မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကျင့်ပျက်ခြစားမှု ပပျောက်တော့မယ်

အကျင့်ပျက်ခြစားမှု ပပျောက်တော့မယ်

‘ထာဝရဘုရားသခင်ကို မျှော်လင့်၍ လမ်းတော်ကို လျှောက်သွားလော့။ မတရားသောသူတို့ ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်။’—ဆာလံ ၃၇:၃၄

အကျင့်ပျက်ခြစားမှုကို ရှောင်လွှဲလို့မရသလို ဘယ်တော့မှလည်း ပပျောက်သွားမှာ မဟုတ်ဘူးဆိုပြီး လူအများနည်းတူ သင်လည်း စိုးရိမ်နေသလား။ ဒါဆိုရင် အဲဒီလို စိုးရိမ်နေတာကို နားလည်ပေးနိုင်ပါတယ်။ သမိုင်းတစ်လျှောက်မှာ လူတွေဟာ စိတ်ကူးလို့ရနိုင်သမျှ အုပ်ချုပ်မှုပုံစံတွေကို ကြိုးစားပြီး အသုံးပြုခဲ့ကြတယ်။ ဒါပေမဲ့ အကျင့်ပျက်ခြစားမှု လုံးဝ ပပျောက်သွားအောင် မလုပ်ပေးနိုင်ခဲ့ပါဘူး။ လူတွေအားလုံး တစ်ယောက်ကိုတစ်ယောက် ရိုးရိုးသားသား ဆက်ဆံမယ့်အချိန်ကို မျှော်လင့်နိုင်ပါသလား။

ဝမ်းသာစရာက၊ မျှော်လင့်နိုင်တယ်လို့ ကျမ်းစာမှာ အဖြေပေးထားပါတယ်။ မကြာခင်မှာ အကျင့်ပျက်ခြစားမှုနဲ့ ပြည့်နှက်နေတဲ့ လောကကြီးကို ဘုရားသခင် အရေးယူတော့မှာ ဖြစ်တယ်။ ဘယ်လိုအရေးယူမှာလဲ။ ကမ္ဘာကြီးကို ပြောင်းလဲပေးမယ့် ဘုရားသခင့်နိုင်ငံတော်အားဖြင့် အရေးယူတော့မှာဖြစ်တယ်။ အဲဒီဘုရားသခင့်နိုင်ငံတော်က ယေရှုသင်ပေးခဲ့တဲ့ ဆုတောင်းချက်ထဲမှာ ပါတဲ့ နိုင်ငံတော်ပဲဖြစ်ပါတယ်။ အဲဒီဆုတောင်းချက်ကို ကျမ်းစာထဲမှာ ဒီလိုဖော်ပြထားတယ်– ‘နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။’—မဿဲ ၆:၁၀သမ္မာကျမ်း။

ဘုရားသခင့်နိုင်ငံတော်ရဲ့ အုပ်စိုးရှင် ယေရှုခရစ်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုကြိုပြောထားတယ်– ‘နွမ်းပါးသူ အော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ခိုကိုးရာမရသော ဆင်းရဲသူကိုလည်းကောင်း ကယ်လွှတ်တော်မူ၏။ ဆင်းရဲသူနှင့် နွမ်းပါးသူကို သနား၍ နွမ်းပါးသူတို့၏အသက်ကို ကယ်တင်တော်မူ၏။ သူတို့အသက်ကို ညှဉ်းဆဲခြင်းနှင့် ကြမ်းကြုတ်ခြင်း၏လက်မှ ရွေးနုတ်တော်မူ၏။’ (ဆာလံ ၇၂:၁၂-၁၄သမ္မာ) အကျင့်ပျက်ခြစားမှုရဲ့ဒဏ်ကို ခံနေရတဲ့သူတွေကို စာနာထောက်ထားတဲ့အနေနဲ့ ယေရှုဟာ ဖိနှိပ်ချုပ်ချယ်တဲ့သူတွေကို အရေးယူတော့မှာ ဖြစ်တယ်။ အဲဒါက စိတ်ချမ်းသာစရာ မကောင်းဘူးလား။

ဘုရားသခင့်နိုင်ငံတော်ရဲ့ အုပ်စိုးရှင်ဟာ စာနာထောက်ထားပြီး တန်ခိုးရှိတဲ့အတွက် အကျင့်ပျက်ခြစားမှုကို ကမ္ဘာပေါ်ကနေ ဖယ်ရှားပေးပါတော့မယ်။ ဘယ်လိုနည်းအားဖြင့်လဲ။ အကျင့်ပျက်ခြစားမှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းသုံးခုကို ဖယ်ရှားပေးခြင်းအားဖြင့် ဖြစ်ပါတယ်။

အပြစ်ရဲ့လွှမ်းမိုးမှု

လောလောဆယ်အချိန်မှာ ကိုယ်ကျိုးအတွက်သာ ပြုမူလုပ်ဆောင်စေတဲ့ အပြစ်ပြုလိုတဲ့ ဉာဉ်ဆိုးတွေကို ကျွန်ုပ်တို့အားလုံး တိုက်လှန်နေရတယ်။ (ရောမ ၇:၂၁-၂၃) အဲဒီလို တိုက်လှန်နေရပေမဲ့ မှန်ရာကို လုပ်ချင်တဲ့သူတွေလည်း ရှိနေပါသေးတယ်။ လူသားတွေ အပြစ်ကနေ ခွင့်လွှတ်မှုရနိုင်တဲ့နည်းကို ယေရှုခရစ်အားဖြင့် ဘုရားသခင် ပြင်ဆင်ပေးထားပါတယ်။ * (၁ ယောဟန် ၁:၇၊) အဲဒီပြင်ဆင်ပေးချက်ကို ယုံကြည်ကြောင်း လုပ်ရပ်အားဖြင့် ဖော်ပြတဲ့သူတွေဟာ ဘုရားသခင်ရဲ့ အကြီးမားဆုံး မေတ္တာပါလုပ်ရပ်ကနေ အကျိုးကျေးဇူး ရရှိပါလိမ့်မယ်။ ဒီအကြောင်းကို ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ၊ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။”—ယောဟန် ၃:၁၆

ဘုရားသခင်ဟာ မိမိအပေါ် သစ္စာရှိတဲ့သူတွေအတွက် အံ့ဖွယ်အမှု ပြုလုပ်ပေးပါတော့မယ်။ မကြာခင် ရောက်လာတော့မယ့် ကမ္ဘာသစ်မှာ အပြစ်ပြုလိုတဲ့ ဉာဉ်ဆိုးတွေကို ဖယ်ရှားပေးပြီး သစ္စာရှိတဲ့သူတွေကို စုံလင်ဖြောင့်မတ်တဲ့ အနေအထားကို တဖြည်းဖြည်း ရောက်ရှိသွားအောင် ကိုယ်တော် ပြုလုပ်ပေးပါလိမ့်မယ်။ (ဟေရှာယ ၂၆:၉; ၂ ပေတရု ၃:၁၃) အကျင့်ပျက်ခြစားမှုကို ဖြစ်ပေါ်စေတဲ့ အပြစ်ရဲ့လွှမ်းမိုးမှုကို ဘယ်တော့မှ ခံရတော့မှာမဟုတ်ဘူး။ ဘုရားသခင့်နိုင်ငံတော် ရောက်လာတဲ့အခါ သစ္စာရှိတဲ့သူတွေဟာ အကျင့်ပျက်ခြစားမှုဒဏ်ကနေ လွတ်မြောက်သွားပါလိမ့်မယ်။

ဆိုးညစ်တဲ့ ဒီလောကရဲ့ လွှမ်းမိုးမှု

ကနေ့ လူတော်တော်များများဟာ တခြားသူတွေကို တမင်တကာ ဒုက္ခပေးနေကြတာ ဝမ်းနည်းစရာပါပဲ။ ဆင်းရဲနိမ့်ကျတဲ့သူတွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်ကြတယ်။ တခြားသူတွေကို သူတို့လိုပဲ အကျင့်ပျက်ပြားအောင် ဖိအားပေးကြတယ်။ အဲဒီလိုလူစားမျိုးကို ကျမ်းစာမှာ ဒီလိုသတိပေးထားတယ်– ‘ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံတို့ကိုလည်းကောင်း စွန့်ပစ်ပါစေ။’ အကျင့်ပျက်ခြစားနေသူတွေဟာ နောင်တယူမယ်ဆိုရင် ဘုရားသခင်က သူတို့ရဲ့ “အပြစ်ကိုလွှတ်” ပေးမယ်လို့ ကျမ်းစာမှာ ကတိပြုထားပါတယ်။—ဟေရှာယ ၅၅:၇

ဒါပေမဲ့ ခေါင်းမာမာနဲ့ အပြစ်ကို ဆက်လုပ်နေမယ်ဆိုရင် သူတို့ရဲ့ ရလဒ်ကတော့ ဘုရားသခင် ဖျက်ဆီးတာကို ခံရပါလိမ့်မယ်။ ဘုရားသခင့်နိုင်ငံတော်အားဖြင့် ဘုရားသခင်ပေးထားတဲ့ ဒီကတိ ပြည့်စုံလာပါလိမ့်မယ်– ‘ထာဝရဘုရားသခင်ကို မျှော်လင့်၍ လမ်းတော်ကို လျှောက်သွားလော့။ မတရားသောသူတို့ ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်။’ (ဆာလံ ၃၇:၃၄) ပြုပြင်ပေးလို့မရတဲ့ လူဆိုးတွေ မရှိတော့တဲ့အခါ ဘုရားသခင်ကို သစ္စာရှိရှိ ဝတ်ပြုတဲ့သူတွေဟာ အကျင့်ပျက်ခြစားမှုရဲ့ ထောင်ချောက်ထဲ ဘယ်တော့မှ ကျရောက်တော့မှာမဟုတ်ဘူး။

စာတန်ရဲ့ လွှမ်းမိုးမှု

ခေါင်းမာမာနဲ့ အပြစ်ပြုသူတွေထဲမှာ အထင်ရှားဆုံး ပုဂ္ဂိုလ်ကတော့ စာတန် ဖြစ်ပါတယ်။ မကြာခင် ယေဟောဝါဘုရားသခင်ဟာ စာတန်ကို လူသားတွေအပေါ် ဩဇာမလွှမ်းမိုးနိုင်အောင် ချုပ်နှောင်ပါတော့မယ်။ နောက်ဆုံးမှာ စာတန်ကို အပြီးတိုင် ဖျက်ဆီးပစ်ပါလိမ့်မယ်။ ဒါကြောင့် လူတွေကို အကျင့်ပျက်ပြားအောင် စာတန် ဘယ်တော့မှ လွှမ်းမိုးနိုင်တော့မှာ မဟုတ်ဘူး။

အကျင့်ပျက်ခြစားမှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းအားလုံးကို ဘုရားသခင် ဖယ်ရှားပေးမယ်ဆိုတဲ့ ယူဆချက်က တကယ်ဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်ရနိုင်တယ်။ ‘အကျင့်ပျက်ခြစားမှုကို ဖယ်ရှားပေးဖို့ ဘုရားသခင်မှာ နည်းလမ်းတွေရှိပါသလား။ ရှိတယ်ဆိုရင် ဘာဖြစ်လို့ မဖယ်ရှားပေးသေးတာလဲ’ လို့ သင် သိချင်မှာပဲ။ ဒါတွေက မေးသင့်မေးထိုက်တဲ့ မေးခွန်းတွေပါ။ အဲဒီမေးခွန်းတွေရဲ့ ကျေနပ်အားရစရာ အဖြေတွေကို ကျမ်းစာမှာ ဖော်ပြပေးထားပါတယ်။ * အနာဂတ်မှာ အကျင့်ပျက်ခြစားမှုတွေ လုံးဝ ပျောက်ကွယ်သွားတော့မယ်ဆိုတဲ့အကြောင်း ကျမ်းစာပြောဆိုရာတွေကို သင်ကိုယ်တိုင် ဆန်းစစ်လေ့လာဖို့ ကျွန်ုပ်တို့ တိုက်တွန်းပါတယ်။

^ အပိုဒ်၊ 8 ယေရှုရဲ့သေခြင်းကြောင့် လူသားတွေဟာ အပြစ်ကနေ ခွင့်လွှတ်မှုရရှိနိုင်ပုံကို ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ရဲ့ အခန်း ၅ ကိုဖတ်ကြည့်ပါ။

^ အပိုဒ်၊ 15 ထပ်သိချင်တယ်ဆိုရင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ရဲ့ အခန်း ၃ နဲ့ ၁၁ ကို ဖတ်ကြည့်ပါ။