မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကနေ့ခေတ် ခရစ်ယာန်တွေ နိုင်ငံရေးမှာ ပါဝင်သင့်သလား

ကနေ့ခေတ် ခရစ်ယာန်တွေ နိုင်ငံရေးမှာ ပါဝင်သင့်သလား

ကနေ့ခေတ် ခရစ်ယာန်တွေ နိုင်ငံရေးမှာ ပါဝင်သင့်သလား

ခရစ်ယာန်စစ်တွေက နိုင်ငံရေးမှာ မပါဝင်ကြဘူး။ ဘာဖြစ်လို့လဲ။ ယေရှုရဲ့ ပုံသက်သေအတိုင်း လုပ်ဆောင်လို့ ဖြစ်ပါတယ်။ ယေရှုက သူ့ကိုယ်သူ ဒီလိုပြောခဲ့တယ်– “ကျွန်ုပ်သည် ဤလောကနှင့် မသက်ဆိုင်။” သူ့နောက်လိုက်တွေနဲ့ ပတ်သက်ပြီးတော့လည်း “သင်တို့သည် ဤလောကနှင့် မသက်ဆိုင်” ဆိုပြီး ပြောခဲ့တယ်။ (ယောဟန် ၁၅:၁၉။ ၁၇:၁၄) ခရစ်ယာန်တွေ နိုင်ငံရေးမှာ မပါဝင်သင့်တာနဲ့ပတ်သက်ပြီး အကြောင်းရင်းတချို့ကို သုံးသပ်ကြည့်ပါ။

၁။ လူ့စွမ်းဆောင်နိုင်စွမ်းက အကန့်အသတ်ရှိ။ လူသားတွေဟာ သူတို့ကိုယ်သူတို့ အုပ်ချုပ်နိုင်စွမ်း မရှိသလို အုပ်ချုပ်ပိုင်ခွင့်လည်း မရှိဘူး။ ဘာဖြစ်လို့လဲ။ ပရောဖက် (ကြိုဟောသူ) ယေရမိ ဒီလိုရေးခဲ့လို့ပါပဲ– “လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။”—ယေရမိ ၁၀:၂၃

လူသားတွေဟာ ငှက်တွေလို အတောင်ပံခတ်ပြီး ပျံသန်းဖို့ ဖန်ဆင်းမခံရသလိုပဲ သူတို့ဘာသာသူတို့ အောင်မြင်စွာ အုပ်ချုပ်နိုင်တဲ့အစွမ်းနဲ့ ဖန်ဆင်းမခံရပါဘူး။ လူ့အုပ်ချုပ်မှုတွေရဲ့ အကန့်အသတ်ဖြစ်မှုကို သမိုင်းပညာရှင် ဒေးဗစ် ဖရန်ကင်က ဒီလိုဖော်ပြတယ်– “ကမ္ဘာပေါ်ရှိ အုပ်ချုပ်မှု အဖွဲ့အစည်းတွေက လူသားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် မှားယွင်းလွဲချော်တတ်ပြီး သူတို့ရဲ့အနာဂတ်ကလည်း ရေရာသေချာတယ်လို့ မရှိပါဘူး။ သူတို့တွေက ဩဇာအာဏာကို ကျင့်သုံးတယ်၊ ဒါပေမဲ့ အကန့်အသတ် ရှိပါတယ်။” (The Question of Government) ဒါကြောင့်လည်း ကျမ်းစာက လူသားတွေကို မကိုးစားဖို့ သတိပေးခြင်း ဖြစ်ပါတယ်။—ဆာလံ ၁၄၆:၃

၂။ ဆိုးသွမ်းတဲ့ ကောင်းကင်တမန်တွေ ဩဇာညောင်းနေ။ စာတန်က ယေရှုကို ဒီလောကကို အုပ်ချုပ်ဖို့ ကမ်းလှမ်းတုန်းက ကမ္ဘာ့တိုင်းနိုင်ငံအားလုံးကို ပေးနိုင်တဲ့ အခွင့်အာဏာ စာတန်မှာရှိတယ်ဆိုတာကို ယေရှု မငြင်းဆိုခဲ့ပါဘူး။ နောက်ပိုင်းမှာ ယေရှုက စာတန်ကို “ဤလောကကို အစိုးရသောမင်း” ဆိုပြီးတော့ ခေါ်ဆိုခဲ့တယ်။ နှစ်အနည်းငယ်ကြာပြီးနောက်မှာလည်း တမန်တော်ပေါလုက စာတန်ကို “ဤလောကစနစ်၏ ဘုရား” ဆိုပြီး ခေါ်ဆိုခဲ့တယ်။ (ယောဟန် ၁၄:၃၀။ ၂ ကောရိန္သု ၄:၄) ယုံကြည်ချက်တူတဲ့သူတွေကို ပေါလု ဒီလိုစာရေးခဲ့တယ်– ‘ငါတို့သည် . . . ဤမှောင်မိုက်လောက၏ အုပ်စိုးရှင်များနှင့်လည်းကောင်း၊ ကောင်းကင်အရပ်ရှိ နာမ်ဝိညာဉ်ဆိုးများနှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန်နေကြ၏။’ (ဧဖက် ၆:၁၂) ဒီကျမ်းချက်အရ ဒီလောကကို နောက်ကွယ်ကနေ ချုပ်ကိုင်ပြီး အုပ်စိုးနေသူတွေက တကယ်ဆိုရင် စာတန်နဲ့ သူ့အပေါင်းအပါတွေပဲ ဖြစ်ပါတယ်။ အဲဒီအချက်က နိုင်ငံရေးနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ရဲ့ ရှုမြင်ပုံအပေါ် ဘယ်လို သက်ရောက်မှု ရှိသင့်ပါသလဲ။

ဒီနှိုင်းယှဉ်ချက်ကို စဉ်းစားကြည့်ပါဦး– လှေငယ်လေးတွေဟာ အင်အားပြင်း လှိုင်းလုံးတွေရဲ့ ရိုက်ခတ်မှုကြောင့် မျောပါသွားသလိုပဲ လူ့နိုင်ငံရေးစနစ်တွေဟာလည်း အင်အားပြင်း လှိုင်းလုံးတွေနဲ့တူတဲ့ စာတန်နဲ့အပေါင်းအပါတွေရဲ့ ကြိုးဆွဲရာ လိုက်ကနေရပါတယ်။ ဒါ့အပြင်၊ သင်္ဘောသားတွေဟာ လေပြင်းတိုက်ခတ်မှုကို မထိန်းချုပ်နိုင်သလိုပဲ နိုင်ငံရေးနဲ့ပတ်သက်နေတဲ့သူတွေဟာ အဲဒီအင်အားစုရဲ့ လွှမ်းမိုးမှုကို ဘယ်လိုမှ မတွန်းလှန်နိုင်ကြပါဘူး။ အဲဒီအင်အားစုက လူသားတွေကို ပြုတ်ပြုတ်ပြုန်းစေဖို့နဲ့ ‘မြေကြီးကို အမင်္ဂလာ မကောင်းမှု’ ဖြစ်စေဖို့ ဆုံးဖြတ်ထားကြတယ်။ (ဗျာဒိတ် ၁၂:၁၂) ဒါကြောင့် စာတန်နဲ့ သူ့ရဲ့အပေါင်းအပါတွေထက် ပိုပြီးတန်ခိုးကြီးတဲ့သူကသာ အပြောင်းအလဲတွေ လုပ်ပေးနိုင်မှာဖြစ်တယ်။ အဲဒီပုဂ္ဂိုလ်ကတော့ ယေဟောဝါဘုရားသခင်ပါပဲ။—ယေရမိ ၃၃:၂။ ယေရမိ ၁၀:၇၊ ၁၀

၃။ ခရစ်ယာန်စစ်တွေက ဘုရားသခင့်နိုင်ငံတော် တစ်ခုတည်းကိုပဲ သစ္စာစောင့်သိ။ ဘုရားသခင်ဟာ သူသတ်မှတ်ထားချိန်ရောက်ရင် ကောင်းကင်နိုင်ငံတော်ကို တည်ထောင်ပြီး ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်စေမယ်ဆိုတာ ယေရှုနဲ့ တပည့်တွေ သိထားကြတယ်။ အဲဒီကောင်းကင်နိုင်ငံတော်ကို ဘုရားသခင့်နိုင်ငံတော်လို့ ခေါ်ဆိုပြီး ယေရှုခရစ်ကို ဘုရင်အဖြစ် ခန့်အပ်ထားတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၁:၁၅) အဲဒီနိုင်ငံတော်က လူသားအားလုံးအပေါ် သက်ရောက်မှုရှိမှာဖြစ်လို့ ယေရှုက “ဘုရားသခင်၏နိုင်ငံတော် သတင်းကောင်း” ကို အဓိကအကြောင်းအရာအနေနဲ့ ဟောပြောခဲ့တယ်။ (လုကာ ၄:၄၃) တပည့်တွေကိုလည်း ဒီလိုဆုတောင်းခိုင်းတယ်– “နိုင်ငံတော်လာပါစေ။” ဘာဖြစ်လို့ အဲဒီလိုတောင်းခိုင်းတာလဲ။ အဲဒီနိုင်ငံတော်အားဖြင့် ဘုရားသခင့်အလိုတော်က ကောင်းကင်မှာရော မြေကြီးမှာပါ ပြည့်စုံလာမှာ ဖြစ်လို့ပါပဲ။—မဿဲ ၆:၉၊ ၁၀

အဲဒီလိုပြည့်စုံတဲ့အချိန်ကျရင် လူ့အုပ်ချုပ်မှုတွေ ဘယ်ရောက်သွားမလဲ။ ကျမ်းစာက ဒီလိုအဖြေပေးပါတယ်– “လူနေထိုင်ရာ မြေတစ်ပြင်လုံး” မှာရှိတဲ့ လူ့အုပ်ချုပ်မှုအားလုံး ဖျက်ဆီးခံရမှာဖြစ်တယ်။ (ဗျာဒိတ် ၁၆:၁၄။ ၁၉:၁၉-၂၁) လူ့အုပ်ချုပ်မှုမှန်သမျှကို ဘုရားသခင့်နိုင်ငံတော်က ဖယ်ရှားပစ်မယ်ဆိုတာ တကယ်ယုံကြည်တယ်ဆိုရင် လူ့အုပ်ချုပ်မှုနဲ့ လုံးဝမပတ်သက်ဘဲနေတာ အကျိုးသင့်အကြောင်းသင့်ရှိတယ် မဟုတ်ဘူးလား။ တကယ်လို့ လူတစ်ဦးဟာ လူ့အုပ်ချုပ်မှုကို ထောက်ခံတယ်ဆိုရင် အဲဒါက ဘုရားသခင်ကို ဆန့်ကျင်ရာရောက်ပါတယ်။

ခရစ်ယာန်စစ်တွေဟာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးဆိုတာက သူတို့ရဲ့ရပ်ရွာအသိုင်းအဝိုင်း တိုးတက်ကောင်းမွန်ရေးနဲ့ပတ်သက်ပြီး ဘာမှစိတ်ဝင်စားခြင်းမရှိဘူးဆိုတဲ့ အဓိပ္ပာယ်လား။ အဖြေကို နောက်ဆောင်းပါးမှာ သုံးသပ်ထားပါတယ်။

[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

ယေဟောဝါသက်သေတွေဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ မဟုတ်ဘဲ ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံရာမှာ အလုပ်များနေကြ