မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်သွန်သင်ချက်တွေက လူမှုအသိုင်းအဝိုင်းအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ

ခရစ်ယာန်သွန်သင်ချက်တွေက လူမှုအသိုင်းအဝိုင်းအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ

ခရစ်ယာန်သွန်သင်ချက်တွေက လူမှုအသိုင်းအဝိုင်းအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ

ခရစ်ယာန်စစ်တွေ နိုင်ငံရေးမှာ မပါဝင်ရတဲ့ အကြောင်းရင်းတွေကို ရှေ့ဆောင်းပါးမှာ သုံးသပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ရပ်ရွာကောင်းကျိုးကို ခရစ်ယာန်တွေ စိတ်ဝင်စားတယ်ဆိုတာ ဘယ်လို တင်ပြနိုင်သလဲ။ တင်ပြနိုင်တဲ့ နည်းတစ်နည်းကတော့ ယေရှုရဲ့ ဒီအမိန့်ကို လိုက်နာခြင်းဖြင့် ဖြစ်ပါတယ်– “ထို့ကြောင့် သွား၍ လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော စွမ်းအားတော်၏နာမ၌ နှစ်ခြင်းပေးကြလော့။ သင်တို့အား ငါမိန့်မှာသမျှကို စောင့်ရှောက်စေရန် သွန်သင်ပေးကြလော့။”—မဿဲ ၂၈:၁၉၊ ၂၀

“တပည့်ဖြစ်စေပါ” ဆိုတဲ့ ယေရှုရဲ့အမိန့်ကို လိုက်နာခြင်းနဲ့ ဒီလောကမှာ ဆား၊ အလင်းနဲ့တူပါဆိုတဲ့ ယေရှုရဲ့ညွှန်ကြားချက်ကို လိုက်နာခြင်းက ဆက်စပ်မှုရှိနေပါတယ်။ (မဿဲ ၅:၁၃၊ ၁၄) ဘယ်လို ဆက်စပ်မှုရှိနေတာလဲ။ အဲဒီဆက်စပ်မှုက ဘယ်လို အကျိုးသက်ရောက်မှု ရှိစေနိုင်ပါသလဲ။

ခရစ်တော်ရဲ့ သတင်းစကား—တည်တံ့ပြီး အလင်းဖြာပေး

ဆားမှာ အစားအစာကို မပျက်မစီး၊ မပုပ်မသိုးအောင် ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ အဲဒီလိုပါပဲ၊ နောက်လိုက်တွေကို ဟောပြောခိုင်းတဲ့ ယေရှုရဲ့ သတင်းစကားကလည်း တိုင်းနိုင်ငံအားလုံးထဲက လူတွေကို ပျက်စီးယိုယွင်းခြင်းကနေ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ယေရှုရဲ့သွန်သင်ချက်တွေကို လက်ခံပြီး ကျင့်သုံးသူတွေဟာ ကနေ့ခေတ်မှာ ပျံ့နှံ့နေတဲ့ ကိုယ်ကျင့်တရား ယိုယွင်းပျက်စီးမှုကနေ ကာကွယ်ခံရပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ဆေးလိပ်သောက်ခြင်းလိုမျိုး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမူအကျင့်တွေကို ရှောင်ကြဉ်ဖို့၊ ချစ်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်းလိုမျိုး အရည်အသွေးတွေကို ပြုစုပျိုးထောင်ဖို့ သင်ယူရပါတယ်။ (ဂလာတိ ၅:၂၂၊ ၂၃) အဲဒီအရည်အသွေးတွေက လူမှုအသိုင်းအဝိုင်းကို ကောင်းကျိုးပြုတဲ့၊ ပိုပြီးအသုံးဝင်တဲ့သူ ဖြစ်စေပါတယ်။ လူသားချင်းတွေကို အဲဒီလိုအပြုသဘောဆောင်တဲ့ သတင်းစကား ဝေမျှနေတဲ့ ခရစ်ယာန်တွေဟာ သူတို့ရဲ့ရပ်ရွာအသိုင်းအဝိုင်းကို ကောင်းမှုပြုနေတာပဲ ဖြစ်ပါတယ်။

အလင်းနဲ့တူတယ်ဆိုတဲ့ ခိုင်းနှိုင်းချက်ကကော။ လဟာ နေရဲ့အလင်းကို ရောင်ပြန်ဟပ်သလိုပဲ ခရစ်တော်ရဲ့နောက်လိုက်တွေကလည်း ယေဟောဝါဘုရားသခင်ဆီကလာတဲ့ “အလင်း” ကို ရောင်ပြန်ဟပ်ကြပါတယ်။ အဲဒါကို ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခြင်းနဲ့ ကောင်းမှုပြုနေခြင်းအားဖြင့် ဖော်ပြကြတယ်။—၁ ပေတရု ၂:၁၂

အလင်းနဲ့တူခြင်းနဲ့ တပည့်ဖြစ်စေခြင်းကြားက တူညီချက်ကို ယေရှု ဒီလိုရှင်းပြတယ်– “လူတို့သည် မီးခွက်ကို ထွန်း၍ တင်းတောင်းအောက်တွင် ထားလေ့မရှိ။ အိမ်သူအိမ်သားအားလုံး အလင်းရစေရန် မီးခုံပေါ်တွင်သာ တင်ထားလေ့ရှိကြ၏။ ထိုနည်းတူ . . . သင်တို့၏အလင်းကို လူတို့ရှေ့၌ လင်းစေကြလော့။” မီးခုံပေါ်မှာ တင်ထားတဲ့ မီးခွက်ကို ဝန်းကျင်မှာရှိတဲ့ လူအားလုံး ရှင်းရှင်းလင်းလင်း မြင်နိုင်ကြပါတယ်။ အဲဒီလိုပါပဲ၊ ခရစ်ယာန်စစ်တွေဟာ ဟောပြောခြင်းနဲ့ တခြားကောင်းတဲ့ အလုပ်တွေကို သူတို့ရဲ့ဝန်းကျင်က လူတွေ အထင်အရှား တွေ့မြင်နိုင်အောင် လုပ်ဆောင်သင့်ပါတယ်။ ဘာဖြစ်လို့လဲ။ ကောင်းတဲ့အလုပ်တွေကို တွေ့မြင်သူတွေဟာ ခရစ်ယာန်တွေကိုမဟုတ်ဘဲ ဘုရားသခင်ကို ချီးမွမ်းကြလိမ့်မယ်ဆိုပြီး ယေရှု ပြောခဲ့လို့ပါပဲ။—မဿဲ ၅:၁၄-၁၆

အုပ်စုတစ်စုလုံးရဲ့ တာဝန်

သင်တို့သည် မြေကြီး၏ဆား ဖြစ်ကြ၏” နဲ့ “သင်တို့သည် လောက၏အလင်း ဖြစ်ကြ၏” လို့ ယေရှုပြောတဲ့အခါ တပည့်အားလုံးကို ရည်ညွှန်းပြောဆိုနေတာဖြစ်တယ်။ ယေရှုပေးခဲ့တဲ့တာဝန်က ဘာသာတရား အသီးသီးမှာ ပျံ့နှံ့နေတဲ့ လူအနည်းငယ်လောက်နဲ့ ပြီးမြောက်နိုင်တဲ့အရာ မဟုတ်ပါဘူး။ ယုံကြည်သူအားလုံးဟာ “အလင်း” ဖြစ်ပါတယ်။ လူသားချင်းကို ဟောပြောပါဆိုတဲ့ ခရစ်တော်ပေးတဲ့တာဝန်က အုပ်စုတစ်စုလုံးကိုပေးတဲ့ တာဝန်ဖြစ်တယ်ဆိုတာကို နိုင်ငံပေါင်း ၂၃၅ နိုင်ငံကျော်မှာရှိတဲ့ ခုနစ်သန်းကျော်သော ယေဟောဝါသက်သေတွေ ယုံကြည်ကြပါတယ်။

ယေဟောဝါသက်သေတွေဟောတဲ့ သတင်းစကားရဲ့ အဓိကအကြောင်းအရာက ဘာလဲ။ ယေရှုက သူ့နောက်လိုက်တွေကို ဟောပြောဖို့တာဝန်ပေးတဲ့အခါ လူမှုရေး ဒါမှမဟုတ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအကြောင်း၊ ခရစ်ယာန်ဘာသာနဲ့ လူ့အုပ်ချုပ်မှု ပေါင်းစည်းရေးအကြောင်း ဒါမှမဟုတ် အတွေးအခေါ်ပညာရပ် တစ်ခုခုအကြောင်း ပြောဖို့ မညွှန်ကြားခဲ့ပါဘူး။ ယေရှု ဒီလိုကြိုတင်ပြောခဲ့ပါတယ်– “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် [ဘုရားသခင့်] နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။” (မဿဲ ၂၄:၁၄) ဒါကြောင့် ခရစ်ယာန်စစ်တွေဟာ ယေရှုရဲ့ညွှန်ကြားချက်ကို လိုက်နာတဲ့အနေနဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်း လူတွေကို ဆက်ပြီး ဟောပြောနေပါတယ်။ အဲဒီနိုင်ငံတော်ကပဲ စာတန့်ဆိုးညစ်တဲ့စနစ်ကို ဖျက်ဆီးပြီး ဖြောင့်မတ်တဲ့ ကမ္ဘာသစ်တစ်ခု ဖြစ်လာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

တကယ်ဆိုရင် ခရစ်ဝင်ကျမ်းမှတ်တမ်းတွေမှာ ယေရှုလုပ်ခဲ့တဲ့ ဟောပြောသွန်သင်ခြင်း လုပ်ငန်းနဲ့ပတ်သက်ပြီး အဓိကကျတဲ့အရာက နှစ်ခုပဲ ရှိပါတယ်။ အဲဒီအရာတွေက ကနေ့ ခရစ်ယာန်စစ်တွေရဲ့ လုပ်ဆောင်မှုတွေအပေါ် သက်ရောက်မှုရှိနေတယ်။ အဲဒီအရာနှစ်ခုကို နောက်ဆောင်းပါးမှာ သုံးသပ်ပါမယ်။

[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

ခရစ်ယာန်စစ်တွေ ဟောတဲ့ သတင်းစကားက ဘယ်လိုနည်းနဲ့ ဆားနဲ့ တူတာလဲ

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

ခရစ်ယာန်စစ်တွေဟောတဲ့ သတင်းစကားက ဘယ်လိုနည်းနဲ့ အမှောင်ထဲမှာရှိတဲ့ မီးအိမ်နဲ့ တူတာလဲ