မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

ငယ်ငယ်လေးကတည်းက ကိုးကွယ်လာခဲ့တဲ့ ဘာသာကို စွန့်ခဲ့တဲ့ အမျိုးသားတစ်ယောက်ကို ဘယ်အရာက အရင်ဘာသာထဲ ပြန်လာစေခဲ့တာလဲ။ ဘဝတစ်လျှောက်လုံး ဖခင်ငတ်ခဲ့တဲ့ ဖတဆိုးလူရွယ်တစ်ယောက် ဘယ်လိုဖခင်မျိုးကို ရှာတွေ့ခဲ့သလဲ။ သူတို့ရဲ့အကြောင်းကို ဖတ်ကြည့်ရအောင်။

“ယေဟောဝါဆီကို ပြန်လှည့်လာဖို့ လိုနေပြီ”—အီလီ ကာလီ

မွေးဖွားတဲ့နှစ်– ၁၉၇၆

နေရင်းနိုင်ငံ– ဆိုက်ပရပ်စ်

နောက်ခံ– သားမိုက်

အတိတ်– ကျွန်တော်က ဆိုက်ပရပ်စ်ကျွန်းမှာ မွေးပေမဲ့ ဩစတြေးလျနိုင်ငံမှာ ကြီးပြင်းလာတာပါ။ မိဘတွေက ယေဟောဝါသက်သေ ခရစ်ယာန်တွေဖြစ်ပြီး ယေဟောဝါနဲ့ကျမ်းစာကို ကျွန်တော်ချစ်မြတ်နိုးလာအောင် အစွမ်းကုန် သင်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော် ဆယ်ကျော်သက်အရွယ်ရောက်တော့ ဆိုးသွမ်းမိုက်မဲလာတယ်။ ညမှာ အိမ်အပြင်ကို ခိုးထွက်ပြီး သူငယ်ချင်းတွေဆီ သွားတယ်။ ကားတွေခိုးတဲ့အပြင် တခြားပြဿနာတွေလည်း အများကြီး လုပ်ခဲ့တယ်။

အစပိုင်းမှာတော့ မိဘတွေသိရင် စိတ်မကောင်းဖြစ်မှာစိုးလို့ အဲဒါတွေကို ခိုးလုပ်ခဲ့တယ်။ ဒါပေမဲ့ ကြာလာတော့ မိဘတွေကို ထည့်တွက်မနေတော့ဘူး။ ယေဟောဝါကိုမချစ်တဲ့ လူကြီးတွေနဲ့ပေါင်းတဲ့အတွက် အဲဒီလူကြီးတွေရဲ့ မကောင်းတဲ့သြဇာက ကျွန်တော့်အပေါ် လွှမ်းမိုးလာတယ်။ နောက်ဆုံး မိဘတွေကို သူတို့ရဲ့ဘာသာနဲ့ မပတ်သက်ချင်တော့ဘူးလို့ ပြောပြလိုက်တယ်။ မိဘတွေက စိတ်ရှည်ရှည်နဲ့ ကူညီကြပေမဲ့ ကျွန်တော် လုံးဝလက်မခံခဲ့ပါဘူး။ ဒီအတွက် မိဘတွေ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရတယ်။

ကျွန်တော် အိမ်ကနေ ထွက်သွားပြီးတဲ့နောက် မူးယစ်ဆေးဝါးတွေ သုံးစွဲတယ်၊ ဆေးခြောက်တွေတောင် စိုက်ပျိုးပြီး ရောင်းချခဲ့တယ်။ အကျင့်ယိုယွင်းတဲ့ဘဝပုံစံနဲ့ နေထိုင်ပြီး နိုက်ကလပ်တွေမှာ အချိန်အများကြီး ဖြုန်းခဲ့တယ်။ ပြီးတော့ ဒေါသလည်း ကြီးလာတယ်။ တစ်ယောက်ယောက်က ကျွန်တော်မကြိုက်တာ ပြောလိုက်ရင် ဒါမှမဟုတ် လုပ်လိုက်တယ်ဆိုရင် အဲဒီလူကို စိတ်ဆိုးလာပြီး အော်ဟစ်ကြိမ်းမောင်း၊ ရိုက်နှက်ပစ်လိုက်တယ်။ ခရစ်ယာန်တစ်ယောက် မလုပ်သင့်တဲ့ အရာမှန်သမျှ အကုန်လုပ်ခဲ့တယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ– ငယ်ငယ်ကတည်းက အဖေမရှိတော့တဲ့ မူးယစ်ဆေးဝါး သုံးဖော်သုံးဖက် တစ်ယောက်နဲ့ ကျွန်တော် ရင်းနှီးလာတယ်။ ကျွန်တော်တို့နှစ်ယောက် ညနက်တဲ့အထိ စကားတွေဖောင်ဖွဲ့ ပြောဆိုနေတတ်တယ်။ တချို့ညတွေမှာဆိုရင် အဲဒီသူငယ်ချင်းက သူ့အဖေကို အရမ်းသတိရတဲ့အကြောင်း ရင်ဖွင့်တတ်တယ်။ လူသေတွေ ပြန်အသက်ရှင်လာကြမယ်ဆိုတဲ့ ယုံကြည်ချက်ကို ကျွန်တော် ငယ်ငယ်ကတည်းက သိထားတဲ့အတွက် လူသေတွေ ပြန်အသက်ရှင်လာအောင် ယေရှု လုပ်ပေးခဲ့တဲ့အကြောင်း၊ အနာဂတ်မှာလည်း ယေရှု ထပ်လုပ်ပေးဦးမှာဖြစ်ကြောင်း သူ့ကို ပြောပြလိုက်တယ်။ (ယောဟန် ၅:၂၈၊ ၂၉) “မင်းအဖေနဲ့ ပြန်ဆုံရတယ်လို့ မြင်ယောင်ကြည့်လိုက်။ ငါတို့အားလုံး သာယာလှပတဲ့ ဒီကမ္ဘာကြီးမှာ အမြဲ နေထိုင်ခွင့်ရနိုင်တယ်” လို့ သူ့ကို ပြောပြခဲ့တယ်။ ဒီစကားတွေကို သူကြားတော့ စိတ်ထိမိသွားတယ်။

တခြားအချိန်တွေမှာဆိုရင် ကျွန်တော့်သူငယ်ချင်းက နောက်ဆုံးသောနေ့ရက်တွေ ဒါမှမဟုတ် သုံးပါးပေါင်း[တစ်ပါး]ဆိုတဲ့အကြောင်းအရာတွေ မေးမြန်းတတ်တယ်။ အဲဒီအခါမှာ ကျွန်တော်က ကျမ်းစာယူပြီး ယေဟောဝါဘုရားသခင်၊ ယေရှုနဲ့ နောက်ဆုံးသောနေ့ရက်တွေအကြောင်းပါတဲ့ ကျမ်းချက်တွေ ဖတ်ပြတယ်။ (ယောဟန် ၁၄:၂၈; ၂ တိမောသေ ၃:၁-၅) ယေဟောဝါအကြောင်း သူငယ်ချင်းကို ပြောပြလေလေ၊ ကျွန်တော်လည်း ယေဟောဝါအကြောင်း စဉ်းစားလာလေလေပါပဲ။

ကျွန်တော့်ရင်ထဲမှာ ငုပ်လျှိုးနေတဲ့၊ မိဘတွေ ကြိုးစားသင်ပေးခဲ့တဲ့ ကျမ်းစာအမှန်တရားတွေက တဖြည်းဖြည်း ပြန်လည်နိုးထလာတယ်။ ဥပမာ၊ တစ်ခါတလေ ပါတီပွဲမှာ အပေါင်းအသင်းတွေနဲ့ မူးယစ်ဆေးဝါး သုံးနေတဲ့အခါ ယေဟောဝါဘုရားသခင်အကြောင်း ရုတ်တရက်ဆိုသလို ခေါင်းထဲပေါ်လာတတ်တယ်။ အပေါင်းအသင်းအတော်များများက ဘုရားသခင်ကို ချစ်တယ်လည်းဆိုသေး၊ သူတို့ရဲ့အမူအကျင့်ကတော့ တခြားစီပါပဲ။ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး မဖြစ်ချင်တဲ့အတွက် ယေဟောဝါဆီ ပြန်သွားဖို့ လိုနေပြီဆိုတာ ကျွန်တော် သိလိုက်ရတယ်။

အပြောလွယ်ပေမဲ့ လုပ်ရခက်ပါတယ်။ တချို့ကိစ္စတွေကိုတော့ လုပ်ရတာ လွယ်လွယ်လေးပဲ။ ဥပမာ၊ ဆေးဖြတ်တာ၊ အပေါင်းအသင်းတွေနဲ့ အဆက်ဖြတ်တာတွေက သိပ်မခက်ဘူး။ အဲဒီနောက် ခရစ်ယာန်အကြီးအကဲတစ်ယောက်နဲ့ ကျွန်တော် ကျမ်းစာစလေ့လာတယ်။

ဒါပေမဲ့ တချို့ကိစ္စတွေကျတော့ ပြောင်းလဲရခက်တယ်။ အထူးသဖြင့် ကျွန်တော့်ရဲ့ဒေါသကို ထိန်းချုပ်ဖို့ အရမ်းခက်တယ်။ တစ်ခဏပဲ ထိန်းချုပ်လို့ရတယ်၊ ပြီးရင် ဒုံရင်းက ဒုံရင်းပါပဲ။ ဒေါသထွက်တဲ့အခါတိုင်း အပြစ်ရှိတယ်လို့ ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့လည်း မြင်မိတယ်။ စိတ်ဓာတ်ကျလွန်းလို့ ကျွန်တော့်ကို ကျမ်းစာသင်ပေးတဲ့ အကြီးအကဲ ညီအစ်ကိုဆီသွားပြီး အကူအညီတောင်းခဲ့တယ်။ အမြဲ စိတ်ရှည်ပြီး ကြင်နာတတ်တဲ့ အဲဒီညီအစ်ကိုက အားပေးတတ်တယ်။ တစ်ခါကဆိုရင် လက်လျှော့အရှုံးမပေးဖို့ အရေးကြီးတဲ့အကြောင်းပါတဲ့ ကင်းမျှော်စင်ဆောင်းပါးတစ်ပုဒ် ကျွန်တော့်ကို ဖတ်ခိုင်းတယ်။ * ကျွန်တော် ဒေါသထွက်လာတဲ့အခါ လုပ်ဆောင်ရမယ့် အချက်အလက်တွေကို ဆွေးနွေးကြတယ်။ အဲဒီဆောင်းပါးမှာပါတဲ့ အချက်အလက်တွေကို စွဲမှတ်ထားပြီး ယေဟောဝါဆီ ဆုများများတောင်းတဲ့အခါ ကျွန်တော့်ရဲ့ဒေါသကို တဖြည်းဖြည်း ထိန်းချုပ်လို့ရသွားတယ်။ နောက်ဆုံး ၂၀၀၀ ပြည့်နှစ်၊ ဧပြီလမှာ ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံလိုက်ပါတယ်။ ကျွန်တော့်မိဘတွေ ဘယ်လောက် ဝမ်းသာသွားကြသလဲဆိုတာကိုတော့ ပြောမပြတတ်အောင်ပါပဲ။

အကျိုးကျေးဇူးရရှိခဲ့ပုံ– ကျွန်တော့်ရဲ့ကိုယ်ခန္ဓာက မူးယစ်ဆေးဝါး ဒါမှမဟုတ် အကျင့်ယိုယွင်းမှုနဲ့ ညစ်ညူးမနေတော့ဘူးဆိုတဲ့ အသိစိတ်ကြောင့် စိတ်ငြိမ်သက်မှုရပြီး ကိုယ်ကိုယ်ကိုယ်သိစိတ်ကလည်း ကြည်လင်လာတယ်။ အလုပ်လုပ်တာ၊ အစည်းအဝေးတွေ သွားတက်တာ၊ အပန်းဖြေတာ ဘာကိုပဲလုပ်နေပါစေ အရင်ကထက် ပိုပြီးပျော်ရွှင်လာတယ်။ ဘဝကို အပြုသဘောနဲ့လည်း ရှုမြင်တတ်လာတယ်။

ကျွန်တော့်ကို လက်မြှောက်အရှုံးမပေးဘဲ အမြဲ ကူညီပေးခဲ့တဲ့ မိဘတွေအတွက် ယေဟောဝါဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ “ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင် မည်သူမျှ ငါ့ထံသို့ မလာနိုင်” ဆိုတဲ့ ယေရှုပြောခဲ့တဲ့စကားကို ကျွန်တော် စဉ်းစားကြည့်တဲ့အခါ နားလည်လိုက်ရတာကတော့ ဘုရားသခင်သွေးဆောင်လို့သာ ကျွန်တော် ပြန်လှည့်လာနိုင်ခဲ့တယ် ဆိုတာကိုပါ။—ယောဟန် ၆:၄၄

“အဖေတစ်ယောက် လိုချင်လိုက်တာ”—မာကို အန်ထိုနီယို အာလ်ဗာရက်ဇ် ဆိုတို

မွေးဖွားတဲ့နှစ်– ၁၉၇၇

နေရင်းနိုင်ငံ– ချီလီ

နောက်ခံ– အပြင်းစားရော့ခ်ဂီတသမား

အတိတ်– ကျွန်တော်က အမေ့လက်အောက်မှာပဲ ကြီးပြင်းလာခဲ့တဲ့သူပါ။ ကျွန်တော်တို့နေတာကတော့ တောင်အမေရိကတိုက်ရဲ့ တောင်ဘက်စွန်းပိုင်းနားမှာရှိတဲ့ မက်ဂျဲလန်ရေလက်ကြားပေါ်က သာယာလှပတဲ့ ပွန်တာ အရီနာစ်မြို့မှာ ဖြစ်ပါတယ်။ ကျွန်တော်အသက် ငါးနှစ်သားအရွယ်မှာ မိဘတွေ ခွဲနေလိုက်တဲ့အတွက် စွန့်ပစ်ခံရတယ်လို့ ခံစားလိုက်ရတယ်။ အဖေငတ်ခဲ့ရတဲ့အတွက် အဖေတစ်ယောက် အရမ်းလိုချင်နေတယ်။

အမေဟာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာပြီး ကျွန်တော့်ကို သူတို့ရဲ့ ဝတ်ပြုရာစည်းဝေးခန်းမကို ခေါ်သွားတယ်။ ဒါပေမဲ့ အဲဒီနေရာကို ကျွန်တော် မသွားချင်တဲ့အတွက် မကြာခဏဆိုသလို ဝုန်းဒိုင်းကြဲတတ်တယ်။ အသက် ၁၃ နှစ်အရွယ်မှာ ကျွန်တော် စည်းဝေးလုံးဝမတက်တော့ဘူး။

အဲဒီအချိန်မှာ ကျွန်တော် ဂီတကို မြတ်နိုးလာတယ်။ ဂီတမှာ ပါရမီရှိနေတယ်လို့လည်း ခံစားလာရတယ်။ အသက် ၁၅ နှစ်အရွယ်ရောက်တော့ ပွဲတော်တွေ၊ အရက်ဘားဆိုင်တွေ၊ သီးသန့်စုဆုံပွဲတွေမှာ အပြင်းစားရော့ခ်ဂီတအဖွဲ့နဲ့အတူ တီးခတ်နေပြီ။ ပါရမီထူးချွန်တဲ့ ဂီတသမားတွေနဲ့ ပေါင်းသင်းတဲ့အတွက် ဂန္ထဝင်တေးဂီတကို ကျွန်တော် စိတ်ဝင်စားလာခဲ့တယ်။ ဒါနဲ့ အနုပညာကျောင်းတစ်ကျောင်းမှာ ဂီတပညာကို ဆည်းပူးခဲ့တယ်။ အသက် ၂၀ အရွယ်ရောက်တော့ စန်တီယာဂိုမြို့ကို ပြောင်းသွားပြီး အဲဒီမှာ ဂီတပညာကို ထပ်ဆင့်ဆည်းပူးခဲ့တယ်။ ပြီးတော့ အပြင်းစားရော့ခ်ဂီတအဖွဲ့တွေနဲ့ ဆက်တီးခတ်ခဲ့တယ်။

ဒါပေမဲ့ ကျွန်တော့်ရင်ထဲမှာ တစ်ချိန်လုံး ဟာတာတာကြီးဖြစ်နေတယ်။ အဲဒီလိုဖြစ်နေတာကို ဖြေဖျောက်ဖို့ ကြိုးစားတဲ့အနေနဲ့ အရက်ကို မူးအောင်သောက်တယ်၊ မူးယစ်ဆေးဝါးတွေ သုံးစွဲတယ်။ ဒါတွေကို ကျွန်တော့်မိသားစုလို သတ်မှတ်ထားတဲ့ တီးဝိုင်းအဖွဲ့သား သုံးယောက်နဲ့ လုပ်ခဲ့တာ။ ကျွန်တော့်မှာ ဂျစ်ကန်ကန်လုပ်တတ်တဲ့စိတ် ရှိတယ်ဆိုတာကို ကျွန်တော့်ရဲ့အသွင်အပြင်က ဖော်ပြနေတယ်။ အနက်ရောင်ဝတ်စုံတွေဝတ်၊ မုတ်ဆိတ်မွေး ရှည်ရှည်ထား၊ ဆံပင်ကိုလည်း ခါးနားအထိရောက်အောင် အရှည်ထားတယ်။

ကျွန်တော့်ရဲ့စိတ်ဓာတ်ကြောင့် ခဏခဏ ရန်ပွဲတွေဖြစ်လို့ ရဲတွေနဲ့ ရှင်းရပြုရတာလည်း အကြိမ်ကြိမ်ပဲ။ တစ်ကြိမ်မှာ ကျွန်တော် အမူးလွန်နေတုန်း ကျွန်တော်အပါအဝင် အပေါင်းအသင်းတွေကို စိတ်အနှောင့်အယှက်ပေးနေတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ အုပ်စုတစ်စုနဲ့ ရန်ဖြစ်ကြတယ်။ အဲဒီရန်ပွဲမှာ ကျွန်တော် မေးရိုးကျိုးသွားတဲ့အထိ အရိုက်ခံလိုက်ရတယ်။

ဒါပေမဲ့ ကျွန်တော် ပိုစိတ်ထိခိုက်ရတာကတော့ အနီးကပ်ပေါင်းသင်းနေတဲ့ လူရင်းတွေကြောင့်ပဲ။ ကျွန်တော့်ရည်းစားက ကျွန်တော့်အချစ်ဆုံး သူငယ်ချင်းနဲ့ ချစ်ကြိုးသွယ်နေတာ နှစ်များစွာ ကြာနေတဲ့အပြင် ဒါကို အပေါင်းအသင်းအားလုံးက ဝိုင်းဖုံးဖိထားတယ်ဆိုတဲ့ အဖြစ်မှန်ကို တစ်ရက်မှာ ကျွန်တော် သိလိုက်ရတယ်။ ဒီအတွက်နဲ့ ကျွန်တော် ယူကျုံးမရဖြစ်ခဲ့ရတယ်။

ဒီလိုနဲ့ ပွန်တာ အရီနာစ်မြို့ကို ပြန်လာပြီး ဂီတသင်တန်းပေးတယ်၊ တယောကြီးထိုးတဲ့သူအဖြစ် အသက်မွေးတယ်။ ဒါ့အပြင် အပြင်းစားရော့ခ်ဂီတအဖွဲ့တွေနဲ့ ဆက်တီးတယ်၊ အသံသွင်းတယ်။ ဆူဇန်လို့ခေါ်တဲ့ မိန်းမလှလေးတစ်ယောက်နဲ့လည်း ဆုံမိပြီး လက်မထပ်ဘဲ အတူနေထိုင်ကြတယ်။ မကြာခင်မှာပဲ ဆူဇန်ဟာ သုံးပါးပေါင်း[တစ်ပါး]ကို သူ့အမေယုံကြည်သလို ကျွန်တော် မယုံကြည်ဘူးဆိုတာကို သိသွားတယ်။ ဒါနဲ့ သူက “ဘယ်ဟာက အမှန်လဲ” ဆိုပြီး ကျွန်တော့်ကို မေးတယ်။ သုံးပါးပေါင်း[တစ်ပါး]အယူဝါဒက မှားနေတာကို ကျွန်တော် သိထားပေမဲ့ ကျမ်းစာနဲ့ သက်သေမပြတတ်ဘူးလို့ ပြောလိုက်တယ်။ ဒါပေမဲ့ ဘယ်သူတွေ သက်သေပြနိုင်တယ်ဆိုတာ ကျွန်တော် သိထားတယ်။ ဒါနဲ့ ဘယ်ဟာမှန်လဲဆိုတာကို ယေဟောဝါသက်သေတွေက ကျမ်းစာနဲ့ သက်သေပြနိုင်တယ်ဆိုပြီး ဆူဇန်ကို ပြောပြလိုက်တယ်။ အဲဒီနောက် နှစ်ပေါင်းများစွာ မလုပ်မိတဲ့အရာတစ်ခုကို ကျွန်တော် လုပ်လိုက်တယ်။ အဲဒါကတော့ ဘုရားသခင်ဆီ ဆုတောင်းပြီး အကူအညီတောင်းခံလိုက်တာပဲ။

ရက်အနည်းငယ် ကြာပြီးတဲ့နောက် ကျွန်တော့်စိတ်ထဲမှာ ရင်းနှီးသလိုလို ခံစားရတဲ့ လူတစ်ယောက်ကို တွေ့သွားပြီး သူ့ကို ယေဟောဝါသက်သေလားလို့ မေးလိုက်တယ်။ ကျွန်တော့်ပုံစံကိုကြည့်ပြီး သူ ကြောက်နေတာ သိသာပေမဲ့လည်း အစည်းအဝေးတွေ ဘယ်မှာကျင်းပသလဲဆိုပြီး မေးလိုက်တော့ သူ ကောင်းကောင်းပြန်ဖြေပါတယ်။ ဒီလိုတွေ့ဆုံမှုက ကျွန်တော့်ဆုတောင်းချက်ရဲ့ အဖြေပဲဆိုတာ ယုံကြည်တယ်။ ဒါနဲ့ ဝတ်ပြုရာခန်းမကို သွားလိုက်ပြီး ဘယ်သူမှ မရိပ်မိအောင် နောက်ဆုံးတန်းက ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်တယ်။ ဒါပေမဲ့ ကလေးဘဝတုန်းက အစည်းအဝေးတွေ တက်ခဲ့ဖူးတဲ့ ကျွန်တော့်ကို လူအတော်များများက မှတ်မိနေကြတယ်။ ကျွန်တော့်ကို ဖက်လဲတကင်းနဲ့ ပွေ့ဖက်ကြိုဆိုကြတဲ့အတွက် အေးမြတဲ့မေတ္တာကို ခံစားလိုက်ရတယ်။ ကိုယ့်အိမ်ကို ပြန်ရောက်လာသလိုမျိုး ခံစားလိုက်ရတယ်ဗျာ။ ငယ်ငယ်တုန်းက ကျွန်တော့်ကို ကျမ်းစာသင်ပေးဖူးတဲ့သူကိုလည်းတွေ့ရော ကျမ်းစာပြန်သင်ပေးပါလို့ သူ့ကို တောင်းဆိုလိုက်တယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ- “ငါ့သား၊ ပညာရှိလော့။ . . . ငါ့စိတ်ကို ရွှင်လန်းစေလော့” ဆိုတဲ့ ကျမ်းချက်တစ်ချက်ကို တစ်ရက်မှာ ကျွန်တော် ဖတ်မိလိုက်တယ်။ (သု. ၂၇:၁၁) နိမ့်ကျတဲ့ လူသားတစ်ယောက်က စကြဝဠာဖန်ဆင်းရှင်ရဲ့ စိတ်တော်ကို ရွှင်လန်းစေနိုင်ပါလားဆိုပြီး ကျွန်တော် နက်နက်နဲနဲ တွေးမိတယ်။ ယေဟောဝါဟာ ကျွန်တော် တစ်သက်လုံး ရှာဖွေနေတဲ့ ဖခင်လို ပုဂ္ဂိုလ်မျိုးဖြစ်တယ်ဆိုတာ သဘောပေါက်သွားပါပြီ။

ယေဟောဝါရဲ့စိတ်တော်နဲ့ တွေ့ချင်တယ်၊ ယေဟောဝါရဲ့အလိုတော်အတိုင်း လုပ်ဆောင်ချင်တဲ့ ဆန္ဒရှိပေမဲ့ ကျွန်တော်က နှစ်ပေါင်းများစွာ မူးယစ်ဆေးဝါးနဲ့ အရက်ကို စွဲလာခဲ့တဲ့သူလေ။ “မည်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်” ဆိုတဲ့ ယေရှုရဲ့စကားကို တဖြည်းဖြည်း သဘောပေါက်လာတယ်။ (မဿဲ ၆:၂၄) ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတုန်း “မကောင်းသော အပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်၏” ဆိုတဲ့ ကျမ်းစကားက ကျွန်တော့်အရှိုက်ကို ထိသွားတယ်ဗျ။ (၁ ကောရိန္သု ၁၅:၃၃) သွားနေကျနေရာ၊ ပေါင်းနေကျလူတွေနဲ့ အဆက်မဖြတ်နိုင်သရွေ့ကတော့ အကျင့်ဆိုးတွေ ပျောက်မှာမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ ဒါနဲ့ ကျမ်းစာဆုံးမစကားအတိုင်း ကျွန်တော့်အတွက် အတားအဆီးဖြစ်နေတဲ့အရာတွေကို ကျောခိုင်းစွန့်ခွာလာခဲ့ပါတယ်။—မဿဲ ၅:၃၀

ဂီတကို အရူးအမူးဖြစ်နေတဲ့ ကျွန်တော့်အတွက် အပြင်းစားရော့ခ်ဂီတကို စွန့်လွှတ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်က ချခဲ့သမျှ ဆုံးဖြတ်ချက်တွေထဲမှာ အခက်ဆုံးပဲ။ ဒါပေမဲ့ အသင်းတော်မှာရှိတဲ့ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ ဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်။ အရက်ကို မူးရူးတဲ့အထိ မသောက်တော့ဘူး။ မူးယစ်ဆေးဝါးလည်း မသုံးတော့ဘူး။ ဒါ့အပြင် ကျွန်တော့်ဆံပင်ရှည်ကို ဖြတ်၊ မုတ်ဆိတ်မွေးတွေ ရိတ်ပစ်၊ အနက်ရောင်ဝတ်စုံပဲ ဝတ်စားတတ်တဲ့အကျင့်ကိုလည်း ဖျောက်ပစ်လိုက်တယ်။ ကျွန်တော် ဆံပင်ညှပ်ချင်တဲ့အကြောင်း ဆူဇန်ကို ပြောပြတော့ ဝတ်ပြုရာခန်းမမှာ ကျွန်တော် ဘာများဖြစ်လာခဲ့သလဲဆိုပြီး သူအရမ်းသိချင်လာတယ်။ ဒါနဲ့ “ကျွန်မလည်း ရှင်နဲ့အတူ အဲဒီဝတ်ပြုရာခန်းမကို လိုက်လေ့လာချင်တယ်” ဆိုပြီး ပြောလာတယ်။ ဝတ်ပြုရာခန်းမကိုလည်း ရောက်ရော သူတွေ့မြင်ရာတွေကို သဘောကျသွားပြီး မကြာခင်မှာ သူလည်းပဲ ကျမ်းစာ စလေ့လာတော့တယ်။ နောက်ဆုံးမှာ ကျွန်တော်တို့နှစ်ယောက် လက်ထပ်လိုက်ကြတယ်။ ၂၀၀၈ ခုနှစ်ရောက်တော့ ကျွန်တော်တို့နှစ်ယောက်စလုံး ယေဟောဝါသက်သေတွေအဖြစ် နှစ်ခြင်းခံလိုက်ပါတယ်။ အမေနဲ့အတူ ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ အရမ်းဝမ်းသာတယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ- ပျော်ရွှင်မှုအတုအယောင်နဲ့ သစ္စာမဲ့တဲ့ အပေါင်းအသင်းတွေရဲ့လက်ကနေ ကျွန်တော် လွတ်မြောက်လာခဲ့ပါတယ်။ တေးဂီတကို ကျွန်တော် မြတ်နိုးနေဆဲဖြစ်ပေမဲ့ ရွေးချယ်တတ်လာပါပြီ။ မိသားစုဝင်တွေနဲ့ တခြားသူတွေ၊ အထူးသဖြင့် လူငယ်တွေ အကျိုးရအောင်ဆိုပြီး ကျွန်တော့်ရဲ့ အတွေ့အကြုံတွေ ဝေမျှတယ်။ ဒီလောက ကမ်းလှမ်းတဲ့အရာ အများစုက စွဲမက်စရာကောင်းပုံရပေမဲ့ အဆုံးမှာတော့ အဲဒီအရာတွေက “အမှိုက်သရိုက်” တွေပဲဆိုတာ သူတို့တွေကို သိမြင်စေချင်တယ်။—ဖိလိပ္ပိ ၃:၈

စစ်မှန်တဲ့မေတ္တာနဲ့ လွှမ်းခြုံထားပြီး အေးချမ်းလှတဲ့ ခရစ်ယာန်အသင်းတော်မှာ မိတ်ဆွေစစ်တွေ ကျွန်တော် ရရှိခဲ့ပါတယ်။ အဲဒါတွေထက် ယေဟောဝါဘုရားသခင်နဲ့ ရင်းနှီးခွင့်ရလိုက်တဲ့အတွက် ကျွန်တော့်အဖေကို ရှာတွေ့သွားပါပြီ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 ၂၀၀၀၊ ဖေဖေါ်ဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၄-၆ မှာပါတဲ့ “ဇွဲရှိခြင်းဖြင့် အောင်မြင်” ဆောင်းပါးဖြစ်ပါတယ်။

[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]

“ကျွန်တော့်ကို ယေဟောဝါသွေးဆောင်လို့ ပြန်လှည့်လာနိုင်ခဲ့တာ”