မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်စကား နားထောင်ပြီး ကိုယ်တော့်ကျိန်ဆိုမှုကနေ အကျိုးခံစားပါ

ဘုရားသခင့်စကား နားထောင်ပြီး ကိုယ်တော့်ကျိန်ဆိုမှုကနေ အကျိုးခံစားပါ

“ဘုရားသခင်သည် . . . မိမိထက် ကြီးမြတ်သူမရှိသောကြောင့် မိမိကိုယ်ကို တိုင်တည်၍ကျိန်ဆို၏။”—ဟေဗြဲ ၆:၁၃

၁။ ယေဟောဝါရဲ့ကတိတွေနဲ့ လူတွေရဲ့ကတိတွေက ဘယ်လိုကွာသလဲ။

ယေဟောဝါဟာ “အမှန်တရားရဲ့ဘုရားသခင်” ဖြစ်တယ်။ (ဆာ. ၃၁:၅ကဘ) မစုံလင်တဲ့လူတွေကိုတော့ အမြဲယုံကြည်စိတ်ချလို့မရပေမဲ့ ဘုရားသခင်ကတော့ မုသာမသုံးဘူး။ (ဟေဗြဲ ၆:၁၈; တောလည်ရာ ၂၃:၁၉ ကိုဖတ်ပါ။) ဘုရားသခင်ဟာ လူသားတွေအတွက် လုပ်ပေးမယ်လို့ ကတိပေးထားတာတွေကို အမြဲလုပ်တယ်။ ဥပမာ၊ ဖန်ဆင်းရာနေ့လို့ခေါ်တဲ့ ခြောက်ရက်အတွင်းမှာ ဘုရားသခင်က မြေကြီးပေါ်မှာရှိတဲ့အရာတွေကို ဖန်ဆင်းတယ်။ ဖန်ဆင်းရာနေ့ တစ်နေ့စီရဲ့အစမှာ ဘုရားသခင်က မိမိလုပ်ဆောင်မယ့်အရာကို အရင်ပြောတယ်။ အဲဒီနောက် ပြောတဲ့အတိုင်း တကယ်လုပ်တယ်။ ခြောက်ရက်မြောက် ဖန်ဆင်းရာနေ့အဆုံးမှာ “ဘုရားသခင်က သူပြုလုပ်ထားတဲ့အရာအားလုံး အရမ်းကောင်းတာကိုမြင်တယ်။”—က. ၁:၆၊ ၇၊ ၃၀၊ ၃၁ကဘ။

၂။ ဘုရားသခင့်အနားယူရာနေ့က ဘာလဲ။ အဲဒီနေ့ကို ကိုယ်တော် ဘာကြောင့် “သန့်ရှင်း” စေတာလဲ။

ဘုရားသခင်က မိမိဖန်ဆင်းထားတဲ့အရာအားလုံး အရမ်းကောင်းတာကို မြင်တွေ့ပြီးတဲ့နောက်မှာ ခုနစ်ရက်မြောက်နေ့ရဲ့အစကို စတင်ကြေညာတယ်။ အဲဒီနေ့က ဘုရားသခင့် အနားယူရာနေ့ဖြစ်တယ်၊ အဲဒါက ၂၄ နာရီကြာတဲ့နေ့ရက်တစ်ရက်မဟုတ်ဘဲ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့အရာတွေကို ဖန်ဆင်းခြင်းကနေ အနားယူတဲ့ ကြာရှည်တဲ့ကာလတစ်ခုဖြစ်တယ်။ (က. ၂:၂) ဘုရားသခင့်အနားယူရာနေ့က မပြီးသေးဘူး။ (ဟေဗြဲ ၄:၉၊ ၁၀) အဲဒီနေ့ ဘယ်အချိန်မှာစတယ်ဆိုတာ သမ္မာကျမ်းစာမှာ အတိအကျ မဖော်ပြထားဘူး။ ဒါပေမဲ့ အာဒံရဲ့ဇနီး ဧဝကို ဖန်ဆင်းပြီးနောက် တစ်ချိန်ချိန်ဖြစ်တဲ့ လွန်ခဲ့တဲ့အနှစ် ၆,၀၀၀ လောက်မှာစတယ်ဆိုတာကိုတော့ သိတယ်။ မကြာခင်မှာ ခရစ်တော်ရဲ့အနှစ်တစ်ထောင်အုပ်ချုပ်မှု စတင်ပါတော့မယ်၊ အဲဒီအချိန်ကျရင် ဘုရားသခင်က ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ မိမိရဲ့ရည်ရွယ်ချက်ကို ပြည့်စုံစေမှာဖြစ်တယ်။ ဘုရားသခင်က ကမ္ဘာမြေကြီးကို စုံလင်တဲ့လူသားတွေ ထာဝစဉ်နေနိုင်တဲ့ သာယာလှပတဲ့ပရဒိသု ဖြစ်စေချင်တယ်။ (က. ၁:၂၇၊ ၂၈; ဗျာ. ၂၀:၆) ဒီလိုပျော်စရာကောင်းတဲ့အနာဂတ်မျိုးကို သင်ရရှိမယ်လို့ သေချာပေါက် ပြောနိုင်သလား။ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ “ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းချီးပေး၍ သန့်ရှင်းစေ” လို့ပဲ။ ဒါက ကတိတစ်ခုဖြစ်တယ်၊ ဘယ်လိုအတားအဆီးပဲ ပေါ်လာပါစေ ဘုရားသခင်က အနားယူရာနေ့အကုန်မှာ မိမိရဲ့ရည်ရွယ်ချက်ကို တကယ်ပြည့်စုံစေမှာဖြစ်တယ်။—က. ၂:၃

၃။ (က) ဘုရားသခင့်အနားယူရာနေ့အစမှာ ဘာဖြစ်ခဲ့သလဲ။ (ခ) ပုန်ကန်သူကို ဖျက်ဆီးမယ့်အကြံအစည်နဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လိုဖော်ပြခဲ့သလဲ။

ဒါပေမဲ့ ဘုရားသခင့်အနားယူရာနေ့အစမှာ အနှောင့်အယှက်တစ်ခုဝင်လာတယ်။ ကောင်းကင်တမန်တစ်ပါးဖြစ်တဲ့ စာတန်ဟာ လူတွေ ဘုရားသခင်ကိုဝတ်ပြုမယ့်အစား သူ့ကို ဝတ်ပြုအောင် လုပ်ခဲ့တယ်။ စာတန်ဟာ ပထမဦးဆုံး အလိမ်အညာစကားကိုပြောခဲ့ပြီး ဧဝကိုလှည့်စားခဲ့တယ်၊ ဒါကြောင့် ဧဝက ဘုရားသခင့်စကားကို နားမထောင်တော့ဘူး။ (၁ တိ. ၂:၁၄) ဧဝကလည်း သူ့ယောက်ျားကို ယေဟောဝါရဲ့စကားနားမထောင်အောင် လုပ်ခဲ့တယ်။ (က. ၃:၁-၆) ဖြစ်ခဲ့သမျှပုန်ကန်မှုတွေထဲမှာ ဒါက အဆိုးဆုံးပဲ။ ဘုရားသခင် လိမ်ညာတယ်လို့ စာတန် စွပ်စွဲခဲ့ပေမဲ့ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ မိမိရဲ့ရည်ရွယ်ချက် တကယ်ပြည့်စုံလာမယ်ဆိုတာကိုကျိန်ဆိုပြီး ပြောစရာမလိုဘူးလို့ ယေဟောဝါ ယူဆခဲ့တယ်။ အဲဒီအစား အချိန်တန်မှနားလည်ရမယ့် စကားတွေကို ဘုရားသခင်ပြောခဲ့တယ်၊ ပုန်ကန်သူ ဘယ်လိုဖျက်ဆီးခံရမယ်ဆိုတာကိုပဲ ဖော်ပြခဲ့တယ်– “သင်နှင့် မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်။”—က. ၃:၁၅; ဗျာ. ၁၂:၉

တရားဝင်နည်းလမ်းဖြစ်တဲ့ ကျိန်ဆိုခြင်း

၄၊ ၅။ အချိန်အခါတချို့မှာ အာဗြဟံဟာ ဘယ်တရားဝင်နည်းလမ်းကို အသုံးပြုခဲ့သလဲ။

အဲဒီအစောပိုင်းအချိန်တုန်းကတော့ တစ်စုံတစ်ခုက မှန်ကန်တယ်ဆိုတာကို ဖော်ပြဖို့ ကျိန်ဆိုစရာမလိုခဲ့ဘူး။ ဘုရားသခင်ကိုချစ်ပြီး ကိုယ်တော့်ကိုတုပတဲ့ စုံလင်တဲ့လူသားတွေဟာ ကျိန်ဆိုစရာမလိုဘူး။ သူတို့က အမြဲပဲ အမှန်ကိုပြောတယ်၊ တစ်ဦးနဲ့တစ်ဦး အပြည့်အဝ ယုံကြည်စိတ်ချလို့ရတယ်။ ဒါပေမဲ့ ပထမလူသားမောင်နှံ အပြစ်ကျူးလွန်ပြီး မစုံလင်သူဖြစ်လာပြီးနောက်မှာတော့ လိမ်ညာမှုက တဖြည်းဖြည်းနဲ့ လူသားတွေအတွက် သာမန်အရာလိုဖြစ်လာတယ်။ ဒါကြောင့် နောက်ပိုင်းမှာဆိုရင် အရေးကြီးတဲ့ကိစ္စတွေရဲ့ မှန်ကန်မှုကို ဖော်ပြဖို့အတွက် လူတွေဟာ ကျိန်ဆိုဖို့ လိုအပ်လာတယ်။

အာဗြဟံဟာ အနည်းဆုံး အခြေအနေသုံးခုမှာ ကျိန်ဆိုခဲ့တယ်။ (က. ၂၁:၂၂-၂၄; ၂၄:၂-၄၊) ဥပမာ၊ ဧလံမင်းနဲ့အပေါင်းပါဘုရင်တွေကို အာဗြဟံ တိုက်ခိုက်အောင်မြင်ပြီး ပြန်လာတဲ့အခါ ရှာလင်မင်းကြီး မေလခိဇေဒက်နဲ့ သောဒုံမင်းက သူ့ကို တွေ့ဖို့လာကြတယ်။ ရှာလင်မင်းကြီးက “အမြင့်ဆုံးသောဘုရားသခင်၏ ယဇ်ပုရောဟိတ်” ဖြစ်တယ်။ ရှာလင်မင်းကြီးက အာဗြဟံကို ကောင်းချီးပေးပြီး အာဗြဟံကို အောင်ပွဲရစေခဲ့တဲ့ ဘုရားသခင်ကို ချီးမွမ်းခဲ့တယ်။ (က. ၁၄:၁၇-၂၀) အဲဒီနောက် သောဒုံမင်းက သူ့ရဲ့လူတွေကို ရန်သူတွေလက်ကနေ ကယ်တင်ပေးခဲ့တဲ့ အာဗြဟံကို လက်ဆောင်တွေပေးတဲ့အခါ အာဗြဟံ ဒီလိုကျိန်ဆိုခဲ့တယ်– “ကောင်းကင်နဲ့မြေကြီးဖန်ဆင်းရှင်၊ အမြင့်ဆုံးဘုရားသခင် ယေဟောဝါရှေ့မှာ လက်ကိုမြှောက်ပြီး ကျွန်တော်ကျိန်ဆိုပါတယ်။ ‘ငါ့ကြောင့် အာဗြံချမ်းသာပြီ’ လို့ မင်းကြီးမပြောနိုင်အောင် အပ်ချည်တစ်မျှင်ကအစ ခြေနင်းကြိုးတစ်ပင်အထိ မင်းကြီးရဲ့ဥစ္စာ ဘာတစ်ခုကိုမှ ကျွန်တော်ယူမှာ မဟုတ်ဘူး။”—က. ၁၄:၂၁-၂၃ကဘ။

အာဗြဟံကို ယေဟောဝါကတိတစ်ခုပေးတဲ့အခါ ကျိန်ဆိုခဲ့

၆။ (က) အာဗြဟံက ကျွန်ုပ်တို့အတွက် ဘယ်ပုံနမူနာ ထားခဲ့သလဲ။ (ခ) အာဗြဟံရဲ့နာခံမှုကနေ ကျွန်ုပ်တို့ ဘယ်လိုအကျိုးခံစားရမလဲ။

ယေဟောဝါဘုရားသခင်လည်း အပြစ်ရှိလူသားတွေအကျိုးအတွက် ကျိန်ဆိုမှုပြုခဲ့တယ်၊ အဲဒီလိုအခါမျိုးမှာ ‘အရှင်ယေဟောဝါ မိန့်တော်မူသည်ကား “ငါအသက်ရှင်သည်အတိုင်း”’ ဆိုတဲ့အသုံးအနှုန်းကို သုံးတယ်။ (ယေဇ. ၁၇:၁၆) သမ္မာကျမ်းစာမှာ ယေဟောဝါဘုရားသခင် ကျိန်ဆိုတာကို အကြိမ် ၄၀ ထက်မက ဖော်ပြထားတယ်။ အထင်ရှားဆုံးတစ်ခုကတော့ အာဗြဟံနဲ့ ကျိန်ဆိုခြင်းဖြစ်တယ်။ အာဗြဟံရဲ့အသက်တာတစ်လျှောက်မှာ ယေဟောဝါ အကြိမ်ကြိမ် ပဋိညာဉ်ပြုခဲ့တယ်၊ နောက်တစ်နည်းနဲ့ပြောရင် ကျိန်ဆိုကတိပြုခဲ့တယ်။ အမျိုးအနွယ်ဟာ အာဗြဟံရဲ့မိသားစု၊ သူ့ရဲ့သား ဣဇာက်ထံကနေ ဆင်းသက်လာမယ်ဆိုတာကို အဲဒီပဋိညာဉ်တွေအားဖြင့် အာဗြဟံ သိခဲ့ရတယ်။ (က. ၁၂:၁-၃၊ ၇; ၁၃:၁၄-၁၇; ၁၅:၅၊ ၁၈; ၂၁:၁၂) အဲဒီနောက်မှာ ယေဟောဝါက အာဗြဟံကို အရမ်းခက်တဲ့တာဝန်တစ်ခုပေးခဲ့တယ်။ အာဗြဟံက သူချစ်မြတ်နိုးရတဲ့သားကို ပူဇော်ရမှာဖြစ်တယ်။ အာဗြဟံဟာ အဲဒီအမိန့်ကို မဆိုင်းမတွ စလုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ဣဇာက်ကို မပူဇော်ခင်လေးမှာပဲ ကောင်းကင်တမန်တစ်ပါးက ဝင်တားလိုက်တယ်။ အဲဒီနောက် ဘုရားသခင် ဒီလိုကျိန်ဆိုခဲ့တယ်– “ကိုယ့်ကိုယ်ကိုယ် တိုင်တည်ပြီး ငါကျိန်ဆိုတယ်။ သင်က ခုလိုလုပ်ပြီး သင့်ရဲ့သား၊ တစ်ဦးတည်းသောသားကို ပေးတဲ့အတွက် သင့်ကို ငါအမှန်ကောင်းချီးပေးမယ်။ သင့်အမျိုးအနွယ်ကို ကောင်းကင်ကြယ်တွေလို၊ ပင်လယ်ကမ်းခြေက သဲပွင့်တွေလို တိုးပွားများပြားစေမယ်။ သင့်အမျိုးအနွယ်က ရန်သူတွေရဲ့ မြို့ဂိတ်တံခါးကို သိမ်းပိုက်ကြလိမ့်မယ်။ သင်က ငါ့စကားကို နားထောင်တဲ့အတွက် မြေကြီးပေါ်မှာရှိတဲ့ လူမျိုးအားလုံးဟာ သင့်အမျိုးအနွယ်အားဖြင့် အမှန်တကယ် ကောင်းချီးခံစားရလိမ့်မယ်။”—က. ၂၂:၁-၃၊ ၉-၁၂၊ ၁၅-၁၈ကဘ။

၇၊ ၈။ (က) ဘုရားသခင်က အာဗြဟံနဲ့ ဘာကြောင့် ကျိန်ဆိုကတိပြုခဲ့တာလဲ။ (ခ) ခရစ်တော်ရဲ့ “အခြားသိုး” တွေဟာ ဘုရားသခင်ရဲ့ကျိန်ဆိုချက်ကနေ ဘယ်လို အကျိုးခံစားရမလဲ။

ဘုရားသခင်က မိမိရဲ့ကတိတော်တွေ တကယ်ပြည့်စုံလာမယ်ဆိုတာကို ဘာကြောင့် အာဗြဟံကို ကျိန်ဆိုပြတာလဲ။ အကြောင်းကတော့ ခရစ်တော်နဲ့အတူ တွဲဖက်အုပ်ချုပ်မယ့်၊ “အမျိုးအနွယ်” ရဲ့ဒုတိယအပိုင်းဖြစ်လာမယ့်သူတွေကို အားပေးဖို့နဲ့ သူတို့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေဖို့ဖြစ်တယ်။ (ဟေဗြဲ ၆:၁၃-၁၈ ကိုဖတ်ပါ; ဂလ. ၃:၂၉) တမန်တော်ပေါလုရှင်းပြတဲ့အတိုင်း ယေဟောဝါဟာ “ကျိန်ဆိုချက်ဖြင့် အတည်ပြုခဲ့” တယ်။ ဒါကြောင့် ကောင်းကင်အတန်းအစားတွေဟာ “ဘုရားသခင်မုသာမသုံးနိုင်သော မပြောင်းလဲသည့်အရာနှစ်ခု [ကိုယ်တော့်ကတိတော်နှင့် ကျိန်ဆိုချက်] အားဖြင့် . . . ရှေ့တွင်ရှိသောမျှော်လင့်ခြင်းကို ဆုပ်ကိုင်နိုင်မည်အကြောင်း အားပေး” မှုရရှိခဲ့ကြတယ်။

ယေဟောဝါရဲ့ကတိတော်တွေ ပြည့်စုံလာတာကို မကြာခင်မှာ အာဗြဟံ မြင်တွေ့ရမှာဖြစ်

အာဗြဟံနဲ့ ပြုလုပ်ခဲ့တဲ့ ဘုရားသခင့်ကျိန်ဆိုချက်ကနေ အကျိုးခံစားရသူတွေက ကောင်းကင်အတန်းအစားတွေပဲ မဟုတ်ဘူး။ အာဗြဟံရဲ့ “အမျိုးအနွယ်” အားဖြင့် “လူမျိုးအပေါင်း” ကောင်းချီးခံစားရမယ်လို့ ယေဟောဝါကျိန်ဆိုခဲ့တယ်။ (က. ၂၂:၁၈) “လူမျိုးအပေါင်း” ထဲမှာ ခရစ်တော်ရဲ့စကားကိုနာခံတဲ့ “အခြားသိုး” လည်းပါတယ်၊ သူတို့တွေက မြေကြီးပရဒိသုမှာ ထာဝရအသက်ရဖို့ မျှော်လင့်ချက်ရှိသူတွေဖြစ်တယ်။ (ယော. ၁၀:၁၆) သင်ဟာ ကောင်းကင်အတန်းအစားတစ်ဦးဖြစ်စေ၊ အခြားသိုးတစ်ဦးဖြစ်စေ ဘုရားသခင့်စကား နားထောင်တဲ့အသက်တာမျိုးနဲ့ ဆက်အသက်ရှင်ခြင်းအားဖြင့် သင့်မျှော်လင့်ချက်ကို ဆက် “ဆုပ်ကိုင်” ထားပါ။—ဟေဗြဲ ၆:၁၁၊ ၁၂ ကိုဖတ်ပါ။

တခြားကျိန်ဆိုချက်များ

၉။ အာဗြဟံရဲ့ သားစဉ်မြေးဆက်တွေ အီဂျစ်ပြည်ရဲ့ကျွန်ဘဝရောက်နေချိန်မှာ ဘုရားသခင် ဘယ်လိုကျိန်ဆိုခဲ့သလဲ။

အာဗြဟံနောက်ပိုင်း နှစ်ပေါင်းရာနဲ့ချီကြာပြီးနောက်မှာ ယေဟောဝါဟာ အာဗြဟံကိုပေးခဲ့တဲ့ကတိတော်တွေ ပြည့်စုံစေဖို့ နောက်ထပ်ကျိန်ဆိုပြန်တယ်။ အဲဒါကတော့ အီဂျစ်ပြည်ရဲ့ကျွန်ဘဝရောက်နေတဲ့ အာဗြဟံရဲ့သားစဉ်မြေးဆက်တွေကို စကားပြောဖို့ မောရှေကို စေလွှတ်လိုက်ချိန်မှာဖြစ်တယ်။ (ထွ. ၆:၆-၈) ဘုရားသခင်က အဲဒီအချိန်တုန်းက မိမိကျိန်ဆိုခဲ့တဲ့အကြောင်း နောက်ပိုင်းမှာ ဒီလိုပြောခဲ့တယ်– “သူတို့ကို အီဂျစ်ပြည်ကနေခေါ်ထုတ်ပြီး သူတို့အတွက် ငါရှာထားတဲ့ပြည်ဖြစ်တဲ့ နို့နဲ့ပျားရည်စီးတဲ့ပြည်ကို ပို့ဆောင်ပေးမယ်လို့ အဲဒီနေ့မှာ ကျိန်ဆိုခဲ့တယ်။—ယေဇ. ၂၀:၅၊ ၆ကဘ။

၁၀။ အစ္စရေးလူတွေကို အီဂျစ်ပြည်ကနေ ကယ်ထုတ်လာပြီးနောက်မှာ ဘုရားသခင် သူတို့ကို ဘာကတိပေးခဲ့သလဲ။

၁၀ အစ္စရေးလူတွေကို အီဂျစ်ပြည်ကနေ ကယ်ထုတ်လာပြီးတဲ့နောက်မှာ ဘုရားသခင်က ဒီလိုကျိန်ဆိုပြီး နောက်ကတိတစ်ခုပေးခဲ့တယ်– “သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကိုစောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ဥစ္စာဖြစ်၏။ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည်။” (ထွ. ၁၉:၅၊ ၆) ဒါက အစ္စရေးလူမျိုး အထူးအခွင့်အရေး ကမ်းလှမ်းခံရတာဖြစ်တယ်။ အစ္စရေးလူမျိုးကသာ ယေဟောဝါရဲ့စကားကို နားထောင်မယ်ဆိုရင် သူတို့အထဲကနေ မင်းစည်းစိမ်ရှိတဲ့ယဇ်ပုရောဟိတ်နိုင်ငံ ထွက်ပေါ်လာပြီး ကျန်တဲ့လူသားတွေက အဲဒီကနေ ကောင်းချီးခံစားရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ နောက်ပိုင်းမှာ ယေဟောဝါက အဲဒီကတိကို ပေးခဲ့တုန်းက ကိုယ်တော် “ကျိန်ဆို” ခဲ့တယ်လို့ ပြောခဲ့တယ်။—ယေဇ. ၁၆:၈

၁၁။ ဘုရားသခင်က အစ္စရေးလူတွေကို မိမိရွေးချယ်ထားတဲ့ အထူးလူမျိုးဖြစ်ဖို့ ကမ်းလှမ်းတဲ့အခါ သူတို့ ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။

၁၁ နာခံမှုပြဖို့အတွက် အစ္စရေးလူတွေကို ယေဟောဝါ အတင်းအကျပ် မကျိန်ဆိုခိုင်းဘူး။ မိမိရဲ့အထူးကမ်းလှမ်းမှုကို လက်ခံဖို့လည်း အတင်းမတိုက်တွန်းခဲ့ဘူး။ ဒါပေမဲ့ အစ္စရေးလူတွေက သူတို့နာခံမှုပြမယ်ဆိုတာကို ကျိန်ဆိုချင်ကြတယ်။ သူတို့က “ယေဟောဝါပြောသမျှကို ကျွန်တော်တို့လိုက်နာဖို့ အသင့်ပါပဲ” လို့ပြောခဲ့ကြတယ်။ (ထွ. ၁၉:၈ကဘ) သုံးရက်ကြာပြီးတဲ့နောက်မှာ ယေဟောဝါက မိမိရွေးချယ်ထားတဲ့လူမျိုးထံကနေ ကိုယ်တော် ဘာတောင်းဆိုတယ်ဆိုတာ အစ္စရေးလူတွေကို သိစေခဲ့တယ်။ အရင်ဆုံး သူတို့ကို ပညတ်တော်ဆယ်ပါးပေးခဲ့တယ်၊ အဲဒီနောက်မှာ ထွက်မြောက်ရာ ၂၀:၂၂ ကနေ ၂၃:၃၃ ထိ မှတ်တမ်းတင်ထားတဲ့ပညတ်တွေကို သူတို့ကို ပြောပြခဲ့တယ်။ အဲဒါကို အစ္စရေးလူတွေ ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ “‘ယေဟောဝါပြောတဲ့စကားရှိသမျှကို ကျွန်တော်တို့လိုက်နာဖို့ အသင့်ပါပဲ’ ဆိုပြီး တစ်သံတည်း ပြန်ပြောကြတယ်။” (ထွ. ၂၄:၃ကဘ) အဲဒီနောက် မောရှေက ပညတ်တွေကို “ပဋိညာဉ်စာအုပ်” မှာ မှတ်တမ်းတင်ရေးသားခဲ့ပြီး အသံကျယ်ကျယ်နဲ့ သူတို့ကို ပြန်ဖတ်ပြခဲ့လို့ အစ္စရေးလူတွေ အဲဒါကို နောက်တစ်ကြိမ် ပြန်ကြားရတယ်။ အဲဒီနောက် တတိယအကြိမ်အနေနဲ့ အစ္စရေးလူမျိုးက “ယေဟောဝါပြောသမျှကို ကျွန်တော်တို့ လိုက်နာဖို့၊ နာခံဖို့အသင့်ပါပဲ” ဆိုပြီး ကတိပေးခဲ့ကြတယ်။—ထွ. ၂၄:၄၊ ၇၊ ၈ကဘ။

၁၂။ အစ္စရေးလူတွေကို အထူးလူမျိုးဖြစ်စေမယ်လို့ ယေဟောဝါကတိပေးပြီးတာနဲ့ ကိုယ်တော် ဘာလုပ်ခဲ့သလဲ။ အစ္စရေးလူတွေ ဘုရားသခင်ကို ကတိပေးပြီးတဲ့နောက် သူတို့ ဘာလုပ်ခဲ့ကြသလဲ။

၁၂ ယေဟောဝါဟာ အစ္စရေးလူမျိုးနဲ့ဖွဲ့ခဲ့တဲ့ပဋိညာဉ်မှာ ကတိပေးထားတဲ့အတိုင်း ချက်ချင်းစလုပ်ဆောင်ခဲ့တယ်။ ကိုယ်တော်က ဝတ်ပြုဖို့နေရာဖြစ်တဲ့ တဲတော်တစ်ခုစီစဉ်ပေးပြီး အဲဒီမှာအမှုဆောင်မယ့် ယဇ်ပုရောဟိတ်တွေကို ရွေးချယ်ပေးခဲ့တယ်။ ယဇ်ပုရောဟိတ်အဖွဲ့က မစုံလင်တဲ့လူသားတွေ ဘုရားသခင်နဲ့ဆက်ဆံရေးထူထောင်နိုင်ဖို့ ကူညီပေးမှာဖြစ်တယ်။ ဒါပေမဲ့ အစ္စရေးလူတွေဟာ ချက်ချင်းပဲ မိမိတိုရဲ့အပ်နှံမှုကို မေ့လျော့သွားပြီး “အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်ကို ယူကျုံးမရဖြစ်စေ” ခဲ့ကြတယ်။ (ဆာ. ၇၈:၄၁ကဘ) ဥပမာ၊ မောရှေ သိနာတောင်ပေါ်ကိုတက်ပြီး ထပ်ဆင့်ညွှန်ကြားချက်တွေ သွားယူနေတဲ့အခါမှာ အစ္စရေးလူတွေဟာ စိတ်မရှည်တော့ဘဲ ယုံကြည်ခြင်းကင်းမဲ့လာတယ်။ မောရှေ သူတို့ကိုထားခဲ့ပြီလို့ ထင်ခဲ့ကြတယ်။ ဒါနဲ့ သူတို့ဟာ ရွှေနွားသငယ်ရုပ်တစ်ခုလုပ်ပြီး “အို အစ္စရေးလူတို့၊ ဒါက သင်တို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့ ဘုရားသခင်ပဲ” လို့ လူတွေကို ပြောခဲ့တယ်။ (ထွ. ၃၂:၁၊ကဘ) အဲဒီနောက် ‘ယေဟောဝါအဖို့ ပွဲခံ’ တယ်လို့ပြောပြီး သူတို့လုပ်ထားတဲ့ အဲဒီအရုပ်ရှေ့မှာ ဦးချ၊ ယဇ်ပူဇော်ကြတယ်။ အဲဒါကိုကြည့်ပြီး ယေဟောဝါက “ငါမှာထားသောလမ်းမှ အလျင်အမြန်လွှဲသွား” ပြီလို့ မောရှေကို ပြောခဲ့တယ်။ (ထွ. ၃၂:၅၊ ၆၊) ဝမ်းနည်းစရာက အဲဒီအချိန်ကစပြီး အစ္စရေးလူတွေဟာ ဘုရားသခင်ရှေ့မှာ ကျိန်ဆိုမှုတွေပြုလုပ်ခဲ့ပေမဲ့ ကျိန်ဆိုတဲ့အတိုင်း မလုပ်ခဲ့ကြဘူး။—တော. ၃၀:၂

နောက်ထပ်ကျိန်ဆိုမှုနှစ်ခု

၁၃။ ယေဟောဝါက ဒါဝိဒ်ကို ဘယ်လိုကျိန်ဆိုပြီး ကတိပေးခဲ့သလဲ။ ဒီကျိန်ဆိုမှုက ပေါ်ထွန်းလာမယ့်အမျိုးအနွယ်နဲ့ သက်ဆိုင်တယ်ဆိုတာ ဘယ်လိုသိရသလဲ။

၁၃ ဘုရင်ဒါဝိဒ်အုပ်ချုပ်နေစဉ်မှာ ယေဟောဝါရဲ့စကားနားထောင်သူအားလုံး အကျိုးခံစားရစေမယ့် ကတိနှစ်ခုကို ကိုယ်တော် ထပ်ပေးခဲ့တယ်။ ပထမတစ်ခုက ဒါဝိဒ်ရဲ့ရာဇပလ္လင် ထာဝစဉ်တည်မယ်၊ အမျိုးအနွယ်က သူ့ရဲ့ရာဇပလ္လင်မှာ နန်းထိုင်လိမ့်မယ်လို့ ယေဟောဝါကျိန်ဆိုပြီး ကတိပေးခဲ့တယ်။ (ဆာ. ၈၉:၃၅၊ ၃၆; ၁၃၂:၁၁၊ ၁၂) အဓိပ္ပာယ်ကတော့ ပေါ်ထွန်းလာမယ့်အမျိုးအနွယ်ဟာ “ဒါဝိဒ်၏သား” လို့ အခေါ်ခံရမှာဖြစ်တယ်။ (မ. ၁:၁; ၂၁:၉) ဒါဝိဒ်ဟာ ပေါ်ထွန်းလာမယ့်အမျိုးအနွယ်ကို နှိမ့်ချစွာနဲ့ “သခင်” လို့ခေါ်ခဲ့တယ်၊ အကြောင်းကတော့ ခရစ်တော်က ဒါဝိဒ်ထက် ကြီးမြတ်တဲ့ရာထူးရှိလို့ပဲ။—မ. ၂၂:၄၂-၄၄

၁၄။ ပေါ်ထွန်းလာမယ့်အမျိုးအနွယ်နဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လိုကျိန်ဆိုခဲ့သလဲ။ အဲဒီကျိန်ဆိုမှုကနေ ကျွန်ုပ်တို့ ဘယ်လိုအကျိုးခံစားရသလဲ။

၁၄ ဒုတိယတစ်ခုက ပေါ်ထွန်းလာမယ့်အမျိုးအနွယ်ဟာ ဘုရင်သာမကဘဲ လူသားတွေရဲ့ယဇ်ပုရောဟိတ်မင်းလည်းဖြစ်တယ်လို့ ယေဟောဝါက ဒါဝိဒ်ကို ဖော်ပြခဲ့တယ်။ ဒါက တကယ့်ထူးခြားမှုပဲ။ အစ္စရေးလူတွေကို ဘုရားသခင်ပေးတဲ့ ပညတ်အရဆိုရင် ယဇ်ပုရောဟိတ်တွေက လေဝိအနွယ်ကဖြစ်ပြီး ဘုရင်တွေက ယုဒအနွယ်က ဖြစ်ရမယ်။ ဒါကြောင့် အဲဒီအချိန်တုန်းကဆိုရင် ဘယ်သူမှ ဘုရင်နဲ့ ယဇ်ပုရောဟိတ်တာဝန်ကို ပူးတွဲထမ်းဆောင်လို့ မရဘူး။ ဒါပေမဲ့ ပေါ်ထွန်းလာမယ့်ဘုရင်အကြောင်း ဒါဝိဒ် ဒီလိုကြိုပြောခဲ့တယ်– ‘ယေဟောဝါက ‘သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့’ ဟု ငါ၏သခင်အား မိန့်တော်မူ၏။ ယေဟောဝါက ‘သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်’ ဟု ကျိန်ဆို၍ နောက်တစ်ဖန် စိတ်ပြောင်းလဲခြင်းရှိတော်မမူ။” (ဆာ. ၁၁၀:၁၊) ဒါဝိဒ် ကြိုဟောခဲ့တဲ့အတိုင်း အမျိုးအနွယ်ဖြစ်တဲ့ ယေရှုခရစ်ဟာ အခု ကောင်းကင်မှာ ဘုရင်အဖြစ် အုပ်ချုပ်နေပြီ။ သူက လူသားတွေအတွက် ယဇ်ပုရောဟိတ်မင်းအဖြစ်လည်း လုပ်ဆောင်ပြီး နောင်တရတဲ့လူသားတွေကို ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိအောင် ကူညီပေးတယ်။—ဟေဗြဲ ၇:၂၁၊ ၂၅၊ ၂၆ ကိုဖတ်ပါ။

ဘုရားသခင်ရဲ့ အစ္စရေးလူမျိုးသစ်

၁၅၊ ၁၆။ (က) သမ္မာကျမ်းစာထဲမှာ ဘယ်အစ္စရေးလူမျိုးနှစ်မျိုးအကြောင်း ဖော်ပြထားသလဲ။ ယနေ့ ဘယ်အစ္စရေးလူမျိုးကို ဘုရားသခင် ကောင်းချီးပေးနေသလဲ။ (ခ) ယေရှုက ကျိန်ဆိုခြင်းနဲ့ပတ်သက်ပြီး မိမိရဲ့နောက်လိုက်တွေကို ဘယ်လိုပြောခဲ့သလဲ။

၁၅ အစ္စရေးလူမျိုးက ယေရှုခရစ်ကိုငြင်းပယ်ခဲ့တဲ့အတွက် နောက်ဆုံးမှာ ယေဟောဝါလည်း သူတို့ကို ငြင်းပယ်ခဲ့တယ်၊ ဒါကြောင့် သူတို့ဟာ “မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး” ဖြစ်ခွင့် ဆုံးရှုံးသွားတယ်။ ဂျူးဘာသာရေးခေါင်းဆောင်တွေကို ယေရှု ဒီလိုပြောခဲ့တယ်– “ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့ထံမှနုတ်ယူ၍ အသီးသီးမည့်လူမျိုးအား ပေးရလိမ့်မည်။” (မ. ၂၁:၄၃) ဂျေရုဆလင်မြို့မှာစုရုံးနေတဲ့ ယေရှုရဲ့တပည့် ၁၂၀ အပေါ် ဘုရားသခင့်စွမ်းအားတော်သွန်းလောင်းခဲ့တဲ့ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ယေရှုပြောခဲ့တဲ့ လူမျိုးသစ်ပေါ်ထွန်းခဲ့တယ်။ သူတို့တွေဟာ “ဘုရားသခင်၏အစ္စရေးလူမျိုး” ဖြစ်လာတယ်။ မကြာခင်မှာပဲ တခြားလူမျိုးတွေထဲက ထောင်ပေါင်းများစွာသောသူတွေဟာ ဘုရားသခင့်အစ္စရေးလူမျိုးအဝင် ဖြစ်လာကြတယ်။—ဂလ. ၆:၁၆

၁၆ ဘုရားသခင့်အစ္စရေးလူမျိုးသစ်ဟာ ဇာတိအစ္စရေးလူမျိုးနဲ့မတူဘဲ အသီးကောင်းတွေသီးခြင်းအားဖြင့် ဘုရားသခင့်စကားကို ဆက်နာခံခဲ့တယ်။ ဘုရားသခင့်အစ္စရေးလူမျိုး ရရှိခဲ့တဲ့အမိန့်တစ်ခုက ကျိန်ဆိုခြင်းနဲ့ပတ်သက်တယ်။ ယေရှုကမ္ဘာပေါ်မှာရှိစဉ်တုန်းက လူတွေဟာ မမှန်ကန်တဲ့အရာတွေအတွက်၊ အရေးမပါတဲ့အရာတွေအတွက် ကျိန်ဆိုခဲ့ကြတယ်။ (မ. ၂၃:၁၆-၂၂) ဒါပေမဲ့ ယေရှုက သူ့နောက်လိုက်တွေကို “ကျိန်ဆိုခြင်းကို အလျှင်းမပြုရ။ . . . သင်တို့၏စကားမှာ အဟုတ်ကိုအဟုတ်၊ မဟုတ်ကိုမဟုတ် ဖြစ်စေကြလော့။ ထို့ထက်ပိုသောစကားသည် ဆိုးညစ်သူထံမှဖြစ်၏” လို့သင်ပေးခဲ့တယ်။—မ. ၅:၃၄၊ ၃၇

ယေဟောဝါရဲ့ကတိတော်တွေက အမြဲပြည့်စုံတယ်

၁၇။ နောက်ဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို လေ့လာကြမလဲ။

၁၇ ဒါဆိုရင် ကျိန်ဆိုမှုတိုင်းက မှားတယ်ဆိုတဲ့အဓိပ္ပာယ်လား။ ပိုအရေးကြီးတာက အဟုတ်ကို အဟုတ်ဖြစ်စေပါဆိုတာ ဘာအဓိပ္ပာယ်ရှိသလဲ။ အဖြေတွေကို နောက်ဆောင်းပါးမှာ တွေ့ရပါလိမ့်မယ်။ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ ဆက်တွေးတောဆင်ခြင်တာနဲ့အမျှ ယေဟောဝါကို အမြဲနာခံမှုပြဖို့ ကျွန်ုပ်တို့လှုံ့ဆော်ခံရပါစေ။ အဲဒီအခါ ကိုယ်တော် ကတိပြုကျိန်ဆိုထားတဲ့အတိုင်း ကျွန်ုပ်တို့ ထာဝစဉ် ကောင်းချီးခံစားရမှာဖြစ်တယ်။