မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများအမေး

“ကြယ်” ကို ဘယ်သူ စေလွှတ်တာလဲ

“ကြယ်” ကို ဘယ်သူ စေလွှတ်တာလဲ

▪ နွားစားခွက်ထဲ သိပ်ထားတဲ့ မွေးကင်းစအရွယ် ယေရှုဆီ ရောက်လာကြတဲ့ ပညာရှိသုံးဦး ဒါမှမဟုတ် ဘုရင်သုံးဦးကို ပုံဖော်ထားတဲ့ ရုပ်ပုံတွေ ဒါမှမဟုတ် ပြဇာတ်တွေကို သင် မြင်ဖူး၊ ကြည့်ဖူးမှာပါ။ ဇာတ်လမ်းအရဆိုရင် ဘုရားသခင်က ကြယ်တစ်လုံးကို အသုံးပြုပြီး အဲဒီဘုရင်သုံးဦးကို ဘက်သလီဟင်မြို့က နွားတင်းကုပ်ဆီကို ညွှန်လိုက်တယ်တဲ့။ မယ်လ်ခီရို၊ ကက်စပါ၊ ဗာလ်တဇာဆိုတဲ့ အဲဒီဘုရင်သုံးဦးရဲ့ နာမည်တွေကိုတောင် မှတ်မိနေတဲ့ ကလေးတွေကလည်း အများကြီးပါပဲ။ ဒါပေမဲ့ ဒီနာမည်ကြီးဇာတ်လမ်းက ကျမ်းစာနဲ့ ကိုက်ညီပါရဲ့လား။ မကိုက်ညီပါဘူး။ တိကျမှန်ကန်မှုမရှိတာတွေလည်း အများကြီးပါပဲ။

အဲဒီဘုရင်သုံးဦးက ဘယ်သူတွေလဲဆိုတာ အရင်ဆုံးကြည့်ရအောင်။ မူရင်းဂရိကျမ်းအရဆိုရင် သူတို့တွေဟာ ဘုရင်လည်းမဟုတ်သလို ပညာရှိတွေလည်း မဟုတ်ကြဘူး။ သူတို့ဟာ နက္ခတ်ဗေဒင်ဆရာတွေဖြစ်ပါတယ်။ ကြယ်တွေရဲ့ ရွေ့လျားပုံကို အခြေခံပြီး ရှေ့ဖြစ်ဟောခြင်းအတတ်ပညာကို လေ့လာလိုက်စားတဲ့သူတွေ ဖြစ်ပုံရပါတယ်။ သမ္မာကျမ်းစာမှာ သူတို့ရဲ့ နာမည်ကိုမပြောနဲ့၊ ဘယ်နှစ်ယောက်လဲဆိုတာကိုတောင် မဖော်ပြထားပါဘူး။

ဒုတိယအချက်အနေနဲ့ ဘယ်အချိန်မှာ သူတို့ရောက်လာခဲ့ကြသလဲ။ ယေရှုကို နွားစားခွက်ထဲ သိပ်ထားတဲ့အချိန် မဟုတ်ပါဘူး။ ဒါကို ဘယ်လိုလုပ်သိရသလဲ။ ခရစ်ဝင်ကျမ်းရေးသူ မဿဲက ဒီလိုဆိုပါတယ်– “အိမ်ထဲသို့ သူတို့ဝင်သောအခါ သူငယ်ကို မိခင်ဖြစ်သူ မာရိနှင့်အတူ တွေ့ရ၏။” (မဿဲ ၂:၁၁) ယေရှုဟာ မွေးကင်းစကလေးအရွယ် မဟုတ်တော့ဘဲ “သူငယ်” အရွယ်ရောက်နေပြီဆိုတာ သတိပြုပါ။ မာရိနဲ့ယောသပ်တို့လည်း နွားတင်းကုပ်မှာ ရှိမနေတော့ဘဲ အိမ်တစ်အိမ်မှာ နေထိုင်နေပြီဖြစ်ပါတယ်။

တတိယအချက်အနေနဲ့ အဲဒီပုဂ္ဂိုလ်တွေကို ဦးဆောင်ခေါ်လာတဲ့ “ကြယ်” ကို ဘယ်သူ စေလွှတ်တာလဲ။ ကနေ့ခေတ် ဘာသာရေးခေါင်းဆောင်တွေက အဲဒီ “ကြယ်” ကို ဘုရားသခင် စေလွှတ်လိုက်တာလို့ သွန်သင်တတ်ကြတယ်။ ဘုရားသခင် တကယ်ပဲ စေလွှတ်ခဲ့သလား။ နက္ခတ်ဗေဒင်ဆရာတွေကို ကြယ်က ဘက်သလီဟင်မြို့ကို အရင်မခေါ်ဆောင်သွားဘူးဆိုတာ သတိရပါ။ တကယ်ဆိုရင် ကြယ်က သူတို့ကို ဘုရင်ဟေရုဒ်ဆီ အရင်ခေါ်ဆောင်သွားတာဖြစ်ပါတယ်။ အဲဒီဗေဒင်ဆရာတွေဟာ မနာလိုစိတ်များပြီး ဩဇာအာဏာကြီးမားတဲ့ လူသတ်သမား ဟေရုဒ်ကို ယေရှုရှိနေတဲ့အကြောင်း ပြောပြလိုက်တယ်။ ဒါ့အပြင်၊ ယေရှုက “ဂျူးတို့၏ရှင်ဘုရင်” ဖြစ်လာမယ့်သူဖြစ်တယ်ဆိုတာကိုလည်း ပြောပြလိုက်တယ်။ အဲဒီအခါ ယေရှုကို ဟေရုဒ် မျက်မုန်းကျိုးသွားတယ်။ (မဿဲ ၂:၂) ဒါပေမဲ့ ဟေရုဒ်က သူလည်းပဲ ယေရှုကို ဂုဏ်ပြုချင်တဲ့အတွက် ယေရှုရှိနေတဲ့နေရာ တိတိကျကျ ပြောပြပါဆိုပြီး သူတို့ကို စဉ်းလဲဉာဏ်နဲ့ ပြောလိုက်တယ်။ အဲဒီအခါမှာ “ကြယ်” က နက္ခတ်ဗေဒင်ဆရာတွေကို ယောသပ်နဲ့မာရိဆီ ဦးဆောင်ခေါ်သွားပါတယ်။ ဘုရားသခင်သာ ကြားမဝင်ခဲ့ဘူးဆိုရင် နက္ခတ်ဗေဒင်ဆရာတွေကြောင့် သူငယ်ယေရှု အသက်အန္တရာယ် ကြုံတွေ့နိုင်ပါတယ်။ ဒီနေရာမှာ ဘုရားသခင် ကြားဝင်လိုက်တဲ့အတွက် ယေရှု အသက်ဘေးကနေ လွတ်မြောက်သွားတယ်။ နက္ခတ်ဗေဒင်ဆရာတွေ ပြန်လာမပြောပြတဲ့အတွက် ဟေရုဒ် အကြီးအကျယ် ဒေါသူပုန်ထပြီး ဘက်သလီဟင်မြို့နဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ အသက်နှစ်နှစ်နဲ့ အောက် ကလေးငယ်အားလုံးကို သတ်ပစ်ဖို့ အမိန့်ပေးလိုက်တယ်။—မဿဲ ၂:၁၆

နောက်ပိုင်းမှာ ယေဟောဝါက ယေရှုကို “ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သား” လို့ ရည်ညွှန်းခဲ့တယ်။ (မဿဲ ၃:၁၇) ဒီအချက်တွေကို သုံးသပ်ကြည့်ပါ– ဖြောင့်မတ်တဲ့ မေတ္တာရှင်ဖခင်က သူတားမြစ်ထားတဲ့ မှော်အတတ်ပညာကို လေ့လာလိုက်စားတဲ့ အယူမှားနက္ခတ်ဗေဒင်ဆရာတွေကို သူ့ရဲ့စေတမန်တွေအဖြစ် ရွေးချယ်ပါ့မလား။ (တရားဟောရာ ၁၈:၁၀) ဘုရားသခင်က ကြယ်ကိုအသုံးပြုပြီး အစ္စရေးတိုင်းပြည်မှာ အန္တရာယ်အရှိဆုံးနဲ့ ဩဇာအာဏာအရှိဆုံး လူသတ်သမားဖြစ်တဲ့ ဟေရုဒ်ရဲ့ မုန်းတီးတဲ့စိတ်ကို မီးလောင်ရာလေပင့်ဆိုသလို ပိုမိုကြီးထွားလာအောင် သတင်းစကားကြားပြောဖို့ နက္ခတ်ဗေဒင်ဆရာတွေကို လမ်းညွှန်ပါ့မလား။ အဲဒီကြယ်ကိုပဲ အသုံးပြုပြီး နက္ခတ်ဗေဒင်ဆရာတွေကို အကူအညီမဲ့နေတဲ့ မိမိရဲ့သားတော်လေး ရှိနေတဲ့နေရာကို ပြသပါ့မလား။

ဥပမာအနေနဲ့၊ စစ်ဗိုလ်ချုပ်တစ်ဦးဟာ သူ့ရဲ့အတော်ဆုံး စစ်သားကို အန္တရာယ်များတဲ့ ရန်သူ့နယ်မြေထဲ စေလွှတ်လိုက်တယ်။ အဲဒီစစ်သား ဘယ်နေရာမှာ ရှိနေပါတယ်ဆိုပြီး ရန်သူတွေကို စစ်ဗိုလ်ချုပ်က ပြောပြပါ့မလား။ ပြောပြမှာမဟုတ်ပါဘူး။ အဲဒီလိုပါပဲ၊ ယေဟောဝါဘုရားသခင်ဟာ ယေရှုကို အန္တရာယ်များတဲ့ ဒီလောကထဲ စေလွှတ်လိုက်ပါတယ်။ ဘုရင်ဆိုး ဟေရုဒ်ကို အကာအကွယ်မဲ့နေတဲ့ ကလေးအရွယ် သားတော်လေးရှိတဲ့နေရာ ပြောပြပါ့မလား။ လုံးဝ ပြောမှာမဟုတ်ပါဘူး။

ဒါဆိုရင် အဲဒီ “ကြယ်” ဒါမှမဟုတ် ကြယ်နဲ့တူတဲ့အရာကို ဘယ်သူက စေလွှတ်လိုက်တာလဲ။ သူငယ်ယေရှု ကြီးပြင်းလာပြီး မြေကြီးပေါ်မှာ တာဝန်ထမ်းဆောင်မှာကို မလိုလားဘဲ ယေရှုသေတာကို အရမ်းတွေ့ချင်နေတဲ့သူက ဘယ်သူလဲ။ လူတွေကို လမ်းမှားရောက်အောင် တွန်းပို့ပြီး လိမ်ညာမှု၊ အကြမ်းဖက်မှုနဲ့ သတ်ဖြတ်မှုတွေ တိုးများလာအောင် ဘယ်သူဖန်တီးနေတာလဲ။ အဲဒီပုဂ္ဂိုလ်ကို ယေရှုကိုယ်တိုင် ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီးကတော့ ‘မုသာကောင်၊ မုသာ၏အဖ၊’ “ရှေးဦးစွာမှစ၍ လူ့အသက်ကိုသတ်သောသူ၊” စာတန်ပဲ ဖြစ်ပါတယ်။—ယောဟန် ၈:၄၄