မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အကြောင်း ပိုသိအောင်လုပ်ပါ

“ကျေးဇူးပြု၍ ကျွန်ုပ်တို့ကို ပြန်လာခွင့်ပြုပါ”

“ကျေးဇူးပြု၍ ကျွန်ုပ်တို့ကို ပြန်လာခွင့်ပြုပါ”

ယေဟောဝါဘုရားသခင်ရဲ့ အမှုတော်ကို သင် ထမ်းဆောင်ခဲ့ဖူးပါသလား။ အခု ပြန်အမှုဆောင်ချင်ပေမဲ့ ဘုရားသခင်က လက်ခံပါ့မလားဆိုပြီးတော့ကော စဉ်းစားဖူးသလား။ ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးကို သင့်အတွက် အထူးပြင်ဆင်ပေးထားတာဖြစ်လို့ ကျေးဇူးပြု၍ သေသေချာချာ ဖတ်ရှုလေ့လာပါလေ။

ယေဟောဝါရဲ့အမှုတော်ကို ပြန်ထမ်းဆောင်ခွင့်ပေးဖို့၊ ယေဟောဝါရဲ့စိတ်တော်ကို နာကျင်စေမိတဲ့အတွက် ခွင့်လွှတ်ပေးဖို့ ကျွန်မ ဆုတောင်းခဲ့တယ်” ဆိုပြီး ခြေလှမ်းမှားခဲ့တဲ့ အမျိုးသမီးတစ်ယောက်က ပြောပြတယ်။ သူ့အပေါ် သင် ကရုဏာမသက်မိဘူးလား။ ‘ဘုရားသခင့်အမှုတော် ထမ်းဆောင်ခဲ့ဖူးတဲ့သူတွေကို ကိုယ်တော် ဘယ်လိုရှုမြင်ပါသလဲ။ သူတို့ကို မှတ်မိပါ့မလား။ သူတို့ကို ပြန်လှည့်လာစေချင်တဲ့ဆန္ဒ ဘုရားသခင်မှာ ရှိပါသလား’ ဆိုပြီး သင် သိချင်မှာပဲ။ အဲဒီမေးခွန်းတွေရဲ့ အဖြေတွေကိုသိဖို့ ယေရမိ မှတ်တမ်းတင်ထားတဲ့ စကားတွေကို ဆန်းစစ်ကြည့်ရအောင်။ အဖြေတွေက သင့်ကို နွေးထွေးမှုခံစားစေမှာ သေချာပါတယ်။—ယေရမိ ၃၁:၁၈-၂၀ ကိုဖတ်ပါ။

မှတ်တမ်းပါစကားတွေကို ယေရမိ ပြောရတဲ့ နောက်ခံအကြောင်းရင်းကို အရင် သုံးသပ်ကြည့်ရအောင်။ ယေရမိခေတ်မတိုင်ခင် ဆယ်စုနှစ်များစွာမှာ၊ အတိအကျဆိုရရင် ခရစ်နှစ်မတိုင်ခင် ၇၄၀ မှာ ယေဟောဝါဘုရားသခင်ဟာ အစ္စရေးဆယ်နွယ်နိုင်ငံကို အာရှုရိလူမျိုး (အဆီးရီးယား) လက်ထဲအပ်လိုက်တယ်။ * အဲဒီလိုလုပ်လိုက်ရတဲ့ အကြောင်းရင်းက အစ္စရေးလူတွေဟာ ဘုရားသခင်စေလွှတ်လိုက်တဲ့ ပရောဖက်တွေရဲ့ အကြိမ်ကြိမ် သတိပေးချက်တွေကို လျစ်လျူရှုပြီး ကြီးလေးတဲ့အပြစ်တွေ ကျူးလွန်ကြလို့ပါပဲ။ (၄ ရာ. ၁၇:၅-၁၈) အစ္စရေးလူတွေ ဘုရားသခင်နဲ့ ဝေးကွာခဲ့ရပြီး အမိမြေနဲ့အလှမ်းဝေးချိန်မှာ ကြုံတွေ့ခဲ့ရတဲ့ ခါးသီးမှုတွေကြောင့် သူတို့ရဲ့သဘောထားကို ပြောင်းလဲခဲ့သလား။ ဘုရားသခင်ကကော သူတို့ကို မေ့ပစ်လိုက်သလား။ သူတို့တွေ ပြန်လှည့်လာရင်ကော ဘုရားသခင် လက်ခံပါ့မလား။

‘အကျွန်ုပ်သည် နောင်တရပါ၏’

နယ်နှင်ခံဘဝရောက်နေတဲ့ အစ္စရေးလူမျိုးဆယ်နွယ်ဟာ အသိတရားဝင်လာပြီး နောင်တယူဖို့ လှုံ့ဆော်ခံခဲ့ရပါတယ်။ သူတို့ နောင်တအကြီးအကျယ်ရနေတာကို ယေဟောဝါဘုရားသခင် မတွေ့ဘဲမနေခဲ့ပါဘူး။ နယ်နှင်ခံအစ္စရေးလူတွေရဲ့ သဘောထားနဲ့ ခံစားချက်တွေကို ဘုရားသခင် ဘယ်လိုဖော်ပြထားသလဲဆိုတာကို နားထောင်ကြည့်ကြစို့။

‘ဧဖရိမ်က ကိုယ့်ကိုယ်ကိုယ် အပြစ်တင်၍ မြည်တမ်းသောစကားကို ငါသည် ဆက်ဆက်ကြားရပြီ’ လို့ ယေဟောဝါဘုရားသခင်က ပြောတယ်။ (အခန်းငယ် ၁၈၊ ၁၉) ကိုယ်အပြစ်ရဲ့ဆိုးကျိုးတွေကြောင့် အစ္စရေးလူတွေ မြည်တမ်းနေတာတွေကို ဘုရားသခင် ကြားပါတယ်။ သူတို့ဟာ ကိုယ့်အပြစ်ကြောင့် ခံရတဲ့ ခါးသီးမှုတွေကို ပြန်စဉ်းစားမိပြီး အိမ်ကို အရမ်းပြန်ချင်တဲ့စိတ်တွေ ဝင်လာတဲ့ သားမိုက်တစ်ယောက်နဲ့တူတယ်။ (လုကာ ၁၅:၁၁-၁၇) ဒါနဲ့ သူတို့ ဘာပြောခဲ့ကြသလဲ။

“အကျွန်ုပ်သည် ရိုင်းသော နွားလားကဲ့သို့ ဆုံးမခြင်းကို ခံရပါပြီ။” (အခန်းငယ် ၁၈) ကိုယ့်အပြစ်ကြောင့် ဆုံးမခံထိုက်တယ်ဆိုပြီး သူတို့ အသိအမှတ်ပြုခဲ့ကြပါတယ်။ ထမ်းပိုးထမ်းဖို့ လေ့ကျင့်မခံခဲ့ရတဲ့ နွားကလေးနဲ့တူတယ်ဆိုတဲ့ နှိုင်းယှဉ်ချက်က အစ္စရေးလူတွေဟာ “ထမ်းပိုးကို မထမ်းချင်လို့ ရုန်းတဲ့အတွက် နှင်တံတို့တာကို” ခံရတဲ့ နွားလားနဲ့တူတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်ဆိုပြီး အကိုးအကားစာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။

‘အကျွန်ုပ်ကို သွေးဆောင်တော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် ပြန်လာပါမည်။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူ၏။’ (အခန်းငယ် ၁၈) သူတို့ဟာ ကိုယ့်ရဲ့မာန်စွယ်ကို ချိုးပြီး ဘုရားသခင်ဆီ အကူအညီတောင်းခံခဲ့ကြပါတယ်။ အပြစ်နယ်ကျွံပြီး လမ်းပျောက်ခဲ့ကြပေမဲ့ အခုချိန်မှာတော့ သူတို့ဟာ ဘုရားသခင့်မျက်နှာသာ ပြန်ရရှိနိုင်မယ့် နည်းလမ်းကို ရှာတွေ့နိုင်အောင် ကူညီပေးပါဆိုပြီး အသနားခံနေကြတယ်။ ဘာသာပြန်ကျမ်းတစ်ကျမ်းမှာတော့ “ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကျေးဇူးပြု၍ ကျွန်ုပ်တို့ကို ပြန်လာခွင့်ပြုပါ” လို့ ဖော်ပြထားပါတယ်။—Contemporary English Version.

‘အကျွန်ုပ်သည် နောင်တရပါ၏။ အသရေပျက်ခြင်းကို ခံရသဖြင့် ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏။’ (အခန်းငယ် ၁၉) သူတို့ဟာ အပြစ်ပြုခဲ့ကြတဲ့အတွက် ဝမ်းနည်းပက်လက်ဖြစ်နေတယ်။ ကိုယ့်အပြစ်ကိုယ်ဝန်ခံတဲ့အပြင် ပြစ်တင်ပြောဆိုတာကိုလည်း ခံယူခဲ့ကြတယ်။ အရှက်လည်းရပြီး စိတ်ညှိုးငယ်နေကြတယ်။—လုကာ ၁၅:၁၈၊ ၁၉၊ ၂၁

အစ္စရေးလူတွေ နောင်တရနေကြပါပြီ။ ဘုရားသခင်ကို သူတို့ပြစ်မှားပါပြီလို့ ဝမ်းနည်းခြင်းကြီးစွာနဲ့ ဝန်ချတောင်းပန်ပြီး လမ်းမှားကို စွန့်ခဲ့ကြပါတယ်။ သူတို့ရဲ့နောင်တက ဘုရားသခင်ရဲ့စိတ်ကို နူးညွတ်စေပါ့မလား။ သူတို့ကို ပြန်လာခွင့်ပြုပါ့မလား။

“အကယ်စင်စစ် သူ့ကို ငါ ကယ်မသနားမည်”

ယေဟောဝါနဲ့ အစ္စရေးလူတွေကြားမှာ အလွန်ရင်းနှီးတဲ့ နှောင်ကြိုးရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ‘ငါသည် အစ္စရေးအမျိုး၏ အဖဖြစ်၏။ ဧဖရိမ်အမျိုးသည် ငါ၏သားဦးဖြစ်၏’ လို့ ဘုရားသခင် ပြောခဲ့လို့ပါပဲ။ (ယေရမိ ၃၁:၉) ဒါဆိုရင် မေတ္တာပြည့်ဝတဲ့ ဖခင်တစ်ဦးက နောင်တစစ်နောင်တမှန်နဲ့ ပြန်လှည့်လာတဲ့သားကို လက်မခံဘဲ နေပါ့မလား။ အစ္စရေးလူတွေအပေါ် ထားရှိတဲ့ မိမိရဲ့ခံစားချက်ကို ဘုရားသခင် ဘယ်လိုဖော်ပြသလဲဆိုတာ သတိပြုကြည့်ပါ။

“ဧဖရိမ်သည် ငါ၏ချစ်သား ဖြစ်သလော။ ချစ်ဖွယ်သောသူငယ် ဖြစ်သလော။ သူ၏အကြောင်းကို ငါပြောလေရာရာ၌ [“သူ့ကို ငါ ဆုံးမပဲ့ပြင်ပေမဲ့လည်း၊” God’s Word Bible] ငါသည် အလွန်တရာ အောက်မေ့လျက်နေ၏။” (အခန်းငယ် ၂၀) ကြင်နာမှုအပြည့်နဲ့ ပြောလိုက်တဲ့ စကားတွေပါပဲ။ ဘုရားသခင်ဟာ ပြတ်သားပေမဲ့ မေတ္တာပြည့်ဝတဲ့ ဖခင်တစ်ဦးလိုပဲ ကိုယ့်ရဲ့သားသမီးတွေကို ဆုံးမဖို့၊ သူတို့မှားနေတယ်ဆိုတာကို ထပ်ခါတလဲလဲ သတိပေးဖို့ တာဝန်ရှိပါတယ်။ ခေါင်းမာမာနဲ့ စကားနားမထောင်တဲ့အခါကျမှ သူတို့ကို ပြည်နှင်ဒဏ်ပေးလိုက်တယ်၊ တစ်နည်းအားဖြင့် အိမ်ကနေ နှင်ချလိုက်တာဖြစ်တယ်။ ဒါပေမဲ့ မေတ္တာပြည့်ဝတဲ့ဖခင်လိုပဲ ဘုရားသခင်က သူတို့ကို မေ့မထားပါဘူး။ ဘယ်တော့မှလည်း မေ့လို့ရမှာမဟုတ်ပါဘူး။ အစ္စရေးလူတွေ တကယ်နောင်တရနေတာကို ဘုရားသခင် တွေ့မြင်တဲ့အခါ ဘယ်လိုခံစားခဲ့ရပါသလဲ။

“ငါသည် သူ့အတွက် စိတ်ကြင်နာခြင်းရှိ [“လွမ်းဆွတ်သတိရလျက်နေ၊” ခမ] ၏။ အကယ်စင်စစ် သူ့ကို ငါကယ်မသနားမည်။” (အခန်းငယ် ၂၀) ယေဟောဝါဘုရားသခင်ဟာ သားသမီးတွေဖြစ်တဲ့ အစ္စရေးလူတွေကို အရမ်းလွမ်းနေပါတယ်။ သူတို့ရဲ့ စစ်မှန်တဲ့နောင်တကြောင့် ဘုရားသခင် စိတ်ထိမိသွားပြီး သူတို့ကို ပြန်လက်ခံချင်တဲ့ဆန္ဒ အရမ်းပြင်းပြသွားတယ်။ ယေရှုရဲ့ သားမိုက်ပုံဥပမာထဲက ဖခင်လိုပဲ ဘုရားသခင်မှာ “သနားသောစိတ်” ဖြစ်ပေါ်ပြီး အစ္စရေးလူတွေ ပြန်လှည့်လာတာကို ကြိုဆိုဖို့ စိတ်အားထက်သန်နေပါတယ်။—လုကာ ၁၅:၂၀

“ယေဟောဝါ ကျွန်မကို ပြန်လာခွင့်ပြု” ပါ

ယေရမိ ၃၁:၁၈-၂၀ မှာပါတဲ့ စကားတွေက ယေဟောဝါရဲ့ သနားကြင်နာမှုကို ထိုးထွင်းသိမြင်စေပါတယ်။ ယေဟောဝါက သူ့ရဲ့အမှု ထမ်းဆောင်ခဲ့ဖူးတဲ့ သူတွေကို မေ့မထားပါဘူး။ အဲလိုလူတွေ ပြန်လာမယ်ဆိုရင်ကော။ ဘုရားသခင်က ခွင့်လွှတ်ဖို့ အသင့်ရှိပါတယ်။ (ဆာလံ ၈၆:၅) နောင်တရပြီး ပြန်လာတဲ့သူတွေကို ဘုရားသခင် ဘယ်တော့မှ မောင်းမထုတ်ပါဘူး။ (ဆာလံ ၅၁:၁၇) သူတို့ကို ဝမ်းပန်းတသာ ကြိုဆိုလက်ခံမှာဖြစ်ပါတယ်။—လုကာ ၁၅:၂၂-၂၄

ဒီဆောင်းပါးရဲ့အစပိုင်းမှာ ဖော်ပြထားတဲ့ အမျိုးသမီးဟာ ယေဟောဝါဘုရားသခင်ဆီ ပြန်လာဖို့ အစပြုလုပ်ဆောင်ခဲ့ပြီး ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမဆီ သွားခဲ့ပါတယ်။ အရင်ဆုံး ဘုရားသခင်ရဲ့အမှုတော်ကို ပြန်ထမ်းဆောင်ဖို့ မထိုက်တန်ဘူးဆိုတဲ့ ခံစားချက်ကို တိုက်ထုတ်ပစ်ခဲ့ရတယ်လို့ သူပြန်ပြောပြတယ်။ ဒါပေမဲ့ အသင်းတော်အကြီးအကဲတွေက သူ့ကို အားပေးပြီး ဘုရားသခင်နဲ့ဆက်ဆံရေး ပြန်ကောင်းလာအောင် ကူညီပေးခဲ့ကြတယ်။ သူက “ယေဟောဝါ ကျွန်မကို ပြန်လာခွင့်ပြုတာကို ကျေးဇူးတင်လို့မဆုံးပါဘူး” ဆိုပြီး ပြောပြတယ်။

တစ်ချိန်က သင်ဟာ ယေဟောဝါရဲ့အမှုတော်ကို ထမ်းဆောင်ခဲ့ဖူးပြီး အခု ပြန်အမှုဆောင်ချင်တယ်ဆိုရင် သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်ဆီသွားဖို့ တိုက်တွန်းချင်ပါတယ်။ နောင်တရသူတွေက “ကျေးဇူးပြု၍ ကျွန်ုပ်တို့ကို ပြန်လာခွင့်ပြုပါ” လို့ အသနားခံတဲ့အခါ ယေဟောဝါဘုရားသခင်က သနားကြင်နာတဲ့စိတ်အပြည့်နဲ့ လက်ခံကြိုဆိုမယ်ဆိုတာကို သတိရပါလေ။

ဧပြီလအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်–

ယေရမိ ၁၇-၃၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ခရစ်နှစ်မတိုင်ခင် ၉၉၇ မှာ အစ္စရေးတိုင်းပြည် နှစ်ခြမ်းကွဲသွားပါတယ်။ တစ်ခြမ်းကို တောင်ပိုင်း ယုဒနှစ်နွယ်နိုင်ငံလို့ ခေါ်တယ်။ နောက်တစ်ခြမ်းကိုတော့ မြောက်ပိုင်း အစ္စရေးဆယ်နွယ်နိုင်ငံလို့ ခေါ်ပြီး အထင်ရှားဆုံးအနွယ်ဖြစ်တဲ့ ဧဖရိမ်မျိုးနွယ်ကို အစွဲပြုပြီး ဧဖရိမ်လို့လည်း ခေါ်ဆိုပါတယ်။