မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အနှစ်တစ်ထောင်အတွင်းနဲ့ နောက်ပိုင်းမှာ ဆက်ပြီးခံစားရမယ့် ငြိမ်းချမ်းမှု

အနှစ်တစ်ထောင်အတွင်းနဲ့ နောက်ပိုင်းမှာ ဆက်ပြီးခံစားရမယ့် ငြိမ်းချမ်းမှု

“ဘုရားသခင်သည် လူခပ်သိမ်း၌ အရာခပ်သိမ်းဖြစ်တော်မူမည်။” —၁ ကော. ၁၅:၂၈

၁။ “လူအုပ်ကြီး” အတွက် ဘယ်စိတ်လှုပ်ရှားစရာအဖြစ်အပျက် စောင့်ကြိုနေသလဲ။

အနှစ်တစ်ထောင်အတွင်းမှာ ထောက်ထားညှာတာမှုရှိပြီး တရားမျှတတဲ့ အုပ်ချုပ်သူက လူတွေအတွက် လုပ်ဆောင်ပေးမယ့်ကောင်းမှုတွေကို မြင်ယောင်ကြည့်ပါ။ “လူအုပ်ကြီး” က ဒီကောင်းမှုတွေကို ခံစားရမယ့်သူတွေဖြစ်တယ်။ သူတို့တွေက လက်ရှိဆိုးညစ်တဲ့လောကကို လုံးလုံးအဆုံးတိုင်သွားစေမယ့် “ကြီးစွာသောဒုက္ခ” ကနေ လွတ်မြောက်လာမယ့်သူတွေဖြစ်တယ်။—ဗျာ. ၇:၉၊ ၁၄

၂။ လွန်ခဲ့တဲ့အနှစ် ၆,၀၀၀ အတွင်းမှာ လူသားတွေ ဘာတွေကို ကြုံတွေ့ခံစားခဲ့ကြရပြီလဲ။

လွန်ခဲ့တဲ့ အနှစ် ၆,၀၀၀ ကျော်အတွင်းမှာ လူသားတွေဟာ အချင်းချင်းအုပ်ချုပ်ဖို့ ကြိုးစားခဲ့ကြလို့ စိတ်ဆင်းရဲစရာမျိုးစုံ၊ ဒုက္ခမျိုးစုံ ခံစားခဲ့ကြရတယ်။ “အကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုးသောအချိန်” ရှိတယ်ဆိုပြီး ရှေးကတည်းက သမ္မာကျမ်းစာမှာ ဖော်ပြခဲ့တယ်။ (ဒေ. ၈:၉) ဒီနေ့ လောကမှာ ဘာတွေဖြစ်ပျက်နေသလဲ။ စစ်ပွဲတွေ၊ ပုန်ကန်ထကြွမှုတွေအပြင် ဆင်းရဲနွမ်းပါးမှု၊ ရောဂါ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှုနဲ့ တခြားအရာတွေလည်း ဖြစ်ပျက်နေတယ်။ အကြီးအကျယ်ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘူး၊ ကမ္ဘာမြေကြီးကို ဖျက်ဆီးနေတာကို မရပ်တန့်ဘူးဆိုရင် ဆိုးကျိုးတွေခံစားရလိမ့်မယ်လို့ အစိုးရအာဏာပိုင်တွေက သတိပေးထားတယ်။

၃။ အနှစ်တစ်ထောင်အုပ်ချုပ်မှုအောက်မှာ ဘာတွေ ဖြစ်ပျက်လာမလဲ။

ဘုရားသခင်ခန့်အပ်တဲ့ မေရှိယဘုရင် ယေရှုခရစ်နဲ့ ၁၄၄,၀၀၀ ရဲ့ပူးတွဲအုပ်ချုပ်မှုအောက်မှာ ဘုရားသခင့်နိုင်ငံတော်က လူသားတွေအပေါ်နဲ့ ကမ္ဘာမြေကြီးပေါ်မှာဖြစ်နေတဲ့ ထိခိုက်ပျက်စီးမှုအားလုံးကို အကောင်းအတိုင်းဖြစ်အောင် ပြန်လုပ်ပေးမှာဖြစ်တယ်။ စိတ်ချမ်းသာစရာကောင်းတဲ့ ယေဟောဝါဘုရားသခင်ရဲ့ကတိတော်ဟာ အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွင်း ပြည့်စုံလာမှာဖြစ်တယ်။ ကိုယ်တော် ဒီလိုကတိပေးထားတယ်– “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကိုမအောက်မေ့ရ။ နှလုံးမမှတ်မိရ။” (ဟေရှာ. ၆၅:၁၇) မမြင်ရသေးပေမဲ့ ဘယ်ကောင်းမြတ်တဲ့အဖြစ်အပျက်တွေ ကျွန်ုပ်တို့ကို စောင့်ကြိုနေပါသလဲ။ သမ္မာကျမ်းစာပရောဖက်ပြုချက်တွေက “မမြင်ရသောအရာ” တွေဟာ ဘယ်လောက်အထိ ကောင်းမြတ်ပြီး အံ့သြဖွယ်ဖြစ်တယ်ဆိုတာ နားလည်စေနိုင်ပါတယ်။—၂ ကော. ၄:၁၈

အိမ်တွေဆောက်ပြီး စပျစ်ခြံတွေစိုက်ပျိုးမယ်

၄။ ဒီနေ့အချိန်မှာ လူတွေဟာ ဘယ်လိုနေရာတွေမှာ နေကြရသလဲ။

အိုးပိုင်အိမ်ပိုင်နဲ့ မိသားစုလုံလုံခြုံခြုံ မနေချင်တဲ့သူ ဘယ်သူရှိမလဲ။ ဒါပေမဲ့ ဒီအချိန်မှာတော့ နေစရာတစ်နေရာရဖို့ အရမ်းခက်ခဲပါတယ်။ လူပြွတ်သိပ်နေတဲ့မြို့တွေမှာ ကျပ်ကျပ်ညှပ်ညှပ် နေကြရတယ်။ လူများစွာက မြို့စွန်တဲကုပ်ရပ်ကွက်တွေမှာ ဒါမှမဟုတ် ဟောင်းနွမ်း၊ ညစ်ပတ်နေတဲ့ အဆောက်အဦတွေမှာ နေကြရတယ်။ ကိုယ်ပိုင်အိမ်နဲ့နေဖို့ဆိုတာ သူတို့အတွက် စိတ်ကူးယဉ်အိပ်မက်လို ဖြစ်နေတယ်။

၅၊ ၆။ (က) ဟေရှာယ ၆၅:၂၁ နဲ့ မိက္ခာ ၄:၄ က ဘယ်လိုနည်းနဲ့ ပြည့်စုံလာမလဲ။ (ခ) ဒီကောင်းချီးတွေကို ကျွန်ုပ်တို့ ဘယ်လိုခံစားရနိုင်မလဲ။

ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်တဲ့အခါ လူတိုင်းမှာ အိမ်ပိုင်ရာပိုင်ရှိမယ်။ ဟေရှာယ ဒီလိုပရောဖက်ပြုခဲ့တယ်– “သူတို့က အိမ်တွေကိုဆောက်ပြီး အဲဒီမှာနေထိုင်ကြလိမ့်မယ်။ စပျစ်ခြံတွေကိုစိုက်ပျိုးပြီး အဲဒီအသီးတွေကို စားသုံးကြလိမ့်မယ်။” (ဟေရှာ. ၆၅:၂၁ကဘ) ဒါပေမဲ့ အဲဒီအချိန်ကျရင် အိမ်ပိုင်ရာပိုင်နဲ့ နေရမှာတင် မကသေးဘူး။ တကယ်ဆိုရင် ဒီနေ့အချိန်မှာ လူတချို့က ကိုယ်ပိုင်အိမ်နဲ့နေရကြတယ်၊ တချို့ဆိုရင် ကြီးကျယ်ခမ်းနားတဲ့အိမ်တွေမှာ နေကြရတယ်။ ဒါပေမဲ့ သူတို့က ငွေကြေးပြဿနာတွေကြောင့် ဒါမှမဟုတ် သူခိုးဓားပြရန်ကြောင့် လက်ရှိပိုင်ဆိုင်ထားတဲ့အိမ် ဆုံးရှုံး၊ ပျက်စီးသွားမှာကို စိုးရိမ်နေကြရတယ်။ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်မှာတော့ ဒီအရာတွေအတွက် ပူစရာမလိုတော့ဘူး။ ပရောဖက်မိက္ခာက ဒီလိုရေးခဲ့တယ်– “သူတို့ယောက်တိုင်းက ကိုယ်ပိုင်တဲ့စပျစ်ပင်အောက်မှာ၊ ကိုယ်ပိုင်တဲ့သဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မယ်။ သူတို့ကို ခြောက်လှန့်မယ့်သူတစ်ယောက်မှ ရှိမှာမဟုတ်ဘူး။ ဒါက ဗိုလ်ခြေတို့ရဲ့အရှင်ယေဟောဝါရဲ့ နှုတ်ထွက်စကားဖြစ်တယ်။”—မိ. ၄:၄ကဘ။

ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်မှာ နေချင်တယ်ဆိုရင် ကျွန်ုပ်တို့ ဘာလုပ်သင့်သလဲ။ ကျွန်ုပ်တို့အားလုံး နေစရာတစ်နေရာလိုအပ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အကြွေးနစ်ခံပြီး စိတ်ကူးထားတဲ့အိမ်တစ်လုံးရဖို့ မကြိုးစားသင့်ဘူး။ ယေဟောဝါရဲ့ကတိတော်ကိုပဲ အဓိကအာရုံစိုက်ပြီး အသက်ရှင်တာက ပညာရှိလမ်းစဉ်ဖြစ်တယ်။ ယေရှုက “မြေခွေး၌ မြေတွင်းရှိ၏။ မိုးကောင်းကင်ငှက်များတွင် နားနေရာအရပ်ရှိ၏။ လူသားမူကား ခေါင်းချစရာနေရာပင်မရှိ” ဆိုပြီး သူ့အကြောင်း ပြောခဲ့တယ်။ (လု. ၉:၅၈) ယေရှုမှာ အကောင်းတကာ့အကောင်းဆုံးအိမ်တစ်လုံး ဆောက်နိုင် ဒါမှမဟုတ် ဝယ်နိုင်တဲ့ အစွမ်းအစရှိတယ်။ သူ ဘာကြောင့် အဲဒီလိုမလုပ်ခဲ့တာလဲ။ သူ့ဘဝမှာ ဘုရားသခင့်နိုင်ငံတော်ကို ဦးစားထားတာကို အတားအဆီးဖြစ်စေမယ့် ဘယ်အရာကိုမှ ခွင့်မပြုချင်ဘူးဆိုတာ ထင်ရှားတယ်။ ရုပ်ပစ္စည်းတွေကြောင့် ကျော့မိပြီး စိတ်ပူပန်စရာမဖြစ်စေဖို့ ကျွန်ုပ်တို့ရဲ့မျက်စိကို ရိုးရှင်းစွာထားပြီး ယေရှုရဲ့ပုံနမူနာအတိုင်း လိုက်နိုင်မလား။—မ. ၆:၃၃၊ ၃၄

“တောခွေးနှင့်သိုးသငယ်တို့သည် အတူကျက်စားကြလိမ့်မည်”

၇။ လူနဲ့တိရစ္ဆာန်ကြားမှာရှိတဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လိုအမိန့်ပေးခဲ့သလဲ။

ယေဟောဝါရဲ့ မြေကြီးဆိုင်ရာဖန်ဆင်းရာတွေထဲမှာ လူသားတွေက နောက်ဆုံးဖန်ဆင်းခြင်းလက်ရာပဲ။ ဘုရားသခင်က လူသားကိုဖန်ဆင်းရတဲ့ရည်ရွယ်ချက်အကြောင်း ကျွမ်းကျင်လုပ်သားဖြစ်တဲ့ယေရှုကို ဒီလိုပြောပြခဲ့တယ်– “ငါတို့ပုံသဏ္ဌာန်နှင့်တညီတသဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ သားယဉ်တို့ကိုလည်းကောင်း၊ မြေတစ်ပြင်လုံးနှင့်တကွ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးစေ။” (က. ၁:၂၆) ဒါကြောင့် အာဒံ၊ ဧဝနဲ့ နောက်ပိုင်းမှာ လူသားအားလုံးဟာ တိရစ္ဆာန်တွေကို အုပ်စိုးခွင့်ရရှိခဲ့ကြတယ်။

၈။ ဒီနေ့အချိန်မှာ တိရစ္ဆာန်တွေရဲ့အမူအကျင့် ဘယ်လိုရှိသလဲ။

လူသားတွေက တိရစ္ဆာန်အားလုံးကိုအုပ်စိုးပြီး သူတို့နဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ လူများစွာဟာ သူတို့အိမ်မှာမွေးထားတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေကို ချစ်ကြတယ်။ ဒါပေမဲ့ တောရိုင်းတိရစ္ဆာန်တွေကျတော့ကော။ “တောရိုင်းတိရစ္ဆာန်တွေအကြောင်း အနီးကပ်လေ့လာတဲ့ ပညာရှင်တွေက နို့တိုက်သတ္တဝါတွေမှာ စိတ်ခံစားချက်ရှိတယ်ဆိုတာ လေ့လာသိရှိခဲ့ကြတယ်” လို့ သတင်းတစ်ပုဒ်ကပြောတယ်။ တိရစ္ဆာန်တွေက ခြိမ်းခြောက်ခံရတယ်ဆိုရင် ဒေါသထွက်ပြီး ကြောက်စရာကောင်းပေမဲ့ သူတို့မှာလည်း ချစ်ခင်တတ်တဲ့ခံစားချက်ရှိတယ်။ အဲဒီသတင်းက ဒီလိုဆက်ပြောတယ်– “နို့တိုက်သတ္တဝါတွေဟာ သူတို့ရဲ့သားငယ်တွေကို ကြင်ကြင်နာနာ မွေးမြူစောင့်ရှောက်ကြတယ်။”

အနာဂတ်မှာ တိရစ္ဆာန်တွေနဲ့ပတ်သက်ပြီး ဘယ်အပြောင်းအလဲကို မြင်တွေ့ရမလဲ။

လူနဲ့တိရစ္ဆာန်ကြားမှာ သင့်မြတ်ငြိမ်သက်မှုရှိလိမ့်မယ်လို့ ကျမ်းစာမှာဖတ်ရတာကို ကျွန်ုပ်တို့ မအံ့သြသင့်ဘူး။ (ဟေရှာယ ၁၁:၆-၉; ၆၅:၂၅ ကိုဖတ်ပါ။) ဘာကြောင့်လဲ။ ရေလွှမ်းမိုးဘေးပြီးနောက် နောဧနဲ့သူ့မိသားစု သင်္ဘောထဲကထွက်လာတဲ့အချိန်ကို ပြန်သတိရပါ၊ “မြေတိရစ္ဆာန်၊ မိုးကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာလှုပ်ရှားတတ်သမျှနှင့် ပင်လယ်ငါးအပေါင်းတို့သည် သင်တို့ရှေ့မှာ ကြောက်ရွံ့တုန်လှုပ်ခြင်းသဘောရှိရကြလိမ့်မည်” လို့ ယေဟောဝါ သူတို့ကို ပြောခဲ့တယ်။ ဒါကြောင့် တိရစ္ဆာန်တွေက အသက်ဘေးကနေလွတ်ဖို့ လူသားတွေနဲ့ ဝေးဝေးမှာနေကြတယ်။ (က. ၉:၂၊ ၃) ဒါပေမဲ့ ယေဟောဝါက လူသားတွေနဲ့တိရစ္ဆာန်တွေရဲ့ ဆက်ဆံရေးနဲ့ပတ်သက်တဲ့ မိမိရဲ့မူလရည်ရွယ်ချက်ပြည့်စုံဖို့ တိရစ္ဆာန်တွေရဲ့ ကြောက်ရွံ့တုန်လှုပ်တဲ့သဘောကို ဖယ်ရှားပေးနိုင်ပါတယ်။ (ဟော. ၂:၁၈) ကမ္ဘာပေါ်မှာအသက်ရှင်ဖို့ ကပ်ကျော်လွတ်မြောက်သူတွေအတွက် တကယ်ပျော်ရွှင်ကြည်နူးဖွယ်အချိန် စောင့်ကြိုနေပါတယ်။

‘ဘုရားသခင်သည် မျက်ရည်ရှိသမျှကို သုတ်တော်မူမည်’

၁၀။ လူတွေ ဘာကြောင့် ငိုကြသလဲ။

၁၀ “နေအောက်မှာပြုသမျှသော ညှဉ်းဆဲခြင်းတို့ကို” ရှောလမုန်မြင်တဲ့အခါ “ညှဉ်းဆဲခြင်းကိုခံရသောသူတို့သည် ငိုကြွေးသော်လည်း ချမ်းသာပေးနိုင်သောသူမရှိ” လို့ ညည်းတွားမြည်တမ်းခဲ့တယ်။ (ဒေ. ၄:၁) ဒီနေ့အခြေအနေက အဲဒီအတိုင်းဖြစ်နေ ဒါမှမဟုတ် အဲဒီထက်တောင် ဆိုးနေသေးတယ်။ အကြောင်းတစ်ခုခုကြောင့် မငိုဖူးတဲ့သူ မရှိပါဘူး။ တချို့က ပျော်လို့ငိုကြတယ်။ ဒါပေမဲ့ အများစုကတော့ ဝမ်းနည်းပူဆွေးလို့ ငိုကြတယ်။

၁၁။ သမ္မာကျမ်းစာမှာပါတဲ့ ဘယ်အကြောင်းက သင့်ကို အထူးသဖြင့် စိတ်ထိခိုက်စေသလဲ။

၁၁ သမ္မာကျမ်းစာထဲမှာပါတဲ့ ငိုခဲ့ကြသူတွေအကြောင်း စဉ်းစားကြည့်ပါ။ စာရာ အသက် ၁၂၇ နှစ်မှာ သေဆုံးသွားတဲ့အခါ အာဗြဟံက စာရာကြောင့် ဝမ်းနည်းပူဆွေးပြီး ငိုကြွေးခဲ့တယ်။ (က. ၂၃:၁၊ ၂) နောမိက သူ့ရဲ့ချွေးမနှစ်ယောက်ကို လမ်းခွဲဖို့ နှုတ်ဆက်စကားပြောတဲ့အခါ ‘သူတို့သည် အသံကိုလွှင့်၍ ငိုကြွေးကြ’ တယ်။ ပြီးတဲ့နောက် “တစ်ဖန် အသံကိုလွှင့်၍ ငိုကြွေးကြ” တယ်။ (ရု. ၁:၉၊ ၁၄) ဘုရင်ဟေဇကိက ရောဂါစွဲပြီး သေလုမြောပါးဖြစ်နေချိန်မှာ ဘုရားသခင်ထံဆုတောင်းပြီး “အလွန်ငိုကြွေး” ခဲ့တယ်။ သူ့ရဲ့မျက်ရည်ကို ယေဟောဝါမြင်ပြီး သူ့ရဲ့ရောဂါကို ပျောက်ကင်းစေခဲ့တယ်။ (၄ ရာ. ၂၀:၁-၅) ယေရှုကို တမန်တော်ပေတရု ငြင်းပယ်ခဲ့တဲ့အကြောင်း ပြန်ဖတ်တဲ့အခါ ကျွန်ုပ်တို့အားလုံး စိတ်ထိခိုက်ခဲ့ကြတယ်။ ကြက်တွန်သံကြားတဲ့အခါ ပေတရုက “အပြင်သို့ထွက်၍ ချုံးပွဲချငိုကြွေး” ခဲ့တယ်။—မ. ၂၆:၇၅

၁၂။ အနှစ်တစ်ထောင်အုပ်ချုပ်မှုက ဘယ်လိုနည်းနဲ့ လူသားတွေကို သက်သာရာရစေမလဲ။

၁၂ လူတွေမှာ ဝမ်းနည်းစရာအကြောင်းအမျိုးမျိုး ရှိတဲ့အတွက် နှစ်သိမ့်မှုနဲ့ စိတ်သက်သာမှု လိုအပ်ကြတယ်။ အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွင်းမှာ ဘုရားသခင်က “သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်းရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။” (ဗျာ. ၂၁:၄) ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့မရှိတော့ဘူးလို့ စဉ်းစားလိုက်ရင် အံ့ဩစရာကောင်းပါတယ်၊ ဒါပေမဲ့ လူသားအားလုံးရဲ့ရန်သူဖြစ်တဲ့ သေခြင်းကိုတောင် ဖယ်ရှားပစ်မယ်ဆိုတဲ့ ဘုရားသခင့်ကတိတော်က ပိုပြီး အံ့ဩစရာကောင်းပါတယ်။ ဒါက ဘယ်လိုဖြစ်လာမှာလဲ။

“သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည်” အသက်ပြန်ရှင်ကြမည်

၁၃။ အာဒံအပြစ်လုပ်ပြီးကတည်းက သေခြင်းက လူတွေကို ဘယ်လိုထိခိုက်ခဲ့သလဲ။

၁၃ အာဒံအပြစ်လုပ်ပြီးကတည်းက သေခြင်းဟာ လူသားတွေအပေါ်မှာ ဘုရင်လိုအုပ်စိုးခဲ့တယ်။ သေခြင်းက ဘယ်သူမှ မအောင်မြင်နိုင်တဲ့ရန်သူ ဖြစ်ခဲ့တယ်။ ဘယ်အပြစ်ရှိလူသားကမှ သူ့လက်က မလွတ်မြောက်နိုင်ဘူး၊ သူက လူတွေကို အကြီးအကျယ် ဝမ်းနည်းပူဆွေးစေခဲ့တယ်။ (ရော. ၅:၁၂၊ ၁၄) တကယ်တော့ လူများစွာဟာ “သေခြင်းတရားကိုကြောက်သဖြင့် တစ်သက်တာလုံး ကျွန်ခံနေရသူ” တွေဖြစ်ကြတယ်။—ဟေဗြဲ ၂:၁၅

၁၄။ သေခြင်းမရှိတော့တဲ့အခါ ဘယ်လိုဖြစ်လာမလဲ။

၁၄ သမ္မာကျမ်းစာက “နောက်ဆုံးရန်သူတည်းဟူသောသေခြင်းသည် ဆုံးရှုံးခြင်းသို့ရောက်ရ” မယ့်အချိန်အကြောင်း ဖော်ပြထားတယ်။ (၁ ကော. ၁၅:၂၆) ဒါက အုပ်စုနှစ်စုကို အကျိုးခံစားရစေမှာဖြစ်တယ်။ အခုအချိန်မှာ အသက်ရှင်နေတဲ့ “လူအုပ်ကြီး” အတွက်ကတော့ ထာဝစဉ်အသက်ရှင်နိုင်တဲ့အလားအလာနဲ့ ကမ္ဘာသစ်ထဲကို အသက်ရှင်လျက် ရောက်သွားမှာဖြစ်တယ်။ သန်းနဲ့ချီတဲ့ သေဆုံးသွားသူတွေကတော့ အသက်ပြန်ရှင်လာကြမှာဖြစ်တယ်။ လူအုပ်ကြီးက ရှင်ပြန်ထမြောက်လာသူတွေကို ကြိုဆိုတဲ့အခါ ဘယ်လောက်တောင် ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ သမ္မာကျမ်းစာမှာပါတဲ့ ရှင်ပြန်ထမြောက်ခြင်းမှတ်တမ်းတွေကို သေချာဖတ်ကြည့်မယ်ဆိုရင် အနာဂတ်မှာ လူတွေထမြောက်လာတဲ့အခါ ဘယ်လိုခံစားရမလဲဆိုတာ သိရပါလိမ့်မယ်။—မာကု ၅:၃၈-၄၂; လုကာ ၇:၁၁-၁၇ တို့ကိုဖတ်ပါ။

၁၅။ ချစ်မြတ်နိုးရသူတစ်ဦး အသက်ပြန်ရှင်လာတာကို တွေ့တဲ့အခါ သင်ဘယ်လို ခံစားရနိုင်သလဲ။

၁၅ “သူတို့သည် အလွန်အံ့သြမိန်းမောကြ” ပြီး “ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြ” တယ်ဆိုတဲ့စကားတွေကို စဉ်းစားကြည့်ပါ။ သင်သာ အဲဒီနေရာမှာရှိနေတယ်ဆိုရင် သင်လည်း အဲဒီလို ခံစားရမှာပဲ။ ကျွန်ုပ်တို့ ချစ်မြတ်နိုးရသူတွေ အသက်ပြန်ရှင်လာတာကို မြင်တွေ့ရတာက အရမ်းအံ့သြစရာကောင်းပါလိမ့်မယ်။ ယေရှုက “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်” လို့ပြောခဲ့တယ်။ (ယော. ၅:၂၈) ကျွန်ုပ်တို့ထဲက တစ်ယောက်မှ ဒီလိုအဖြစ်အပျက်မျိုး မမြင်ဖူးဘူး။ ဒါက “မမြင်ရသောအရာများ” ထဲက အထူးမြတ်ဆုံးအရာတစ်ခု ဖြစ်ပါလိမ့်မယ်။

“ဘုရားသခင်သည် လူခပ်သိမ်း၌ အရာခပ်သိမ်းဖြစ်တော်မူမည်”

၁၆။ (က) မမြင်ရသေးတဲ့ကောင်းချီးတွေအကြောင်း ဘာကြောင့် အားတက်သရော ပြောသင့်သလဲ။ (ခ) ကောရိန္သုမြို့မှာရှိတဲ့ခရစ်ယာန်တွေကို ပေါလု ဘာပြောပြီး အားပေးခဲ့သလဲ။

၁၆ ဒီခဲယဉ်းကျပ်တည်းတဲ့အချိန်မှာ ယေဟောဝါအပေါ် သစ္စာရှိကြောင်း တင်ပြသူတွေအတွက် တကယ်ကောင်းတဲ့အနာဂတ် စောင့်ကြိုနေတယ်။ အခုအချိန်မှာ ဒီကောင်းချီးတွေကို မခံစားရသေးပေမဲ့ အဲဒါတွေကို စဉ်းစားနေဖို့လိုတယ်။ အဲဒီလိုစဉ်းစားတာက တကယ်အရေးကြီးတဲ့ အကြောင်းအရာကို အာရုံစိုက်ဖို့ ကျွန်ုပ်တို့ကို ကူညီပေးတယ်။ အဲဒီအခါ လောကမှာရှိတဲ့အရာတွေကြောင့် အာရုံမထွေပြားဘဲ ယေဟောဝါရဲ့အမှုတော်ကို ဆက်ထမ်းဆောင်မှာဖြစ်တယ်။ (လု. ၂၁:၃၄; ၁ တိ. ၆:၁၇-၁၉) မိသားစုဝတ်ပြုမှုမှာ၊ ညီအစ်ကိုညီအစ်မတွေနဲ့ စကားစမြည်ပြောတဲ့အခါမှာ၊ ကျမ်းစာသင်သားတွေ၊ စိတ်ဝင်စားသူတွေနဲ့ ဆွေးနွေးတဲ့အခါတွေမှာ ကျွန်ုပ်တို့ရဲ့အနာဂတ်မျှော်လင့်ချက်အကြောင်း အားတက်သရော ပြောဆိုကြပါစို့။ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်က အမြဲ ရှင်သန်နေမှာဖြစ်တယ်။ တမန်တော်ပေါလုလည်း အဲဒီလိုပဲပြောဆိုပြီး ခရစ်ယာန်ချင်းတွေကို အားပေးခဲ့တယ်။ သူ့ရဲ့စကားတွေက ခရစ်တော်ရဲ့အနှစ်တစ်ထောင်အုပ်ချုပ်မှုအကုန်မှာ ဖြစ်ပျက်လာမယ့်အရာတွေကို စဉ်းစားဖို့ ကူညီပေးတယ်။ ၁ ကောရိန္သု ၁၅:၂၄၊ ၂၅၊ ၂၈ (ဖတ်ပါ။) မှာပါတဲ့ ပေါလုရဲ့စကားတွေရဲ့ အဓိပ္ပာယ်အပြည့်အစုံကို မြင်ယောင်ကြည့်ဖို့ ကြိုးစားပါ။

၁၇၊ ၁၈။ (က) လူ့သမိုင်းအစတုန်းက ယေဟောဝါဟာ ဘယ်လိုနည်းနဲ့ “လူခပ်သိမ်း၌ အရာခပ်သိမ်းဖြစ်” ခဲ့သလဲ။ (ခ) ငြိမ်သက်မှုနဲ့စည်းလုံးမှု ပြန်ရရှိဖို့ ယေရှု ဘာလုပ်မလဲ။

၁၇ အနှစ်တစ်ထောင်အကုန်မှာ ရရှိမယ့်အသက်တာနဲ့ပတ်သက်ပြီး “ဘုရားသခင်သည် လူခပ်သိမ်း၌ အရာခပ်သိမ်းဖြစ်တော်မူမည်” ဆိုတဲ့စကားထက် ပိုကောင်းတဲ့စကား မရှိတော့ဘူး။ ဒါက ဘာအဓိပ္ပာယ်ရှိသလဲ။ အာဒံနဲ့ဧဝ ဧဒင်ဥယျာဉ်မှာ ယေဟောဝါနဲ့ သင့်မြတ်တဲ့ဆက်ဆံရေးရှိခဲ့တဲ့အချိန်ကို စဉ်းစားကြည့်ပါ။ စကြဝဠာရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါက ကောင်းကင်နဲ့ မြေကြီးမှာရှိတဲ့ ဖန်ဆင်းခံအရာအားလုံးကို တိုက်ရိုက်အုပ်ချုပ်ခဲ့တယ်။ သူတို့က ယေဟောဝါနဲ့ တိုက်ရိုက်ဆက်သွယ်လို့ရပြီး ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်နိုင်တယ်၊ ကိုယ်တော့်ထံက ကောင်းချီးတွေ ခံစားနိုင်တယ်။ ကိုယ်တော်က “လူခပ်သိမ်း၌ အရာခပ်သိမ်းဖြစ်တော်မူ” ခဲ့တယ်။

၁၈ ယေဟောဝါကိုပုန်ကန်ဖို့ လူသားတွေကို စာတန် လွှမ်းမိုးချုပ်ကိုင်ခဲ့တဲ့အချိန်မှာ ဒီငြိမ်သက်အေးချမ်းတဲ့ ဆက်ဆံရေး ပျက်စီးသွားတယ်။ ဒါပေမဲ့ ငြိမ်သက်မှုနဲ့ စည်းလုံးမှု ပြန်ရရှိဖို့ မေရှိယနိုင်ငံတော်က ၁၉၁၄ ခုနှစ်ကစပြီး အဆင့်ဆင့်လုပ်ဆောင်ခဲ့တယ်။ (ဧ. ၁:၉၊ ၁၀) လက်ရှိအချိန်မှာ “မမြင်ရသော” အံ့သြဖွယ်အရာတွေက အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွင်းမှာ တကယ်ဖြစ်လာပါလိမ့်မယ်။ အဲဒီနောက် “အဆုံး” ရောက်လာမယ်၊ ဆိုလိုတာက ခရစ်တော်ရဲ့အနှစ်တစ်ထောင်အုပ်ချုပ်မှု ကုန်ဆုံးသွားမယ်။ အဲဒီနောက် ဘာဖြစ်လာမလဲ။ ယေရှုဟာ ကောင်းကင်၊ မြေကြီးရဲ့ “အခွင့်အာဏာရှိသမျှ” အပ်နှင်းခံရပေမဲ့ ယေဟောဝါနဲ့တန်းတူ မဖြစ်လိုဘူး။ နှိမ့်ချစွာနဲ့ “နိုင်ငံတော်ကို ခမည်းတော်ဘုရားသခင်ထံ အပ်ပေး” မှာဖြစ်တယ်။ သူ့ရဲ့ အထူးရာထူး၊ အခွင့်အာဏာကိုသုံးပြီး ခမည်းတော်ဘုရားသခင်ရဲ့ဘုန်းတော်ကို ထင်ရှားစေပါလိမ့်မယ်။—မ. ၂၈:၁၈; ဖိ. ၂:၉-၁၁

၁၉၊ ၂၀။ (က) ဘုရားသခင့်နိုင်ငံတော်အောက်မှာ အသက်ရှင်သူတွေက ဘယ်လိုနည်းနဲ့ ယေဟောဝါရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို လက်အောက်ခံကြောင်း တင်ပြကြမလဲ။ (ခ) ကျွန်ုပ်တို့အတွက် ဘယ်ထူးမြတ်တဲ့အနာဂတ် စောင့်ကြိုနေသလဲ။

၁၉ အဲဒီအချိန်ကစပြီး ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် မြေကြီးပေါ်မှာအသက်ရှင်သူတွေဟာ ပြည့်ဝစုံလင်သူတွေ ဖြစ်လာပါလိမ့်မယ်။ သူတို့က ယေရှုရဲ့ ပုံသက်သေကိုလိုက်ပြီး နှိမ့်ချမှုရှိရှိ၊ တလိုတလားစိတ်နဲ့ ယေဟောဝါရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို အသိအမှတ်ပြု လက်အောက်ခံကြမှာဖြစ်တယ်။ သူတို့ အဲဒီလိုလက်အောက်ခံလိုကြောင်း ဖော်ပြတယ်ဆိုရင် နောက်ဆုံးစမ်းသပ်မှုမှာ အောင်မြင်ပါလိမ့်မယ်။ (ဗျာ. ၂၀:၇-၁၀) အဲဒီနောက် ကောင်းကင်တမန်ဖြစ်စေ၊ လူသားဖြစ်စေ ပုန်ကန်သူအားလုံး ထာဝစဉ်ဖျက်ဆီးခံရမှာဖြစ်တယ်။ အဲဒီအချိန်ဟာ တကယ်ပျော်စရာကောင်းမယ့် အချိန်ပါပဲ။ ကောင်းကင်၊ မြေကြီးမှာရှိတဲ့ ယေဟောဝါရဲ့မိသားစုဝင်တွေက “လူခပ်သိမ်း၌ အရာခပ်သိမ်းဖြစ်” တဲ့ကိုယ်တော်ကို ချီးမွမ်းကြမှာဖြစ်တယ်။—ဆာလံ ၉၉:၁-၃ ကိုဖတ်ပါ။

၂၀ မကြာခင် ဘုရားသခင့်နိုင်ငံတော်မှာ ခံစားရမယ့် အံ့သြဖွယ်ကောင်းတဲ့အရာတွေက ယေဟောဝါရဲ့အလိုတော်ကို အာရုံစိုက်ပြီး ကြိုးစားလုပ်ဆောင်ဖို့ သင့်ကို လှုံ့ဆော်သလား။ စာတန့်လောက,က ကမ်းလှမ်းတဲ့ လွဲမှားတဲ့မျှော်လင့်ချက်နဲ့ နှစ်သိမ့်မှုကြောင့် လမ်းမလွဲသွားအောင် သင် လုပ်နိုင်မလား။ ယေဟောဝါရဲ့ အကြွင်းမဲ့ပိုင်သအုပ်ချုပ်မှုကို ထောက်ခံအားပေးမယ်ဆိုတဲ့ သင့်စိတ်ပိုင်းဖြတ်ချက်ကို ပိုခိုင်မာစေမလား။ သင် အဲဒီလို ထာဝစဉ်လုပ်ဆောင်လိုစိတ်ရှိကြောင်း သင့်ရဲ့လုပ်ရပ်တွေနဲ့ သက်သေပြနိုင်ပါစေ။ အဲဒီနောက်မှာတော့ သင်ဟာ ငြိမ်းချမ်းမှုနဲ့ကြွယ်ဝမှုကို အနှစ်တစ်ထောင်သာမက ထာဝစဉ် ခံစားသွားရပါလိမ့်မယ်။