မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျှော်လင့်ခြင်းမှာ ဝမ်းမြောက်ပါ

မျှော်လင့်ခြင်းမှာ ဝမ်းမြောက်ပါ

မျှော်လင့်ခြင်းမှာ ဝမ်းမြောက်ပါ

‘ထာဝရအသက်မျှော်လင့်ချက်ကို မုသားနှင့်ကင်းစင်သော ဘုရားသခင်သည် ရှေးကာလကတည်းက ကတိထားတော်မူခဲ့၏။’ —တိ. ၁:၂

ပြန်လည်သုံးသပ်ခြင်း

ကောင်းကင်အတန်းအစားခရစ်ယာန်တစ်ဦး သေတဲ့အထိ တည်ကြည်တယ်ဆိုရင် ကောင်းကင်မှာ ဝမ်းမြောက်ကြောင်း ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။

အခြားသိုးတွေရဲ့မျှော်လင့်ချက်က ကောင်းကင်အတန်းအစားတွေရဲ့မျှော်လင့်ချက်နဲ့ ဘယ်လိုဆက်စပ်နေသလဲ။

ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက် ပြည့်စုံလာတာကို မြင်တွေ့ရဖို့ ဘယ် “သန့်ရှင်းသောအမူအကျင့်များ၊” ဘုရားသခင်နှစ်သက်တဲ့အကျင့်များကို တင်ပြရမလဲ။

၁။ ယေဟောဝါပေးတဲ့မျှော်လင့်ခြင်းက ခံနိုင်ရည်ရှိဖို့ ကျွန်ုပ်တို့ကို ဘယ်လို ကူညီပေးနိုင်သလဲ။

ယေဟောဝါက “မျှော်လင့်ခြင်း၏အရှင်” ဖြစ်တယ်လို့ တမန်တော်ပေါလု ပြောခဲ့တယ်။ ကိုယ်တော်က “သန့်ရှင်းသော စွမ်းအားတော်၏တန်ခိုးအားဖြင့် မျှော်လင့်ခြင်း ကြွယ်ဝစေရန်” ရွှင်လန်းခွင့်၊ ငြိမ်သက်ခွင့်ပေးနိုင်တယ်လို့ ပေါလုဆက်ပြောတယ်။ (ရော. ၁၅:၁၃) ဒီမျှော်လင့်ခြင်းက ကျွန်ုပ်တို့ရဲ့စိတ်ထဲမှာ ရှင်သန်နေတယ်ဆိုရင် ခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်ခံရပ်နိုင်ပြီး ရွှင်လန်းမှုနဲ့ ငြိမ်သက်မှုကို ဆက်ထိန်းထားနိုင်မှာဖြစ်တယ်။ ကျွန်ုပ်တို့က သိုးစုငယ်ပဲဖြစ်စေ၊ အခြားသိုးပဲဖြစ်စေ ကျွန်ုပ်တို့ရဲ့မျှော်လင့်ခြင်းက “ခိုင်ခံ့သေချာသော ကျောက်ဆူးသဖွယ်ဖြစ်” တယ်။ (ဟေဗြဲ ၆:၁၈၊ ၁၉) အခက်အခဲကြုံတွေ့ချိန်တွေမှာ ကျွန်ုပ်တို့ရဲ့မျှော်လင့်ခြင်းကို ဆုပ်ကိုင်ထားမယ်ဆိုရင် သံသယကြောင့် “ရွေ့မျောသွား” မှာမဟုတ်သလို ယုံကြည်ခြင်းလည်း ပျောက်ဆုံးသွားမှာမဟုတ်ဘူး။—ဟေဗြဲ ၂:၁; ၆:၁၁ ကိုဖတ်ပါ။

၂။ ယနေ့ ခရစ်ယာန်တွေမှာ ဘယ်မျှော်လင့်ချက်နှစ်မျိုးရှိသလဲ။ အခြားသိုးတွေက ဘာကြောင့် ကောင်းကင်အတန်းအစားတွေရဲ့ မျှော်လင့်ချက်ကို စိတ်ဝင်စားကြသလဲ။

ဆုံးခန်းကာလဖြစ်တဲ့ ဒီနောက်ဆုံးအချိန်မှာ အသက်ရှင်နေတဲ့ခရစ်ယာန်တွေမှာ မျှော်လင့်ချက်တစ်မျိုးမဟုတ်တစ်မျိုး ရှိကြတယ်။ မြေကြီးမှာကျန်ရှိနေသေးတဲ့ “သိုးစုငယ်” အဖွဲ့ဝင်တွေက ကောင်းကင်မှာ မသေနိုင်တဲ့အသက်ရဖို့ မျှော်လင့်ကြတယ်။ သူတို့က ခရစ်တော်ရဲ့နိုင်ငံမှာ ကိုယ်တော်နဲ့အတူ ဘုရင်တွေ၊ ယဇ်ပုရောဟိတ်တွေ ဖြစ်လာကြမယ်။ (လု. ၁၂:၃၂; ဗျာ. ၅:၉၊ ၁၀) အရေအတွက်ပိုများတဲ့ “အခြားသိုး” ကတော့ မေရှိယနိုင်ငံတော်အုပ်ချုပ်မယ့် မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ကြတယ်။ (ယော. ၁၀:၁၆; ဗျာ. ၇:၉၊ ၁၀) မိမိတို့ရဲ့ကယ်တင်ခြင်းက မြေကြီးပေါ်မှာရှိနေသေးတဲ့ ခရစ်တော်ရဲ့ “ညီ” တွေကို တက်တက်ကြွကြွ ကူညီထောက်မပေးခြင်းအပေါ် မူတည်တယ်ဆိုတာ အခြားသိုးတွေမမေ့သင့်ဘူး။ (မ. ၂၅:၃၄-၄၀) ကောင်းကင်အတန်းအစားက မိမိတို့ရဲ့ဆုကို ရကြမှာဖြစ်သလို အခြားသိုးတွေကလည်း သူတို့ရဲ့ဆုကို မလွဲဧကန်ရကြပါလိမ့်မယ်။ (ဟေဗြဲ ၁၁:၃၉၊ ၄၀ ကိုဖတ်ပါ။) ဦးဆုံး ကောင်းကင်အတန်းအစားတွေရမယ့်ဆုအကြောင်း လေ့လာကြည့်ကြစို့။

ကောင်းကင်အတန်းအစားတွေအတွက် “ရှင်သန်သောမျှော်လင့်ချက်”

၃၊ ၄။ ယေဟောဝါက ဘယ်လိုနည်းနဲ့ ကောင်းကင်အတန်းအစားခရစ်ယာန်တွေကို ‘ရှင်သန်သောမျှော်လင့်ချက်နဲ့ တစ်ဖန်မွေးဖွား’ စေသလဲ။ အဲဒီမျှော်လင့်ချက်က ဘာလဲ။

တမန်တော်ပေတရုက ကောင်းကင်အတန်းအစားခရစ်ယာန်တွေဆီ စာနှစ်စောင်ရေးခဲ့ပြီး သူတို့ကို “ရွေးကောက်တော်မူခြင်းခံရသူများ” လို့ခေါ်ခဲ့တယ်။ (၁ ပေ. ၁:၁) ပေတရုရဲ့စာက သိုးစုငယ်ရဲ့ အံ့ဖွယ်မျှော်လင့်ချက်အကြောင်း ကျွန်ုပ်တို့ကို ပိုပြီး ဂဃနဏ သိရှိစေတယ်။ ပထမစာမှာ သူဒီလိုရေးခဲ့တယ်– “ငါတို့သခင် ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်သည် ချီးမွမ်းခံရပါစေ။ ကိုယ်တော်သည် ကြီးစွာသော သနားကြင်နာမှုနှင့်အညီ ငါတို့အား တစ်ဖန်မွေးဖွားစေတော်မူ၍ ယေရှုခရစ်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်းအားဖြင့် ရှင်သန်သောမျှော်လင့်ချက်ကို ပေးတော်မူ၏။ မပျက်စီးနိုင်သော၊ မညစ်ညူးသော၊ မညှိုးနွမ်းသော အမွေကိုလည်း ပေးတော်မူ၏။ ထိုအမွေတော်သည် သင်တို့အတွက် ကောင်းကင်၌ သိုထား၏။ သင်တို့သည် ကယ်တင်ခြင်းရစေရန် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏တန်ခိုးတော်နှင့် စောင့်ရှောက်ခံရ၏။ ထိုကယ်တင်ခြင်းသည် နောက်ဆုံးကာလတွင် ထင်ရှားပြခံရလိမ့်မည်။ သို့ဖြစ်၍ သင်တို့သည် . . . အလွန်ဝမ်းမြောက်လျက်ရှိကြ၏။”—၁ ပေ. ၁:၃-၆

ယေဟောဝါက ကောင်းကင်မှာခရစ်တော်နဲ့အတူအုပ်ချုပ်ဖို့ အရေအတွက်ကန့်သတ်ထားတဲ့ ခရစ်ယာန်တွေကို ရွေးချယ်ပြီး သူတို့ကို “တစ်ဖန်မွေးဖွား” စေခဲ့တယ်။ ကိုယ်တော်က သူတို့ကို သန့်ရှင်းသောစွမ်းအားတော်အားဖြင့် သားတွေအဖြစ် မွေးစားခဲ့ပြီး သူတို့က ကောင်းကင်မှာ ဘုရင်တွေ၊ ယဇ်ပုရောဟိတ်တွေ ဖြစ်လာကြမယ်။ (ဗျာ. ၂၀:၆) “တစ်ဖန်မွေးဖွား” ခြင်းက သူတို့ကို “ရှင်သန်သောမျှော်လင့်ချက်” ရှိစေတယ်။ အဲဒီမျှော်လင့်ချက်က ဘာလဲ။ သူတို့အတွက် ကောင်းကင်မှာသိုထားတဲ့၊ ဘယ်တော့မှမပျက်စီးနိုင်တဲ့ အသက်တာမျိုးဖြစ်တယ်လို့ ပေါလု ပြောခဲ့တယ်။ ဒီအံ့ဖွယ်မျှော်လင့်ချက်က ကောင်းကင်အတန်းအစားတွေကို ရွှင်လန်းစေတဲ့အကြောင်းရင်းဖြစ်တယ်။ ဒါပေမဲ့ သူတို့ ဆက်သစ္စာရှိမှ ဒီမျှော်လင့်ချက်က သူတို့အတွက် အမှန်တကယ်ပြည့်စုံလာမှာဖြစ်တယ်။

၅၊ ၆။ ကောင်းကင်အတန်းအစားခရစ်ယာန်တွေက ဘာကြောင့် သစ္စာရှိနေဖို့လိုသလဲ။

ပေတရုရဲ့ဒုတိယစာမှာ ဆက်သစ္စာရှိနိုင်ဖို့ အစွမ်းကုန်ကြိုးစားလုပ်ဆောင်ပါလို့ ကောင်းကင်အတန်းအစား ခရစ်ယာန်တွေကို ပြောခဲ့တယ်၊ ဒါမှ သူတို့ ကောင်းကင်ဆုကျေးဇူး ရရှိမှာဖြစ်တယ်။ (၂ ပေ. ၁:၁၀) သူတို့က ယုံကြည်ခြင်း၊ ဘုရားသခင်ကိုကြောက်ရွံ့ခြင်း၊ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်စုံမက်ခြင်းနဲ့ ချစ်ခြင်းမေတ္တာအရည်အသွေးတွေကို ဆက်တင်ပြနေရမှာဖြစ်တယ်။ ပေတရု ဒီလိုပြောခဲ့တယ်– “သင်တို့တွင် ထိုအရာများ ကြွယ်ဝစွာရှိလျှင် . . . ပျင်းရိခြင်း၊ အချည်းနှီးဖြစ်ခြင်းတို့ ဖြစ်ပေါ်လာမည်မဟုတ်။”—၂ ပေတရု ၁:၅-၈ ကိုဖတ်ပါ။

အာရှမိုင်းနားမှာရှိတဲ့ ဖိလဒေလဖိအသင်းတော်က ကောင်းကင်အတန်းအစားအကြီးအကဲတွေကို ခရစ်တော် ဒီလိုပြောခဲ့တယ်– “သင်သည် ငါ၏ခံနိုင်ရည်နှင့်ဆိုင်သော တရားစကားတော်ကို စောင့်ရှောက်သောကြောင့် မြေကြီးပေါ်မှာ နေထိုင်သူတို့ကို စမ်းသပ်ရန် မြေတစ်ပြင်လုံးပေါ် ကျရောက်မည့် စမ်းသပ်ရာအချိန်နာရီ၌ ငါလည်း သင့်ကို ကာကွယ်စောင့်ရှောက်မည်။ ငါအမြန်လာမည်။ သင်၏သရဖူကို မည်သူမျှ မယူနိုင်ရန် ရှိရင်းစွဲကို မြဲမြဲကိုင်စွဲထားလော့။” (ဗျာ. ၃:၁၀၊ ၁၁) သေတဲ့အထိသစ္စာရှိတဲ့ ရွေးကောက်တော်မူခြင်းခံရသူတွေကို “ဘုန်းသရဖူ” ပေးမယ်လို့ ဘုရားသခင်ကတိပေးထားတယ်။ ကောင်းကင်အတန်းအစားခရစ်ယာန်တစ်ဦးက သစ္စာမဲ့သွားမယ်ဆိုရင် အဲဒီသရဖူကို ရတော့မှာမဟုတ်ဘူး။—၁ ပေ. ၅:၄; ဗျာ. ၂:၁၀

ဘုရားသခင့်နိုင်ငံတော်ထဲ ဝင်စားခြင်း

၇။ ယုဒက သူ့ရဲ့စာထဲမှာ ဘယ်အံ့ဖွယ်မျှော်လင့်ချက်အကြောင်း ရေးခဲ့သလဲ။

စီအီး ၆၅ ခုနှစ်လောက်တုန်းက ယေရှုရဲ့ မိတူဖကွဲညီယုဒက ကောင်းကင်အတန်းအစားခရစ်ယာန်တွေကို စာတစ်စောင်ရေးခဲ့တယ်။ စာထဲမှာ သူတို့ကို “ခေါ်ယူတော်မူခြင်းခံရသူတို့” လို့ခေါ်ခဲ့တယ်။ (ယု. ၁; ဟေဗြဲ ၃:၁ နဲ့နှိုင်းယှဉ်။) ဦးဆုံး၊ ယုဒက ကောင်းကင်အတန်းအစားခရစ်ယာန်တွေမှာရှိတဲ့ ကယ်တင်ခြင်းမျှော်လင့်ချက်အကြောင်း ရေးချင်ခဲ့တယ်။ (ယု. ၃) အဲဒီအစား တခြားအရေးကြီးတဲ့အကြောင်းတွေကို သူ ရေးခဲ့ရတယ်။ ဒါပေမဲ့ ကောင်းကင်အတန်းအစားခရစ်ယာန်တွေရဲ့ အံ့ဖွယ်မျှော်လင့်ချက်အကြောင်းနဲ့ သူ့ရဲ့စာတိုကို နိဂုံးချုပ်ခဲ့တယ်။ သူ ဒီလိုရေးခဲ့တယ်– “ယခုမူ သင်တို့ကို တိုက်လဲမသွားစေရန် ကာကွယ်နိုင်တော်မူသော၊ ကိုယ်တော်၏ဘုန်းတော်ရှေ့မှောက်တွင် သင်တို့ကို အစွန်းအထင်းကင်းစင်စေရန် အလွန်ဝမ်းမြောက်စွာ တည်စေနိုင်တော်မူသော၊ ငါတို့၏ကယ်တင်ရှင်၊ တစ်ပါးတည်းသော ဘုရားသခင်၏ဘုန်းတော်၊ ဂုဏ်ကျက်သရေတော်၊ တန်ခိုးတော်၊ အာဏာတော်သည် ငါတို့၏သခင် ယေရှုခရစ်အားဖြင့် ရှေးကာလအဆက်ဆက်၊ ယခုကာလနှင့် နောင်ကာလအဆက်ဆက်တိုင်အောင် တည်ပါစေ။”—ယု. ၂၄၊ ၂၅

၈။ ကောင်းကင်အတန်းအစားခရစ်ယာန်တစ်ဦး သေတဲ့အထိတည်ကြည်တယ်ဆိုရင် ကောင်းကင်မှာ ဝမ်းမြောက်ကြောင်း ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။

တကယ်တော့ ကောင်းကင်အတန်းအစားခရစ်ယာန်ယောက်တိုင်းက “လဲ” မသွားဖို့ ဒါမှမဟုတ် သူတို့ကိုသစ္စာမဲ့သွားစေပြီး ပျက်စီးသွားစေနိုင်တဲ့ ဘယ်အရာကနေမဆို ဘုရားသခင်ကာကွယ်ပေးတာကို ခံချင်ကြတယ်။ ကောင်းကင်အတန်းအစားတွေရဲ့မျှော်လင့်ချက်က သူတို့ကို သေခြင်းကနေ စုံလင်တဲ့ဝိညာဉ်သတ္တဝါတွေအဖြစ် ယေရှုခရစ် ထမြောက်ပေးဖို့ဖြစ်တယ်။ ဒါမှ သူတို့က ဘုရားသခင့်ရှေ့မှောက်ကို ဝင်ရောက်နိုင်ကြမှာဖြစ်တယ်။ ကောင်းကင်အတန်းအစားတစ်ဦး သစ္စာရှိရှိ သေဆုံးသွားတဲ့အခါ ‘နာမ်ဝိညာဉ်ခန္ဓာကိုယ်၊ မပုပ်ပျက်နိုင်သည့်သဘော၊ ဘုန်းအသရေ’ နဲ့ ထမြောက်လာမှာသေချာတယ်။ (၁ ကော. ၁၅:၄၂-၄၄) ‘နောင်တရတဲ့အပြစ်သားတစ်ဦးအတွက် ကောင်းကင်ဘုံမှာ ဝမ်းမြောက်’ တယ်ဆိုရင် ခရစ်တော်ရဲ့ညီတစ်ဦး သေတဲ့အထိတည်ကြည်တဲ့အခါ ကောင်းကင်မှာ ဘယ်လောက်ဝမ်းမြောက်မလဲဆိုတာ စဉ်းစားကြည့်ပါ။ (လု. ၁၅:၇) ကောင်းကင်အတန်းအစားတစ်ဦးစီက သူ့ရဲ့ဆုကို “အလွန်ဝမ်းမြောက်” စွာ လက်ခံရရှိတဲ့အခါ ယေဟောဝါနဲ့ သစ္စာရှိနာမ်ဝိညာဉ်သားတွေက သူနဲ့အတူ ဝမ်းမြောက်ကြတယ်။—၁ ယောဟန် ၃:၂ ကိုဖတ်ပါ။

၉။ ကောင်းကင်အတန်းအစားတွေက ဘုရားသခင့်နိုင်ငံတော်ထဲ ဝင်စားရတဲ့ဘုန်းအသရေကို ဘယ်လို “ရက်ရက်ရောရော” ရရှိကြသလဲ။ ဒီမျှော်လင့်ချက်က မြေကြီးပေါ်ရှိနေသေးတဲ့ ကောင်းကင်အတန်းအစားတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ။

ယုဒလိုပဲ ပေတရုလည်း ကောင်းကင်အတန်းအစားခရစ်ယာန်တွေ ဆက်သစ္စာရှိမယ်ဆိုရင်ရရှိမယ့် ဆုကျေးဇူးအကြောင်း ရေးခဲ့တယ်။ ပေတရု သူတို့ကို ဒီလိုပြောခဲ့တယ်– “ငါတို့၏သခင်၊ ကယ်တင်ရှင်ဖြစ်သော ယေရှုခရစ်၏ ထာဝရနိုင်ငံတော်သို့ ဝင်စားရသောဘုန်းအသရေကို သင်တို့အား ရက်ရက်ရောရော ပေးသနားတော်မူလိမ့်မည်။” (၂ ပေ. ၁:၁၀၊ ၁၁) ဘုရားသခင့်နိုင်ငံတော်ထဲ ဝင်စားရတဲ့ဘုန်းအသရေကို သူတို့ “ရက်ရက်ရောရော” ရရှိကြမယ်လို့ ပေတရုပြောတဲ့အခါ သူတို့က ကြီးမြတ်တဲ့ချီးမြှောက်မှုနဲ့ ကောင်းကင်ထဲ ဝင်စားရမယ်လို့ပြောနေတာ ဖြစ်နိုင်တယ်။ ကောင်းကင်မှာ သူတို့ရရှိမယ့် ကောင်းချီးမြောက်မြားစွာကို ရည်ညွှန်းတာလည်းဖြစ်နိုင်တယ်။ သူတို့ပြသခဲ့တဲ့ သစ္စာတည်ကြည်မှုအကြောင်း ပြန်ပြောင်းစဉ်းစားတဲ့အခါ တကယ့်ကို ဝမ်းမြောက်ပြီး ကျေးဇူးတင်စိတ်တွေ ဖြစ်ပေါ်လာမှာဖြစ်တယ်။ ဒီမျှော်လင့်ချက်က မြေကြီးပေါ်မှာရှိနေသေးတဲ့ ကောင်းကင်အတန်းအစားတွေကို ဆက်သစ္စာရှိဖို့ ခွန်အားပေးမှာဖြစ်တယ်။—၁ ပေ. ၁:၁၃

အခြားသိုးအတွက် “မျှော်လင့်ချက်”

၁၀၊ ၁၁။ (က) အခြားသိုးတွေအတွက် ဘာမျှော်လင့်ချက်ရှိသလဲ။ (ခ) မြေကြီးဆိုင်ရာမျှော်လင့်ချက်က ခရစ်တော်နဲ့ “ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်း” နဲ့ ဘယ်လို ဆက်စပ်နေသလဲ။

၁၀ တမန်တော်ပေါလုက ကောင်းကင်အတန်းအစား “ဘုရားသခင့်သားများ” ကို ခရစ်တော်ရဲ့ “အမွေခံဖက်” ဖြစ်ခွင့်ရမယ့် သူတို့ရဲ့ထူးမြတ်တဲ့မျှော်လင့်ချက်အကြောင်း စာရေးခဲ့တယ်။ အဲဒီနောက် အရေအတွက်အကန့်အသတ်မရှိတဲ့ အခြားသိုးတွေရမယ့် အံ့ဖွယ်မျှော်လင့်ချက်အကြောင်း ဖော်ပြခဲ့တယ်– “ဖန်ဆင်းခံအရာများသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းကို အလွန်တောင့်တ စောင့်မျှော်လျက်နေကြ၏။ အကြောင်းမူကား ဖန်ဆင်းခံအရာများသည် အလိုအလျောက် အချည်းနှီးဖြစ်ရသည် မဟုတ်။ မျှော်လင့်ချက်ပေး၍ အချည်းနှီးဖြစ်စေတော်မူသော အရှင်၏အလိုတော်ကြောင့်သာ ဖြစ်ရ၏။ ဖန်ဆင်းခံအရာများသည် ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ လွတ်မြောက်၍ ဘုရားသခင့်သားသမီးတို့၏ လွတ်လပ်မှု ဘုန်းအသရေကို ခံစားရလိမ့်မည်။”—ရော. ၈:၁၄-၂၁

၁၁ ကတိထားရာ “အမျိုးအနွယ်” အားဖြင့် လူသားတွေကို စာတန့်ချုပ်နှောင်မှုအောက်ကနေ လွတ်မြောက်စေမယ်လို့ ယေဟောဝါ ကတိပေးခဲ့ချိန်မှာ လူသားတွေကို ကိုယ်တော် “မျှော်လင့်ချက်” ပေးခဲ့တယ်။ (က. ၃:၁၅; ဗျာ. ၁၂:၉) အမျိုးအနွယ်ရဲ့အဓိကအပိုင်းက ယေရှုခရစ်ဖြစ်တယ်။ (ဂလ. ၃:၁၆) ယေရှုရဲ့သေခြင်းနဲ့ ထမြောက်ခြင်းက လူတွေကို အပြစ်နဲ့သေခြင်းကနေလွတ်မြောက်ဖို့ မျှော်လင့်ချက်ရှိစေခဲ့တယ်။ ဒီမျှော်လင့်ချက်က ကောင်းကင်ကို ရောက်ရှိသွားပြီဖြစ်တဲ့ “ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်း” နဲ့ ဆက်စပ်တယ်။ သူတို့က အမျိုးအနွယ်ရဲ့ ဒုတိယအပိုင်းဖြစ်တယ်။ စာတန့်ဆိုးညစ်တဲ့စနစ်ကို ခရစ်တော်ဖျက်ဆီးတဲ့အချိန်မှာ သူတို့ ပါဝင်ကူညီခြင်းအားဖြင့် ခရစ်တော်နဲ့တွဲဖက်အုပ်ချုပ်တဲ့ဘုရင်တွေအဖြစ် ပေါ်ထွန်းမှာဖြစ်တယ်။ (ဗျာ. ၂:၂၆၊ ၂၇) ဒါက ကြီးစွာသောဒုက္ခကနေ လွတ်မြောက်လာတဲ့ အခြားသိုးတွေအတွက် ကယ်တင်ခြင်းဖြစ်ပါလိမ့်မယ်။—ဗျာ. ၇:၉၊ ၁၀၊ ၁၄

၁၂။ ကောင်းကင်အတန်းအစားတွေရဲ့ ပေါ်ထွန်းခြင်းကနေ လူသားတွေ ဘယ်အံ့ဖွယ်အကျိုးကျေးဇူးတွေ ခံစားရမလဲ။

၁၂ ခရစ်တော်ရဲ့အနှစ်တစ်ထောင်အုပ်ချုပ်မှုက လူသားတွေအတွက် တကယ့်လွတ်မြောက်မှုကြီးဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်အတွင်းမှာ “ဘုရားသခင့်သား” တွေက နောက်တစ်နည်းနဲ့ ပေါ်ထွန်းမှာဖြစ်တယ်။ သူတို့က ခရစ်တော်နဲ့အတူ ယဇ်ပုရောဟိတ်တွေအဖြစ် အမှုဆောင်ပြီး ယေရှုရဲ့ ပူဇော်ရာယဇ်အကျိုးကို လူတွေခံစားရဖို့ ကူညီပေးမယ်။ ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကြီးကိုအုပ်ချုပ်တဲ့အခါ နာခံတဲ့လူသားတွေဟာ တဖြည်းဖြည်းနဲ့ “ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့” ဖြစ်တဲ့ အပြစ်နဲ့သေခြင်းကနေ လွတ်မြောက်ကြပါလိမ့်မယ်။ သူတို့က အနှစ်တစ်ထောင်အတွင်းနဲ့ နောက်ဆုံးစမ်းသပ်မှု ရောက်လာတဲ့အချိန်အထိ ဆက်သစ္စာရှိသွားမယ်ဆိုရင် သူတို့ရဲ့နာမည်တွေဟာ “အသက်စာစောင်” မှာ ထာဝစဉ်ရေးမှတ်ခြင်းခံရမှာဖြစ်တယ်။ သူတို့က “ဘုရားသခင့် သားသမီးတို့၏ လွတ်လပ်မှု ဘုန်းအသရေကို ခံစားရ” ပါလိမ့်မယ်။ (ဗျာ. ၂၀:၇၊ ၈၊ ၁၁၊ ၁၂) တကယ့် အံ့ဖွယ်မျှော်လင့်ချက်ပါပဲ။

မျှော်လင့်ခြင်းကို ရှင်သန်နေစေပါ

၁၃။ ကျွန်ုပ်တို့မှာ ဘာကြောင့် မျှော်လင့်ချက်ရှိလာသလဲ။ ခရစ်တော်ရဲ့ပေါ်ထွန်းခြင်း ဘယ်အချိန်မှာဖြစ်မလဲ။

၁၃ ပေတရုရဲ့စာနှစ်စောင်မှာပါတဲ့အကြောင်းအရာတွေက ကောင်းကင်အတန်းအစားတွေရော၊ အခြားသိုးတွေအတွက်ပါ မျှော်လင့်ချက်ကိုရှင်သန်နေစေဖို့ အထောက်အကူပြုတယ်။ ဒီလိုမျှော်လင့်ချက်မျိုးရှိလာတာက သူတို့ရဲ့လုပ်ရပ်တွေကြောင့်မဟုတ်ဘဲ ယေဟောဝါရဲ့ ကြွယ်ဝတဲ့ကြင်နာမှုကြောင့်ဖြစ်တယ်လို့ သူ ရှင်းပြခဲ့တယ်။ သူဒီလိုရေးခဲ့တယ်– ‘ယေရှုခရစ်ပေါ်ထွန်းချိန်တွင် သင်တို့ခံစားရမည့် မဟာကြင်နာမှုကို မျှော်လင့်နေကြလော့။’ (၁ ပေ. ၁:၁၃) “ယေရှုခရစ်ပေါ်ထွန်း” မယ့်အချိန်ဟာ မိမိရဲ့သစ္စာရှိနောက်လိုက်တွေကို ဆုချဖို့နဲ့ လူဆိုးတွေကိုဖျက်ဆီးဖို့ ကိုယ်တော်ကြွလာတဲ့အခါမှာဖြစ်တယ်။—၂ သက်သာလောနိတ် ၁:၆-၁၀ ကိုဖတ်ပါ။

၁၄၊ ၁၅။ (က) ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက် ရှင်သန်နေစေဖို့ ဘာလုပ်ရမလဲ။ (ခ) ကျွန်ုပ်တို့ဘာလုပ်သင့်တယ်လို့ ပေတရု ပြောခဲ့သလဲ။

၁၄ ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက် ရှင်သန်နေစေဖို့အတွက် ‘ယေဟောဝါ၏နေ့’ မကြာခင်ရောက်လာတော့မယ်ဆိုတာကို အမြဲမပြတ် သတိရနေရမယ်။ ဒီသဘောထားက ကျွန်ုပ်တို့ရဲ့အသက်တာတစ်ခုလုံးအပေါ် အကျိုးသက်ရောက်သင့်တယ်။ ယနေ့လူ့အုပ်ချုပ်ရေးတွေဖြစ်တဲ့ “ကောင်းကင်၊” ဆိုးညစ်တဲ့လူတွေဖြစ်တဲ့ “မြေကြီး” နဲ့ “မြေကြီးပေါ်ရှိအရာများ” ကို ယေဟောဝါ ဖျက်ဆီးပစ်တော့မယ်။ ပေတရု ဒီလိုရေးခဲ့တယ်– ‘မည်သို့သောလူစားဖြစ်သင့်သည်ကို ဆင်ခြင်ကြလော့။ ယေဟောဝါ၏နေ့ ရောက်လာမည်ကို စောင့်မျှော်၍ စိတ်စွဲလမ်းကြလော့။ ထိုနေ့အားဖြင့် ကောင်းကင်သည် မီးဖြင့်ပျက်စီး၍ ကောင်းကင်ပေါ်ရှိအရာများသည် အလွန်ပူပြင်းသဖြင့် အရည်ပျော်လိမ့်မည်။’—၂ ပေ. ၃:၁၀-၁၂

၁၅ လက်ရှိ “ကောင်းကင်” နဲ့ “မြေကြီး” နေရာမှာ “ကောင်းကင်သစ် [ခရစ်တော်ရဲ့နိုင်ငံတော်အစိုးရ]၊ မြေကြီးသစ် [လူ့အဖွဲ့အစည်းသစ်]” နဲ့အစားထိုးမှာဖြစ်တယ်။ (၂ ပေ. ၃:၁၃) ကမ္ဘာသစ်နဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့ မျှော်လင့်ချက်ပြည့်စုံဖို့ ဆက် “စောင့်မျှော်” ရာမှာ ဒါမှမဟုတ် ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်ကို ရှင်သန်စေရာမှာ ဘာလုပ်ရမယ်ဆိုတာကို ပေတရု ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်– “သို့ဖြစ်၍ ချစ်ရသောသူတို့၊ သင်တို့သည် ဤအရာများကို စောင့်မျှော်လျက်ရှိကြသဖြင့် ရှေ့တော်မှောက်၌ အစွန်းအထင်း၊ အပြစ်အနာအဆာမရှိဘဲ ငြိမ်သက်ခြင်းရှိစေရန် အစွမ်းကုန်ကြိုးစားကြလော့။”—၂ ပေ. ၃:၁၄

သင့်မျှော်လင့်ချက် ရှင်သန်နေကြောင်း ဖော်ပြပါ

၁၆၊ ၁၇။ (က) ဘယ် “သန့်ရှင်းသောအမူအကျင့်များ” နဲ့ ဘုရားသခင်နှစ်သက်တဲ့အကျင့်များကို ကျွန်ုပ်တို့ တင်ပြသင့်သလဲ။ (ခ) ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက် ဘယ်လိုနည်းနဲ့ ပြည့်စုံလာမလဲ။

၁၆ ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက် ရှင်သန်နေကြောင်းကို ကျွန်ုပ်တို့ရဲ့အသက်ရှင်နေထိုင်ပုံနဲ့ ဖော်ပြကြတယ်။ ပေတရုသတိပေးခဲ့သလိုပဲ ကျွန်ုပ်တို့က ယေဟောဝါနှစ်သက်တဲ့လူစားမျိုးဖြစ်ကြောင်း သေချာအောင်လုပ်သင့်တယ်။ “သန့်ရှင်းသောအမူအကျင့်များ” ထဲမှာ ဘုရားသခင်မိန့်ဆိုရာကို လုပ်ဆောင်ခြင်းအားဖြင့် “လောကရှိလူများရှေ့တွင် ကောင်းမွန်စွာကျင့်ကြံ” နေခြင်းလည်းပါတယ်။ (၂ ပေ. ၃:၁၁; ၁ ပေ. ၂:၁၂) ကျွန်ုပ်တို့ရဲ့ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းကိုလည်း ချစ်ရမှာဖြစ်တယ်။ ဒီလိုချစ်ရာမှာ ကျွန်ုပ်တို့ရဲ့အသင်းတော်အတွင်းမှာ စည်းလုံးမှုဆက်ရှိအောင် အတတ်နိုင်ဆုံးလုပ်ဆောင်ခြင်း ပါဝင်တယ်။ (ယော. ၁၃:၃၅) ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ပိုခိုင်မြဲစေတဲ့ ဘုရားသခင်နှစ်သက်တဲ့အကျင့်တွေကို ဆက်ကျင့်နေရမှာဖြစ်တယ်။ အဲဒီအထဲမှာ အဓိပ္ပာယ်ရှိရှိဆုတောင်းခြင်း၊ နေ့စဉ်ကျမ်းစာဖတ်ရှုခြင်း၊ ကိုယ်ပိုင်လေ့လာမှု ကောင်းကောင်းလုပ်ခြင်း၊ မိသားစုဝတ်ပြုမှုနဲ့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း မှန်မှန်ဟောပြောခြင်းပါဝင်တယ်။—မ. ၂၄:၁၄

၁၇ ကျွန်ုပ်တို့တစ်ယောက်ချင်းစီက ယေဟောဝါနှစ်သက်တဲ့သူ၊ လက်ရှိဆိုးညစ်တဲ့စနစ်ဖျက်ဆီးခံရချိန်မှာ ကယ်တင်ခံရသူ ဖြစ်ချင်ကြတယ်။ ကျွန်ုပ်တို့က အဲဒီလိုလူစားမျိုးဖြစ်တယ်ဆိုရင် ‘မုသားနှင့်ကင်းစင်သော ဘုရားသခင် ရှေးကာလကတည်းက ကတိထားတော်မူခဲ့’ တဲ့ ထာဝရအသက်မျှော်လင့်ချက် တကယ်ပြည့်စုံတာကို မြင်တွေ့ရမှာဖြစ်တယ်။—တိ. ၁:၂

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

ကောင်းကင်အတန်းအစားခရစ်ယာန်တွေက “ရှင်သန်သောမျှော်လင့်ချက်” ရရှိဖို့ တစ်ဖန်မွေးဖွားခံရ

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

သင့်မိသားစုအတွင်းမှာ မျှော်လင့်ခြင်းကို ရှင်သန်နေစေပါ