မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“လျှို့ဝှက်ချက်တွေကို ဖွင့်ပြတဲ့အရှင်” ယေဟောဝါ

“လျှို့ဝှက်ချက်တွေကို ဖွင့်ပြတဲ့အရှင်” ယေဟောဝါ

“လျှို့ဝှက်ချက်တွေကို ဖွင့်ပြတဲ့အရှင်” ယေဟောဝါ

‘သင်တို့ရဲ့ဘုရားသခင်က ဘုရားသခင်တွေရဲ့ဘုရားသခင်၊ ဘုရင်တွေရဲ့သခင်၊ လျှို့ဝှက်ချက်တွေကိုဖွင့်ပြတဲ့အရှင် ဖြစ်တယ်ဆိုတာ အမှန်ပဲ။’ —ဒံ. ၂:၄၇၊ ကဘ။

သင့်အဖြေက ဘာလဲ

အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ကို ယေဟောဝါ ဘာဖွင့်ပြခဲ့သလဲ။

သားရဲရဲ့ ပထမဦးခေါင်းခြောက်လုံးက ဘာတွေကို ကိုယ်စားပြုသလဲ။

နေဗုခဒ်နေဇာမြင်မက်တဲ့ရုပ်တုကြီးရဲ့ဘယ်အပိုင်းတွေနဲ့ သားရဲရဲ့ဘယ်အပိုင်းတွေက ဆင်တူသလဲ။

၁၊ ၂။ ယေဟောဝါက ကျွန်ုပ်တို့ကို ဘယ်အရာ ဖွင့်ပြခဲ့သလဲ။ ကိုယ်တော် ဘာကြောင့် ဒီလိုလုပ်ဆောင်ခဲ့တာလဲ။

ဘုရားသခင့်နိုင်ငံတော်က လူ့အုပ်ချုပ်မှုအားလုံးကို မဖျက်ဆီးခင်အချိန်လေးမှာ တည်ရှိနေမယ့် ကမ္ဘာ့အာဏာစက်က ဘာဖြစ်မလဲ။ “လျှို့ဝှက်ချက်တွေကို ဖွင့်ပြတဲ့အရှင်” ယေဟောဝါဘုရားသခင်က ဒီအကြောင်းအရာကို ပရောဖက်ဒံယေလနဲ့ တမန်တော်ယောဟန်တို့ကနေတစ်ဆင့် ကျွန်ုပ်တို့ကိုဖွင့်ပြပေးတဲ့အတွက် အဖြေကို ကျွန်ုပ်တို့သိကြတယ်။

ယေဟောဝါက ဒံယေလနဲ့ ယောဟန်ကို သားရဲတွေနဲ့ပတ်သက်တဲ့ ရူပါရုံတွေပေးခဲ့တယ်။ ကိုယ်တော်က ဒံယေလကို ဧရာမ သတ္တုရုပ်တုကြီးနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်အိပ်မက်ရဲ့အဓိပ္ပာယ်ကိုလည်း ရှင်းပြခဲ့တယ်။ ယေဟောဝါက ဒံယေလနဲ့ ယောဟန်ကို ဒီရူပါရုံတွေအကြောင်း ကျမ်းစာမှာ မှတ်တမ်းတင်ရေးသားစေခြင်းအားဖြင့် ဒီအကြောင်းတွေကို ကျွန်ုပ်တို့ဖတ်ရှုနိုင်ဖို့ လုပ်ဆောင်ပေးခဲ့တယ်။ (ရော. ၁၅:၄) ကိုယ်တော်ဒီလိုလုပ်ဆောင်တာက ဘုရားသခင့်နိုင်ငံတော်ဟာ လူ့အုပ်ချုပ်မှုအားလုံးကို ဖျက်ဆီးပစ်တော့မယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်ကို ခိုင်ခံ့စေဖို့ဖြစ်တယ်။—ဒံ. ၂:၄၄၊ ၄၅

၃။ သမ္မာကျမ်းစာပါ ပရောဖက်ပြုချက်တွေကို နားလည်နိုင်ဖို့ ဦးဆုံး ဘာကိုနားလည်ထားရမလဲ။ ဘာကြောင့်လဲ။

ဒံယေလနဲ့ ယောဟန်တို့ရဲ့ပရောဖက်ပြုချက်တွေက ဘုရင်ရှစ်ပါးဖြစ်တဲ့ လူ့အုပ်ချုပ်မှုအာဏာစက်တွေအကြောင်းနဲ့ သူတို့ ဘယ်လိုအစဉ်အတိုင်း ပေါ်ထွက်လာမယ်ဆိုတာ ဖော်ပြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က သမ္မာကျမ်းစာမှာပါတဲ့ ပထမဆုံးပရောဖက်ပြုချက်ကို နားလည်မှသာ အဲဒီပရောဖက်ပြုချက်တွေကို နားလည်နိုင်မှာဖြစ်တယ်။ ဘာကြောင့်လဲ။ သမ္မာကျမ်းစာတစ်အုပ်လုံးနဲ့ ကျမ်းစာပါပရောဖက်ပြုချက်အားလုံးက ပထမဆုံးပရောဖက်ပြုချက်နဲ့ ချိတ်ဆက်မှုရှိနေတဲ့အတွက်ကြောင့်ပါပဲ။

မြွေရဲ့အမျိုးအနွယ်နဲ့ သားရဲ

၄။ မိန်းမရဲ့အမျိုးအနွယ်မှာပါဝင်တဲ့ အပိုင်းနှစ်ပိုင်းက ဘယ်သူတွေလဲ။ အဲဒီအမျိုးအနွယ်က ဘာလုပ်ဆောင်မလဲ။

ဧဒင်မှာ ပုန်ကန်မှုဖြစ်ပြီး မကြာခင်မှာ “မိန်းမ” ကနေ “အမျိုးအနွယ်” ပေါ်ထွက်လာမယ်ဆိုတဲ့အကြောင်း ယေဟောဝါ ပရောဖက်ပြုခဲ့တယ်။ * (ကမ္ဘာဦး ၃:၁၅ ကိုဖတ်ပါ။) အဲဒီအမျိုးအနွယ်က မြွေဖြစ်သူစာတန်ရဲ့ခေါင်းကို “ကြိတ်” မှာဖြစ်တယ်။ အဲဒီအမျိုးအနွယ်ဟာ အာဗြဟံရဲ့မျိုးရိုးကနေ ပေါ်ထွက်လာမယ်၊ အစ္စရေးလူမျိုး၊ ယုဒအနွယ်ဝင်ဖြစ်ပြီး ဘုရင်ဒါဝိဒ်ရဲ့ သားစဉ်မြေးဆက်တစ်ဦးဖြစ်မယ်ဆိုတာကို နောက်ပိုင်းမှာ ယေဟောဝါဖွင့်ပြခဲ့တယ်။ (က. ၂၂:၁၅-၁၈; ၄၉:၁၀; ဆာ. ၈၉: ၃၊ ၄; လု. ၁:၃၀-၃၃) ခရစ်တော်ယေရှုက အမျိုးအနွယ်ရဲ့အဓိကအပိုင်းဖြစ်တယ်။ (ဂလ. ၃:၁၆) ကောင်းကင်အတန်းအစားခရစ်ယာန်တွေက အမျိုးအနွယ်ရဲ့ ဒုတိယအပိုင်းဖြစ်တယ်။ (ဂလ. ၃:၂၆-၂၉) ယေရှုနဲ့ ကောင်းကင်အတန်းအစားဝင်တွေ ပေါင်းစည်းပြီး ဘုရားသခင့်နိုင်ငံတော်ကို ဖွဲ့စည်းထားတယ်။ ဘုရားသခင်က ဒီနိုင်ငံတော်ကိုသုံးပြီး စာတန်ကိုဖျက်ဆီးပါလိမ့်မယ်။—လု. ၁၂:၃၂; ရော. ၁၆:၂၀

၅၊ ၆။ (က) ဒံယေလနဲ့ ယောဟန်တို့မြင်ရတဲ့ ရူပါရုံတွေက အင်အားကြီးအုပ်ချုပ်မှု ဘယ်နှစ်ခုအကြောင်း ဖော်ပြသလဲ။ (ခ) ဗျာဒိတ်ကျမ်းပါ သားရဲရဲ့ခေါင်းတွေက ဘာကိုဆိုလိုတာလဲ။

ဧဒင်မှာ ယေဟောဝါပေးခဲ့တဲ့ ပထမဆုံးပရောဖက်ပြုချက်မှာ စာတန်မှာလည်း “အမျိုးအနွယ်” ရှိမယ်လို့ ဖော်ပြထားတယ်။ စာတန်ရဲ့အမျိုးအနွယ်က မိန်းမရဲ့အမျိုးအနွယ်ကို ရန်ငြိုးဖွဲ့ ဒါမှမဟုတ် မုန်းတီးမှာဖြစ်တယ်။ မြွေရဲ့အမျိုးအနွယ်က ဘယ်သူတွေလဲ။ စာတန်လိုပဲ ဘုရားသခင်ကိုမုန်းပြီး ကိုယ်တော့်လူမျိုးကို တိုက်ခိုက်သူအားလုံးဖြစ်တယ်။ စာတန်က သူ့အမျိုးအနွယ်ကို ဘာသာရေးနဲ့ စစ်အဖွဲ့အစည်းတွေအပြင် အုပ်ချုပ်မှုများစွာဖြစ်တဲ့ နိုင်ငံတွေနဲ့ ဖွဲ့စည်းခဲ့တယ်။ (လု. ၄:၅၊ ၆) အဲဒီအုပ်ချုပ်မှုတွေထဲကတချို့ကသာ ဘုရားသခင့်လူမျိုးဖြစ်တဲ့ အစ္စရေးလူမျိုး ဒါမှမဟုတ် ကောင်းကင်အတန်းအစားခရစ်ယာန်တွေကို ဗြောင်ကျကျ တိုက်ခိုက်ခဲ့ကြတယ်။ ဒီအချက်က တခြားအုပ်ချုပ်မှုတွေရှိပေမဲ့ ဒံယေလနဲ့ ယောဟန်တို့က အင်အားကြီးတဲ့ အုပ်ချုပ်မှုရှစ်ခုအကြောင်းကိုပဲ ဘာကြောင့်ဖော်ပြရတယ်ဆိုတာ နားလည်ဖို့ကူညီပေးတယ်။

ရှင်ပြန်ထမြောက်ပြီးတဲ့ယေရှုက အေဒီ ၉၆ လောက်မှာ တမန်တော်ယောဟန်ကို ထူးဆန်းတဲ့ ရူပါရုံတချို့ ပေးခဲ့တယ်။ (ဗျာ. ၁:၁) ရူပါရုံတွေထဲကတစ်ခုမှာ ပင်လယ်သဲသောင်ပြင်ပေါ်ရပ်နေတဲ့ နဂါးတစ်ကောင်ကို ယောဟန်မြင်တွေ့ခဲ့တယ်။ ဒီနဂါးက စာတန်ကို ပုံဆောင်တယ်။ (ဗျာဒိတ် ၁၃:၁၊ ၂ ကိုဖတ်ပါ။) ပင်လယ်ထဲကတက်လာတဲ့ ထူးဆန်းတဲ့သားရဲတစ်ကောင်ကိုလည်း ယောဟန်မြင်တွေ့ခဲ့ရတယ်။ အဲဒီသားရဲမှာ ခေါင်းခုနစ်လုံးရှိပြီး စာတန်ဆီကနေ ကြီးစွာသောအခွင့်အာဏာကို ရရှိထားတယ်။ နောက်ပိုင်းမှာ နီမြန်းတဲ့သားရဲတစ်ကောင်ကိုလည်း ယောဟန်မြင်တွေ့ခဲ့တယ်။ အဲဒီသားရဲမှာလည်း ခေါင်းခုနစ်လုံးရှိတယ်။ အဲဒီသားရဲက ဗျာဒိတ် ၁၃:၁ မှာပါတဲ့ သားရဲရဲ့ရုပ်တုဖြစ်တယ်။ နီးမြန်းတဲ့သားရဲရဲ့ ခေါင်းခုနစ်လုံးက “ဘုရင်ခုနစ်ပါး” ဖြစ်တဲ့ အုပ်ချုပ်ရေးခုနစ်ခုကိုဆိုလိုကြောင်း ကောင်းကင်တမန်တစ်ပါးက ယောဟန်ကို ပြောပြခဲ့တယ်။ (ဗျာ. ၁၃:၁၄၊ ၁၅; ၁၇:၃၊ ၉၊ ၁၀) ဗျာဒိတ်ကျမ်းကို ယောဟန်ရေးချိန်မှာ အဲဒီဘုရင်တွေထဲက ငါးပါးကျသွားပြီး တစ်ပါးက လက်ရှိအုပ်စိုးနေတုန်းပဲ၊ နောက်တစ်ပါးကတော့ “ရောက်မလာသေး” ဘူး။ အဲဒီကမ္ဘာ့အာဏာစက်တွေက ဘာတွေလဲ။ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ မှာပါတဲ့ သားရဲရဲ့ခေါင်းတစ်လုံးစီကို လေ့လာကြည့်ကြစို့။ ဒံယေလကျမ်းကနေလည်း အဲဒီအုပ်ချုပ်ရေးတွေထဲက အတော်များများရဲ့အကြောင်းကို သိရပါလိမ့်မယ်။ ဒံယေလရဲ့ပရောဖက်ပြုချက်တွေက အဲဒီအုပ်ချုပ်မှုတွေထဲက တချို့အကြောင်းကို အသေးစိတ်ဖော်ပြတယ်၊ အဲဒီအုပ်ချုပ်မှုတွေမတည်ရှိခင် နှစ်ရာနဲ့ချီကတည်းက ကြိုတင်ဖော်ပြခဲ့တာဖြစ်တယ်။

ပထမဦးခေါင်းနှစ်လုံးဖြစ်တဲ့ အီဂျစ်နဲ့ အဆီးရီးယား

၇။ ပထမဆုံးဦးခေါင်းက ဘာကို ကိုယ်စားပြုသလဲ။ ဘာကြောင့်လဲ။

သားရဲရဲ့ဦးဆုံးဦးခေါင်းက အီဂျစ်ဖြစ်တယ်၊ အကြောင်းကတော့ အီဂျစ်ဟာ ဘုရားသခင့်လူမျိုးကို မုန်းတီးပြီး တိုက်ခိုက်တဲ့ ဦးဆုံးကမ္ဘာ့အာဏာစက်ဖြစ်လို့ပါပဲ။ မိန်းမရဲ့အမျိုးအနွယ်ဟာ အာဗြဟံရဲ့မျိုးရိုးကနေ ဆင်းသက်လာမယ်ဆိုပြီး အာဗြဟံကို ဘုရားသခင် ကတိပေးခဲ့တယ်။ အစ္စရေးလူမျိုးက အာဗြဟံရဲ့သားစဉ်မြေးဆက်တွေဖြစ်တယ်။ အစ္စရေးလူမျိုး အီဂျစ်ပြည်မှာနေတုန်းက လူဦးရေတိုးပွားလာလို့ အီဂျစ်တွေက သူတို့ကို ကြမ်းတမ်းခက်ထန်စွာ စတင်ပြုမူဆက်ဆံခဲ့ကြတယ်။ စာတန်က အမျိုးအနွယ်ပေါ်ထွက်လာမှာကို မလိုလားတဲ့အတွက် ဘုရားသခင့်လူမျိုးကို မျိုးပြုတ်အောင်လုပ်ဖို့ ကြိုးစားခဲ့တယ်။ ဒါကြောင့် စာတန်က ဖာရောကိုသုံးပြီး မွေးကင်းစ အစ္စရေးယောက်ျားလေးမှန်သမျှကို သတ်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က သူ့လူမျိုးကို အဲဒီလိုဖြစ်ဖို့ ခွင့်မပြုခဲ့ဘူး၊ အီဂျစ်ပြည်ကနေ သူ့လူမျိုးကို ကယ်လွှတ်ပေးခဲ့တယ်။ (ထွ. ၁:၁၅-၂၀; ၁၄:၁၃) နောက်ပိုင်းမှာ ဘုရားသခင်က အစ္စရေးလူမျိုးကို ကတိထားရာပြည် ပေးခဲ့တယ်။

၈။ ဒုတိယဦးခေါင်းက ဘာကို ကိုယ်စားပြုသလဲ။ သူ ဘာလုပ်ဖို့ ကြိုးစားခဲ့သလဲ။

သားရဲရဲ့ ဒုတိယဦးခေါင်းက အဆီးရီးယားဖြစ်တယ်။ ဒီအင်အားကြီးအာဏာစက်လည်းပဲ ဘုရားသခင့်လူမျိုးကို သုတ်သင်ပယ်ရှားဖို့ ကြိုးစားခဲ့တယ်။ ဆယ်နွယ်နိုင်ငံမှာရှိတဲ့ အစ္စရေးလူမျိုးက အရုပ်တွေကိုကိုးကွယ်ပြီး ဘုရားသခင်ကိုမနာခံတဲ့အတွက် ယေဟောဝါက အဆီးရီးယားကိုသုံးပြီး သူတို့ကို ဒဏ်ခတ်ခဲ့တယ်။ အဲဒီနောက် အဆီးရီးယားတွေက နှစ်နွယ်နိုင်ငံဖြစ်တဲ့ ဂျေရုဆလင်ကို ဖျက်ဆီးဖို့ကြိုးစားပြန်တယ်။ စာတန်က ယေရှုပေါ်ထွန်းမယ့် ဘုရင့်အမျိုးအနွယ်ကို ဖျက်ဆီးချင်တာ ဖြစ်နိုင်တယ်။ ဂျေရုဆလင်ကို ဖျက်ဆီးဖို့ ယေဟောဝါ ခွင့်မပြုခဲ့ဘူး၊ ဒါကြောင့် ကိုယ်တော်က အဆီးရီးယားစစ်တပ်ကို ဖျက်ဆီးပြီး သူ့လူမျိုးကို ကယ်တင်ခဲ့တယ်။—၄ ရာ. ၁၉:၃၂-၃၅; ဟေရှာ. ၁၀:၅၊ ၆၊ ၁၂-၁၅

တတိယဦးခေါင်းဖြစ်တဲ့ ဗာဗုလုန်

၉၊ ၁၀။ (က) ယေဟောဝါက ဗာဗုလုန်လူမျိုးကို ဘာလုပ်ခွင့်ပြုခဲ့သလဲ။ (ခ) ပရောဖက်ပြုချက်တွေပြည့်စုံဖို့ ဘယ်အရာတွေဖြစ်ဖို့လိုသလဲ။

ယောဟန်မြင်တွေ့ရတဲ့ သားရဲရဲ့တတိယဦးခေါင်းက ဗာဗုလုန်နိုင်ငံဖြစ်တယ်။ ဂျေရုဆလင်ကိုဖျက်ဆီးပြီး သူ့လူမျိုးကို သုံ့ပန်းအဖြစ်ခေါ်ဆောင်သွားဖို့ ဗာဗုလုန်ကို ယေဟောဝါခွင့်ပြုခဲ့တယ်။ အဲဒီမတိုင်ခင် ယေဟောဝါက နာခံမှုမရှိတဲ့အစ္စရေးလူမျိုးကို ဗာဗုလုန်နိုင်ငံအားဖြင့် သူတို့ ဘယ်လိုဆိုးကျိုးတွေ ခံစားရမယ်ဆိုတာ ကြိုသတိပေးခဲ့တယ်။ (၄ ရာ. ၂၀:၁၆-၁၈) ဂျေရုဆလင်မှာရှိတဲ့ ကိုယ်တော်ရဲ့ “ရာဇပလ္လင်” ပေါ်မှာ သူတို့ရဲ့ဘုရင်တွေကို နန်းထိုင်ခွင့်ပြုတော့မှာမဟုတ်ကြောင်းလည်း အစ္စရေးလူမျိုးကို ပြောခဲ့တယ်။ (၅ ရာ. ၂၉:၂၃) ဒါပေမဲ့ ဘုရင်ဒါဝိဒ်ရဲ့မျိုးရိုးကနေ ဆင်းသက်လာမယ့် “တရားဝင်အုပ်စိုးပိုင်ခွင့်ရှိတဲ့သူ” တစ်ဦးက ယေဟောဝါကိုယ်စား ဘုရင်အဖြစ် အုပ်ချုပ်ဖို့ ပြန်ပေါ်ထွန်းလာမယ်ဆိုတဲ့ကတိကို ကိုယ်တော်ပေးခဲ့တယ်။—ယေဇ. ၂၁:၂၅-၂၇ကဘ။

၁၀ နောက်ပရောဖက်ပြုချက်က ကတိထားရာမေရှိယပေါ်ထွန်းချိန်မှာ ဂျူးတွေဟာ ဂျေရုဆလင်မှာရှိတဲ့ ဝတ်ပြုရာအိမ်တော်မှာ ဝတ်ပြုကိုးကွယ်နေကြဆဲဖြစ်မယ်ဆိုတာ ဖော်ပြတယ်။ (ဒံ. ၉:၂၄-၂၇) အစ္စရေးလူတွေ ဗာဗုလုန်သုံ့ပန်းဘဝမရောက်ခင်အချိန်မှာ နောက်ပရောဖက်ပြုချက်တစ်ခုက မေရှိယဟာ ဘက်သလီဟင်မြို့မှာ ဖွားမြင်မယ်လို့ ဖော်ပြတယ်။ (မိ. ၅:၂) ဂျူးတွေ ဗာဗုလုန်ကနေ မလွတ်မြောက်ဘူး၊ သူတို့ရဲ့နေရင်းပြည်ကို မပြန်နိုင်ဘူး၊ ဝတ်ပြုရာအိမ်တော်ကို ပြန်မတည်ဆောက်နိုင်ခဲ့ဘူးဆိုရင် ဒီပရောဖက်ပြုချက်တွေ ပြည့်စုံနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဗာဗုလုန်လူမျိုးက သူတို့ရဲ့သုံ့ပန်းတွေကို ပြန်လွှတ်ပေးတဲ့ထုံးစံမရှိဘူး။ ဘုရားသခင့်လူမျိုးက သူတို့ရဲ့နေရင်းပြည်ကို ဘယ်လိုပြန်နိုင်မလဲ။ ဒီအဖြေကို ယေဟောဝါက သူ့ပရောဖက်တွေကို ပြောပြခဲ့တယ်။—အာ. ၃:၇

၁၁။ ဗာဗုလုန်အာဏာစက်ကို ဒံယေလနဲ့ ယောဟန်က ဘယ်လိုအမှတ်အသားတွေနဲ့ ဖော်ပြခဲ့သလဲ။ (အောက်ခြေမှတ်ချက်ကိုကြည့်ပါ။)

၁၁ ဗာဗုလုန်သုံ့ပန်းဘဝရောက်နေတဲ့ အစ္စရေးလူမျိုးတစ်ဦးကတော့ ဒံယေလဖြစ်တယ်။ (ဒံ. ၁:၁-၆) ယေဟောဝါက ဒံယေလကို ဗာဗုလုန်ပြီးနောက် ကမ္ဘာ့အာဏာစက်တွေတစ်ခုပြီးတစ်ခု ပေါ်ထွက်လာမယ့်အကြောင်း ဖွင့်ပြခဲ့တယ်။ ယေဟောဝါက မတူညီတဲ့အမှတ်အသားတွေကိုသုံးပြီး ဖြစ်ပျက်လာမယ့်အရာတွေကို ပရောဖက်ပြုခဲ့တယ်။ ဥပမာ၊ ယေဟောဝါက ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကို သတ္တုအမျိုးမျိုး ပါဝင်တဲ့ ဧရာမရုပ်တုကြီးအကြောင်း အိပ်မက်ပေးခဲ့တယ်။ (ဒံယေလ ၂:၁၊ ၁၉၊ ၃၁-၃၈ ကိုဖတ်ပါ။) ရုပ်တုရဲ့ရွှေဦးခေါင်းက ဗာဗုလုန်နိုင်ငံကို ဆိုလိုကြောင်း ဒံယေလကတစ်ဆင့် ယေဟောဝါ ဖွင့်ပြပေးခဲ့တယ်။ * ရုပ်တုရဲ့ ရင်ဘတ်နဲ့လက်တွေက ငွေဖြစ်ပြီး ဗာဗုလုန်ပြီးတဲ့နောက် တက်လာမယ့် ကမ္ဘာ့အာဏာစက်ကို ဆိုလိုတယ်။ အဲဒီကမ္ဘာ့အာဏာစက်က ဘယ်သူဖြစ်ခဲ့သလဲ။ ဘုရားသခင့်လူမျိုးကို ဘယ်လိုဆက်ဆံခဲ့သလဲ။

စတုတ္ထဦးခေါင်းဖြစ်တဲ့ မီဒို-ပါးရှား

၁၂၊ ၁၃။ (က) ဗာဗုလုန်ကို အောင်နိုင်မယ့် ကမ္ဘာ့အာဏာစက်နဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လိုဖွင့်ပြခဲ့သလဲ။ (ခ) မီဒို-ပါးရှားက သားရဲရဲ့စတုတ္ထဦးခေါင်းဖြစ်တယ်လို့ ကျွန်ုပ်တို့ ဘာကြောင့်ပြောနိုင်တာလဲ။

၁၂ ဒံယေလအချိန်မတိုင်ခင် အနှစ်တစ်ရာကျော်တုန်းက ယေဟောဝါဟာ ဗာဗုလုန်ကိုအောင်နိုင်မယ့် ကမ္ဘာ့အာဏာစက်နဲ့ပတ်သက်တဲ့ အရေးကြီးတဲ့အချက်အလက်ကို ပရောဖက်ဟေရှာယကတစ်ဆင့် ဖွင့်ပြခဲ့တယ်။ အဲဒီကမ္ဘာ့အာဏာစက်က ဗာဗုလုန်မြို့ထဲ ဘယ်လို ကျူးကျော်ဝင်ရောက်လာမယ်ဆိုတာနဲ့ အဲဒီစစ်တပ်ရဲ့ခေါင်းဆောင်နာမည်ကိုတောင် ယေဟောဝါ ဖော်ပြပေးခဲ့တယ်။ အဲဒီခေါင်းဆောင်က ပါးရှားလူမျိုး ကုရုဖြစ်တယ်။ (ဟေရှာ. ၄၄:၂၈-၄၅:၂) ယေဟောဝါက ဒံယေလကို မီဒို-ပါးရှား ကမ္ဘာ့အာဏာစက်နဲ့ပတ်သက်တဲ့ တခြားရူပါရုံနှစ်ခုကို ပေးခဲ့တယ်။ ရူပါရုံတစ်ခုမှာ ကိုယ်တစ်ခြမ်းကိုကြွထားပြီး “အသားတွေအများကြီးစား” တော့မယ့် ဝက်ဝံတစ်ကောင်ကို ဒံယေလမြင်တွေ့ခဲ့တယ်။ (ဒံ. ၇:၅ကဘ) နောက်ရူပါရုံတစ်ခုမှာ ဒံယေလက ချိုနှစ်ချောင်းရှိတဲ့ သိုးထီးတစ်ကောင်ကို မြင်တွေ့ခဲ့တယ်။—ဒံ. ၈:၃၊ ၂၀

၁၃ ဗာဗုလုန်ကိုအောင်နိုင်ဖို့၊ ကြိုဟောထားတဲ့အတိုင်း အစ္စရေးလူတွေ ပြည်တော်ပြန်နိုင်ဖို့ မီဒို-ပါးရှားကို ယေဟောဝါသုံးခဲ့တယ်။ (၆ ရာ. ၃၆:၂၂၊ ၂၃) ဒါပေမဲ့ နောက်ပိုင်းမှာ မီဒို-ပါးရှားအာဏာစက်က ဘုရားသခင့်လူမျိုးကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။ ဧသတာကျမ်းမှာ ပါးရှားရဲ့ အလွန်အရေးပါတဲ့ အရာရှိတစ်ဦးဖြစ်တဲ့ ဟာမန်အကြောင်း ဖတ်ရတယ်၊ သူက သူ့ရဲ့ကြီးမားကျယ်ဝန်းတဲ့နိုင်ငံမှာရှိတဲ့ ဂျူးအားလုံးကို သတ်ပစ်ချင်တယ်။ ဟာမန်က သူသတ်မှတ်ထားတဲ့ရက်တစ်ရက်မှာ ဂျူးအားလုံးကို သတ်ပစ်ဖို့ နိုင်ငံတစ်ဝန်းမှာရှိတဲ့လူတွေကို ညွှန်ကြားခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါက သူ့လူမျိုးကို စာတန့်အမျိုးအနွယ်ရဲ့ ရန်လိုမုန်းတီးမှုကနေ ထပ်ကာကွယ်ပေးခဲ့ပြန်တယ်။ (ဧသ. ၁:၁-၃; ၃:၈၊ ၉; ၈:၃၊ ၉-၁၄) ဒါကြောင့် ဗျာဒိတ်ကျမ်းပါ သားရဲရဲ့စတုတ္ထဦးခေါင်းက မီဒို-ပါးရှားဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

ပဉ္စမမြောက်ဦးခေါင်းဖြစ်တဲ့ ဂရိ

၁၄၊ ၁၅။ ရှေးခေတ်ဂရိနိုင်ငံနဲ့ပတ်သက်ပြီး ဘယ်အသေးစိတ်အချက်တွေကို ယေဟောဝါ ဖွင့်ပြခဲ့သလဲ။

၁၄ ဗျာဒိတ်ကျမ်းပါ သားရဲရဲ့ပဉ္စမမြောက်ဦးခေါင်းက ဂရိဖြစ်တယ်။ ဒံယေလရှင်းပြတဲ့ နေဗုခဒ်နေဇာရဲ့အိပ်မက်မှာပါတဲ့ ရုပ်တုရဲ့ကြေးနီဝမ်းဗိုက်နဲ့ ကြေးနီပေါင်တွေက အဲဒီအာဏာစက်တစ်ခုတည်းကိုပဲ ရည်ညွှန်းတယ်။ ဂရိနိုင်ငံနဲ့ အဲဒီနိုင်ငံရဲ့ အထင်ကရအုပ်စိုးရှင်အကြောင်း အသေးစိတ်ကို တခြားရူပါရုံနှစ်ခုနဲ့ ဒံယေလကို ယေဟောဝါ ဖွင့်ပြခဲ့တယ်။

၁၅ ရူပါရုံတစ်ခုမှာ အတောင်လေးခုပါတဲ့ကျားသစ်တစ်ကောင်ကို ဒံယေလမြင်တွေ့ခဲ့တယ်။ ဒီကျားသစ်က တခြားနိုင်ငံတွေကို အလျင်အမြန်သိမ်းပိုက်အောင်နိုင်မယ့် ဂရိကို ရည်ညွှန်းတယ်။ (ဒံ. ၇:၆) နောက်ရူပါရုံတစ်ခုမှာ ဒံယေလက ဦးချိုကြီးတစ်ချောင်းရှိတဲ့ ဆိတ်တစ်ကောင်ကို မြင်တွေ့ခဲ့တယ်။ အဲဒီဆိတ်က ဦးချိုနှစ်ချောင်းရှိတဲ့သိုးထီး၊ မီဒို-ပါးရှားကို မြန်မြန်ဆန်ဆန် သတ်ပစ်ခဲ့တယ်။ အဲဒီဆိတ်က ဂရိဖြစ်ပြီး ဦးချိုကြီးက ဂရိနိုင်ငံရဲ့ဘုရင်တွေထဲက တစ်ပါးဖြစ်တယ်ဆိုတာ ဒံယေလကို ယေဟောဝါ ဖွင့်ပြခဲ့တယ်။ အဲဒီဦးချိုကြီးက ကျိုးသွားပြီး သူ့နေရာမှာ ဦးချိုငယ် လေးချောင်းပေါက်လာတယ်လို့လည်း ဒံယေလရေးသားခဲ့တယ်။ ဒီပရောဖက်ပြုချက်ကို ဂရိ ကမ္ဘာ့အာဏာစက်မဖြစ်ခင် နှစ်ပေါင်းရာချီကြိုရေးခဲ့တာတောင်မှ အဲဒီပရောဖက်ပြုချက်မှာပါတဲ့အတိုင်း တစ်ခုမကျန် အသေးစိတ်ပြည့်စုံခဲ့တယ်။ မဟာအလက်ဇန္ဒားက ဦးချိုကြီးဖြစ်ခဲ့တယ်။ သူဟာ ရှေးဂရိနိုင်ငံရဲ့ အထင်ရှားဆုံးဘုရင်ဖြစ်ခဲ့ပြီး မီဒို-ပါးရှားကို တိုက်ခိုက်ဖို့ ဂရိစစ်တပ်ကို ဦးဆောင်ခဲ့သူဖြစ်တယ်။ အလက်ဇန္ဒား ရုတ်တရက်သေဆုံးတဲ့အခါ ဒီဦးချိုကျိုးသွားတယ်။ သူဟာ အသက် ၃၂ နှစ်ပဲရှိပြီး အရမ်းကို တန်ခိုးအရှိန်အဝါကြီးမားသူ ဖြစ်ခဲ့တယ်။ အဲဒီနောက် သူ့ရဲ့ဗိုလ်ချုပ်ကြီးလေးဦးက သူ့နိုင်ငံကို ခွဲဝေယူခဲ့ကြတယ်။—ဒံယေလ ၈:၂၀-၂၂ ကိုဖတ်ပါ။

၁၆။ အန္တိအုတ်ကပ် ၄ ဘာလုပ်ခဲ့သလဲ။

၁၆ ဂရိက ပါးရှားကို အောင်မြင်ပြီးတဲ့နောက် အစ္စရေးလူမျိုးအပေါ် အုပ်စိုးခဲ့တယ်။ အဲဒီအချိန်မှာ ဂျူးတွေဟာ ကတိထားရာပြည်တော်မှာ အခြေကျနေပြီဖြစ်ပြီး ဂျေရုဆလင်မှာ ၀တ်ပြုရာအိမ်တော်ကို ပြန်တည်ဆောက်ခဲ့ကြတယ်။ သူတို့တွေက ဘုရားသခင့်လူမျိုးဖြစ်နေဆဲ၊ ၀တ်ပြုရာအိမ်တော်ကလည်း ဘုရားသခင်ကိုဝတ်ပြုတဲ့နေရာ ဖြစ်နေဆဲပဲ။ ဒါပေမဲ့ ဘီစီ ဒုတိယရာစုမှာ ဂရိက ဘုရားသခင့်လူမျိုးကို တိုက်ခိုက်ခဲ့တယ်၊ အလက်ဇန္ဒားရဲ့ ပြိုကွဲသွားတဲ့ အင်ပါယာကိုဆက်ခံသူတွေထဲက အုပ်စိုးရှင်တစ်ဦးဖြစ်သူ ဘုရင်အန္တိအုတ်ကပ် ၄ က ဂျေရုဆလင်မှာရှိတဲ့ဝတ်ပြုရာအိမ်တော်မှာ အယူမှားဝတ်ပြုသူတွေရဲ့ ယဇ်ပလ္လင်ကိုတည်ပြီး ဂျူးဘာသာကိုကိုးကွယ်သူတွေကို သေဒဏ်ပေးသင့်တယ်လို့ ပြောခဲ့တယ်။ စာတန့်အမျိုးအနွယ်ရဲ့အစိတ်အပိုင်းတစ်ခုက ဘုရားသခင့်လူမျိုးကို တိုက်ခိုက်နေပြန်ပြီ။ ဒါပေမဲ့ မကြာခင်မှာပဲ ဂရိနေရာကို နောက်ထပ်ကမ္ဘာ့အာဏာစက်တစ်ခုက အစားထိုးနေရာဝင်ယူခဲ့တယ်။ သားရဲရဲ့ဆဋ္ဌမမြောက်ဦးခေါင်းက ဘာဖြစ်မလဲ။

“အလွန်ကြောက်မက်ဖွယ်” ကောင်းတဲ့ ဆဋ္ဌမမြောက်ဦးခေါင်းဖြစ်တဲ့ ရောမ

၁၇။ ကမ္ဘာဦး ၃:၁၅ ရဲ့ဘယ်အပိုင်းကို ဆဋ္ဌမမြောက်ဦးခေါင်းက ပြည့်စုံစေခဲ့သလဲ။

၁၇ သားရဲနဲ့ပတ်သက်တဲ့ရူပါရုံကို ယောဟန်ရရှိချိန်မှာ ရောမက ကမ္ဘာ့အာဏာစက်ဖြစ်နှင့်နေပြီ။ (ဗျာ. ၁၇:၁၀) ရောမက သားရဲရဲ့ဆဋ္ဌမမြောက်ဦးခေါင်းဖြစ်ပြီး ကမ္ဘာဦး ၃:၁၅ မှာပါတဲ့ ပရောဖက်ပြုချက်ရဲ့ သတ်သတ်မှတ်မှတ်အပိုင်းတစ်ခုကို ပြည့်စုံစေခဲ့တယ်။ စာတန်ဟာ ရောမအာဏာပိုင်တွေကို သုံးပြီး အမျိုးအနွယ်ရဲ့ “ဖနောင့်” ကိုဒဏ်ရာရစေခဲ့တယ်။ ရောမတွေက ယေရှုကို သူတို့ရဲ့အစိုးရကိုဆန့်ကျင်ပုန်ကန်တဲ့ သူပုန်တစ်ဦးအဖြစ်ယူမှတ်၊ တရားစီရင်ပြီး ကိုယ်တော့်ကိုသတ်ခဲ့တယ်။ (မ. ၂၇:၂၆) ဒါပေမဲ့ အဲဒီဒဏ်ရာက မကြာခင်မှာပဲ ပျောက်သွားတယ်၊ အကြောင်းကတော့ ယေဟောဝါက ယေရှုကို ရှင်ပြန်ထမြောက်ပေးခဲ့လို့ပဲ။

၁၈။ (က) ဘယ်လူမျိုးအသစ်ကို ယေဟောဝါ ရွေးချယ်ခဲ့သလဲ။ ဘာကြောင့်လဲ။ (ခ) မြွေရဲ့အမျိုးအနွယ်က မိန်းမရဲ့အမျိုးအနွယ်ကို ဘယ်လိုဆက်ပြီး ရန်လိုတိုက်ခိုက်ခဲ့သလဲ။

၁၈ အစ္စရေးဘာသာရေးခေါင်းဆောင်တွေက ယေရှုကို တိုက်ခိုက်ဖို့ ရောမတွေနဲ့ တစ်ကျိတ်တည်းတစ်ဉာဏ်တည်း လုပ်ဆောင်ခဲ့ကြတယ်။ အစ္စရေးလူမျိုးအများစုက ယေရှုကို မေရှိယအဖြစ် လက်မခံကြဘူး။ ဒါကြောင့် ယေဟောဝါက အစ္စရေးလူမျိုးကို သူ့ရဲ့လူမျိုးအဖြစ်ကနေ ငြင်းပယ်ခဲ့တယ်။ (မ. ၂၃:၃၈; တ. ၂:၂၂၊ ၂၃) ကိုယ်တော်က လူမျိုးအသစ်တစ်မျိုးကို “ဘုရားသခင်၏အစ္စရေးလူမျိုး” အနေနဲ့ ရွေးချယ်ခဲ့တယ်။ (ဂလ. ၃:၂၆-၂၉; ၆:၁၆) အဲဒီလူမျိုးက ဘိသိက်ခံခရစ်ယာန်တွေဖြစ်ပြီး အဲဒီအထဲမှာ ဂျူးလူမျိုးရော၊ လူမျိုးခြားတွေပါ ပါတယ်။ (ဧ. ၂:၁၁-၁၈) ယေရှုသေဆုံးပြီး၊ ရှင်ပြန်ထမြောက်ပြီးနောက်မှာ မြွေရဲ့အမျိုးအနွယ်က မိန်းမရဲ့အမျိုးအနွယ်ကို ဆက်ပြီး ရန်လိုမုန်းတီး၊ တိုက်ခိုက်ခဲ့တယ်။ ရောမတွေက မိန်းမရဲ့အမျိုးအနွယ်အဝင်ဖြစ်တဲ့ ဘိသိက်ခံခရစ်ယာန်တွေကို ဖျက်ဆီးဖို့ တစ်ကြိမ်ထက်မက ကြိုးစားခဲ့ကြတယ်။ *

၁၉။ (က) ဆဋ္ဌမမြောက် ကမ္ဘာ့အာဏာစက်နဲ့ပတ်သက်ပြီး ဒံယေလ ဘာပြောခဲ့သလဲ။ (ခ) နောက်ဆောင်းပါးတစ်ခုမှာ ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

၁၉ ဒံယေလရှင်းပြတဲ့ နေဗုခဒ်နေဇာရဲ့အိပ်မက်ပါ ရုပ်တုရဲ့သံခြေထောက်တွေက ရောမဖြစ်တယ်။ (ဒံ. ၂:၃၃) အဲဒီအပြင် ဒံယေလဟာ ရောမအင်ပါယာသာမကပဲ ရောမကနေထွက်ပေါ်လာမယ့် နောက်ကမ္ဘာ့အာဏာစက်အကြောင်းကိုလည်း ရူပါရုံမြင်ခဲ့တယ်။ (ဒံယေလ ၇:၇၊ ၈ ကိုဖတ်ပါ။) နှစ်ပေါင်းရာချီကြာပြီးတဲ့နောက် ရောမက “ကြီးစွာသောခွန်အားနှင့်ပြည့်စုံ၍ အလွန်ကြောက်မက်ဖွယ်” ကောင်းတဲ့ သားရဲတစ်ကောင်နဲ့တူလာတယ်။ ဒါပေမဲ့ ပရောဖက်ပြုချက်အရ ရောမအင်ပါယာကနေ “ချိုဆယ်ချောင်း” ထွက်လာမှာဖြစ်တယ်။ အဲဒီနောက် “ချိုငယ်တစ်ချောင်း” ပေါက်လာပြီး တခြားချိုတွေထက် ပိုတန်ခိုးအာဏာကြီးလာမယ်။ ချိုဆယ်ချောင်းက ဘာတွေလဲ၊ ဦးချိုငယ်ကကော ဘာလဲ။ နေဗုခဒ်နေဇာရဲ့အိပ်မက်ပါ ဧရာမရုပ်တုကြီးရဲ့ ဘယ်အစိတ်အပိုင်းက ဒီဦးချိုငယ်နဲ့ ဆင်တူသလဲ။ ဒီမေးခွန်းတွေရဲ့အဖြေကို စာမျက်နှာ ၁၄ မှာပါတဲ့ဆောင်းပါးက သုံးသပ်မှာဖြစ်တယ်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 4 မိန်းမက ကောင်းကင်မှာရှိတဲ့ ယေဟောဝါရဲ့ကျေးကျွန်အားလုံးကို ဆိုလိုပြီး သူက ကိုယ်တော့်အတွက် ဇနီးတစ်ဦးနဲ့တူတယ်။—ဟေရှာ. ၅၄:၁; ဂလ. ၄:၂၆; ဗျာ. ၁၂:၁၊ ၂

^ အပိုဒ်၊ 11 ဒံယေလကျမ်းမှာပါတဲ့ ရုပ်တုရဲ့ဦးခေါင်းနဲ့ ဗျာဒိတ်ကျမ်းမှာပါတဲ့ သားရဲရဲ့တတိယဦးခေါင်းက ဗာဗုလုန်ကို ရည်ညွှန်းပါတယ်။ စာမျက်နှာ ၁၂-၁၃ မှာပါတဲ့ ဇယားကိုကြည့်ပါ။

^ အပိုဒ်၊ 18 ဂျေရုဆလင်ကို ရောမတွေဖျက်ဆီးတဲ့ အေဒီ ၇၀ မှာ အစ္စရေးလူမျိုးက ဘုရားသခင်ရွေးချယ်ထားတဲ့လူမျိုး လုံးဝမဟုတ်တော့ဘူး။ ဒါကြောင့် ဂျေရုဆလင်ဖျက်ဆီးခံရခြင်းက မိန်းမရဲ့အမျိုးအနွယ်ကို တိုက်ခိုက်ခြင်းမဟုတ်သလို ကမ္ဘာဦး ၃:၁၅ ပြည့်စုံခြင်းလည်းမဟုတ်ဘူး။

[လေ့လာရန်မေးခွန်းများ]