မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါနဲ့ ယေရှုရဲ့ စိတ်ရှည်ခြင်းကနေ သင်ယူပါ

ယေဟောဝါနဲ့ ယေရှုရဲ့ စိတ်ရှည်ခြင်းကနေ သင်ယူပါ

“ငါတို့သခင်၏စိတ်ရှည်ခြင်းကို ကယ်တင်ခြင်းအဖြစ် ယူမှတ်ကြလော့။”—၂ ပေ. ၃:၁၅

၁။ သစ္စာရှိသူတချို့ ဘာမေးခွန်းမေးကြသလဲ။

အခက်အခဲဒုက္ခတွေကို နှစ်ပေါင်းများစွာ ခါးစည်းခံပြီး ယေဟောဝါကို သစ္စာရှိရှိကိုးကွယ်ခဲ့တဲ့ ညီအစ်မတစ်ဦးက “ကျွန်မ မသေခင် အဆုံးရောက်လာပါ့မလား” ဆိုပြီး မေးခဲ့တယ်။ ယေဟောဝါကိုနှစ်ပေါင်းများစွာ ဝတ်ပြုလာသူတချို့လည်း အဲဒီလိုမေးကြတယ်။ အခုလက်ရှိကြုံနေရတဲ့ ပြဿနာတွေကို ဘုရားသခင် ဖယ်ရှားပေးပြီး အရာအားလုံးကို အသစ်ပြုလုပ်ပေးမယ့်အချိန်ကို ကျွန်ုပ်တို့စောင့်မျှော်နေကြတယ်။ (ဗျာ. ၂၁:၅) စာတန့်စနစ်အဆုံးတိုင်ဖို့ အရမ်းနီးနေပြီဆိုတာကို ယုံကြည်လက်ခံဖို့ အကြောင်းရင်းများစွာရှိပေမဲ့ အဲဒီအချိန်ကို စိတ်ရှည်ရှည်စောင့်ဆိုင်းဖို့ကျတော့ ခက်ခဲနိုင်ပါတယ်။

၂။ ဘုရားသခင့်စိတ်ရှည်ခြင်းနဲ့ပတ်သက်ပြီး ဘယ်မေးခွန်းတွေကို ကျွန်ုပ်တို့ သုံးသပ်ကြမလဲ။

ဒါပေမဲ့ ကျွန်ုပ်တို့စိတ်ရှည်ရမယ်ဆိုပြီး သမ္မာကျမ်းစာက ဖော်ပြတယ်။ ကျွန်ုပ်တို့ဟာ အတိတ်က ဘုရားသခင့်ကျေးကျွန်တွေလိုပဲ ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိပြီး ဘုရားသခင်ပေးတဲ့ကတိတော်တွေ ပြည့်စုံလာမယ့်အချိန်ကို စိတ်ရှည်စွာစောင့်ဆိုင်းမယ်ဆိုရင် ဘုရားသခင်ကတိပေးထားတဲ့အရာတွေကို ရရှိပါလိမ့်မယ်။ (ဟေဗြဲ ၆:၁၁၊ ၁၂ ကိုဖတ်ပါ။) ယေဟောဝါကိုယ်တိုင် စိတ်ရှည်ခဲ့ရတယ်။ ဆိုးညစ်မှုတွေကို ကိုယ်တော် အချိန်မရွေးဖျက်ဆီးပစ်နိုင်ပေမဲ့ သင့်တော်တဲ့အချိန်ကို စောင့်ဆိုင်းနေတယ်။ (ရော. ၉:၂၀-၂၄) ဘုရားသခင် ဘာကြောင့် အဲဒီလောက်စိတ်ရှည်တာလဲ။ ဘုရားသခင့်စိတ်ရှည်ခြင်းကို ယေရှု ဘယ်လိုတုပခဲ့သလဲ၊ ကျွန်ုပ်တို့အတွက် ဘယ်ပုံသက်သေထားခဲ့သလဲ။ ယေဟောဝါလို စိတ်ရှည်စွာစောင့်ဆိုင်းတတ်ဖို့ သင်ယူခြင်းက ဘာကြောင့်ကောင်းသလဲ။ ဒီမေးခွန်းတွေရဲ့အဖြေက ယေဟောဝါ နှောင့်နှေးနေတယ်လို့ ကျွန်ုပ်တို့ ထင်နေတယ်ဆိုရင်တောင် စိတ်ရှည်ခြင်းနဲ့ ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိဖို့ ကျွန်ုပ်တို့ကို ကူညီပေးနိုင်တယ်။

ယေဟောဝါ ဘာကြောင့်စိတ်ရှည်

၃၊ ၄။ (က) ယေဟောဝါ ဘာကြောင့် စိတ်ရှည်ခြင်းတင်ပြတာလဲ။ (ခ) ဧဒင်မှာပေါ်ပေါက်ခဲ့တဲ့ ပုန်ကန်မှုကို ယေဟောဝါ ဘယ်လိုကိုင်တွယ်ခဲ့သလဲ။

စကြဝဠာမှာ ဘယ်သူကမှ ယေဟောဝါလောက် အခွင့်အာဏာမရှိဘူး၊ ပြီးတော့ ကိုယ်တော်ဟာ ပြဿနာအားလုံးကို အဆုံးသတ်ဖို့ စောင့်နေစရာလည်း မလိုဘူး။ ဒါပေမဲ့ အကြောင်းကောင်းရှိလို့ ယေဟောဝါ စိတ်ရှည်ခြင်းတင်ပြခဲ့တယ်။ ဧဒင်မှာပေါ်ပေါက်ခဲ့တဲ့ ပုန်ကန်မှုကြောင့် ကောင်းကင်နဲ့မြေကြီးပေါ်မှာရှိသူအားလုံးရဲ့ အကျိုးအတွက် အရေးကြီးမေးခွန်းတချို့ကို ဖြေဆိုပေးဖို့ လိုအပ်လာတယ်။ အဲဒီမေးခွန်းတွေကို အကောင်းဆုံးနည်းနဲ့ အဖြေပေးနိုင်ဖို့ အချိန်လိုတယ်ဆိုတာ သိတဲ့အတွက် ယေဟောဝါ စိတ်ရှည်ခဲ့ရခြင်းဖြစ်တယ်။ ကောင်းကင်နဲ့ မြေကြီးပေါ်မှာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ လုပ်ရပ်တွေနဲ့ စဉ်းစားတွေးခေါ်ပုံတွေကို ကိုယ်တော် အတွင်းကျကျသိတဲ့အတွက်ကြောင့် ကျွန်ုပ်တို့အကျိုးအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနေတယ်ဆိုတာ သေချာတယ်။—ဟေဗြဲ ၄:၁၃

ယေဟောဝါရဲ့ရည်ရွယ်ချက်က ကမ္ဘာတစ်ခုလုံးမှာ အာဒံနဲ့ဧဝရဲ့ သားစဉ်မြေးဆက်တွေနဲ့ ပြည့်နေဖို့ဖြစ်တယ်။ စာတန်က ဧဝကို လှည့်ဖြားခဲ့ပြီး အဲဒီနောက် အာဒံကို ဘုရားသခင့်စကား နားမထောင်အောင် လုပ်လိုက်တယ်၊ အဲဒီအချိန်မှာ ဘုရားသခင်က ကြံရာမရဖြစ်ပြီး အလျင်စလိုဆုံးဖြတ်လိုက်တာမျိုး၊ လက်လျှော့လိုက်တာမျိုး မလုပ်ခဲ့ဘူး။ အဲဒီအစား လူသားတွေနဲ့ ကမ္ဘာမြေအတွက် မိမိရဲ့ရည်ရွယ်ချက် အကောင်အထည်ပေါ်လာမယ့်နည်းကိုသုံးဖို့ ဆုံးဖြတ်ခဲ့တယ်။ (ဟေရှာ. ၅၅:၁၁) ယေဟောဝါက ချုပ်တည်းခြင်းနဲ့ စိတ်ရှည်ခြင်းကိုတင်ပြခဲ့လို့ မိမိရဲ့ရည်ရွယ်ချက်ကို ပြည့်စုံစေနိုင်ပြီး မိမိရဲ့အုပ်ချုပ်မှုကသာ အကောင်းဆုံးဆိုတာကို သက်သေပြနိုင်ခဲ့တယ်။ မိမိရဲ့ရည်ရွယ်ချက်ထဲက တချို့အပိုင်းတွေ အကောင်းဆုံးနည်းနဲ့ပြည့်စုံလာဖို့အတွက် နှစ်ထောင်နဲ့ချီ စောင့်ဆိုင်းခဲ့ရတယ်။

၅။ ယေဟောဝါကို စောင့်ဆိုင်းရတဲ့ အကြောင်းကောင်းတစ်ခုက ဘာလဲ။

ယေဟောဝါ စိတ်ရှည်စွာစောင့်ဆိုင်းရတဲ့ နောက်အကြောင်းရင်းတစ်ခုက လူတွေ ထာဝရအသက်ရဖို့ဖြစ်တယ်။ အခုအချိန်မှာတောင် “လူအုပ်ကြီး” ကိုကယ်တင်ဖို့ လိုအပ်တာတွေကို ကိုယ်တော်လုပ်ဆောင်နေပါတယ်။ (ဗျာ. ၇:၉၊ ၁၄; ၁၄:၆) ယေဟောဝါက ဟောပြောခြင်းလုပ်ငန်းအားဖြင့် ဘုရားသခင့်နိုင်ငံတော်နဲ့ မိမိရဲ့ဖြောင့်မတ်တဲ့စံနှုန်းတွေအကြောင်းသင်ယူဖို့ လူတွေကိုဖိတ်ခေါ်နေတယ်။ နိုင်ငံတော်နဲ့ဆိုင်တဲ့သတင်းက လူသားတွေအတွက် “သတင်းကောင်း” ဖြစ်တယ်။ ဒါက အကောင်းတကာ့အကောင်းဆုံး သတင်းပါပဲ။ (မ. ၂၄:၁၄) ယေဟောဝါသွေးဆောင်ထားတဲ့ လူတစ်ဦးစီဟာ မှန်ရာကိုချစ်မြတ်နိုးတဲ့ မိတ်ဆွေစစ်တွေနဲ့ဖွဲ့စည်းထားတဲ့ ကမ္ဘာချီအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေဖြစ်လာကြတယ်။ (ယော. ၆:၄၄-၄၇) ကျွန်ုပ်တို့ရဲ့မေတ္တာရှင်ဘုရားသခင်က လူတွေ မိမိရဲ့မျက်နှာသာရရှိနိုင်ဖို့ အဲဒီအရာအားလုံးကို လုပ်ဆောင်နေတယ်။ ကောင်းကင်အစိုးရရဲ့ အဖွဲ့ဝင်ဖြစ်လာဖို့ လူတချို့ကိုလည်း ကိုယ်တော် ရွေးချယ်ထားတယ်။ သူတို့တွေက ကောင်းကင်ကိုရောက်သွားတဲ့အခါ မြေကြီးပေါ်မှာရှိတဲ့ နာခံမှုရှိတဲ့လူသားတွေကို စုံလင်မှုနဲ့ ထာဝရအသက်ရဖို့ ကူညီပေးသွားမှာဖြစ်တယ်။ ဒါကြောင့် ယေဟောဝါဟာ စိတ်ရှည်စွာစောင့်ဆိုင်းနေချိန်အတွင်းမှာတောင် ကျွန်ုပ်တို့အကျိုးအတွက် မိမိရဲ့ကတိတော်တွေပြည့်စုံဖို့ လုပ်ဆောင်နေတယ်။

၆။ (က) နောဧအချိန်မှာ စိတ်ရှည်ခြင်းကို ယေဟောဝါ ဘယ်လိုတင်ပြခဲ့သလဲ။ (ခ) ကျွန်ုပ်တို့အချိန်မှာ စိတ်ရှည်မှုကို ယေဟောဝါ ဘယ်လိုတင်ပြနေသလဲ။

ယေဟောဝါက မိမိကိုရှုတ်ချဂုဏ်ဖျက်ဖို့ ဆိုးရွားတဲ့အရာတွေကို တခြားသူတွေလုပ်တဲ့အခါမှာတောင် စိတ်ရှည်မှုပြတယ်။ ဥပမာ၊ ရေလွှမ်းမိုးဘေးမတိုင်ခင် ဆိုးညစ်မှုတွေနဲ့ပတ်သက်ပြီး ကိုယ်တော်လုပ်ဆောင်ခဲ့ရာကို စဉ်းစားကြည့်ပါ။ ကမ္ဘာမြေတစ်ခုလုံးက လိင်အကျင့်ပျက်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ပြည့်နေပြီး လူတွေက မကောင်းမှုတွေကိုပဲ လုပ်ချင်နေတဲ့အတွက် ယေဟောဝါ “စိတ်ထိခိုက်” ခဲ့တယ်။ (က. ၆:၂-၈ကဘ) ဆိုးညစ်မှုတွေကို ထာဝစဉ်ဆက်ဖြစ်ပျက်ဖို့ ကိုယ်တော် ခွင့်ပြုမှာမဟုတ်ဘူး။ ဒါကြောင့် နာခံမှုမရှိတဲ့လူသားတွေကို ရေလွှမ်းမိုးဘေးအားဖြင့် ဖျက်ဆီးဖို့ ကိုယ်တော်ဆုံးဖြတ်ခဲ့တယ်။ ယေဟောဝါ စောင့်ဆိုင်းနေစဉ်အတွင်းမှာ နောဧနဲ့ သူ့မိသားစုကယ်တင်ခံရဖို့ လိုအပ်ရာတွေကို ကိုယ်တော်လုပ်ဆောင်ခဲ့တယ်။ (၁ ပေ. ၃:၂၀) သင့်တော်တဲ့အချိန်မှာ ယေဟောဝါက နောဧကို ရေလွှမ်းမိုးဘေးအကြောင်းပြောပြပြီး သင်္ဘောဆောက်ဖို့ ညွှန်ကြားခဲ့တယ်။ (က. ၆:၁၄-၂၂) ရောက်လာတော့မယ့် ဖျက်ဆီးခြင်းဘေးအကြောင်း တခြားသူတွေကိုသတိပေးဖို့လည်း နောဧကို ယေဟောဝါမိန့်မှာခဲ့တယ်။ နောဧဟာ “ဖြောင့်မတ်ခြင်းတရားဟောပြောသူ” ဖြစ်တယ်လို့ သမ္မာကျမ်းစာက ဖော်ပြတယ်။ (၂ ပေ. ၂:၅) ကျွန်ုပ်တို့အချိန်က နောဧခေတ်နဲ့တူတယ်လို့ ယေရှုပြောခဲ့တယ်။ ဒီဆိုးညစ်တဲ့စနစ်ကို ဖျက်ဆီးမယ့်အချိန်ကို ကိုယ်တော်သတ်မှတ်ပြီးသွားပြီ၊ ဒါပေမဲ့ ဖျက်ဆီးခြင်းဘေးရောက်လာမယ့် “နေ့ရက်နှင့် အချိန်နာရီ” ကိုတော့ ဘယ်လူသားမှမသိဘူး။ (မ. ၂၄:၃၆) ယနေ့အချိန်မှာ လူတွေကိုသတိပေးဖို့နဲ့ သူတို့ကယ်တင်ခံရနိုင်တဲ့နည်းကို ပြောပြဖို့ ကျွန်ုပ်တို့ကို ဘုရားသခင် တာဝန်ပေးထားတယ်။

၇။ ယေဟောဝါဟာ မိမိရဲ့ကတိတော်တွေ ပြည့်စုံအောင်လုပ်ရာမှာ အရမ်းနှေးသလား။ ရှင်းပြပါ။

ယေဟောဝါစိတ်ရှည်တယ်ဆိုတာက အချိန်တွေကုန်သွားဖို့ ထိုင်စောင့်နေတာမဟုတ်ဘူးဆိုတာ ရှင်းပါတယ်။ ကိုယ်တော် ကျွန်ုပ်တို့ကို ဂရုမစိုက်ဘူး၊ လျစ်လျူရှုထားတယ်လို့ ဘယ်တော့မှမယူဆသင့်ဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့ အသက်အရွယ်အိုမင်းလာတဲ့အခါ ဒါမှမဟုတ် ဆိုးညစ်တဲ့ဒီစနစ်ရဲ့ ဒဏ်တွေကို အလူးအလိမ့်ခံရတဲ့အခါ အဲဒီလို အလွယ်တကူ စဉ်းစားမိနိုင်တယ်။ ဘုရားသခင်ဟာ မိမိရဲ့ကတိတော်တွေ ပြည့်စုံအောင်လုပ်ရာမှာ အရမ်းနှေးတယ်ဆိုပြီး ကျွန်ုပ်တို့ စိတ်ဓာတ်ကျမိနိုင်တယ် ဒါမှမဟုတ် အဲဒီလိုခံစားမိနိုင်တယ်။ (ဟေဗြဲ ၁၀:၃၆) ကိုယ်တော့်မှာ စိတ်ရှည်ဖို့အကြောင်းကောင်းတွေရှိပြီး သစ္စာရှိကျေးကျွန်တွေ အကျိုးခံစားရတဲ့နည်းနဲ့ ဒီအချိန်ကို အသုံးပြုနေတယ်ဆိုတာ ဘယ်တော့မှမမေ့ပါနဲ့။ (၂ ပေ. ၂:၃; ၃:၉) ယေဟောဝါရဲ့စိတ်ရှည်မှုကို ယေရှု ဘယ်လိုတုပခဲ့တယ်ဆိုတာ အခု သုံးသပ်ကြည့်ကြစို့။

ယေရှုရဲ့ စိတ်ရှည်ခြင်းစံနမူနာ

၈။ ဘယ်အခြေအနေတွေမှာ ယေရှု စိတ်ရှည်သည်းခံခဲ့သလဲ။

ယေရှုက ဘုရားသခင့်အလိုတော်ကို နှစ်ထောင်ပေါင်းများစွာကြာ ပျော်ရွှင်စွာလုပ်ဆောင်ခဲ့တယ်။ စာတန်ပုန်ကန်သွားတဲ့အခါ ယေဟောဝါက မိမိရဲ့သားကို မေရှိယအနေနဲ့ မြေကြီးပေါ်စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီအချိန်ရောက်လာဖို့ နှစ်ထောင်ချီစောင့်ဆိုင်းနေစဉ်အတွင်းမှာ ယေရှုတင်ပြခဲ့တဲ့ စိတ်ရှည်ခြင်းအကြောင်း စဉ်းစားကြည့်ပါ။ (ဂလာတိ ၄:၄ ကိုဖတ်ပါ။) အဲဒီအချိန်အတောအတွင်းမှာ ယေရှုက ဘာမှမလုပ်ဘဲ ထိုင်စောင့်နေတာမဟုတ်ဘူး။ သူ့ဖခင်ပေးအပ်ထားတဲ့ တာဝန်တွေမှာ အရမ်းအလုပ်များနေခဲ့တယ်။ ပြီးတော့ မြေကြီးပေါ်ရောက်လာတဲ့အခါ ပရောဖက်ပြုထားတဲ့အတိုင်း စာတန်က သူ့ကိုသေအောင်လုပ်မယ်ဆိုတာ ယေရှုသိခဲ့တယ်။ (က. ၃:၁၅; မ. ၁၆:၂၁) အဲဒီလိုသေဆုံးဖို့ ဘုရားသခင်အလိုရှိတယ်ဆိုတာကို သိထားလို့ ပြင်းပြတဲ့နာကျင်မှုဝေဒနာကို သည်းခံခဲ့တယ်။ ယေရှုက မိမိအတွက် မစဉ်းစားခဲ့ဘူး။ သူဟာ နှိမ့်ချမှုရှိတယ်၊ ဘုရားသခင့်သားတော်ဖြစ်နေတာတောင်မှ ဆင်းရဲဝေဒနာခံစားဖို့ တလိုတလားရှိခဲ့တယ်။ ယေရှုက ဘုရားသခင်ပေါ် သစ္စာစောင့်သိရာမှာ အကောင်းဆုံးပုံသက်သေဖြစ်ပြီး သူ့ကို ကျွန်ုပ်တို့ တုပသင့်တယ်။—ဟေဗြဲ ၅:၈၊ ၉

၉၊ ၁၀။ (က) ယေဟောဝါ လုပ်ဆောင်မယ့်အချိန်ကို စောင့်ဆိုင်းနေစဉ်အတွင်းမှာ ယေရှုဘာလုပ်ခဲ့သလဲ။ (ခ) ယေရှုရဲ့သဘောထားကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

ယေရှု ရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှာ ကောင်းကင်နဲ့မြေကြီးပေါ်မှာရှိသမျှ အခွင့်အာဏာကို ရရှိခဲ့တယ်။ (မ. ၂၈:၁၈) သူက ဒီအခွင့်အာဏာကို ယေဟောဝါရဲ့ရည်ရွယ်ချက် ပြည့်စုံဖို့နဲ့ ယေဟောဝါသတ်မှတ်ထားတဲ့အတိုင်း အချိန်ကိုက်လုပ်ဆောင်ဖို့ အမြဲအသုံးပြုခဲ့တယ်။ ဒါကြောင့် ယေရှုက ဘုရားသခင်ရဲ့လက်ယာဘက်မှာနေပြီး ရန်သူတွေကို မိမိရဲ့ခြေတင်ရာနေရာမှာ ချထားမယ့် ၁၉၁၄ ခုနှစ်အထိ စိတ်ရှည်စွာစောင့်ဆိုင်းခဲ့တယ်။ (ဆာ. ၁၁၀:၁၊ ၂; ဟေဗြဲ ၁၀:၁၂၊ ၁၃) မကြာခင်မှာ သူဟာ စာတန့်စနစ်ကို ဖျက်ဆီးပါတော့မယ်။ စောင့်ဆိုင်းနေစဉ်အတွင်းမှာ လူတွေကို ဘုရားသခင့်မျက်နှာသာရဖို့ စိတ်ရှည်စွာကူညီပေးပြီး သူတို့ကို “အသက်စမ်းရေ” ရှိရာသို့ ပို့ဆောင်ပေးတယ်။—ဗျာ. ၇:၁၇

၁၀ ယေရှုရဲ့သဘောထားကို သင်ဘယ်လိုတုပနိုင်တယ်ဆိုတာ သိပါသလား။ ယေဟောဝါက လုပ်ဆောင်ဖို့အတွက် အချိန်သတ်မှတ်ပြီးသွားပြီဆိုတာကို ယေရှုသိခဲ့တယ်။ ယေရှုက သူ့ဖခင်ခိုင်းစေရာကို လုပ်ဆောင်ဖို့ စိတ်ဆန္ဒပြင်းပြခဲ့တယ်။ ဒါပေမဲ့ စောင့်ဆိုင်းဖို့ တလိုတလားရှိခဲ့တယ်။ စာတန်ရဲ့ဆိုးညစ်တဲ့စနစ် အဆုံးတိုင်မယ့်အချိန်ကို စောင့်ဆိုင်းနေစဉ်မှာ ကျွန်ုပ်တို့အားလုံး စိတ်ရှည်ဖို့လိုတယ်။ ဘုရားသခင်လုပ်ဆောင်မှာကို စောင့်ဆိုင်းဖို့နဲ့ စိတ်ဓာတ်ကျလာတဲ့အချိန်တွေမှာ အလျှော့မပေးမိဖို့ဖြစ်တယ်။ အဲဒီလိုစိတ်ရှည်ခြင်းမျိုးရှိဖို့ ကျွန်ုပ်တို့ ဘာလုပ်နိုင်သလဲ။

ဘုရားသခင်လို စိတ်ရှည်နိုင်ပုံ

၁၁။ (က) စိတ်ရှည်ခြင်းနဲ့ ယုံကြည်ခြင်းက ဘယ်လိုဆက်စပ်နေသလဲ။ (ခ) ကျွန်ုပ်တို့မှာ ဘာကြောင့် ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိဖို့ အကြောင်းကောင်းရှိသလဲ။

၁၁ ယေရှု မြေကြီးပေါ်မကြွလာခင်အချိန်မှာ ပရောဖက်တွေနဲ့ တခြားသစ္စာရှိကျေးကျွန်တွေက မစုံလင်သူလူသားတွေတောင် စိတ်ရှည်သည်းခံနိုင်တယ်ဆိုတာကို သူတို့ရဲ့ပုံသက်သေနဲ့ တင်ပြခဲ့ကြတယ်။ သူတို့ရဲ့စိတ်ရှည်ခြင်းက ယုံကြည်ခြင်းနဲ့ ဆက်စပ်နေတယ်။ (ယာကုပ် ၅:၁၀၊ ၁၁ ကိုဖတ်ပါ။) ယုံကြည်ခြင်းမရှိဘူးဆိုရင် ဒါမှမဟုတ် ယေဟောဝါရဲ့ကတိတော်တွေကို တကယ်မယုံကြည်ဘူးဆိုရင် သူတို့တွေဟာ ဘုရားသခင့်ကတိတော်တွေပြည့်စုံလာမှာကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့မှာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့တွေက အရမ်းခက်ခဲတဲ့ ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့ အခြေအနေတွေကို ခံရပ်ခဲ့ကြတယ်၊ အကြောင်းကတော့ ဘုရားသခင်က ကတိပေးထားတဲ့အတိုင်း လုပ်ဆောင်မယ်ဆိုတာကို သူတို့ယုံကြည်ခဲ့ကြလို့ပဲ။ (ဟေဗြဲ ၁၁:၁၃၊ ၃၅-၄၀) ယနေ့အချိန်မှာ ကျွန်ုပ်တို့အနေနဲ့ ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိဖို့အကြောင်း ပိုများတယ်ဆိုပြီး ကျမ်းစာကဖော်ပြတယ်။ ယေရှုက “ငါတို့၏ယုံကြည်ခြင်းကို စုံလင်စေသူ” ဖြစ်လာတယ်။ (ဟေဗြဲ ၁၂:၂) ယေရှုက ပရောဖက်ပြုချက်များစွာကို ပြည့်စုံစေပြီး ဘုရားသခင့်ရည်ရွယ်ချက်တွေကို ကျွန်ုပ်တို့ ကောင်းစွာနားလည်နိုင်ဖို့ ကူညီပေးခဲ့တယ်။

၁၂။ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းခိုင်ခံ့ဖို့ ဘာလုပ်နိုင်သလဲ။

၁၂ ပိုပြီးစိတ်ရှည်တတ်သူတွေဖြစ်လာဖို့၊ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေဖို့ ဘာလုပ်နိုင်သလဲ။ အရေးကြီးတဲ့နည်းတစ်နည်းကတော့ ဘုရားသခင့်ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်ခြင်းဖြစ်တယ်။ ဥပမာ၊ ကျွန်ုပ်တို့ရဲ့ဘဝမှာ ဘုရားသခင့်နိုင်ငံတော်ကို ပထမနေရာမှာထားသင့်တဲ့အကြောင်းရင်းကို စဉ်းစားကြည့်ပါ။ မဿဲ ၆:၃၃ မှာပါတဲ့ ပညတ်ကိုနာခံဖို့ သင် ပိုပြီးကြိုးစားအားထုတ်နိုင်သလား။ သင်ဟာ အမှုဆောင်လုပ်ငန်းမှာ အချိန်ပိုပါဝင်တာ ဖြစ်နိုင်တယ် ဒါမှမဟုတ် သင့်ဘဝပုံစံကို ရိုးရှင်းဖို့ အပြောင်းအလဲတွေလုပ်တာ ဖြစ်နိုင်တယ်။ ယေဟောဝါက မိမိရဲ့ညွှန်ကြားချက်တွေကို နာခံဖို့လုပ်ဆောင်ခဲ့တဲ့ သင့်ရဲ့ကြိုးစားအားထုတ်မှုတွေကို ကောင်းချီးပေးခဲ့တယ်။ ကိုယ်တော်က သင့်ကို ကျမ်းစာသင်အံမှုအသစ်တစ်ခုပေးတာ ဒါမှမဟုတ် “စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်း” ကို ပေးခဲ့တာ ဖြစ်နိုင်တယ်။ (ဖိလိပ္ပိ ၄:၇ ကိုဖတ်ပါ။) အဲဒီလိုကောင်းချီးတွေကို သင် အာရုံစိုက်တာနဲ့အမျှ စိတ်ရှည်ခြင်းက သင့်အတွက်ကောင်းတယ်ဆိုတာကို သိမြင်လာပါလိမ့်မယ်။—ဆာ. ၃၄:၈

၁၃။ ယုံကြည်ခြင်းက ကျွန်ုပ်တို့ကို ပိုပြီးစိတ်ရှည်သူတွေဖြစ်စေနိုင်ပုံကို ဘာနဲ့ဥပမာပေးနိုင်သလဲ။

၁၃ ယုံကြည်ခြင်းက ကျွန်ုပ်တို့ကို ပိုပြီးစိတ်ရှည်သူတွေဖြစ်စေနိုင်ပုံကို နားလည်သဘောပေါက်ဖို့ ဥပမာတစ်ခုက ကူညီပေးနိုင်တယ်။ လယ်သမားတစ်ဦးက ပျိုးကြဲတယ်၊ စိုက်ပျိုးတယ်၊ ပြီးတဲ့နောက် ရိတ်သိမ်းတယ်။ အကြိမ်တိုင်းမှာ အထွက်နှုန်းကောင်းတယ်ဆိုရင် လယ်သမားက နောက်တစ်ကြိမ်မျိုးကြဲဖို့ ပိုပြီး ယုံကြည်စိတ်ချလာမှာဖြစ်တယ်။ ပိုများတဲ့လယ်တွေမှာ တိုးချဲ့ပြီး ကြဲမှာဖြစ်တယ်။ ရိတ်သိမ်းချိန်ရောက်ဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ရမယ်ဆိုတာသိရက်နဲ့ သူဟာ မျိုးစေ့တွေကို ကြဲတယ်။ ပြန်ရိတ်သိမ်းရမယ်ဆိုတာကို သူ ယုံကြည်စိတ်ချတယ်။ အလားတူပဲ၊ ယေဟောဝါရဲ့ညွှန်ကြားချက်တွေကို ကျွန်ုပ်တို့ သင်ယူသိရှိလာတဲ့အခါ လိုက်လျှောက်ကြတယ်၊ အဲဒီနောက် ရလဒ်ကောင်းတွေရရှိလာတဲ့အခါ ယေဟောဝါအပေါ်ထားရှိတဲ့ ကျွန်ုပ်တို့ရဲ့ယုံကြည်စိတ်ချမှုနဲ့ ယုံကြည်ခြင်း ပိုတိုးများလာတယ်။ အဲဒီနောက် ကျိန်းသေပေါက်ရရှိမယ့် ကောင်းချီးတွေကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းဖို့ ပိုလွယ်ကူသွားတယ်။—ယာကုပ် ၅:၇၊ ၈ ကိုဖတ်ပါ။

၁၄၊ ၁၅။ လူ့ဆင်းရဲဒုက္ခတွေနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘယ်လိုစဉ်းစားသင့်သလဲ။

၁၄ ပိုပြီးစိတ်ရှည်သူတွေဖြစ်စေနိုင်တဲ့ နောက်နည်းတစ်နည်းကတော့ လောကနဲ့ ကျွန်ုပ်တို့ရဲ့အခြေအနေအပေါ် ဘယ်လိုရှုမြင်သင့်တယ်ဆိုတာကို စဉ်းစားခြင်းဖြစ်တယ်။ ဥပမာ၊ လူ့ဒုက္ခတွေအပေါ် ယေဟောဝါရဲ့ခံစားချက်ကို စဉ်းစားကြည့်ပါ။ လူသားတွေ ဒုက္ခပင်လယ်ဝေနေတာကို ယေဟောဝါမြင်တွေ့တာ ကြာနေပြီ၊ ဒါက ကိုယ်တော့်စိတ်ကို နာကျင်စေတယ်။ ဒါပေမဲ့ အဲဒီနာကျင်မှုကြောင့် ကောင်းတာလုပ်တာကို မရပ်တန့်လိုက်ဘူး။ ‘စာတန်၏အမှုအရာများကို ချိုးဖျက်’ ဖို့နဲ့ စာတန်ဖြစ်ပေါ်စေခဲ့တဲ့ လူ့ဒုက္ခအားလုံးကို ဖယ်ရှားပစ်ဖို့ မိမိရဲ့သားတော်ကို စေလွှတ်ခဲ့တယ်။ (၁ ယော. ၃:၈) ဘုရားသခင်ဟာ မကြာခင်မှာ ဆင်းရဲဒုက္ခအားလုံးကို ထာဝစဉ်အဆုံးသတ်တော့မယ်ဆိုတာ အမှန်ပါပဲ။ ဒါကြောင့် ဒီကမ္ဘာမှာရှိတဲ့ ဆိုးညစ်မှုတွေကြောင့် ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်း အားနည်းသွားတာမျိုး၊ ယေဟောဝါလုပ်ဆောင်ပေးမယ့် အချိန်နဲ့ပတ်သက်ပြီး စိတ်မရှည်တာမျိုး မဖြစ်လိုကြဘူး။ ဘုရားသခင့်ကတိတော်တွေကို ယုံကြည်ကြစို့။ ဆိုးညစ်မှုတွေအဆုံးတိုင်မယ့်အချိန်ကို ယေဟောဝါသတ်မှတ်ပြီးသားဖြစ်တဲ့အတွက်ကြောင့် သင့်တော်တဲ့အချိန်မှာ ကိုယ်တော်လုပ်ဆောင်ပါလိမ့်မယ်။—ဟေရှာ. ၄၆:၁၃; နာ. ၁:၉

၁၅ ခက်ခဲတဲ့ ဒီနောက်ဆုံးနေ့ရက်တွေအတွင်းမှာ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို စမ်းသပ်မယ့် အရမ်းခက်ခဲတဲ့အခြေအနေတချို့ကို ကြုံတွေ့ရနိုင်တယ်။ ကျွန်ုပ်တို့ကိုယ်တိုင် ဒါမှမဟုတ် ကျွန်ုပ်တို့ချစ်မြတ်နိုးရသူတွေဟာ အကြမ်းဖက်မှု ဒါမှမဟုတ် တခြားအကြောင်းတွေကြောင့် ဒုက္ခရောက်နိုင်တယ်။ အဲဒါကြောင့် ဒေါသတကြီးတုံ့ပြန်မယ့်အစား ယေဟောဝါကို အပြည့်အဝယုံကြည်ကိုးစားဖို့ စိတ်ဆုံးဖြတ်ထားရမယ်။ ကျွန်ုပ်တို့က မစုံလင်ကြလို့ အဲဒီလိုလုပ်ဖို့ဆိုတာ မလွယ်ဘူး။ ဒါပေမဲ့ မဿဲ ၂၆:၃၉ (ဖတ်ပါ။) ကိုဖတ်တဲ့အခါ ယေရှုဘာလုပ်ခဲ့တယ်ဆိုတာ သတိရပါ။

၁၆။ အဆုံးရောက်လာဖို့ စောင့်ဆိုင်းနေစဉ်အတောအတွင်းမှာ ဘာကိုရှောင်ရမလဲ။

၁၆ အဆုံးနီးနေပြီဆိုတဲ့အချက်ကို သံသယဝင်နေသူတစ်ဦးမှာ မှားယွင်းတဲ့သဘောထားတွေ စတင်အမြစ်တွယ်လာနိုင်တယ်။ အဆုံးနီးနေပြီဆိုတာကို မယုံတဲ့သူတစ်ဦးဟာ မိမိရဲ့အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ စဉ်းစားမိနိုင်တယ်။ သူ ဒီလိုစဉ်းစားမိနိုင်တယ်– ‘ယေဟောဝါက သူပေးထားတဲ့ကတိအတိုင်း လုပ်မလုပ်ဆိုတာ ငါစောင့်ကြည့်ဦးမယ်။’ အဲဒီနောက် လောကမှာ ထင်ပေါ်ကျော်ကြားသူဖြစ်ဖို့၊ ဘုရားသခင့်နိုင်ငံတော်ကို ဦးစားထားမယ့်အစား ငွေရှာဖို့၊ ဒါမှမဟုတ် သက်သောင့်သက်သာဘဝမျိုးနဲ့ နေနိုင်ဖို့အတွက် တက္ကသိုလ်တက်ဖို့ ကြိုးစားမိနိုင်တယ်။ အဲဒီလိုလူမျိုးက ယုံကြည်ခြင်းကင်းမဲ့ကြောင်း ဖော်ပြနေတာဖြစ်တယ်။ ပေါလုက ကျွန်ုပ်တို့ကို “ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း” ရှိသူတွေကိုတုပဖို့ ပြောခဲ့တယ်၊ သူတို့တွေဟာ ယုံကြည်ခြင်းနဲ့ စိတ်ရှည်ခြင်းတင်ပြခဲ့လို့ ယေဟောဝါကတိပြုထားတဲ့ ကောင်းချီးတွေကို ရရှိခဲ့ကြတယ်။ (ဟေဗြဲ ၆:၁၂) ယေဟောဝါက ဆိုးညစ်တဲ့ဒီလောကကို ဖျက်ဆီးဖို့ ဆုံးဖြတ်ပြီးသားဖြစ်လို့ နှောင့်နှေးမှာမဟုတ်ဘူး။ (ဟဗ. ၂:၃) ဒီစပ်ကြားကာလမှာ ကျွန်ုပ်တို့က ယေဟောဝါရဲ့အမှုတော်ကို လူမြင်ကောင်းရုံလောက်ပဲ လုပ်တာမျိုး မဖြစ်ရဘူး။ အဲဒီအစား ကျွန်ုပ်တို့က နောက်ဆုံးသောနေ့ရက်တွေမှာ အသက်ရှင်နေကြောင်းနဲ့ ဟောပြောခြင်းလုပ်ငန်းမှာ အစွမ်းကုန်ပါဝင်ဖို့လိုကြောင်း သတိရဖို့လိုတယ်။ ဒီအလုပ်က အခုအချိန်မှာတောင် ပျော်ရွှင်ကျေနပ်မှု ရရှိစေနိုင်တယ်။—လု. ၂၁:၃၆

စိတ်ရှည်ခြင်းကြောင့်ရရှိမယ့် ကောင်းချီးများ

၁၇၊ ၁၈။ (က) ကျွန်ုပ်တို့ စိတ်ရှည်စွာ စောင့်ဆိုင်းနေစဉ်အတောအတွင်းမှာ ဘယ်အခွင့်အရေး ရထားသလဲ။ (ခ) ကျွန်ုပ်တို့ စိတ်ရှည်မယ်ဆိုရင် ဘယ်ကောင်းချီးတွေ ရမလဲ။

၁၇ ဘုရားသခင့်အမှုတော်မှာ လအနည်းငယ် လုပ်ဆောင်ခဲ့တာပဲဖြစ်စေ၊ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တာပဲဖြစ်စေ ကျွန်ုပ်တို့က ကိုယ်တော့်အမှုတော်ကို ထာဝစဉ် ထမ်းဆောင်ချင်ကြတယ်။ ဒီလောကစနစ်ရဲ့အဆုံးရောက်လာဖို့ ဘယ်လောက်ကြာကြာစောင့်ရပါစေ စိတ်ရှည်မှုတင်ပြခြင်းက ကျွန်ုပ်တို့ကို ခံနိုင်ရည်ရှိစေတယ်။ ယေဟောဝါရဲ့ဆုံးဖြတ်ချက်တွေကို ကျွန်ုပ်တို့ အပြည့်အဝယုံကြည်ကိုးစားကြောင်း၊ အခက်အခဲဒုက္ခကြုံရရင်တောင် ကိုယ်တော့်ကို ဆက်ပြီးသစ္စာရှိကြောင်း တင်ပြနိုင်တဲ့အခွင့်အရေးကို ကျွန်ုပ်တို့ရရှိထားတယ်။ (၁ ပေ. ၄:၁၃၊ ၁၄) အဆုံးထိတိုင် စိတ်ရှည်စွာခံရပ်ပြီး ကယ်တင်ခံရဖို့လည်း ဘုရားသခင် ကျွန်ုပ်တို့ကို လေ့ကျင့်ပေးတယ်။—၁ ပေ. ၅:၁၀

၁၈ ကောင်းကင်နဲ့မြေကြီးပေါ်မှာရှိရှိသမျှ အခွင့်အာဏာအားလုံး ယေရှုဆီမှာရှိတယ်၊ သင်သာ ဆက်သစ္စာရှိသွားမယ်ဆိုရင် သင်ရရှိထားတဲ့ ယေရှုရဲ့ကာကွယ်ပေးမှုကို ဘယ်အရာကမှ မဖျက်ဆီးပစ်နိုင်ပါဘူး။ (ယော. ၁၀:၂၈၊ ၂၉) အနာဂတ် ဒါမှမဟုတ် သေခြင်းကိုတောင် ကြောက်စရာမလိုဘူး။ အဆုံးထိတိုင် စိတ်ရှည်စွာခံရပ်သူတွေ ကယ်တင်ခံရပါလိမ့်မယ်။ ဒါကြောင့် ကျွန်ုပ်တို့ဆီကို လောကရဲ့အတွေးအခေါ်တွေ မကူးစက်လာအောင်၊ ယေဟောဝါကို ဆက်ပြီး အားမကိုးတော့တာမျိုး မဖြစ်အောင် အသေအချာလုပ်ဆောင်ရမယ်။ အဲဒီအစား ဘုရားသခင် စိတ်ရှည်နေစဉ်အတောအတွင်းမှာ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့အောင်လုပ်ဖို့နဲ့ အချိန်ကို ပညာရှိရှိအသုံးပြုဖို့ စိတ်ပိုင်းဖြတ်ထားရမယ်။—မ. ၂၄:၁၃; ၂ ပေတရု ၃:၁၇၊ ၁၈ ကိုဖတ်ပါ။