မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သစ္စာမဲ့ခြင်း နောက်ဆုံးကာလရဲ့ နိမိတ်ဆိုးတစ်ခု

သစ္စာမဲ့ခြင်း နောက်ဆုံးကာလရဲ့ နိမိတ်ဆိုးတစ်ခု

သစ္စာမဲ့ခြင်း နောက်ဆုံးကာလရဲ့ နိမိတ်ဆိုးတစ်ခု

‘ငါတို့သည် မည်မျှသစ္စာစောင့်သိ၍ ဖြောင့်မတ်စွာ၊ အပြစ်ကင်းစွာ ပြုမူခဲ့ကြောင်း သက်သေဖြစ်၏။’ —၁ သက်. ၂:၁၀

အရေးကြီးတဲ့ ဒီအချက်တွေကို ရှာကြည့်ပါ

ဒေလိလ၊ အဗရှလုံနဲ့ ယုဒရှကာရုတ်တို့ရဲ့ သစ္စာမဲ့တဲ့ပုံနမူနာကနေ ကျွန်ုပ်တို့ ဘာသင်ခန်းစာတွေ သင်ယူနိုင်သလဲ။

ယောနသန်နဲ့ ပေတရုရဲ့ သစ္စာစောင့်သိမှုကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

ကျွန်ုပ်တို့ရဲ့အိမ်ထောင်ဖက်နဲ့ ယေဟောဝါအပေါ် ဘယ်လို ဆက်ပြီးသစ္စာရှိနိုင်သလဲ။

၁-၃။ (က) နောက်ဆုံးသောနေ့ရက်တွေမှာ ကျွန်ုပ်တို့ အသက်ရှင်နေရကြောင်း ဘယ်နိမိတ်က ဖော်ပြသလဲ။ သစ္စာဖောက်တဲ့အထဲမှာ ဘာတွေပါဝင်သလဲ။ (ခ) ဘယ်မေးခွန်းသုံးခုရဲ့အဖြေကို လေ့လာကြမလဲ။

ဒေလိလ၊ အဗရှလုံနဲ့ ယုဒရှကာရုတ်တို့မှာ ဘယ်တူညီချက်တစ်ချက်ရှိသလဲ။ သူတို့အားလုံးက သစ္စာမဲ့သူတွေဖြစ်တယ်။ ဒေလိလက သူ့ကိုချစ်တဲ့ တရားသူကြီး ရှံဆုန်အပေါ် သစ္စာမဲ့ခဲ့တယ်။ အဗရှလုံက သူ့ခဖင်ဖြစ်တဲ့ ဘုရင်ဒါဝိဒ်ကို သစ္စာဖောက်ခဲ့တယ်။ ယုဒရှကာရုတ်က သူ့ရဲ့သခင်ဖြစ်တဲ့ ခရစ်တော်ယေရှုကို သစ္စာဖောက်ခဲ့တယ်။ သူတို့လုပ်ခဲ့တဲ့ ဆိုးရွားတဲ့လုပ်ရပ်တွေက တခြားသူတွေကို ထိခိုက်ပြီး ဒုက္ခရောက်စေတယ်။ ဒါတွေကို ကျွန်ုပ်တို့ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။

ဒီနေ့လူတွေမှာရှိနေတဲ့ အဆိုးဆုံးအကျင့်တစ်ခုက သစ္စာမဲ့ခြင်းဖြစ်တယ်လို့ စာရေးဆရာတစ်ယောက်က ပြောတယ်။ ဒါကို ကျွန်ုပ်တို့ မအံ့သြသင့်ဘူး။ “လောကစနစ် နိဂုံးပိုင်း” ရဲ့နိမိတ်တွေအကြောင်း ယေရှုကြိုပြောခဲ့တုန်းက “လူအများတို့သည်လည်း . . . တစ်ဦးကိုတစ်ဦး သစ္စာဖောက်ကြလိမ့်မည်” လို့ ပြောခဲ့တယ်။ (မ. ၂၄:၃၊ ၁၀) “သစ္စာဖောက်” တယ်ဆိုတာက တစ်ယောက်ယောက်ကို ရန်သူ့လက်ထဲ အပ်လိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဒီနေ့ခေတ်မှာတွေ့ရတဲ့ သစ္စာမဲ့မှုတွေက ပေါလုကြိုဟောခဲ့တဲ့ “နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်ုပ်တို့ အသက်ရှင်နေရတယ်ဆိုတာ ဖော်ပြတယ်။ လူတွေဟာ “သစ္စာမရှိသူ၊ . . . သစ္စာမဲ့သူ” တွေဖြစ်လာမယ်လို့ သူပြောခဲ့တယ်။ (၂ တိ. ၃:၁၊ ၂၊) စာရေးဆရာတွေနဲ့ ရုပ်ရှင်ဇာတ်ညွှန်းရေးသူတွေက သစ္စာဖောက်တာကို စိတ်လှုပ်ရှားစရာ ဒါမှမဟုတ် စိတ်ကူးယဉ်အချစ်နဲ့ဆိုင်တဲ့ အပြုအမူလုပ်ရပ်အဖြစ် ရေးဖွဲ့ကြတယ်။ ဒါပေမဲ့ စာအုပ်တွေ၊ ရုပ်ရှင်တွေက တကယ်မဟုတ်ဘူး။ လက်တွေ့ဘဝမှာတော့ သစ္စာမဲ့တာက စိတ်နာကျင်မှုနဲ့ စိတ်ဆင်းရဲစရာတွေကိုသာ ဖြစ်ပေါ်စေတယ်။ ဒီအပြုအမူတွေက ကျွန်ုပ်တို့ဟာ နောက်ဆုံးသောနေ့ရက်တွေမှာ အသက်ရှင်နေကြတယ်ဆိုတဲ့ အမှတ်အသားဖြစ်တယ်။

ကျမ်းစာမှာပါတဲ့ အတိတ်ကသစ္စာမဲ့သူတွေရဲ့ပုံနမူနာကနေ ကျွန်ုပ်တို့ ဘာသင်ခန်းစာယူနိုင်သလဲ။ တခြားသူတွေအပေါ် သစ္စာစောင့်သိခဲ့တဲ့ ဘယ်ပုံနမူနာတွေကို ကျွန်ုပ်တို့ တုပနိုင်သလဲ။ ဘယ်သူတွေကို ဆက်သစ္စာရှိဖို့ ကျွန်ုပ်တို့ စိတ်ပိုင်းဖြတ်ထားရမလဲ။ အဖြေတွေကို ရှာကြည့်ကြစို့။

အတိတ်က သတိပေးပုံနမူနာများ

၄။ ရှံဆုန်ကို ဒေလိလ ဘယ်လို သစ္စာဖောက်ခဲ့သလဲ။ ဒါ ဘာကြောင့် အရမ်းဆိုးသလဲ။

ပထမဆုံးပုံနမူနာက တရားသူကြီးရှံဆုန် ချစ်ခဲ့တဲ့ မာယာများတဲ့ ဒေလိလဖြစ်တယ်။ ရှံဆုန်က ဘုရားသခင့်လူမျိုးကိုဦးဆောင်ပြီး ဖိလိတ္တိလူတွေကို တိုက်ခိုက်ဖို့ စီစဉ်ထားတယ်။ ဒေလိလက ရှံဆုန်ကို သစ္စာရှိရှိနဲ့ မချစ်ဘူးဆိုတာ ဖိလိတ္တိမင်းကြီးငါးပါး သိထားပုံရတယ်။ ဒါနဲ့ သူတို့က ရှံဆုန် ဘာကြောင့် အားရှိတယ်ဆိုတဲ့ လျှို့ဝှက်ချက်ကိုသိအောင်လုပ်ပေးရင် ငွေအများကြီးပေးမယ်လို့ ဒေလိလကို စည်းရုံးသိမ်းသွင်းခဲ့တယ်၊ ဒါမှ ရှံဆုန်ကို သူတို့သတ်လို့ရမယ်။ ငွေမက်တဲ့ဒေလိလက သူတို့ ပြောတာကို လက်ခံလိုက်တယ်။ ဒါပေမဲ့ ရှံဆုန်ရဲ့လျှို့ဝှက်ချက်ကိုသိဖို့ ဒေလိယ သုံးကြိမ်တိတိ ကြိုးစားခဲ့တာ မအောင်မြင်ခဲ့ဘူး။ ဒေလိလက “နေ့တိုင်းပူဆာ” လို့ ရှံဆုန် သေချင်စိတ်တောင် ပေါက်လာတယ်။ ဒါနဲ့ ရှံဆုန်က သူ့ရဲ့ဆံပင်တွေကို တစ်ခါမှ မရိတ်သေးဘူး၊ ဆံပင်တွေကို ရိတ်လိုက်ရင် သူ့မှာရှိတဲ့အားတွေ ပျောက်ဆုံးကုန်မယ်လို့ ပြောပြလိုက်တယ်။ * အခု ဒေလိလက လျှို့ဝှက်ချက်ကိုသိသွားပြီဖြစ်လို့ ရှံဆုန် သူ့ပေါင်ပေါ်မှာ အိပ်နေတုန်း လူတစ်ယောက်ကိုခေါ်ပြီး ဆံပင်တွေကို ရိတ်ခိုင်းလိုက်တယ်။ အဲဒီနောက် ရှံဆုန်ကို လုပ်ချင်သလိုလုပ်ဖို့ ရန်သူတွေလက်ထဲအပ်လိုက်တယ်။ (သူကြီး. ၁၆:၄၊ ၅၊ ၁၅-၂၁) ဘယ်လောက်တောင် ရက်စက်ကောက်ကျစ်လိုက်သလဲ။ ဒေလိလက ငွေမက်တဲ့အတွက်ကြောင့် သူ့ကိုချစ်တဲ့သူကို သစ္စာဖောက်ခဲ့တယ်။

၅။ (က) အဗရှလုံဟာ ဒါဝိဒ်ကို ဘယ်လို သစ္စာဖောက်ခဲ့သလဲ။ ဒါက အဗရှလုံအကြောင်း ဘာဖော်ပြသလဲ။ (ခ) အဟိသောဖေလရဲ့သစ္စာဖောက်မှုကြောင့် ဒါဝိဒ် ဘယ်လိုခံစားခဲ့ရသလဲ။

နောက်ပုံနမူနာတစ်ခုက သစ္စာဖောက် အဗရှလုံဖြစ်တယ်။ သူ့ရဲ့စိတ်ထဲမှာ အခွင့်အာဏာရချင်တဲ့ဆန္ဒက တငွေ့ငွေ့တောက်လောင်နေတယ်။ ဖခင်ဒါဝိဒ်ရဲ့ ထီးနန်းကိုလုယူလိုပြီး ဘုရင်ဖြစ်ချင်နေတယ်။ အဗရှလုံ ပထမဆုံးလုပ်တာက လူတွေရဲ့ “စိတ်နှလုံးကိုခိုး” တာဖြစ်တယ်။ လူတွေကိုချစ်ဟန်ဆောင်ပြီး မဟုတ်မမှန်တဲ့ကတိတွေကို ပေးတယ်။ လူတွေကိုဖက်၊ နမ်းပြီး သူတို့နဲ့ သူတို့ရဲ့လိုအပ်ချက်တွေကို စိတ်ဝင်စားသလို ဟန်ဆောင်ခဲ့တယ်။ (၂ ရာ. ၁၅:၂-၆) အဗရှလုံဟာ ဒါဝိဒ် ယုံကြည်စိတ်ချရတဲ့မိတ်ဆွေ အဟိသောဖေလကိုတောင် သစ္စာမဲ့အောင်လုပ်ခဲ့ပြီး ပုန်ကန်မှုမှာပူးပေါင်းလာအောင် လုပ်နိုင်ခဲ့တယ်။ (၂ ရာ. ၁၅:၃၁) ဒီသစ္စာမဲ့တဲ့လုပ်ရပ်က သူ့ကို ဘယ်လောက်ထိခိုက်ခဲ့တယ်ဆိုတာ ဆာလံ ၃ နဲ့ ၅၅ မှာ ဒါဝိဒ်ရေးခဲ့တယ်။ (ဆာ. ၃:၁-၈; ဆာလံ ၅၅:၁၂-၁၄ ကိုဖတ်ပါ။) အဗရှလုံရဲ့ ဆိုးညစ်တဲ့အစီအစဉ်က ယေဟောဝါခန့်အပ်ထားတဲ့ဘုရင်ကို ဆန့်ကျင်တာဖြစ်တယ်။ ဒီသစ္စာမဲ့မှုက ဘုရင်တွေကို ရွေးချယ်ခန့်အပ်ပိုင်ခွင့်ရှိတဲ့ ဘုရားသခင့်အခွင့်အာဏာကို လျစ်လျူရှုတာဖြစ်တယ်။ (၅ ရာ. ၂၈:၅) အဗရှလုံရဲ့ပုန်ကန်မှု မအောင်မြင်ခဲ့ဘူး၊ ဒါဝိဒ်ဟာ ယေဟောဝါခန့်အပ်တဲ့ဘုရင်အဖြစ် ဆက်အုပ်ချုပ်ခဲ့တယ်။

၆။ ယေရှုကို ယုဒ ဘယ်လို သစ္စာဖောက်ခဲ့သလဲ။

အခု ခရစ်တော်ကို သစ္စာဖောက်ခဲ့တဲ့ ယုဒရှကာရုတ်ရဲ့လုပ်ရပ်အကြောင်း စဉ်းစားကြည့်ပါ။ တမန်တော် ၁၂ ယောက်နဲ့အတူ နောက်ဆုံးပသခါပွဲကို ပြုလုပ်နေတဲ့အချိန်မှာ ယေရှုက “ငါအမှန်ဆိုသည်ကား သင်တို့တွင် တစ်ယောက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်” ဆိုပြီး တမန်တော်တွေကို ပြောခဲ့တယ်။ (မ. ၂၆:၂၁) အဲဒီညမှာပဲ ဂေသရှေမန်ဥယျာဉ်ထဲမှာ ယေရှုက ပေတရု၊ ယာကုပ်နဲ့ ယောဟန်ကို “ငါ့ကို အပ်နှံသောသူသည် ရောက်လာတော့မည်” လို့ပြောခဲ့တယ်။ ပြောနေတုန်းမှာပဲ လူအုပ်နဲ့အတူ ယုဒရောက်လာပြီး “ယေရှုထံ တန်းသွား၍ ‘ရဗ္ဗိ၊ မင်္ဂလာရှိပါစေ’ ဟုဆိုလျက် နမ်း” လိုက်တယ်။ (မ. ၂၆:၄၆-၅၀; လု. ၂၂:၄၇၊ ၅၂) ယေရှုကိုသတ်ချင်နေတဲ့လူတွေလက်ထဲ ကိုယ်တော့်ကို အပ်လိုက်ချိန်မှာ ယုဒဟာ “ဖြောင့်မတ်သောသူ၏အသွေးကို အပ်မိ” ခဲ့တယ်။ လောဘကြီးတဲ့ယုဒက ငွေဘယ်လောက်နဲ့ ယေရှုကို သစ္စာဖောက်ခဲ့တာလဲ။ ငွေ ၃၀ နဲ့ပဲဖြစ်တယ်။ (မ. ၂၇:၃-၅) အဲဒီအချိန်ကစပြီး လူတွေက သစ္စာဖောက်သူကို ယုဒလို့ ခေါ်ကြတယ်၊ အထူးသဖြင့် မိတ်ဆွေရင်းကို သစ္စာဖောက်တဲ့သူကိုဖြစ်တယ်။ *

၇။ (က) အဗရှလုံနဲ့ယုဒ (ခ) ဒေလိလ ဆီကနေ ကျွန်ုပ်တို့ ဘယ်သင်ခန်းစာတွေ သင်ယူနိုင်သလဲ။

ဒီသတိပေးပုံနမူနာတွေကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ အဗရှလုံနဲ့ ယုဒတို့က ယေဟောဝါခန့်အပ်ထားတဲ့သူတွေကို သစ္စာဖောက်ခဲ့လို့ အရှက်တကွဲအကျိုးနည်းပြီး သေဆုံးခဲ့ရတယ်။ (၂ ရာ. ၁၈:၉၊ ၁၄-၁၇; တ. ၁:၁၈-၂၀) ဒေလိလဆိုတဲ့နာမည်ကြားလိုက်တာနဲ့ သစ္စာမဲ့သူ၊ မူယာမာယာများတဲ့သူလို့ လူတွေက စဉ်းစားမိကြတယ်။ (ဆာ. ၁၁၉:၁၅၈) ဒါကြောင့် ကျွန်ုပ်တို့က ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ထိခိုက်စေတဲ့ ငွေမက်တာ ဒါမှမဟုတ် အခွင့်အာဏာရဖို့ ကြိုးစားတာတွေကို ရှောင်ဖို့ အရေးကြီးတယ်။ ဒါတွေက ကျွန်ုပ်တို့ကို သစ္စာမဲ့သွားစေနိုင်တဲ့လုပ်ရပ်မှန်သမျှကို ငြင်းပယ်ဖို့ ကူညီပေးတဲ့ သင်ခန်းစာကောင်းတွေဖြစ်တယ်။

သစ္စာရှိသူတွေကို တုပပါ

၈၊ ၉။ (က) ယောနသန်က ဘာဖြစ်လို့ ဒါဝိဒ်အပေါ် သစ္စာရှိပါ့မယ်လို့ ကတိပြုခဲ့တာလဲ။ (ခ) ယောနသန်ကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

သမ္မာကျမ်းစာထဲမှာ သစ္စာရှိသူတွေရဲ့ ပုံသက်သေတွေလည်း အများကြီးရှိတယ်။ ဒီထဲက ပုံသက်သေနှစ်ခုကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲဆိုတာ သုံးသပ်ကြည့်ကြစို့။ အရင်ဆုံး ဒါဝိဒ်အပေါ် သစ္စာရှိခဲ့တဲ့လူတစ်ယောက်အကြောင်း သုံးသပ်ကြည့်ကြမယ်။ ယောနသန်ဟာ ဘုရင်ရှောလုရဲ့ သားကြီးဖြစ်တဲ့အတွက် နောက်တက်မယ့် အစ္စရေးဘုရင်ဖြစ်နိုင်တဲ့ အလားအလာရှိတယ်။ ဒါပေမဲ့ ယေဟောဝါက ဒါဝိဒ်ကို ဘုရင်အဖြစ် ရွေးချယ်ခဲ့တယ်။ ယောနသန်ဟာ ဘုရားသခင့်ဆုံးဖြတ်ချက်ကို လေးစားခဲ့တယ်၊ ဒါဝိဒ်ကို မနာလိုမဖြစ်ခဲ့ဘူး။ အဲဒီအစား ယောနသန်ရဲ့ ‘စိတ်နှလုံးဟာ ဒါဝိဒ်စိတ်နှလုံးနဲ့ စွဲကပ်’ ခဲ့ပြီး ဒါဝိဒ်အပေါ် သစ္စာရှိမယ်လို့ ကတိပေးခဲ့တယ်။ ယောနသန်က သူ့ရဲ့ဝတ်ရုံ၊ ဓား၊ လေးနဲ့ ခါးစည်းတွေကို ဒါဝိဒ်ကိုပေးတဲ့အခါ ဒါဝိဒ်ကိုဘုရင်အဖြစ်လက်ခံကြောင်း ဖော်ပြခဲ့တယ်။ (၁ ရာ. ၁၈:၁-၄) ယောနသန်ဟာ ဒါဝိဒ်ကို ထောက်မကူညီဖို့ သူလုပ်နိုင်သမျှလုပ်ခဲ့တယ်။ အသက်နဲ့ရင်းပြီး ဒါဝိဒ်ကို ရှောလုရဲ့ရန်ကနေ ကာကွယ်ပေးခဲ့တယ်။ ဒါဝိဒ်ကို သစ္စာရှိရှိ ဒီလိုပြောခဲ့တယ်– “မင်းက အစ္စရေးလူမျိုးရဲ့ဘုရင် ဖြစ်လာလိမ့်မယ်။ ငါကိုယ်တိုင် မင်းကို ထောက်ခံအားပေးမယ်။” (၁ ရာ. ၂၀:၃၀-၃၄; ၂၃:၁၆၊ ၁၇ကဘ) ဒါကြောင့် ယောနသန်သေဆုံးသွားတဲ့အခါ ဒါဝိဒ်က သူ့ရဲ့ဝမ်းနည်းမှုနဲ့ ချစ်ခြင်းမေတ္တာကို သီချင်းတစ်ပုဒ်အဖြစ် စပ်ဆိုခဲ့တာက အံ့ဩစရာမဟုတ်ပါဘူး။—၂ ရာ. ၁:၁၇၊ ၂၆

ဘယ်သူ့အပေါ် သစ္စာရှိရမယ်ဆိုတာကို ယောနသန်သိခဲ့တယ်။ သူဟာ အကြွင်းမဲ့အုပ်ချုပ်ပိုင်ခွင့်ရှိသူ ယေဟောဝါအပေါ် အပြည့်အဝသစ္စာရှိခဲ့ပြီး ဒါဝိဒ်ကို ဘုရားသခင်ခန့်အပ်ထားသူအဖြစ် ထောက်ခံအားပေးခဲ့တယ်။ ဒီနေ့ ကျွန်ုပ်တို့လည်း အလားတူပဲ။ အသင်းတော်မှာ အထူးတာဝန်တွေမရရှိပေမဲ့ ဦးဆောင်ဖို့တာဝန်ရထားတဲ့ ညီအစ်ကိုတွေကို တလိုတလား ထောက်မကူညီသင့်တယ်။—၁ သက်. ၅:၁၂၊ ၁၃; ဟေဗြဲ ၁၃:၁၇၊ ၂၄

၁၀၊ ၁၁။ (က) ပေတရု ဘာကြောင့် ယေရှုနားမှာနေပြီး ဆက်သစ္စာရှိခဲ့တာလဲ။ (ခ) ပေတရုကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။ ဒါက ကျွန်ုပ်တို့ကို ဘာလုပ်ဖို့ တွန်းအားဖြစ်စေသင့်သလဲ။

၁၀ ကျွန်ုပ်တို့ သင်ယူနိုင်တဲ့ နောက်ထပ်ပုံနမူနာတစ်ခုက တမန်တော်ပေတရုဖြစ်တယ်၊ သူက ယေရှုအပေါ် သစ္စာရှိမယ်လို့ ကတိပေးခဲ့သူဖြစ်တယ်။ ယေရှုက မကြာခင် ပူဇော်ရာယဇ်အဖြစ်ပေးဆက်တော့မယ့် သူ့ရဲ့အသွေးနဲ့အသားကို ယုံကြည်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ တပည့်တွေနားလည်အောင် ဥပမာတစ်ခုနဲ့ ရှင်းပြခဲ့တယ်။ တပည့်အများစုက ယေရှုရဲ့စကားကြောင့် ထိတ်လန့်သွားပြီး ယေရှုကို စွန့်ခွာသွားကြတယ်။ (ယော. ၆:၅၃-၆၀၊ ၆၆) ဒါကြောင့် ယေရှုက တပည့် ၁၂ ယောက်ကို “သင်တို့သည်လည်း ထွက်သွားလိုကြသလော” လို့မေးခဲ့တယ်။ ပေတရုက “သခင်၊ မည်သူ့ထံ ကျွန်ုပ်တို့ သွားရပါမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သောစကားသည် ကိုယ်တော်၌ရှိပါ၏၊ ကိုယ်တော်သည် ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်သိမှတ်ကြပါပြီ” လို့ပြန်ပြောခဲ့တယ်။ (ယော. ၆:၆၇-၆၉) ဒါက ယေရှုပေးဆက်တော့မယ့် ပူဇော်ရာယဇ်နဲ့ပတ်သက်ပြီး ယေရှုပြောသမျှအားလုံးကို ပေတရု အပြည့်အဝသဘောပေါက်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်လား။ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ပေတရုက ဘုရားသခင် ခန့်အပ်ထားတဲ့သားတော်ယေရှုကို သစ္စာရှိမယ်လို့ ဆုံးဖြတ်ထားတယ်။

၁၁ ယေရှုရဲ့အယူအဆတွေက မှားနေလို့ နောင်တစ်ချိန်မှာ ယေရှု ဒါကိုသိပြီး သူပြောခဲ့တာတွေကို ပြန်ပြုပြင်မယ်လို့ ပေတရု မစဉ်းစားခဲ့ဘူး။ ပေတရုက နှိမ့်ချသူဖြစ်တယ်၊ ယေရှုပြောတာတွေက “ထာဝရအသက်နှင့်ဆိုင်သောစကား” ဖြစ်တယ်ဆိုတာ သူသိတယ်။ ဒီနေ့လည်း အလားတူပဲ။ ‘သစ္စာရှိဘဏ္ဍာစိုး’ ထုတ်ဝေတဲ့စာပေတွေထဲမှာပါတဲ့ အကြောင်းအရာတစ်ခုကို ကျွန်ုပ်တို့ဖတ်ပြီး နားမလည်တဲ့အခါ ဒါမှမဟုတ် ကျွန်ုပ်တို့ရဲ့ထင်မြင်ချက်နဲ့ မကိုက်ညီတဲ့အခါ ကျွန်ုပ်တို့ ဘယ်လိုတုံ့ပြန်သလဲ။ အဲဒါကို နားလည်အောင်လုပ်ဖို့ ကြိုးစားသင့်တယ်။ ကျွန်ုပ်တို့ရဲ့ထင်မြင်ချက်နဲ့ ကိုက်ညီတဲ့အပြောင်းအလဲတစ်ခုကို မျှော်လင့်ပြီး စောင့်မနေသင့်ဘူး။—လုကာ ၁၂:၄၂ ကိုဖတ်ပါ။

သင့်အိမ်ထောင်ဖက်ကို သစ္စာရှိပါ

၁၂၊ ၁၃။ လူတစ်ယောက်က ဘာကြောင့် သူ့ရဲ့အိမ်ထောင်ဖက်အပေါ် သစ္စာမဲ့သွားနိုင်သလဲ။ အဲဒီလိုလုပ်ဖို့ လူတစ်ယောက်ရဲ့အသက်အရွယ်က ဘာကြောင့် အကြောင်းပြချက်မဟုတ်သလဲ။

၁၂ တစ်ယောက်ယောက်ကို တစ်နည်းနည်းနဲ့ သစ္စာဖောက်တာက ဆိုးညစ်တဲ့လုပ်ရပ်ဖြစ်တယ်။ သစ္စာမဲ့တဲ့လုပ်ရပ်ကြောင့် ကျွန်ုပ်တို့ရဲ့မိသားစုနဲ့ အသင်းတော်ရဲ့ ငြိမ်သက်စည်းလုံးမှုကို အထိခိုက်မခံရဘူး။ ကျွန်ုပ်တို့ရဲ့အိမ်ထောင်ဖက်နဲ့ ဘုရားသခင်အပေါ် ဆက်သစ္စာရှိနေဖို့ ဘယ်လိုလုပ်နိုင်တယ်ဆိုတာ လေ့လာကြည့်ကြစို့။

၁၃ အိမ်ထောင်ရေးဖောက်ပြန်တာက နာကြည်းစရာအကောင်းဆုံး သစ္စာမဲ့မှုတစ်ခုဖြစ်တယ်။ ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို သစ္စာမဲ့တဲ့သူတစ်ဦးဟာ သူ့ရဲ့သစ္စာကိုဖျက်ပြီး နောက်တစ်ယောက်ကို ဂရုစိုက်၊ ချင်ခင်စုံမက်တာဖြစ်တယ်။ သစ္စာဖောက်ခံရတဲ့အိမ်ထောင်ဖက်ဟာ ရုတ်တရက်ပဲ တစ်ယောက်တည်း အထီးကျန်ဖြစ်သွားတယ်။ သူ့ရဲ့ဘဝက လုံးလုံးပြောင်းလဲသွားပြီး ကပြောင်းကပြန်ဖြစ်သွားသလိုပဲ။ အရင်တုန်းက တစ်ဦးကိုတစ်ဦး အပြန်အလှန်ချစ်ခဲ့ကြသူနှစ်ဦးကြားမှာ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်လာရတာလဲ။ အိမ်ထောင်ဖက်တွေက အချင်းချင်းရဲ့ခံစားချက်ကို စိတ်မဝင်စားရာကနေ အစပျိုးလေ့ရှိတယ်။ အိမ်ထောင်သည်မောင်နှံက သူတို့ရဲ့ဆက်ဆံရေးကို ခိုင်မြဲစေဖို့အတွက် လုပ်ဆောင်နိုင်ရာမှန်သမျှကို ဆက်မလုပ်တော့ဘူးဆိုရင် သစ္စာမဲ့မှုဖြစ်လာနိုင်တယ်လို့ လူမှုရေးပညာရပ် ပါမောက္ခ ဂါဗရီယယ်လာ တန်နာတူရီက ပြောပြတယ်။ ဒီအဖြစ်မျိုးက အိမ်ထောင်သက်ကြာနေပြီဖြစ်တဲ့ အသက်ကြီးသူဇနီးမောင်နှံတွေမှာတောင် ဖြစ်နိုင်တယ်။ ဥပမာ၊ အသက် ၅၀ ရှိပြီး အိမ်ထောင်သက် ၂၅ နှစ်ရှိနေပြီဖြစ်တဲ့ လူတစ်ဦးက သူနှစ်သက်နေတဲ့ တခြားအမျိုးသမီးတစ်ယောက်နဲ့ အတူနေဖို့ သစ္စာရှိတဲ့သူ့ရဲ့ဇနီးကို ကွာရှင်းခဲ့တယ်။ ဒီအသက်အရွယ်ရောက်ရင် ဒီလိုပဲဖြစ်တတ်တယ်လို့ တချို့သူတွေက ပြောကြတယ်။ ဒါပေမဲ့ ဒီလိုလုပ်ရပ်မျိုးအတွက် အသက်အရွယ်က အကြောင်းပြချက်တစ်ခုမဟုတ်ဘူး။ အိမ်ထောင်ဖက်အပေါ် သစ္စာမဲ့တာက ပုံမှန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပါဘူး။ ဒါက သစ္စာဖောက်တာဖြစ်တယ်။ *

၁၄။ (က) အိမ်ထောင်ဖက်အပေါ် သစ္စာမဲ့သူတွေကို ယေဟောဝါ ဘယ်လိုရှုမြင်သလဲ။ (ခ) အိမ်ထောင်ဖက်ကို သစ္စာဖောက်ခြင်းနဲ့ပတ်သက်ပြီး ယေရှု ဘယ်လိုပြောခဲ့သလဲ။

၁၄ ကျမ်းစာဆိုင်ရာအကြောင်းပြချက်မရှိဘဲ မိမိရဲ့အိမ်ထောင်ဖက်ကို စွန့်ပစ်တဲ့လူတွေကို ယေဟောဝါ ဘယ်လိုရှုမြင်သလဲ။ ကျွန်ုပ်တို့ရဲ့ဘုရားသခင်က ကွာရှင်းတာကို မုန်းတယ်၊ အိမ်ထောင်ဖက်ကို ဆိုးဆိုးရွားရွားဆက်ဆံတဲ့သူ၊ စွန့်ပစ်တဲ့သူတွေကို ပြင်းထန်တဲ့စကားလုံးတွေနဲ့ ဆန့်ကျင်ပြောဆိုခဲ့တယ်။ (မာလခိ ၂:၁၃-၁၆ ကိုဖတ်ပါ။) အိမ်ထောင်ဖက်အပေါ် သစ္စာမဲ့တာကို ယေရှုလည်း သူ့ရဲ့ခမည်းတော်လိုပဲ ရှုမြင်တယ်။ လူတစ်ယောက်က မိမိရဲ့ အပြစ်မဲ့တဲ့အိမ်ထောင်ဖက်ကို စွန့်ပစ်ပြီး ဘာအပြစ်မှမရှိသလိုပုံစံမျိုးနဲ့ နေလို့မရဘူးလို့ ယေရှု သွန်သင်ခဲ့တယ်။—မဿဲ ၁၉:၃-၆၊ ကိုဖတ်ပါ။

၁၅။ အိမ်ထောင်သည်တွေက မိမိတို့ရဲ့အိမ်ထောင်ဖက်အပေါ် ဆက်သစ္စာရှိဖို့ ဘာလုပ်နိုင်သလဲ။

၁၅ အိမ်ထောင်သည်တွေက မိမိတို့ရဲ့အိမ်ထောင်ဖက်အပေါ် ဆက်သစ္စာရှိဖို့ ဘယ်လိုလုပ်နိုင်သလဲ။ သမ္မာကျမ်းစာမှာ ဒီလိုပြောတယ်– “အသက်အရွယ်ပျိုစဉ်ကာလ ပေါင်းဖော်သောမယား [သို့မဟုတ် လင်] နှင့်အတူ ပျော်မွေ့လော့၊” “သင်ချစ်သောမယား [သို့မဟုတ် လင်] နှင့် ရွှင်လန်းစွာ အသက်ကာလကို လွန်စေလော့။” (သု. ၅:၁၈; ဒေ. ၉:၉) အိမ်ထောင်ဖက်နှစ်ဦးစလုံး အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓာအရရော၊ စိတ်လှုပ်ရှားမှုမှာပါ ခိုင်မြဲတဲ့ရင်းနှီးမှုနှောင်ကြိုးရှိဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ရမှာဖြစ်တယ်။ ဒါက ဘာကိုဆိုလိုတာလဲ။ အိမ်ထောင်သည်မောင်နှံတွေက ကြင်နာမှုပြခြင်းအားဖြင့် တစ်ဦးနဲ့တစ်ဦး ရင်းရင်းနှီးနှီး နေရမှာဖြစ်တယ်၊ တစ်ယောက်နဲ့တစ်ယောက် လိုအပ်ရာတွေကို ဂရုစိုက်ပေးရမှာဖြစ်တယ်၊ တစ်ယောက်ကိုတစ်ယောက် အချိန်ပေးရမှာဖြစ်တယ်။ သူတို့ရဲ့အိမ်ထောင်နဲ့ သူတို့နဲ့ ယေဟောဝါရဲ့ဆက်ဆံရေးကို ကာကွယ်ဖို့အတွက် ကြိုးစားရမှာဖြစ်တယ်။ အဲဒီလိုလုပ်ရာမှာ အတူတကွ ကျမ်းစာလေ့လာဖို့၊ အမှုဆောင်လုပ်ငန်းမှာ အတူပါဝင်ဖို့၊ ယေဟောဝါရဲ့ကောင်းချီးရဖို့ အတူ ဆုတောင်းဖို့လိုတယ်။

ယေဟောဝါအပေါ် သစ္စာရှိပါ

၁၆၊ ၁၇။ (က) မိသားစုနဲ့ အသင်းတော်မှာ ဘုရားသခင်အပေါ် ကျွန်ုပ်တို့ရဲ့သစ္စာရှိမှု ဘယ်လိုစမ်းသပ်ခံရနိုင်သလဲ။ (ခ) နှင်ထုတ်ခံရတဲ့ဆွေမျိုးတွေနဲ့ အပေါင်းအသင်းမလုပ်ပါနဲ့ဆိုတဲ့ ဘုရားသခင့်ပညတ်ကို ကျွန်ုပ်တို့လိုက်နာတဲ့အခါ ရလဒ်ကောင်းတွေရရှိနိုင်တယ်ဆိုတဲ့ ဥပမာတစ်ခုကို ပြောပြပါ။

၁၆ အသင်းတော်မှာ ကြီးလေးတဲ့အမှားတွေကို ကျူးလွန်ပြီး ပြင်းပြင်းထန်ထန် ဆုံးမခံရသူတွေရှိတယ်၊ ဒါက သူတို့ကို ယုံကြည်ခြင်းခိုင်ခံ့လာစေဖို့ဖြစ်တယ်။ (တိ. ၁:၁၃) တချို့သူတွေက သူတို့ရဲ့အမူအကျင့်ကြောင့် အသင်းတော်ကနေ နှင်ထုတ်ခံရကြတယ်။ “ဆုံးမခြင်းအားဖြင့် လေ့ကျင့်ခံရသူတို့” အတွက် ဆုံးမမှုက ဘုရားသခင်နဲ့ သူတို့ရဲ့ဆက်ဆံရေးကို ပြန်ကောင်းလာစေနိုင်တယ်။ (ဟေဗြဲ ၁၂:၁၁) ကျွန်ုပ်တို့မှာ နှင်ထုတ်ခံထားရတဲ့ ဆွေမျိုး ဒါမှမဟုတ် ရင်းနှီးတဲ့မိတ်ဆွေရှိတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ နှင်ထုတ်ခံရသူကို သစ္စာရှိမလား၊ ဘုရားသခင်ကို သစ္စာရှိမလားဆိုတဲ့ စမ်းသပ်မှုကြုံတွေ့ရတဲ့အခါ ကျွန်ုပ်တို့ ဘယ်လိုလုပ်သလဲ။ ကျွန်ုပ်တို့က ယေဟောဝါကို သစ္စာရှိသင့်တယ်။ နှင်ထုတ်ခံထားရသူ ဘယ်သူနဲ့မှ ပေါင်းသင်းဆက်ဆံမှုမပြုပါနဲ့ဆိုတဲ့ ကိုယ်တော့်ပညတ်ကို လိုက်နာနေသလားဆိုတာ ကိုယ်တော် ကြည့်နေတယ်။—၁ ကောရိန္သု ၅:၁၁-၁၃ ကိုဖတ်ပါ။

၁၇ နှင်ထုတ်ခံရတဲ့ဆွေမျိုးတွေနဲ့ အပေါင်းအသင်းမလုပ်ပါနဲ့ဆိုတဲ့ ပညတ်ကို မိသားစုဝင်တွေလိုက်နာတဲ့အခါ ရလဒ်ကောင်းတွေရရှိနိုင်တယ်ဆိုတာ ဥပမာတစ်ခုက ဖော်ပြတယ်။ လူငယ်တစ်ယောက်က နှင်ထုတ်ခံထားရတာ ဆယ်နှစ်ကျော်ပြီ။ အဲဒီအချိန်အတွင်းမှာ သူ့ရဲ့အဖေ၊ အမေနဲ့ ညီအစ်ကိုလေးယောက်တို့က သူ့နဲ့ ‘ဆက်မပေါင်းဖော်’ ဘူး။ တစ်ခါတလေ နှင်ထုတ်ခံထားရသူက မိသားစုဝင်တွေနဲ့ ပေါင်းသင်းဖို့ကြိုးစားပေမဲ့ သူတို့က သစ္စာရှိရှိရပ်တည်ခဲ့ကြတယ်။ သူနဲ့ လုံးဝအဆက်အသွယ်မလုပ်ကြဘူး။ အဲဒီအချိန်တုန်းက သူဟာ မိသားစုတွေနဲ့အတူပေါင်းသင်းဖို့ အရမ်းတမ်းတတယ်၊ အထူးသဖြင့် သူတစ်ယောက်တည်းရှိတဲ့ညတွေမှာ ဖြစ်တယ်။ သူ့မိသားစုဝင်တွေက သူနဲ့ နည်းနည်းလောက်ပဲအချိန်ပေး ပေါင်းသင်းမယ်ဆိုရင်တောင် သူကျေနပ်ခဲ့မှာပဲလို့ ပြန်ပြောပြတယ်။ ဒါပေမဲ့ မိသားစုဝင်တွေက သူနဲ့ လုံးဝ အဆက်အသွယ်မလုပ်ဘူး။ ဒါကြောင့် ယေဟောဝါနဲ့ သူ့ရဲ့ဆက်ဆံရေးကို ပြန်ကောင်းအောင်လုပ်ရတဲ့ အကြောင်းရင်းတစ်ခုက မိသားစုဝင်တွေနဲ့ ပေါင်းသင်းဆက်ဆံလိုတဲ့ဆန္ဒကြောင့် ဖြစ်တယ်။ နှင်ထုတ်ခံထားရတဲ့ သင့်ဆွေမျိုးတွေနဲ့ မပေါင်းသင်းပါနဲ့ဆိုတဲ့ ဘုရားသခင့်ပညတ်ကိုချိုးဖောက်ဖို့ သွေးဆောင်ခံရတဲ့အခါ ဒီအဖြစ်အပျက်ကို သတိရပါ။

၁၈။ အခု သစ္စာရှိသူ၊ သစ္စာမဲ့သူတွေရဲ့ပုံသက်သေတွေကို လေ့လာခဲ့ပြီးပြီဖြစ်လို့ သင် ဘာလုပ်မလဲ။

၁၈ လူတွေ တစ်ယောက်ကိုတစ်ယောက် သစ္စာမဲ့နေတဲ့ လောကအလယ်မှာ ကျွန်ုပ်တို့ အသက်ရှင်နေကြရတယ်။ ဒါပေမဲ့ အသင်းတော်မှာ သစ္စာရှိသူတွေရဲ့ ပုံနမူနာတွေ အများကြီးရှိပြီး သူတို့ကို ကျွန်ုပ်တို့ တုပနိုင်ပါတယ်။ သူတို့ရဲ့အသက်ရှင်နေထိုင်ပုံက “မည်မျှသစ္စာစောင့်သိ၍ ဖြောင့်မတ်စွာ၊ အပြစ်ကင်းစွာ ပြုမူခဲ့ကြောင်း” ဖော်ပြတယ်။ (၁ သက်. ၂:၁၀) ဘုရားသခင်ကိုရော အချင်းချင်းကိုပါ ဆက်သစ္စာရှိဖို့ ကျွန်ုပ်တို့ အစွမ်းကုန် လုပ်ဆောင်ကြပါစို့။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 4 ရှံဆုန်ရဲ့ ခွန်အားက သူ့ဆံပင်ကနေရတာမဟုတ်ဘဲ နာဇရိလူတစ်ဦးအနေနဲ့ ယေဟောဝါနဲ့အထူးဆက်ဆံရေးရှိခြင်းကနေ ရတာဖြစ်တယ်။ သူ့ရဲ့ဆံပင်က ဒီအထူးဆက်ဆံရေးရှိကြောင်း ဖော်ပြတဲ့အမှတ်အသားဖြစ်တယ်။

^ အပိုဒ်၊ 6 တချို့ဘာသာစကားတွေမှာ “ယုဒရဲ့အနမ်း” ဆိုတဲ့အသုံးအနှုန်းက သစ္စာဖောက်တဲ့လုပ်ရပ်လို့ အဓိပ္ပာယ်ရတယ်။

^ အပိုဒ်၊ 13 အိမ်ထောင်ဖက်တစ်ဦး သစ္စာဖောက်သွားတာနဲ့ပတ်သက်တဲ့ နောက်ထပ်အကြောင်းအရာကို ဇွန် ၁၅၊ ၂၀၁၀ ကင်းမျှော်စင်၊ စာမျက်နှာ ၂၉-၃၂ မှာပါတဲ့ “အိမ်ထောင်ဖက်၏သစ္စာမဲ့မှုကို ရင်ဆိုင်ဖြေရှင်းခြင်း” ဆောင်းပါးမှာ ကြည့်ပါ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဘုရားသခင် ခန့်အပ်ထားတဲ့သားတော်ကို တခြားသူတွေ ငြင်းပယ်ကြပေမဲ့ ပေတရု ဆက်သစ္စာရှိခဲ့