မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

မြင့်မြတ်တဲ့လုပ်ငန်းကနေ အဖိုးတန်သင်ခန်းစာ သင်ယူခဲ့

မြင့်မြတ်တဲ့လုပ်ငန်းကနေ အဖိုးတန်သင်ခန်းစာ သင်ယူခဲ့

အိုလီဗာ ရန်ဒရီရာမောရာ ပြောပြတယ်

“ငါသည် နည်းပါးခြင်းနှင့်လည်းကောင်း၊ ပိုလျှံခြင်းနှင့်လည်းကောင်း နေတတ်၏။ ဝပြောခြင်းနှင့် မွတ်သိပ်ခြင်း . . . တို့ကို အရာရာတိုင်းနှင့် အခြေအနေတိုင်းတွင် မည်သို့ကိုင်တွယ်ရမည်ကို ငါသင်ယူခဲ့ပြီ။ အကြောင်းမူကား ငါ့ကို တန်ခိုးပေးတော်မူသော ကိုယ်တော်အားဖြင့် အရာခပ်သိမ်းကို ငါတတ်စွမ်းနိုင်၏။”—ဖိ. ၄:၁၂၊ ၁၃

တမန်တော်ပေါလုရဲ့ဒီစကားတွေက ကျွန်တော်နဲ့ ကျွန်တော့်ဇနီးအော်လီအတွက် အမြဲအားပေးမှုဖြစ်ခဲ့တယ်။ မာဒါဂက်စကာမှာ ယေဟောဝါရဲ့အမှုဆောင်ရင်းနဲ့ ကျွန်တော်တို့ သင်ယူသိရှိခဲ့တာကတော့ အခြေအနေတိုင်းမှာ ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားခြင်းဖြစ်တယ်။

အော်လီရဲ့အမေ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာတဲ့ ၁၉၈၂ ခုနှစ်မှာ အော်လီနဲ့ ကျွန်တော်က စေ့စပ်ပြီးပြီ။ နောက်ပိုင်းမှာ ကျွန်တော် ကျမ်းစာစလေ့လာခဲ့တယ်၊ နောက်တော့ အော်လီလည်းပဲ ကျမ်းစာလေ့လာခဲ့တယ်။ ၁၉၈၃ မှာ ကျွန်တော်တို့ လက်ထပ်ပြီး ၁၉၈၅ မှာ ကျွန်တော်တို့နှစ်ယောက်စလုံး နှစ်ခြင်းခံခဲ့ကြတယ်။ နှစ်ခြင်းခံပြီးတာနဲ့ အရန်ရှေ့ဆောင်လုပ်ကြတယ်။ ၁၉၈၆၊ ဇူလိုင်မှာ ကျွန်တော်တို့ မှန်မှန်ရှေ့ဆောင်တွေ ဖြစ်လာတယ်။

၁၉၈၇၊ စက်တင်ဘာမှာ အထူးရှေ့ဆောင်တွေအဖြစ် ကျွန်တော်တို့ စအမှုဆောင်ခဲ့ကြတယ်။ ဦးဆုံးတာဝန်ကျတာက မာဒါဂက်စကာရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ အသင်းတော်မရှိတဲ့ မြို့လေးတစ်မြို့မှာဖြစ်တယ်။ မာဒါဂက်စကာမှာ အဓိကလူမျိုး ၁၈ မျိုးလောက်နဲ့အတူ မျိုးနွယ်စုငယ်များစွာရှိပြီး ထုံးစံတွေ၊ ရိုးရာဓလေ့တွေက အမျိုးစုံပါပဲ။ မာလဂက်စီဘာသာစကားက ရုံးသုံးဘာသာစကားဖြစ်ပေမဲ့ တချို့နေရာတွေမှာတော့ တခြားမျိုးနွယ်စုစကားတွေကိုလည်း သုံးကြတယ်။ ဒါကြောင့် ကျွန်တော်တို့တာဝန်ကျတဲ့မြို့ကလူတွေ ပြောတဲ့စကားကို စသင်ယူခဲ့ကြတယ်။ ဒါက အဲဒီမှာနေတဲ့လူတွေ ကျွန်တော်တို့ကို လက်ခံဖို့ လွယ်ကူစေတယ်။

အစပိုင်းမှာတော့ အစည်းအဝေးတက်ရောက်သူဆိုလို့ ကျွန်တော်တို့နှစ်ယောက်ပဲ ရှိတယ်။ တနင်္ဂနွေနေ့တိုင်း ကျွန်တော်က လူထုဟောပြောချက်ပေးတယ်၊ ပြီးတဲ့နောက် အော်လီက တာဝန်ကျေစွာ လက်ခုပ်တီးပေးတယ်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းကို အစီအစဉ်အတိုင်း တစ်ခုမကျန်ကျင်းပခဲ့ကြတယ်၊ အော်လီက ကျောင်းသားတာဝန်တွေကို အိမ်ရှင်နဲ့တင်ဆက်နေတဲ့ပုံစံမျိုးနဲ့ လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ဆီ တိုက်နယ်လည်ပတ်တဲ့အခါ တိုက်နယ်ကြီးကြပ်မှူးက အစည်းအဝေးတွေကို အလိုက်သင့်ပြုပြင်ပြောင်းလဲလို့ရကြောင်း ကြင်နာစွာအကြံပေးလို့ အရမ်းပျော်သွားတယ်။

ပုံမှန်စာပို့စနစ်ကောင်းကောင်းမရှိတဲ့အတွက် ကျွန်တော်တို့ လစဉ်ထောက်ပံ့ကြေး ပုံမှန်မရခဲ့ကြဘူး။ ဒါကြောင့် ကျွန်တော်တို့လည်း တမန်တော်ပေါလုလိုပဲ ရှိတာလေးနဲ့ နေတတ်လာတယ်။ တစ်ခါကဆိုရင် ကျွန်တော်တို့နဲ့ မိုင် ၈၀ (၁၃၀ ကီလိုမီတာခန့်) ဝေးတဲ့နေရာမှာကျင်းပတဲ့ တိုက်နယ်စည်းဝေးပွဲတစ်ခုကိုသွားဖို့ ကားခမလောက်ဘူး။ အဲဒီအချိန်မှာ ညီအစ်ကိုတစ်ယောက်ပေးခဲ့တဲ့ အကြံကောင်းကို ကျွန်တော်တို့ ပြန်အမှတ်ရခဲ့ကြတယ်။ သူ ဒီလိုပြောတယ်– “ညီအစ်ကိုတို့ရဲ့ ပြဿနာတွေအကြောင်း ယေဟောဝါကို ပြောပြပါ။ ညီအစ်ကိုတို့က သူ့အလုပ်ကို လုပ်နေတာပဲ။” ဒါကြောင့် ဒီကိစ္စအတွက် ကျွန်တော်တို့ဆုတောင်းပြီး အစည်းအဝေးကို ခြေလျင်သွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ခရီးမထွက်ခင်လေးမှာ မမျှော်လင့်ဘဲ ညီအစ်ကိုတစ်ဦးရောက်လာပြီး ကားခအတွက် လိုအပ်တဲ့ငွေအတိအကျကို လက်ဆောင်ပေးသွားတယ်။

တိုက်နယ်လုပ်ငန်း

၁၉၉၁၊ ဖေဖော်ဝါရီမှာ ကျွန်တော်က တိုက်နယ်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ရဲ့အုပ်စုလေးမှာ ကြေညာသူ ၉ ယောက်ရှိပြီး အဲဒီထဲက ၃ ယောက်က နှစ်ခြင်းခံပြီးသားဖြစ်တယ်။ ဒါပေမဲ့ အများအားဖြင့် အစည်းအဝေးတက်ရောက်သူ ၅၀ လောက်ရှိတယ်။ တိုက်နယ်ကြီးကြပ်မှူးတစ်ဦးအနေနဲ့ အတော်အတန်လေ့ကျင့်ခံပြီးတဲ့နောက် မြို့တော် အင်တာနာနာရီဗိုမှာရှိတဲ့ တိုက်နယ်တစ်ခုမှာ တာဝန်ကျတယ်။ ၁၉၉၃ မှာ နိုင်ငံရဲ့အရှေ့ဘက်မှာရှိတဲ့ နောက်တိုက်နယ်တစ်ခုမှာ တာဝန်ကျတယ်။ အဲဒီဒေသရဲ့ လူနေမှုဘဝပုံစံက မြို့နဲ့တခြားစီပဲ။

အသင်းတော်တွေနဲ့ သီးခြားအုပ်စုတွေဆီ ရောက်ဖို့ ခြေလျင်လျှောက်ကြရတယ်၊ တစ်ခါတလေ တောအုပ်ကြီးတွေရှိတဲ့ တောင်တွေကိုဖြတ်ပြီး မိုင် ၉၀ (၁၄၅ ကီလိုမီတာခန့်) အထိ လမ်းလျှောက်ကြရတယ်။ ခရီးသွားတဲ့အခါ ဝန်အပေါ့ဆုံးဖြစ်ဖို့ အတတ်နိုင်ဆုံး အိတ်နည်းနည်းပဲသယ်သွားတယ်။ တိုက်နယ်ကြီးကြပ်မှူးဟောပြောချက်မှာ ဆလိုက်ရှိုးပြဖို့လိုတဲ့အခါတွေမှာတော့ ကျွန်တော်တို့ရဲ့အထုပ်အပိုးတွေက ပိုလေးတယ်။ ဆလိုက်ရှိုးပြတဲ့စက်ကို အော်လီကသယ်ပြီး ကျွန်တော်က ကားဘတ္ထရီတစ်လုံးကို သယ်တယ်။

အသင်းတော်နောက်တစ်ခုကို ရောက်ဖို့အတွက် တစ်နေ့ကို ၂၅ မိုင်လောက် (၄၀ ကီလိုမီတာ) အထိ လမ်းလျှောက်ခဲ့ရတဲ့အခါတွေ ရှိတယ်။ ခရီးတစ်လျှောက် တောလမ်းအတိုင်း တစ်တောင်တက်တစ်တောင်ဆင်းပြီး မြစ်တွေကို ဖြတ်ကူး၊ ရွှံ့တွေနဲ့ပေလူးခဲ့ရတယ်။ တစ်ခါတလေ လမ်းဘေးမှာအိပ်ခဲ့ကြရတယ်၊ ဒါပေမဲ့ များသောအားဖြင့်တော့ ညအိပ်တည်းခိုနိုင်တဲ့ ရွာတစ်ရွာကို ရှာတွေ့ခဲ့ကြတယ်။ ကျွန်တော်တို့ကို တည်းခိုခွင့်ပေးဖို့ သူစိမ်းတွေကိုတောင် အကူအညီတောင်းခဲ့ရတယ်။ တည်းခိုဖို့နေရာတွေ့တာနဲ့ အစားအစာချက်ပြုတ်ဖို့ စပြင်ဆင်ရတယ်။ အော်လီက အိုးတစ်လုံးငှားပြီး အနီးဆုံးမြစ် ဒါမှမဟုတ် ကန်မှာ ရေသွားခပ်တယ်။ အဲဒီအချိန်မှာ ကျွန်တော်က ပုဆိန်ငှားပြီး မီးမွှေးဖို့အတွက် ထင်းခွဲရတယ်။ ဒါတွေအားလုံးလုပ်ဖို့အတွက် အချိန်အတော်ပေးရတယ်။ တစ်ခါတစ်ရံမှာတော့ ကျွန်တော်တို့ ကြက်အရှင်တစ်ကောင်ကိုဝယ်တယ်၊ အဲဒီနောက် ကြက်ကိုသတ်၊ အမွှေးနုတ်ပြီး ဆေးကြောသန့်စင်ရတယ်။

စားသောက်ပြီးသွားတာနဲ့ ရေချိုးဖို့အတွက် ရေခပ်ရတယ်။ မီးဖိုချောင်ထဲမှာ အိပ်ခဲ့ရတဲ့အခါတွေလည်း ရှိတယ်။ မိုးရွာတဲ့အခါ မိုးယိုလို့ ရေမစိုအောင် နံရံကိုမှီပြီး အိပ်ကြရတယ်။

ခရီးတစ်လျှောက် ကျွန်တော်တို့ကိုတည်းခိုခွင့်ပေးတဲ့ အိမ်ရှင်တွေကို ကျွန်တော်တို့ အမြဲတမ်းသက်သေခံတယ်။ ညီအစ်ကိုညီအစ်မတွေရဲ့ အိမ်တွေကိုရောက်သွားတဲ့အခါ သူတို့ရဲ့ကြင်နာမှု၊ ရင်းနှီးဖော်ရွေမှုက ကျွန်တော်တို့ရဲ့စိတ်ကို တကယ်ပဲထိမိစေတယ်။ ကျွန်တော်တို့လာလည်ပတ်တဲ့အတွက် သူတို့ တကယ့်ကိုကျေးဇူးတင်ကြောင်း ဖော်ပြတာကိုမြင်ရတဲ့အခါ ခရီးတစ်လျှောက်ကြုံခဲ့ရတဲ့ အခက်အခဲတွေက ဘာမှမပြောပလောက်တော့ဘူး။

ညီအစ်ကိုညီအစ်မတွေရဲ့အိမ်မှာ တည်းခိုတဲ့အခါ သူတို့ရဲ့အိမ်မှုကိစ္စတွေကို ကျွန်တော်တို့ ဝိုင်းလုပ်ပေးတယ်။ အဲဒီလိုကူညီပေးတဲ့အတွက် သူတို့က ကျွန်တော်တို့နဲ့အတူ အမှုဆောင်ထွက်နိုင်ကြတယ်။ ညီအစ်ကို၊ ညီအစ်မတွေ မတတ်နိုင်တဲ့အရာတွေဖြစ်တဲ့ စျေးကြီးတဲ့အရာတွေ၊ စားကောင်းသောက်ဖွယ်တွေစားရဖို့ ကျွန်တော်တို့ မမျှော်လင့်ခဲ့ဘူး။

သီးခြားအုပ်စုတွေဆီ လည်ပတ်ခြင်း

ကျွန်တော်တို့ သီးခြားအုပ်စုတွေဆီ လည်ပတ်ခဲ့ကြတယ်၊ အဲဒီမှာရှိတဲ့ညီအစ်ကိုတွေက အစီအစဉ်အပြည့်ပါတဲ့ဇယားနဲ့ ကျွန်တော်တို့ကို ကြိုဆိုကြတယ်။ များသောအားဖြင့် ကျွန်တော်တို့မှာ “ခဏနား” ဖို့ အချိန်တောင် မရှိသလောက်ပါပဲ။ (မာ. ၆:၃၁) တစ်နေရာမှာဆိုရင် သက်သေခံမောင်နှံတစ်စုံက သူတို့ရဲ့ကျမ်းစာသင်သားအယောက် ၄၀ ကို သူတို့ရဲ့အိမ်ကို ဖိတ်ခေါ်ထားတယ်။ အော်လီက ညီအစ်မနဲ့တွဲပြီး သင်အံမှု ၂၀ လုပ်တယ်၊ ကျွန်တော်ကတော့ ညီအစ်ကိုနဲ့တွဲပြီး ကျန်တဲ့ ၂၀ ကို သင်တယ်။ တစ်ယောက်ပြီးသွားတာနဲ့ ချက်ချင်းပဲ နောက်တစ်ယောက်ကို သင်ပေးရတယ်။ အဲဒီနေ့ မွန်းလွဲပိုင်းမှာ အသင်းတော်အစည်းအဝေးကျင်းပဖို့အတွက် သင်အံမှုလုပ်တာကို ခဏနားတယ်၊ အစည်းအဝေးပြီးတာနဲ့ သင်အံမှုပြန်စခဲ့တယ်။ အဲဒီနေ့က မာရသွန်ပြေးပွဲလိုပဲ အပြေးအလွှားသင်အံမှုတွေလုပ်ရတာ ညရှစ်နာရီကျော်မှပဲ ပြီးသွားတော့တယ်။

နောက်အုပ်စုတစ်စုကို လည်ပတ်ချိန်မှာ ကျွန်တော်တို့အားလုံး အနီးနားမှာရှိတဲ့ရွာတစ်ရွာကိုသွားဖို့ မနက်ရှစ်နာရီလောက်မှာ ထွက်ခဲ့ကြတယ်။ ကျွန်တော်တို့အားလုံး အဝတ်အစားအဟောင်းတွေ ဝတ်ထားကြတယ်။ ရှည်လျားတဲ့တောလမ်းခရီးကိုနှင်ပြီးတဲ့နောက် မွန်းတည့်အချိန်လောက်မှာ ရွာကိုရောက်သွားတယ်။ သန့်ရှင်းတဲ့အဝတ်အစားတွေလဲပြီး ကျွန်တော်တို့ ချက်ချင်း တစ်အိမ်တက်ဆင်း ဟောပြောခဲ့ကြတယ်။ အိမ်ခြေက နည်းနည်းပဲရှိပြီး သွားဟောတဲ့ကြေညာသူအရေအတွက်က များနေတယ်။ ဒါကြောင့် မိနစ် ၃၀ အတွင်းမှာပဲ တစ်ရွာလုံးကို ဟောပြီးသွားတယ်။ ဒါနဲ့ နောက်တစ်ရွာကို ခရီးဆက်ခဲ့ကြတယ်။ အဲဒီရွာမှာဟောပြီးတဲ့နောက် ခရီးရှည်ကြီးအတိုင်း အိမ်ပြန်ခဲ့ကြတယ်။ အချိန်တွေ၊ ခွန်အားတွေအများကြီး စိုက်ထုတ်ရပေမဲ့ တစ်အိမ်တက်ဆင်းဟောပြောရတာက တစ်နာရီလောက်ပဲရှိလို့ ကျွန်တော်တို့ စိတ်ပျက်ခဲ့ကြတယ်။ ဒါပေမဲ့ ဒေသခံသက်သေခံတွေက ဒါကို မညည်းညူကြဘူး။ သူတို့တွေက စိတ်အားထက်သန်ကြတယ်။

တာဗီရာနေးမ်ဘိုးမြို့မှာရှိတဲ့ သီးခြားအုပ်စုတစ်စုက တောင်တစ်လုံးရဲ့ထိပ်နားမှာ ရှိတယ်။ အဲဒီမှာရှိတဲ့ သက်သေခံမိသားစုတစ်စုက အခန်းတစ်ခန်းပဲရှိတဲ့အိမ်မှာ နေကြတယ်။ အနီးနားမှာရှိတဲ့ အဆောက်အအုံငယ်လေးကို အစည်းအဝေး ကျင်းပတဲ့နေရာအဖြစ် အသုံးပြုတယ်။ ရုတ်တရက် ကျွန်တော်တို့နဲ့အတူရှိနေတဲ့ အိမ်ရှင်ညီအစ်ကိုက “ညီအစ်ကိုညီအစ်မတို့” ဆိုပြီး အသံကျယ်ကြီးနဲ့စအော်တယ်။ “အေး” ဆိုပြီး နောက်တောင်ထိပ်ကနေ ပြန်ထူးတယ်။ ဒါနဲ့ အိမ်ရှင်ညီအစ်ကိုက “တိုက်နယ်ကြီးကြပ်မှူးရောက်နေပြီဟေ့” လို့ ထပ်အော်ပြောတယ်။ နောက်တစ်ခါ “အေး” ဆိုပြီး ပြန်ထူးတယ်။ ဒီလိုနည်းနဲ့ ခပ်ဝေးဝေးမှာရှိတဲ့လူတွေဆီ သတင်းကို လက်ဆင့်ကမ်းကြတယ်။ မကြာခင်မှာပဲ လူတွေစုရုံးလာပြီး အစည်းအဝေးကို စခဲ့ကြတယ်၊ လူ ၁၀၀ ကျော် တက်ခဲ့တယ်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ

၁၉၉၆ မှာ အင်တာနာနာရီဗိုမြို့နဲ့နီးတဲ့ တိုက်နယ်တစ်ခုမှာ တာဝန်ကျတယ်။ ဒီတိုက်နယ်မှာလည်း ထူးထူးခြားခြား အခက်အခဲတွေကြုံခဲ့ရတယ်။ အဲဒီဒေသရဲ့ အစွန်အဖျားနေရာတွေကိုသွားဖို့ ပုံမှန်သယ်ယူပို့ဆောင်ရေးစနစ်မရှိဘူး။ တစ်နေ့မှာ ကျွန်တော်တို့က အင်တာနာနာရီဗိုမြို့ကနေ မိုင် ၁၅၀ (၂၄၀ ကီလိုမီတာ) ခန့်အကွာမှာရှိတဲ့ ဘေအန်ခေနာ (ဘေဆာကေမြို့) မှာနေတဲ့ အုပ်စုတစ်စုဆီ လည်ပတ်ဖို့ အစီအစဉ်ဆွဲနေတုန်း အဲဒီဘက်ကိုသွားမယ့် ထရပ်ကားတစ်စီးလာနေတာကို တွေ့လိုက်တယ်။ ကားသမားနဲ့ ကားခညှိနှိုင်းပြီးတဲ့နောက် ခရီးသည်အယောက် ၃၀ လောက်ပါလာတဲ့ ကားပေါ်တက်ခဲ့ကြတယ်။ တချို့က အမိုးပေါ်ကလိုက်ပြီး တချို့က ကားနောက်ဘက်မှာ တွယ်စီးကြတယ်။

မကြာခဏဆိုသလို ကားပျက်တာကြောင့် ကျွန်တော်တို့ ခြေလျင်လျှောက်ခဲ့ကြရတယ်။ နာရီအတော်ကြာ လမ်းလျှောက်ပြီးတဲ့နောက် ကုန်တင်ကားကြီးတစ်စီး ရောက်လာတယ်။ အဲဒီကားက လူတွေ၊ ကုန်ပစ္စည်းတွေနဲ့ ကျပ်သိပ်နေပေမဲ့ ကားသမားက ကျွန်တော်တို့ကို ရပ်ပေးတယ်။ ကျွန်တော်တို့ မတ်တတ်ရပ်ပြီး လိုက်သွားတယ်။ မြစ်ကိုရောက်တဲ့အခါ တံတားက ပြုပြင်နေဆဲမို့လို့ တံတားကိုဖြတ်လို့မရဘူး။ ဒါနဲ့ ခြေလျင်လျှောက်ရပြန်တယ်၊ နောက်ဆုံးတော့ အထူးရှေ့ဆောင်တချို့နေတဲ့ ရွာငယ်လေးကို ရောက်သွားတယ်။ အဲဒီကိုလည်ပတ်ဖို့ ဇယားထဲမှာမပါပေမဲ့ တံတားပြင်နေတာကိုစောင့်နေရင်း၊ တံတားကိုဖြတ်မယ့် နောက်ထပ်ကားတစ်စီးကိုစောင့်နေရင်းနဲ့ အဲဒီအတောအတွင်း သူတို့နဲ့အတူဟောပြောခဲ့ကြတယ်။

နောက်တစ်ပတ်အကြာမှာ နောက်ထပ်ကားတစ်စီးရောက်လာတဲ့အတွက် ခရီးပြန်ဆက်ခဲ့ကြတယ်။ လမ်းတစ်လျှောက်လုံး ချိုင့်ကြီးတွေချည်းပဲ။ ကျွန်တော်တို့က ဒူးအထိနက်တဲ့ရေထဲဖြတ်ပြီး ခဏခဏ ကားတွန်းကြရတယ်၊ မကြာခဏဆိုသလိုပဲ ကားတွန်းရင်းနဲ့ ခလုတ်တိုက်၊ ချော်လဲကြတယ်။ ကျွန်တော်တို့သွားချင်တဲ့ရွာလေးကို မနက်အစောကြီး ဝေလီဝေလင်းအချိန်မှာ ရောက်သွားပြီး ကျွန်တော်တို့ ဆင်းနေခဲ့တယ်။ လမ်းမကြီးကိုကျောခိုင်းလိုက်ကြပြီး လယ်ကွင်းတွေ၊ ခါးအထိနက်တဲ့ ရွှံ့ရေတွေထဲဖြတ်ပြီး သွားရမယ့်နေရာကို ခြေလျင်လျှောက်ခဲ့ကြတယ်။

အဲဒီဒေသကို ဦးဆုံးအကြိမ်ရောက်ဖူးတာဖြစ်တဲ့အတွက် လယ်ကွင်းထဲမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတချို့ကို သက်သေခံဖို့၊ ဒေသခံသက်သေခံတွေဘယ်မှာနေသလဲလို့ မေးဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအလုပ်သမားတွေက ကျွန်တော်တို့ရဲ့ခရစ်ယာန်ညီအစ်ကိုတွေဖြစ်နေတယ်ဆိုတာ သိလိုက်ရတော့ အရမ်းဝမ်းသာသွားတယ်။

အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာပါဝင်ဖို့ အားပေး

နှစ်တွေတစ်လျှောက် တခြားသူတွေကို အချိန်ပြည့်လုပ်ငန်းမှာပါဝင်ဖို့ အားပေးခြင်းကနေ ရလဒ်ကောင်းတွေ တွေ့ရလို့ အရမ်းပျော်ခဲ့ရတယ်။ မှန်မှန်ရှေ့ဆောင်ကိုးယောက်ရှိတဲ့ အသင်းတော်တစ်ခုကို လည်ပတ်တဲ့အခါ မှန်မှန်ရှေ့ဆောင်လုပ်နိုင်အောင် ကြေညာသူတွေကို လက်တွဲခေါ်ဖို့ ပန်းတိုင်ထားပါလို့ ရှေ့ဆောင်တွေကို အားပေးခဲ့တယ်။ ခြောက်လကြာပြီးလို့ အဲဒီအသင်းတော်ကို ပြန်လည်ပတ်တဲ့အခါ မှန်မှန်ရှေ့ဆောင် ၂၂ ယောက်အထိ တိုးလာတယ်။ ရှေ့ဆောင်ညီအစ်မနှစ်ဦးက သူတို့ရဲ့အဖေတွေကို မှန်မှန်ရှေ့ဆောင်လုပ်ဖို့ အားပေးခဲ့တယ်။ အဖေနှစ်ယောက်စလုံးက အကြီးအကဲတွေဖြစ်ပြီး သူတို့က နောက်အကြီးအကဲတစ်ဦးကို ရှေ့ဆောင်လုပ်ဖို့ ပြန်အားပေးခဲ့တယ်။ မှန်မှန်ရှေ့ဆောင်ဖြစ်လာတဲ့ တတိယအကြီးအကဲက သိပ်မကြာခင်မှာပဲ အထူးရှေ့ဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတယ်။ နောက်ပိုင်းမှာ အဲဒီအကြီးအကဲနဲ့ သူ့ဇနီးက တိုက်နယ်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ စောစောက အကြီးအကဲနှစ်ယောက်ကော။ တစ်ယောက်က တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ပြီး နောက်တစ်ယောက်က ဝတ်ပြုရာခန်းမဆောက်လုပ်ရေးမှာ စေတနာ့ဝန်ထမ်းအဖြစ် အမှုဆောင်နေတယ်။

ယေဟောဝါရဲ့အကူအညီမပါဘဲ ကျွန်တော်တို့ ဘာကိုမှမလုပ်နိုင်ဘူးဆိုတာ ကျွန်တော်တို့သိတယ်၊ ဒါကြောင့် ကူညီမစမှုအတွက် ကိုယ်တော့်ကို နေ့တိုင်းကျေးဇူးတင်ပါတယ်။ တစ်ခါတလေ ခြေကုန်လက်ပန်းကျတဲ့အထိ မောပန်းပြီး ဖျားနာတာတွေရှိပေမဲ့ အမှုဆောင်လုပ်ငန်းကရရှိတဲ့ ရလဒ်တွေအကြောင်း ပြန်စဉ်းစားတဲ့အခါ ပျော်ရွှင်ကြည်နူးမိတယ်။ ယေဟောဝါက ကျွန်တော်တို့လုပ်နေတဲ့ သူ့လုပ်ငန်းကို တိုးတက်အောင် လုပ်ဆောင်တယ်။ ကျွန်တော်တို့ အခု အထူးရှေ့ဆောင်တွေအဖြစ် ပျော်ရွှင်စွာအမှုဆောင်နေကြပါတယ်။ ကျွန်တော်တို့ကို “တန်ခိုးပေးတော်မူသော” ယေဟောဝါကို အားကိုးခြင်းကနေ အခြေအနေတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတဲ့ အဖိုးတန်သင်ခန်းစာကို သင်ယူသိရှိခဲ့ပါတယ်။

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

ယေဟောဝါကို အားကိုးခြင်းကနေ အခြေအနေတွေကို ဘယ်လိုကိုင်တွယ်ရမယ် ဆိုတာကို သင်ယူသိရှိခဲ့

[စာမျက်နှာ ၄ ပါ ရုပ်ပုံ/မြေပုံ]

အနီရောင်ကျွန်းကြီးလို့ခေါ်တဲ့ မာဒါဂက်စကာက ကမ္ဘာ့စတုတ္ထအကြီးဆုံးကျွန်းဖြစ်။ အဲဒီကျွန်းရဲ့မြေကြီးက အနီရောင်ဖြစ်ပြီး ထူးခြားတဲ့မျိုးစိတ်များစွာ ရှင်သန်ပေါက်ရောက်နေ

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာသင်ပေးရတာကို ကျွန်တော်တို့ပျော်ရွှင်

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ကြုံတွေ့ရတဲ့ အကြီးဆုံးအခက်အခဲတစ်ခုက လမ်းပန်းဆက်သွယ်ရေးဖြစ်