောဖို့ဆိုတာ နာသန်မှာ ဘုရားသခင်အပေါ်တည်ကြည်မှုနဲ့ သတ္တိလိုတယ်။

ဒီပြဿနာကိုဖော်ထုတ်ဖို့ နာသန် ဘာကြောင့် ဒီနည်းကိုသုံးရသလဲဆိုတာ စဉ်းစားကြည့်ပါ။ တစ်ယောက်ယောက်နဲ့ချစ်ကြိုက်နေသူတစ်ဦးက ချစ်စိတ်မွှန်နေလို့ သူ့အခြေအနေကို အမှန်အတိုင်းမြင်ဖို့ဆိုတာ မလွယ်ဘူး။ ကျွန်ုပ်တို့က ကိုယ့်ရဲ့အမှားတွေအတွက် ဆင်ခြေပေးတတ်ကြတယ်။ ဒါပေမဲ့ နာသန်ပြောပြတဲ့ဇာတ်လမ်းကြောင့် ဒါဝိဒ်ဟာ သူ့လုပ်ရပ်ကို သူ့ဘာသာသူ အပြစ်တင်မိလျက်သားဖြစ်သွားတယ်။ ဒီအပြုအမူက ဘယ်လောက်ထိဆိုးရွားတယ်ဆိုတာ ဘုရင် ရှင်းရှင်းလင်းလင်းသိသွားတယ်။ ဒီလုပ်ရပ်ကို ဘုရင်ကိုယ်တိုင်ရှုတ်ချပြောဆိုပြီးတဲ့နောက်မှာ နာသန်က ဒီဇာတ်လမ်းထဲကလူဟာ ဘုရင်ကိုယ်တိုင်ပဲလို့ ပြောခဲ့တယ်။ သူကျူးလွန်ခဲ့တဲ့အပြစ် ဘယ်လောက်ထိကြီးလေးတယ်ဆိုတာ ဒါဝိဒ် နားလည်သွားပြီ။ ဒီဇာတ်လမ်းက ဆုံးမပဲ့ပြင်မှုကိုလက်ခံနိုင်တဲ့ သဘောထားမှန်ရှိဖို့ ဒါဝိဒ်ကို ကူညီပေးခဲ့တယ်။ ဗာသရှေဘနဲ့ကျူးလွန်ခဲ့တဲ့အပြစ်က ယေဟောဝါကို “မထီမဲ့မြင်ပြု” ခြင်းဖြစ်ကြောင်း ဒါဝိဒ်ဝန်ခံပြီး ဆုံးမမှုကိုလက်ခံခဲ့တယ်။—၂ ရာ. ၁၂:၉-၁၄; ဆာ. ၅၁၊ ထိပ်စီး။

ဒီကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ ကျမ်းစာသင်ပေးသူတစ်ဦးရဲ့ပန်းတိုင်က သင်သားကိုယ်တိုင် ကိစ္စရပ်တွေကိုစဉ်းစားသုံးသပ်ပြီး ဘယ်အရာမှန်တယ်ဆိုတာ နားလည်သဘောပေါက်အောင် ကူညီပေးဖို့ဖြစ်တယ်။ နာသန်ဟာ ဒါဝိဒ်ကို လေးစားပြီး ပညာသားပါပါ ပြောဆိုခဲ့တယ်။ ဒါဝိဒ်ဟာ အမှန်တရားနဲ့ တရားမျှတမှုကို ချစ်မြတ်နိုးတယ်ဆိုတာ နာသန်သိတယ်။ ဒါကြောင့် ဒီလိုစိတ်ဓာတ်ရှိသူတစ်ဦးအပေါ် အကျိုးသက်ရောက်နိုင်မယ့် အကြောင်းအရာကို ဇာတ်လမ်းဆင်ပြီး ပြောရခြင်းဖြစ်တယ်။ ကျွန်ုပ်တို့လည်း ယေဟောဝါရဲ့စဉ်းစားတွေးခေါ်ပုံကို လူတွေနားလည်သဘောပေါက်လာအောင် ကူညီပေးနိုင်တယ်။ ဘယ်လိုကူညီပေးနိုင်သလဲ။ လူတွေဟာ အမှန်တရားနဲ့ပတ်သက်ပြီး အကြမ်းဖျင်းသဘောလောက်တော့ သိထားကြတယ်။ ကျွန်ုပ်တို့က သူတို့ထက်သာတယ် ဒါမှမဟုတ် သူတို့ဘာလုပ်ရမယ်ဆိုတာ ပြောပိုင်ခွင့်ရှိတယ်လို့ သင်သားမခံစားရစေဘဲ သူတို့မှာရှိထားတဲ့အသိပညာပေါ်အခြေခံပြီး ကူညီပေးနိုင်တယ်။ အမှားအမှန်ဆိုတာ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်ထင်မြင်ချက်အပေါ်မဟုတ်ဘဲ သမ္မာကျမ်းစာပေါ် အခြေခံတယ်။

အခွင့်အာဏာရှိတဲ့ဘုရင်ကို နာသန် ဆုံးမပဲ့ပြင်နိုင်တာက ဘုရားသခင်အပေါ် တည်ကြည်မှုရှိခဲ့လို့ဖြစ်တယ်။ (၂ ရာ. ၁၂:၁) ယေဟောဝါအပေါ် ကျွန်ုပ်တို့ရဲ့တည်ကြည်မှုက ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့မူတွေဘက်ကနေ ခုခံကာကွယ်ဖို့ သတ္တိရှိစေမှာဖြစ်တယ်။

စစ်မှန်တဲ့ဝတ်ပြုရေးကို ကာကွယ်သူ

ဒါဝိဒ်က သူ့သားတစ်ယောက်ကို နာသန်လို့ နာမည်ပေးထားကို ကြည့်ခြင်းအားဖြင့် နာသန်နဲ့ ဒါဝိဒ်တို့ဟာ မိတ်ဆွေကောင်းတွေဖြစ်ပုံရတယ်။ (၅ ရာ. ၃:၁၊) ကျမ်းစာထဲမှာ နာသန်အကြောင်းကို ဒါဝိဒ်နဲ့တွဲပြီး ဦးဆုံးဖော်ပြခဲ့တယ်။ သူတို့နှစ်ဦးစလုံးက ယေဟောဝါကိုချစ်တယ်။ ဘုရင်က ယေဟောဝါအတွက် ဝတ်ပြုရာအိမ်တော်ဆောက်ချင်တဲ့အကြောင်း ပရောဖက်ကို ပြောပြတာကိုကြည့်ခြင်းအားဖြင့် နာသန်ရဲ့အကြံဉာဏ်တွေကို ဘုရင်ယုံကြည်စိတ်ချတယ်ဆိုတာ သိရတယ်။ ဒါဝိဒ်က “ကြည့်ရှုလော့။ ငါသည် အာရဇ်သစ်သားအိမ်နှင့်နေ၏။ ဘုရားသခင်၏သေတ္တာတော်မူကား ကုလားကာဖြင့်သာ ကွယ်ကာလျက်နေရသည်” လို့ပြောခဲ့တယ်။ အဲဒီအခါ နာသန်က ‘အကြံတော်ရှိသမျှအတွင်း ပြုတော်မူပါ။ ယေဟောဝါသည် ကိုယ်တော်နှင့်အတူရှိတော်မူသည်’ လို့ ပြန်ပြောခဲ့တယ်။—၂ ရာ. ၇:၂၊ ၃

နာသန်ဟာ ယေဟောဝါကို တည်ကြည်စွာဝတ်ပြုကိုးကွယ်သူတစ်ဦးဖြစ်တယ်၊ ဒါကြောင့် မြေကြီးပေါ်မှာ စစ်မှန်တဲ့ဝတ်ပြုရေးအတွက် ဦးဆုံးအိမ်တော်ကို ဆောက်မယ်ဆိုတဲ့ ဒါဝိဒ်ရဲ့အစီအစဉ်ကို ထောက်ခံဖို့အသင့်ရှိခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ နာသန်ပြောခဲ့တာက ယေဟောဝါပြောခိုင်းတာမဟုတ်ဘဲ သူ့ရဲ့ကိုယ်ပိုင်ထင်မြင်ချက်ဖြစ်တယ်။ အဲဒီညမှာပဲ ဘုရားသခင်က ပရောဖက်ရဲ့ထင်မြင်ချက်နဲ့မတူတဲ့ သတင်းစကားကိုပြောဖို့ သူ့ကိုမိန့်မှာခဲ့တယ်– ယေဟောဝါရဲ့အိမ်တော်ကို ဒါဝိဒ်ဆောက်ရမှာမဟုတ်ဘူး။ ဒါဝိဒ်ရဲ့သားတွေထဲကတစ်ယောက် ဆောက်ရမှာဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင်က ဒါဝိဒ်နဲ့ပဋိညာဉ်ဖွဲ့ထားတဲ့အတွက် သူ့ရဲ့ဘုရင့်အရိုက်အရာက “အစဉ်အမြဲတည်” မှာဖြစ်တယ်လို့ နာသန်ပြောခဲ့တယ်။—၂ ရာ. ၇:၄-၁၆

အိမ်တော်ကို ဘယ်သူဆောက်ရမယ်ဆိုတဲ့ နာသန်ရဲ့ထင်မြင်ချက်က ဘုရားသခင့်အလိုတော်နဲ့ ဆန့်ကျင်နေတယ်။ ဒါပေမဲ့ နှိမ့်ချမှုရှိတဲ့ ဒီပရောဖက်က အတွန့်မတက်ခဲ့ဘူး။ ယေဟောဝါရဲ့ညွှန်ကြားချက်ကိုလက်ခံပြီး ပူးပေါင်းလုပ်ဆောင်ခဲ့တယ်။ ကျွန်ုပ်တို့ကို ဘုရားသခင် တစ်နည်းနည်းနဲ့ ပဲ့ပြင်ဆုံးမတဲ့အခါ နာသန်ရဲ့ပုံသက်သေကောင်းကို တုပသင့်တယ်။ နောက်ပိုင်းမှာ နာသန်ကို ပရောဖက်အနေနဲ့ ဘုရားသခင်ဆက်အသုံးပြုခဲ့တာကို ကြည့်ခြင်းအားဖြင့် သူ ဘုရားသခင့်မျက်နှာသာ ဆက်ရရှိတယ်ဆိုတာ သိရတယ်။ ဝတ်ပြုရာအိမ်တော်မှာအမှုဆောင်ဖို့ သီချင်းသည် ၄,၀၀၀ ကို စီစဉ်ဖွဲ့စည်းရာမှာ ဒါဝိဒ်ကိုညွှန်ကြားဖို့ ပရောဖက်နာသန်နဲ့ ဂဒ်ကို အဆင်းအာရုံအားဖြင့် မိန့်မှာခဲ့တယ်။—၅ ရာ. ၂၃:၁-၅; ၆ ရာ. ၂၉:၂၅

ဘုရင့်အရိုက်အရာကို ကာကွယ်သူ

ဒါဝိဒ်ကိုဆက်ခံမယ့်သူက ရှောလမုန်ဆိုတာ နာသန်သိထားတယ်။ ဒါကြောင့် ဒါဝိဒ်အိုမင်းလာချိန်မှာ အဒေါနိယက နန်းလုဖို့ကြိုးစားတဲ့အခါ နာသန် ချက်ချင်းကြားဝင်ခဲ့တယ်။ ဒီတစ်ကြိမ်မှာလည်း နာသန်ဟာ လိမ္မာပါးနပ်မှုရှိရှိ၊ တည်ကြည်စွာ လုပ်ဆောင်ခဲ့ပြန်တယ်။ ဦးဆုံး၊ သားရှောလမုန်ကို ဘုရင်တင်မြှောက်မယ်ဆိုတဲ့ကတိနဲ့ပတ်သက်ပြီး ဒါဝိဒ်ကိုသတိပေးဖို့ ဗာသရှေဘကို တိုက်တွန်းခဲ့တယ်။ အဲဒီနောက် နာသန်ကိုယ်တိုင် ဘုရင်ရှေ့အခစားဝင်ပြီး နောက်တက်မယ့်ဘုရင်က အဒေါနိယလားလို့ မေးခဲ့တယ်။ အခြေအနေရဲ့အရေးကြီးမှုကို သိမြင်တဲ့ဒါဝိဒ်က ရှောလမုန်ကို ဘုရင်အဖြစ်တင်မြှောက်ပြီး ကြေညာဖို့ နာသန်နဲ့ ဘုရင့်သစ္စာခံတွေကို ညွှန်ကြားခဲ့တယ်။ ဒါနဲ့ ကိုယ့်ကိုယ်ကိုယ်ဘုရင်တင်မြှောက်မယ့် အဒေါနိယရဲ့အစီအစဉ် ပျက်သွားတယ်။—၃ ရာ. ၁:၅-၅၃

နှိမ့်ချတဲ့ သမိုင်းရေးဆရာ

၁ ရာ. ကျမ်းအခန်းကြီး ၂၅ ကနေ ၃၁ အပြင် ၂ ရာ. ကျမ်းကို နာသန်နဲ့ဂဒ်ရေးခဲ့တယ်လို့ လူတွေလက်ခံထားကြတယ်။ ဒီကျမ်းစောင်တွေမှာ ဒီလိုဖော်ပြထားတယ်– ‘ဒါဝိဒ်မင်းကြီးပြုမူသော အမှုအရာအစအဆုံးရှိသမျှ ပရောဖက်ရှမွေလ၏ကျမ်းစာ၊ ပရောဖက်နာသန်၏ကျမ်းစာ၊ ပရောဖက်ဂဒ်၏ကျမ်းစာတို့၌ ရေးထားလျက်ရှိ၏။’ (၅ ရာ. ၂၉:၂၉၊ ၃၀) ဒါ့အပြင် နာသန်က “ရှောလမုန်ပြုမူသောအမှုအရာ” အကြောင်းကိုလည်း ရေးခဲ့တယ်လို့ ကျမ်းစာကဖော်ပြတယ်။ (၆ ရာ. ၉:၂၉) ဒါက နာသန်ဟာ ဒါဝိဒ်သေဆုံးပြီးနောက်မှာတောင် နန်းတော်မှာဆက်အမှုထမ်းခဲ့တာဖြစ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

နာသန်အကြောင်း ကျွန်ုပ်တို့သိရသမျှက သူကိုယ်တိုင်ရေးခဲ့တာတွေကနေ ဖြစ်တယ်။ ဒါပေမဲ့ သူ မရေးတာတွေကနေလည်း သူ့အကြောင်း များစွာသိရတယ်။ နာသန်ဟာ နှိမ့်ချတဲ့သမိုင်းရေးဆရာတစ်ဦး ဖြစ်ပုံရတယ်၊ နာမည်ကြီးဖို့လည်း သူစိတ်မဝင်စားခဲ့ဘူး။ ကျမ်းစာအဘိဓာန်တစ်အုပ်က ဒီလိုပြောတယ်– ကျမ်းစာမှာ နာသန်အကြောင်း မိတ်ဆက်ဖော်ပြထားတာမရှိသလို သူ့ရဲ့ဆွေစဉ်မျိုးဆက်အကြောင်းလည်း မပါဘူး။ နာသန်ရဲ့ဘဝဇာတ်ကြောင်းနဲ့ပတ်သက်ပြီး ဘာမှမသိရဘူး။

ယေဟောဝါကို တည်ကြည်ဖို့ လှုံ့ဆော်ခံရ

ကျမ်းစာကနေ နာသန်အကြောင်း တစေ့တစောင်းသိရတာက သူဟာ နှိမ့်ချသူဖြစ်ပြီး ဘုရားသခင့်အစီအစဉ်တွေအတိုင်း ထက်ထက်သန်သန် လုပ်ဆောင်ခဲ့သူဖြစ်တယ်။ ယေဟောဝါက သူ့ကို ကြီးလေးတဲ့တာဝန်တွေ အပ်နှင်းခဲ့တယ်။ ဘုရားသခင်အပေါ်တည်ကြည်ခြင်း၊ ဘုရားသခင့်စံနှုန်းတွေကို ချစ်မြတ်နိုးခြင်းစတဲ့ နာသန်ရဲ့အရည်အသွေးတွေကို အလေးအနက်စဉ်းစားပါ။ ဒီအရည်အသွေးတွေကို တုပဖို့ ကြိုးစားပါ။

အိမ်ထောင်ရေးဖောက်ပြန်တဲ့ဘုရင်ကို ဆုံးမတာ၊ ထီးနန်းလုဖို့ ကြိုးစားသူကို တားဆီးတာတွေကို သင် လုပ်ရမှာတော့မဟုတ်ဘူး။ ဒါပေမဲ့ ဘုရားသခင့်အကူအညီနဲ့ သင်ဟာ ဘုရားသခင်ပေါ်တည်ကြည်ပြီး ဖြောင့်မတ်တဲ့စံနှုန်းတွေကို ထောက်ခံနိုင်ပါတယ်။ သင်ဟာ အမှန်တရားနဲ့ပတ်သက်ပြီး ပညာသားပါပါသွန်သင်သူ၊ စစ်မှန်တဲ့ဝတ်ပြုရေးကို ကာကွယ်သူဖြစ်နိုင်ပါတယ်။

[စာမျက်နှာ ၂၅ ပါရုပ်ပုံ]

ဘုရင့်အရိုက်အရာကို ကာကွယ်သူတစ်ဦးအနေနဲ့ နာသန်ဟာ ဗာသရှေဘကို လိမ္မာပါးနပ်စွာပြောဆိုခဲ့