မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများအမေး

ယေဟောဝါသက်သေတွေက ဘာကြောင့် အိမ်တိုင်းကိုသွားပြီး ဟောပြောနေကြတာလဲ

ယေဟောဝါသက်သေတွေက ဘာကြောင့် အိမ်တိုင်းကိုသွားပြီး ဟောပြောနေကြတာလဲ

▪ နောက်လိုက်တွေကို ပေးခဲ့တဲ့ ယေရှုရဲ့မိန့်မှာချက်ကို ကျမ်းစာထဲမှာ ဒီလိုဖတ်ရပါတယ်– “ထို့ကြောင့် သွား၍ လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . သွန်သင်ပေးကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) အဲဒီမိန့်မှာချက်က ခရစ်ယာန်အားလုံးနဲ့ သက်ဆိုင်ပါသလား။ သက်ဆိုင်တယ်လို့ ယေရှုရဲ့ ဦးဆုံးတပည့်တွေ သဘောပေါက်ခဲ့ကြပါတယ်။ ဥပမာ၊ တမန်တော်ပေတရုက ဒီလိုဖော်ပြခဲ့တယ်– ‘သခင် [ယေရှု] သည် လူတို့အား ဟောပြော၍ စေ့စေ့စပ်စပ် သက်သေခံကြရန် ငါတို့ကို မိန့်မှာတော်မူ၏။’ (တမန်တော် ၁၀:၄၂) တမန်တော်ပေါလုလည်း ဒီလိုရေးသားခဲ့တယ်– ‘ငါ၌ ဟောရမည့်တာဝန်ရှိ၏။’ သတင်းကောင်းကို မဟောဘဲနေလျှင် ငါ၌ အမင်္ဂလာရှိ၏။—၁ ကောရိန္သု ၉:၁၆

ပေါလုနဲ့ပေတရုအပြင် ပထမရာစုခေတ်က ခရစ်ယာန်အားလုံးလည်း ယေရှုရဲ့မိန့်မှာချက်ကို နာခံခဲ့ကြတယ်။ ဟောပြောခြင်းလုပ်ငန်းကို သူတို့ရဲ့အဓိကလုပ်ငန်း ဖြစ်စေခဲ့ကြတယ်။ (တမန်တော် ၅:၂၈-၃၂၊ ၄၁၊ ၄၂) ကနေ့ခေတ် ယေဟောဝါသက်သေတွေလည်း သူတို့လုပ်ခဲ့တဲ့အတိုင်း လုပ်ဆောင်ဖို့ ကြိုးစားကြပါတယ်။ ယေရှုဟောခဲ့တဲ့ “ကောင်းကင်နိုင်ငံတော်” သတင်းတရားကို သူတို့လည်း ဟောပြောနေကြတယ်။—မဿဲ ၁၀:၇

ဘယ်သူတွေကို ဘုရားသခင့်နိုင်ငံတော်သတင်းတရား ဟောပြောသင့်သလဲ။ နေရာတကာမှာရှိတဲ့ လူတိုင်းကို ဟောပြောရမယ်လို့ ယေရှုမိန့်မှာခဲ့တယ်။ တပည့်တွေကို ဒီလိုလည်းပြောခဲ့တယ်– “သင်တို့သည် . . . မြေကြီးစွန်းတိုင်အောင် ငါ့အကြောင်း သက်သေခံသူများ ဖြစ်ကြလိမ့်မည်။” (တမန်တော် ၁:၈) ဆိုးညစ်တဲ့ ဒီလောက အဆုံးမတိုင်ခင် “နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြော” ရလိမ့်မယ်လို့တောင် ယေရှု ကြိုဟောခဲ့တယ်။ (မဿဲ ၂၄:၁၄) အဲဒီမိန့်မှာချက် ပြည့်စုံစေဖို့ ပထမရာစုခေတ်က ခရစ်ယာန်တွေဟာ သူတို့နဲ့ရင်းနှီးတဲ့သူတွေ ဒါမှမဟုတ် ဘာသာတရားမရှိတဲ့သူတွေလောက်ကိုပဲ မဟုတ်ဘဲ လူတိုင်းကို ကြိုးစားဟောပြောခဲ့ကြပါတယ်။ (ကောလောသဲ ၁:၂၃; ၁ တိမောသေ ၂:၃၊ ၄) အဲဒီလိုပါပဲ၊ ကနေ့ခေတ် ယေဟောဝါသက်သေတွေဟာ လူတိုင်းကို ကြိုးစားဟောပြောနေကြပါတယ်။ *

ဘုရားသခင့်နိုင်ငံတော်သတင်းတရား ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိဖို့ အထိရောက်ဆုံးနည်းက ဘာလဲ။ လူများနိုင်သမျှ များများဆီ သတင်းကောင်း ဘယ်လိုရောက်ရှိနိုင်တယ်ဆိုတာကို ယေရှုသိထားတဲ့အတွက် တပည့်တွေကို မြို့၊ ရွာနဲ့ လူနေအိမ်တွေဆီသွားဖို့ စေလွှတ်ခဲ့တယ်။ (မဿဲ ၁၀:၇၊ ၁၁၊ ၁၂) ယေရှုသေဆုံးပြီး ရှင်ပြန်ထမြောက်ပြီးတဲ့နောက် သူ့ရဲ့တပည့်တွေဟာ “တစ်အိမ်မှတစ်အိမ်” သွားပြီး ဆက်ဟောပြောခဲ့ကြပါတယ်။ (တမန်တော် ၅:၄၂) ယေရှုဟောခဲ့တဲ့နည်းအတိုင်း သူတို့လည်း လူတွေကို တွေ့နိုင်တဲ့နေရာတိုင်း၊ လူအများ စုဝေးရာနေရာတိုင်းမှာ ဟောပြောခဲ့ကြတယ်။ (ယောဟန် ၄:၇-၂၆; ၁၈:၂၀; တမန်တော် ၁၇:၁၇) ကနေ့ခေတ်မှာလည်း ယေဟောဝါသက်သေတွေဟာ အဲဒီနည်းလမ်းအတိုင်း လူအားလုံးကို ဟောပြောနေကြပါတယ်။

ဒါပေမဲ့ သတင်းကောင်းကို လူတိုင်း နားထောင်မှာမဟုတ်ဘူးဆိုပြီး ယေရှုပြောခဲ့တယ်။ (မဿဲ ၁၀:၁၄; ၂၄:၃၇-၃၉) အဲဒါကြောင့် ခရစ်ယာန်တွေဟာ သတင်းကောင်းကို မဟောဘဲနေသင့်သလား။ ဒီနှိုင်းယှဉ်ချက်ကို သုံးသပ်ကြည့်ပါ– ငလျင် အကြီးအကျယ်လှုပ်သွားပြီးတဲ့နောက် ကယ်ဆယ်ရေးအဖွဲ့မှာ သင် ပါဝင်နေတယ်ဆိုရင် အသက်ရှင်ကျန်ရစ်သူ နည်းနည်းလေးပဲ ရှာတွေ့တဲ့အတွက် ဆက်မရှာတော့ဘဲနေမလား။ ဆက်ရှာမှာပဲ မဟုတ်ဘူးလား။ လူတစ်ယောက်ကိုကယ်ဖို့ မျှော်လင့်ချက်ရှိနေသရွေ့ သင်ဟာ ဇွဲနပဲနဲ့ ဆက်ရှာနေမှာဖြစ်တယ်။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို တုံ့ပြန်မယ့်သူတစ်ယောက်ယောက် ရှိနေမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိနေသရွေ့ ဇွဲကောင်းကောင်းနဲ့ ဟောပြောဖို့ တပည့်တွေကို ယေရှုမိန့်မှာခဲ့တယ်။ (မဿဲ ၁၀:၂၃; ၁ တိမောသေ ၄:၁၆) ယေဟောဝါသက်သေတွေဟာ သတင်းကောင်းတုံ့ပြန်မယ့်သူတွေကို အိမ်ပေါက်စေ့သွားပြီး ရှာဖွေခြင်းအားဖြင့် ဘုရားသခင်နဲ့ လူသားချင်းကိုချစ်ကြောင်း ဖော်ပြကြတယ်။ လူတွေဟာ သတင်းကောင်းကိုကြားနာပြီး တုံ့ပြန်မယ်ဆိုရင် ကယ်တင်ခြင်းရနိုင်ပါလိမ့်မယ်။—မဿဲ ၂၂:၃၇-၃၉; ၂ သက်သာလောနိတ် ၁:၈

သင် အခုဖတ်နေတဲ့ ဒီမဂ္ဂဇင်းဟာ ကျမ်းစာသတင်းတရားကို ဖော်ပြပေးပါတယ်။ ဒီထက်မက ပိုသိချင်တယ်ဆိုရင် သင့်ဆီ ယေဟောဝါသက်သေတွေ နောက်တစ်ကြိမ် လည်ပတ်တဲ့အခါ သူတို့ကို ကျေးဇူးပြု၍ ပြောပြပါ၊ ဒါမှမဟုတ် ဒီမဂ္ဂဇင်းထုတ်ဝေသူတွေဆီ ကျေးဇူးပြု၍ စာရေးပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ကနေ့ ယေဟောဝါသက်သေတွေဟာ နိုင်ငံပေါင်း ၂၃၆ နိုင်ငံမှာ ဟောပြောနေကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ဟောပြောခြင်းလုပ်ငန်းမှာ နာရီပေါင်း သန်းတစ်ထောင့်ခုနစ်ရာ အသုံးပြုခဲ့ပြီး ကျမ်းစာသင်အံမှုပေါင်း ၈.၅ သန်း ကျင်းပခဲ့ကြတယ်။