မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ငါ၏တရား၌ တည်နေ” ပါ

“ငါ၏တရား၌ တည်နေ” ပါ

“ငါ၏တရား၌ တည်နေ” ပါ

“သင်တို့သည် ငါ၏တရား၌ တည်နေလျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏။ အမှန်တရားကို သင်တို့ သိကြလိမ့်မည်။ ထိုအမှန်တရားသည်လည်း သင်တို့ကို လွှတ်လိမ့်မည်။”—ယောဟန် ၈:၃၁၊ ၃၂

ဘာအဓိပ္ပာယ်လဲ– ယေရှုရဲ့ “တရား” ဆိုတာ ယေရှုရဲ့ သွန်သင်ချက်တွေဖြစ်ပြီး အဲဒီသွန်သင်ချက်တွေက ယေဟောဝါဘုရားသခင်ဆီကနေ လာပါတယ်။ ဒါကြောင့် ယေရှုက “ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် မည်သို့ ဟောပြောရမည်ကို ပညတ်ထားတော်မူပြီ” လို့ပြောခဲ့တယ်။ (ယောဟန် ၁၂:၄၉) ကောင်းကင်ပေါ်မှာရှိတဲ့ ယေဟောဝါဘုရားသခင်ဆီ ယေရှု ဆုတောင်းတဲ့အခါ “ကိုယ်တော်၏ တရားစကားတော်သည် အမှန်တရား ဖြစ်ပါ၏” ဆိုပြီး ထည့်တောင်းခဲ့တယ်။ ယေရှုဟာ မိမိရဲ့သွန်သင်ချက်တွေကို အတည်ပြုဖို့ ဘုရားသခင့်စကားတော်ကို မကြာခဏ ကိုးကားခဲ့တယ်။ (ယောဟန် ၁၇:၁၇။ မဿဲ ၄:၄၊ ၇၊ ၁၀) ဒါကြောင့် ခရစ်ယာန်စစ်တွေဟာ ယေရှုရဲ့ “တရား၌ တည်” နေကြတယ်၊ ပြောချင်တာက ယေရှုလိုပဲ သမ္မာကျမ်းစာကို “အမှန်တရား” အဖြစ် လက်ခံပြီး သူတို့ရဲ့ယုံကြည်ချက်တွေနဲ့ နေထိုင်ကျင့်ကြံမှုတွေဟာ သမ္မာကျမ်းစာကိုပဲ အဓိကအခြေခံပါတယ်။

ပထမရာစု ခရစ်ယာန်တွေ ဘယ်လို လုပ်ဆောင်ခဲ့သလဲ– ကျမ်းစာစောင်တွေ အများဆုံးရေးသားခဲ့တဲ့ တမန်တော်ပေါလုလည်း ယေရှုလိုပဲ သမ္မာကျမ်းစာကို လေးမြတ်ခဲ့ပါတယ်။ ‘ကျမ်းဂန်ရှိသမျှသည် ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် အကျိုးရှိ၏’ လို့ သူရေးသားခဲ့တယ်။ (၂ တိမောသေ ၃:၁၆) ခရစ်ယာန်တွေကို သွန်သင်ဖို့ ခန့်အပ်ခံရတဲ့ အမျိုးသားတွေဟာ “သေချာပြီး ယုံကြည်စိတ်ချရသော ဘုရားသခင့်စကားတော်ကို မြဲမြံစွာ စွဲကိုင်” ဖို့လိုအပ်ပါတယ်။ (တိတု ၁:၇၊The Amplified Bible) ပထမရာစုခရစ်ယာန်တွေဟာ “ခရစ်တော်၏ သွန်သင်ချက်အတိုင်းမလိုက်၊ လောက၏ အခြေခံတရားကိုလိုက်၍ လူ့ထုံးတမ်းစဉ်လာပေါ် အခြေပြုသော အတွေးအခေါ်နှင့် အကျိုးမဲ့ လှည့်ဖြားပြောဆိုခြင်း” တို့ကို ငြင်းပယ်ဖို့ တိုက်တွန်းခံခဲ့ရပါတယ်။—ကောလောသဲ ၂:၈

ကနေ့ခေတ်မှာ ဘယ်သူတွေက အဲဒီအတိုင်း လုပ်ဆောင်နေသလဲ– ကက်သလစ်အသင်းရဲ့ လက်စွဲစာအုပ် (Catechism of the Catholic Church) မှာ ဒီလို ဖော်ပြထားတယ်– “ကက်သလစ်တွေရဲ့ ယုံကြည်ချက်တွေက သမ္မာကျမ်းစာအပေါ်မှာရော ဓလေ့ထုံးတမ်းတွေအပေါ်မှာပါ အခြေပြုထားတယ်။ ဒါကြောင့် ဓလေ့ထုံးတမ်းတွေကို သမ္မာကျမ်းစာလိုပဲ တန်းတူ အထွတ်အမြတ် ထားကြတယ်။” ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့က ခရစ်ယာန်ဓမ္မဆရာမတစ်ယောက်ရဲ့ စကားကို မဂ္ဂဇင်း (Maclean’s) တစ်စောင်က ဆောင်းပါးတစ်ပုဒ်မှာ ဒီလိုကိုးကားဖော်ပြထားတယ်– “ကျမ်းစာထဲမှာပါတဲ့ ယေရှုရဲ့သွန်သင်ချက်တွေကြောင့် ကျွန်မတို့ရဲ့ အရမ်းကောင်းတဲ့ ကိုယ်ပိုင်အယူအဆတွေဟာ ထိုးနှက်ခံနေရပြီး အခြေပျက်ကုန်တယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်က ပြောခဲ့တဲ့ ယေရှုရဲ့စကားတွေကို ဘာဖြစ်လို့ လိုက်နာနေရမှာလဲ။”

ယေဟောဝါသက်သေခရစ်ယာန်တွေနဲ့ပတ်သက်ပြီး စွယ်စုံကျမ်း (New Catholic Encyclopedia) တစ်ကျမ်းမှာ ဒီလိုဖော်ပြထားတယ်– “သူတို့ရဲ့ယုံကြည်ချက်နဲ့ အမူအကျင့်စံနှုန်းတွေရဲ့ တစ်ခုတည်းသော အရင်းအမြစ်က သမ္မာကျမ်းစာ ဖြစ်တယ်လို့ သူတို့ သတ်မှတ်ကြတယ်။” ဥပမာပြရရင် ကနေဒါနိုင်ငံမှာ အမျိုးသမီးတစ်ယောက်က အမျိုးသားတစ်ယောက်ကို သူဟာ ယေဟောဝါသက်သေ ဖြစ်ပါတယ်လို့ မိတ်ဆက်နေတုန်း အမျိုးသားက အမျိုးသမီးရဲ့လက်ထဲက ကျမ်းစာကို လက်ညှိုးထိုးပြီး “ခင်ဗျားကိုင်ထားတဲ့ စာအုပ်ကိုကြည့်ရင် ခင်ဗျား ဘယ်သူလဲဆိုတာ ကျွန်တော် သိပါတယ်” လို့ပြောလိုက်တယ်။