မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှေ့နောက်ညီညွတ်မှုရှိတဲ့ မှတ်တမ်းများ

ရှေ့နောက်ညီညွတ်မှုရှိတဲ့ မှတ်တမ်းများ

“ပရောဖက်ပြုချက်မည်သည် လူ့အလိုအားဖြင့် မည်သည့်အခါမျှ ဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောစွမ်းအားတော် တိုက်တွန်းခြင်းအားဖြင့် ဘုရားသခင်ထံတော်မှစကားကို လူတို့ ပရောဖက်ပြုခြင်းဖြစ်၏။”—၂ ပေတရု ၁:၂၁

သမ္မာကျမ်းစာက ဘယ်လိုနည်းနဲ့ ထူးခြားသလဲ။ ရှေးခေတ်က မှတ်တမ်းမှတ်ရာတွေဟာ ခေတ်တစ်ခေတ်တည်းမှာပဲ ရေးသားရင်တောင် တစ်ခုနဲ့တစ်ခု ဆန့်ကျင်ကွဲလွဲနေတတ်ပါတယ်။ လူအမျိုးမျိုး၊ နေရာအမျိုးမျိုးနဲ့ အချိန်ကာလအမျိုးမျိုးမှာ ရေးသားခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေဟာ တစ်ခုနဲ့တစ်ခု ကိုက်ညီဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ သမ္မာကျမ်းစာကတော့ ကျမ်းစောင်ရေ ၆၆ စောင်နဲ့ ဖွဲ့စည်းထားပေမဲ့ အာဘော်ရှင်က တစ်ဦးတည်းဖြစ်ပါတယ်။ ဒါကြောင့် သမ္မာကျမ်းစာမှာပါတဲ့ မှတ်တမ်းတွေက တစ်ပေါင်းတစ်စည်းတည်းဖြစ်ပြီး ရှေ့နောက်ညီညွတ်မှုရှိတယ်။—၂ တိမောသေ ၃:၁၆

ဥပမာ–ခရစ်နှစ်မတိုင်ခင် ၁၆ ရာစုက သိုးထိန်းတစ်ဦးဖြစ်တဲ့ မောရှေဟာ လူသားထုကို ကယ်တင်မယ့် “အမျိုးအနွယ်” ပေါ်ထွန်းမယ့်အကြောင်း သမ္မာကျမ်းစာရဲ့ ဦးဆုံးကျမ်းစောင်ထဲမှာ ရေးသားဖော်ပြခဲ့တယ်။ နောက်ပိုင်းမှာ အဲဒီအမျိုးအနွယ်ဟာ အာဗြဟံ၊ ဣဇာက်နဲ့ ယာကုပ်တို့ကနေ ဆင်းသက်လာမယ်ဆိုပြီး အဲဒီကျမ်းစောင်ထဲမှာပဲ ကြိုပြောထားတယ်။ (ကမ္ဘာဦး ၃:၁၅; ၂၂:၁၇၊ ၁၈; ၂၆:၂၄; ၂၈:၁၄) အနှစ် ၅၀၀ နီးပါးကြာပြီးတဲ့နောက်ပိုင်းမှာ အဲဒီအမျိုးအနွယ်ဟာ ဒါဝိဒ်မင်းမျိုးမင်းနွယ် ဖြစ်လိမ့်မယ်ဆိုပြီး ပရောဖက် (ကြိုပြောသူ) နာသန်က ဖော်ပြခဲ့တယ်။ (၂ ဓမ္မရာဇဝင် ၇:၁၂) အဲဒီလိုဖော်ပြပြီးတဲ့နောက် အနှစ်တစ်ထောင်အကြာမှာ၊ အဲဒီအမျိုးအနွယ်ကို ယေရှုနဲ့ သူ့နောက်လိုက် အုပ်စုတစ်စုနဲ့ ဖွဲ့စည်းထားတယ်ဆိုပြီး တမန်တော်ပေါလုက ရှင်းပြခဲ့တယ်။ (ရောမ ၁:၁-၄; ဂလာတိ ၃:၁၆၊ ၂၉) ခရစ်နှစ်ပထမရာစု အကုန်ပိုင်းမှာ အဲဒီအမျိုးအနွယ်ရဲ့ အဖွဲ့ဝင်တွေဟာ မြေကြီးပေါ်မှာ ယေရှုအကြောင်း သက်သေခံမယ်၊ ကောင်းကင်ကို ထမြောက်သွားမယ်၊ ပြီးရင် ယေရှုနဲ့အတူ အနှစ်တစ်ထောင် အုပ်ချုပ်ကြမယ်ဆိုပြီး သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းစောင်မှာ ကြိုဟောထားတယ်။ အဲဒီအမျိုးအနွယ်ဟာ စာတန်ကို ဖျက်ဆီးပြီး လူသားထုကို ကယ်တင်မှာဖြစ်တယ်။—ဗျာဒိတ် ၁၂:၁၇; ၂၀:၆-၁၀

ကျမ်းစာအနက်ဖွင့်သူများ ပြောဆိုရာ– သမ္မာကျမ်းစာကို နှိုက်နှိုက်ချွတ်ချွတ် ဆန်းစစ်လေ့လာပြီးတဲ့နောက် လူဝီ ဂိုစန်က “အနှစ် တစ်ထောင့်ငါးရာကာလအတွင်းမှာ များပြားလှတဲ့ ကျမ်းရေးသူတွေ ရေးသားခဲ့တဲ့ သမ္မာကျမ်းစာဟာ ရှေ့နောက်ညီညွတ်မှုရှိတယ်။ . . . သူတို့တွေဟာ ဒီလောကကို ဘုရားသခင့်သားတော် ကယ်နုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အပြည့်အဝ နားမလည်ပေမဲ့လည်း အဲဒီရည်ရွယ်ချက် အထမြောက်အောင် တစ်စိုက်မတ်မတ် ကြိုးစားပြီး ရေးသားခဲ့ကြ” တာကို အရမ်းအံ့သြရတယ်လို့ ရေးသားဖော်ပြခဲ့တယ်။—TheopneustyThe Plenary Inspiration of the Holy Scriptures.

သင် ဘယ်လိုယူဆသလဲ။ အနှစ် ၁,၅၀၀ ကျော်ကာလအတွင်းမှာ လူအယောက် ၄၀ လောက် ရေးသားခဲ့ပေမဲ့ ရှေ့နောက်ညီညွတ်မှုရှိတဲ့ တခြားစာအုပ်ရှိပါသေးသလား။ ဒါမှမဟုတ် သမ္မာကျမ်းစာတစ်အုပ်ပဲ ရှိသလား။

“ကျမ်းစောင်တွေကို တစ်စုတစ်ဝေးတည်း စုစည်းလိုက်တဲ့အခါ ဖွဲ့စည်းတည်ဆောက်ပုံအရ တစ်အုပ်တည်း ဖြစ်သွားတယ်။ . . . ဒီစာအုပ်နဲ့တူတဲ့ စာပေဆိုလို့ ဒီလောကမှာ တစ်အုပ်တလေမှ မရှိဘူး။”—THE PROBLEM OF THE OLD TESTAMENT, BY JAMES ORR