မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမြဲပြည့်စုံခဲ့တဲ့ ကြိုဟောချက်များ

အမြဲပြည့်စုံခဲ့တဲ့ ကြိုဟောချက်များ

‘သင်တို့၏ဘုရားသခင် [ယေဟောဝါ] သည် သင်တို့အဖို့ မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံ၏။’ —ယောရှု ၂၃:၁၄

သမ္မာကျမ်းစာက ဘယ်လိုနည်းနဲ့ ထူးခြားသလဲ။ ရှေးခေတ်က ဟောစာတမ်းတွေဟာ မရေရာတဲ့အပြင် အားထားလို့မရဘူးဆိုတာ ထင်ရှားတယ်။ ကနေ့ခေတ် ဟောစာတမ်းတွေလည်း ထူးမခြားနားပါပဲ။ အနာဂတ်ဟောတဲ့ အတတ်ပညာ (Futurology) ဟာ ခေတ်ရေစီးကြောင်းကိုကြည့်ပြီးမှ ဟောတာဖြစ်တဲ့အပြင် တိကျတဲ့ ဖြစ်ရပ်တွေကို ရာစုနှစ်ချီ ကြိုတင်ဟောတာလည်း မရှိသလောက်ပါပဲ။ ဒါပေမဲ့ သမ္မာကျမ်းစာကြိုဟောချက်တွေဟာ အသေးစိတ်ကျပြီး အမြဲ ဖြစ်ပျက်လာပါတယ်၊ “ရှေးကာလမှစ၍ မဖြစ်သေးသော အမှုအရာတို့ကို” ကြိုပြောရင်တောင် မှန်ကန်ပါတယ်။—ဟေရှာယ ၄၆:၁၀

ဥပမာ– ခရစ်နှစ်မတိုင်ခင် ခြောက်ရာစုမှာ ပရောဖက် (ကြိုဟောသူ) ဒံယေလဟာ မီဒို-ပါးရှားကို ဂရိက လျှပ်တစ်ပြက်အတွင်း အနိုင်ယူမယ့်အကြောင်း ကြိုပြောတဲ့ အဆင်းအာရုံတစ်ခုကို မြင်တွေ့ခဲ့တယ်။ ဒါ့အပြင် အောင်ပွဲရ ဂရိဘုရင်ဟာ “ခွန်အားကြီး” လာတာနဲ့ ချက်ချင်းဆိုသလို သူ့ရဲ့အုပ်ချုပ်မှုက “ကျိုး” သွားသလိုမျိုး အဆုံးသတ်သွားမယ်လို့လည်း ကြိုဟောထားတယ်။ သူ့ရဲ့နေရာမှာ ဘယ်သူဆက်ခံမလဲ။ ဒံယေလက ဒီလိုရေးသားခဲ့တယ်– ‘၎င်းနေရာ၌ နိုင်ငံလေးပါး တည်ထောင်လိမ့်မည်။ သို့ရာတွင် အရင်နိုင်ငံ၏တန်ခိုးနှင့် မပြည့်စုံကြ။’—ဒံယေလ ၈:၅-၈၊ ၂၀-၂၂

သမိုင်းပညာရှင်တွေရဲ့စကား– ဒံယေလခေတ်နောက်ပိုင်း နှစ်ပေါင်း ၂၀၀ ကျော်အကြာမှာ မဟာအလက်ဇန္ဒားက ဂရိဘုရင်ဖြစ်လာပါတယ်။ အလက်ဇန္ဒားဟာ မီဒို-ပါးရှားအင်ပါယာကို ဆယ်နှစ်အတွင်းမှာပဲ အနိုင်ယူခဲ့ပြီး ဂရိအင်ပါယာကို အင်းဒပ်စ်မြစ် (မျက်မှောက်ခေတ် ပါကစ္စတန်နိုင်ငံထဲမှာရှိ) အထိ တိုးချဲ့ခဲ့တယ်။ ဒါပေမဲ့ သူဟာ အသက် ၃၂ နှစ်အရွယ်မှာ ရုတ်တရက် သေဆုံးသွားပါတယ်။ နောက်ပိုင်းမှာ အာရှမိုင်းနားမှာရှိတဲ့ အစ္စက်ရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်ပွဲကြောင့် ဂရိအင်ပါယာ တစ်စစီ ပြိုကွဲသွားခဲ့ရတယ်။ အဲဒီတိုက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဗိုလ်ချုပ်ကြီးလေးယောက်က ဂရိအင်ပါယာကို လေးပိုင်း ပိုင်းလိုက်ပြီး ခွဲဝေယူလိုက်ကြတယ်။ ဒါပေမဲ့ သူတို့တစ်ယောက်ချင်းစီရဲ့ အာဏာက အလက်ဇန္ဒားရဲ့အာဏာလောက် မကြီးထွားလာခဲ့ပါဘူး။

သင် ဘယ်လိုယူဆသလဲ။ တခြားစာအုပ်တွေထဲမှာပါတဲ့ ကြိုဟောချက်တွေ အမြဲ ပြည့်စုံခဲ့တယ်လို့ ပြောနိုင်သလား။ ဒါမှမဟုတ် သမ္မာကျမ်းစာကြိုဟောချက်တွေက အမြဲ ပြည့်စုံခဲ့တယ်လို့ ပြောနိုင်သလား။

“သမ္မာကျမ်းစာထဲမှာ ကြိုဟောချက်တွေ အများကြီးပါရှိတယ်။ အဲဒီကြိုဟောချက်တွေ မတော်တဆ ပြည့်စုံလာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ရှုမြင်ရမယ်။”—A LAWYER EXAMINES THE BIBLE, BY IRWIN H. LINTON