မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“နေ့ရက်၊ အချိန်နာရီကို သင်တို့မသိ”

“နေ့ရက်၊ အချိန်နာရီကို သင်တို့မသိ”

“သို့ဖြစ်၍ နေ့ရက်၊ အချိန်နာရီကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။” —မ. ၂၅:၁၃

၁-၃။ (က) ယေရှုရဲ့ပုံဥပမာတွေထဲက နှစ်ခုရဲ့သင်ခန်းစာကို နားလည်နိုင်ဖို့ ဘယ်အခြေအနေတွေက ကူညီပေးနိုင်သလဲ။ (ခ) ဘယ်မေးခွန်းတွေရဲ့ အဖြေကို သိဖို့လိုသလဲ။

အရာရှိတစ်ဦးက အရေးကြီးတဲ့ချိန်းဆိုမှုတစ်ခုကိုသွားဖို့ ကားမောင်းပို့ပေးပါလို့ သင့်ကို တာဝန်ပေးထားတယ် ဆိုပါစို့။ အရာရှိဆီသွားခါနီး မိနစ်အနည်းငယ်အလိုကျမှ သင့်ကားမှာ ဓာတ်ဆီအလုံအလောက်မရှိဘူးဆိုတာ သတိထားမိတယ်။ ဓာတ်ဆီဝယ်ဖို့ သင် အလောတကြီးသွားလိုက်တယ်။ သင် ဆီသွားဖြည့်နေတဲ့အချိန်မှာ အရာရှိရောက်လာတယ်။ အရာရှိက သင့်ကိုလှည့်ပတ်ရှာပေမဲ့ မတွေ့ဘူး။ ဒါနဲ့ သူမစောင့်နိုင်တော့လို့ တခြားတစ်ယောက်ကို လိုက်ပို့ခိုင်းလိုက်တယ်။ ရှေ့ဆင့်နောက်ဆင့်ဆိုသလို သင် ပြန်ရောက်လာချိန်မှာ အရာရှိထွက်သွားပြီဆိုတာ သိလိုက်ရတယ်။ သင် ဘယ်လိုခံစားရမလဲ။

အခု သင့်ကိုသင် အဲဒီအရာရှိလို့ မြင်ယောင်ကြည့်ပါ။ သင် ခရီးမထွက်ခင်မှာ အရေးကြီးတဲ့အလုပ်တချို့လုပ်ဖို့ လူသုံးယောက်ကို တာဝန်ပေးခဲ့တယ်။ သင်က အလုပ်အကြောင်း ရှင်းပြပြီး သူတို့သုံးယောက်စလုံးက တာဝန်ကို လိုလိုလားလား လက်ခံတယ်။ ဒါပေမဲ့ ရက်အနည်းငယ်ကြာလို့ သင်ပြန်ရောက်လာချိန်မှာ နှစ်ယောက်ကပဲ သင်ခိုင်းထားတဲ့အတိုင်းလုပ်တာကို တွေ့ရတယ်။ အလုပ်မလုပ်တဲ့တစ်ယောက်က ဆင်ခြေတွေပေးတယ်။ တကယ်တော့ သူက အလုပ်ကိုတောင် စမ်းလုပ်ကြည့်တာမဟုတ်ဘူး။ သင် ဘယ်လိုခံစားရမလဲ။

အခု ကျွန်ုပ်တို့သုံးသပ်ခဲ့တဲ့ အခြေအနေတွေက ယေရှုရဲ့ပုံဥပမာတွေထဲက အပျိုကညာတွေနဲ့ တဲလင့် ပုံဥပမာတွေနဲ့ဆင်တူတယ်။ ပုံဥပမာနှစ်ခုစလုံးက ဆုံးခန်းကာလအကြောင်းဖော်ပြပြီး ကောင်းကင်အတန်းအစားတချို့က သစ္စာနဲ့သတိပညာရှိပြီး တခြားသူတွေက ဘာကြောင့် မရှိသလဲဆိုတာ ဖော်ပြတယ်။ * (မ. ၂၅:၁-၃၀) ယေရှုက “သို့ဖြစ်၍ နေ့ရက်၊ အချိန်နာရီကို သင်တို့မသိသောကြောင့် စောင့်နေကြလော့” လို့ပြောပြီး အဲဒီပုံဥပမာတွေရဲ့သင်ခန်းစာကို အလေးပေးခဲ့တယ်။ စာတန့်လောကကို ဖျက်ဆီးမယ့်အချိန်အတိအကျကို တပည့်တွေသိရမှာမဟုတ်ဘူးလို့ ယေရှု ပြောနေခြင်းဖြစ်တယ်။ (မ. ၂၅:၁၃) ကျွန်ုပ်တို့လည်း “စောင့်နေကြ” ရမယ်။ ယေရှုမိန့်မှာတဲ့အတိုင်း လုပ်ဆောင်ခြင်းက ကျွန်ုပ်တို့အတွက် ဘာကြောင့်ကောင်းသလဲ။ ဘယ်သူတွေက ဆက်စောင့်နေသလဲ။ ဆက်စောင့်နေနိုင်ဖို့ အခုအချိန်မှာ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။

ဆက်စောင့်နေခြင်းက ဘာကြောင့်ကောင်း

၄။ ဆက်စောင့်နေနိုင်ဖို့ အဆုံးရောက်လာမယ့်အချိန်အတိအကျကိုသိဖို့ ဘာကြောင့်မလိုအပ်တာလဲ။

တချို့ကိစ္စတွေက အချိန်အတိအကျသိဖို့လိုတယ်။ ဥပမာ၊ သင်ဟာ စက်ရုံမှာ အလုပ်လုပ်နေတယ်၊ ဆရာဝန်နဲ့ ချိန်းထားတယ်၊ ဒါမှမဟုတ် ကား၊ ရထားစီးမယ်ဆိုရင် နောက်မကျဖို့အတွက် အချိန်အတိအကျသိဖို့ လုပ်ရမယ်။ ဒါပေမဲ့ သင်ဟာ မီးငြိမ်းသတ်နေတယ်၊ ဒါမှမဟုတ် သဘာဝဘေးဒဏ်ဖြစ်ပွားပြီးတဲ့နောက် တစ်ယောက်ယောက်ရဲ့အသက်ကို ကယ်နေတယ်ဆိုရင် အချိန်ကိုပဲ တကြည့်ကြည့်လုပ်မနေသင့်ဘူး။ အဲဒီလိုလုပ်တာက အာရုံထွေပြားသွားစေနိုင်တယ်၊ ဒါမှမဟုတ် အန္တရာယ်တောင်ရှိနိုင်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ အချိန်ကိုသိဖို့ထက် အလုပ်ကိုအာရုံစိုက်ဖို့က အရမ်းအရေးကြီးတယ်။ ကျွန်ုပ်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်းက လူတွေကိုကယ်တင်ဖို့ ယေဟောဝါလုပ်ဆောင်ခဲ့ရာတွေအကြောင်း လူတွေသိအောင် ကူညီပေးတယ်။ ဒီလောကစနစ်ရဲ့အဆုံး နီးသည်ထက်နီးလာတာကြောင့် အခုအချိန်မှာ ဒီအလုပ်က အထူးသဖြင့် အရေးကြီးတယ်။ ကျွန်ုပ်တို့က ယေဟောဝါစေခိုင်းထားတဲ့အလုပ်ကို လုပ်ရင်း ဆက်စောင့်နေဖို့အတွက် အဆုံးရောက်လာမယ့်အချိန်နာရီ အတိအကျကို သိဖို့မလိုအပ်ဘူး။ အဆုံးရောက်လာမယ့်အချိန်ကို မသိတာက ကျွန်ုပ်တို့အတွက် အနည်းဆုံး နည်းငါးနည်းနဲ့ အကျိုးပြုတယ်။

၅။ အဆုံးရောက်လာမယ့်အချိန်ကို မသိရခြင်းက ကျွန်ုပ်တို့ရဲ့စိတ်ရင်းမှန်ကို ဘယ်လိုနည်းနဲ့ဖော်ပြခွင့် ရစေသလဲ။

ပထမအချက်အနေနဲ့ အဆုံးရောက်လာမယ့်အချိန်ကို ကျွန်ုပ်တို့မသိရတဲ့အတွက် ကျွန်ုပ်တို့ရဲ့စိတ်ရင်းမှန်ကိုပြသဖို့ အခွင့်အရေးရစေတယ်။ ယေဟောဝါက မိမိအပေါ်သစ္စာစောင့်သိဖို့ ကျွန်ုပ်တို့ကို အခွင့်အရေးပေးခြင်းအားဖြင့် ကျွန်ုပ်တို့ကို လေးစားကြောင်းတင်ပြတယ်။ ကျွန်ုပ်တို့က ဒီလောကစနစ်အဆုံးမှာ ကပ်ကျော်လွတ်မြောက်ချင်လို့၊ ထာဝရအသက်ရချင်လို့သာမဟုတ်ဘဲ ယေဟောဝါကိုချစ်လို့ ကိုယ်တော့်ကိုအမှုဆောင်ကြတယ်။ (ဆာလံ ၃၇:၄ ကိုဖတ်ပါ။) ဘုရားသခင့်အလိုတော်အတိုင်း လုပ်ဆောင်တဲ့အခါ ကျွန်ုပ်တို့ ပျော်ရွှင်ကြတယ်၊ ကိုယ်တော်က ကျွန်ုပ်တို့ရဲ့အကျိုးအတွက် သွန်သင်ပေးနေတယ်ဆိုတာ ကျွန်ုပ်တို့သိကြတယ်။ (ဟေရှာ. ၄၈:၁၇) ကိုယ်တော့်ရဲ့ပညတ်တွေက ဝန်ထုပ်ဝန်ပိုးလို ထမ်းရခက်လွန်းတယ်လို့ ကျွန်ုပ်တို့မခံစားကြဘူး။—၁ ယော. ၅:၃

၆။ ကျွန်ုပ်တို့က ဘုရားသခင်ကိုချစ်လို့ အမှုဆောင်တဲ့အခါ ကိုယ်တော် ဘယ်လိုခံစားရသလဲ။ ဘာကြောင့်လဲ။

ဒုတိယအချက်အနေနဲ့ နေ့ရက်၊ အချိန်နာရီကို ကျွန်ုပ်တို့မသိရခြင်းက ယေဟောဝါရဲ့စိတ်နှလုံးကို ရွှင်လန်းအောင်လုပ်ဆောင်ဖို့ အခွင့်အရေးရစေတယ်။ မကြာခင် အဆုံးရောက်လာတော့မှာဖြစ်လို့ ဒါမှမဟုတ် အသက်ဆုလိုချင်လို့ဆိုတဲ့ အကြောင်းတစ်ခုတည်းကြောင့်မဟုတ်ဘဲ ကိုယ်တော့်ကိုချစ်လို့ အမှုဆောင်တဲ့အခါ ယေဟောဝါရဲ့ ရန်သူစာတန်ဟာ လိမ်လည်သူဖြစ်ကြောင်း ဝိုင်းဝန်းသက်သေပြရာရောက်တယ်။ (ယောဘ ၂:၄၊ ၅; သု. ၂၇:၁၁ ကိုဖတ်ပါ။) စာတန်ဖန်တီးခဲ့တဲ့ ဆင်းရဲဒုက္ခတွေ ဘယ်လောက်တောင်များသလဲဆိုတာ စဉ်းစားကြည့်ပါ၊ ဒါကြောင့် ကျွန်ုပ်တို့က ယေဟောဝါရဲ့အကြွင်းမဲ့အုပ်ချုပ်ပိုင်ခွင့်ကို ထောက်ခံပြီး စာတန့်အုပ်ချုပ်မှုကို ငြင်းပယ်ရတာကို ပျော်ကြတယ်။

၇။ ကျွန်ုပ်တို့ရဲ့အသက်တာကို ဘုရားသခင့်အမှုဆောင်ဖို့နဲ့ တခြားသူတွေကို ကူညီပေးဖို့ ဘာကြောင့်အသုံးပြုချင်တာလဲ။

တတိယအချက်အနေနဲ့ အဆုံးရောက်လာမယ့် နေ့ရက်အတိအကျကို မသိရခြင်းက တစ်ကိုယ်ကောင်းဆန်ဆန် မပြုကျင့်ဖို့၊ ကျွန်ုပ်တို့ရဲ့အချိန်ကို ဘုရားသခင့်အမှုဆောင်ဖို့နဲ့ တခြားသူတွေကို ကူညီပေးရာမှာအသုံးပြုဖို့ ပိုပြီးလွယ်ကူစေတယ်။ ယနေ့အချိန်မှာရှိတဲ့ ဘုရားသခင်ကိုမသိသူတချို့က ကမ္ဘာကြီးပျက်တော့မယ်လို့ ယုံကြည်လက်ခံထားကြတယ်။ သဘာဝဘေးဒဏ်တစ်ခုခုကြောင့် ကမ္ဘာကြီး အချိန်မရွေးပျက်စီးသွားမှာကို သူတို့ကြောက်လန့်နေကြတယ်၊ ဒါကြောင့် သူတို့မှာ “စားလျက်၊ သောက်လျက်နေကြစို့၊ အကြောင်းမူကား နက်ဖြန်သေကြရမည်” ဆိုတဲ့ သဘောထားမျိုးရှိကြတယ်။ (၁ ကော. ၁၅:၃၂) ဒါပေမဲ့ ကျွန်ုပ်တို့ကတော့ မကြောက်ကြဘူး။ ဒါ့အပြင် ကိုယ့်အရေးကိုပဲ ဂရုစိုက်တာမျိုးလည်း မလုပ်ကြဘူး။ (သု. ၁၈:၁) အဲဒါတွေနဲ့ဆန့်ကျင်ပြီး ကျွန်ုပ်တို့က ယေဟောဝါရဲ့အလိုတော်ကို ဘဝမှာ ပထမနေရာမှာထားတယ်၊ အချိန်၊ ခွန်အား အပါအဝင် ကျွန်ုပ်တို့မှာရှိသမျှအရာအားလုံးကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောဖို့ တလိုတလားအသုံးပြုကြတယ်။ (မဿဲ ၁၆:၂၄ ကိုဖတ်ပါ။) ဘုရားသခင်ကို ကျွန်ုပ်တို့အမှုဆောင်ခြင်းက ပျော်ရွှင်မှုခံစားရစေတယ်၊ အထူးသဖြင့် ဘုရားသခင်အကြောင်းသိလာအောင် တခြားသူတွေကို ကူညီပေးတဲ့အခါမှာ ဖြစ်တယ်။

၈။ ယေဟောဝါနဲ့ သမ္မာကျမ်းစာကို အပြည့်အဝယုံကြည်ကိုးစားဖို့လိုကြောင်း ဘယ်ကျမ်းစာပုံနမူနာက ဖော်ပြသလဲ။

စတုတ္ထအချက်အနေနဲ့ နေ့ရက်၊ အချိန်နာရီကိုမသိရခြင်းက ယေဟောဝါကို အပြည့်အဝယုံကြည်ကိုးစားဖို့နဲ့ ကျမ်းစာပါမိန့်မှာချက်တွေကို အစွမ်းကုန် ကြိုးစားနာခံဖို့ ကူညီပေးတယ်။ ကျွန်ုပ်တို့က မစုံလင်ကြလို့ ကိုယ့်ကိုယ်ကိုယ်အားကိုးမိဖို့ အရမ်းလွယ်တယ်။ ပေါလုက ခရစ်ယာန်အားလုံးကို “မိမိတည်ကြည်နေသည်ဟု ထင်မှတ်သောသူသည် မလဲကျရန် သတိပြုစေ” ဆိုပြီး သတိပေးခဲ့တယ်။ ကတိထားရာပြည်ကိုမဝင်ခင်လေးမှာ အစ္စရေးလူ ၂၃,၀၀၀ ဟာ ယေဟောဝါကိုမနာခံတဲ့အတွက်ကြောင့် သေကျေပျက်စီးခဲ့ရတဲ့အကြောင်း သူဖော်ပြခဲ့တယ်။ ပေါလုက ဒီလောကစနစ်ရဲ့အဆုံး အရမ်းနီးနေတဲ့အချိန်မှာ အသက်ရှင်နေရတဲ့ “ငါတို့ကို သတိပေးရန် ကျမ်းစာ၌ရေးထား” တယ်ဆိုပြီး ပြောခဲ့တယ်။—၁ ကော. ၁၀:၈၊ ၁၁၊ ၁၂

၉။ အခက်အခဲစမ်းသပ်မှုတွေက ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းနဲ့ ဘုရားသခင်နဲ့ဆက်ဆံရေးကို ဘယ်လိုခိုင်ခံ့စေနိုင်သလဲ။

ပဉ္စမအချက်အနေနဲ့ အဆုံးရောက်လာမယ့်အချိန်ကိုမသိရခြင်းက အခက်အခဲစမ်းသပ်မှုတွေကနေ သင်ယူပြီး ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့အောင်လုပ်ဖို့ အခွင့်အရေးရစေတယ်။ (ဆာလံ ၁၁၉:၇၁ ကိုဖတ်ပါ။) ဒီလောကစနစ်ရဲ့ နောက်ဆုံးနေ့ရက်တွေဟာ “ခက်ခဲကျပ်တည်းသောကာလ” ဖြစ်တယ်။ (၂ တိ. ၃:၁-၅) စာတန့်လောကမှာရှိတဲ့လူများစွာက ကျွန်ုပ်တို့ကို မုန်းတယ်၊ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းအတွက် နှိပ်စက်ညှဉ်းပန်းခံရနိုင်တယ်။ (ယော. ၁၅:၁၉; ၁၆:၂) ဒါပေမဲ့ မီးက သတ္တုကိုသန့်စင်ပေးနိုင်သလိုပဲ အခက်အခဲစမ်းသပ်မှုတွေက ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို သန့်စင်ပေးပြီး ပိုခိုင်ခံ့သည်ထက် ခိုင်ခံ့စေတယ်။ ကျွန်ုပ်တို့က နှိမ့်ချပြီး ယေဟောဝါရဲ့လမ်းညွှန်မှုအတိုင်း လိုက်နာမယ်ဆိုရင် အခက်အခဲစမ်းသပ်မှုတွေကြောင့် ကိုယ်တော့်အမှုဆောင်တာကို ရပ်ပစ်လိုက်မှာမဟုတ်ဘူး။ အဲဒီအစား ဘုရားသခင်နဲ့ကျွန်ုပ်တို့ကြားမှာရှိတဲ့ ဆက်ဆံရေးက စိတ်ကူးကြည့်လို့ရနိုင်တာထက်ကို ပိုခိုင်ခံ့လာမှာဖြစ်တယ်။—ယာ. ၁:၂-၄; ၄:၈

၁၀။ ဘာလုပ်နေတဲ့အခါမှာ အချိန်ကုန်မြန်တယ်လို့ ထင်ရသလဲ။

၁၀ အချိန်က ကုန်မြန်တယ်လို့ထင်ရနိုင်သလို နှေးလိုက်တာလို့လည်း ထင်မိနိုင်တယ်။ ကျွန်ုပ်တို့က အလုပ်များနေလို့ နာရီကိုမကြည့်မိတဲ့အခါ အချိန်ကုန်တာ သိပ်မြန်တယ်လို့ ထင်ရတယ်။ အလားတူပဲ ကျွန်ုပ်တို့ကို ယေဟောဝါပေးအပ်ထားတဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့အလုပ်မှာ အလုပ်များနေတယ်ဆိုရင် အဆုံးက ကျွန်ုပ်တို့ထင်ထားတာထက် ပိုပြီး မြန်မြန်ဆန်ဆန်ရောက်လာမယ်လို့ ထင်ရနိုင်တယ်။ ကောင်းကင်အတန်းအစားအများစုက ကျွန်ုပ်တို့အတွက် တကယ့်ကိုကောင်းတဲ့ ပုံနမူနာတွေဖြစ်ခဲ့ကြတယ်၊ အကြောင်းကတော့ သူတို့က ဘုရားသခင့်အမှုတော်မှာ အလုပ်များနေကြလို့ပဲ။ ၁၉၁၄ ခုနှစ်မှာ ယေရှုဘုရင်ဖြစ်လာပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေနဲ့ ကောင်းကင်အတန်းအစားတွေထဲက အသင့်ရှိခဲ့သူတွေနဲ့ အသင့်မရှိခဲ့သူတွေအကြောင်း အကျဉ်းချုပ်သုံးသပ်ကြည့်ကြစို့။

ကောင်းကင်အတန်းအစားများ အသင့်ရှိကြောင်း တင်ပြကြ

၁၁။ ၁၉၁၄ ခုနှစ် နောက်ပိုင်းမှာ ကောင်းကင်အတန်းအစားတချို့က ယေရှုကြန့်ကြာနေတယ်လို့ ဘာကြောင့်ထင်ခဲ့ကြတာလဲ။

၁၁ ယေရှုပြောခဲ့တဲ့ အပျိုကညာတွေနဲ့ တဲလင့်ပုံဥပမာတွေကို ပြန်စဉ်းစားကြည့်ပါ။ အဲဒီပုံဥပမာတွေမှာပါတဲ့ အပျိုကညာတွေ ဒါမှမဟုတ် ကျွန်တွေက သတို့သား ဒါမှမဟုတ် သခင် ရောက်လာမယ့်အချိန်ကို သိထားတယ်ဆိုရင် စောင့်နေစရာမလိုဘူး။ ဒါပေမဲ့ သူတို့မသိတဲ့အတွက်ကြောင့် အသင့်ရှိနေဖို့ လိုအပ်ခဲ့တယ်။ ၁၉၁၄ ခုနှစ်က ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်မယ်ဆိုတာကို ကောင်းကင်အတန်းအစားတွေသိလာခဲ့တာ နှစ်ပေါင်းများစွာကြာပြီ၊ ဒါပေမဲ့ ဘာဖြစ်လာမယ်ဆိုတာကိုတော့ သူတို့ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ကြဘူး။ သူတို့ မျှော်လင့်ထားတဲ့အတိုင်း အတိအကျဖြစ်မလာတဲ့အခါ ယေရှုကြန့်ကြာနေတယ်လို့ သူတို့ထဲကတချို့ ယူဆခဲ့ကြတယ်။ ၁၉၁၄၊ အောက်တိုဘာလနဲ့ပတ်သက်ပြီး ညီအစ်ကိုတစ်ဦးက နောက်ပိုင်းမှာ ဒီလိုပြောခဲ့တယ်– “ကျွန်တော်တို့ထဲက တချို့သူတွေက အဲဒီအောက်တိုဘာလရဲ့ ပထမပတ်အတွင်းမှာ ကောင်းကင်ကိုသွားရမယ်လို့ သေချာပေါက် ယူဆခဲ့ကြတယ်။”

၁၂။ ကောင်းကင်အတန်းအစားတွေက သစ္စာနဲ့သတိပညာရှိကြောင်း ဘယ်လိုတင်ပြခဲ့ကြသလဲ။

၁၂ အဆုံးရောက်လာဖို့ မျှော်လင့်ထားပြီးမှ မရောက်လာတဲ့အတွက် ဘယ်လောက်ထိ ခက်ခဲခဲ့မယ်ဆိုတာ စဉ်းစားကြည့်ပါ။ ပထမကမ္ဘာစစ်အတွင်းမှာလည်း စစ်နဲ့ဆက်နွှယ်တဲ့ နှိပ်စက်ညှဉ်းပန်းမှု ခံရသေးတယ်။ အဲဒီအချိန်တုန်းက ဟောပြောခြင်းလုပ်ငန်းဟာ လုံးဝရပ်တန့်လုနီးပါး ဖြစ်ခဲ့ပြီး ကောင်းကင်အတန်းအစားတွေ အိပ်ပျော်နေသလိုမျိုးဖြစ်ခဲ့တယ်။ ဒါပေမဲ့ ၁၉၁၉ ခုနှစ်မှာ တစ်စုံတစ်ရာက သူတို့ကိုနှိုးခဲ့တယ်။ ယေရှုက ခရစ်ယာန်တွေပါလို့ မိမိကိုယ်ကိုခေါ်ဆိုသူအားလုံးကို စစ်ဆေးဖို့ ကြွလာခဲ့တယ်။ ကောင်းကင်အတန်းအစားတချို့က ဒီစစ်ဆေးမှုမှာ ကျရှုံးခဲ့ပြီး သခင်ဖြစ်တဲ့ယေရှုအတွက် ဆက်အလုပ်မလုပ်ကြတော့ဘူး။ (မ. ၂၅:၁၆) သူတို့တွေဟာ နိုးနိုးကြားကြားမရှိခဲ့ဘူး၊ သူတို့ရဲ့မီးခွက်ကို ဆီမဖြည့်ထားတဲ့ မိုက်မဲတဲ့အပျိုကညာတွေနဲ့ တူခဲ့ကြတယ်။ အဲဒီအပြင် သခင်အပေါ် သစ္စာမရှိတဲ့ ပျင်းရိတဲ့ကျွန်လိုပဲ သူတို့တွေဟာ ဘုရားသခင့်နိုင်ငံတော်အတွက် တလိုတလား စွန့်လွှတ်အနစ်နာခံလိုစိတ် မရှိကြဘူး။ ဒါပေမဲ့ ကောင်းကင်အတန်းအစားအများစုက မယိမ်းယိုင်တဲ့ သစ္စာတည်ကြည်မှု ပြသခဲ့ကြပြီး စစ်ကြီးအတွင်း ခက်ခဲတဲ့နှစ်တွေမှာတောင် သခင့်အမှုကိုဆောင်ဖို့ ပြင်းပြတဲ့ဆန္ဒရှိကြောင်း တင်ပြခဲ့ကြတယ်။

၁၃။ ၁၉၁၄ နောက်ပိုင်းမှာ ကောင်းကင်အတန်းအစားတွေရဲ့ သဘောထားက ဘယ်လိုရှိသလဲ။ ယနေ့အချိန်မှာကော ဘယ်လိုသဘောထားမျိုးရှိသလဲ။

၁၃ ၁၉၁၄ ခုနှစ်နောက်ပိုင်းမှာ ကင်းမျှော်စင်က အဲဒီအချိန်မှာရှိတဲ့ ကောင်းကင်အတန်းအစားအများစုရဲ့ သဘောထားကို ရှင်းပြခဲ့တယ်။ မှန်ကန်တဲ့သဘောထားရှိသူတွေဟာ စိတ်မပျက်ခဲ့ကြဘူးဆိုပြီး ဖော်ပြခဲ့တယ်။ ဒီလိုဆက်ဖော်ပြတယ်– “ကျွန်ုပ်တို့က ကျွန်ုပ်တို့ရဲ့အလိုဆန္ဒအတိုင်းဖြစ်ဖို့ မလိုလားဘူး၊ ဒါကြောင့် ၁၉၁၄၊ အောက်တိုဘာလမှာ ကျွန်ုပ်တို့မျှော်လင့်တာက လွဲမှားနေတယ်ဆိုတာ သိလာတယ်၊ သခင်က သူ့ရဲ့အစီအစဉ်ကို ကျွန်ုပ်တို့ရဲ့ဆန္ဒနဲ့ကိုက်ညီဖို့ မပြောင်းလဲခဲ့တဲ့အတွက် ကျွန်ုပ်တို့ ဝမ်းသာကြတယ်။ အဲဒီလိုပြောင်းလဲလိုက်မှာကို ကျွန်ုပ်တို့ မလိုလားကြဘူး။ သခင့်ရဲ့အစီအစဉ်တွေနဲ့ ရည်ရွယ်ချက်တွေကိုပဲ ကျွန်ုပ်တို့ပိုနားလည်ဖို့ ဆန္ဒရှိတယ်။” ဒီနှိမ့်ချတဲ့သဘောထားနဲ့ ဘုရားသခင့်အလိုတော် ဆောင်လိုတဲ့ဆန္ဒကို ယနေ့ ကောင်းကင်အတန်းအစားခရစ်ယာန်တွေ ပြသနေကြတယ်။ သူတို့ကိုသူတို့ ရှေးခေတ်တုန်းကကျမ်းရေးသူတွေလို ဘုရားသခင့်စွမ်းအားတော်ရဲ့တိုက်တွန်းမှု ခံရတယ်လို့ မပြောခဲ့ဘူး။ သခင် သူတို့ကိုအပ်နှင်းထားတဲ့ မြေကြီးပေါ်က အလုပ်ကိုပဲ လုပ်ဆောင်လိုကြတယ်။ အခု မြေကြီးပေါ်မှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတဲ့ “အခြားသိုး” တွေထဲက “လူအုပ်ကြီး” ဟာ သူတို့ရဲ့စံနမူနာကို တုပနေကြတယ်။—ဗျာ. ၇:၉; ယော. ၁၀:၁၆

အသင့်ဖြစ်နေကြောင်း ကျွန်ုပ်တို့ပြသကြ

၁၄။ သစ္စာနဲ့သတိပညာရှိကျွန်ကတစ်ဆင့် ယေဟောဝါ သင်ကြားပေးရာတွေကို နာခံခြင်းက ကျွန်ုပ်တို့အတွက် ဘာကြောင့်ကောင်းတာလဲ။

၁၄ ဘုရားသခင်က မိမိရဲ့လူမျိုးကို အချိန်တန်အစာကျွေးမွေးဖို့၊ သမ္မာကျမ်းစာနဲ့ စွမ်းအားတော်ကနေ အကျိုးခံစားရနိုင်ပုံကို သင်ပေးဖို့ သစ္စာနဲ့သတိပညာရှိကျေးကျွန်ကို ရွေးချယ်ခဲ့တယ်။ ကောင်းကင်အတန်းအစား ခရစ်ယာန်တွေနဲ့ လူအုပ်ကြီးမှာပါဝင်သူတွေက သစ္စာနဲ့သတိပညာရှိကျွန်ကတစ်ဆင့် ယေဟောဝါသွန်သင်ပေးရာတွေကို နာခံဖိုအသင့်ရှိကြောင်း တင်ပြကြတယ်။ ဒါက သူတို့လည်းပဲ ဆီမီးခွက်တွေကို ဆီပြန်ဖြည့်နေတာနဲ့တူတယ်။ (ဆာလံ ၁၁၉:၁၃၀; ယောဟန် ၁၆:၁၃ တို့ကိုဖတ်ပါ။) ရလဒ်အနေနဲ့ သူတို့တွေက ခရစ်တော်ပြန်ကြွလာမယ့်အချိန်အတွက် အသင့်ရှိနေနိုင်ကြမယ်။ အလွန့်အလွန် ခက်ခဲတဲ့အခြေအနေတွေမှာတောင် သစ္စာရှိနေဖို့ ခွန်အားလည်း ရကြတယ်။ ဥပမာ၊ နာဇီအကျဉ်းထောင်မှာရောက်နေတဲ့ ညီအစ်ကိုတွေမှာ ကျမ်းစာတစ်အုပ်ပဲရှိတယ်။ ဒါကြောင့် သူတို့က ပုံဆောင်အစာများများရဖို့ ဆုတောင်းခဲ့ကြတယ်။ ဆုတောင်းပြီးမကြာခင်မှာပဲ အခုလေးတင် အကျဉ်းထောင်ထဲရောက်လာတဲ့ ညီအစ်ကိုတစ်ဦးက ကင်းမျှော်စင်လထုတ်အသစ်တချို့ကို သူ့ရဲ့သစ်သားခြေတုထဲဝှက်ပြီး ယူလာတာကို သိလိုက်ရတယ်။ အသက်ရှင်လွတ်မြောက်လာသူတွေထဲက တစ်ဦးဖြစ်တဲ့ ကောင်းကင်အတန်းအစား ညီအစ်ကို အန်းစ် ဗွိုင်က “အဲဒီဆောင်းပါးတွေထဲမှာပါတဲ့ အားရှိစေတဲ့အကြောင်းအရာတွေကို မှတ်မိစေဖို့ ယေဟောဝါက ညီအစ်ကိုတွေကို အံ့ဖွယ်နည်းနဲ့ ကူညီပေးခဲ့တယ်” လို့ နောက်ပိုင်းမှာ ပြောပြခဲ့တယ်။ အဲဒီနောက် သူက “အခုအချိန်မှာ ပုံဆောင်အစာကို အလွယ်တကူရနိုင်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဒါကို တန်ဖိုးထားလေးမြတ်ရဲ့လား။ ယေဟောဝါက မိမိကိုယုံကြည်ကိုးစား၊ ဆက်သစ္စာရှိပြီး မိမိစားပွဲမှာ စားသောက်သူတွေအတွက် ပေါကြွယ်၀တဲ့ကောင်းချီးတွေကို သိုထားတယ်ဆိုတာ ကျွန်တော် ယုံကြည်စိတ်ချတယ်” လို့လည်း ဆက်ပြောခဲ့တယ်။

၁၅၊ ၁၆။ မောင်နှံတစ်စုံဟာ ဟောပြောခြင်းလုပ်ငန်းမှာ ထက်ထက်သန်သန်ပါဝင်တဲ့အတွက် ဘာကောင်းချီးရခဲ့သလဲ။ အဲဒီတွေ့ကြုံမှုတွေကနေ သင် ဘာသင်ယူနိုင်သလဲ။

၁၅ အခြားသိုးက ဟောပြောခြင်းလုပ်ငန်းမှာ ဆက်အလုပ်များနေခြင်းအားဖြင့် ခရစ်တော်ရဲ့ညီတွေကို ကူညီပေးတယ်။ (မ. ၂၅:၄၀) သူတို့တွေက ယေရှုရဲ့ပုံဥပမာထဲက ပျင်းရိတဲ့ကျွန်ဆိုးနဲ့ မတူဘူး။ သူတို့က ဘဝမှာ ဘုရားသခင့်နိုင်ငံတော်ကို ပထမနေရာမှာထားနိုင်အောင် စွန့်လွှတ်အနစ်နာခံမှုတွေပြုလုပ်ဖို့ တလိုတလားရှိကြတယ်။ ဥပမာ၊ ဂျွန်နဲ့ မာဆာကိုတို့ဟာ ကင်ညာနိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးတွေကို ဟောပြောရာမှာ ကူညီပေးဖို့ ဖိတ်ခေါ်ချက်ကို ရရှိခဲ့ကြတယ်။ ပထမတော့ သူတို့က သွားသင့်မသင့်ဆိုတာကို ဝေခွဲမရဖြစ်ခဲ့တယ်၊ ဒါပေမဲ့ သူတို့ရဲ့အခြေအနေကို သုံးသပ်၊ ဆုတောင်းပြီးတဲ့နောက် အဲဒီကိုပြောင်းရွှေ့အမှုဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

၁၆ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ အလျှံပယ်ကောင်းချီးပေးခဲ့တယ်။ သူတို့ရဲ့အမှုဆောင်လုပ်ငန်းက အံ့ဩစရာကောင်းလောက်အောင် တိုးတက်တယ်ဆိုပြီး ပြောခဲ့တယ်။ ကျမ်းစာသင်အံမှုခုနစ်ခုကို စတင်ခဲ့ပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ တခြားအတွေ့အကြုံတွေကိုလည်းရခဲ့ကြတယ်။ သူတို့ ဒီလိုထပ်ပြောပြတယ်– “ကျွန်တော်တို့ကို ဒီမှာအမှုဆောင်ခွင့်ပေးတဲ့အတွက် ယေဟောဝါကို နေ့တိုင်းကျေးဇူးတင်ပါတယ်။” တခြားညီအစ်ကိုညီအစ်မများစွာလည်း အဆုံး ဘယ်အချိန်ပဲရောက်လာပါစေ ဘုရားသခင့်အမှုတော်မှာ အလုပ်များနေချင်တယ်ဆိုတာကို တင်ပြခဲ့ကြတယ်။ ထောင်ပေါင်းများစွာသောသူတွေက ဂိလဒ်သင်တန်းကျောင်းကို တက်ရောက်ခဲ့ကြပြီး ခရစ်ယာန်သာသနာပြုတွေအဖြစ် အမှုဆောင်နေကြတယ်။ ၂၀၀၁၊ အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်မှာပါတဲ့ “ကျွန်ုပ်တို့အတတ်နိုင်ဆုံးလုပ်ဆောင်ကြ” ဆိုတဲ့ ဆောင်းပါးကိုဖတ်ရင် ခရစ်ယာန်သာသနာပြုလုပ်ငန်းအကြောင်း သင် ပိုသိရှိနိုင်ပါတယ်။ အဲဒီဆောင်းပါးမှာပါတဲ့ ခရစ်ယာန်သာသနာပြုတစ်ယောက်ရဲ့ စိတ်ဝင်စားစရာ တစ်ရက်တာအကြောင်း သင်ဖတ်ရှုတဲ့အခါ ဘုရားသခင့်အမှုတော်မှာ သင် ဘယ်လို တိုးချဲ့ပါဝင်နိုင်သလဲဆိုတဲ့အချက်ကို စဉ်းစားပါ။ သင့်ရဲ့အမှုဆောင်လုပ်ငန်းက ကိုယ်တော့်ကိုချီးမွမ်းမှုဖြစ်စေပြီး သင့်ကို ပိုပြီးရွှင်လန်းစေပါလိမ့်မယ်။

သင်လည်း ဆက်စောင့်နေပါ

၁၇။ အဆုံးရောက်လာမယ့် နေ့ရက်နဲ့အချိန်ကိုမသိရခြင်းက ဘယ်လိုနည်းနဲ့ ကျွန်ုပ်တို့အတွက် ကောင်းချီးဖြစ်သလဲ။

၁၇ ဒီလောကစနစ်အဆုံးတိုင်မယ့် နေ့ရက်၊ အချိန်ကိုမသိရလို့ ကျွန်ုပ်တို့ စိတ်ပျက်လက်ပျက်ဖြစ်နေမှာမဟုတ်ဘူး။ အဲဒီအစား ဒါက ကျွန်ုပ်တို့အတွက် ကောင်းချီးဖြစ်တယ်ဆိုတာ ရှင်းနေပါတယ်။ ဒါက ဘုရားသခင့်အလိုတော်ဆောင်ခြင်းမှာ ဆက်ပြီးအလုပ်များနေဖို့ ကူညီပေးသလို မေတ္တာရှင်ဖခင်ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကိုလည်း ပိုခိုင်မာစေတယ်။ ကျွန်ုပ်တို့ကို ယေရှုစေခိုင်းထားတဲ့အလုပ်ကို အာရုံစိုက်လုပ်ဆောင်ပြီး အာရုံပျံ့လွင့်စရာတွေကို ရှောင်တဲ့အတွက်ကြောင့် ယေဟောဝါကို ပျော်ရွှင်စွာအမှုဆောင်နိုင်တဲ့ အသက်တာကို ရရှိကြတယ်။—လု. ၉:၆၂

၁၈။ ဘုရားသခင့်အမှုတော်ကို ကျွန်ုပ်တို့ ဘာကြောင့် ဆက်ပြီးသစ္စာရှိရှိ ထမ်းဆောင်ချင်တာလဲ။

၁၈ ဒီလောကစနစ်ရဲ့အဆုံးက အရမ်းနီးနေပြီ၊ ဒါကြောင့် ဘုရားသခင့်အမှုတော်ကို ကျွန်ုပ်တို့ သစ္စာရှိရှိ ထမ်းဆောင်ချင်ကြတယ်။ ယေဟောဝါနဲ့ယေရှုကို စိတ်ပျက်အောင် ကျွန်ုပ်တို့မလုပ်ချင်ကြဘူး။ သူတို့က ကျွန်ုပ်တို့ကို ဒီနောက်ဆုံးသောနေ့ရက်တွေမှာ လုပ်ရမယ့်အလုပ် ပေးထားတယ်။ ကျွန်ုပ်တို့ကို ယုံကြည်စိတ်ချတဲ့အတွက် အရမ်းကျေးဇူးတင်ဖို့ ကောင်းလှပါတယ်။—၁ တိမောသေ ၁:၁၂ ကိုဖတ်ပါ။

၁၉။ ဒီလောကစနစ်ရဲ့အဆုံးအတွက် ကျွန်ုပ်တို့ ဘယ်လိုအသင့်ရှိနေနိုင်သလဲ။

၁၉ ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်က ကောင်းကင်မှာဖြစ်စေ၊ မြေကြီးပရဒိသုမှာဖြစ်စေ ကျွန်ုပ်တို့က ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို လုပ်ဆောင်ပါဆိုတဲ့ ဘုရားသခင့်အမိန့်တော်ကို ဆက်ပြီးနာခံသွားကြပါစို့။ ယေဟောဝါရဲ့နေ့ရောက်လာမယ့် နေ့ရက်နဲ့အချိန်အတိအကျကို ကျွန်ုပ်တို့ သိဖို့မလိုပါဘူး။ ကျွန်ုပ်တို့က အဲဒီနေ့အတွက် အသင့်ရှိနေနိုင်ပြီး အသင့်ရှိနေကြပါလိမ့်မယ်။ (မ. ၂၄:၃၆၊ ၄၄) ယေဟောဝါကို အပြည့်အဝယုံကြည်ကိုးစားပြီး ဘုရားသခင့်နိုင်ငံတော်ကို ဦးစွာရှာနေသရွေ့ ကျွန်ုပ်တို့ စိတ်ပျက်ရမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။—ရော. ၁၀:၁၁