မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သင်တို့ကျင့်သည်အတိုင်း အကျိုးကိုခံရကြမည်”

“သင်တို့ကျင့်သည်အတိုင်း အကျိုးကိုခံရကြမည်”

“သင်တို့ကျင့်သည်အတိုင်း အကျိုးကိုခံရကြမည်”

ဘုရင်အာသဟာ သူ့ရဲ့စစ်တပ်ကို ဦးဆောင်ပြီး ယုဒကုန်းမြင့်ဒေသရဲ့ မတ်စောက်တဲ့ တောင်ကြားတစ်ခုကနေ ကမ်းရိုးတန်းမြေပြန့်ဘက်ကို ခပ်သွက်သွက် ချီသွားတယ်။ တောင်ကြားရဲ့ ကျယ်ဝန်းတဲ့မြေပြန့်ကိုရောက်သွားပြီး အာသပ် ခဏရပ်လိုက်ချိန်မှာ သူမြင်တွေ့ရတဲ့မြင်ကွင်းကြောင့် အသက်ရှူရပ်မတတ်ဖြစ်သွားတယ်။ တောင်အောက်မှာ စခန်းချထားတဲ့ ရန်သူစစ်တပ်ကြီးက မနည်းလှဘူး။ အဲဒီ အီသီယိုးပီးယားစစ်တပ်က စစ်သား တစ်သန်းလောက်ရှိမယ်။ အာသရဲ့စစ်တပ်ကတော့ ရန်သူအင်အားရဲ့ တစ်ဝက်သာသာပဲရှိတယ်။

စစ်ပွဲကို တိုက်ခိုက်ဖို့ အာသ ဘာလုပ်ခဲ့သလဲ။ သူ့ရဲ့စစ်ဗိုလ်ချုပ်တွေကို အမိန့်ပေးသလား။ သူ့ရဲ့စစ်တပ်ကို စစ်ထွက်မိန့်ခွန်းပြောသလား။ သူ့မိသားစုဆီ စာရေးသလား။ တစ်ခုမှမဟုတ်ဘူး။ သေရေးရှင်ရေးဖြစ်နေတဲ့ဒီအခြေအနေကို ရင်ဆိုင်ဖြေရှင်းဖို့ အာသ ဆုတောင်းခဲ့တယ်။

သူ့ရဲ့ဆုတောင်းချက်နဲ့ ဆုတောင်းပြီးနောက် ဖြစ်ပျက်ခဲ့ရာတွေကို မလေ့လာခင် အာသက ဘယ်လိုလူစားလဲဆိုတာ သုံးသပ်ကြည့်ရအောင်။ ဘုရားသခင်ထံ အကူအညီတောင်းဖို့ သူ့ကို ဘာကလှုံ့ဆော်ပေးခဲ့တာလဲ။ ဘုရားသခင် သူ့ကိုကူညီပေးဖို့ သူမျှော်လင့်နိုင်သလား။ ယေဟောဝါရဲ့ကျေးကျွန်တွေ မှန်ရာကိုလုပ်ဆောင်တဲ့အခါ ကိုယ်တော် ကောင်းချီးပေးပုံနဲ့ပတ်သက်ပြီး အာသရဲ့မှတ်တမ်းက ကျွန်ုပ်တို့ကို ဘာသင်ပေးသလဲ။

အာသ ဘယ်လိုလူစားလဲ

အစ္စရေးနဲ့ ယုဒဆိုပြီး အစ္စရေးနိုင်ငံနှစ်ခြမ်းကွဲပြီးတဲ့နောက် အနှစ် ၂၀ အတွင်းမှာ ယုဒနိုင်ငံက အယူမှားဝတ်ပြုရေးတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ အာသ ဘုရင်ဖြစ်လာတဲ့ ဘီစီ ၉၇၇ မှာဆိုရင် နန်းတော်မှာတောင် ခါနာန်လူမျိုးတွေရဲ့ မျိုးပွားနတ်ဘုရားတွေကို ဝတ်ပြုကြတဲ့ မင်းမှုထမ်းတွေရှိခဲ့တယ်။ ဒါပေမဲ့ အာသအုပ်စိုးချိန်အကြောင်း ဘုရားသခင့်စွမ်းအားတော် တိုက်တွန်းမှုနဲ့ရေးသားထားတဲ့ မှတ်တမ်းမှာ အာသဟာ ‘မိမိဘုရားသခင် ယေဟောဝါရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မတ်သောအမှုတို့ကို ပြု’ ခဲ့တယ်လို့ ဖော်ပြထားတယ်။ အာသက ‘တစ်ပါးအမျိုးသားဘုရားသခင်၏ ယဇ်ပလ္လင်တို့ကိုလည်းကောင်း၊ မြင့်သောအရပ်တို့ကိုလည်းကောင်း ပယ်ရှား၏။ . . . တို့ကိုဖြိုဖျက်၍ အာရှရပင်တို့ကို ခုတ်လှဲ၏။’ (၆ ရာ. ၁၄:၂၊ ၃) အယူမှားဝတ်ပြုရေးရဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့ ဝတ်ပြုရာအိမ်တော်မှာ ယောက်ျားချင်းမေထုန်ပြုကြတဲ့ ပြည့်တန်ဆာယောက်ျားတွေကို ယုဒနိုင်ငံကနေ ဖယ်ရှားခဲ့တယ်။ ဒါပေမဲ့ အာသက အယူမှားဝတ်ပြုရေးကို ဖယ်ရှားပစ်ရုံထက်မက လုပ်ဆောင်ခဲ့တယ်။ တိုင်းသူပြည်သားတွေကို ‘ဘိုးဘေးတို့၏ဘုရားသခင် ယေဟောဝါကိုရှာ’ ဖို့နဲ့ “ပညတ်တရားကိုစောင့်ရှောက်” ဖို့လည်း တိုက်တွန်းခဲ့တယ်။—၃ ရာ. ၁၅:၁၂၊ ၁၃: ၆ ရာ. ၁၄:၄။

ယေဟောဝါက စစ်မှန်တဲ့ဝတ်ပြုရေးအပေါ်ထားရှိတဲ့ အာသရဲ့စိတ်အားထက်သန်မှုကို နှစ်သက်သဘောကျတဲ့အတွက် ယုဒနိုင်ငံကို နှစ်ပေါင်းများစွာ အေးချမ်းငြိမ်သက်မှုရှိစေခြင်းဖြင့် ဆုချခဲ့တယ်။ ဒါကြောင့် ဘုရင်က ‘ငါတို့သည် ငါတို့၏ဘုရားသခင် ယေဟောဝါကို ကြိုးစားရှာ၍ ထိုဘုရားသခင်သည် အရပ်ရပ်၌ ငြိမ်သက်သောအခွင့်ကို ပေးတော်မူ’ တယ်လို့ ပြောနိုင်ခဲ့တယ်။ တိုင်းသူပြည်သားတွေက ငြိမ်သက်အေးချမ်းတဲ့အခြေအနေကို အခွင့်ကောင်းယူပြီး ယုဒနိုင်ငံရဲ့မြို့ရိုးတွေကို ပိုခိုင်ခံ့အောင် တည်ဆောက်ခဲ့ကြတယ်။ သူတို့ရဲ့တည်ဆောက်ရေးက “ထမြောက်အောင်မြင်” တယ်လို့ ကျမ်းစာမှတ်တမ်းက ဖော်ပြတယ်။—၆ ရာ. ၁၄:၁၊ ၆၊ ၇ခမ။

စစ်မြေပြင်ဝယ်

အာသရဲ့မှတ်တမ်းကို ပြန်သုံးသပ်ကြည့်လိုက်တဲ့အခါ ကျမ်းစာမှာဖော်ပြထားသလို ကြီးမားတဲ့စစ်တပ်အင်အားကို ရင်ဆိုင်ရချိန်မှာ အာသဆုတောင်းခဲ့တာက အံ့ဩစရာတော့မဟုတ်ဘူး။ ဘုရားသခင်ဟာ ယုံကြည်ခြင်းလုပ်ရပ်တွေအတွက် ဆုချတဲ့အရှင်ဖြစ်တယ်ဆိုတာကို အာသ သိခဲ့တယ်။ ဘုရင်က သူ့ဆုတောင်းချက်ထဲမှာ ယေဟောဝါရဲ့အကူအညီရဖို့ အသနားခံခဲ့တယ်။ ဘုရားသခင်ကို မှီခိုအားကိုးပြီး ဘုရားသခင့်ကူညီထောက်မမှုရမယ်ဆိုရင် ရန်သူအင်အား ဘယ်လောက်ပဲကြီးပါစေ အကြောင်းမဟုတ်ဘူးဆိုတာကို အာသ သိခဲ့တယ်။ တိုက်ပွဲရဲ့ရလဒ်က ယေဟောဝါရဲ့နာမအပေါ် အကျိုးသက်ရောက်မယ် ဆိုတာသိလို့ အာသ ဒီလိုဆုတောင်းခဲ့တယ်– ‘အိုအကျွန်ုပ်တို့၏ဘုရားသခင်ယေဟောဝါ၊ ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ၍ နာမတော်ကိုအမှီပြုလျက် ဤအလုံးအရင်းကြီးကို တိုက်ခြင်းငှာသွားပါ၏။ အို၊ ယေဟောဝါ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်တော်မူ၏။ လူသည် ကိုယ်တော်ကိုနိုင်သောအခွင့် ရှိစေတော်မမူပါနှင့်။’ (၆ ရာ. ၁၄:၁၁) ဒါက ‘ယေဟောဝါ၊ အီသီယိုးပီးယားကျူးကျော်သူတွေ ကိုယ်တော့်ကို တိုက်ခိုက်နေကြပါပြီ။ ကိုယ်တော့်နာမည်ကိုခံယူထားတဲ့သူတွေအပေါ် ဘာမှမဟုတ်တဲ့လူသားတွေကို အနိုင်ယူစေခြင်းအားဖြင့် ကိုယ်တော့်နာမတော်ကို ရှုတ်ချဖို့ ခွင့်မပြုပါနဲ့’ လို့ ပြောတာနဲ့တူတယ်။ ဒါကြောင့် ယေဟောဝါက “ကုရှ [“အီသီယိုးပီးယား၊” ကဘ] လူတို့ကို အာသနှင့်ယုဒလူတို့ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့် သူတို့သည် ပြေးကြ၏။”—၆ ရာ. ၁၄:၁၂

ယနေ့အချိန်မှာလည်း ယေဟောဝါရဲ့လူမျိုးက အင်အားကြီးတဲ့ရန်သူတွေနဲ့ တိုက်ခိုက်နေကြရတယ်။ ကျွန်ုပ်တို့က ပကတိစစ်မြေပြင်မှာ လက်နက်ကိုင်စွဲပြီး တိုက်ခိုက်ရမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့နာမကို ဂုဏ်တင်နေတဲ့ သစ္စာရှိကျေးကျွန်တွေ ပုံဆောင်စစ်ပွဲမှာ အနိုင်ရမယ်ဆိုတာ ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါတယ်။ ကျွန်ုပ်တို့တစ်ဦးချင်းစီတိုက်နေရတဲ့ ကြာရှည်ပြီး ခက်ခဲတဲ့စစ်ပွဲမှာ လောကရဲ့မှားယွင်းတဲ့အတွေးအခေါ်တွေ၊ မိမိကိုယ်တိုင်ရဲ့ အားနည်းချက်တွေ ဒါမှမဟုတ် ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အရာမှန်သမျှ ပါဝင်နိုင်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ ဘယ်အခက်အခဲကိုပဲရင်ဆိုင်ရပါစေ အာသရဲ့ဆုတောင်းချက်ကနေ ခွန်အားရနိုင်ပါတယ်။ အာသကို အနိုင်ရစေခဲ့တာက ယေဟောဝါပဲ။ ယေဟောဝါကို ကျွန်ုပ်တို့ယုံကြည်ကိုးစားမယ်ဆိုရင် ကျွန်ုပ်တို့တိုက်နေရတဲ့ ဘယ်လိုစစ်ပွဲကိုမဆို အောင်မြင်ဖို့ ကိုယ်တော် ကူညီပေးမှာဖြစ်တယ်။ ယေဟောဝါက ဘယ်သူ့ထက်မဆို၊ ဘယ်အရာထက်မဆို ပိုပြီးတန်ခိုးကြီးပါတယ်။

အားပေးချက်နဲ့ သတိပေးချက်

အာသ တိုက်ပွဲကနေအိမ်အပြန်မှာ ပရောဖက်အာဇရိက သူနဲ့တွေ့ဆုံဖို့ ရောက်လာတယ်။ ပရောဖက်က ‘အိုအာသမင်း၊ အိုယုဒအမျိုးနှင့် ဗင်ယာမိန်အမျိုးသားအပေါင်းတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သင်တို့သည် ယေဟောဝါဘက်၌နေလျှင် နေစဉ်ကာလ ယေဟောဝါသည် သင်တို့နှင့်အတူရှိတော်မူမည်။ ယေဟောဝါကိုရှာလျှင် အတွေ့ခံတော်မူမည်။ စွန့်လျှင် သင်တို့ကိုစွန့်တော်မူမည်။ . . . သင်တို့မူကား အားယူကြလော့။ လက်အားမလျော့စေနှင့်။ သင်တို့ကျင့်သည်အတိုင်း အကျိုးကိုခံရကြမည်’ လို့ ပြောပြီး အားပေးစကားရော သတိပေးချက်ပါပေးခဲ့တယ်။—၆ ရာ. ၁၅:၁၊ ၂၊

ဒီစကားတွေက ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေနိုင်ပါတယ်။ ယေဟောဝါကို ကျွန်ုပ်တို့ သစ္စာရှိရှိအမှုဆောင်နေသရွေ့ ကိုယ်တော် ကျွန်ုပ်တို့နဲ့အတူရှိနေမယ်ဆိုတာကို ဖော်ပြတယ်။ အကူအညီအတွက် အသနားခံတောင်းလျှောက်တဲ့အခါ ယေဟောဝါနားထောင်တယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်။ “အားယူကြလော့” ဆိုပြီး အာဇရိပြောခဲ့တယ်။ မှန်ရာကိုပြုလုပ်ဖို့အတွက် သတ္တိများစွာလိုအပ်တာမှန်ပေမဲ့ ယေဟောဝါရဲ့အကူအညီနဲ့ လုပ်ဆောင်နိုင်တယ်ဆိုတဲ့အချက်ကို သိရတယ်။

အာသရဲ့အဘွားမာခါက “အာရှရပင်အဖို့ ရုပ်တု” ကိုလုပ်ခဲ့တယ်။ သူ့အဘွားကို “မိဖုရား” အရာကနေ ဖယ်ရှားဖို့ဆိုတာ သူ့အတွက်ခက်ခဲပေမဲ့ အဲဒီအတိုင်းလုပ်ဆောင်ခဲ့တယ်။ အဘွားလုပ်ထားတဲ့အရုပ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်။ (၃ ရာ. ၁၅:၁၃) မှန်ရာကိုသတ္တိရှိရှိလုပ်ခဲ့တဲ့အတွက် အာသကို ယေဟောဝါ ကောင်းချီးပေးခဲ့တယ်။ ကျွန်ုပ်တို့ရဲ့ဆွေမျိုးသားချင်းတွေက ဘုရားသခင်အပေါ် သစ္စာစောင့်သည်ဖြစ်စေ၊ မစောင့်သည်ဖြစ်စေ ကျွန်ုပ်တို့က ယေဟောဝါအပေါ် သစ္စာရှိပြီး ဖြောင့်မတ်တဲ့ကိုယ်တော့်စံနှုန်းတွေကို သတ္တိရှိရှိစွဲကိုင်ထားရမယ်။ အဲဒီလိုလုပ်တယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ သစ္စာရှိလုပ်ရပ်အတွက် ယေဟောဝါ ဆုချပါလိမ့်မယ်။

အာသခံစားရတဲ့ကောင်းချီးထဲမှာ အယူမှားမြောက်ပိုင်းနိုင်ငံမှာရှိတဲ့ အစ္စရေးလူများစွာဟာ အာသနဲ့အတူ ယေဟောဝါရှိတယ်ဆိုတာကို သိမြင်ပြီး ယုဒပြည်ဘက်ပြောင်းရွှေ့လာတာကို တွေ့မြင်ခဲ့ရခြင်းလည်း ပါဝင်တယ်။ သူတို့တွေက စစ်မှန်တဲ့ဝတ်ပြုရေးကို အရမ်းတန်ဖိုးထားလေးမြတ်တဲ့အတွက် ယေဟောဝါရဲ့ကျေးကျွန်တွေနဲ့အတူ နေထိုင်ဖို့ သူတို့ရဲ့အိမ်တွေကို စွန့်ခဲ့ကြတယ်။ နောက်ပိုင်းမှာ အာသနဲ့ ယုဒလူအားလုံးက ‘ဘိုးဘေးတို့၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ရှာပါမည်ဟူ၍ ဝန်ခံခြင်းပဋိညာဉ်ဖွဲ့’ ခဲ့ကြတယ်။ ဘာရလဒ်ရခဲ့သလဲ။ ဘုရားသခင် “အတွေ့ခံတော်မူ၏။ အရပ်ရပ်၌ ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူ၏။” (၆ ရာ. ၁၅:၉-၁၅) ယနေ့အချိန်မှာလည်း ဖြောင့်မတ်ခြင်းကိုနှစ်သက်သူတွေ ယေဟောဝါကိုဝတ်ပြုဖို့ ရွေးချယ်တာကို မြင်တွေ့ရတာက တကယ့်ကိုရွှင်လန်းစရာပါပဲ။

အာသကိုပြောတဲ့ ပရောဖက်အာဇရိရဲ့စကားမှာ အရေးကြီးတဲ့သတိပေးချက်တစ်ချက် ပါတယ်။ “[ယေဟောဝါကို] စွန့်လျှင် သင်တို့ကိုစွန့်တော်မူမည်” လို့ သတိပေးခဲ့တယ်။ ဆိုးရွားတဲ့အကျိုးဆက်တွေကို ခံစားရနိုင်တဲ့ အဲဒီလိုအဖြစ်မျိုးကို ကျွန်ုပ်တို့ မကြုံတွေ့ချင်တာ သေချာတယ်။ (၂ ပေ. ၂:၂၀-၂၂) ယေဟောဝါက အာသကို ဘာကြောင့် ဒီလိုသတိပေးရတယ်ဆိုတာကို ကျမ်းစာမှာမဖော်ပြထားပေမဲ့ ဘုရင်က ဒီသတိပေးချက်ကိုလိုက်နာဖို့ ပျက်ကွက်ခဲ့တယ်။

“မင်းကြီးသည် မိုက်စွာပြုပြီ”

အာသနန်းစံ ၃၆ နှစ်မြောက်မှာ အစ္စရေးဘုရင် ဗာရှာက ယုဒနိုင်ငံကို တိုက်ခိုက်ခဲ့တယ်။ ဗာရှာဟာ အစ္စရေးနဲ့ယုဒနိုင်ငံရဲ့ နယ်စပ်မှာတည်ရှိတဲ့ ရာမမြို့မှာ နယ်စပ်တံတိုင်းတွေကို အခိုင်အမာစတင်တည်ဆောက်ခဲ့တယ်၊ ရာမမြို့က ဂျေရုဆလင်မြို့မြောက်ဘက် ငါးမိုင် (၈ ကီလိုမီတာ) အကွာမှာ တည်ရှိတယ်။ သူ ဒီလိုလုပ်တာက သူ့ရဲ့တိုင်းသူပြည်သားတွေ အာသကိုသစ္စာခံပြီး ယေဟောဝါကိုဝတ်ပြုမှာကို တားမြစ်ဖို့အတွက်ဖြစ်နိုင်တယ်။ အာသဟာ အီသီယိုးပီးယားလူမျိုးတွေရဲ့ တိုက်ခိုက်မှုခံရတုန်းကလို ဘုရားသခင့်အကူအညီကို မရှာဖွေခဲ့ဘူး။ အဲဒီအစား လူကိုအားကိုးခဲ့တယ်။ ရှုရိဘုရင်ထံ လက်ဆောင်ဆက်သပြီး အစ္စရေးမြောက်ပိုင်းနိုင်ငံကို တိုက်ခိုက်ပေးဖို့ တောင်းဆိုခဲ့တယ်။ ရှုရိလူတွေ စတင်တိုက်ခိုက်တာနဲ့ ဗာရှာက ရာမမြို့တည်ဆောက်ခြင်းလုပ်ငန်းကို ရပ်တန့်ပစ်လိုက်တယ်။—၆ ရာ. ၁၆:၁-၅

ယေဟောဝါက အာသရဲ့လုပ်ရပ်တွေကို သဘောမကျကြောင်း ပရောဖက်ဟာနန်ကိုစေလွှတ်ပြီး ပြောခဲ့တယ်။ အီသီယိုးပီးယားလူတွေကို ဘုရားသခင် ဘယ်လိုနှိမ်နင်းခဲ့တယ်ဆိုတာ ကြည့်ပြီး ယေဟောဝါက “စုံလင်သောစေတနာစိတ်ရှိသောသူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှာ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ၏” ဆိုတဲ့အချက်ကို အာသ သိသင့်တယ်။ အာသက အကျိုးယုတ်စေတဲ့အကြံဉာဏ်တွေကို နားထောင်ခဲ့တာ ဒါမှမဟုတ် ဗာရှာနဲ့ သူ့ရဲ့စစ်တပ်က အင်အားနည်းလို့ သူ့နည်းသူ့ဟန်နဲ့ဖြေရှင်းနိုင်တယ်လို့ ယူဆခဲ့တာဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ပါစေ အာသက ယေဟောဝါကို မှီခိုအားကိုးမယ့်အစား လူကိုအားကိုးခဲ့တယ်။ “ဤအမှု၌ မင်းကြီးသည် မိုက်စွာပြုပြီ။ ယခုမှစ၍ စစ်မှုရှိလိမ့်မည်” လို့ ဟာနန်ပြောခဲ့တယ်။—၆ ရာ. ၁၆:၇-၉

အဲဒီစကားတွေကိုကြားတာနဲ့ အာသဟာ အရမ်းဒေါသထွက်ပြီး ပရောဖက်ဟာနန်ကို ထောင်ချလိုက်တယ်။ (၆ ရာ. ၁၆:၁၀) ‘နှစ်ပေါင်းများစွာ သစ္စာရှိခဲ့တဲ့ငါ့ကို ဒီလိုပြစ်တင်ဆုံးမဖို့ လိုလို့လား’ ဆိုပြီး အာသစဉ်းစားမိတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အသက်ကြီးလာလို့ စဉ်းစားတွေးခေါ်နိုင်စွမ်း လျော့နည်းသွားပြီလား။ ဒါတွေကိုတော့ သမ္မာကျမ်းစာမှာ မဖော်ပြထားပါဘူး။

အာသနန်းစံ ၃၉ နှစ်မြောက်မှာ သူ့ခြေထောက်မှာ ရောဂါစွဲပြီး အသည်းအသန်ဖျားနာလာတယ်။ ‘ပြင်းစွာခံရသော်လည်း ယေဟောဝါကို မဆည်းကပ်၊ ဆေးသမားတို့ကိုသာ ဆည်းကပ်လေ၏’ လို့ ကျမ်းမှတ်တမ်းက ဖော်ပြတယ်။ အဲဒီအချိန်မှာ ယေဟောဝါနဲ့ အာသရဲ့ဆက်ဆံရေးက အရင်လို မကောင်းတော့တဲ့ပုံပဲ၊ ဒီလိုအခြေအနေနဲ့ပဲ နန်းသက် ၄၁ နှစ်မြောက်မှာ အာသကွယ်လွန်သွားခဲ့တယ်။—၆ ရာ. ၁၆:၁၂-၁၄

ယေဟောဝါက အာသကျူးလွန်ခဲ့တဲ့အမှားတွေအစား အာသရဲ့ အရည်အသွေးကောင်းတွေ၊ စစ်မှန်တဲ့ဝတ်ပြုရေးအတွက် စိတ်အားထက်သန်တာတွေကို ပိုအလေးထားခဲ့ဖွယ်ရှိတယ်။ အာသက ယေဟောဝါကိုပဲ တောက်လျှောက်ဝတ်ပြုကိုးကွယ်ခဲ့တယ်။ (၃ ရာ. ၁၅:၁၄) အာသရဲ့ဘဝဇာတ်ကြောင်းကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်ပါသလဲ။ အတိတ်မှာ ကျွန်ုပ်တို့ကို ယေဟောဝါ ဘယ်လိုကူညီပေးခဲ့တယ်ဆိုတာကို အမြဲအမှတ်ရတယ်ဆိုရင် အခက်အခဲစမ်းသပ်မှုအသစ်တွေ ကြုံတွေ့ရချိန်မှာ ဘုရားသခင့်အကူအညီရဖို့ ဆုတောင်းမှာ ဖြစ်တယ်။ ဒါ့အပြင် ကျွန်ုပ်တို့က ဘုရားသခင်ကို နှစ်ပေါင်းများစွာ သစ္စာရှိရှိဝတ်ပြုလာလို့ သွန်သင်ဆုံးမမှု လုံးဝမလိုဘူးလို့လည်း ကောက်ချက်မချသင့်ဘူး။ ကိုယ်တော့်ကိုဝတ်ပြုလာတာ ဘယ်လောက်ပဲနှစ်တွေကြာပါစေ အမှားလုပ်တယ်ဆိုရင် ယေဟောဝါ ကျွန်ုပ်တို့ကို ဆုံးမမှာဖြစ်တယ်။ ကိုယ်တော့်ရဲ့ဆုံးမမှုကနေ အကျိုးခံစားရဖို့အတွက် ဆုံးမတာကို နှိမ့်ချမှုရှိရှိ လက်ခံသင့်တယ်။ အရေးကြီးဆုံးက ကျွန်ုပ်တို့ရဲ့ကောင်းကင်ဖခင်ကို ကျွန်ုပ်တို့သစ္စာရှိရှိဝတ်ပြုနေသရွေ့ ကိုယ်တော် ကျွန်ုပ်တို့နဲ့အတူ ရှိနေမှာဖြစ်တယ်။ ယေဟောဝါရဲ့မျက်စိတော်က ကိုယ်တော့်အပေါ် သစ္စာရှိသူတွေကိုရှာဖို့ ကမ္ဘာအနှံ့ကြည့်ရှုနေတယ်။ သူတို့ကို ကူညီဖို့ ကိုယ်တော့်ရဲ့တန်ခိုးကို အသုံးပြုချင်တယ်။ အာသကို ယေဟောဝါ ကူညီပေးခဲ့သလို ကျွန်ုပ်တို့ကိုလည်း ကိုယ်တော် ကူညီနိုင်ပါတယ်။

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

သစ္စာရှိသူတွေကို ယေဟောဝါ ဆုချ

[စာမျက်နှာ ၁၀ ပါ အကျဉ်းဖော်ပြချက်]

ယေဟောဝါရှေ့ မှန်ရာကို လုပ်ဆောင်ဖို့အတွက် သတ္တိလိုအပ်