မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုခရစ် နဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေ

ယေရှုခရစ် နဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေ

ယေရှုခရစ် နဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေ

“လူအုပ်သည် ငါ့ကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း။”—လုကာ ၉:၁၈

တပည့်တွေကို ယေရှု အဲဒီလိုမေးရတဲ့ အကြောင်းရင်းက သူနဲ့ပတ်သက်ပြီး လူတွေမှာ ထင်ကြေးအမျိုးမျိုး ရှိနေတာကို သူသိထားလို့ဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့ ထင်ကြေးတွေကြောင့် စိတ်ရှုပ်ထွေးစရာအကြောင်း မရှိပါဘူး။ ယေရှုဟာ လူတွေမသိအောင် ပုန်းလျှိုးကွယ်လျှိုး လုပ်တတ်တဲ့သူ မဟုတ်ဘဲ မြို့ရွာတွေဆီ လည်ပတ်ပြီး လူတွေနဲ့ ရင်းရင်းနှီးနှီး ရောနှောနေတတ်တဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် လူတွေကို သူ့အကြောင်း အမှန်အတိုင်း သိစေချင်တဲ့အတွက် လူရှေ့သူရှေ့မှာ ဟောပြောသွန်သင်ခဲ့ပါတယ်။—လုကာ ၈:၁

ယေရှု ပြောတဲ့စကားတွေနဲ့ လုပ်ရပ်တွေကိုကြည့်ရင် သူနဲ့ပတ်သက်တဲ့ အမှန်တရားကို ပိုင်းခြားသိမြင်နိုင်ပါတယ်။ အဲဒါတွေကို ခရစ်ဝင်ကျမ်းလေးကျမ်းဖြစ်တဲ့ မဿဲ၊ မာကု၊ လုကာနဲ့ ယောဟန်ကျမ်းတို့မှာ မှတ်တမ်းတင်ထားပါတယ်။ ဘုရားသခင့်လမ်းညွှန်မှုနဲ့ရေးထားတဲ့ အဲဒီကျမ်းမှတ်တမ်းတွေကပဲ ယေရှုနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို အမှန်အတိုင်း ဖြေဆိုနိုင်ပါတယ်။ *ယောဟန် ၁၇:၁၇

မေးခွန်း– ယေရှုဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ပုဂ္ဂိုလ်လား။

အဖြေ– တကယ်ရှိခဲ့ပါတယ်။ ပထမရာစုအချိန်က ဂျိုစီဖတ်စ်၊ တက်စီတပ်စ်စတဲ့ သမိုင်းပညာရှင်တွေက ယေရှုကို သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဖော်ပြခဲ့ကြပါတယ်။ အဲဒါထက်ပိုအရေးကြီးတာက ယေရှုဟာ စိတ်ကူးယဉ်ဇာတ်လမ်းထဲက ဇာတ်ကောင်မဟုတ်ဘဲ တကယ်ရှိခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်ဆိုတာ ခရစ်ဝင်ကျမ်းတွေမှာ အခိုင်အမာ ဖော်ပြထားတာပါပဲ။ ဒါ့အပြင် ဘယ်အချိန်နဲ့ ဘယ်နေရာတွေမှာ ဖြစ်ပျက်ခဲ့တယ် ဆိုတာတွေကိုလည်း အတိအကျ ဖော်ပြထားပါတယ်။ ဥပမာ၊ ခရစ်ဝင်ကျမ်းရေးသူ လုကာက ဘုရားသခင့်အလုပ်ကို ယေရှု စလုပ်တဲ့နှစ်ကို ဖော်ပြဖို့ အာဏာပိုင်ခုနစ်ယောက်ကို နာမည်နဲ့တကွ ဖော်ပြထားတယ်။ သူတို့ရဲ့နာမည်တွေ မှန်တယ်ဆိုတာ သမိုင်းပညာရှင်တွေကလည်း ထောက်ခံခဲ့ကြပါတယ်။—လုကာ ၃:၁၊ ၂၊ ၂၃

ယေရှုဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာ ငြင်းလို့မရတဲ့ အထောက်အထားပါပဲ။ စာအုပ်တစ်အုပ် (Evidence for the Historical Jesus) မှာလည်း ဒီလိုဖော်ပြထားပါတယ်– “နာဇရက်မြို့သား ယေရှုလို့ခေါ်တဲ့ အမျိုးသားတစ်ယောက် ပထမရာစုမှာ အသက်ရှင်ခဲ့တယ်ဆိုတာ သမိုင်းပညာရှင်အများစုက သဘောတူကြပါလိမ့်မယ်။”

မေးခွန်း– ယေရှုဟာ ဘုရားသခင်လား။

အဖြေ– မဟုတ်ပါဘူး။ ယေရှုဟာ သူ့ကိုယ်သူ ဘုရားသခင်နဲ့ တန်းတူဖြစ်တယ်လို့ လုံးဝမယူဆခဲ့ပါဘူး။ ယေဟောဝါ * ရဲ့ လက်အောက်မှာရှိတဲ့သူဆိုပြီး အကြိမ်ကြိမ် ဖော်ပြခဲ့ပါတယ်။ ဥပမာ၊ ယေဟောဝါကို “ကျွန်ုပ်၏ ဘုရားသခင်” နဲ့ ‘မှန်သောဘုရားသခင် [တစ်ပါးတည်း]ဖြစ်တော်မူသော ကိုယ်တော်’ ဆိုပြီး ယေရှု ခေါ်ဆိုခဲ့ပါတယ်။ (မဿဲ ၂၇:၄၆; ယောဟန် ၁၇:၃) မိမိက တခြားသူထက် တစ်ဆင့်နိမ့်မှသာ အဲဒီလိုအသုံးအနှုန်းတွေ သုံးမှာဖြစ်ပါတယ်။ အလုပ်သမားတစ်ဦးက သူ့အလုပ်ရှင်ကို “ကျွန်တော့်ရဲ့ဘော့စ်” ဒါမှမဟုတ် “တာဝန်ခံ” လို့ခေါ်ဆိုတာဟာ သူ့အလုပ်ရှင်ရဲ့ လက်အောက်မှာရှိတဲ့သူဖြစ်တယ်ဆိုတာ ဖော်ပြနေတယ် မဟုတ်ဘူးလား။

ဘုရားသခင်က သက်သက်၊ သူက သက်သက် ဖြစ်တယ်ဆိုတာကိုလည်း ယေရှု ဖော်ပြခဲ့ပါတယ်။ ယေရှုဟာ မိမိရဲ့အခွင့်အာဏာကို စောဒကတက်တဲ့သူတွေကို ဒီလိုပြောခဲ့ဖူးတယ်– “‘လူနှစ်ဦး၏သက်သေခံချက်သည် မှန်၏’ ဟုသင်တို့၏ ပညတ်ကျမ်း၌လည်း ရေးထား၏။ ငါသည် ကိုယ့်အကြောင်းကို သက်သေခံ၏။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူ၏။” (ယောဟန် ၈:၁၇၊ ၁၈) ယေရှုနဲ့ ယေဟောဝါဘုရားသခင်က တစ်ယောက်တည်းဆိုရင် သက်သေနှစ်ယောက်လို့ ယေရှုက ပြောပါ့မလား။ *

မေးခွန်း– ယေရှုဟာ လူကောင်းတစ်ယောက်ပဲလား။

အဖြေ– ယေရှုဟာ လူကောင်းတစ်ယောက်လောက်ပဲ မဟုတ်ပါဘူး။ ယေရှုဟာ ဘုရားသခင့်အလိုတော်ကို အရေးပါတဲ့ ကဏ္ဍအတော်များများကနေ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ ယေရှု လုပ်ဆောင်ခဲ့တဲ့ အခန်းကဏ္ဍတချို့ကို အောက်မှာဖော်ပြထားပါတယ်–

“ဘုရားသခင့်တစ်ပါးတည်းသော သားတော်။” (ယောဟန် ၃:၁၈) ယေရှုဟာ သူ ဘယ်က လာတယ်ဆိုတာ သိထားပါတယ်။ တကယ်ဆိုရင် ကမ္ဘာပေါ်မှာ လူသားအဖြစ် မမွေးဖွားလာခင်ကတည်းက အသက်ရှင်ခဲ့တဲ့သူပါ။ ဘာကြောင့်လဲဆိုတော့ မိမိဟာ “ကောင်းကင်မှ ဆင်းသက်” လာတယ်ဆိုပြီး သူကိုယ်တိုင် ပြောခဲ့လို့ပါပဲ။ (ယောဟန် ၆:၃၈) ယေရှုဟာ ဘုရားသခင် ဦးဆုံးဖန်ဆင်းခဲ့တဲ့သူဖြစ်ပြီး တခြားအရာတွေကို ဘုရားသခင် ဖန်ဆင်းတဲ့အခါ ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။ ယေရှုကိုပဲ ဘုရားသခင်ကိုယ်တိုင် တိုက်ရိုက်ဖန်ဆင်းခဲ့တဲ့အတွက် ယေရှုက သူ့ကိုယ်သူ “ဘုရားသခင့်တစ်ပါးတည်းသော သားတော်” လို့ ခေါ်ဆိုတာ သင့်လျော်ပါတယ်။—ယောဟန် ၁:၃၊ ၁၄; ကောလောသဲ ၁:၁၅၊ ၁၆

“လူသား။” (မဿဲ ၈:၂၀) ယေရှုဟာ သူ့ကိုယ်သူ “လူသား” ဆိုပြီး အကြိမ်ကြိမ် ခေါ်ဆိုခဲ့ပါတယ်။ ခရစ်ဝင်ကျမ်းတွေမှာ အဲဒီအသုံးအနှုန်းကို အကြိမ် ၈၀ လောက် တွေ့ရတယ်။ အဲဒီအသုံးအနှုန်းကိုကြည့်ရင် ယေရှု ကမ္ဘာပေါ်လာတုန်းက လူသားစစ်စစ်ဖြစ်ပြီး လူ့ကိုယ်ခန္ဓာအသွင်ဆောင်ထားတဲ့ ဘုရားသခင်မဟုတ်ဘူးဆိုတာ သိသာပါတယ်။ ဘုရားသခင့်တစ်ပါးတည်းသော သားတော်က လူသားတစ်ဦးအနေနဲ့ ဘယ်လိုမွေးဖွားလာခဲ့သလဲ။ ယေဟောဝါဘုရားသခင်ဟာ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် သားတော်ရဲ့အသက်ကို အပျိုစင်မာရိရဲ့ သားအိမ်ထဲမှာ သန္ဓေတည်စေပါတယ်။ ဒီလိုနည်းနဲ့ ယေရှုဟာ အပြစ်မပါဘဲ၊ ပြီးပြည့်စုံလင်တဲ့ အသက်တာနဲ့ မွေးဖွားလာခဲ့ပါတယ်။—မဿဲ ၁:၁၈; လုကာ ၁:၃၅; ယောဟန် ၈:၄၆

“ဆရာ။” (ယောဟန် ၁၃:၁၃) ဘုရားသခင် ပေးအပ်တဲ့တာဝန်အကြောင်း ယေရှု ဒီလိုရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်– ‘ဘုရားသခင်၏နိုင်ငံတော် သတင်းကောင်းကို ငါဟောပြော သွန်သင်ရမည်။’ (မဿဲ ၄:၂၃; လုကာ ၄:၄၃) ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ၊ အဲဒီနိုင်ငံတော်က ဘုရားသခင့်အလိုတော်ကို ဘယ်လိုပြည့်စုံစေမလဲဆိုတာတွေကို အံ့သြဖွယ်ကောင်းလောက်အောင် ရိုးရိုးရှင်းရှင်းလေးနဲ့ သွန်သင်ပေးခဲ့တယ်။—မဿဲ ၆:၉၊ ၁၀

‘နှုတ်ထွက်စကား။’ (ယောဟန် ၁:၁) ယေရှုဟာ ဘုရားသခင်ပြောတဲ့ သတင်းအချက်အလက်တွေနဲ့ ညွှန်ကြားချက်တွေကို တစ်ဆင့်ခံပုဂ္ဂိုလ်အနေနဲ့ တခြားသူတွေဆီ ပေးပို့ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ယေရှုဟာ ဘုရားသခင့်ပြောရေးဆိုခွင့်ရှိသူအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ ယေဟောဝါဘုရားသခင်ဟာ ယေရှုကိုအသုံးပြုပြီး မြေကြီးပေါ်က လူသားတွေဆီ သတင်းပေးပို့ခဲ့ပါတယ်။—ယောဟန် ၇:၁၆၊ ၁၇

မေးခွန်း– ယေရှုဟာ ကျမ်းစာမှာ ကြိုပြောထားတဲ့ မေရှိယလား။

အဖြေ– ဟုတ်ပါတယ်။ မေရှိယ ဒါမှမဟုတ် ခရစ်တော် (ခန့်အပ်ခြင်းခံရသူ) ရောက်လာမယ်ဆိုတာ ကျမ်းစာထဲမှာ ကြိုပြောထားပါတယ်။ ကြိုပြောထားတဲ့ မေရှိယဟာ ယေဟောဝါဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေ ပြည့်စုံစေရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်မှာဖြစ်တယ်။ အဖြစ်အပျက်တစ်ခုမှာ ယေရှုကို ရှမာရိအမျိုးသမီးတစ်ဦးက “ခရစ်တော်ဟုခေါ်သော မေရှိယ ကြွလာတော်မူမည်ကို ကျွန်မသိပါ၏” လို့ပြောတဲ့အခါ ယေရှုက “သင်နှင့် စကားပြောနေသော ငါသည် ထိုသူပင်ဖြစ်၏” လို့ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။—ယောဟန် ၄:၂၅၊ ၂၆

ယေရှုဟာ ကျမ်းစာမှာ ကြိုပြောထားတဲ့ မေရှိယဖြစ်တယ်ဆိုတာ တခြားအထောက်အထားတွေ ရှိပါသေးသလား။ လူတစ်ဦးသာပိုင်ဆိုင်တဲ့ လက်ဗွေရာလိုပဲ အထောက်အထား သုံးခုက လူတစ်ဦးဆီမှာပဲ ပြည့်စုံခဲ့ပါတယ်။ ယေရှုက အဲဒီအထောက်အထားတွေနဲ့ ကိုက်ညီမှုရှိပါသလား။ ကြည့်ကြစို့။

မျိုးရိုး။ မေရှိယဟာ အာဗြဟံရဲ့ မျိုးရိုးဖြစ်တဲ့ ဒါဝိဒ်ကနေ ဆင်းသက်လာမယ်ဆိုပြီး ကျမ်းစာက ကြိုပြောပါတယ်။ (ကမ္ဘာဦး ၂၂:၁၈; ဆာလံ ၁၃၂:၁၁၊ ၁၂) ယေရှုဟာ အဲဒီမျိုးရိုးကနေပဲ ဆင်းသက်လာပါတယ်။—မဿဲ ၁:၁-၁၆; လုကာ ၃:၂၃-၃၈

ကျမ်းစာကြိုပြောချက်များ ပြည့်စုံခဲ့။ မေရှိယ မွေးဖွားခြင်းနဲ့ သေခြင်းအပါအဝင် မေရှိယရဲ့ မြေကြီးအသက်တာနဲ့ပတ်သက်တဲ့ ကြိုဟောချက်တွေ ဟေဗြဲကျမ်းစောင်တွေထဲမှာ အများကြီးရှိပါတယ်။ အဲဒီကြိုဟောချက်အားလုံးက ယေရှုဆီမှာ ပြည့်စုံခဲ့ပါတယ်။ အများကြီးထဲက တချို့ကတော့– မေရှိယကို ဘက်သလီဟင် (ဗက်လင်လို့လည်းခေါ်) မြို့မှာ မွေးဖွားမယ် (မိက္ခာ ၅:၂; လုကာ ၂:၄-၁၁)၊ မေရှိယကို အီဂျစ်ပြည်ကနေ ပြန်ခေါ်လာမယ် (ဟောရှေ ၁၁:၁; မဿဲ ၂:၁၅)၊ မေရှိယဟာ အသတ်ခံရပေမဲ့ သူ့အရိုးတစ်ချောင်းမှ မကျိုးဘူး (ဆာလံ ၃၄:၂၀; ယောဟန် ၁၉:၃၃၊ ၃၆) ဆိုတာတွေ ဖြစ်ပါတယ်။ မေရှိယနဲ့ဆိုင်တဲ့ ကြိုဟောချက်အားလုံး ပြည့်စုံဖို့အတွက် ယေရှုဟာ လုပ်ကြံဖန်တီးပြီး သူ့အသက်ကိုစွန့်ခဲ့တာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ *

ဘုရားသခင်ကိုယ်တိုင် အသိအမှတ်ပြု။ ယေရှုမွေးဖွားတဲ့အချိန်မှာ ဘုရားသခင်ဟာ ကောင်းကင်တမန်တစ်ပါးကို သိုးထိန်းတွေဆီ စေလွှတ်ပြီး မေရှိယ မွေးဖွားပြီဆိုတဲ့သတင်း ပြောပြခိုင်းတယ်။ (လုကာ ၂:၁၀-၁၄) ယေရှု အမှုတော်ဆောင်ချိန်အတွင်းမှာ ယေရှုဟာ ဘုရားသခင့်မျက်နှာသာရသူဖြစ်တယ်ဆိုတာ ကောင်းကင်ကနေ ဘုရားသခင်ကိုယ်တိုင် ပြောခဲ့တဲ့အချိန်တွေလည်း ရှိပါတယ်။ (မဿဲ ၃:၁၆၊ ၁၇; ၁၇:၁-၅) ယေရှု အံ့ဖွယ်အမှုတွေလုပ်နိုင်အောင် ယေဟောဝါ တန်ခိုးပေးခဲ့တာကလည်း ယေရှုဟာ မေရှိယဖြစ်တယ်ဆိုတဲ့ နောက်ထပ်အထောက်အထား တစ်ခုပါပဲ။—တမန်တော် ၁၀:၃၈

မေးခွန်း– ယေရှုက ဘာဖြစ်လို့ ဆင်းရဲဝေဒနာခံစားပြီး သေဆုံးရတာလဲ။

အဖြေ– ယေရှုဟာ အပြစ်မရှိတဲ့သူတစ်ယောက်ဖြစ်လို့ ဆင်းရဲဝေဒနာ မခံစားထိုက်ပါဘူး။ ရာဇဝတ်သားတစ်ယောက်လို ညှဉ်းဆဲရာ သစ်တိုင်မှာ သံရိုက်ခံပြီး အရှက်တကွဲနဲ့လည်း မသေဆုံးသင့်ပါဘူး။ ဒါပေမဲ့ ယေရှုဟာ အဲဒီလို ကိုယ်ထိလက်ရောက် စော်ကားတာတွေကို ခံရဖို့ မျှော်လင့်ထားသလို လိုလိုလားလားနဲ့လည်း ခံသွားခဲ့ပါတယ်။—မဿဲ ၂၀:၁၇-၁၉; ၁ ပေတရု ၂:၂၁-၂၃

တခြားလူတွေ အပြစ်တရားရဲ့ ချုပ်နှောင်မှုကနေ လွတ်မြောက်ဖို့ မေရှိယဟာ ဆင်းရဲဝေဒနာခံစားပြီး သေဆုံးရမယ်ဆိုတာ ကျမ်းစာမှာ ကြိုပြောထားပါတယ်။ (ဟေရှာယ ၅၃:၅; ဒံယေလ ၉:၂၄၊ ၂၆) “လူများအတွက် ရွေးနုတ်ဖိုးအဖြစ် [မိမိ] အသက်ကိုစွန့်” ဖို့ ရောက်လာတယ်ဆိုပြီး ယေရှုကိုယ်တိုင် ပြောခဲ့ပါတယ်။ (မဿဲ ၂၀:၂၈) ယေရှုပေးဆက်သွားတဲ့ အသက်ရဲ့ တန်ဖိုးကို ယုံကြည်ကြောင်းတင်ပြတဲ့သူတွေဟာ အပြစ်နဲ့သေခြင်းကနေ ကယ်နုတ်ခံရပြီး သာယာလှပတဲ့ ပရဒိသုမြေကြီးပေါ် ထာဝစဉ် အသက်ရှင်ခွင့် အလားအလာကို ရရှိနိုင်ပါတယ်။ *ယောဟန် ၃:၁၆; ၁ ယောဟန် ၄:၉၊ ၁၀

မေးခွန်း– ယေရှုဟာ သေရာကနေ ရှင်ပြန်ထမြောက်လာတယ်ဆိုတာ ယုံကြည်လို့ရသလား။

အဖြေ– ယုံကြည်လို့ရပါတယ်။ သေပြီးရင် ရှင်ပြန်ထမြောက်လာမယ်ဆိုတာ ယေရှု အပြည့်အဝ ယုံကြည်စိတ်ချခဲ့ပါတယ်။ (မဿဲ ၁၆:၂၁) ဒါပေမဲ့ အရေးကြီးတဲ့ ဒီတစ်ချက်ကို ဂရုပြုပါ– ယေရှုက သူ့အလိုလို ရှင်ပြန်ထမြောက်လာမယ်ဆိုတာ သူကိုယ်တိုင်ရော ကျမ်းရေးသူတွေပါ လုံးဝမပြောဘူးဆိုတာပါပဲ။ သူ့အလိုလို ရှင်ပြန်ထမြောက်လာမယ်ဆိုတဲ့ အယူအဆက ယုံနိုင်စရာမရှိပါဘူး။ ကျမ်းစာမှာ ဖော်ပြထားတာက ဒီလိုပါ– “ဘုရားသခင်သည် သေခြင်း၏ချုပ်နှောင်မှုမှ လွတ်မြောက်စေခြင်းဖြင့် သူ့ကို ရှင်ပြန်ထမြောက်စေတော်မူပြီ။” (တမန်တော် ၂:၂၄) ဘုရားသခင်ရှိတယ်၊ ဘုရားသခင်ဟာ အရာအားလုံးကို ဖန်ဆင်းတဲ့အရှင်ဖြစ်တယ်ဆိုတာကို ကျွန်ုပ်တို့ လက်ခံမယ်ဆိုရင် သားတော်ကိုလည်း သေခြင်းကနေ ရှင်ပြန်ထမြောက်ပေးနိုင်တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဟေဗြဲ ၃:၄

ယေရှု ရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတာ ယုံလောက်တဲ့ အထောက်အထားရှိသလား။ အောက်ပါတို့ကို သုံးသပ်ကြည့်ပါ။

မျက်မြင်သက်သေ။ ယေရှုသေပြီး ၂၂ နှစ်လောက်မှာ ယေရှုရှင်ပြန်ထမြောက်တာကို မြင်တဲ့သူတွေ အယောက် ၅၀၀ ကျော်လောက်ရှိတယ်ဆိုပြီး တမန်တော်ပေါလု ရေးသားခဲ့တယ်၊ အဲဒီစာရေးနေတဲ့အချိန်မှာ အဲဒီ ၅၀၀ ကျော်ထဲက လူအတော်များများ အသက်ရှင်နေဆဲဖြစ်ပါတယ်။ (၁ ကောရိန္သု ၁၅:၆) မျက်မြင်သက်သေ တစ်ယောက်နှစ်ယောက်ဆိုရင်တော့ ပြောစရာဖြစ်နေပါမယ်၊ ဒါပေမဲ့ အခုက သက်သေ ၅၀၀ တောင်ရှိတယ်ဆိုတော့ ဘယ်သူက ငြင်းနိုင်ဦးမှာလဲ။

ယုံကြည်စိတ်ချနိုင်တဲ့ သက်သေထွက်ဆိုချက်များ။ အစောပိုင်းတပည့်တွေဟာ ယေရှု ရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတာကို သတ္တိရှိရှိ ကြေညာခဲ့ကြပါတယ်။ သူတို့တွေက ဖြစ်ပျက်ခဲ့ရာတွေကို အတိအကျသိနိုင်တဲ့ အနေအထားမှာ ရှိတဲ့သူတွေဖြစ်ပါတယ်။ (တမန်တော် ၂:၂၉-၃၂; ၃:၁၃-၁၅) ရှင်ပြန်ထမြောက်ခြင်းက ခရစ်ယာန်တွေရဲ့ယုံကြည်ခြင်းမှာ အရေးပါတဲ့အရာဖြစ်တယ်ဆိုပြီး အဲဒီတပည့်တွေ လက်ခံထားကြပါတယ်။ (၁ ကောရိန္သု ၁၅:၁၂-၁၉) တပည့်တွေဟာ ယေရှုအပေါ်ထားတဲ့ ယုံကြည်ခြင်းကို စွန့်လွှတ်မယ့်အစား အသေခံဖို့ အသင့်ရှိခဲ့ကြတယ်။ (တမန်တော် ၇:၅၁-၆၀; ၁၂:၁၊ ၂) ယေရှုသာ မေရှိယ အစစ်အမှန်မဟုတ်ဘူးဆိုရင် ဘယ်သူက သူ့အတွက် အသေခံရဲပါ့မလဲ။

ယေရှုနဲ့ပတ်သက်တဲ့ မေးခွန်းခြောက်ခုရဲ့အဖြေကို ကျမ်းစာထဲကနေ လေ့လာလို့ပြီးသွားပါပြီ။ ယေရှု ဘယ်သူလဲဆိုတာ အဲဒီအဖြေတွေက ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်။ ဒါပေမဲ့ အဲဒီအဖြေတွေကို သိဖို့ အရေးကြီးပါသလား။ တစ်နည်းပြောရရင် ယေရှုကို ယုံကြည်ရင် ဘာအကျိုးရရှိနိုင်သလဲ၊ မယုံကြည်ရင်ရော ဘာ နောက်ဆက်တွဲရလဒ်တွေ ဖြစ်ပေါ်နိုင်သလဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ခရစ်ဝင်ကျမ်းတွေက ယေရှုအကြောင်းပါတဲ့ ကျမ်းအတုအယောင်တွေနဲ့ ဘယ်လိုကွာခြားသလဲဆိုတာသိနိုင်ဖို့ စာမျက်နှာ ၁၈-၁၉ က “အပေါခရစ်ဖယ် ခရစ်ဝင်ကျမ်းများ—ကျမ်းစစ်ကျမ်းမှန် ဟုတ်သလား” ဆိုတဲ့ ဆောင်းပါးကို ဖတ်ကြည့်ပါ။

^ အပိုဒ်၊ 9 သမ္မာကျမ်းစာအရ ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ ကိုယ်ပိုင်နာမည်ဖြစ်ပါတယ်။

^ အပိုဒ်၊ 10 ဒီအကြောင်းကို ပိုပြီးအသေးစိတ်သိချင်ရင် စာမျက်နှာ ၂၀-၂၂ မှာပါတဲ့ “အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း—ယေရှုက ဘုရားသခင်လား” ဆောင်းပါးကို ဖတ်ကြည့်ပါ။

^ အပိုဒ်၊ 21 ယေရှုဆီမှာ ပြည့်စုံခဲ့တဲ့ ကျမ်းစာကြိုဟောချက်တချို့ရဲ့ စာရင်းကို သိချင်ရင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ စာမျက်နှာ ၂၀၀ ကိုကြည့်ပါ။

^ အပိုဒ်၊ 25 ရွေးနုတ်ဖိုးအဖြစ် ပေးဆက်သွားတဲ့ ယေရှုအသက်ရဲ့ တန်ဖိုးနဲ့ပတ်သက်ပြီး ပိုသိချင်တယ်ဆိုရင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၅ ကိုကြည့်ပါ။