မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ကယ်တင်ခြင်းရဖို့ ယေဟောဝါကာကွယ် စောင့်ရှောက်ပေး

ကျွန်ုပ်တို့ကယ်တင်ခြင်းရဖို့ ယေဟောဝါကာကွယ် စောင့်ရှောက်ပေး

ကျွန်ုပ်တို့ကယ်တင်ခြင်းရဖို့ ယေဟောဝါကာကွယ် စောင့်ရှောက်ပေး

“သင်တို့သည် ကယ်တင်ခြင်းရစေရန် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏တန်ခိုးတော်နှင့် စောင့်ရှောက်ခံရ၏။ ထိုကယ်တင်ခြင်းသည် နောက်ဆုံးကာလတွင် ထင်ရှားပြခံရလိမ့်မည်။” —၁ ပေ. ၁:၄၊ ၅

သင့်အဖြေကဘာလဲ

ယေဟောဝါက ကျွန်ုပ်တို့ကို စစ်မှန်တဲ့ဝတ်ပြုရေးဘက်မှာရှိဖို့ ဘယ်လိုသွေးဆောင်ခဲ့သလဲ။

ယေဟောဝါက မိမိရဲ့သွန်သင်ချက်အားဖြင့် လမ်းပြပေးတာကို ကျွန်ုပ်တို့ ဘယ်လို ခံယူနိုင်သလဲ။

ယေဟောဝါက ကျွန်ုပ်တို့ကို ဘယ်လိုနည်းနဲ့ အားပေးသလဲ။

၁၊ ၂။ (က) ကျွန်ုပ်တို့ အဆုံးထိသစ္စာရှိဖို့ ဘုရားသခင် ကူညီပေးမယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ (ခ) ကျွန်ုပ်တို့တစ်ဦးချင်းစီရဲ့အကြောင်းကို ယေဟောဝါ ဘယ်လောက်အထိ ကောင်းကောင်းသိသလဲ။

“အဆုံးတိုင်အောင် ခံနိုင်ရည်ရှိသောသူသည် ကယ်တင်ခြင်း ရလိမ့်မည်။” (မ. ၂၄:၁၃) စာတန့်လောကကို ဖျက်ဆီးတဲ့အခါ ကျွန်ုပ်တို့ အသက်ရှင်လွတ်မြောက်ချင်တယ်ဆိုရင် ယေဟောဝါအပေါ် အဆုံးအထိ သစ္စာရှိရမယ်ဆိုတာ ယေရှုရဲ့စကားတွေက အထင်အရှားဖော်ပြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ ဉာဏ်ပညာ ဒါမှမဟုတ် အစွမ်းခွန်အားကိုပဲ အားကိုးပြီး ခံရပ်တည်ကြည်ရမယ်လို့ ယေဟောဝါ မမျှော်လင့်ပါဘူး။ ကျမ်းစာမှာ ဒီလိုကတိပေးထားတယ်– “ဘုရားသခင်သည် သစ္စာရှိတော်မူသောကြောင့် သွေးဆောင်ခြင်းကို သင်တို့ခံနိုင်သည်ထက် ပို၍ခံစေတော်မူမည်မဟုတ်။ သွေးဆောင်ခြင်းကို ကြုံရသည့်အခါ သင်တို့ခံရပ်နိုင်မည်အကြောင်း လွတ်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူမည်။” (၁ ကော. ၁၀:၁၃) ဒီစကားတွေကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်ပါသလဲ။

ကျွန်ုပ်တို့ ဘာပြဿနာတွေကြုံနေရတယ်၊ ဘယ်လိုလူစားမျိုးဖြစ်တယ်၊ ဘယ်လောက်ထိပဲ ခံနိုင်ရည်ရှိတယ်ဆိုတဲ့အချက်တွေအပါအဝင် အရာအားလုံးကို ယေဟောဝါ သိမြင်နိုင်တဲ့အတွက် ကျွန်ုပ်တို့ခံနိုင်တာထက် ပိုပြီး စမ်းသပ်မှုတွေကြုံရဖို့ ကိုယ်တော်ခွင့်မပြုဘူး။ ကျွန်ုပ်တို့အကြောင်းကို အဲဒီလောက်အထိ ယေဟောဝါ တကယ်သိပါသလား။ သိပါတယ်။ ယေဟောဝါက ကျွန်ုပ်တို့တစ်ဦးချင်းစီအကြောင်းကို အတွင်းကျကျ သိနိုင်တယ်လို့ သမ္မာကျမ်းစာက ဖော်ပြတယ်။ ကျွန်ုပ်တို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ အကျင့်စရိုက်တွေကို ကိုယ်တော်သိတယ်။ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးထဲမှာ ဘာရှိတယ်ဆိုတာကိုတောင် ကိုယ်တော်သိတယ်။—ဆာလံ ၁၃၉:၁-၆ ကိုဖတ်ပါ။

၃၊ ၄။ (က) ဒါဝိဒ်အပေါ်ပြသခဲ့တဲ့ ယေဟောဝါရဲ့ စိတ်ဝင်စားမှုက ကျွန်ုပ်တို့တစ်ဦးချင်းစီကိုလည်း ကိုယ်တော် ဂရုစိုက်ကြောင်း ဘယ်လိုဖော်ပြသလဲ။ (ခ) ဒီနေ့အချိန်မှာ ယေဟောဝါက ကျွန်ုပ်တို့ကို စိတ်ဝင်စားကြောင်း ဘယ်လိုဖော်ပြသလဲ။

အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားတွေကို တကယ်ပဲ အဲဒီလို စိတ်ဝင်စားပါသလား။ ဆာလံကျမ်းကိုရေးတဲ့ ဒါဝိဒ်က ဒီအကြောင်းစဉ်းစားပြီး ယေဟောဝါကို ဒီလိုပြောခဲ့တယ်– “ကောင်းကင်ကိုမော့ကြည့်ပြီး ကိုယ်တော့်လက်ရာတွေ၊ ကိုယ်တော်လုပ်ထားတဲ့ လမင်းနဲ့ကြယ်စင်တွေကို မြင်တဲ့အခါ သေမျိုးဖြစ်တဲ့လူကို ကိုယ်တော်အောက်မေ့ရအောင် သူက ဘာမို့လို့လဲ။” (ဆာ. ၈:၃၊ ၄ကဘ) ဒါဝိဒ်က သူ့အပေါ် ယေဟောဝါပြသခဲ့တဲ့ စိတ်ဝင်စားမှုကြောင့် ဒီမေးခွန်းကိုမေးတာ ဖြစ်နိုင်တယ်။ ယေဟောဝါက ယေရှဲရဲ့သားအငယ်ဆုံးဖြစ်တဲ့ ဒါဝိဒ်ကို သိုးကျောင်းသားဘဝကတည်းက “စိတ်နှလုံးတော်နှင့်ညီညွတ်သောသူ” အဖြစ်သတ်မှတ်ခဲ့ပြီး အစ္စရေးလူမျိုးရဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာဖို့ ရွေးချယ်ခဲ့တယ်။ (၁ ရာ. ၁၃:၁၄; ၂ ရာ. ၇:၈) စကြဝဠာရဲ့ဖန်ဆင်းရှင်ဟာ ဒါဝိဒ် သိုးကျောင်းသားဘဝကတည်းက ဒါဝိဒ်ရဲ့ အတွေးတွေ၊ ခံစားချက်တွေကို သိမြင်ခဲ့တယ်။ ဒီအချက်ကို ဒါဝိဒ်သိတဲ့အခါ သူ ဘယ်လိုခံစားခဲ့ရမယ်ဆိုတာ စဉ်းစားကြည့်ပါ။

ဒီနေ့အချိန်မှာ ကျွန်ုပ်တို့ကို ယေဟောဝါစိတ်ဝင်စားကြောင်း ပြတာကလည်း တကယ့်ကိုအံ့မခန်းပါပဲ။ “လူမျိုးအပေါင်းတို့” ထဲက “နှစ်သက်ဖွယ်” ကောင်းတဲ့လူတွေ ကိုယ်တော့်ကိုဝတ်ပြုသူတွေဖြစ်လာဖို့ ကိုယ်တော်စုသိမ်းနေတယ်။ (ဟဂ္ဂဲ ၂:၇) ကိုယ်တော့်အမှုတော်ကို လုပ်ဆောင်နေသူတွေ ဆက်ပြီးသစ္စာရှိဖို့လည်း ကူညီပေးတယ်။ ယေဟောဝါ သူတို့ကို ဘယ်လိုကူညီပေးသလဲ။ ဒီမေးခွန်းရဲ့အဖြေကိုမသုံးသပ်ခင် ယေဟောဝါက လူတွေကို စစ်မှန်တဲ့ဝတ်ပြုရေးဘက်ရောက်လာအောင် ဘယ်လိုသွေးဆောင်သလဲဆိုတာ သုံးသပ်ကြည့်ကြစို့။

ကျွန်ုပ်တို့ကို ဘုရားသခင်သွေးဆောင်

၅။ ယေဟောဝါက လူတွေကို မိမိရဲ့သားတော်ထံ ဘယ်လိုသွေးဆောင်သလဲ။ ဥပမာပေးပါ။

“ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင် မည်သူမျှ ငါ့ထံသို့မလာနိုင်” လို့ ယေရှုပြောခဲ့တယ်။ (ယော. ၆:၄၄) ဒီစကားတွေကနေသိရတာက ခရစ်တော်ရဲ့တပည့်တစ်ဦးဖြစ်ဖို့ ဘုရားသခင့်အကူအညီလိုတယ်ဆိုတဲ့အချက် ဖြစ်တယ်။ ယေဟောဝါက သိုးလိုစိတ်ထားရှိသူတွေကို မိမိသားတော်ထံ ဘယ်လိုသွေးဆောင်သလဲ။ သတင်းကောင်းဟောပြောခြင်းနဲ့ သန့်ရှင်းသောစွမ်းအားတော်ကို အသုံးပြုခြင်းအားဖြင့် ဖြစ်တယ်။ ဥပမာ၊ ပေါလုနဲ့ သူ့ရဲ့ ခရစ်ယာန်သာသနာပြုအဖော်တွေ ဖိလိပ္ပိမြို့မှာရှိနေချိန်မှာ လုဒိလို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးနဲ့တွေ့ပြီး သူ့ကို သတင်းကောင်းစဟောခဲ့ကြတယ်။ ကျမ်းစာမှတ်တမ်းက ဒီလိုဖော်ပြတယ်– ‘ပေါလုဟောပြောရာများကို နာယူလက်ခံရန် ယေဟောဝါသည် သူ၏စိတ်နှလုံးကို အပြည့်အဝဖွင့်တော်မူ၏။’ သတင်းတရားကို လုဒိနားလည်ပြီး လက်ခံလာဖို့ ဘုရားသခင်က စွမ်းအားတော်နဲ့ ကူညီပေးခဲ့တယ်။ ရလဒ်အနေနဲ့ လုဒိနဲ့သူ့မိသားစု နှစ်ခြင်းခံခဲ့ကြတယ်။—တ. ၁၆:၁၃-၁၅

၆။ ကျွန်ုပ်တို့အားလုံး စစ်မှန်တဲ့ဝတ်ပြုရေးမှာရှိဖို့ ဘုရားသခင် ဘယ်လိုသွေးဆောင်ခဲ့သလဲ။

ဒီလိုအဖြစ်အပျက်မျိုးကို လုဒိတစ်ယောက်ပဲ ကြုံတွေ့ခဲ့ရတာလား။ လုံးဝမဟုတ်ပါဘူး။ သင်ဟာ ယေဟောဝါထံအပ်နှံထားပြီးသား ခရစ်ယာန်တစ်ဦးဖြစ်မယ်ဆိုရင် စစ်မှန်တဲ့ဝတ်ပြုရေးမှာရှိဖို့ ဘုရားသခင်ရဲ့သွေးဆောင်မှုကို ခံခဲ့ရပြီးပြီဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ ကောင်းကင်ဖခင်က လုဒိရဲ့နှလုံးထဲမှာရှိတဲ့ ကောင်းတဲ့အချက်တစ်ခုခုကို တွေ့ခဲ့သလိုပဲ သင့်ဆီမှာရှိတဲ့ ကောင်းတဲ့အချက်ကိုလည်း ကိုယ်တော်မြင်တွေ့ခဲ့တယ်။ သတင်းကောင်းကို သင် စကြားရတဲ့အခါ သတင်းကောင်းကို နားလည်ပြီး လက်ခံနိုင်ဖို့ ယေဟောဝါက သန့်ရှင်းသောစွမ်းအားတော်ကိုသုံးပြီး သင့်ကို ကူညီပေးခဲ့တယ်။ (၁ ကော. ၂:၁၁၊ ၁၂) ကျမ်းစာကနေ သိရှိခဲ့ရာတွေကို လက်တွေ့ကျင့်သုံးဖို့ သင်ကြိုးစားတဲ့အခါ သင့်ကြိုးစားအားထုတ်မှုကို ကိုယ်တော် ကောင်းချီးပေးခဲ့တယ်။ ကိုယ်တော့်ထံ သင့်ကိုယ်သင်အပ်နှံလိုက်တဲ့အခါ ကိုယ်တော်ဝမ်းသာခဲ့တယ်။ တကယ်တော့ ယေဟောဝါကိုဝတ်ပြုဖို့ သင်ဦးဆုံးခြေလှမ်းလှမ်းချိန်ကနေစပြီး သင့်ကို ကိုယ်တော် ဆက်ပြီးကူညီပေးနေတယ်။

၇။ ကျွန်ုပ်တို့ ဆက်သစ္စာရှိဖို့ ဘုရားသခင်ကူညီပေးမယ်ဆိုတာ ဘယ်လိုသိရသလဲ။

ယေဟောဝါကို ကျွန်ုပ်တို့ စတင်ဝတ်ပြုနိုင်ဖို့ ကိုယ်တော်ကူညီပေးခဲ့တယ်၊ ဒါကြောင့် ကျွန်ုပ်တို့ ဆက်သစ္စာရှိဖို့ ကိုယ်တော်ဆက်ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်အစွမ်းကြောင့် အမှန်တရားကိုသိခဲ့တာ မဟုတ်သလို အမှန်တရားထဲမှာ ဆက်ရှိနေနိုင်ဖို့ကလည်း ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်အစွမ်းနဲ့ မဖြစ်နိုင်ဘူးဆိုတာ ကိုယ်တော်သိတယ်။ ကောင်းကင်မျှော်လင့်ချက်ရှိတဲ့ ခရစ်ယာန်တွေထံ တမန်တော်ပေတရု ရေးတဲ့စာမှာ သူတို့တွေဟာ “ဘုရားသခင်၏တန်ခိုးတော်နှင့် စောင့်ရှောက်ခံရ” လို့ ဘုရားသခင်အပေါ် ဆက်သစ္စာရှိနိုင်ကြတယ်ဆိုပြီး ပြောခဲ့တယ်။ (၁ ပေ. ၁:၄၊ ၅) ပေတရုပြောခဲ့တဲ့စကားက ခရစ်ယာန်အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒီနေ့အချိန်မှာကော ကျွန်ုပ်တို့ကို ယေဟောဝါ ဘယ်လိုစောင့်ရှောက်ပါသလဲ။ ဒီမေးခွန်းရဲ့အဖြေကို ကျွန်ုပ်တို့သိသင့်ပါတယ်၊ အကြောင်းကတော့ ကျွန်ုပ်တို့အားလုံး ဘုရားသခင်အပေါ်ဆက်သစ္စာရှိဖို့ ကိုယ်တော့်အကူအညီကို လိုအပ်ကြလို့ပဲ။

အမှားမလုပ်မိအောင် ဘုရားသခင်တားဆီးပေး

၈။ ကျွန်ုပ်တို့ ဘာကြောင့် ကြီးလေးတဲ့အမှားကျူးလွန်တဲ့ အန္တရာယ်ထဲ ကျရောက်သွားနိုင်သလဲ။

ဘဝပြဿနာတွေနဲ့ ကျွန်ုပ်တို့ကိုယ်တိုင်ရဲ့မစုံလင်မှုကြောင့် ကျွန်ုပ်တို့က အရာရာကို ယေဟောဝါရှုမြင်သလို မရှုမြင်နိုင်ကြဘူး။ သတိမထားမိဘဲ ကြီးလေးတဲ့အမှားတွေကို ကျူးလွန်မိတဲ့ အန္တရာယ်ထဲရောက်သွားနိုင်တယ်။ (ဂလာတိ ၆:၁ ကိုဖတ်ပါ။) တစ်ကြိမ်မှာ ဒါဝိဒ် အဲဒီလိုဖြစ်ခဲ့တယ်။

၉၊ ၁၀။ ဒါဝိဒ် ကြီးလေးတဲ့အမှား မကျူးလွန်မိဖို့ ယေဟောဝါ ဘယ်လိုတားဆီးပေးခဲ့သလဲ။ ဒီနေ့ ကျွန်ုပ်တို့အတွက်ကော ယေဟောဝါ ဘာလုပ်ပေးသလဲ။

ဒါဝိဒ်က သူ့ကို ဘုရင်ရှောလု သဲကြီးမဲကြီး လိုက်လံဖမ်းဆီးနေချိန်မှာ ချီးမွမ်းစရာကောင်းလောက်အောင် ချုပ်တည်းမှုပြခဲ့တယ်။ ရှောလုကို လက်တုံ့ပြန်ဖို့ အခွင့်အရေးရတဲ့အချိန်မှာတောင် ပြန်လက်စားမချေခဲ့ဘူး။ (၁ ရာ. ၂၄:၂-၇) ဒါပေမဲ့ အဲဒီနောက်ပိုင်းသိပ်မကြာခင်မှာပဲ ဒါဝိဒ်ရဲ့ချုပ်တည်းနိုင်စွမ်း ပျောက်ဆုံးသွားခဲ့တယ်။ ဒါဝိဒ်က နာဗလလို့ခေါ်တဲ့ အစ္စရေးအမျိုးသားတစ်ဦးထံသွားပြီး သူနဲ့သူ့လူတွေလိုအပ်တဲ့ အစားအစာနဲ့ရေပေးဖို့ တလေးတစားတောင်းဆိုခဲ့တယ်။ နာဗလက ဒါဝိဒ်ကို စော်ကားပြောဆိုတဲ့အပြင် ဘာမှလည်း မပေးခဲ့ဘူး။ ဒါကြောင့် ဒါဝိဒ် အရမ်းဒေါသထွက်ပြီး နာဗလနဲ့ နာဗလအိမ်မှာရှိတဲ့ ယောက်ျားအားလုံးကိုသတ်ပြီး လက်စားချေဖို့ ဆုံးဖြတ်ခဲ့တယ်။ အပြစ်မဲ့သူတွေကိုသတ်မယ်ဆိုရင် အဲဒီအတွက် ယေဟောဝါ သူ့ကိုတရားစီရင်မယ်ဆိုတဲ့အချက်ကို ဒါဝိဒ် မစဉ်းစားခဲ့ဘူး။ ဒါပေမဲ့ နာဗလရဲ့ဇနီး အဘိဂဲလက အဲဒီကြီးလေးတဲ့အမှားကို ဒါဝိဒ်မကျူးလွန်မိဖို့ တားဆီးပေးခဲ့တယ်။ ယေဟောဝါက အဘိဂဲလကိုသုံးပြီး သူ့ကိုကာကွယ်ပေးတယ်ဆိုတာ ဒါဝိဒ်သိတဲ့အတွက် သူ ဒီလိုပြောခဲ့တယ်– “ဒီနေ့ ငါနဲ့တွေ့ဖို့ မင်းကိုစေလွှတ်လိုက်တဲ့အရှင်၊ အစ္စရေးလူမျိုးရဲ့ဘုရားသခင် ယေဟောဝါ ချီးမွမ်းခံရပါစေ။ မင်းမှာ စဉ်းစားချင့်ချိန်တတ်တဲ့ဉာဏ်ရှိလို့ မင်းကို ဘုရားသခင်ကောင်းချီးပေးပါစေ။ ဒီနေ့ ငါသွေးပြစ်မကျူးလွန်မိအောင်၊ ကိုယ်တိုင်လက်စားမချေမိအောင် တားဆီးပေးတဲ့ မင်းကို ဘုရားသခင်ကောင်းချီးပေးပါစေ။”—၁ ရာ. ၂၅:၉-၁၃၊ ၂၁၊ ၂၂၊ ၃၂၊ ၃၃ကဘ။

၁၀ ဒီမှတ်တမ်းကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ ယေဟောဝါက ကျွန်ုပ်တို့ ကြီးလေးတဲ့အမှားတွေ မကျူးလွန်မိဖို့ တားဆီးပေးနိုင်တယ်။ ဒါပေမဲ့ ကြီးလေးတဲ့အမှားတစ်ခု လုပ်တော့မယ့်အခါတိုင်းမှာ ယေဟောဝါက တစ်ယောက်ယောက်ကိုစေလွှတ်ပြီး ကျွန်ုပ်တို့ကို တားဆီးပေးဖို့တော့ မမျှော်လင့်သင့်ဘူး။ အခြေအနေတိုင်းမှာ ဘုရားသခင် ဘယ်လိုလုပ်ဆောင်မယ် ဒါမှမဟုတ် ကိုယ်တော့်ရည်ရွယ်ချက်ပြည့်စုံဖို့ ဘယ်အရာကို ကိုယ်တော်ခွင့်ပြုမယ်ဆိုတာကိုလည်း ကျွန်ုပ်တို့ ဘယ်တော့မှ အတိအကျမသိနိုင်ကြဘူး။ (ဒေ. ၁၁:၅) ဒါပေမဲ့ ယေဟောဝါက ကျွန်ုပ်တို့ရဲ့အခြေအနေကို အမြဲသိရှိပြီး ကိုယ်တော့်အပေါ် ဆက်သစ္စာရှိဖို့ ကူညီပေးမယ်ဆိုတာကိုတော့ ယုံကြည်စိတ်ချနိုင်ပါတယ်။ ကျွန်ုပ်တို့ကို ကိုယ်တော်ဒီလိုကတိပြုတယ်– “သင့်ကို ငါ ထိုးထွင်းဉာဏ်ရှိစေပြီး သင်သွားရမယ့်လမ်းကို သွန်သင်ပေးမယ်။ သင့်ကို မျက်ခြည်မပြတ်ကြည့်ရှုပြီး အကြံဉာဏ်ပေးမယ်။” (ဆာ. ၃၂:၈ကဘ) ကျွန်ုပ်တို့ကို ယေဟောဝါ ဘယ်လိုအကြံပေးသလဲ။ ကိုယ်တော့်အကြံပေးချက်တွေကနေ ကျွန်ုပ်တို့ ဘယ်လိုအကျိုးခံစားရနိုင်သလဲ။ ဒီနေ့အချိန်မှာလည်း ယေဟောဝါက မိမိရဲ့လူမျိုးကို ဦးဆောင်နေတယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ ဒီမေးခွန်းတွေရဲ့အဖြေကို ဗျာဒိတ်ကျမ်းမှာ ကြည့်ကြစို့။

သွန်သင်ချက်တွေက ကာကွယ်မှုပေး

၁၁။ ယေဟောဝါက ကိုယ်တော့်လူမျိုးရဲ့အသင်းတော်တွေမှာ ဖြစ်ပျက်နေတာတွေကို ဘယ်လောက်ထိ ကောင်းကောင်းသိသလဲ။

၁၁ အာရှနယ်မှာရှိတဲ့ အသင်းတော်ခုနစ်ခုမှာ ဖြစ်ပျက်နေရာတွေကို ဘုရင်ယေရှုခရစ်သိမြင်ကြောင်း ဗျာဒိတ်ကျမ်း အခန်းကြီး ၂ နဲ့ မှာပါတဲ့ ရူပါရုံကဖော်ပြတယ်။ ခရစ်တော်က အဲဒီအသင်းတော်တွေမှာ ဖြစ်ပျက်နေရာတွေနဲ့ပတ်သက်ပြီး အကြမ်းဖျင်းလောက်သာမဟုတ်ဘဲ အသေးစိတ် သိတယ်။ ဘယ်အရာတွေဖြစ်နေတယ်ဆိုတာကိုသာမက သတ်သတ်မှတ်မှတ် လူပုဂ္ဂိုလ်တွေကိုတောင် အဲဒီရူပါရုံမှာ ဖော်ပြခဲ့တယ်။ ယေရှုခရစ်က အသင်းတော်တစ်ခုချင်းစီရဲ့ လိုအပ်ချက်ကိုလိုက်ပြီး ချီးမွမ်းခဲ့သလို သွန်သင်ချက်တွေလည်း ပေးခဲ့တယ်။ ဒီရူပါရုံက ကျွန်ုပ်တို့အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။ အသင်းတော်ခုနစ်ခုက ၁၉၁၄ ခုနှစ်နောက်ပိုင်းမှာရှိတဲ့ ဘိသိက်ခံခရစ်ယာန်တွေကို ဆိုလိုတယ်။ ခရစ်တော်ပေးခဲ့တဲ့သွန်သင်ချက်က ဘိသိက်ခံတွေကို အဓိကရည်ညွှန်းတာဖြစ်ပေမဲ့ ဒီနေ့မြေကြီးပေါ်မှာရှိတဲ့ ဘုရားသခင့်လူမျိုးရဲ့ အသင်းတော်အားလုံးက အဲဒီကနေ အကျိုးခံစားရနိုင်ပါတယ်။ ဒါကြောင့် မျက်မှောက်ခေတ်မှာ ယေဟောဝါက မိမိရဲ့သားတော်ကိုသုံးပြီး မိမိလူမျိုးကို လမ်းပြပေးနေတယ်လို့ ပြောလို့ရတယ်။ ယေဟောဝါရဲ့ လမ်းပြမှုကို ကျွန်ုပ်တို့ ဘယ်လိုခံယူကြမလဲ။

၁၂။ ယေဟောဝါရဲ့ လမ်းပြမှုကို ကျွန်ုပ်တို့ ဘယ်လို ခံယူနိုင်သလဲ။

၁၂ ယေဟောဝါရဲ့လမ်းပြမှုကို ခံယူနိုင်တဲ့ နည်းတစ်နည်းကတော့ ကိုယ်ပိုင်လေ့လာမှုလုပ်ခြင်းဖြစ်တယ်။ ယေဟောဝါက သစ္စာရှိကျွန်ကတစ်ဆင့် ထုတ်ဝေထားတဲ့ စာပေတွေကနေ ကျွန်ုပ်တို့ကို သွန်သင်ချက်တွေ အများကြီးပေးနေတယ်။ (မ. ၂၄:၄၅) ဒါပေမဲ့ ဒီသွန်သင်ချက်တွေကနေ ကျွန်ုပ်တို့အကျိုးရလိုတယ်ဆိုရင် ဒီစာပေတွေကို အချိန်ယူလေ့လာပြီး ကျွန်ုပ်တို့သိရှိခဲ့တာတွေကို အသက်တာမှာ လက်တွေ့ကျင့်သုံးရမယ်။ ကိုယ်ပိုင်လေ့လာမှုပြုလုပ်တာက ကျွန်ုပ်တို့ အမှားတစ်ခုခုမလုပ်မိအောင် ကာကွယ်ပေးဖို့ ယေဟောဝါကို ခွင့်ပြုလိုက်ခြင်းဖြစ်တယ်။ (ယုဒ ၂၄) အဖွဲ့အစည်းထုတ်ဝေထားတဲ့ စာပေတွေထဲက အကြောင်းအရာတစ်ခုခုကို သင် လေ့လာပြီး “ဒါ ငါ့အတွက်ရေးထားတာပဲ’ လို့ စဉ်းစားဖူးသလား။ ဒါကို ယေဟောဝါထံကလာတဲ့ ဆုံးမပဲ့ပြင်မှုအနေနဲ့ သင် လက်ခံသင့်ပါတယ်။ ကျွန်ုပ်တို့ရဲ့ မိတ်ဆွေက သူပြောတာကိုအာရုံစိုက်ဖို့ ကျွန်ုပ်တို့ရဲ့ပခုံးကိုပုတ်လိုက်သလိုပဲ ယေဟောဝါက စွမ်းအားတော်ကိုသုံးပြီး ကျွန်ုပ်တို့ဘက်က တိုးတက်ဖို့လိုတဲ့အပြုအမူ ဒါမှမဟုတ် သဘောထားတွေကိုသိမြင်အောင် ကူညီပေးနိုင်ပါတယ်။ သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းညွှန်မှုကိုလက်ခံခြင်းက ကျွန်ုပ်တို့ကို လမ်းပြပေးဖို့ ယေဟောဝါကို ခွင့်ပြုလိုက်ခြင်းဖြစ်တယ်။ (ဆာလံ ၁၃၉:၂၃၊ ၂၄ ကိုဖတ်ပါ။) ကျွန်ုပ်တို့လေ့လာမှုလုပ်တဲ့အခါ ဘယ်လောက် ကြာကြာလေ့လာသင့်တယ်၊ ဘယ်လောက်ထိ အားထုတ်ကြိုးစားရမယ်ဆိုတာ ကြည့်ကြစို့။

၁၃။ လေ့လာမှုအတွက် အချိန်ဘယ်လောက်အသုံးပြုနေတယ်၊ ဘယ်လောက်ထိ အားစိုက်ထုတ်လေ့လာတယ်ဆိုတာကို ဆန်းစစ်ခြင်းက ဘာကြောင့် ပညာရှိရာကျသလဲ။

၁၃ ဖျော်ဖြေရေးအတွက် အချိန်အများကြီးပေးမယ်ဆိုရင် ကိုယ်ပိုင်လေ့လာမှုလုပ်ဖို့ အချိန်လုံလုံလောက်လောက် ရှိတော့မှာမဟုတ်ဘူး။ အဲဒီလိုဖြစ်ဖို့ အရမ်းလွယ်တယ်လို့ ညီအစ်ကိုတစ်ဦးက ပြောတယ်။ ဘာကြောင့်လဲ။ သူ ဒီလိုရှင်းပြတယ်– “ဖျော်ဖြေရေးက အခုအချိန်မှာ အရင်ကထက်ပိုပြီး အလွယ်တကူရရှိနိုင်တယ်၊ ပိုပြီးတော့လည်း ဈေးသက်သာလာတယ်။ တီဗွီ၊ ကွန်ပျူတာနဲ့ ဖုန်းကနေလည်း ကြည့်ရှုနိုင်တယ်။ ကျွန်တော်တို့ဝန်းကျင်မှာ ဒါတွေချည်းပဲ။” ဂရုမစိုက်ဘူးဆိုရင် ဖျော်ဖြေရေးအတွက် အချိန်ပိုပေးရာကနေ နောက်ဆုံးတော့ ကိုယ်ပိုင်လေ့လာမှုလုပ်ဖို့ အချိန်လုံးဝမရှိတော့တဲ့အထိ ဖြစ်သွားနိုင်တယ်။ (ဧ. ၅:၁၅-၁၇) ကျွန်ုပ်တို့တစ်ဦးစီက မိမိကိုယ်ကို ဒီလိုမေးသင့်ပါတယ်– “ကျမ်းစာမှာပါတဲ့ နက်နဲတဲ့အကြောင်းအရာတွေကို လေ့လာဖို့ ငါ အချိန်ဘယ်လောက် ပေးသလဲ။ ဟောပြောချက်တစ်ခု ဒါမှမဟုတ် အစည်းအဝေးမှာ အပိုင်းတစ်ပိုင်း တာဝန်ရလို့ ပြင်ဆင်တဲ့အခါမှပဲ လေ့လာမှုလုပ်သလား။” အဖိုးတန်ရတနာရှာသလိုပဲ ယေဟောဝါရဲ့ဉာဏ်ပညာကို သမ္မာကျမ်းစာမှာ နက်နက်နဲနဲ ရှာဖွေလေ့လာဖို့ ကိုယ်ပိုင်လေ့လာမှုအပြင် မိသားစုဝတ်ပြုမှုညချမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒီဉာဏ်ပညာက ကျွန်ုပ်တို့ကိုကာကွယ်ပေးနိုင်ပြီး အဆုံးအထိသစ္စာရှိဖို့ ကူညီပေးနိုင်ပါတယ်။—သု. ၂:၁-၅

အားပေးမှုက ခံနိုင်ရည်ရှိစေ

၁၄။ ကျွန်ုပ်တို့ရဲ့ခံစားချက်တွေကို ယေဟောဝါ ဂရုစိုက်ကြောင်း ကျမ်းစာက ဘယ်လိုဖော်ပြသလဲ။

၁၄ ဒါဝိဒ်ရဲ့ဘဝမှာ ဝမ်းနည်းစရာတွေနဲ့ ဖိစီးမှုဖြစ်စေတဲ့ အခြေအနေအတော်များများကို ကြုံတွေ့ခဲ့ရတယ်။ (၁ ရာ. ၃၀:၃-၆) ဒါဝိဒ်ရဲ့ခံစားချက်တွေကို ယေဟောဝါသိတယ်လို့ ကျမ်းစာက ဖော်ပြတယ်။ (ဆာလံ ၃၄:၁၈; ၅၆:၈ တို့ကိုဖတ်ပါ။) ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ခံစားချက်တွေကိုလည်း သိတယ်။ ကျွန်ုပ်တို့ “ကျိုးပဲ့သောစိတ်” ရှိတဲ့အခါ၊ “နှလုံးကြေကွဲ” တဲ့အခါတွေမှာ ဒီအခြေအနေကို ဘုရားသခင်သိတယ်ဆိုတဲ့အချက်ကို သတိရခြင်းက နှစ်သိမ့်မှုပေးတယ်။ ဒီအချက်က ဒါဝိဒ်ကို နှစ်သိမ့်မှုဖြစ်စေတဲ့အတွက် သူ ဒီလိုသီဆိုခဲ့တယ်– “ကျွန်တော့်ဒုက္ခကို ကိုယ်တော်မြင်တဲ့အတွက် ကိုယ်တော့်အကြင်နာမေတ္တာကြောင့် ကျွန်တော်ဝမ်းမြောက်ရွှင်လန်းရလိမ့်မယ်။ ကျွန်တော့်ဆင်းရဲဒုက္ခတွေကို ကိုယ်တော်သိမြင်ပြီ။” (ဆာ. ၃၁:၇ကဘ) ဒါပေမဲ့ ယေဟောဝါက ကျွန်ုပ်တို့ကြုံတွေ့နေရတဲ့ ဒုက္ခအခက်အခဲတွေကို သိမှတ်ရုံထက်မက ပြုလုပ်ပေးတယ်။ နှစ်သိမ့်၊ အားပေးခြင်းအားဖြင့် ကျွန်ုပ်တို့ ခံနိုင်ရည်ရှိဖို့ ကူညီပေးတယ်။ ကိုယ်တော် ကျွန်ုပ်တို့ကို နှစ်သိမ့်အားပေးတဲ့ နည်းတစ်နည်းကတော့ ခရစ်ယာန်အစည်းအဝေးတွေအားဖြင့် ဖြစ်တယ်။

၁၅။ အာသပ်ရဲ့အဖြစ်အပျက်ကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

၁၅ အာသပ်ရဲ့အဖြစ်အပျက်က ခရစ်ယာန်အစည်းအဝေးတွေမှာ ကျွန်ုပ်တို့ရှိနေဖို့ ဘာကြောင့် လိုအပ်တယ်ဆိုတာကို နားလည်စေတယ်။ လူဆိုးတွေ ကြီးပွားကောင်းစားနေပုံပေါက်ချိန်မှာ ဖြောင့်မတ်သူတွေ ဘာကြောင့် ဒုက္ခဆင်းရဲခံနေရသလဲဆိုတာကို စဉ်းစားပြီး သူ စိတ်ပျက်ခဲ့တယ်။ ယေဟောဝါကို အမှုဆောင်တာကလည်း အကျိုးမရှိပါဘူးလို့ သူ စပြီးစဉ်းစားလာတယ်။ သူ့ခံစားချက်ကို ဒီလိုဖော်ပြခဲ့တယ်– “ကျွန်တော့်စိတ် အချဉ်ပေါက်နေပြီး ကျွန်တော့်ကျောက်ကပ်တွေလည်း စူးစူးရှရှနာကျင်နေတယ်။” ဒါကြောင့် သူဟာ ယေဟောဝါကို ဝတ်မပြုတော့ဘူးလို့တောင် စဉ်းစားလာတယ်။ အာသပ်ရဲ့အတွေးအခေါ်ကို ဘာက ပြန်တည့်မတ်ပေးခဲ့တာလဲ။ “ဘုရားသခင်ရဲ့သန့်ရှင်းရာအရပ်ထဲ ကျွန်တော်ဝင်လာတဲ့အခါကျမှ” ဆိုပြီး သူပြောခဲ့တယ်။ ယေဟောဝါကိုဝတ်ပြုတဲ့ တခြားသူတွေနဲ့ ပေါင်းသင်းခြင်းအားဖြင့် သူ့သဘောထားတွေကို ပြန်ပြုပြင်နိုင်ခဲ့တယ်။ လူဆိုးတွေရဲ့အောင်မြင်မှုက တစ်ခဏသာဖြစ်တယ်၊ သူတို့ကို ယေဟောဝါ မလွဲမသွေတရားစီရင်မယ်ဆိုတာ သူပြန်သိမြင်လာတယ်။ (ဆာ. ၇၃:၂၊ ၁၃-၂၂) တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့လည်း အာသပ်လို ခံစားရနိုင်တယ်။ စာတန့်လောကမှာ မြင်တွေ့နေရတဲ့ မတရားမှုတွေကြောင့် ကျွန်ုပ်တို့ဖိစီးမှုခံနေရပြီး စိတ်ပျက်နေနိုင်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ညီအစ်ကို၊ ညီအစ်မတွေနဲ့ အတူဆုံတွေ့တဲ့အခါ ယေဟောဝါကို ပျော်ရွှင်စွာနဲ့ ဆက်အမှုဆောင်နိုင်ဖို့ ကျွန်ုပ်တို့လိုအပ်တဲ့ အစွမ်းခွန်အားနဲ့ အကူအညီကိုရရှိတယ်။

၁၆။ ဟန္နရဲ့ပုံသက်သေက ကျွန်ုပ်တို့ကို ဘယ်လိုကူညီပေးသလဲ။

၁၆ ဒါပေမဲ့ အသင်းတော်မှာရှိတဲ့ အခြေအနေတစ်ခုခုကြောင့် သင် အစည်းအဝေးတွေကို မတက်ချင်ဘူးဆိုရင်ကော။ သင်ဟာ အသင်းတော်မှာရထားတဲ့ တာဝန်တစ်ခုခုကို လက်လွှတ်လိုက်ရလို့ စိတ်ကသိကအောက် ဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် ညီအစ်ကို၊ ညီအစ်မတစ်ဦးဦးနဲ့ သဘောထားကွဲလွဲနေတာ ဖြစ်နိုင်တယ်။ သင် အဲဒီလိုအခြေအနေမျိုးကြုံရတယ်ဆိုရင် ဟန္နရဲ့အဖြစ်အပျက်က သင့်အတွက် အထောက်အကူပြုနိုင်ပါတယ်။ (၁ ဓမ္မရာဇဝငင် ၁:၄-၈ ကိုဖတ်ပါ။) ဟန္နခမျာ သူနဲ့အပြိုင်မယားဖြစ်တဲ့ ပေနိန္နကြောင့် အတော့်ကိုစိတ်ပျက်ခဲ့ရမှာပဲ။ နှစ်တိုင်း ရှိလောမြို့ကို မိသားစုလိုက်သွားပြီး ယေဟောဝါကို ယဇ်ပူဇော်တဲ့အချိန်မှာ ဟန္နအတွက် အထူးသဖြင့် ခက်ခဲခဲ့မှာဖြစ်တယ်။ သူ အရမ်းစိတ်ဆင်းရဲလို့ “အစာမစားနိုင်၊ ငိုလျက်နေ” ခဲ့တယ်။ ဒါပေမဲ့ ဟန္နက ယေဟောဝါဘုရားသခင်ကို ဝတ်ပြုတဲ့နေရာကို မသွားဘဲမနေခဲ့ဘူး။ ယေဟောဝါက သူ့ရဲ့သစ္စာရှိမှုကို အသိအမှတ်ပြုပြီး ကောင်းချီးပေးခဲ့တယ်။—၁ ရာ. ၁:၁၁၊ ၂၀

၁၇၊ ၁၈။ (က) အစည်းအဝေးတွေမှာ ဘယ်နည်းတွေအားဖြင့် အားပေးမှုရရှိကြသလဲ။ (ခ) ယေဟောဝါ သင့်ကိုပြသတဲ့ မေတ္တာပါဂရုစိုက်မှုအတွက် သင် ဘယ်လိုခံစားရသလဲ။

၁၇ အစည်းအဝေးပုံမှန်တက်ရောက်ခြင်းအားဖြင့် ဟန္နရဲ့ပုံသက်သေကို မျက်မှောက်ခေတ်ခရစ်ယာန်တွေ တုပသင့်ပါတယ်။ အစည်းအဝေးတွေက ကျွန်ုပ်တို့လိုအပ်တဲ့ အားပေးမှုကိုပေးတယ်။ ကျွန်ုပ်တို့အားလုံးက အစည်းအဝေးတွေကနေ အားပေးမှုခံရကြတယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အစည်းအဝေးတွေမှာ ကျွန်ုပ်တို့ညီအစ်ကို၊ ညီအစ်မတွေရဲ့ မေတ္တာကိုခံစားရပြီး နှစ်သိမ့်မှုရရှိတယ်။ ဥပမာ၊ ကြားရတဲ့ ဟောပြောချက် ဒါမှမဟုတ် မှတ်ချက်တစ်ခုက ကျွန်ုပ်တို့ရဲ့နှလုံးကို ထိမိနိုင်တယ်။ ညီအစ်ကို ဒါမှမဟုတ် ညီအစ်မတစ်ဦးက ကျွန်ုပ်တို့ပြောတာကို ထောက်ထားစာနာမှုနဲ့ နားထောင်ပေးနိုင်တယ်၊ ဒါမှမဟုတ် ကျွန်ုပ်တို့အတွက် နှစ်သိမ့်မှုဖြစ်စေတဲ့စကား ပြောပေးနိုင်တယ်။ (သု. ၁၅:၂၃; ၁၇:၁၇) ယေဟောဝါကိုချီးမွမ်းတဲ့သီချင်းတွေကို ကျွန်ုပ်တို့ အတူတကွ ဆိုတဲ့အခါ ပြန်အားရှိပြီး လန်းဆန်းလာတယ်။ ကျွန်ုပ်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အတွေးတွေဝင်လာတဲ့အခါ အစည်းအဝေးကနေရရှိတဲ့ အားပေးမှုကို အထူးသဖြင့်လိုအပ်တယ်။ ကျွန်ုပ်တို့ ခံနိုင်ရည်ရှိဖို့၊ ဆက်သစ္စာရှိဖို့ကူညီပေးတဲ့ ယေဟောဝါရဲ့ “နှစ်သိမ့်မှု” ကို အစည်းအဝေးမှာပဲ ရနိုင်တယ်။—ဆာ. ၉၄:၁၈၊ ၁၉

၁၈ ယေဟောဝါရဲ့မေတ္တာပါစောင့်ရှောက်မှုက ဒီလိုသီဆိုခဲ့တဲ့ ဆာလံဆရာအာသပ်လိုပဲ ကျွန်ုပ်တို့ကို လုံခြုံမှုခံစားရစေတယ်– “ကျွန်တော့်ညာလက်ကို ကိုယ်တော် ဆုပ်ကိုင်ထားတယ်။ ကိုယ်တော်က ကျွန်တော့်ကို အကြံဉာဏ်ပေးပြီး လမ်းပြပါလိမ့်မယ်။” (ဆာ. ၇၃:၂၃၊ ၂၄ကဘ) ကျွန်ုပ်တို့ အဆုံးတိုင်အောင် ခံနိုင်ရည်ရှိဖို့ ယေဟောဝါပေးထားတဲ့ ကာကွယ်မှုနဲ့ အကူအညီအတွက် ကိုယ်တော့်ကို အလွန်ကျေးဇူးတင်ကြတယ်။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

သင်လည်း ယေဟောဝါရဲ့သွေးဆောင်မှုကို ခံခဲ့ရ

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ဘုရားသခင့်သွန်သင်ချက်တွေကို ကျင့်သုံးခြင်းအားဖြင့် ကျွန်ုပ်တို့ကာကွယ်ခံကြရ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့ရရှိတဲ့ အားပေးမှုကြောင့် ခံနိုင်ရည် ဆက်တင်ပြနိုင်ကြ