မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ

သူ ကာကွယ်ပေးခဲ့၊ ကျွေးမွေးစောင့်ရှောက်ခဲ့၊ သေတဲ့အထိ ဦးစီးခဲ့

သူ ကာကွယ်ပေးခဲ့၊ ကျွေးမွေးစောင့်ရှောက်ခဲ့၊ သေတဲ့အထိ ဦးစီးခဲ့

ယောသပ်ဟာ မြည်းကျောပေါ်ကို ပစ္စည်းနောက်တစ်ခု ပစ်တင်လိုက်တယ်။ အမှောင်ထုကြီးစိုးနေတဲ့ ဘက်သလီဟင်မြို့ (ဗက်လင်မြို့လို့လည်းခေါ်) ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး သန်မာတဲ့ ဝန်တင်တိရစ္ဆာန်ရဲ့တင်ပါးကို ပုတ်ပေးနေတဲ့ ယောသပ်ကို မြင်ယောင်ကြည့်လိုက်ပါ။ ရှေ့ဆက်ရမယ့် ခရီးရှည်ကြီးအကြောင်း သူစဉ်းစားနေမှာ သေချာတယ်။ အီဂျစ်ပြည်ကို ခရီးဆန့်ရမှာပါလား။ လူမျိုးမတူ၊ ဘာသာစကားမတူ၊ ယဉ်ကျေးမှုမတူတဲ့ ပတ်ဝန်းကျင်မှာ ယောသပ်တို့မိသားစု အံဝင်ခွင်ကျပါ့မလား။

ယောသပ်အတွက် ချစ်ဇနီး မာရိကို သတင်းဆိုးပြောပြဖို့ဆိုတာ မလွယ်ပေမဲ့ ရဲဆေးတင်ပြီး ပြောပြလိုက်ပါတယ်။ ဘုရင်ဟေရုဒ်က သူတို့ရဲ့သားလေးကို သတ်ချင်နေတဲ့အကြောင်း ဘုရားသခင် စေလွှတ်လိုက်တဲ့ ကောင်းကင်တမန်တစ်ဦးက သူ့ကို အိပ်မက်ထဲမှာ လာပြောတယ်ဆိုပြီး မာရိကို ပြောပြလိုက်တယ်။ ဒါကြောင့် အမြန်ထွက်ပြေးမှ ဖြစ်တော့မယ်။ (မဿဲ ၂:၁၃၊ ၁၄) မာရိ ရင်ထဲ ဗလောင်ဆူသွားတယ်။ အန္တရာယ်မပေးတတ်တဲ့ အပြစ်မဲ့ သားလေးကို ဘာဖြစ်လို့ သတ်ချင်နေရတာလဲ။ မာရိရော ယောသပ်ပါ နားမလည်နိုင်အောင် ဖြစ်သွားတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်ကို သူတို့ ယုံကြည်စိတ်ချတဲ့အတွက် အဆင်သင့်လုပ်ထားလိုက်ပါတယ်။

ခုနကကိစ္စတွေကို ဘာမှမသိရှာတဲ့ ဘက်သလီဟင်မြို့သားတွေ အိပ်မောကျနေတဲ့အချိန်မှာ ယောသပ်၊ မာရိနဲ့ ယေရှုတို့ဟာ ညအမှောင်ထုထဲကနေ တိတ်တိတ်လေးနဲ့ မြန်မြန် ထွက်ခွာခဲ့ကြပါတယ်။ မြို့ရဲ့ တောင်ဘက်ပိုင်းကို ဦးတည်သွားနေတဲ့အချိန်မှာ အရှေ့မိုးကုပ်စက်ဝိုင်းက လင်းစပြုလာပြီ။ ရှေ့ဆက် ဘာတွေ ကြုံရမလဲဆိုပြီး ယောသပ် စဉ်းစားနေပါလိမ့်မယ်။ ဆင်းရဲနုံချာတဲ့ လက်သမားဟာ သူ့ရဲ့မိသားစုကို ဩဇာအာဏာကြီးမားတဲ့သူတွေရဲ့ လက်ကနေ ဘယ်လိုလုပ် ကာကွယ်ပေးနိုင်မှာလဲ။ သူ့ကိုယ်ပိုင်အစွမ်းအစနဲ့ အမြဲ ကာကွယ်ပေးနိုင်မှာလား။ ယေဟောဝါဘုရားသခင်ဆီက ရရှိထားတဲ့ ဒီထူးခြားတဲ့ကလေးကို ပြုစုပျိုးထောင်ရမယ့် ကြီးလေးတဲ့တာဝန်ကို အဆုံးထိ သူ ဆက်ထမ်းဆောင်နိုင်ပါ့မလား။ ယောသပ် ရင်ဆိုင်ရမယ့် အခက်အခဲတွေကတော့ စိုးရွံ့ဖွယ်အတိပါပဲ။ အဲဒီအခက်အခဲ တစ်ခုချင်းစီကို သူ ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားသလဲဆိုတာ လေ့လာသုံးသပ်ကြည့်လိုက်တဲ့အခါ ကနေ့ခေတ်မှာရှိတဲ့ ဖခင်တွေနဲ့ ကျွန်ုပ်တို့အားလုံး ယောသပ်ရဲ့ယုံကြည်ခြင်းကို ဘာကြောင့် တုပဖို့လိုတယ်ဆိုတာ သိမြင်လာပါလိမ့်မယ်။

မိသားစုကို ယောသပ် ကာကွယ်ပေးခဲ့

အစောပိုင်း လအနည်းငယ်လောက်က နာဇရက်မြို့သား ယောသပ်ဟာ ဧလိရဲ့သမီးနဲ့ စေ့စပ်လိုက်ပြီးတဲ့နောက် သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားပါတော့တယ်။ မာရိဟာ အပြစ်ဆိုစရာမရှိတဲ့ သစ္စာရှိအမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုတာ ယောသပ် သိရှိထားပါတယ်။ ဒါပေမဲ့ အခုတော့ မာရိမှာ ကိုယ်ဝန်ရှိနေတယ်ဆိုပါလား။ ဒါနဲ့ မာရိ အရှက်တကွဲ အကျိုးနည်းမဖြစ်ရလေအောင် တိတ်တဆိတ် ကွာရှင်းလိုက်မယ်လို့ ယောသပ် စိတ်ကူးလိုက်တယ်။ * ဒါပေမဲ့ မာရိဟာ ယေဟောဝါရဲ့ သန့်ရှင်းသောစွမ်းအားတော်ကြောင့် ကိုယ်ဝန်ရသွားတာလို့ ကောင်းကင်တမန်တစ်ဦးက ယောသပ်ကို အိပ်မက်ထဲမှာ ပြောပြလိုက်ပါတယ်။ မွေးလာမယ့်ကလေးက “သူ၏လူမျိုးကို အပြစ်တရားမှ ကယ်တင်” ပေးမယ်ဆိုပြီး ကောင်းကင်တမန်က ဆက်ပြောတယ်။ ယောသပ် ယုံကြည်စိတ်ချရအောင် “သင်၏ဇနီး မာရိကို အိမ်သို့ခေါ်သွားရန် မစိုးရိမ်နှင့်” လို့လည်း ထပ်ပြောလိုက်ပါသေးတယ်။—မဿဲ ၁:၁၈-၂၁

ဖြောင့်မတ်တည်ကြည်ပြီး နာခံမှုရှိတဲ့ ယောသပ်ဟာ ပြောတဲ့အတိုင်း လုပ်ခဲ့ပါတယ်။ ကိုယ့်သွေးမဟုတ်ပေမဲ့ ဘုရားသခင်အတွက် အဖိုးထိုက်ဆုံးရတနာလို့ပြောနိုင်တဲ့ သားလေးကို ပြုစုစောင့်ရှောက်ဖို့ တာဝန်ယူလိုက်တယ်။ အဲဒါက ယောသပ်အတွက် အကြီးတကာ့အကြီးမားဆုံး တာဝန်တစ်ခုပါပဲ။ နောက်ပိုင်းမှာ ယောသပ်ဟာ မှတ်ပုံတင်ရမယ်ဆိုတဲ့ ဘုရင့်အမိန့်ကြောင့် ကိုယ်ဝန်ဆောင် ဇနီးသည်ကိုခေါ်ပြီး ဘက်သလီဟင်မြို့ကို ထွက်သွားလိုက်တယ်။ အဲဒီမှာပဲ ကလေးကို မွေးဖွားခဲ့ပါတယ်။ *

ယောသပ်ဟာ နာဇရက်မြို့ကို နောက်ကြောင်းပြန်မလှည့်တော့ပါဘူး။ ဂျေရုဆလင်မြို့နဲ့ သိပ်မဝေးတဲ့ ဘက်သလီဟင်မြို့မှာပဲ အခြေချလိုက်ပါတယ်။ သူတို့မိသားစုက ဆင်းရဲနွမ်းပါးကြတယ်။ ဒါပေမဲ့ မာရိနဲ့ ယေရှုရဲ့လိုအပ်ရာတွေကို ယောသပ် အစွမ်းကုန် ဖြည့်ဆည်းပေးပြီး အစွမ်းကုန် ကာကွယ်ပေးခဲ့ပါတယ်။ သိပ်မကြာပါဘူး၊ အိမ်လေးတစ်လုံးမှာ သူတို့နေထိုင်လို့ရသွားတယ်။ အဲဒီနောက် ယေရှု တစ်နှစ်ကျော်ကျော် အရွယ်ရောက်တော့ သူတို့ရဲ့မိသားစုဘဝ ရုတ်တရက် ပြောင်းလဲသွားပြန်တယ်။

ဗာဗုလုန်တိုင်းပြည်ကဖြစ်နိုင်တဲ့ အလွန်ဝေးလံတဲ့ အရှေ့တိုင်းက နက္ခတ်ဗေဒင်ဆရာတွေ ရောက်လာကြတယ်။ သူတို့တွေဟာ ကြယ်တစ်လုံးရဲ့နောက်ကိုလိုက်ရင်း ယောသပ်နဲ့မာရိတို့နေတဲ့ အိမ်ကို ရောက်သွားကြတယ်။ ဒါနဲ့ သူတို့ရှာနေတဲ့ ဂျူးတွေရဲ့ဘုရင် ဖြစ်လာမယ့်ကလေးကို တွေ့သွားကြတာပေါ့။ အဲဒီနက္ခတ်ဗေဒင်ဆရာတွေက လေးလေးစားစား ဆက်ဆံတတ်သူတွေ ဖြစ်ကြတယ်။

ဖြစ်ချင်တော့ နက္ခတ်ဗေဒင်ဆရာတွေဟာ ကလေးကို မထင်မမှတ်ဘဲ သေတွင်းထဲ ပို့လိုက်ကြပါပြီ။ ဘာကြောင့်လဲဆိုတော့ အစပိုင်းမှာ ကြယ်က သူတို့ကို ယောသပ်တို့ရှိတဲ့ ဘက်သလီဟင်မြို့ကိုမဟုတ်ဘဲ ဂျေရုဆလင်မြို့ကို ဦးတည်ခေါ်သွားခဲ့လို့ပဲ။ အဲဒီကိုရောက်တော့ ဂျူးတွေရဲ့ဘုရင်ဖြစ်လာမယ့် ကလေးကို သူတို့ရှာဖွေနေတဲ့အကြောင်း ဘုရင်ဟေရုဒ်ကို ပြောပြကြတယ်။ အဲဒီလိုပြောလိုက်တာက ဘုရင်ကို မနာလိုတဲ့စိတ်တွေ ဖြစ်ပေါ်လာစေတယ်။—စာမျက်နှာ ၂၉ မှာရှိတဲ့ “စာရှုသူများအမေး—‘ကြယ်’ ကို ဘယ်သူ စေလွှတ်တာလဲ” ဆိုတဲ့ ဆောင်းပါးကို ဖတ်ကြည့်ပါ။

ဒါပေမဲ့ ဝမ်းသာစရာက ဘုရင်ဟေရုဒ်ထက် ပိုပြီးတန်ခိုးကြီးတဲ့ပုဂ္ဂိုလ် ရှိနေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဧည့်သည်တွေက “ရွှေ၊ လောဗန်၊ မုရန်” တွေပါတဲ့ လက်ဆောင်တွေ လာပေးတော့ ယောသပ်နဲ့မာရိတို့ အရမ်းအံ့သြသွားတယ်။ ပြီးတဲ့နောက် နက္ခတ်ဗေဒင်ဆရာတွေ နောက်ကြောင်းပြန်လှည့်သွားတယ်၊ ကလေးကို ဘယ်နေရာမှာ ရှာတွေ့ပြီဆိုတာလောက်ပဲ ဘုရင်ကို ပြောပြဖို့ပါ။ ဒါပေမဲ့ ယေဟောဝါ ကြားဝင်ခဲ့ပါတယ်။ နက္ခတ်ဗေဒင်ဆရာတွေကို တခြားလမ်းကနေ အိမ်ပြန်ကြဖို့ အိပ်မက်ကနေတစ်ဆင့် ယေဟောဝါ ညွှန်ကြားခဲ့ပါတယ်။—မဿဲ ၂:၁-၁၂

နက္ခတ်ဗေဒင်ဆရာတွေ ပြန်သွားပြီး သိပ်မကြာခင်မှာပဲ ယေဟောဝါရဲ့ ကောင်းကင်တမန်က ယောသပ်ကို ဒီလိုသတိပေးတယ်– “ထလော့။ သူငယ်နှင့်မိခင်ကို ခေါ်၍ အီဂျစ်ပြည်သို့ ထွက်ပြေးလော့။ ငါမမှာမချင်း ထိုအရပ်တွင် နေလော့။ အကြောင်းမူကား ဟေရုဒ်သည် သူငယ်ကိုသတ်ရန် ရှာလိမ့်မည်။” (မဿဲ ၂:၁၃) ဒါကြောင့် ဒီဆောင်းပါးအစမှာ ဖတ်ခဲ့ရတဲ့အတိုင်း ယောသပ် ချက်ချင်း လိုက်နာခဲ့တယ်။ ကလေး ဘေးကင်းဖို့က အဓိကဖြစ်နေတဲ့အတွက် သူတို့မိသားစု အီဂျစ်ပြည်ကို ထွက်ခဲ့ပါတယ်။ သူတို့မှာ နက္ခတ်ဗေဒင်ဆရာတွေ ပေးသွားတဲ့ တန်ဖိုးကြီးလက်ဆောင်တွေ ရှိနေတဲ့အတွက်လည်း တခြားတိုင်းပြည်မှာ နေဖို့ထိုင်ဖို့ စရိတ်ကာမိမှာပါ။

အီဂျစ်ပြည်ခရီးနဲ့ပတ်သက်ပြီး သူငယ်ယေရှုက ခရီးတိုအောင် လုပ်ပေးလိုက်တယ်၊ တောပုန်းဓားပြတွေက အန္တရာယ်မပေးဘူး၊ မာရိ စွန်ပလွံသီး ခူးစားလို့ရအောင် စွန်ပလွံကိုင်းကိုတောင် ကိုင်းညွတ်ပေးလိုက်သေးတယ်ဆိုပြီး အပေါခရစ်ဖယ် ခရစ်ဝင်ကျမ်းတွေမှာ အမွှမ်းတင်ထားတယ်။ * တကယ်ဆိုရင် ယောသပ်မိသားစုဟာ အကျွမ်းတဝင်မရှိတဲ့နေရာကို ခြေကျင်ခရီးကြမ်းရှည်ကြီး နှင်ခဲ့ကြတာပါ။

မိဘများ ယောသပ်ဆီကနေ အများကြီး သင်ယူနိုင်ပါတယ်။ ယောသပ်ဟာ သူ့အလုပ်တွေကို ဘေးချိတ်၊ အနစ်နာခံပြီး မိသားစုကို အန္တရာယ်ကနေ ကာကွယ်ပေးခဲ့တယ်။ မိသားစုကို ဘုရားသခင်ပေးထားတဲ့ မြင့်မြတ်တဲ့အရာအဖြစ် သူရှုမြင်ခဲ့တယ်ဆိုတာ ရှင်းနေပါတယ်။ ကနေ့ မိဘတွေလည်း ငယ်ရွယ်သူတွေကို အန္တရာယ်ပေးတဲ့၊ အကျင့်ပျက်စေတဲ့၊ ဖျက်ဆီးနေတဲ့သူတွေ များပြားလှတဲ့ ဒီခေတ်ကြီးမှာ ကိုယ့်သားသမီးတွေကို ပြုစုစောင့်ရှောက်နေရပါတယ်။ အဲဒီလိုလူတွေရဲ့ရန်ကနေ သားသမီးတွေကို ကြိုးစားကာကွယ်ပေးနေတဲ့၊ ယောသပ်လို သတိပညာရှိရှိ ပြုမူလုပ်ဆောင်နေတဲ့ မိဘတွေဟာ အလွန်လေးစားခံထိုက်ပါတယ်။

မိသားစုကို ယောသပ် ကျွေးမွေးပြုစုခဲ့

ယောသပ်တို့မိသားစုဟာ အီဂျစ်ပြည်မှာ ကြာကြာနေတဲ့ပုံမရပါဘူး။ အကြောင်းကတော့ ဘုရင်ဟေရုဒ် သေပြီဆိုတဲ့သတင်း ယောသပ်ကို ကောင်းကင်တမန် လာပြောလို့ပါပဲ။ ဒီလိုနဲ့၊ ယောသပ်တို့မိသားစု နေရင်းတိုင်းပြည်ကို ပြန်သွားခဲ့တယ်။ ယေဟောဝါဘုရားသခင်က သူ့သားကို “အီဂျစ်ပြည်” ကနေ ခေါ်ခဲ့မယ်ဆိုပြီး ကြာမြင့်စွာကတည်းက ကြိုပြောထားပါတယ်။ (မဿဲ ၂:၁၅) ကြိုပြောထားတာကို ယောသပ်ပြည့်စုံစေခဲ့ပါတယ်၊ ဒါပေမဲ့ မိသားစုကို ယောသပ် ဘယ်နေရာ ခေါ်သွားရမှာလဲ။

ယောသပ်က သတိရှိတဲ့သူဖြစ်တယ်။ ဟေရုဒ်နေရာကို ဆက်ခံတဲ့ အာခေလလည်း အလွန်ရက်စက်ကြမ်းကြုတ်တဲ့သူ ဖြစ်တဲ့အတွက် ယောသပ် စိုးရိမ်ခဲ့တယ်။ ဘုရားသခင်ရဲ့လမ်းညွှန်မှုကြောင့် မသမာမှုတွေများလှတဲ့ ဂျေရုဆလင်မြို့နဲ့ဝေးရာ၊ မြောက်ဘက်မှာရှိတဲ့ ဂါလိလဲပြည်က မွေးရပ်မြေ နာဇရက်မြို့ကို ယောသပ်တို့မိသားစု ထွက်ခွာလာခဲ့ကြတယ်။ အဲဒီမြို့မှာပဲ ယောသပ်နဲ့မာရိတို့ဟာ မိသားစုကို ကျွေးမွေးပြုစုခဲ့ကြပါတယ်။—မဿဲ ၂:၁၉-၂၃

သူတို့ဟာ ရိုးရှင်းတဲ့ဘဝနဲ့ နေထိုင်တယ်ဆိုပေမဲ့လည်း အဆင်ပြေလှတာတော့ မဟုတ်ပါဘူး။ သမ္မာကျမ်းစာမှာ ယောသပ်ကို လက်သမားလို့ ဖော်ပြထားတယ်။ လက်သမားဖြစ်တဲ့အတွက် သစ်ခုတ်တာ၊ ခုတ်ပြီးသား သစ်တွေကို ဆွဲယူလာတာ၊ အိမ်၊ လှေ၊ တံတား၊ လှည်း၊ ဘီး၊ ထမ်းပိုးနဲ့ လယ်ယာသုံးပစ္စည်း မျိုးစုံလုပ်ဖို့အတွက် သစ်တွေကို အသားသေအောင် ပြုလုပ်တာ စသဖြင့် အမျိုးမျိုး လုပ်ကိုင်ရပါတယ်။ (မဿဲ ၁၃:၅၅) အဲဒီအလုပ်က တကယ်ပင်ပန်းတဲ့ အလုပ်ပါပဲ။ ရှေးခေတ်က လက်သမားတွေဟာ ကိုယ့်အိမ်အဝင်ဝနားမှာ ဒါမှမဟုတ် အိမ်နဲ့ကပ်လျက်ဆိုင်မှာ အလုပ်လုပ်လေ့ရှိပါတယ်။

ယောသပ်ဟာ ကိရိယာတန်ဆာပလာမျိုးစုံ အသုံးပြုခဲ့ရပါတယ်။ တချို့ကိရိယာတွေက ဖခင်ဖြစ်သူ ချန်ထားခဲ့တာဖြစ်နိုင်တယ်။ လက်သမားသုံးပစ္စည်းတွေဖြစ်တဲ့ ကျင်တွယ်၊ ချိန်သီးကြိုး၊ မြေဖြူခဲ၊ ပုဆိန်၊ လွှ၊ ပဲခွပ်၊ တူ၊ လက်ရိုက်၊ ဆောက်၊ လေးပါတဲ့ လွန်၊ ကော်အမျိုးမျိုးနဲ့ စျေးကြီးတဲ့ သံတွေကိုလည်း ယောသပ် အသုံးပြုခဲ့ရမှာဖြစ်တယ်။

မွေးစားဖခင် ယောသပ် အလုပ်လုပ်နေတာကို အသက်ငယ်သေးတဲ့ ယေရှု ကြည့်ရှုနေတာကို မြင်ယောင်ကြည့်လိုက်ပါ။ ယောသပ်ရဲ့လှုပ်ရှားမှုတိုင်းကို မျက်လုံးအဝိုင်းသားနဲ့ စိတ်ဝင်တစား လိုက်ကြည့်နေတဲ့ပုံက ဖခင်ဖြစ်သူရဲ့ ကြံ့ခိုင်သန်စွမ်းတဲ့ ရင်အုပ်ကျယ်၊ သန်မာတဲ့လက်မောင်း၊ မျက်စိရှင်ရှင်နဲ့ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နေတာကို အရမ်းအားကျနေတဲ့ပုံပါပဲ။ သစ်သားပေါ်က ကြမ်းထော်နေတဲ့နေရာတွေကို ငါးအရေခွံခြောက်နဲ့ ချောမွေ့သွားအောင်လုပ်တဲ့ နည်းလိုမျိုး လွယ်ကူတဲ့အလုပ်တွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ သားဖြစ်သူကို ယောသပ် ပြပေးပါလိမ့်မယ်။ သင်္ဘောသဖန်းပင်၊ ဝက်သစ်ချပင်၊ သံလွင်ပင်စတဲ့ သစ်ပင်တွေရဲ့ ကွာခြားချက်တွေကိုလည်း ပြပေးနိုင်ဖွယ်ရှိပါတယ်။

သစ်ပင်တွေကို ခုတ်လှဲတာ၊ ရက်မကြီးတွေကို ရွေပေါ်ထိုးတာ၊ သစ်သားချင်း ဆက်သွားအောင် ရိုက်ထည့်တာတွေကို လုပ်နေချိန်မှာ ယောသပ်ရဲ့လက်တွေက သန်မာနေပေမဲ့ မိခင်နဲ့ ယေရှုတို့မောင်နှမတွေကို ကြင်နာယုယတဲ့အခါမှာတော့ အဲဒီလက်တွေက နူးညံ့နေတယ်ဆိုတာကို ယေရှု သိရှိထားတယ်။ ယောသပ်နဲ့မာရိတို့မှာ ယေရှုအပါအဝင် အနည်းဆုံး သားသမီးခြောက်ယောက်ရှိလာတယ်။ (မဿဲ ၁၃:၅၅၊ ၅၆) ယောသပ်ခမျာ တိုးများလာတဲ့ မိသားစုကြီးကို ကျွေးမွေးပြုစုဖို့ ခါတိုင်းထက် ပိုပြီးအလုပ်လုပ်ခဲ့ရပါတယ်။

ဒါပေမဲ့ မိသားစုရဲ့ ဝတ်ပြုရေးက အရေးအကြီးဆုံး ဖြစ်တယ်ဆိုတာ ယောသပ် နားလည်ထားပါတယ်။ ဒါကြောင့် ယေဟောဝါဘုရားသခင်အကြောင်း၊ ဘုရားသခင့်ပညတ်တွေအကြောင်း သားသမီးတွေကို အချိန်ယူပြီး သွန်သင်ပေးတယ်။ ပြီးရင် ပညတ်တွေကို ဖတ်ပြီး ရှင်းပြပေးတဲ့ တရားဟောရာနေရာကိုလည်း မှန်မှန် ခေါ်သွားပေးတယ်။ အဲဒီနောက်မှာ ယေရှုက သူသိချင်တဲ့အကြောင်းတွေကို မေးမြန်းတဲ့အခါ ယောသပ်က ယေရှု စိတ်ကျေနပ်တဲ့အထိ ကြိုးစားရှင်းပြပေးခဲ့တယ်။ ဒါ့အပြင် ဘာသာရေးပွဲတော်တွေ နှစ်စဉ် ကျင်းပရာနေရာဖြစ်တဲ့ ဂျေရုဆလင်မြို့ကိုလည်း မိသားစုကို ခေါ်သွားတယ်။ ပသခါပွဲ (ဂျူးတွေရဲ့ ဘာသာရေးပွဲတစ်မျိုး) မှာပါဝင်ဆင်နွှဲဖို့ အသွားအပြန် မိုင် ၇၀ လောက်ဝေးတဲ့ခရီးကို နှစ်ပတ်ကြာ သွားရမှာဖြစ်တယ်။

ကနေ့ခေတ် ခရစ်ယာန် အိမ်ထောင်ဦးစီးတွေလည်း အဲဒီစံနမူနာအတိုင်း လိုက်လျှောက်နေကြပါတယ်။ သားသမီးတွေ ဝတ်ပြုရေးကို တခြားအရာတွေထက် ဦးစားပေးတတ်အောင် အချိန်ပေးပြီး သွန်သင်ပေးကြတယ်။ ပတ်စဉ်ဝတ်ပြုစည်းဝေးတွေ၊ စည်းဝေးကြီးတွေ တက်ရောက်တဲ့အခါ သားသမီးတွေကို တစ်ပါတည်းခေါ်သွားကြတယ်။ အဲဒီလိုလုပ်တာက သားသမီးတွေရဲ့နောင်ရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်ဆိုတာ သူတို့သိရှိထားကြပါတယ်။

“စိတ်ပူပန်နေ”

ယေရှု အသက် ၁၂ နှစ်အရွယ်မှာ ယောသပ်က ခါတိုင်းလိုပဲ မိသားစုနဲ့အတူ ဂျေရုဆလင်မြို့ကို သွားတယ်။ ပသခါပွဲတော် ကျင်းပချိန်ဖြစ်လို့ မိသားစုများတဲ့သူတွေဟာ စိမ်းလန်းစိုပြေနေတဲ့ ကျေးလက်ဒေသတစ်လျှောက် တစ်သီတစ်တန်းကြီး ပျော်ပျော်ပါးပါး ခရီးထွက်ခဲ့ကြတယ်။ တောင်ကတုံးပေါ်မှာရှိတဲ့ ဂျေရုဆလင်မြို့အနားကို ရောက်လာတဲ့အခါမှာတော့ ခရီးသွားအတော်များများက ဆာလံသီချင်းတွေ ဆိုသွားကြတယ်။ (ဆာလံ ၁၂၀-၁၃၄) ဂျေရုဆလင်မြို့မှာ လူတွေ ကြိတ်ကြိတ်တိုး စည်ကားလို့နေပါတယ်။ ပွဲတော်ပြီးတဲ့နောက်မှာ မိသားစုတွေဟာ မိမိတို့နေထိုင်ရာကို လာရာလမ်းအတိုင်း ပြန်လာခဲ့ကြတယ်။ ယောသပ်နဲ့မာရိတို့ဟာ ယေရှုကို လူအုပ်နဲ့အတူ ပါလာတယ်လို့ပဲ ထင်နေတာ။ ဂျေရုဆလင်မြို့ကနေ ထွက်လာပြီး တစ်ရက်တိတိလောက်ကြာမှ ယေရှု ပျောက်နေမှန်း သတိထားမိသွားကြတယ်။—လုကာ ၂:၄၁-၄၄

ဒါနဲ့ ဂျေရုဆလင်မြို့ကို နောက်ကြောင်းပြန်လှည့်ပြီး သူတို့ရောက်ခဲ့တဲ့နေရာတိုင်းမှာ ယေရှုကို ပတ်ရှာကြတော့တယ်။ ယေရှုရဲ့နာမည်ကို တကြော်ကြော်အော်ခေါ်ပြီး တစ်လမ်းဝင်တစ်လမ်းထွက် လိုက်ရှာနေတဲ့ သူတို့ကို မြို့ထဲမှာရှိတဲ့သူတွေက အဓိပ္ပာယ်မရှိတဲ့အလုပ်ကို လုပ်နေတဲ့သူတွေဆိုပြီး တအံ့တဩ ကြည့်နေကြပါလိမ့်မယ်။ ဒီကလေး ဘယ်ရောက်နေပါလိမ့်။ အဲဒီလိုလိုက်ရှာကြတာ သုံးရက်မြောက်နေ့လည်းရောက်ရော ယောသပ်အနေနဲ့ ယေဟောဝါအပ်နှင်းထားတဲ့ မြင့်မြတ်တဲ့တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခဲ့ဘူးလို့ စခံစားရနိုင်စရာ ရှိခဲ့မှာပါ။ နောက်ဆုံးအနေနဲ့ ဝတ်ပြုရာအိမ်တော်မှာ သွားရှာကြပါတယ်။ အဲဒီကိုလည်းရောက်ရော အခန်းတစ်ခန်းထဲကို ဝင်သွားကြတဲ့အခါ ယေရှုလေးက ကျမ်းတတ်ပုဂ္ဂိုလ်တွေ၊ ပညာတတ်တွေအလယ်မှာ ထိုင်နေတာကို တွေ့လိုက်ရပါတော့တယ်။ အဲဒီအခါကျမှ ယောသပ်နဲ့မာရိတို့ သက်ပြင်းချနိုင်ပါတော့တယ်။—လုကာ ၂:၄၅၊ ၄၆

ယေရှုဟာ ကျမ်းတတ်ပုဂ္ဂိုလ်တွေ ပြောတာကို နားထောင်နေပြီး သိချင်တာတွေကိုလည်း စိတ်ပါလက်ပါ မေးမြန်းနေပါတယ်။ ယေရှုရဲ့သိနားလည်မှုနဲ့ ဖြေဆိုနေပုံကိုကြည့်ပြီး အဲဒီပုဂ္ဂိုလ်တွေ ပါးစပ်အဟောင်းသား ဖြစ်သွားကြတယ်။ ယောသပ်နဲ့မာရိတို့လည်း ဘာလုပ်လို့လုပ်ရမှန်းမသိအောင် မှင်တက်သွားတယ်။ မှတ်တမ်းအရ ယောသပ်က ဘာမှမပြောဘဲနေ,နေတယ်။ ဒါပေမဲ့ မာရိက “ငါ့သား၊ ငါတို့အား အဘယ်ကြောင့် ဤသို့ပြုသနည်း။ သင့်အဖနှင့် ငါသည် စိတ်ပူပန်လျက် သားကို ရှာကြပြီ” ဆိုပြီး နှုတ်သွက်အာသွက် ပြောချလိုက်ပါတော့တယ်။—လုကာ ၂:၄၇၊ ၄၈

သမ္မာကျမ်းစာက မိဘဖြစ်ရခြင်းရဲ့ တကယ့်အခြေအနေမှန်ကို အဲဒီလို ပိုင်ပိုင်နိုင်နိုင် ခြယ်မှုန်းဖော်ပြလိုက်တာပါ။ ယေရှုလိုကလေးက ယောသပ်နဲ့ မာရိတို့ကို စိတ်ပူပန်စေတယ်ဆိုတော့ အခုလို အန္တရာယ်ထူပြောလှတဲ့ ခေတ်ကြီးမှာ သားသမီးပြုစုပျိုးထောင်ခြင်းဟာ ပိုပြီးတော့တောင် “စိတ်ပူပန်” စရာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက မိဘတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို နားလည်ပေးတယ်ဆိုတာကို သိထားခြင်းကနေ စိတ်သက်သာရာ ရနိုင်ပါတယ်။

ယေရှုဟာ ကောင်းကင်မှာရှိတဲ့ သူ့ဖခင် ယေဟောဝါဘုရားသခင်နဲ့ အနီးကပ်ဆုံးနေရာလို့ ယူဆရတဲ့နေရာမှာ ရှိနေခဲ့ပြီး သူသိရှိလာရာမှန်သမျှကို စိတ်ထက်သန်စွာ မှတ်သားနေပါတယ်။ ဒါကြောင့်လည်း ယေရှုက ယောသပ်နဲ့မာရိကို ဒီလိုရိုးရိုးလေး ပြန်ဖြေတယ်– “မိဘတို့သည် အဘယ်ကြောင့် ကျွန်ုပ်ကို ရှာကြပါသနည်း။ ကျွန်ုပ်သည် အဖ၏အိမ်တော်၌ ရှိနေမည်အကြောင်းကို မသိကြသလော။”—လုကာ ၂:၄၉

ဒီစကားတွေကို ယောသပ် အကြိမ်ပေါင်းများစွာ စဉ်းစားနေခဲ့မှာ သေချာပါတယ်။ ဒါမှမဟုတ် သူ့သားအတွက်နဲ့ ဂုဏ်ယူချင်လည်း ဂုဏ်ယူနေမှာပါ။ ဘာပဲဖြစ်ဖြစ် ယေဟောဝါဘုရားသခင်နဲ့ပတ်သက်ပြီး ယေရှု အဲဒီလိုခံစားရအောင် ယောသပ်အနေနဲ့ ကြိုးစားသွန်သင်ပေးခဲ့ပါတယ်။ ယေရှုဟာ ငယ်ငယ်လေးကတည်းက ကောင်းကင်မှာရှိတဲ့ သူ့ဖခင်နဲ့ နွေးထွေးတဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ အဲဒီလိုဖြစ်ရတာ ယောသပ်ကြောင့်လည်း အများကြီးပါတယ်။ ယောသပ်ဟာ မွေးစားသား ယေရှုနဲ့ နွေးထွေးတဲ့ သားအဖဆက်ဆံရေးရှိအောင် နေခဲ့တယ်။

သင်ဟာ ဖခင်တစ်ယောက်ဖြစ်တယ်ဆိုရင် မေတ္တာပြည့်ဝပြီး ကာကွယ်ပေးတတ်တဲ့ ဖခင်က ဘယ်လိုမျိုးဖြစ်တယ်ဆိုတာ သင့်ကလေး သိမြင်လာအောင် ကူညီပေးရတဲ့အခွင့်ထူး ရရှိထားပါတယ်။ သင့်မှာ မွေးစားသားသမီး ရှိတယ်ဆိုရင် ယောသပ်ရဲ့စံနမူနာကို သတိရပြီး သူတို့ကို တန်ဖိုးရှိတဲ့သူတစ်ယောက်လို ဆက်ဆံပါ။ ယေဟောဝါဘုရားသခင်နဲ့ ပိုမိုရင်းနှီးလာအောင် သူတို့ကို ကူညီပေးပါ။

မိသားစုကို ယောသပ် ဆက်ဦးစီးခဲ့

သမ္မာကျမ်းစာထဲမှာ ယောသပ်ရဲ့ဘဝဇာတ်ကြောင်း နည်းနည်းပဲ ပါရှိပေမဲ့ လေ့လာရကျိုးနပ်ပါတယ်။ ယေရှုဟာ ယောသပ်နဲ့မာရိတို့ကို “လက်အောက်ခံလျက်နေ” တယ်လို့ ကျမ်းစာမှာ ဖတ်ရတယ်။ ဒါ့အပြင် “ယေရှုသည်လည်း ကာယဉာဏ ကြီးထွားတိုးတက်လျက် ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာပွင့်လန်းတော်မူ၏” လို့ ဖတ်ရပါတယ်။ (လုကာ ၂:၅၁၊ ၅၂) အဲဒီစကားတွေက ယောသပ်နဲ့ပတ်သက်ပြီး ဘာကို ဖော်ပြနေလဲ။ အတော်များများ ရှိမှာပါ။ ဘုရားသခင့်သားတော်ဖြစ်တဲ့ ယေရှုက ဖခင်အခွင့်အာဏာကို လေးစားပြီး လက်အောက်ခံနေတဲ့အတွက် မိသားစုကို ယောသပ် ဆက်ဦးစီးခဲ့တယ်ဆိုတာ သိရပါတယ်။

ယေရှုဟာ ဉာဏ်ပညာအရာမှာ ဆက်ပြီးတိုးတက်လာတယ်လို့လည်း သိရှိရပါတယ်။ ဒီကိစ္စမှာ ယောသပ်ဟာ သူ့သားကို အများကြီး ကူညီပေးခဲ့မှာ သေချာတယ်။ အဲဒီခေတ်အခါက ဂျူးတွေမှာ ပြောနေကျ စကားပုံတစ်ခုရှိတယ်။ အဲဒါကတော့ အလုပ်မလုပ်ဘဲ ဇိမ်ကျကျနေတတ်တဲ့ အမျိုးသားတွေကပဲ တကယ် ပညာရှိတဲ့သူတွေဖြစ်တယ်၊ လက်သမား၊ လယ်သမားနဲ့ ပန်းထိမ်သမားတွေကတော့ “တရားမျှတမှုနဲ့ ပိုင်းခြားသိမြင်မှုအကြောင်း ဘာမှမသိဘူး။ ပညာရှိစကားတွေကိုလည်း သူတို့ မပြောနိုင်ဘူး” ဆိုတာပါပဲ။ နောက်ပိုင်းမှာ အဲဒီစကားပုံက အဓိပ္ပာယ်မရှိဘူးဆိုတာ ယေရှုဖော်ထုတ်ခဲ့တယ်။ မွေးစားဖခင်ဖြစ်သူ ဆင်းရဲနိမ့်ကျတဲ့ လက်သမားဟာ ယေဟောဝါရဲ့ “တရားမျှတမှုနဲ့ စီရင်ဆုံးဖြတ်ချက်” အကြောင်းကို ထိထိရောက်ရောက် သွန်သင်ပေးခဲ့တာကို ကလေးဘဝမှာ ယေရှု ဘယ်နှစ်ခါများ ကြားခဲ့ရမလဲ။ ခဏခဏ ကြားသိခဲ့ရမှာ သေချာပါတယ်။

ယေရှုရဲ့ ကာယကျန်းမာရေးကိုလည်း ယောသပ် ဂရုစိုက်ပေးတယ်ဆိုတဲ့ အထောက်အထားရှိပါတယ်။ ယေရှုဟာ ကျန်းမာကြံ့ခိုင်တဲ့သူတစ်ယောက်အဖြစ် ကြီးပြင်းလာတယ်။ ဒါ့အပြင် လက်သမားအလုပ်မှာလည်း ကျွမ်းကျင်လာအောင် ယောသပ်သင်ပေးတာ ခံယူခဲ့ရတယ်။ ယေရှုကို လက်သမားသားအဖြစ်နဲ့သာမက “လက်သမား” အဖြစ်နဲ့ပါ လူသိများကြတယ်။ (မာကု ၆:၃) ဒါကြောင့် ယောသပ်ရဲ့ လေ့ကျင့်ပေးမှုက အထမြောက်ခဲ့ပါတယ်။ အိမ်ထောင်ဦးစီးတွေအနေနဲ့ ယောသပ်ကို အတုယူနိုင်ပါတယ်။ သားသမီးတွေ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် သူတို့ကို လက်တွေ့ကျကျ လေ့ကျင့်ပေးနိုင်ပါတယ်။

ယေရှု အသက် ၃၀ အရွယ်မှာ နှစ်ခြင်းခံတဲ့အခါ ယောသပ်အကြောင်း ကျမ်းစာမှတ်တမ်းမှာ မဖော်ပြတော့ပါဘူး။ ဘုရားသခင့်အမှုတော်ကို ယေရှု စထမ်းဆောင်တဲ့အချိန်မှာ မာရိက မုဆိုးမဖြစ်နေပြီလို့ မှတ်တမ်းအရ သိရပါတယ်။ (စာမျက်နှာ ၂၇ က “ယောသပ် ဘယ်အချိန်မှာ သေဆုံးသွားသလဲ” ဆိုတဲ့ လေးထောင့်ကွက်ကို ဖတ်ကြည့်ပါ။) ဒါပေမဲ့ ယောသပ်ဟာ စံနမူနာကောင်း ပြသွားခဲ့ပါတယ်။ မိသားစုကို ကာကွယ်ပေးခဲ့တယ်၊ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်၊ သေတဲ့အထိ ဆက်ဦးစီးခဲ့တယ်။ ဖခင်တိုင်း၊ အိမ်ထောင်ဦးစီးတိုင်း ဒါမှမဟုတ် ဘယ်ခရစ်ယာန်မဆို ယောသပ်ရဲ့ယုံကြည်ခြင်းကို တုပသင့်ပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 အဲဒီခေတ်က စေ့စပ်ကြောင်းလမ်းခြင်းကို လက်ထပ်ထိမ်းမြားခြင်းလို အလေးအနက်ထားကြတယ်။

^ အပိုဒ်၊ 8 ၂၀၀၈၊ အောက်တိုဘာ ၁ ရက်ထုတ် ကင်းမျှော်စင်၊ “သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ—သူ ‘စဉ်းစားဆင်ခြင်’ ခဲ့” ဆိုတဲ့ ဆောင်းပါးကို ဖတ်ကြည့်ပါ။

^ အပိုဒ်၊ 14 ယေရှုဟာ နှစ်ခြင်းခံပြီးတဲ့နောက်မှ ဦးဆုံး အံ့ဖွယ်အမှု ပြုလုပ်ခဲ့တယ်ဆိုပြီး ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ (ယောဟန် ၂:၁-၁၁) အပေါခရစ်ဖယ် ခရစ်ဝင်ကျမ်းတုတွေအကြောင်း ပိုပြီးသိချင်တယ်ဆိုရင် စာမျက်နှာ ၁၈ မှာရှိတဲ့ “အပေါခရစ်ဖယ် ခရစ်ဝင်ကျမ်းများ—ကျမ်းစစ်ကျမ်းမှန် ဟုတ်သလား” ဆိုတဲ့ ဆောင်းပါးကို ဖတ်ကြည့်ပါ။

[စာမျက်နှာ ၂၇ ပါ လေးထောင့်ကွက်]

ယောသပ် ဘယ်အချိန်မှာ သေဆုံးသွားခဲ့သလဲ

ယေရှု အသက် ၁၂ နှစ်အရွယ်မှာ ယောသပ် အသက်ရှင်နေသေးတုန်းပဲဆိုတာ သိထားပါတယ်။ ဂျူးလူငယ်တွေဟာ အဲဒီအရွယ်မှာ ဖခင်ရဲ့စီးပွားရေးလုပ်ငန်းကို စသင်ယူပြီး အသက် ၁၅ နှစ်အရွယ်မှာ အလုပ်သင်အနေနဲ့ အလုပ်ဝင်လုပ်နေကြပါပြီ။ ယေရှု လက်သမားဖြစ်လာတဲ့အထိ ယောသပ် အသက်ရှင်သွားခဲ့တယ်ဆိုတာ သိသာပါတယ်။ ယေရှု အသက် ၃၀ အရွယ်လောက်မှာ ဘုရားသခင့်အမှုတော် ထမ်းဆောင်တဲ့အခါ ယောသပ် အသက်ရှင်နေတုန်းပဲလား။ သိပ်မသေချာပါဘူး။ အဲဒီအချိန်မှာ ယေရှုရဲ့မိခင်၊ ညီအစ်ကိုမောင်နှမတွေ သက်ရှိထင်ရှားရှိနေကြတဲ့အကြောင်း ကျမ်းစာက ဖော်ပြပေမဲ့ ယောသပ်အကြောင်းကိုတော့ မဖော်ပြတော့ပါဘူး။ ယေရှုကို ယောသပ်ရဲ့သားလို့မခေါ်ဘဲ “မာရိ၏သား” လို့တောင် ခေါ်ခဲ့ကြပါသေးတယ်။ (မာကု ၆:၃) မာရိဟာ ခင်ပွန်းသည်ကို မတိုင်ပင်ဘဲ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်တွေချပြီး လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ (ယောဟန် ၂:၁-၅) ရှေးအချိန်က မုဆိုးမဖြစ်တဲ့သူတွေပဲ အဲဒီလိုလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ဆုံး ယေရှုဟာ မိမိသေဆုံးခါနီးမှာ မိခင်ကို စောင့်ရှောက်ဖို့ တမန်တော်ယောဟန်လက်ထဲ အပ်ခဲ့ပါတယ်။ (ယောဟန် ၁၉:၂၆၊ ၂၇) ယောသပ်သာ အသက်ရှင်နေသေးတယ်ဆိုရင် အဲဒီလိုလုပ်စရာ မလိုပါဘူး။ ဒါကြောင့် ယေရှု လူလတ်ပိုင်းအရွယ် မရောက်ခင်မှာပဲ ယောသပ် သေဆုံးသွားခဲ့ပြီဆိုတာ ထင်ရှားပါတယ်။ အကြီးဆုံးသားဖြစ်တဲ့ ယေရှုဟာ လက်သမားအလုပ်ကို ဆက်လုပ်ပြီး သူနှစ်ခြင်းခံတဲ့အချိန်အထိ မိသားစုကို ကျွေးမွေးစောင့်ရှောက်ခဲ့မှာ သေချာပါတယ်။

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ယောသပ်ဟာ ကလေးကို သတိရှိရှိနဲ့ ကိုယ်ကျိုးမငဲ့ဘဲ ကာကွယ်ပေးခဲ့

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

မိသားစုကို ကျွေးမွေးစောင့်ရှောက်ဖို့ ယောသပ် အလုပ်ကြိုးစားခဲ့

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ဂျေရုဆလင်ဝတ်ပြုရာအိမ်တော်မှာ ဝတ်ပြုဖို့ မိသားစုကို ယောသပ် မှန်မှန်ခေါ်သွားခဲ့

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

သားဖြစ်သူကို လက်သမားဖြစ်လာအောင် ယောသပ် လေ့ကျင့်ပေးခဲ့