မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိမိရဲ့ ပျော်ရွှင်တဲ့လူတွေကို ယေဟောဝါစုဝေး

မိမိရဲ့ ပျော်ရွှင်တဲ့လူတွေကို ယေဟောဝါစုဝေး

‘ယောက်ျား၊ မိန်းမ၊ သူငယ်၊ တည်းခိုသောတစ်ပါးအမျိုးသား တို့ကို စုဝေးစေကြလော့။’ —တရား. ၃၁:၁၂

၁၊ ၂။ ဒီဆောင်းပါးမှာ စည်းဝေးကြီးတွေနဲ့ပတ်သက်တဲ့ ဘယ်အချက်တွေကို လေ့လာမလဲ။

ယေဟောဝါသက်သေတွေ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတွေနဲ့ ခရိုင်စည်းဝေးကြီးတွေမှာ စုဝေးကြတာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ကျွန်ုပ်တို့ထဲက အများစုဟာ ဒီစည်းဝေးကြီးတွေကို နှစ်တွေတစ်လျှောက် အကြိမ်ပေါင်းများစွာ တက်ရောက်ခဲ့ကြဖူးသူတွေ ဖြစ်တယ်။

ဘုရားသခင့်လူမျိုးတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ချီကတည်းက စည်းဝေးကြီးတွေ လုပ်ခဲ့ကြတယ်။ သမ္မာကျမ်းစာမှာပါတဲ့ စုဝေးမှုကြီးတွေအကြောင်းနဲ့ အဲဒီစုဝေးမှုကြီးတွေက ယနေ့စည်းဝေးကြီးတွေနဲ့ ဘယ်လိုဆင်တူတယ်ဆိုတာ အခု လေ့လာကြပါမယ်။ ဒီစည်းဝေးကြီးတွေကို ကျွန်ုပ်တို့ ဘာကြောင့် တက်သင့်သလဲဆိုတာကိုလည်း လေ့လာကြပါမယ်။—ဆာ. ၄၄:၁; ရော. ၁၅:၄

ကျမ်းစာခေတ်နဲ့ ယနေ့ခေတ်မှာကျင်းပတဲ့ သမိုင်းဝင်စည်းဝေးကြီးများ

၃။ (က) သမ္မာကျမ်းစာမှာဖော်ပြထားတဲ့ ယေဟောဝါရဲ့လူမျိုး ဦးဆုံးစုဝေးမှုမှာ ဘာဖြစ်ခဲ့သလဲ။ (ခ) စုဝေးဖို့အတွက် အစ္စရေးလူတွေကို ဘယ်လို ဆင့်ခေါ်ခဲ့သလဲ။

ဘုရားသခင့်လူမျိုး ဦးဆုံးအကြိမ် လူအများနဲ့စုဝေးခဲ့တာက ယေဟောဝါရဲ့ ညွှန်ကြားချက်တွေကို နားထောင်ဖို့အတွက် သိနာတောင်ခြေမှာ စုဝေးခဲ့ချိန်ဖြစ်တယ်။ ဒါက စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ သမိုင်းဝင်အဖြစ်အပျက်တစ်ခု အမှန်ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ ယေဟောဝါက မိမိရဲ့တန်ခိုးတော်ကိုပြခဲ့ပြီး မိမိရဲ့လူမျိုး လိုက်နာရမယ့်ပညတ်တွေ ပေးခဲ့တယ်၊ အဲဒီနေ့ကို သူတို့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ (ထွ. ၁၉:၂-၉၊ ၁၆-၁၉; ထွက်မြောက်ရာ ၂၀:၁၈; တရားဟောရာ ၄:၉၊ ၁၀ တို့ကိုဖတ်ပါ။) အဲဒီနေ့မှာ အစ္စရေးလူတွေနဲ့ ဘုရားသခင့်ဆက်ဆံရေး အပြောင်းအလဲဖြစ်ခဲ့တယ်။ အဲဒီစုဝေးမှုကြီးပြီးလို့ သိပ်မကြာခင်မှာ ယေဟောဝါက မိမိရဲ့လူမျိုးကို စုဝေးဖို့ ဘယ်လို ဆင့်ခေါ်ရမယ်ဆိုတာ မောရှေကို ပြောပြခဲ့တယ်။ ကိုယ်တော်က မောရှေကို ငွေတံပိုးနှစ်လုံးလုပ်ခိုင်းပြီး အဲဒီတံပိုးမှုတ်သံကြားတဲ့အခါ “ပရိသတ်အပေါင်း” က “ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့” မှာစုဝေးရမှာဖြစ်တယ်။ (တော. ၁၀:၁-၄) ဒီလိုအချိန်အခါတွေမှာ လူတွေ ဘယ်လောက်စိတ်လှုပ်ရှားနေမလဲဆိုတာ မြင်ယောင်ကြည့်ပါ။

၄၊ ၅။ မောရှေနဲ့ ယောရှု ဦးဆောင်ပြုလုပ်ခဲ့တဲ့ စုဝေးမှုကြီးတွေက ဘာကြောင့် အရေးကြီးသလဲ။

အစ္စရေးလူမျိုးတွေ တောကန္တာရမှာ အနှစ် ၄၀ ကြာ လှည့်လည်သွားလာပြီးချိန်မှာ မောရှေက အစ္စရေးလူအားလုံးကို စုဝေးဖို့ အစီအစဉ်လုပ်ခဲ့တယ်။ ဒါက ဒီလူမျိုးရဲ့သမိုင်းမှာ တကယ့်အရေးကြီးတဲ့အချိန်ဖြစ်တယ်။ ကတိထားရာပြည်ထဲဝင်ဖို့ သူတို့ အသင့်ဖြစ်နေပြီ၊ ဒါကြောင့် အစ္စရေးလူတွေအတွက် ယေဟောဝါလုပ်ဆောင်ပေးခဲ့တာတွေနဲ့ လုပ်ဆောင်ပေးဦးမယ့်အရာတွေအကြောင်း ပြန်သတိပေးဖို့ မောရှေအတွက် အချိန်ကောင်းဖြစ်ခဲ့တယ်။—တရား. ၂၉:၁-၁၅; ၃၀:၁၅-၂၀; ၃၁:၃၀

မောရှေဟာ အဲဒီအချိန်မှာပဲ လူတွေကို ပုံမှန်စုဝေးမှုတစ်ခုရှိမယ့်အကြောင်း ပြောခဲ့တာဖြစ်နိုင်တယ်။ ခုနစ်နှစ်မြောက်နှစ်တိုင်း သကေနေပွဲ ကျင်းပတဲ့အခါ ယောက်ျား၊ မိန်းမ၊ ကလေးနဲ့ တည်းခိုတဲ့တစ်ပါးအမျိုးသားတွေဟာ ယေဟောဝါရွေးချယ်ထားတဲ့နေရာတစ်ခုမှာ စုဝေးကြရမယ်။ အဲဒီနေရာမှာ သူတို့က ယေဟောဝါရဲ့ပညတ်တွေကို သင်ယူကြရမယ်၊ အဲဒါမှ သူတို့က ကိုယ်တော့်ကို ကြောက်ရွံ့ပြီး ကိုယ်တော့်စကားကို နားထောင်ကြမှာဖြစ်တယ်။ (တရားဟောရာ ၃၁:၁၊ ၁၀-၁၂ ကိုဖတ်ပါ။) ဒါကြောင့် လူတွေစုဝေးပြီး မိမိရဲ့စကားတော်နဲ့ ရည်ရွယ်ချက်တွေကို လေ့လာသင်ယူဖို့ ယေဟောဝါ အလိုရှိတယ်ဆိုတာ ထင်ရှားတယ်။ နောက်ပိုင်း ကတိထားရာပြည်တစ်ခုလုံးကို သိမ်းပိုက်ပြီးတဲ့အခါမှာ ယောရှုက အစ္စရေးလူတွေကို စုဝေးလိုက်တယ်။ အဲဒီအချိန်တုန်းက သူတို့ပတ်ပတ်လည်မှာ အယူမှားဝတ်ပြုရေးကိုလိုက်စားတဲ့လူမျိုးတွေ နေထိုင်ကြတယ်၊ ဒါကြောင့် ယေဟောဝါအပေါ် ဆက်သစ္စာရှိဖို့အတွက် အစ္စရေးလူတွေကို အားပေးဖို့လိုတယ်ဆိုတာ ယောရှုသိတယ်။ အဲဒီနေ့မှာ လူတွေက ဘုရားသခင်ကိုဝတ်ပြုပါမယ်လို့ အလေးအနက် ကတိပြုခဲ့ကြတယ်။—ယောရှု ၂၃:၁၊ ၂; ၂၄:၁၊ ၁၅၊ ၂၁-၂၄

၆၊ ၇။ မျက်မှောက်ခေတ်မှာ သမိုင်းတွင်တဲ့ ဘယ်စည်းဝေးကြီးတွေ ကျင်းပခဲ့သလဲ။

မျက်မှောက်ခေတ် ယေဟောဝါသက်သေတွေရဲ့သမိုင်းမှာလည်း အထူးအရေးပါတဲ့ စည်းဝေးကြီးတွေ ရှိခဲ့တယ်။ ဒီစည်းဝေးကြီးတွေမှာဆိုရင် အဖွဲ့အစည်းရဲ့လုပ်ထုံးလုပ်နည်းဆိုင်ရာ အပြောင်းအလဲတွေနဲ့ ကျမ်းချက်နားလည်မှု အပြောင်းအလဲတွေအကြောင်း ကြေညာတယ်။ (သု. ၄:၁၈) ကျမ်းစာကျောင်းသားတွေဟာ ပထမကမ္ဘာစစ်နောက်ပိုင်း ဦးဆုံးစည်းဝေးကြီးကို ၁၉၁၉ ခုနှစ်၊ အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မှာ ကျင်းပခဲ့တယ်။ အဲဒီမှာ တက်ရောက်သူ ၇,၀၀၀ ရှိခဲ့ပြီး ကမ္ဘာချီဟောပြောခြင်းကင်ပိန်းအကြောင်း ကြေညာခဲ့တယ်။ ၁၉၂၂ ခုနှစ်ရောက်တဲ့အခါ အဲဒီနေရာမှာပဲ ကိုးရက်ကြာ စည်းဝေးကြီးတစ်ခုကို ကျင်းပခဲ့တယ်၊ ဂျိုးဇက် အက်ဖ် ရပ်သဖော့ဒ်က မဟာဗာဗုလုန် ဖျက်ဆီးခံရတဲ့အချိန်အထိ နေရာအနှံ့မှာဟောပြောဖို့ တက်ရောက်လာတဲ့ ပရိသတ်ကို အားမာန်ပါပါ အားပေးတိုက်တွန်းခဲ့တယ်။ သူ ဒီလိုပြောခဲ့တယ်– “ယေဟောဝါက ဘုရားသခင်ဖြစ်ပြီး ယေရှုခရစ်က ဘုရင်တကာတို့ရဲ့ဘုရင်၊ သခင်တကာတို့ရဲ့သခင်ဖြစ်တယ်ဆိုတာ ကမ္ဘာသားတွေ သိရကြမယ်။ ဒီနေ့က အထူးမြတ်ဆုံးနေ့ဖြစ်တယ်။ ကြည့်ပါ၊ ဘုရင်စိုးစံပြီ။ သင်တို့က ကိုယ်တော့်ရဲ့ လူသိရှင်ကြား ကိုယ်စားလှယ်တွေဖြစ်တယ်။ ဒါကြောင့် ဘုရင်နဲ့ ကိုယ်တော့်နိုင်ငံကို ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ။” ရလဒ်အနေနဲ့ အဲဒီမှာရှိတဲ့ ပရိသတ်တွေရော၊ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ဘုရားသခင့်လူမျိုးတွေပါ အရင်ကထက်ပိုပြီး ထက်ထက်သန်သန် ဟောပြောခဲ့ကြတယ်။

ကျမ်းစာကျောင်းသားတွေဟာ ၁၉၃၁ ခုနှစ်၊ အိုဟိုင်အိုပြည်နယ်၊ ကိုလံဘတ်စ်မြို့မှာ ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို စိတ်လှုပ်ရှားစွာ ခံယူခဲ့ကြတယ်။ အဲဒီနောက် ၁၉၃၅ ခုနှစ်၊ ဝါရှင်တန်ဒီစီမှာ ညီအစ်ကို ရပ်သဖော့ဒ်က “ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့တွင် ရပ်နေကြ” တဲ့ “လူအုပ်ကြီး” က ဘယ်သူလဲဆိုတာကို ရှင်းပြခဲ့တယ်။ (ဗျာ. ၇:၉-၁၇) ၁၉၄၂ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ဖြစ်နေဆဲမှာ နေသန် အိတ်ခ်ျ နောရ်က “ငြိမ်းချမ်းရေး—တည်မြဲတည်နိုင်မည်လော” ဆိုတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဟောပြောချက်ကို ဟောပြောခဲ့တယ်။ အဲဒီဟောပြောချက်မှာ ဗျာဒိတ် ၁၇ မှာပါတဲ့ “နီမြန်းသောသားရဲ” ကဘယ်သူလဲဆိုတာနဲ့ စစ်ကြီးပြီးသွားတဲ့အချိန်မှာ ပိုပြီးဟောပြောဖို့လိုဦးမှာဖြစ်တဲ့အကြောင်း ရှင်းပြခဲ့တယ်။

၈၊ ၉။ တချို့စည်းဝေးကြီးတွေက ဘုရားသခင့်လူမျိုးအတွက် ဘာကြောင့် စိတ်လှုပ်ရှားစရာဖြစ်ခဲ့သလဲ။

၁၉၄၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ “ပျော်ရွှင်သောလူမျိုး” စည်းဝေးကြီးမှာ ညီအစ်ကိုနောရ်က “ပြန်လည်တည်ဆောက်ခြင်းနဲ့ တိုးချဲ့ခြင်းမှာ ကြုံတွေ့ရတဲ့အခက်အခဲများ” ဆိုတဲ့ စိတ်ဝင်စားစရာ ဟောပြောချက်ပေးခဲ့တယ်။ အဲဒီစည်းဝေးကြီးကို တက်ရောက်ခဲ့တဲ့ ညီအစ်ကိုတစ်ယောက်က ဒီလိုရေးခဲ့တယ်– “အဲဒီညနေမှာ ကျွန်တော်ဟာ ညီအစ်ကိုနောရ်ဟောပြောတဲ့ စင်မြင့်ပေါ်မှာရှိနေတယ်။ ညီအစ်ကိုနောရ်က ဘရွတ်ကလင်ဗေသလအိမ်နဲ့ စက်ရုံကို တိုးချဲ့မယ့်အစီအစဉ်အကြောင်း ဟောပြောတဲ့အခါ ပရိသတ်ရဲ့လက်ခုပ်သံက မစဲတော့ဘူး။ သူတို့တွေ စိတ်လှုပ်ရှားပြီး ပျော်နေတယ်ဆိုတာကို အဝေးကနေတောင် လှမ်းမြင်နိုင်တယ်။” ၁၉၅၀ ခုနှစ်၊ နယူးယောက်မြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးမှာ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာကို ပရိသတ်တွေရခဲ့ကြလို့ အရမ်းပျော်ခဲ့ကြတယ်၊ အဲဒါက ဘုရားသခင့်နာမည်ကို နေရာမှန်မှာ ပြန်ထည့်ထားတဲ့ ပထမဆုံး ခေတ်သုံးအင်္ဂလိပ်ဘာသာစကားနဲ့ ထုတ်ဝေတဲ့ သမ္မာကျမ်းစာဖြစ်တယ်။—ယေ. ၁၆:၂၁ကဘ။

ယေဟောဝါသက်သေတွေကို နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ ဒါမှမဟုတ် ပိတ်ပင်ခဲ့ဖူးတဲ့နိုင်ငံတွေမှာလည်း စည်းဝေးကြီးတွေ ကျင်းပခဲ့ကြတယ်။ အဲဒီစည်းဝေးကြီးတွေက အဲဒီမှာရှိတဲ့သူတွေအတွက် တကယ့်ကို စိတ်လှုပ်ရှားစရာဖြစ်ခဲ့တယ်။ ဥပမာ၊ အဒေါ့ဖ် ဟစ်တလာက ဂျာမနီမှာရှိတဲ့ ယေဟောဝါသက်သေတွေကို သုတ်သင်ပစ်မယ်လို့ ပြောခဲ့တယ်၊ ဒါပေမဲ့ ၁၉၅၅ ခုနှစ်မှာ သူ အဲဒီလိုပြောခဲ့တဲ့ နျူရင့်ဘာ့ဂ်မြို့က စစ်ရေးပြကွင်းမှာပဲ ယေဟောဝါသက်သေ ၁၀၇,၀၀၀ ယောက်ဟာ စည်းဝေးကြီးကျင်းပခဲ့တယ်။ အဲဒီမှာရှိနေတဲ့လူအများစုက ဝမ်းသာမျက်ရည်တွေ ကျခဲ့ကြတယ်။ ၁၉၈၉ ခုနှစ်မှာ ညီအစ်ကိုညီအစ်မ ၁၆၆,၅၁၈ ယောက်က ပိုလန်နိုင်ငံမှာကျင်းပတဲ့ ‘ဘုရားသခင့်ရေးရာ ဆက်ကပ်အပ်နှံခြင်း’ စည်းဝေးကြီးကို တက်ရောက်ခဲ့ကြတယ်။ တက်ရောက်သူအများစုက ဆိုဗီယက်ပြည်ထောင်စု၊ ချက်ကိုစလိုဗက်ကီးယားနဲ့ အရှေ့ဥရောပနိုင်ငံတွေကဖြစ်တယ်။ တချို့သူတွေဆိုရင် ဘုရားသခင့်လူမျိုး ၁၅ ယောက်၊ အယောက် ၂၀ လောက်အတူစုဝေးတာကိုပဲ ကြုံဖူးတယ်၊ ဒီလောက်များတဲ့စုဝေးမှုကြီးက သူတို့အတွက် ပထမဆုံးအကြိမ်ပဲ။ ၁၉၉၃ ခုနှစ်တုန်းက ယူကရိန်းနိုင်ငံ၊ ကီယက်ဗ်မြို့မှာကျင်းပတဲ့ “မြင့်မြတ်သောသွန်သင်ခြင်း” အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးမှာ နှစ်ခြင်းခံတဲ့သူ ၇,၄၀၂ ယောက်ရှိခဲ့တယ်။ ဒါက ယေဟောဝါသက်သေတွေအတွက် တစ်ရက်တည်းမှာနှစ်ခြင်းခံသူ အများဆုံးအရေအတွက်ပဲ။—ဟေရှာ. ၆၀:၂၂; ဟဂ္ဂဲ ၂:၇

၁၀။ ဘယ်စည်းဝေးကြီးတွေက သင့်အတွက် အထူးအမှတ်ရစရာဖြစ်ခဲ့သလဲ၊ ဘာကြောင့်လဲ။

၁၀ သင်အထူးသတိရနေတဲ့ ခရိုင်စည်းဝေးကြီးတွေ ဒါမှမဟုတ် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတွေ ရှိနိုင်တယ်။ သင် ပထမဆုံးတက်ရောက်ခဲ့တဲ့ စည်းဝေးကြီး ဒါမှမဟုတ် သင်နှစ်ခြင်းခံခဲ့တဲ့စည်းဝေးကြီးကို မှတ်မိသေးလား။ ဒါတွေက ဘုရားသခင်ကိုဝတ်ပြုရာမှာ သင့်အတွက် အရမ်းအရေးကြီးတဲ့ အခါသမယတွေဖြစ်တယ်၊ အဲဒါတွေကို မမေ့သင့်ဘူး။ ဒါက အဖိုးတန်တဲ့ အမှတ်တရတွေဖြစ်တယ်။—ဆာ. ၄၂:၂

ရွှင်လန်းမှုအတွက် ပုံမှန်စုဝေးတဲ့အခါသမယများ

၁၁။ နှစ်စဉ် ဘယ်ပွဲတော်တွေကိုတက်ဖို့ အစ္စရေးလူတွေကို ဘုရားသခင် တောင်းဆိုခဲ့သလဲ။

၁၁ ဂျေရုဆလင်မှာ တစ်နှစ်သုံးကြိမ်ကျင်းပတဲ့ ပွဲတော်တွေကို တက်ရောက်ဖို့ အစ္စရေးလူတွေကို ဘုရားသခင်တောင်းဆိုခဲ့တယ်။ အဲဒီပွဲတော်တွေက အဇုမပွဲ၊ ခုနစ်သီတင်းပွဲ (နောက်ပိုင်းမှာ ပင်တေကုတ္တေပွဲလို့ခေါ်) နဲ့ သကေနေပွဲတို့ဖြစ်တယ်။ ဒီပွဲတော်တွေနဲ့ပတ်သက်ပြီး ဘုရားသခင်က အစ္စရေးလူတွေကို ဒီလိုမိန့်မှာခဲ့တယ်– “သင်တို့တွင် ယောက်ျားအပေါင်းတို့သည် တစ်နှစ်လျှင်သုံးကြိမ် ထာဝရအရှင်ဘုရားသခင့်ရှေ့တော်၌ မျက်နှာပြရကြမည်။” (ထွ. ၂၃:၁၄-၁၇) ယေဟောဝါကိုဝတ်ပြုရာမှာ ဒီပွဲတွေက ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာ သိတဲ့အတွက် အိမ်ထောင်ဦးစီးတွေက မိသားစုတစ်ခုလုံးကို ပွဲတော်တက်ဖို့ ခေါ်သွားကြတယ်။—၁ ရာ. ၁:၁-၇; လု. ၂:၄၁၊ ၄၂

၁၂၊ ၁၃။ အစ္စရေးလူတွေ နှစ်စဉ် ပွဲတော်တက်ဖို့ ဘာတွေလုပ်ရသလဲ။

၁၂ အဲဒီခရီးကိုသွားတာက အစ္စရေးမိသားစုတွေအတွက် ဘယ်လိုအဓိပ္ပာယ်လဲဆိုတာ စဉ်းစားကြည့်ပါ။ ဥပမာ၊ ယောသပ်နဲ့မာရိဟာ နာဇရိမြို့ကနေ ဂျေရုဆလင်မြို့ကိုသွားဖို့ ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ခရီးနှင်ရတယ်။ ကလေးငယ်တွေပါတယ်ဆိုရင် ဒီခရီးကို ဘယ်လောက်ကြာကြာသွားရမယ်လို့ သင်ထင်သလဲ။ ယေရှု ကလေးဘဝက ဂျေရုဆလင်မြို့ကိုသွားတဲ့မှတ်တမ်းကို ဖတ်ကြည့်ရင် ဆွေမျိုးတွေ၊ မိတ်ဆွေတွေက အုပ်စုဖွဲ့ပြီး ခရီးသွားတယ်ဆိုတာ သိရတယ်။ အဲဒီလို အတူတူခရီးသွားတာ၊ အတူတူ ချက်ပြုတ်တာ၊ ညအိပ်ဖို့နေရာ ရှာတာတွေက ဘယ်လိုနေမလဲဆိုတာ စဉ်းစားကြည့်ပါ။ ဒါပေမဲ့ ယောသပ်နဲ့မာရိက ၁၂ နှစ်သားယေရှုကို လွတ်လပ်မှုအတော်အတန်ပေးထားတာကို ကြည့်ခြင်းအားဖြင့် လမ်းခရီးရဲ့အနေအထားက လုံခြုံမှုရှိတယ်ဆိုတာ သိနိုင်ပါတယ်။ ဒီပွဲတော်တွေက အမှတ်ရစရာ၊ အထူးသဖြင့် လူငယ်တွေအတွက် ဘယ်လောက်တောင် အမှတ်ရစရာဖြစ်မလဲဆိုတာ စဉ်းစားကြည့်ပါ။—လု. ၂:၄၄-၄၆

၁၃ အစ္စရေးလူမျိုး တခြားတိုင်းပြည်တွေကို ပျံ့နှံ့ရောက်ရှိသွားကြလို့ ပွဲတော်တက်သူမယ့်သူတွေက နေရာအနှံ့ကနေ လာကြရတယ်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲမှာ ပွဲတော်တွေကို အထွတ်အမြတ်ထားတဲ့ဂျူးတွေနဲ့ ယေဟောဝါကိုဝတ်ပြုတဲ့တခြားသူတွေဟာ အီတလီ၊ လစ်ဗျား၊ ခရိကျွန်း၊ အာရှမိုင်းနားနဲ့ မက်ဆိုပိုတေးမီးယား စတဲ့တိုင်းပြည်တွေကနေ ဂျေရုဆလင်ကို လာကြတယ်။—တ. ၂:၅-၁၁; ၂၀:၁၆

၁၄။ နှစ်စဉ်ကျင်းပတဲ့ပွဲတော်တွေကိုတက်တဲ့အခါ အစ္စရေးလူမျိုး ဘယ်လိုခံစားခဲ့ရသလဲ။

၁၄ သစ္စာရှိတဲ့အစ္စရေးတွေအတွက် ဒီခရီးမှာ အရေးအကြီးဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးက ယေဟောဝါကိုချစ်တဲ့၊ ထောင်နဲ့ချီတဲ့ တခြားသူတွေနဲ့အတူ ကိုယ်တော့်ကို ဝတ်ပြုရခြင်းဖြစ်တယ်။ တက်ရောက်လာတဲ့သူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲ။ သကေနေပွဲနဲ့ပတ်သက်ပြီး ယေဟောဝါက မိမိလူမျိုးကို ဒီလိုပြောခဲ့တယ်– ‘ထိုပွဲခံစဉ် ကိုယ်တိုင်မှစ၍ သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ သင့်နေရာ၌တည်းခိုသော လေဝိသား၊ ဧည့်သည်၊ မိဘမရှိသောသူ၊ မုဆိုးမတို့သည် ရွှင်လန်းခြင်းကိုပြုရကြမည်။ ယေဟောဝါ ရွေးကောက်တော်မူသောအရပ်၌ ခုနစ်ရက်ပတ်လုံး သင်၏ဘုရားသခင် ယေဟောဝါအဖို့ ပွဲကိုခံရမည်။ သင်၏ဘုရားသခင် ယေဟောဝါသည် တိုးပွားလေရာရာ၊ သင်လုပ်ဆောင်လေရာရာ၌ ကောင်းချီးပေးတော်မူသောကြောင့် အမှန်ရွှင်လန်းခြင်းကိုပြုရမည်။’—တရား.၁၆:၁၄၊ ၁၅; မဿဲ ၅:၃ ကိုဖတ်ပါ။

စည်းဝေးကြီးတွေကို ဘာကြောင့်တန်ဖိုးထားလေးမြတ်ရ

၁၅၊ ၁၆။ စည်းဝေးကြီးတွေတက်ဖို့အတွက် သင့်ဘက်က ဘာတွေကိုယ်ကျိုးစွန့်ခဲ့ရသလဲ။ ဘာကြောင့် ကိုယ်ကျိုးစွန့်ရကျိုးနပ်သလဲ။

၁၅ ဂျေရုဆလင်မှာပြုလုပ်တဲ့ပွဲတော်တွေက ယနေ့ ဘုရားသခင့်လူမျိုးအတွက် အရမ်းကောင်းတဲ့ပုံနမူနာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့စည်းဝေးကြီးတွေက ရှေးအချိန်ကကျင်းပခဲ့တဲ့ ပွဲတော်တွေနဲ့ ဆင်တူချက်အတော်များများရှိတယ်။ ကျမ်းစာခေတ်ကလိုပဲ ကျွန်ုပ်တို့လည်း စည်းဝေးကြီးတွေတက်ဖို့ ကိုယ်ကျိုးစွန့်ရတာတွေရှိတယ်။ ဒါပေမဲ့ ပြန်ရမယ့်အကျိုးတွေကြောင့် ကိုယ်ကျိုးစွန့်ရကျိုးနပ်ပါတယ်။ ဒီစည်းဝေးကြီးတွေက ကျွန်ုပ်တို့ရဲ့ဝတ်ပြုရေးအတွက် အရေးပါနေဆဲဖြစ်တယ်။ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ပိုပြီးခိုင်မြဲစေမယ့် အကြောင်းအရာတွေနဲ့ သိနားလည်မှုတွေကို အဲဒီကနေ ရရှိကြတယ်။ စည်းဝေးကြီးတွေက ကျွန်ုပ်တို့ကြားသိရတဲ့အကြောင်းအရာတွေကို လက်တွေ့ကျင့်သုံးဖို့ လှုံ့ဆော်ပေးပြီး ပြဿနာတွေကို ရှောင်နိုင်ဖို့ ကျွန်ုပ်တို့ကို ကူညီပေးတယ်။ ကျွန်ုပ်တို့ကို စိုးရိမ်ပူပန်မှု ဖြစ်စေနိုင်တဲ့အရာတွေကိုရှောင်ဖို့ အားပေးပြီး လန်းဆန်းမှုဖြစ်စေတဲ့အရာတွေကို ဦးစားထားဖို့လည်း တိုက်တွန်းတယ်။—ဆာ. ၁၂၂:၁-၄

၁၆ စည်းဝေးကြီးတွေက တက်ရောက်သူတွေကို အမြဲပျော်ရွှင်စေတယ်။ ၁၉၄၆ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ စည်းဝေးကြီးအကြောင်း သတင်းတစ်ပုဒ်က ဒီလိုပြောတယ်– “သောင်းနဲ့ချီရှိတဲ့ယေဟောဝါသက်သေတွေ တစ်နေရာတည်းမှာပဲ ပျော်ရွှင်စွာစုဝေးနေတာကို မြင်တွေ့ရတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်၊ အထူးသဖြင့် သံစုံတီးဝိုင်းရဲ့တီးမှုတ်မှုနဲ့အတူ ပရိသတ်က ယေဟောဝါကိုချီးမွမ်းတဲ့သီးချင်းတွေ သီဆိုတာကိုကြားရတာ ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတယ်။ စေတနာ့ဝန်ထမ်းတွေကလည်း ဌာနအသီးသီးမှာ လုပ်အားပေးကြတယ်၊ ညီအစ်ကိုညီအစ်မတွေအတွက် လုပ်ဆောင်ပေးရလို့ သူတို့တွေ ပျော်ရွှင်မှုခံစားကြရတယ်။” သင်လည်း ခရိုင်စည်းဝေးကြီးတွေမှာ ဒါမှမဟုတ် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတွေမှာ ဒီလိုစိတ်လှုပ်ရှားမှုမျိုး ခံစားရဖူးပါသလား။—ဆာ. ၁၁၀:၃; ဟေရှာ. ၄၂:၁၀-၁၂

၁၇။ မကြာသေးခင်က စည်းဝေးကြီးအစီအစဉ်တွေကို ဘယ်လိုပြုပြင်ပြောင်းလဲခဲ့သလဲ။

၁၇ စည်းဝေးကြီးစီစဉ်ဖွဲ့စည်းမှုတချို့ကို အပြောင်းအလဲလုပ်ခဲ့တယ်။ ဥပမာ၊ တချို့တွေက ရှစ်ရက်ကြာကျင်းပတဲ့ စည်းဝေးကြီးတွေကို မှတ်မိနေဦးမယ်။ အဲဒီမှာ နံနက်ပိုင်း၊ မွန်းလွဲပိုင်းနဲ့ ညနေပိုင်းအစီအစဉ်တွေရှိတယ်။ လယ်ကွင်းလုပ်ငန်းအစီအစဉ် အမြဲပါတယ်။ တချို့အပိုင်းတွေဆိုရင် မနက်ကိုးနာရီမှာစပြီး ညကိုးနာရီမှပြီးတဲ့ အစီအစဉ်လည်းရှိတယ်။ စေတနာ့ဝန်ထမ်းတွေက မနက်စာ၊ နေ့လယ်စာနဲ့ ညစာအတွက် အချိန်အများကြီးအကုန်ခံပြီး ပင်ပင်ပန်းပန်း ချက်ပြုတ်ပေးရတယ်။ အခုအချိန်မှာတော့ စည်းဝေးကြီးတွေက အရင်ကလောက် မကြာတော့ဘူး။ လူတိုင်းက အစားအစာတွေယူလာကြလို့ ညီအစ်ကိုညီအစ်မအများစုက စည်းဝေးကြီးမှာ ပိုအာရုံစိုက်နားထောင်နိုင်ကြတယ်။

၁၈၊ ၁၉။ စည်းဝေးကြီးရဲ့ဘယ်ကဏ္ဍကို သင့်မျှော်သလဲ၊ ဘာကြောင့်လဲ။

၁၈ စည်းဝေးကြီးတွေမှာ ကျွန်ုပ်တို့အားလုံးမျှော်လင့်ကြတဲ့ အစီအစဉ်တချို့ရှိတယ်။ ကျမ်းစာပရောဖက်ပြုချက်နဲ့ ကျမ်းစာသွန်သင်ချက်တွေကို ပိုနားလည်စေတဲ့ “အချိန်တန်အစာ” ကို ဟောပြောချက်တွေအားဖြင့်သာမကဘဲ စည်းဝေးကြီးမှာထုတ်ဝေတဲ့ စာအုပ်အသစ်တွေကနေလည်း ရရှိကြတယ်။ (မ. ၂၄:၄၅) လူတွေ ကျမ်းစာအမှန်တရားနားလည်အောင် ကူညီပေးရာမှာ ဒီစာပေအများစုကို ကျွန်ုပ်တို့အသုံးပြုကြတယ်။ ကျမ်းစာကိုအခြေခံတဲ့ပြဇာတ်တွေကလည်း ယေဟောဝါကိုဝတ်ပြုတဲ့ မိမိတို့ရဲ့သဘောထားကို ဆန်းစစ်ဖို့နဲ့ လောကရဲ့အတွေးအခေါ်ကို တိုက်လှန်ဖို့ လူကြီး၊ လူငယ်အားလုံးကို ကူညီပေးတယ်။ နှစ်ခြင်းဟောပြောချက်က ကျွန်ုပ်တို့ဘဝရဲ့ အဓိကဦးစားထားရာကဘာလဲဆိုတာကို ပြန်ဆန်းစစ်စေတယ်၊ ဒါ့အပြင် တခြားသူတွေ ယေဟောဝါထံအပ်နှံတဲ့အထိမ်းအမှတ်အနေနဲ့ နှစ်ခြင်းခံတာကို မြင်ရလို့လည်း ပျော်ရွှင်ကြတယ်။

၁၉ စည်းဝေးကြီးတွေက စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ အစိတ်အပိုင်းဖြစ်ခဲ့တာ နှစ်ထောင်နဲ့ချီ ရှိခဲ့ပြီ။ အဲဒီစည်းဝေးကြီးတွေက ကျွန်ုပ်တို့ကို ရွှင်လန်းစေဖို့၊ ခက်ခဲချိန်တွေမှာတောင် ယေဟောဝါကို ဆက်သစ္စာရှိဖို့နဲ့ ကိုယ်တော့်လုပ်ငန်းတော်မှာ တိုးချဲ့ပါဝင်ဖို့ အားပေးတယ်။ မိတ်ဆွေသစ်တွေရရှိစေပြီး ကမ္ဘာချီမိသားစုဆိုတဲ့အဓိပ္ပာယ်ကို နားလည်စေတယ်။ စည်းဝေးကြီးတွေက မိမိရဲ့လူမျိုးကို ယေဟောဝါကောင်းချီးပေးပြီး စောင့်ရှောက်တဲ့ အရေးပါတဲ့ နည်းလမ်းလည်းဖြစ်တယ်။ ကျွန်ုပ်တို့အားလုံးဟာ စည်းဝေးကြီးတစ်ခုစီရဲ့ အစီအစဉ်ပိုင်းတစ်ခုကိုမှ မလွတ်သွားစေဖို့ မိမိတို့ရဲ့ ကိစ္စဝိစ္စတွေကို အသေအချာစီစဉ်လိုကြပါတယ်။—သု. ၁၀:၂၂