မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပညာရှိတဲ့သူက “ပညာရှိလမ်းညွှန်ချက်” ကိုရှာဖွေ

ပညာရှိတဲ့သူက “ပညာရှိလမ်းညွှန်ချက်” ကိုရှာဖွေ

ပညာရှိတဲ့သူက “ပညာရှိလမ်းညွှန်ချက်” ကိုရှာဖွေ

ဘဝကို ခရီးရှည်တစ်ခုနဲ့ နှိုင်းယှဉ်ကြတယ်။ ဒါပေမဲ့ ဘဝခရီးလမ်းမှာ အောင်မြင်စွာလျှောက်လှမ်းနိုင်ဖို့ ကူညီပေးတဲ့နေရာမှာ လူတွေရဲ့အသိပညာက တန်ဖိုးအကန့်အသတ်ပဲရှိတယ်ဆိုတာ တွေ့ရလေ့ရှိတယ်။ လူများစွာဟာ လှိုင်းလေထန်တဲ့ ဘဝပင်လယ်ပြင်မှာ နစ်မြုပ်ပျက်စီးခဲ့ကြပြီ။ (ဆာ. ၁၀၇:၂၃၊ ၂၇) အဲဒီလိုနှိုင်းယှဉ်တာက ဘာကြောင့် သင့်တော်သလဲ။

ရှေးခေတ်တုန်းကဆိုရင် ပင်လယ်ခရီးက ခက်ခဲကြမ်းတမ်းတယ်၊ ဒါကြောင့် အတွေ့အကြုံရှိဖို့လိုတယ်။ ရေကြောင်းခရီးသွားပညာကို သက်တမ်းကြာ သင်္ဘောသားတွေ၊ ဖြစ်နိုင်တာက ပဲ့ကိုင်တစ်ဦးဆီမှာ တပည့်ခံပြီး သင်ယူရလေ့ရှိတယ်။ (တ. ၂၇:၉-၁၁) ရှေးဟောင်းပန်းချီကားတွေမှာဆိုရင် ပဲ့ကိုင်တစ်ဦးရဲ့တာဝန်က အရေးကြီးတယ်ဆိုတာကို အလေးပေးဖော်ပြဖို့အတွက် သူ့ရဲ့ပုံကို တခြားသူတွေရဲ့ပုံထက် ပိုကြီးအောင် ရေးဆွဲကြတယ်။ ကမ်းမမြင်လမ်းမမြင်တဲ့ပင်လယ်မှာ ခရီးသွားတဲ့အခါ သင်္ဘောသားတွေဟာ ကြယ်တွေ၊ လေတိုက်တဲ့လမ်းကြောင်းတွေနဲ့ တခြားအချက်အလက်တွေကို ကြည့်ရတယ်။ သမ္မာကျမ်းစာမှာ သင်္ဘောသားတချို့ကို “ပညာရှိ” ဒါမှမဟုတ် ကျွမ်းကျင်သူတွေအဖြစ် ဖော်ပြထားတယ်။—ယေဇ. ၂၇:၈

ဒီနေ့ကြုံတွေ့နေရတဲ့ ဘဝပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရတာက ရှေးခေတ်တုန်းက ပင်လယ်ပြင်ခရီးသွားရသလို ခက်ခဲကြမ်းတမ်းပါတယ်။ ကျွန်ုပ်တို့ကို ဘာက ကူညီပေးနိုင်သလဲ။

“ပညာရှိလမ်းညွှန်ချက်” ရရှိနိုင်ပုံ

ဘဝကို ခရီးရှည်တစ်ခုနဲ့ ခိုင်းနှိုင်းတာကို စိတ်ထဲထားပြီး သမ္မာကျမ်းစာမှာဖော်ပြထားတဲ့ ဒီအမှန်တရားကို စဉ်းစားကြည့်ပါ– “ပညာရှိတဲ့သူက နားထောင်ပြီး သွန်သင်ချက်တွေကို နှလုံးသွင်းလိမ့်မယ်။ သိနားလည်မှုရှိတဲ့သူက ပညာရှိလမ်းညွှန်ချက်တွေကို လက်ခံတယ်။” (သု. ၁:၅၊ ၆ကဘ) “ပညာရှိလမ်းညွှန်ချက်” လို့ပြန်ဆိုတဲ့ ဟေဗြဲအသုံးအနှုန်းက သင်္ဘောတစ်စင်းကို ပဲ့ကိုင်ထိန်းကျောင်းတဲ့လုပ်ဆောင်မှုကို ဖော်ပြတယ်။ ဒါက မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ သွားနိုင်တဲ့စွမ်းရည်ကို ဆိုလိုတယ်။

ကြိုးစားအားထုတ်ဖို့တော့ လိုပေမဲ့ ကျွန်ုပ်တို့က “ပညာရှိလမ်းညွှန်ချက်” ရနိုင်ပြီး ဘဝပင်လယ်ပြင်မှာ အောင်မြင်စွာ “ရွက်လွှင့်” နိုင်ပါတယ်။ သုတ္တံကျမ်းမှာဖော်ပြထားသလို “ဉာဏ်ပညာ၊” “သိနားလည်မှု” နဲ့ “ထိုးထွင်းသိမြင်ခြင်း” တို့ကို တွဲဖက် အသုံးပြုရပါမယ်။ (သု. ၁:၂-၆ကဘ; ၂:၁-၉) ကျွန်ုပ်တို့က ဘုရားသခင့်လမ်းညွှန်ချက်ကို မရှာလို့မရဘူး၊ အကြောင်းကတော့ လူဆိုးတွေတောင်မှ မတရားတဲ့လုပ်ရပ်တွေအတွက် “လမ်းညွှန်” ရှိတယ်။—သု. ၁၂:၅ကဘ။

ဒါကြောင့် ဘုရားသခင့်တရားစကားတော်ကို လုံ့လဝီရိယရှိရှိ လေ့လာဖို့ အရေးကြီးပါတယ်။ ဒီလိုလေ့လာခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ ယေဟောဝါနဲ့ ကိုယ်တော့်ကိုအပြည့်အဝတုပတဲ့ ယေရှုခရစ်အကြောင်း အဖိုးတန်အချက်အလက်တွေကို သိနိုင်တယ်။ (ယော. ၁၄:၉) ခရစ်ယာန်အစည်းအဝေးတွေကနေ ပညာရှိတဲ့အကြံဉာဏ်အများကြီး ရရှိကြတယ်။ ဒါ့အပြင် ကျွန်ုပ်တို့ရဲ့မိဘတွေအပါအဝင် တခြားသူတွေရဲ့အတွေ့အကြုံကနေ သင်ယူနိုင်ကြတယ်။—သု. ၂၃:၂၂

ကြိုတင်မြော်မြင်ပြီး စီစဉ်ပါ

အထူးသဖြင့် ဘဝပြဿနာတွေ ကြုံတွေ့ရချိန်မှာ “ပညာရှိလမ်းညွှန်ချက်” အရမ်းလိုအပ်တယ်။ ရှုပ်ထွေးတဲ့အခြေအနေတစ်ခုမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ဇဝေဇဝါဖြစ်နေရင် ဆိုးကျိုးတွေ ခံစားရနိုင်တယ်။—ယာ. ၁:၅၊ ၆

စိတ်ဝင်စားစရာက “ပညာရှိလမ်းညွှန်ချက်” လို့ပြန်ဆိုတဲ့အသုံးအနှုန်းကို စစ်ပွဲအကြောင်းပြောရာမှာလည်း အသုံးပြုတယ်။ “သင်က ပညာရှိတဲ့လမ်းညွှန်ချက်အတိုင်း သင့်ရဲ့စစ်ပွဲကို ဆက်ဆင်နွှဲရလိမ့်မယ်။ အကြံပေးတဲ့သူအမြောက်အမြားရှိရင် ကယ်တင်ခံရတတ်တယ်” လို့ ကျွန်ုပ်တို့ ဖတ်ရတယ်။—သု. ၂၀:၁၈; ၂၄:၆ကဘ။

စစ်ပရိယာယ်ကျွမ်းကျင်သူတစ်ဦးက စစ်ပွဲတစ်ပွဲကို စီစဉ်ဖွဲ့စည်းသလိုပဲ ကျွန်ုပ်တို့ဟာ ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေနိုင်တဲ့အရာတွေကို ကြိုတင်မြော်မြင်ပြီး အဲဒီအတွက် ပြင်ဆင်ထားသင့်တယ်။ (သု. ၂၂:၃) ဥပမာ၊ သင်က အလုပ်သစ်တစ်ခုကို လက်ခံမလား၊ ရာထူးတိုးတာကို လက်ခံမလားဆိုတာ ဆုံးဖြတ်ရနိုင်တယ်။ ရမယ့်လစာ၊ အလုပ်အသွားအပြန် ကြာချိန်နဲ့ တခြား အသေးစိတ်အချက်အလက်တွေကို သင် ထည့်စဉ်းစားမှာဖြစ်တယ်။ ဒါပေမဲ့ ဒီအလုပ်က ကျမ်းစာမူတွေနဲ့ ကိုက်ညီသလား၊ အလုပ်ချိန်အပြောင်းအလဲက ငါ့ရဲ့ ခရစ်ယာန်လုပ်ဆောင်မှုတွေကို ထိခိုက်နိုင်သလား ဆိုတဲ့တခြားအချက်တွေကိုလည်း ထည့်စဉ်းစားရမယ်။—လု. ၁၄:၂၈-၃၀

ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ လောရက်တာက စားသောက်ကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ကောင်းတစ်ခုရတယ်။ ကုမ္ပဏီက နေရာသစ်ကိုပြောင်းရွှေ့တဲ့အခါ လောရက်တာက အရေးပါတဲ့ရာထူးတစ်ခု ကမ်းလှမ်းခံရတယ်၊ “ဒါက တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့အခွင့်အရေးပဲ။ အဲဒီနေရာမှာ ဝတ်ပြုရာခန်းမလည်းရှိတယ်” လို့ ဒါရိုက်တာက သူ့ကို ပြောတယ်။ ဒါပေမဲ့ လောရက်တာက ဖန်ဆင်းရှင်အတွက် ပိုပြီးအပြည့်အဝ အမှုဆောင်ဖို့ သူ့ဘဝကို ရိုးရိုးရှင်းရှင်းဖြစ်စေချင်တယ်။ သူမရဲ့အလုပ်သစ်က ခရစ်ယာန်လုပ်ဆောင်မှုတွေအတွက် အချိန်နည်းနည်းပဲ ပေးနိုင်မယ်ဆိုတာ သူသိတယ်။ ဒါကြောင့် ကုမ္ပဏီဒါရိုက်တာက လောရက်တာလိုလူမျိုးကိုပဲ အလုပ်ခန့်ချင်တာလို့ အားကိုးတကြီး ပြောနေတဲ့ကြားက သူအလုပ်ထွက်လိုက်တယ်။ အခုဆိုရင် လောရက်တာ မှန်မှန်ရှေ့ဆောင်လုပ်လာတာ အနှစ် ၂၀ လောက်ရှိပြီ၊ ဘုရားသခင့်တရားစကားတော်မှာ တွေ့ရတဲ့ “ပညာရှိလမ်းညွှန်ချက်” နဲ့အညီ အန္တရာယ်ကြုံတွေ့နိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားခဲ့တဲ့အတွက် ရလဒ်ကောင်းတွေရခဲ့တယ်ဆိုတာ သူယုံကြည်တယ်။ ယေဟောဝါနဲ့ သူ့ရဲ့ဆက်ဆံရေး ပိုခိုင်မြဲလာပြီး လူများစွာကို သမ္မာကျမ်းစာအမှန်တရားလက်ခံအောင် ကူညီပေးနိုင်တဲ့ အခွင့်ထူးရခဲ့တယ်။

မိသားစုမှာလည်း “ပညာရှိလမ်းညွှန်ချက်” တကယ်လိုတယ်။ သားသမီး မွေးမြူပြုစုဖို့ဆိုတာက ရေရှည်အလုပ်ဖြစ်တယ်၊ မိသားစုကို ယေဟောဝါနဲ့ ရင်းနှီးအောင် ဘယ်လိုကူညီပေးမလဲ၊ မိသားစုစားဝတ်နေရေးအတွက် ဘယ်လိုရှာဖွေမလဲ ဆိုတဲ့အချက်တွေနဲ့ပတ်သက်တဲ့ မိဘတွေရဲ့ဆုံးဖြတ်ချက်က မိသားစုတစ်ခုလုံးရဲ့ အနာဂတ်အပေါ် အကျိုးသက်ရောက်မှုရှိတယ်။ (သု. ၂၂:၆) ဥပမာ၊ ခရစ်ယာန်မိဘတွေက ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးမှာဖြစ်တယ်– ‘ကလေးတွေကြီးလာတဲ့အခါ ပြဿနာတွေကို ပညာရှိရှိဖြေရှင်းတတ်အောင် ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ ငါတို့ရဲ့ အပြောအဆို၊ ပုံသက်သေနဲ့ သင်ပေးနေသလား။ ရိုးရှင်းတဲ့ဘဝပုံစံနဲ့ ရောင့်ရဲတင်းတိမ်တတ်ဖို့၊ ခရစ်ယာန်အမှုဆောင်လုပ်ငန်းကို အဓိကထားဖို့ ငါတို့ရဲ့ ဘဝပုံစံနဲ့ သင်ပေးနေသလား။’—၁ တိ. ၆:၆-၁၀၊ ၁၈၊ ၁၉

အောင်မြင်မှုအစစ်အမှန်ကို လောကမှာရှိတဲ့လူတွေ ရှာဖွေလိုက်စားနေတဲ့ ရုပ်ပစ္စည်း ဒါမှမဟုတ် ရည်မှန်းချက်ပန်းတိုင်တွေနဲ့ မတိုင်းတာဘူး။ ဒီအချက်ကို ဘုရင်ရှောလမုန် နားလည်သဘောပေါက်ခဲ့တယ်။ “စစ်မှန်တဲ့ဘုရားသခင်ကို ကြောက်ရွံ့သူတွေက ကိုယ်တော့်ကို ကြောက်ရွံ့တဲ့အတွက် ကောင်းစားလိမ့်မယ်” လို့ စွမ်းအားတော်တိုက်တွန်းမှုနဲ့ သူရေးခဲ့တယ်။ (ဒေ. ၈:၁၂ကဘ) ဘုရားသခင့်တရားစကားနဲ့ ကိုက်ညီတဲ့ “ပညာရှိလမ်းညွှန်ချက်” ကိုရှာဖွေခြင်းက ပညာရှိတယ်ဆိုတာ ဒီအချက်က သက်သေပဲ။—၂ တိ. ၃:၁၆၊ ၁၇

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ပဲ့ကိုင်တွေရဲ့ တာဝန်ကို အလေးပေးဖော်ပြဖို့အတွက် သူတို့ရဲ့ပုံကို တခြားသင်္ဘောသားတွေထက် ပိုကြီးအောင် ရေးဆွဲလေ့ရှိတယ်

[Credit Line]

Su concessione del Ministero per i Beni e le Attività Culturali. It is forbidden to reproduce or duplicate this image in any way or by any means.