မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာအမှန်တရားကြောင့် မိသားစုတစ်စု ပြောင်းလဲလာ

ကျမ်းစာအမှန်တရားကြောင့် မိသားစုတစ်စု ပြောင်းလဲလာ

ကျွန်မရဲ့ မိသားစုအရင်းအချာတွေနဲ့အတူ မနက်စာ အတူတူစားခဲ့တဲ့နေ့ကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ အဲဒီနေ့က ၂၀၀၅၊ ဩဂုတ် ၂၂ ရက်၊ တနင်္လာနေ့ မနက်ခင်း ဖြစ်ပါတယ်။ ကျွန်မရဲ့ ဦးနှောက်ထဲမှာ အကျိတ်ကြီးတစ်ခုရှိနေတဲ့အတွက် ကျွန်မ ဆက်အသက်ရှင်ဖို့ဆိုတာ မကျိန်းသေတော့ဘူး။ ကျွန်မရဲ့ခင်ပွန်း ခရစ်ရှ်နာ ဆုတောင်းပေးပြီးတဲ့နောက် မိသားစုနဲ့ ကျွန်မစကားပြောဖြစ်တယ်။

“အကြီးစားခွဲစိတ်ဖို့အတွက် ကျွန်မ ဆေးရုံသွားတော့မယ်။ ဒါကြောင့် ဘာတွေပဲ ဖြစ်လာဖြစ်လာ ကြိုတင်ပြင်ဆင်ထားကြပါ။ ကျွန်မရဲ့ဈာပနကိစ္စအတွက် အစီအစဉ်တွေကို လိုလိုမယ်မယ် ပြင်ဆင်ထားပြီးပြီ။ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုနေတဲ့သူတွေ၊ အဆုံးအထိ သစ္စာရှိကြပါ။ ကျန်တဲ့သူတွေကို ကျွန်မ တောင်းပန်ချင်တာက ကျမ်းစာလေ့လာကြပါ၊ ခရစ်ယာန်အစည်းအဝေးတွေ သွားတက်ကြပါ။ အဲဒီလိုဆိုရင် လာမယ့်ပရဒိသု မြေကြီးပေါ်မှာ ဘုရားသခင်ကို ဝတ်ပြုတဲ့သူတွေ ကျန်းကျန်းမာမာနဲ့ ထာဝစဉ်နေထိုင်ရမယ်ဆိုပြီး ကျွန်မယုံကြည်သလို ယုံကြည်လာကြပါလိမ့်မယ်။”

ခွဲစိတ်ကုသမှုရဲ့ ရလဒ်အကြောင်း မပြောခင်မှာ ကျွန်မရဲ့နောက်ခံရယ်၊ စစ်မှန်တဲ့ဘုရားသခင်ကို ကျွန်မ ဘယ်လို သိကျွမ်းလာတယ်ဆိုတာတွေကို ပြောပြခွင့်ပြုပါ။

ဟိန္ဒူနောက်ခံနဲ့ ကျွန်မကြီးပြင်းလာ

ကျွန်မကို အမေ ပွေ့ချီထား

ကျွန်မရဲ့မိသားစုက တောင်အာဖရိကနိုင်ငံ၊ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်တဲ့ ဒါဗင်မြို့မှာ နေထိုင်ကြတယ်။ ကျွန်မတို့ရဲ့အိမ်က သွပ်တွေ၊ ပျဉ်တွေနဲ့ ဆောက်ထားတဲ့ အိမ်ကြီးတစ်လုံးပါ။ အောက်ဘက်က ချိုင့်ဝှမ်းမှာရှိတဲ့ လမ်းမကြီးကနေ ၁၂၅ ထစ်ရှိတဲ့ လှေကားအတိုင်းတက်လာရင် ကျွန်မတို့ရဲ့ ခြံရှေ့ကို ရောက်ပြီ။ အဲဒီလှေကားထစ်တွေရဲ့ ဘေးတစ်ဖက်တစ်ချက်က ချုံပုတ်တွေဖုံးနေတဲ့ လမ်းအတိုင်း သွားလိုက်လို့ရှိရင်တော့ သံဂိတ်တံခါးကို တွေ့ရမှာဖြစ်တယ်။ သံဂိတ်တံခါးရဲ့တစ်ဖက်မှာ ကျွန်မတို့အဘွား ကိုးကွယ်တဲ့ နတ်ကွန်းရှိတယ်၊ အဲဒီနတ်ကွန်းထဲမှာ ဟိန္ဒူနတ်ဘုရားတွေရဲ့ ရုပ်ပုံတွေ အများကြီးပဲ။ ကျွန်မတို့ကိုးကွယ်တဲ့ နတ်ဘုရားတွေရဲ့ ကျေးဇူးကြောင့် ကျွန်မ မွေးလာတာ၊ ဒါကြောင့် ကျွန်မဟာ “နတ်ကွန်းစောင့်ကလေး” ဆိုပြီး အဘွားက ပြောပြတယ်။ အဲဒီနတ်ကွန်းနဲ့ မျက်နှာချင်းဆိုင်မှာတော့ ပြောင်လက်နေတဲ့ အနီရောင်လှေကားတစ်ခုရှိတယ်။ အဲဒီကနေသွားရင် အိမ်ရှေ့တံခါးပေါက်ကို ရောက်တယ်။ အိမ်မကြီးထဲမှာ စင်္ကြံရှည်ကြီးတစ်ခု၊ ကျောက်မီးသွေးမီးဖိုရှိတဲ့ မီးဖိုချောင်ကြီးတစ်ခုနဲ့ အိပ်ခန်း ခုနစ်ခန်းရှိတယ်။ အိမ်မကြီးရဲ့ဘေးမှာ အိပ်ခန်းတစ်ခန်းပါတဲ့ အဆောင်ရှိတယ်။ အိမ်မကြီးထဲမှာ နေထိုင်တဲ့သူ ၂၇ ယောက်ကတော့ အဘိုး၊ အဘွား၊ အဖေ၊ အဖေ့ညီသုံးယောက်၊ အဖေ့ညီမအငယ်ဆုံးနဲ့ သူတို့ရဲ့မိသားစုတွေပါ။

ကျွန်မတို့ရဲ့ နေအိမ်

မိသားစုကြီးရဲ့ အခြေခံလိုအပ်ရာတွေကို ဖြည့်ဆည်းပေးဖို့ မလွယ်ကူပါဘူး။ ဒါပေမဲ့ အိမ်ကြီးတစ်လုံးထဲမှာ စုပေါင်းနေထိုင်ကြတဲ့အတွက် ကျွန်မတို့မှာ ပျော်စရာအမှတ်တရတွေ အများကြီးပဲ။ ကျွန်မရဲ့အမေ ဂါဂီအပါအဝင် ချွေးမလေးယောက်က အိမ်မှုကိစ္စတွေကို အလှည့်ကျ ခွဲဝေလုပ်ဆောင်ကြတယ်။ အဘိုးက အိမ်ထောင်ဦးစီးဖြစ်ပြီး တစ်မိသားစုလုံး စားဖို့ ဈေးဝယ်ပေးတယ်။ အဘိုးနဲ့အဘွားက တစ်ပတ်စာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေဝယ်ဖို့ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ဈေးသွားတတ်တယ်။ ကျွန်မတို့ကလေးတွေက အောက်ဘက်မှာရှိတဲ့ ချိုင့်ဝှမ်းကို မြင်နေရတဲ့ ကုန်းမြင့်စွန်းက ထင်ရှူးပင်အောက်မှာထိုင်ပြီး အဘိုးနဲ့အဘွား ဈေးကအပြန်ကို စောင့်နေတတ်ကြတယ်။ ခြင်းတောင်း အကြီးကြီးတွေဆွဲပြီး ဘတ်စ်ကားပေါ်ကနေ သူတို့ဆင်းလာတာကို ရိပ်ကနဲ တွေ့လိုက်တာနဲ့ ချက်ချင်းပဲ ကျွန်မတို့ကလေးတစ်သိုက်ဟာ ၁၂၅ ထစ်ရှိတဲ့ လှေကားကနေ ပြေးဆင်းပြီး ပစ္စည်းတွေ ဝိုင်းသယ်ပေးကြတယ်။

၁၂၅ ထစ်ရှိတဲ့ လှေကားရဲ့အနားမှာ

ကျွန်မတို့ရဲ့ ခြံထဲမှာ အုန်းပင်တစ်ပင်ရှိပြီး အဲဒီအပင်ပေါ်မှာ သာလိကာငှက်တွေရဲ့ အသိုက်ရှိတယ်။ အဲဒီငှက်တွေ ဟိုဟိုသည်သည် ပျံသန်းနေတာကို မြင်တွေ့ရတတ်ပြီး သူတို့ရဲ့ တေးဆိုသံတွေကိုလည်း ကြားရတတ်တယ်။ အဘွားဟာ သာလိကာငှက်တွေရဲ့ တေးဆိုသံကို အဓိပ္ပာယ်ဖွင့်ပြနေသလိုမျိုး အိမ်ပေါက်ဝနားက လှေကားပေါ်မှာထိုင်ပြီး ကျွန်မတို့ကို ပုံပြောပြတတ်တယ်။ အဲဒီအိမ်ကြီးထဲမှာ ကျွန်မတို့ စုပြီးနေထိုင်ရတဲ့အတွက် မမေ့နိုင်တဲ့ အမှတ်ရစရာတွေက အများကြီးပါပဲ။ ကျွန်မတို့ ရယ်မောခဲ့ကြတယ်၊ ငိုခဲ့ကြတယ်၊ ဆော့ကစားခဲ့ကြတယ်၊ ပြုံးပျော်ခဲ့ကြတယ်၊ မျှဝေခံစားခဲ့ကြတယ်။ အဲဒီလိုမိသားစုကြီးထဲမှာ အတူတကွ နေထိုင်ရတာကို ကျွန်မတို့ ပျော်ခဲ့ကြတယ်။ အရေးကြီးဆုံးအချက်ကတော့၊ အဲဒီအိမ်ကြီးထဲမှာ ကျွန်မတို့ရဲ့ ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်နဲ့ သားတော် ယေရှုခရစ်တို့အကြောင်းကို လေ့လာသင်ယူခွင့် ရရှိခဲ့တာပါပဲ။

ယေဟောဝါဘုရားသခင်အကြောင်း မလေ့လာခင်က ဟိန္ဒူဝတ်ပြုမှု ထုံးတမ်းစဉ်လာတွေကို နေ့တိုင်းလုပ်ခဲ့ရတယ်။ ဒါ့အပြင် နတ်ဘုရားတွေ၊ နတ်ဘုရားမတွေ အမျိုးမျိုးကို ရိုသေကိုင်းရှိုင်းကြတဲ့ မိတ်ဆွေတွေကို ကျွန်မတို့ ဖိတ်ခေါ်ပြီး ဘာသာရေးပွဲတော်ကြီးတွေ ခဏခဏ ကျင်းပလေ့ရှိတယ်။ ပွဲတော်တချို့မှာဆိုရင် အဘွားဟာ နတ်ပူးခံရပြီး နတ်တွေနဲ့ ဆက်သွယ်လေ့ရှိတယ်။ ပြီးတော့ ညသန်းခေါင်တိတိမှာ နတ်တွေကျေနပ်အောင် တိရစ္ဆာန်ယဇ်တွေ ပူဇော်ပသရတယ်။ အဘိုးကိုတော့ စာသင်ကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်းတွေ ဆောက်လုပ်လှူဒါန်းတဲ့နေရာမှာ လူသိများကြတယ်။

“ဘုရားသခင်နဲ့ပတ်သက်တဲ့အမှန်တရား သိရှိလာပုံ

၁၉၇၂ ခုနှစ်ရောက်တော့ အဘိုးဟာ နာမကျန်းဖြစ်ပြီး ဆုံးသွားတယ်။ လအနည်းငယ်အကြာမှာ ဂျိန်းလို့လည်းခေါ်တဲ့ ဒေါ်လေး အင်ဒါဗာသီဟာ ယေဟောဝါသက်သေခရစ်ယာန် နှစ်ယောက်ဆီကနေ ကင်းမျှော်စင်နဲ့ နိုးလော့! မဂ္ဂဇင်းတွေ ရရှိခဲ့တယ်။ သူတို့နဲ့ဆွေးနွေးဖို့ အိမ်ထဲကို မဝင်လာခိုင်းမိတဲ့အတွက် ဒေါ်လေးက စိတ်မကောင်းဖြစ်နေတယ်။ ကျွန်မတို့က သက်သေခံတွေကို မောင်းထုတ်နေကျလေ။ ဒါပေမဲ့ သူတို့ နောက်တစ်ခေါက် ပြန်ရောက်လာတဲ့အခါ ဒေါ်လေးက သူတို့ကို အိမ်ထဲ ဝင်ခိုင်းလိုက်တယ်။ ပြီးတော့ ကျွန်မရဲ့ဦးလေးက အရက်အရမ်းသောက်တဲ့အတွက် သူတို့ရဲ့အိမ်ထောင်ရေး အဆင်မပြေတဲ့အကြောင်းတွေ သူတို့ကို ဒေါ်လေးပြောပြတယ်။ အိမ်နီးချင်းတွေနဲ့ ဆွေမျိုးတွေကတော့ ကွာရှင်းဖို့ ဒေါ်လေးကို အားပေးကြတယ်။ သက်သေခံတွေကတော့ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင်ကို ရှင်းပြလိုက်တယ်။ (မဿဲ ၁၉:၆) ဒေါ်လေးဟာ ကျမ်းစာလမ်းညွှန်ချက်တွေ၊ ဒီကမ္ဘာမြေကြီးပေါ်မှာ ကောင်းမွန်တဲ့ဘဝအသက်တာကို ရရှိလာမယ်ဆိုတဲ့ ကျမ်းစာကတိတွေကို အရမ်းသဘောကျသွားတယ်။ * ဒါကြောင့် ဦးလေးနဲ့ မကွာရှင်းဖို့ ဒေါ်လေးဆုံးဖြတ်လိုက်ပြီး သက်သေခံတွေနဲ့ စပြီး မှန်မှန်ကျမ်းစာလေ့လာတော့တယ်။ ဧည့်ခန်းထဲမှာ ဒေါ်လေးတို့ ကျမ်းစာလေ့လာနေတဲ့အခါ ကျန်တဲ့ချွေးမတွေက သူတို့ရဲ့အိပ်ခန်းတွေကနေ ဆွေးနွေးချက်တွေကို နားထောင်နေကြတယ်။

နောက်ဆုံးတော့ အဲဒီကျမ်းစာလေ့လာမှုမှာ ချွေးမတွေအားလုံး ပါဝင်လာကြတော့တယ်။ ဒေါ်လေး ဂျိန်းဟာ တခြားသူတွေကို သူသိရှိခဲ့ရာတွေ ပြန်ပြောပြတယ်။ ပြီးတော့ တူ၊ တူမတွေကိုလည်း ကြီးမြတ်သောဆရာ့စကားကို နားထောင်ခြင်း * စာအုပ်ထဲက အကြောင်းအရာတွေကို ဖတ်ပြပြီး ရှင်းပြပေးတယ်။ ဒေါ်လေးတွေ ကျမ်းစာလေ့လာနေတာကို ဦးလေးတွေ သိသွားတဲ့အခါမှာတော့ အတိုက်အခံလုပ်လာကြတယ်။ ဦးလေးတစ်ယောက်ဆိုရင် ကျမ်းစာအုပ်ကိုရော တခြားစာပေတွေအားလုံးကိုပါ ယူပြီး မီးရှို့ပစ်လိုက်တယ်။ ကျွန်မတို့ အစည်းအဝေးတွေ သွားတက်တဲ့အတွက် ဆဲဆိုကြိမ်းမောင်းပြီး ရိုက်နှက်တယ်။ ကျွန်မရဲ့အဖေတစ်ယောက်ပဲ အဲဒီလိုမလုပ်ဘူး။ ယေဟောဝါဘုရားသခင်အကြောင်း ကျွန်မတို့ လေ့လာနေတာကို တစ်ခါမှ မကန့်ကွက်ခဲ့ဘူး။ ချွေးမလေးယောက်စလုံး အစည်းအဝေးတွေ မှန်မှန်တက်ခဲ့ကြပြီး ယေဟောဝါဘုရားသခင်ကို ချစ်တဲ့မေတ္တာကို တိုးပွားစေခဲ့ပါတယ်။

၁၉၇၄ ခုနှစ်ရောက်တော့ ဒေါ်လေး ဂျိန်းဟာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံလိုက်တယ်။ ကျွန်မရဲ့အမေနဲ့ ကျန်တဲ့ဒေါ်လေးတွေလည်း နှစ်ခြင်းခံလာကြတယ်။ နောက်ပိုင်းမှာ အဘွားလည်း ဟိန္ဒူဘာသာရေးနဲ့ ဓလေ့ထုံးစံတွေကို စွန့်လွှတ်လိုက်တယ်။ ကျွန်မကတော့ အစည်းအဝေးတွေအားလုံးကို နှစ်ပေါင်းများစွာ မပျက်မကွက် တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ယေဟောဝါသက်သေတွေရဲ့ စည်းဝေးကြီးတစ်ခုမှာ ရှမီလာ ရမ်ပါဆဒ်ဆိုတဲ့ သက်သေခံတစ်ယောက်က ကျွန်မကို “ဘယ်တော့ နှစ်ခြင်းခံမှာလဲ” ဆိုပြီး မေးလိုက်တယ်။ “ကျွန်မကို ဘယ်သူကမှ ကျမ်းစာ မသင်ပေးတဲ့အတွက် နှစ်ခြင်းခံလို့မရသေးဘူး” ဆိုပြီး ကျွန်မ ပြန်ပြောလိုက်တယ်။ အဲဒီအခါမှာ သူသင်ပေးမယ်လို့ ကျွန်မကို ပြောတယ်။ ၁၉၇၇၊ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ကျင်းပတဲ့ နောက်စည်းဝေးကြီးမှာ ကျွန်မ နှစ်ခြင်းခံခဲ့တယ်။ တဖြည်းဖြည်းနဲ့ မိသားစု ၂၇ ယောက်ထဲက ၁၈ ယောက်က နှစ်ခြင်းခံလို့ ပြီးသွားပါပြီ။ ဒါပေမဲ့ ကျွန်မရဲ့အဖေ ဆန်နီ ဒီဗာကတော့ ကျွန်မကို ခွဲစိတ်တော့မယ့်အချိန်အထိ ယေဟောဝါသက်သေ မဖြစ်သေးဘူး။

“မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိ” ကြနဲ့

ဖိလိပ္ပိ ၄:၆၊ ၇ မှာပါတဲ့ ကျမ်းစကားတွေက ကျွန်မကို အများကြီး ထောက်ကူပေးခဲ့တယ်။ အထူးသဖြင့် ကျွန်မရဲ့ဦးနှောက်ထဲမှာ အကျိတ်ကြီးတစ်ခုရှိနေတယ်ဆိုတာ သိလိုက်ရပြီးတဲ့နောက်မှာပေါ့။ ကျမ်းချက်မှာ ဒီလိုဖော်ပြထားတယ်– “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသော အရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်။” ဘယ်အရာကိုမှ မစိုးရိမ်ဖို့ဆိုတာကတော့ မလွယ်ပါဘူး၊ အထူးသဖြင့် ကိုယ်ဟာ အချိန်မရွေး သေဆုံးနိုင်တယ်လို့ သိထားမယ်ဆိုရင် မစိုးရိမ်ဘဲနေပါ့မလား။ အစပိုင်းမှာတော့ ကျွန်မ ငိုပဲ ငိုနေခဲ့ပြီး ယေဟောဝါဘုရားသခင်ဆီ ဆုတောင်းနေလိုက်တယ်။ အဲဒီနောက်ပိုင်းမှာတော့ စဉ်းစားလို့မမီနိုင်တဲ့ ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းကို ကျွန်မ ခံစားခဲ့ရတယ်။

ယေဟောဝါဘုရားသခင်က ကျွန်မရဲ့ ညာလက်ကို ကိုင်ထားပြီး လမ်းခရီးတစ်လျှောက် တွဲခေါ်သွားသလိုမျိုး ကျွန်မ ခံစားခဲ့ရတယ်။ (ဟေရှာယ ၄၁:၁၃) သွေးကို ကြဉ်ရှောင်ပါဆိုတဲ့ ကျမ်းစာမိန့်မှာချက်ကို ကျွန်မ လိုက်နာဖို့ ဆုံးဖြတ်ထားတယ်ဆိုတာ ဆေးဝန်ထမ်းတွေကို သတ္တိရှိရှိ ရှင်းပြဖို့ ဘုရားသခင် ခွန်အားပေးခဲ့တယ်။ (တမန်တော် ၁၅:၂၈၊ ၂၉) ဒါကြောင့် ခွဲစိတ်ဆရာဝန်နဲ့ မေ့ဆေးဆရာဝန်တို့က သွေးမသွင်းဘဲ ခွဲစိတ်ပေးဖို့ သဘောတူလိုက်ကြတယ်။ အဲဒီနောက် ခွဲစိတ်ဆရာဝန်က ခွဲစိတ်မှု အောင်မြင်ကြောင်း၊ အကျိတ်တစ်ခုလုံးကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ရှင်းပြတယ်။ အခုလို အကြီးစားဦးနှောက်ခွဲစိတ်မှု လုပ်ပြီးတဲ့နောက် မြန်မြန်ဆန်ဆန် ပြန်ကောင်းလာတဲ့ လူနာမျိုး တစ်ခါမှ မတွေ့ဖူးဘူးလို့လည်း သူပြောပြတယ်။

သုံးပတ်ကြာပြီးတဲ့နောက် ကျွန်မရဲ့အိပ်ရာပေါ်ကနေ ကျမ်းစာသင်အံမှု လုပ်ခဲ့တယ်။ ခုနစ်ပတ်အကြာမှာတော့ ကားပြန်မောင်းပြီး ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်နိုင်ခဲ့တယ်၊ အစည်းအဝေးတွေလည်း ပြန်တက်နိုင်ခဲ့တယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်မနဲ့တွဲပြီး ပါဝင်ကြတဲ့ ညီအစ်ကိုညီအစ်မတွေရဲ့ ကူညီထောက်မမှုကို ကျွန်မ အရမ်းတန်ဖိုးထားတယ်။ သူတို့က ကျွန်မအနားမှာ အမြဲရှိနေပေးကြတယ်။ အိမ်ကို ကောင်းကောင်းမွန်မွန် ပြန်ရောက်နိုင်အောင်လည်း ဂရုစိုက်ပေးကြတယ်။ ကျမ်းစာတိပ်ခွေတွေကို နားထောင်ပြီး ကျွန်မဘဝမှာ ဘုရားသခင်နဲ့ဆက်ဆံရေးကောင်းဖို့ အာရုံစိုက်တဲ့အတွက် ကျွန်မ မြန်မြန် ပြန်ကောင်းလာတာဖြစ်တယ်။

ကျွန်မ ခွဲစိတ်ကုသမှု ခံယူပြီးတဲ့နောက် အဖေဟာ သက်သေခံတွေနဲ့ ကျမ်းစာလေ့လာဖို့ လက်ခံလိုက်လို့လည်း ဝမ်းသာလိုက်တာ။ အဖေ နှစ်ခြင်းခံတော့ အသက် ၇၃ နှစ်တောင် ရှိနေပြီ၊ အခု ယေဟောဝါဘုရားသခင်ကို ထက်ထက်သန်သန် ဝတ်ပြုနေပါတယ်။ တိုးများလာတဲ့ မိသားစုဝင်တွေထဲက အယောက် ၄၀ ကျော်ဟာ အခုဆိုရင် ယေဟောဝါဘုရားသခင်ကို စည်းစည်းလုံးလုံး ဝတ်ပြုနေကြပါတယ်။ ကျွန်မရဲ့ဘယ်ဘက်မျက်လုံးက အမြင်အာရုံ ချို့တဲ့သွားတဲ့အပြင် ဦးခေါင်းကိုလည်း သတ္တုနဲ့ ထိန်းထားရတယ်။ ဒါပေမဲ့ အနာဂတ်မြေကြီးပရဒိသုမှာ “အရာခပ်သိမ်း” ကို ဘုရားသခင် အသစ်ပြန်လုပ်ပေးမယ့်အချိန်ကို ကျွန်မ မျှော်လင့်စောင့်စားနေပါတယ်။—ဗျာဒိတ် ၂၁:၃-၅

ကျွန်မရဲ့ခင်ပွန်း (ဘယ်)၊ သမီး၊ မိဘနှစ်ပါးနဲ့အတူ

ကျွန်မ ချစ်ခင်မြတ်နိုးရတဲ့ ခင်ပွန်းသည်က အသင်းတော်မှာ အကြီးအကဲအဖြစ် အမှုဆောင်နေပါတယ်။ ကျွန်မရဲ့သမီး ကလီရစ္စတာဟာ အချိန်ပြည့်လုပ်ငန်းမှာ ကျွန်မဆက်ပါဝင်နိုင်အောင် ကူညီပေးနေပါတယ်။ ကျွန်မရဲ့အမှုဆောင်ခြင်းလုပ်ငန်းကို ယေဟောဝါဘုရားသခင် ကောင်းချီးအများကြီး ပေးခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်မရဲ့ကျမ်းစာသင်သား အတော်များများရဲ့ ဘဝမှာ ကျမ်းစာအစွမ်းတန်ခိုး သက်ရောက်တာကို သူတို့ သိမြင်ခံစားလာရအောင် ကျွန်မ ကူညီပေးနိုင်ခဲ့တယ်။ အခုဆိုရင် သူတို့အထဲက အယောက် ၃၀ ကျော်ဟာ ဘုရားသခင်ထံ အပ်နှံနှစ်ခြင်းခံပြီးသွားပါပြီ။

နာကျင်မှုတွေ ပြည့်နှက်နေတဲ့ ဒီကမ္ဘာကနေ ကျွန်မတို့ကို ဘုရားသခင် ကယ်နုတ်ပြီး သာယာလှပတဲ့ မြေကြီးပရဒိသုဆီ ပို့ဆောင်ပေးမယ့်အချိန်ကို ကျွန်မ မျှော်လင့်ချက်ကြီးစွာ စောင့်မျှော်နေပါတယ်။

^ အပိုဒ်၊ 12 ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်ကို ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ရဲ့ အခန်း ၃ မှာဖတ်ကြည့်ပါ။

^ အပိုဒ်၊ 13 ယေဟောဝါသက်သေတွေ ထုတ်ဝေပေမဲ့ အခု ပုံမနှိပ်တော့ပါ။