မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့အမှုတော်ကို ဘာကြောင့် ပထမနေရာမှာထားရသလဲ

ယေဟောဝါရဲ့အမှုတော်ကို ဘာကြောင့် ပထမနေရာမှာထားရသလဲ

ယေဟောဝါရဲ့အမှုတော်ကို ဘာကြောင့် ပထမနေရာမှာထားရသလဲ

“ကျွန်တော့်နှုတ်နဲ့ ကိုယ်တော့် ဖြောင့်မတ်ခြင်းအကြောင်း ပြောဆိုပါ့မယ်။ ကိုယ်တော့် ကယ်တင်ခြင်းအကြောင်း တစ်နေ့လုံးပြောဆိုပါ့မယ်။” —ဆာ. ၇၁:၁၅၊ ကဘ။

သင် ဘယ်လိုဖြေမလဲ

နောဧ၊ မောရှေ၊ ယေရမိနဲ့ ပေါလုတို့က ဘာကြောင့် သူတို့ရဲ့အသက်တာမှာ ယေဟောဝါကို ပထမနေရာမှာ ထားခဲ့သလဲ။

သင့်အသက်တာကို ဘယ်လိုအသုံးပြုမယ်ဆိုတာ ဆုံးဖြတ်ရာမှာ ဘာက သင့်ကို ကူညီပေးမလဲ။

သင့်ဘဝမှာ ယေဟောဝါရဲ့အမှုတော်ကို ပထမနေရာမှာ ထားဖို့ ဘာကြောင့် ဆုံးဖြတ်တာလဲ။

၁၊ ၂။ (က) လူတစ်ယောက် မိမိကိုယ်ကို ယေဟောဝါထံအပ်နှံတာက ဘာကို ဖော်ပြခြင်းဖြစ်သလဲ။ (ခ) နောဧ၊ မောရှေ၊ ယေရမိနဲ့ တမန်တော်ပေါလုတို့ရဲ့ ပုံသက်သေက ကျွန်ုပ်တို့ကို ဘာလုပ်ဖို့ ထောက်ကူပေးနိုင်သလဲ။

သင်ဟာ ဘုရားသခင်ထံ ဆက်ကပ်အပ်နှံပြီး ယေရှုရဲ့ နှစ်ခြင်းခံပြီးသား နောက်လိုက်တစ်ဦးဖြစ်တယ်ဆိုရင် သင်က သင့်ဘဝရဲ့အရေးကြီးဆုံး ဆုံးဖြတ်ချက်ကို ချခဲ့တာဖြစ်တယ်။ အဲဒီလိုလုပ်တာက သင် ယေဟောဝါကို ဒီလိုပြောတာနဲ့တူတယ်– “ကိုယ်တော့်ကို ကျွန်တော့်ရဲ့ သခင်ဖြစ်စေချင်တယ်။ ကျွန်တော်က ကိုယ်တော့်ရဲ့ ကျွန်ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့အချိန်ကို ဘယ်လို အသုံးပြုသင့်တယ်၊ ကျွန်တော် ဘာကိုဦးစားထားသင့်တယ်၊ ကျွန်တော့်ရဲ့ စွမ်းရည်တွေနဲ့ ပိုင်ဆိုင်ရာတွေကို ဘယ်လိုအသုံးပြုသင့်တယ်ဆိုတာ ကျွန်တော့်ကို ပြောပြစေချင်တယ်။’

သင်က နှစ်ခြင်းခံပြီးသား ခရစ်ယာန်တစ်ဦးဖြစ်တယ်ဆိုရင် ယေဟောဝါကို သင် အဲဒီလို ကတိပေးလိုက်တာပဲ။ သင်က အရမ်းကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တာဖြစ်ပြီး ဒါက မှန်ကန်တဲ့၊ ပညာရှိတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့ အခု သင်က ယေဟောဝါကို သင့်ရဲ့သခင်အဖြစ် သတ်မှတ်လိုက်ပြီဆိုတော့ သင့်အချိန်ကို ဘယ်လိုအသုံးပြုမလဲ။ နောဧ၊ မောရှေ၊ ယေရမိနဲ့ တမန်တော်ပေါလုတို့ရဲ့ ပုံသက်သေက ကျွန်ုပ်တို့ရဲ့အခြေအနေကို ပြန်ဆန်းစစ်ဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒီပုဂ္ဂိုလ်တွေက ယေဟောဝါရဲ့အမှုတော်ကို အကောင်းဆုံး လုပ်ဆောင်ခဲ့တဲ့သူတွေဖြစ်တယ်။ ဒီနေ့ ကျွန်ုပ်တို့ရဲ့အခြေအနေက အဲဒီပုဂ္ဂိုလ်တွေရဲ့ အခြေအနေနဲ့ ဆင်တူတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်တွေက သူတို့ရဲ့ဦးစားထားရာတွေကို ဖော်ပြပြီး ဒါက ကျွန်ုပ်တို့ရဲ့အချိန်ကို ဘယ်လိုအသုံးပြုနေတယ်ဆိုတာ ပြန်ဆန်းစစ်စေသင့်တယ်။—မ. ၂၈:၁၉၊ ၂၀; ၂ တိ. ၃:၁

ရေလွှမ်းမိုးဘေး မတိုင်မီ

၃။ ကျွန်ုပ်တို့ခေတ်နဲ့ နောဧခေတ် ဘယ်လို ဆင်တူသလဲ။

ယေရှုက ကျွန်ုပ်တို့ခေတ်ကို နောဧခေတ်နဲ့ နှိုင်းယှဉ်ပြီး ဒီလိုပြောခဲ့တယ်– “နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားရောက်ရှိနေချိန်တွင် ဖြစ်လိမ့်မည်။ အကြောင်းမူကား ရေမလွှမ်းမိုးမီ နောဧ သင်္ဘောထဲသို့ ဝင်သည့်နေ့အထိ လူတို့သည် စားသောက်လျက်၊ ထိမ်းမြားပေးစားလျက် နေကြ၏။ ရေလွှမ်းမိုးဘေးရောက်၍ လူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည့်နည်းတူ လူသားရောက်ရှိနေချိန်တွင် ဖြစ်လိမ့်မည်။” (မ. ၂၄:၃၇-၃၉) ဒီနေ့လူအများစုက ကျွန်ုပ်တို့အသက်ရှင်နေတဲ့ အချိန်ကာလရဲ့ အရေးကြီးမှုကို ဂရုမစိုက်ဘဲ နမော်နမဲ့ အသက်ရှင်နေကြတယ်။ ဘုရားသခင့်ကျေးကျွန်တွေ ဟောပြောနေတဲ့ သတိပေးချက်တွေကို နားမထောင်ကြဘူး။ နောဧခေတ်ကလူတွေလိုပဲ ဒီနေ့ခေတ်လူတွေလည်း လူဆိုးတွေကို ဘုရားသခင် ဖျက်ဆီးတော့မယ်ဆိုတာကို မယုံကြဘူး။ ရယ်တောင်ရယ်လိုက်သေးတယ်။ (၂ ပေ. ၃:၃-၇) ဒါပေမဲ့ နောဧက သတိပေးချက်တွေကို နားမထောင်တဲ့လူတွေကြားမှာ သူ့ရဲ့အချိန်ကို ဘယ်လိုအသုံးပြုခဲ့သလဲ။

၄။ ယေဟောဝါထံက အထူးတာဝန်တစ်ခုရပြီးတဲ့နောက်မှာ နောဧ သူ့အချိန်တွေကို ဘယ်လိုအသုံးပြုခဲ့သလဲ၊ ဘာကြောင့်လဲ။

လူဆိုးတွေကို ဖျက်ဆီးတော့မယ်လို့ ဘုရားသခင်က နောဧကို ပြောပြပြီးတဲ့နောက်မှာ သူ့ကို အထူးတာဝန်တစ်ခုပေးခဲ့တယ်။ လူတွေနဲ့ တိရစ္ဆာန်တွေကို ကယ်တင်ဖို့ နောဧ သင်္ဘောတစ်စင်းဆောက်ခဲ့တယ်။ (က. ၆:၁၃၊ ၁၄၊ ၂၂) ဒါ့အပြင် ရောက်လာတော့မယ့် ယေဟောဝါရဲ့တရားစီရင်ချက်အကြောင်းလည်း ဟောခဲ့တယ်။ အခြေအနေရဲ့အရေးကြီးမှုကို လူတွေသိအောင် နောဧ ကြိုးစားလုပ်ဆောင်ခဲ့တဲ့အတွက် တမန်တော်ပေတရုက သူ့ကို “ဖြောင့်မတ်ခြင်းတရား ဟောပြောသူ” လို့ခေါ်ခဲ့တယ်။ (၂ ပေတရု ၂:၅ ကိုဖတ်ပါ။) နောဧနဲ့ သူ့မိသားစုက သူတို့ရဲ့အချိန်တွေကို စီးပွားရေးလုပ်ငန်းတစ်ခု စလုပ်ဖို့၊ တခြားသူတွေထက် ပိုအောင်မြင်ဖို့ ဒါမှမဟုတ် အဖိုးတန်ပစ္စည်းကောင်းတွေ ပိုင်ဆိုင်ဖို့အတွက် အသုံးပြုမယ်ဆိုရင် ပညာရှိရာရောက်ပါ့မလား။ ပညာရှိရာမရောက်ဘူး။ ယေဟောဝါက အဲဒီလောကကို ဖျက်ဆီးပစ်တော့မယ်ဆိုတာ သူတို့သိထားတဲ့အတွက် အာရုံပျံ့လွင့်စရာမှန်သမျှကို ရှောင်ရှားခဲ့တယ်။

အီဂျစ်မင်းသားတစ်ပါးရဲ့ ရွေးချယ်မှု

၅၊ ၆။ (က) “အီဂျစ်အတတ်ပညာအလုံးစုံ” ကို မောရှေ ဘာကြောင့် လေ့လာဆည်းပူးခဲ့ရတာလဲ။ (ခ) မောရှေ ဘာကြောင့် အီဂျစ်နန်းတော်မှာနေရတဲ့ မင်းသားဘဝကို မရွေးချယ်ခဲ့တာလဲ။

အခု မောရှေရဲ့ပုံနမူနာကို လေ့လာကြည့်ကြစို့။ သူက ဖာရောဘုရင်သမီးရဲ့ သားတော်အဖြစ် အီဂျစ်နန်းတော်မှာ ကြီးပြင်းခဲ့တယ်။ မောရှေဟာ “အီဂျစ်အတတ်ပညာအလုံးစုံ” ကို လေ့လာဆည်းပူးခဲ့ရတယ်။ (တ. ၇:၂၂; ထွ. ၂:၉၊ ၁၀) သူ့ကို ဖာရောရဲ့နန်းတော်မှာ အမှုထမ်းခိုင်းဖို့ ဒီအတတ်ပညာတွေ သင်ပေးတာဖြစ်မယ်။ မောရှေဟာ အဲဒီအချိန်တုန်းက ဩဇာအာဏာအကြီးမားဆုံး အစိုးရမှာ အရမ်းထင်ပေါ်ကျော်ကြားတဲ့ပုဂ္ဂိုလ် ဖြစ်လာနိုင်တယ်။ အဲဒီလိုရာထူးမျိုးနဲ့ဆိုရင် မောရှေဟာ ထိပ်တန်းကျတဲ့ ဇိမ်ခံပစ္စည်းတွေ၊ အခွင့်ထူးတွေ ပိုင်ဆိုင်နိုင်တယ်။ ဒါပေမဲ့ ဒါတွေက မောရှေအတွက် အရေးကြီးသလား။

မောရှေငယ်ငယ်တုန်းက သူ့ရဲ့မိဘအရင်းတွေက သူ့ကို ယေဟောဝါအကြောင်း သင်ပေးခဲ့တယ်။ ဒါကြောင့် သူဟာ အာဗြဟံ၊ ဣဇာက်နဲ့ ယာကုပ်တို့ကို ယေဟောဝါပေးခဲ့တဲ့ ကတိအကြောင်း သိခဲ့မှာပဲ။ ဒီကတိတော်တွေကို မောရှေယုံကြည်ခဲ့တယ်။ သူ့ရဲ့အနာဂတ်အကြောင်းနဲ့ ယေဟောဝါအပေါ် သူ ဘယ်လိုသစ္စာရှိနိုင်ကြောင်းကိုလည်း သူ အလေးအနက် စဉ်းစားခဲ့မှာပဲ။ အီဂျစ်နန်းတော်မှာ မင်းသားတစ်ပါးအဖြစ် စံစားမလား ဒါမှမဟုတ် အစ္စရေးကျွန်တစ်ယောက်အဖြစ် ခံယူမလားဆိုတာ ရွေးချယ်ရတဲ့အခါ သူ ဘာလုပ်ခဲ့သလဲ။ မောရှေဟာ “အပြစ်နှင့်ဆိုင်သော ပျော်မွေ့ခြင်းကို ခဏခံစားခြင်းထက် ဘုရားသခင်၏လူတို့နှင့်အတူ ညှဉ်းဆဲခံရန် ရွေးချယ်” ခဲ့တယ်။ (ဟေဗြဲ ၁၁:၂၄-၂၆ ကိုဖတ်ပါ။) နောက်ပိုင်းမှာ သူက သူ့အသက်တာကို ယေဟောဝါနှစ်သက်တဲ့နည်းနဲ့ အသုံးပြုခဲ့တယ်။ (ထွ. ၃:၂၊ ၆-၁၀) မောရှေ ဘာကြောင့် အဲဒီလိုလုပ်တာလဲ။ ဘုရားသခင့်ကတိတော်ကို ယုံကြည်လို့ပဲ။ အီဂျစ်ပြည်မှာရမယ့် အောင်မြင်မှုက ရေရှည်မတည်မြဲဘူးဆိုတာ သူသိတယ်။ အမှန်ပါပဲ သိပ်မကြာခင်မှာ ဘုရားသခင်က အီဂျစ်ပြည်ကို ကပ်ဘေးဆယ်ပါးနဲ့ ဒဏ်ခတ်ခဲ့တယ်။ ယေဟောဝါရဲ့ ဆက်ကပ်အပ်နှံပြီးသား ကျေးကျွန်တွေအားလုံး မောရှေရဲ့ပုံနမူနာကနေ သင်ယူနိုင်တယ်။ ကျွန်ုပ်တို့ရဲ့ ဦးစားထားရာက ဒီလောကမှာ အလုပ်အကိုင်တစ်ခုရဖို့ ဒါမှမဟုတ် ပစ္စည်းကောင်းတွေ ပိုင်ဆိုင်ဖို့ မဖြစ်သင့်ဘူး။ ကျွန်ုပ်တို့ရဲ့ ဦးစားထားရာက ယေဟောဝါနဲ့ ကိုယ်တော့်အမှုတော်ဖြစ်သင့်တယ်။

ဖြစ်လာမယ့်အရာတွေကို ယေရမိ ကြိုသိခဲ့

၇။ ယေရမိရဲ့အခြေအနေက ကျွန်ုပ်တို့ရဲ့အခြေအနေနဲ့ ဘယ်လို ဆင်တူသလဲ။

ယေဟောဝါရဲ့အမှုတော်ကို ဦးစားထားခဲ့တဲ့ နောက်ပုဂ္ဂိုလ်တစ်ဦးကတော့ ပရောဖက်ယေရမိပါပဲ။ ယေဟောဝါက ယေရမိကို သူ့ရဲ့ပရောဖက်အဖြစ် ခန့်အပ်ပြီး အထူးတာဝန်တစ်ခုပေးခဲ့တယ်။ မှားယွင်းတဲ့ဘုရားသခင်တွေကို ကိုးကွယ်တဲ့ ဂျေရုဆလင်နဲ့ယုဒကို ယေဟောဝါတရားစီရင်တော့မယ်ဆိုတဲ့သတင်းကို ယေရမိ ကြေညာခဲ့ရတယ်။ ယေရမိရဲ့အခြေအနေက ကျွန်ုပ်တို့နဲ့တူနေတယ်။ သူလည်း “နောက်ကာလ [“အဆုံးပိုင်းကာလ၊” ကဘ]” မှာ အသက်ရှင်ခဲ့လို့ပဲ။ (ယေ. ၂၃:၁၉၊ ၂၀) သူ အသက်ရှင်နေတဲ့ခေတ်စနစ်က အမြဲတည်ရှိနေမှာမဟုတ်ဘူးဆိုတာ သူ ကောင်းကောင်းသိခဲ့တယ်။

၈၊ ၉။ (က) ဗာရုတ်ရဲ့စဉ်းစားတွေးခေါ်ပုံကို ဘာကြောင့် တည့်မတ်ပေးဖို့ လိုအပ်ခဲ့သလဲ။ (ခ) ကျွန်ုပ်တို့ အစီအစဉ်တွေရေးဆွဲတဲ့အခါမှာ ဘယ်အချက်ကို သတိရသင့်သလဲ။

ယေရမိက သူ့ရဲ့ယုံကြည်ချက်ကြောင့် ဘာမလုပ်ခဲ့ဘူးလဲ။ ဖျက်ဆီးခံရတော့မယ့် ခေတ်စနစ်မှာ သူ့အနာဂတ်ကိုသူ မတည်ဆောက်ခဲ့ဘူး။ အဲဒီလိုလုပ်တာက မိုက်မဲရာကျလို့ပဲ။ ဒါပေမဲ့ ယေရမိရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဗာရုတ်က အဲဒီလို ရှင်းရှင်းလင်းလင်း မသိမြင်ခဲ့ဘူး။ ဒါကြောင့် ဘုရားသခင်က ဗာရုတ်ကိုတည့်မတ်ပေးဖို့ ယေရမိကနေတစ်ဆင့် ဒီလိုပြောခဲ့တယ်– “ငါတည်ဆောက်ခဲ့တဲ့အရာကို ငါဖြိုချမယ်။ ငါစိုက်ပျိုးခဲ့တဲ့တစ်ပြည်လုံးကို ငါနုတ်ပစ်မယ်။ သင်ကတော့ သင့်အတွက် ကြီးမြတ်တဲ့အရာတွေကို ရှာနေတယ်။ ဆက်မရှာပါနဲ့တော့။ လူအားလုံးအပေါ် ငါဘေးဆိုးကျရောက်စေမယ်။” အဲဒီနောက် ယေဟောဝါက ဗာရုတ်ကို ဂျေရုဆလင်ပျက်စီးတဲ့အခါ အသက်ရှင်လွတ်မြောက်လိမ့်မယ်လို့ ကတိပေးခဲ့တယ်။—ယေ. ၄၅:၄၊ ၅ကဘ။

ဗာရုတ်ရှာခဲ့တဲ့ “ကြီးမြတ်တဲ့အရာတွေ” က ဘာလဲဆိုတာ ကျွန်ုပ်တို့ သေချာမသိဘူး။ * ဒါပေမဲ့ ဒီအရာတွေက မတည်မြဲဘူးဆိုတာကိုတော့ သိတယ်။ ဂျေရုဆလင်ကို ဗာဗုလုန်လူမျိုး တိုက်ခိုက်သိမ်းပိုက်တဲ့ ဘီစီ ၆၀၇ မှာ ဒီအရာတွေအားလုံး ဖျက်ဆီးခံရမှာဖြစ်တယ်။ ဒီကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ ကျွန်ုပ်တို့ဟာ အခုအချိန်မှာ အသက်ရှင်ရပ်တည်ဖို့ လိုအပ်ရာတွေရရှိအောင် အစီအစဉ်တွေ ရေးဆွဲကြရတယ်။ (သု. ၆:၆-၁၁) ဒါပေမဲ့ ရေရှည်မတည်မြဲနိုင်တဲ့အရာတွေရဖို့အတွက် ကျွန်ုပ်တို့ရဲ့အချိန်နဲ့ ခွန်အားများစွာကို အသုံးပြုလိုက်တာက ပညာရှိရာရောက်ပါ့မလား။ ယေဟောဝါရဲ့အဖွဲ့အစည်းက ဝတ်ပြုရာခန်းမအသစ်တွေ၊ ဌာနခွဲအဆောက်အဦတွေနဲ့ တခြားစီမံကိန်းတွေအတွက် အစီအစဉ်တွေ ဆက်ရေးဆွဲနေတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်တွေက ဘုရားသခင့်နိုင်ငံတော်ကို ထောက်မဖို့ဖြစ်တယ်။ ဒါကြောင့် ယေဟောဝါထံ ဆက်ကပ်အပ်နှံပြီးသားခရစ်ယာန်တွေက မိမိတို့ဘဝအတွက် အစီအစဉ်တွေ ရေးဆွဲတဲ့အခါမှာ ဘုရားသခင့်နိုင်ငံတော်ကို ဦးစားထားသင့်တယ်။ သင်က ယေဟောဝါရဲ့နိုင်ငံတော်နဲ့ ကိုယ်တော့်ဖြောင့်မတ်ခြင်းကို ဦးစွာရှာလျက်နေသလား။—မ. ၆:၃၃

‘ငါသည် အရာခပ်သိမ်းကို အမှိုက်သရိုက်ကဲ့သို့ ယူမှတ်၏’

၁၀၊ ၁၁။ (က) ခရစ်ယာန်မဖြစ်ခင်က ပေါလုအတွက် အရေးကြီးတဲ့အရာက ဘာလဲ။ (ခ) ပေါလုရဲ့ဦးစားထားရာတွေက ဘာကြောင့် လုံးလုံးပြောင်းလဲသွားသလဲ။

၁၀ အခု ပေါလုရဲ့ပုံနမူနာကို သုံးသပ်ကြည့်ကြစို့။ ပေါလု ခရစ်ယာန်မဖြစ်ခင်က အရမ်းကောင်းတဲ့အလုပ်အကိုင် ရှိခဲ့မှာပဲ။ ပေါလုဟာ အဲဒီအချိန်တုန်းက နာမည်အကြီးဆုံးဆရာတစ်ယောက်ဆီမှာ ဂျူးဥပဒေပညာ သင်ယူခဲ့တယ်။ ဂျူးယဇ်ပုရောဟိတ်မင်းကြီးကလည်း သူ့ကို အရေးပါတဲ့အလုပ်တာဝန်တစ်ခု ပေးခဲ့တယ်။ ဂျူးဘာသာရေးအသိုင်းအဝိုင်းမှာ သူ့ခေတ်သူ့အခါက လူတွေထက် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်။ (တ. ၉:၁၊ ၂; ၂၂:၃; ၂၆:၁၀; ဂလ. ၁:၁၃၊ ၁၄) ဒါပေမဲ့ ယေဟောဝါက ဂျူးလူမျိုးတစ်မျိုးလုံးကို ငြင်းပယ်လိုက်ပြီဆိုတာ သဘောပေါက်သွားတဲ့အခါ သူ့အသက်တာ လုံးလုံးပြောင်းလဲသွားတယ်။

၁၁ ဂျူးအစီအစဉ်စနစ်မှာရရှိတဲ့ အလုပ်အကိုင်က ယေဟောဝါအမြင်မှာ ဘာအကျိုးမှမရှိဘူးဆိုတာ ပေါလု သိနားလည်ခဲ့တယ်။ ဒီလူမျိုးမှာ ဘာအနာဂတ်မှ မရှိဘူး။ (မ. ၂၄:၂) ဘုရားသခင့်ရည်ရွယ်ချက်တွေကို သိနားလည်လာပြီး ဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်ခြင်းက တကယ့်အခွင့်ထူးဖြစ်တယ်ဆိုတာ ပေါလု သိနားလည်ခဲ့တယ်။ သူအရင်က ဦးစားထားခဲ့တဲ့အရာတွေကို “အမှိုက်သရိုက်” အဖြစ် ယူမှတ်တယ်လို့တောင် ပြောခဲ့တယ်။ ပေါလုဟာ ဂျူးဘာသာကိုစွန့်ပြီး ကျန်ရှိနေတဲ့ သူ့ရဲ့မြေကြီးအသက်တာကို သတင်းကောင်းဟောပြောခြင်းလုပ်ငန်းအတွက် အသုံးပြုခဲ့တယ်။—ဖိလိပ္ပိ ၃:၄-၈၊ ၁၅ ကိုဖတ်ပါ; တ.၉:၁၅။

သင့်ဦးစားထားရာတွေကို ဆန်းစစ်ပါ

၁၂။ ယေရှုနှစ်ခြင်းခံပြီးတဲ့နောက်မှာ သူ ဘာကို အဓိကဦးစားထားခဲ့သလဲ။

၁၂ နောဧ၊ မောရှေ၊ ယေရမိ၊ ပေါလုနဲ့ တခြားသူများစွာဟာ သူတို့ရဲ့အချိန်နဲ့ခွန်အား အများစုကို ယေဟောဝါရဲ့လုပ်ငန်းတော်မှာ အသုံးပြုခဲ့ကြတယ်။ သူတို့က ကျွန်ုပ်တို့ တုပထိုက်တဲ့ ပုံသက်သေကောင်းတွေဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါထံဆက်ကပ်အပ်နှံထားတဲ့ ကျေးကျွန်တွေထဲမှာတော့ ယေရှုက အကောင်းဆုံးပုံသက်သေပါပဲ။ (၁ ပေ. ၂:၂၁) ယေရှုနှစ်ခြင်းခံပြီးတဲ့နောက်မှာ ကျန်ရှိနေတဲ့ သူ့ရဲ့မြေကြီးအသက်တာတစ်ခုလုံးကို သတင်းကောင်းဟောပြောခြင်းနဲ့ ယေဟောဝါကို ဂုဏ်တင်ခြင်းလုပ်ငန်းမှာ အသုံးပြုခဲ့တယ်။ ဒါကြောင့် ယေရှုရဲ့ပုံသက်သေကိုလိုက်လျှောက်ပြီး ယေဟောဝါကို သခင်အဖြစ်လက်ခံတဲ့ ခရစ်ယာန်တိုင်းက ယေဟောဝါရဲ့အမှုတော်ကို ဦးစားထား လုပ်ဆောင်သင့်တယ်။ ယေဟောဝါရဲ့အမှုတော် ထမ်းဆောင်ခြင်းကို သင် ဦးစားထားသလား။ ယေဟောဝါရဲ့အမှုတော်မှာ ကျွန်ုပ်တို့ ပါဝင်လုပ်ဆောင်ရင်း တစ်ဖက်မှာလည်း တခြားတာဝန်တွေကို ဘယ်လိုလုပ်ဆောင်နိုင်သလဲ။—ဆာလံ ၇၁:၁၅; ၁၄၅:၂ တို့ကိုဖတ်ပါ။

၁၃၊ ၁၄။ (က) ဆက်ကပ်အပ်နှံထားတဲ့ခရစ်ယာန်တွေအားလုံး ဘာလုပ်ဖို့ အားပေးခံရကြသလဲ။ (ခ) ဘုရားသခင့်ကျေးကျွန်တွေကို ဘာက ပျော်ရွှင်စေမလဲ။

၁၃ နှစ်တွေတစ်လျှောက်မှာ ယေဟောဝါရဲ့အဖွဲ့အစည်းက ခရစ်ယာန်တွေကို ရှေ့ဆောင်လုပ်နိုင်မလားဆိုတာ ဆုတောင်းသုံးသပ်ဖို့ အားပေးခဲ့တယ်။ တချို့ သစ္စာရှိကျေးကျွန်တွေရဲ့အခြေအနေက တစ်လကို နာရီ ၇၀ အမှုမဆောင်နိုင်ဘူး။ ဒီအတွက်ကြောင့် သူတို့ စိတ်မကောင်းမဖြစ်သင့်ဘူး။ (၁ တိ. ၅:၈) ဒါပေမဲ့ သင့်အခြေအနေ ဘယ်လိုရှိသလဲ။ သင် ရှေ့ဆောင်လုပ်နိုင်သလား။

၁၄ မတ်လမှာ ဘုရားသခင့်ကျေးကျွန်များစွာ ခံစားခဲ့ရတဲ့ ရွှင်လန်းမှုကို စဉ်းစားကြည့်ပါ။ အောက်မေ့ရာပွဲမတိုင်ခင်လမှာ အရန်ရှေ့ဆောင်လုပ်တဲ့သူတွေက ဟောပြောခြင်းလုပ်ငန်းမှာ နာရီ ၃၀ ပါဝင်မလား၊ ဒါမှမဟုတ် နာရီ ၅၀ ပါဝင်မလားဆိုတာ ရွေးချယ်ဖို့ အထူးအခွင့်အရေးရခဲ့ကြတယ်။ (ဆာ. ၁၁၀:၃) သန်းနဲ့ချီတဲ့ ညီအစ်ကို၊ ညီအစ်မတွေဟာ အရန်ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်ခဲ့ကြတယ်။ သင်ဟာ အသင်းတော်မှာ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်ခဲ့မှာပဲ။ ဒီလိုပျော်ရွှင်မှုမျိုး ခံစားနိုင်ဖို့ သင့်အချိန်ဇယားကို ပြုပြင်ချိန်ညှိပြီး မကြာမကြာ အရန်ရှေ့ဆောင်လုပ်နိုင်မလား။ ရှေ့ဆောင်လုပ်နေတဲ့ ဆက်ကပ်အပ်နှံထားတဲ့ ခရစ်ယာန်တွေဟာ တစ်နေ့ကုန်သွားတိုင်း ပျော်ရွှင်စွာနဲ့ ဒီလိုပြောနိုင်ကြပါတယ်– “ယေဟောဝါ၊ ကိုယ်တော့်အမှုတော်မှာ ကျွန်တော်/ကျွန်မ တတ်နိုင်သမျှ အကုန်လုပ်ခဲ့ပြီ။”

၁၅။ လောကပညာရေးနဲ့ပတ်သက်ပြီး ခရစ်ယာန်လူငယ်တစ်ဦးရဲ့ ရည်ရွယ်ချက်က ဘာဖြစ်သင့်သလဲ။

၁၅ သင်ဟာ သင်လိုအပ်တဲ့ကျောင်းပညာသင်ယူရာမှာ ပြီးဆုံးတော့မယ့် ခရစ်ယာန်လူငယ်ဖြစ်တယ်ဆိုရင် ကျန်းမာရေးကောင်းပြီး တာဝန်လည်း သိပ်မရှိသူဖြစ်နိုင်တယ်။ မှန်မှန်ရှေ့ဆောင်လုပ်ငန်းအကြောင်း အလေးအနက် စဉ်းစားဖူးသလား။ သင်တို့ရဲ့အနာဂတ်အတွက် အကောင်းဆုံးစီစဉ်နိုင်ဖို့ တက္ကသိုလ်၊ ကောလိပ်တွေတက်ဖို့လိုတယ်လို့ သင်တို့ရဲ့ဆရာ/ဆရာမတွေက ပြောပါလိမ့်မယ်။ သူတို့ရဲ့ အားကိုးရာက လူ့အဖွဲ့အစည်းတွေနဲ့ ငွေပါပဲ။ ဒါပေမဲ့ အဲဒါတွေမှာ တည်မြဲတဲ့အနာဂတ်ဆိုတာ မရှိဘူး။ ယေဟောဝါအတွက် အမှုဆောင်ခြင်းကို သင့်အလုပ်အကိုင် ဖြစ်စေမယ်ဆိုရင် သင်က သင့်အချိန်ကို ကောင်းကောင်းအသုံးပြုနေမှာဖြစ်ပြီး ထာဝစဉ်တည်မြဲတဲ့အနာဂတ်ကိုလည်း ရရှိမှာဖြစ်တယ်။ ယေရှုရဲ့အကောင်းဆုံးပုံသက်သေကို တုပနေတာဖြစ်ပါလိမ့်မယ်။ ဒါက သင့်ကို ပျော်ရွှင်စေမယ့် ပညာရှိဆုံးဖြတ်ချက်ဖြစ်ပြီး သင့်အတွက် အကာအကွယ်ဖြစ်ပါလိမ့်မယ်။ ယေဟောဝါထံဆက်ကပ်အပ်နှံထားတဲ့အတိုင်း အသက်ရှင်မယ်လို့ သင်စိတ်ပိုင်းဖြတ်ထားကြောင်း ဖော်ပြရာရောက်ပါလိမ့်မယ်။—မ. ၆:၁၉-၂၁; ၁ တိ. ၆:၉-၁၂

၁၆၊ ၁၇။ ခရစ်ယာန်တွေဟာ ယေဟောဝါရဲ့အမှုတော် ထမ်းဆောင်ခြင်းနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။

၁၆ ဒီနေ့ ဘုရားသခင့်ကျေးကျွန်များစွာဟာ မိသားစုရဲ့ အခြေခံလိုအပ်ရာတွေရရှိဖို့ နာရီပေါင်းများစွာ အလုပ်လုပ်ကြရတယ်။ ဒါပေမဲ့ တချို့က လိုအပ်တာထက်ပိုပြီး အလုပ်လုပ်ကြတယ်။ (၁ တိ. ၆:၈) ဒီနေ့လောက,ကတော့ ထွက်သမျှပစ္စည်းအသစ်တွေကို ဝယ်သင့်တယ်၊ အဲဒီလိုမှမဟုတ်ရင် ဆက်အသက်မရှင်နိုင်ဘူးလို့ ကျွန်ုပ်တို့ကို အယုံသွင်းဖို့ ဘာမဆိုလုပ်တယ်။ ဒါပေမဲ့ ခရစ်ယာန်စစ်တွေကတော့ သူတို့ဦးစားထားရမယ့်အရာတွေနဲ့ပတ်သက်ပြီး စာတန်နဲ့ သူ့ရဲ့လောကကို သတ်မှတ်ဆုံးဖြတ်ခွင့် မပြုကြဘူး။ (၁ ယော. ၂:၁၅-၁၇) အလုပ်ကနေ အငြိမ်းစားယူထားတဲ့ သူတွေကော။ အကောင်းဆုံးကတော့ သူတို့ရဲ့အချိန်တွေကို ရှေ့ဆောင်လုပ်ငန်းမှာ အသုံးပြုပြီး ယေဟောဝါရဲ့အမှုတော်ကို ဦးစားထားခြင်းပါပဲ။

၁၇ ယေဟောဝါထံ ဆက်ကပ်အပ်နှံထားတဲ့ကျေးကျွန်တွေဟာ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးနိုင်တယ်– ငါ့အသက်တာမှာ အရေးကြီးဆုံးက ဘာလဲ။ ယေဟောဝါရဲ့အမှုတော်ကို ငါပထမနေရာမှာ ထားသလား။ ငါဟာ ယေရှုကိုတုပပြီး ဘုရားသခင့်အမှုတော်အတွက် ငါ့ရဲ့အချိန်နဲ့ခွန်အားတွေကို အသုံးပြုဖို့ လိုလိုလားလားရှိသလား။ ငါဟာ ယေရှုရဲ့စကားကိုနားထောင်ပြီး ကိုယ်တော့်နောက် ဆက်လိုက်နေသလား။ ဟောပြောခြင်းလုပ်ငန်းမှာ၊ ဒါမှမဟုတ် ယေဟောဝါအမှုတော်ရဲ့ တခြားကဏ္ဍတွေမှာ ပိုပါဝင်နိုင်ဖို့ ငါ့ရဲ့အစီအစဉ်ဇယားကို ပြုပြင်ချိန်ညှိနိုင်မလား။ ငါ အခုချိန်မှာ ပိုမလုပ်နိုင်ဘူးဆိုရင်တောင် ငါ့ရဲ့အချိန်နဲ့ခွန်အားကို ယေဟောဝါအတွက် အသုံးပြုနိုင်တဲ့ နည်းလမ်းကောင်းတွေ ရှာဖွေသလား။

အလိုဆန္ဒရှိစေ၊ ပြုမူလုပ်ဆောင်စေ

၁၈၊ ၁၉။ သင် ဘာအတွက် ဆုတောင်းနိုင်သလဲ။ ဒီဆုတောင်းချက်က ဘာကြောင့် ယေဟောဝါကို ပျော်ရွှင်စေနိုင်သလဲ။

၁၈ ဘုရားသခင့်ကျေးကျွန်တွေရဲ့ စိတ်အားထက်သန်မှုကို မြင်တွေ့ရတာ အားရစရာကောင်းလှပါတယ်။ ဒါပေမဲ့ ရှေ့ဆောင်လုပ်နိုင်တဲ့သူတချို့ဟာ ရှေ့ဆောင်လုပ်ချင်တဲ့ဆန္ဒမရှိတာ ဒါမှမဟုတ် သူတို့မှာ လိုအပ်တဲ့ကျွမ်းကျင်မှုမရှိဘူးလို့ ခံစားနေရတာ ဖြစ်နိုင်တယ်။ (ထွ. ၄:၁၀; ယေ. ၁:၆) သင် အဲဒီလိုဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ အကူအညီအတွက် ယေဟောဝါထံ ဆုတောင်းပါ။ အလိုဆန္ဒရှိစေဖို့နဲ့ ပြုမူလုပ်ဆောင်စေဖို့ ယေဟောဝါ ကျွန်ုပ်တို့ကို ကူညီပေးချင်တယ်လို့ ပေါလုပြောခဲ့တယ်။ (ဖိ. ၂:၁၃) ဒါကြောင့် ယေဟောဝါရဲ့အမှုတော်မှာ ပိုပါဝင်လုပ်ဆောင်လိုတဲ့ဆန္ဒ သင့်မှာမရှိဘူးဆိုရင် အလိုဆန္ဒရှိစေဖို့နဲ့ ကျွမ်းကျင်မှုရှိဖို့ ယေဟောဝါထံဆုတောင်းပါ။—၂ ပေ. ၃:၉၊ ၁၁

၁၉ နောဧ၊ မောရှေ၊ ယေရမိ၊ ပေါလုနဲ့ ယေရှုတို့က သစ္စာရှိအမျိုးသားတွေဖြစ်တယ်။ သူတို့က သူတို့ရဲ့ အချိန်နဲ့ခွန်အားကို အသုံးပြုပြီး ယေဟောဝါရဲ့သတိပေးသတင်းစကားကို ဟောပြောခဲ့ကြတယ်။ သူတို့ရဲ့အလုပ်ကနေ အာရုံလွဲသွားစေဖို့ ဘယ်အရာကိုမှ ခွင့်မပြုခဲ့ကြဘူး။ ဒီလောကစနစ်ရဲ့အဆုံးက အရမ်းနီးနေပြီ။ ဒါကြောင့် အသက်တာကို ဘုရားသခင်ထံဆက်ကပ်အပ်နှံထားတဲ့ ကျွန်ုပ်တို့အားလုံးဟာ သမ္မာကျမ်းစာမှာပါတဲ့ ဒီပုံသက်သေကောင်းသူတွေကို တုပဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြောင်း သေချာစေသင့်တယ်။ (မ. ၂၄:၄၂; ၂ တိ. ၂:၁၅) သူတို့ရဲ့ပုံသက်သေတွေကို ကျွန်ုပ်တို့ တုပခြင်းအားဖြင့် ယေဟောဝါကို ပျော်ရွှင်စေနိုင်တယ်၊ ကျွန်ုပ်တို့ကိုလည်း ကိုယ်တော် ကောင်းချီးပေးပါလိမ့်မယ်။—မာလခိ ၃:၁၀ ကိုဖတ်ပါ။

[အောက်ခြေမှတ်ချက်]

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

နောဧရဲ့သတိပေးချက်ကို လူတွေဂရုမစိုက်ကြဘူး

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

မှန်မှန်ရှေ့ဆောင်လုပ်ငန်းမှာပါဝင်ဖို့ သင်အလေးအနက် စဉ်းစားသလား