မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်စကားမှာ အဟုတ်ကို အဟုတ် ဖြစ်စေပါ

သင့်စကားမှာ အဟုတ်ကို အဟုတ် ဖြစ်စေပါ

“သင်တို့၏စကားမှာ အဟုတ်ကို အဟုတ်၊ မဟုတ်ကို မဟုတ် ဖြစ်စေကြလော့။”—မ. ၅:၃၇

၁။ ကျိန်ဆိုခြင်းနဲ့ပတ်သက်ပြီး ယေရှု ဘာပြောခဲ့သလဲ၊ ဘာကြောင့်လဲ။

ခရစ်ယာန်စစ်တွေဟာ အများအားဖြင့် သူတို့ပြောတဲ့စကား မှန်ကန်တယ်ဆိုတာကို ကျိန်ဆိုပြီး ပြောစရာမလိုဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က “သင်တို့၏စကားမှာ အဟုတ်ကို အဟုတ်ဖြစ်စေ” ပါဆိုတဲ့ ယေရှုရဲ့စကားကို လိုက်နာကြလို့ပဲ။ လူတစ်ယောက်ဟာ ပြောတဲ့အတိုင်း လုပ်သင့်တယ်လို့ ယေရှု ဆိုလိုနေခြင်းဖြစ်တယ်။ အဲဒီလိုမပြောခင်လေးမှာ “ကျိန်ဆိုခြင်းကို အလျှင်းမပြုရ” လို့ ယေရှုပြောခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ လူများစွာဟာ ပြောတဲ့အတိုင်းလုပ်ဖို့ ရည်ရွယ်ချက်မရှိဘဲ အလွယ်တကူ ကျိန်ဆိုတတ်တဲ့အကျင့် ရှိကြတယ်။ လူတစ်ယောက်က ကျိန်ဆိုပြီး ကျိန်ဆိုတဲ့အတိုင်းမလုပ်ဘူးဆိုရင် ဘာဖြစ်မလဲ။ အဲဒီပုဂ္ဂိုလ်ဟာ ယုံကြည်စိတ်ချလို့မရတဲ့သူဖြစ်ပြီး “ဆိုးညစ်သူ” ရဲ့လွှမ်းမိုးချုပ်ကိုင်မှုကို ခံနေသူဖြစ်ကြောင်း ဖော်ပြရာရောက်တယ်။—မဿဲ ၅:၃၃-၃၇ ကိုဖတ်ပါ။

၂။ ကျိန်ဆိုတာက အမြဲမမှားဘူးဆိုတာ ဘယ်လိုသိရသလဲ၊ ရှင်းပြပါ။

ကျိန်ဆိုတာမှားတယ်လို့ ယေရှုပြောနေတာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ဆောင်းပါးမှာ ကျွန်ုပ်တို့ လေ့လာခဲ့တဲ့အတိုင်း ယေဟောဝါဘုရားသခင်နဲ့ ကိုယ်တော့်သစ္စာရှိကျွန် အာဗြဟံဟာ အရေးကြီးတဲ့ကိစ္စတွေမှာ ကျိန်ဆိုမှုတွေပြုလုပ်ခဲ့ကြတယ်။ ဒါ့အပြင် ပညတ်တရားမှာဆိုရင် ပြဿနာတချို့ကို ဖြေရှင်းရာမှာ ကျိန်ဆိုမှုပြုလုပ်ဖို့ တောင်းဆိုထားတယ်။ (ထွ. ၂၂:၁၀၊ ၁၁; တော. ၅:၂၁၊ ၂၂) ဒါကြောင့် ခရစ်ယာန်တစ်ဦးဟာ တရားရုံးမှာသက်သေလိုက်တဲ့အခါ အမှန်အတိုင်းထွက်ဆိုမယ်ဆိုပြီး ကျမ်းကျိန်ဖို့ လိုအပ်ကောင်း လိုအပ်လိမ့်မယ်။ ဒါမှမဟုတ် ကြုံတောင့်ကြုံခဲ အခြေအနေတွေမှာ ခရစ်ယာန်တစ်ဦးဟာ မိမိ တစ်စုံတစ်ခုလုပ်မယ်ဆိုတာ ဒါမှမဟုတ် ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး အမှန်အတိုင်း ပြောတယ်ဆိုတာကို ကျိန်ဆိုပြီးပြောဖို့လိုတယ်လို့ ယူဆနိုင်ပါတယ်။ ဂျူးတရားရုံးချုပ်မှာ ယဇ်ပုရောဟိတ်မင်းက ယေရှုကို ကျိန်ဆိုဖို့ ဖိအားပေးတဲ့အခါ ယေရှုကျိန်ဆိုပြီး အမှန်အတိုင်းပြောခဲ့တယ်။ (မ. ၂၆:၆၃၊ ၆၄) ယေရှုက အမြဲပဲ အမှန်အတိုင်းပြောတဲ့အတွက်ကြောင့် ဘယ်သူ့ကိုမှ ကျိန်ဆိုပြစရာမလိုဘူး။ ဒါပေမဲ့ သူ ပြောတာတွေက မှန်ကန်တယ်ဆိုတာ အလေးပေးဖို့အတွက် “သင်တို့အား ငါအမှန်အကန် [စာသားအရ၊ “တကယ်၊ တကယ်”] ဆိုသည်ကား” ဆိုပြီး ပြောလေ့ရှိတယ်။ (ယော. ၁:၅၁; ၁၃:၁၆၊ ၂၀၊ ၂၁၊ ၃၈) အဟုတ်ကိုအဟုတ်ဖြစ်စေတဲ့ ယေရှု၊ ပေါလုနဲ့ တခြားသူတွေရဲ့ ပုံနမူနာကနေ နောက်ထပ် ဘာသင်ယူနိုင်သေးသလဲဆိုတာ ကြည့်ကြစို့။

အကောင်းဆုံးစံနမူနာရှင် ယေရှု

ယေရှုဟာ နှစ်ခြင်းခံချိန်ကနေ သေဆုံးချိန်အထိ ခမည်းတော်ကို ကတိပေးထားတဲ့အတိုင်း လုပ်ဆောင်ခဲ့

၃။ ယေရှုက ဆုတောင်းချက်မှာ ယေဟောဝါကို ဘယ်လိုကတိပေးခဲ့သလဲ။ ကောင်းကင်ခမည်းတော် ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

“အိုဘုရားသခင် . . . ကိုယ်တော်၏အလိုတော်ကို ဆောင်ရွက်ရန် ကျွန်ုပ်ရောက်လာပါပြီ။” (ဟေဗြဲ ၁၀:၇) ဒီဆုတောင်းစကားတွေက ယေရှုဟာ ဘုရားသခင့်အလိုတော်ကို လုပ်ဆောင်ပါမယ်လို့ ကတိပေးနေတာဖြစ်တယ်။ ဖနောင့်မှာ ဒဏ်ရာရခြင်းအပါအဝင် ပေါ်ထွန်းလာမယ့်အမျိုးအနွယ်နဲ့ပတ်သက်တဲ့ ကြိုတင်ဟောကြားချက်တွေ အားလုံးကို လုပ်ဆောင်ပါမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ (က. ၃:၁၅) ဒီလောက်ကြီးလေးတဲ့တာဝန်ကို ဘယ်လူသားတစ်ဦးတစ်ယောက်ကမှ လုပ်ဆောင်နိုင်မှာမဟုတ်ဘူး။ ယေရှုပြောတဲ့စကားမှန်ကန်ကြောင်း အတည်ပြုဖို့ ယေဟောဝါ မကျိန်ဆိုစေခဲ့ပေမဲ့ သားတော်ကို အပြည့်အဝ ယုံကြည်ကြောင်း ကောင်းကင်ကအသံနဲ့ ဖော်ပြခဲ့တယ်။—လု. ၃:၂၁၊ ၂၂

၄။ ယေရှုဟာ အဟုတ်ကို အဟုတ်ဖြစ်စေဖို့ ဘာလုပ်ဖို့ လိုလိုလားလား ရှိခဲ့သလဲ။

ယေရှုက အမြဲပဲ အဟုတ်ကို အဟုတ်ဖြစ်စေခဲ့တယ်။ ယေရှုဟာ ခမည်းတော်ပေးထားတဲ့တာဝန်ကနေ အာရုံလွဲသွားစေမယ့် ဘယ်အရာကိုမှ ခွင့်မပြုခဲ့ဘူး။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဆက်ဟောပြောပြီး ဘုရားသခင်သွေးဆောင်တဲ့သူတွေကို တပည့်ဖြစ်စေခဲ့တယ်။ (ယော. ၆:၄၄) “ဘုရားသခင်၏ကတိတော်သည် မည်မျှပင်များပါစေ ခရစ်တော်အားဖြင့် ဟုတ်မှန်ရာ ဖြစ်လာကြ၏” ဆိုတဲ့ကျမ်းစကားက ယေရှုဟာ မိမိရဲ့ကတိအတိုင်းလုပ်တယ်ဆိုတာကို ထပ်ဆင့်အတည်ပြုတယ်။ (၂ ကော. ၁:၂၀) ခမည်းတော်ကို ကတိပေးထားတဲ့အတိုင်း တကယ်လုပ်ဆောင်တဲ့နေရာမှာ ယေရှုဟာ အကောင်းဆုံးစံနမူနာရှင်ဖြစ်တယ်။ ယေရှုကိုတုပဖို့ အစွမ်းကုန်ကြိုးစားခဲ့တဲ့ နောက်ပုဂ္ဂိုလ်တစ်ဦးအကြောင်း သုံးသပ်ကြည့်ကြစို့။

အဟုတ်ကိုအဟုတ်ဖြစ်စေသူ ပေါလု

၅။ တမန်တော်ပေါလု ဘယ်စံနမူနာ ထားခဲ့သလဲ။

“သခင်၊ ကျွန်ုပ်သည် အဘယ်သို့ပြုရပါမည်နည်း။” (တ. ၂၂:၁၀) ဒါက စိတ်အာရုံတစ်ခုမှာ ရှောလုက သခင်ယေရှုကို ပြန်ပြောတဲ့စကားဖြစ်တယ်။ ခရစ်ယာန်တွေကို ရှောလု ညှဉ်းဆဲနေတာကို ယေရှုက ရပ်တန့်စေလိုခဲ့တယ်။ အကျိုးရလဒ်အနေနဲ့ ရှောလုဟာ နောင်တရ၊ နှစ်ခြင်းခံပြီး လူမျိုးခြားတွေကို သတင်းကောင်းဟောပြောရမယ့် အထူးတာဝန်ကို လက်ခံခဲ့တယ်။ နောက်ပိုင်းမှာ ပေါလုဖြစ်လာတဲ့ ရှောလုဟာ ကျန်ရှိတဲ့သူ့ဘဝတစ်လျှောက်လုံးမှာ ယေရှုကို “သခင်” လို့ခေါ်ခဲ့ပြီး ယေရှုစကားကို နားထောင်ခဲ့တယ်။ (တ. ၂၂:၆-၁၆; ၂ ကော. ၄:၅; ၂ တိ. ၄:၈) ယေရှုက တချို့သူတွေကို ဒီလိုပြောခဲ့တယ်– “ငါ့စကားကို မလိုက်နာဘဲ အဘယ်ကြောင့် ငါ့ကို ‘သခင်၊ သခင်’ ဟုခေါ်ကြသနည်း။” (လု. ၆:၄၆) ပေါလုက အဲဒီလူတွေနဲ့မတူဘူး။ ယေရှုက မိမိကို သခင်လို့ခေါ်တဲ့သူအားလုံး ပေါလုလို ပြောတဲ့အတိုင်းလုပ်ဖို့ မျှော်လင့်တယ်။

၆၊ ၇။ (က) ပေါလု ဘာကြောင့် ကောရိန္သုအသင်းတော်ကို လည်ပတ်မယ့်အစီအစဉ်ကို ပြောင်းလဲလိုက်တာလဲ၊ ပေါလုကို ယုံကြည်စိတ်ချလို့မရဘူးလို့ ပြောတဲ့သူတွေ ဘာကြောင့် မှားသလဲ။ (ခ) ကျွန်ုပ်တို့ကို ဦးဆောင်ဖို့ ခန့်အပ်ထားတဲ့သူတွေကို ဘယ်လို သဘောထားသင့်သလဲ။

ပေါလုဟာ အာရှမိုင်းနားနဲ့ ဥရောပတစ်ခွင်မှာ သတင်းကောင်းကို ထက်ထက်သန်သန် ဟောပြောခဲ့တယ်၊ အသင်းတော်များစွာကို တည်ထောင်ခဲ့ပြီး ပြန်လည်ပတ်ခဲ့တယ်။ တစ်ခါတလေ ပေါလုဟာ သူရေးတာတွေက အမှန်ဖြစ်ကြောင်း ကျိန်ဆိုဖို့လိုအပ်ခဲ့တယ်။ (ဂလ. ၁:၂၀) ပေါလုကို ယုံကြည်စိတ်ချလို့မရဘူးလို့ ကောရိန္သုအသင်းသားတချို့က ယူဆခဲ့ကြတယ်၊ အဲဒါကို သူ ဒီလိုကာကွယ်ပြောဆိုခဲ့တယ်– “ဘုရားသခင်ကို ယုံကြည်အားထားနိုင်သကဲ့သို့ သင်တို့ကို ငါတို့ပြောသောစကားသည် ဟုတ်သည်၊ တစ်ချိန်တည်းတွင် မဟုတ်ဟူသော စကားမျိုးမဟုတ်။” (၂ ကော. ၁:၁၈) ဒီစာကို ရေးတဲ့အချိန်က ပေါလု ဧဖက်မြို့ကနေထွက်ပြီး ကောရိန္သုကိုသွားဖို့ မက်ဆီဒိုးနီးယားမှာ တစ်ထောက်နားနေချိန်ဖြစ်တယ်။ အစပိုင်းမှာ ပေါလုက မက်ဆီဒိုးနီးယားကိုမသွားခင် ကောရိန္သုကို သွားဖို့ဖြစ်တယ်။ (၂ ကော. ၁:၁၅၊ ၁၆) ဒါပေမဲ့ ယနေ့အချိန်မှာရှိတဲ့ နယ်လှည့်ကြီးကြပ်မှူးတွေလိုပဲ တစ်ခါတလေတော့ လည်ပတ်မယ့် အစီအစဉ်ကိုပြောင်းလိုက်ရတယ်။ အဲဒီလိုပြောင်းလဲတာက အရေးမကြီးတဲ့ကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် မဟုတ်ဘဲ အရေးပေါ်ကိစ္စတချို့ကြောင့်ဖြစ်တယ်။ ပေါလုလည်းပဲ ကောရိန္သုအသင်းတော်ရဲ့အကျိုးအတွက် သူ့ရဲ့အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တာဖြစ်တယ်။ ဘယ်လိုကြောင့်လဲ။

ပေါလု ဧဖက်မြို့မှာရှိတုန်းက ကောရိန္သုအသင်းတော်မှာ ပြဿနာတွေရှိနေတာကို ကြားရတယ်။ အဲဒါကတော့ ညီအစ်ကိုတွေ စည်းလုံးမှုမရှိတာ၊ အသင်းတော်မှာ အကျင့်ပျက်တဲ့လူတစ်ယောက်ကို သည်းခံခွင့်ပြုထားတာတွေဖြစ်တယ်။ (၁ ကော. ၁:၁၁; ၅:၁) ကောရိန္သုကိုရေးတဲ့ ပထမစာမှာ ပြဿနာတွေကို ဖြေရှင်းဖို့ ပြင်းပြင်းထန်ထန်ဆုံးမခဲ့တယ်။ အဲဒီနောက် ပေါလုဟာ ဧဖက်ကနေ ကောရိန္သုကို ချက်ချင်းသွားမယ့်အစား သူပေးထားတဲ့အကြံပြုချက်တွေကို လိုက်နာကျင့်သုံးဖို့ ညီအစ်ကိုတွေကို အချိန်ပေးခဲ့တယ်။ အဲဒါမှ သူရောက်လာတဲ့အခါ သူ့ရဲ့လည်ပတ်မှုက ပိုအားရှိစရာကောင်းမှာဖြစ်တယ်။ ပေါလုက အစီအစဉ် ပြောင်းလိုက်ရတဲ့အကြောင်းကို ဒုတိယစာမှာ ဒီလိုရေးခဲ့တယ်– “ငါသည် သင်တို့ကို ငဲ့ညှာသောကြောင့် ကောရိန္သုမြို့သို့မလာသေးဟု ငါ့အသက်ကိုရင်း၍ ဘုရားသခင်ကို တိုင်တည်ပါ၏။” (၂ ကော. ၁:၂၃) ကျွန်ုပ်တို့က ပေါလုကို အပြစ်တင်ဝေဖန်ခဲ့တဲ့သူတွေနဲ့ ဘယ်တော့မှမတူဘဲ ဦးဆောင်ဖို့ခန့်အပ်ခံရသူတွေကို အလွန်လေးစားကြောင်း ပြကြစို့။ ပေါလုဟာ သူကတိပေးထားတဲ့အတိုင်း လုပ်ဆောင်ခဲ့တယ်။ ပေါလုက ခရစ်တော်ကိုတုပခဲ့သလို ကျွန်ုပ်တို့က ပေါလုကိုတုပသင့်တယ်။—၁ ကော. ၁၁:၁; ဟေဗြဲ ၁၃:၇

တခြား စံနမူနာကောင်းများ

၈။ ရေဗက္ကဟာ ကျွန်ုပ်တို့အတွက် ဘယ်လိုစံနမူနာကောင်း ပြခဲ့သလဲ။

“ကျွန်မလိုက်ချင်ပါတယ်။” (က. ၂၄:၅၈ကဘ) ရေဗက္ကကို သူ့အမေနဲ့အစ်ကိုက ဣဇာက်ရဲ့မိန်းမအဖြစ် လိုက်သွားချင်သလားလို့ မေးတဲ့အခါ ရေဗက္ကက အထက်ပါအတိုင်း ပြန်ဖြေခဲ့တယ်။ ရေဗက္ကဟာ အဲဒီနေ့မှာပဲ မိုင် ၅၀၀ (ကီလိုမီတာ ၈၀၀) ကျော် ဝေးတဲ့ခရီးကို သူစိမ်းတစ်ဦးနဲ့အတူ သွားရမှာဖြစ်တယ်။ (က. ၂၄:၅၀-၅၈) ရေဗက္ကဟာ အဟုတ်ကိုအဟုတ် ဖြစ်စေခဲ့တယ်။ သူဟာ ဣဇာက်ရဲ့ ဇနီးကောင်းဖြစ်လာပြီး ဘုရားသခင်ကို သစ္စာရှိရှိ ဝတ်ပြုကိုးကွယ်ခဲ့တယ်။ ကျန်ရှိတဲ့သူ့ဘဝတစ်လျှောက်လုံးမှာ သူစိမ်းတစ်ဦးအဖြစ် ကတိထားရာပြည်မှာ တဲနဲ့နေခဲ့ရတယ်။ ရေဗက္ကဟာ ပြောတဲ့အတိုင်းလုပ်ခဲ့တဲ့အတွက် ဘုရားသခင် သူ့ကို ဆုချခဲ့တယ်။ သူ့ရဲ့သားမြေးတစ်ယောက်က ပေါ်ထွန်းလာမယ့်အမျိုးအနွယ် ယေရှုခရစ်ဖြစ်လာတယ်။—ဟေဗြဲ ၁၁:၉၊ ၁၃

၉။ ရုသဟာ မပြန်ပါရစေနဲ့ဆိုတဲ့ သူ့ရဲ့စကားအတိုင်း ဘာလုပ်ခဲ့သလဲ။

“မပြန်ပါရစေနဲ့ အမေ။ အမေနဲ့အတူ အမေ့လူမျိုးဆီကို လိုက်ပါရစေ။” (ရု. ၁:၁၀ကဘ) မောဘအမျိုးသမီး မုဆိုးမနှစ်ယောက်ဖြစ်တဲ့ ရုသနဲ့ ဩရပဟာ သူတို့ရဲ့ယောက္ခမဖြစ်တဲ့ နောမိကို အထက်ပါအတိုင်း တတွတ်တွတ် ပြောနေတယ်။ နောမိဟာ မုဆိုးမတစ်ယောက်ဖြစ်ပြီး မောဘပြည်ကနေ ဗက်လင်မြို့ကို ပြန်လာနေတယ်။ နောက်ဆုံးတော့ ဩရပဟာ နောမိတိုက်တွန်းတဲ့အတိုင်း သူ့ရဲ့ဇာတိမြေ မောဘပြည်ကို ပြန်သွားခဲ့တယ်။ ရုသကတော့ မပြန်ပါရစေနဲ့လို့ ပြောတဲ့အတိုင်းပဲ မပြန်ဘူး။ (ရုသ ၁:၁၆၊ ၁၇ ကိုဖတ်ပါ။) ရုသဟာ သူ့ရဲ့မိသားစုနဲ့ မောဘအယူမှားဝတ်ပြုမှုကို စွန့်ပြီး နောမိနဲ့အတူ သစ္စာရှိရှိနေထိုင်ခဲ့တယ်။ သူဟာ ကျန်တဲ့ဘဝတစ်လျှောက်လုံးမှာ ယေဟောဝါကို သစ္စာရှိရှိဝတ်ပြုကိုးကွယ်ခဲ့တယ်၊ ယေဟောဝါကလည်း သူ့ကို ဆုချခဲ့တယ်။ သူဟာ မဿဲဖော်ပြခဲ့တဲ့ ခရစ်တော်ရဲ့ဆွေစဉ်မျိုးဆက်စာရင်းမှာပါတဲ့ အမျိုးသမီးငါးယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့တယ်။—မ. ၁:၁၊ ၃၊ ၅၊ ၆၊ ၁၆

၁၀။ ဟေရှာယဟာ ဘာကြောင့် ကျွန်ုပ်တို့အတွက် စံနမူနာကောင်းဖြစ်သလဲ။

၁၀ “အကျွန်ုပ်ရှိပါ၏၊ အကျွန်ုပ်ကို စေလွှတ်တော်မူပါ။” (ဟေရှာ. ၆:၈) ဒီစကားကို ဟေရှာယမပြောခင် ဘုန်းထွန်းတောက်တဲ့ စိတ်အာရုံတစ်ခုမှာ ယေဟောဝါဟာ အစ္စရေးတွေရဲ့ဝတ်ပြုရာအိမ်တော်အထက်၊ အလွန်မြင့်တဲ့ပလ္လင်ပေါ်မှာထိုင်နေတာကို သူမြင်ခဲ့ရတယ်။ အဲဒီမြင်ကွင်းကို ငေးကြည့်နေတုန်းမှာ ယေဟောဝါ ဒီလိုပြောတာကို ဟေရှာယကြားခဲ့ရတယ်– “ငါသည် အဘယ်သူကိုစေလွှတ်ရမည်နည်း။ ငါတို့အဖို့ အဘယ်သူသွားမည်နည်း။” ဒီစကားက နာခံမှုမရှိတဲ့လူမျိုးထံ ဘုရားသခင့်သတင်းစကားပို့ပေးဖို့ တစ်ဦးဦးကို တောင်းဆိုနေတာဖြစ်တယ်။ ဟေရှာယက “အကျွန်ုပ်ရှိပါ၏၊ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” လို့ပြောလိုက်တာက “ဟုတ်ကဲ့၊ ကျွန်တော်သွားပြီး ကိုယ်တော်ပေးအပ်တဲ့အလုပ်ကို လုပ်ပါမယ်” လို့ပြောလိုက်တာနဲ့တူတယ်။ ဟေရှာယက ပြောတဲ့အတိုင်းလုပ်ခဲ့တယ်။ မနာခံသူတွေကို ဘုရားသခင် အပြစ်ပေးမယ်၊ အဲဒီနောက် စစ်မှန်တဲ့ဝတ်ပြုရေး ပြန်လည်ထူထောင်ဖို့အတွက် သူတို့ကို ပြန်ကယ်ထုတ်မယ်ဆိုတဲ့သတင်းကို ၄၆ နှစ်ကျော် ပရောဖက်ပြု ကြေညာခဲ့တယ်။

၁၁။ (က) အဟုတ်ကို အဟုတ်အတိုင်းဖြစ်စေဖို့ ဘာကြောင့် အရမ်း အရေးကြီးသလဲ။ (ခ) အဟုတ်ကို အဟုတ်အတိုင်းမဖြစ်စေခဲ့တဲ့ ဘယ်သတိပေးပုံနမူနာတွေ ရှိသလဲ။

၁၁ အထက်မှာဖော်ပြခဲ့တဲ့ စံနမူနာတွေကို ယေဟောဝါ ဘာကြောင့် သမ္မာကျမ်းစာမှာ မှတ်တမ်းတင်စေခဲ့တာလဲ။ အဟုတ်ကိုအဟုတ်ဖြစ်စေခြင်းက ကျွန်ုပ်တို့အတွက် ဘယ်လောက်အရေးကြီးသလဲ။ “သစ္စာကတိဖျက်သူ” က “သေဒဏ်ခံထိုက်” သူဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (ရော. ၁:၃၁၊ ၃၂) အီဂျစ်ဘုရင် ဖာရော၊ ယုဒဘုရင် ဇေဒကိ၊ အာနနိနဲ့ ရှဖိရေတို့ဟာ အဟုတ်ကို အဟုတ်အတိုင်း မဖြစ်စေခဲ့တဲ့ နမူနာဆိုးတွေဖြစ်တယ်။ သူတို့အားလုံး အဖြစ်ဆိုးတွေ ကြုံတွေ့ခဲ့ရပြီး ကျွန်ုပ်တို့အတွက် သတိပေး ပုံနမူနာတွေဖြစ်ခဲ့တယ်။—ထွ. ၉:၂၇၊ ၂၈၊ ၃၄၊ ၃၅; ယေဇ. ၁၇:၁၃-၁၅၊ ၁၉၊ ၂၀; တ. ၅:၁-၁၀

၁၂။ အဟုတ်ကိုအဟုတ်ဖြစ်စေဖို့ ကျွန်ုပ်တို့ကို ဘာက ကူညီပေးမလဲ။

၁၂ “နောက်ဆုံးသောနေ့ရက်များ” မှာ အသက်ရှင်နေရတဲ့အတွက်ကြောင့် ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ “သစ္စာမရှိသူ၊” ‘ဘာသာတရားဆည်းကပ်ဟန်ရှိသော်လည်း ထိုသို့ဆည်းကပ်ခြင်း၏အကျိုးကို ငြင်းပယ်သူ’ တွေနဲ့ ဝိုင်းရံနေတယ်။ (၂ တိ. ၃:၁-၅) ဒီလိုမကောင်းတဲ့အပေါင်းအသင်းတွေကို ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ရှောင်ရမှာဖြစ်တယ်။ အဲဒီအပြင် အဟုတ်ကိုအဟုတ်ဖြစ်စေဖို့ အမြဲကြိုးစားအားထုတ်နေသူတွေနဲ့ မှန်မှန်စုဝေးသင့်တယ်။—ဟေဗြဲ ၁၀:၂၄၊ ၂၅

အရေးကြီးဆုံးကတိ

၁၃။ ယေရှုခရစ်ရဲ့နောက်လိုက်တစ်ဦးပေးတဲ့ ဘယ်ကတိက အရေးကြီးဆုံးဖြစ်သလဲ။

၁၃ လူတစ်ယောက် ပေးနိုင်တဲ့အရေးကြီးဆုံး ကတိတစ်ခုက ဘုရားသခင်ထံအပ်နှံခြင်းနဲ့ သက်ဆိုင်တယ်။ မိမိကိုယ်ကိုငြင်းပယ်ပြီး ယေရှုရဲ့တပည့်ဖြစ်ချင်သူတစ်ဦးဟာ တောင်းဆိုချက်တွေကို တကယ်လုပ်ဆောင်ချင်သလားဆိုတာ သုံးကြိမ်အမေးခံရတယ်။ (မ. ၁၆:၂၄) နှစ်ခြင်းမခံသေးတဲ့ကြေညာသူ ဖြစ်ချင်သူတစ်ဦးကို အကြီးအကဲနှစ်ဦးတွေ့ဆုံတဲ့အခါမှာ “ယေဟောဝါသက်သေတစ်ဦး တကယ်ဖြစ်ချင်သလား” လို့မေးပါတယ်။ နောက်ပိုင်းမှာ သူ ပိုတိုးတက်လာပြီး နှစ်ခြင်းခံချင်တဲ့အခါ အကြီးအကဲနှစ်ဦးက သူနဲ့တွေ့ပြီး “ယေဟောဝါထံဆုတောင်းပြီး သင့်ကိုယ်သင် အပ်နှံပြီးပြီလား” လို့မေးမှာဖြစ်တယ်။ နောက်ဆုံး နှစ်ခြင်းခံတဲ့နေ့ရောက်တဲ့အခါ နှစ်ခြင်းခံမယ့်သူတစ်ဦးစီက “ယေရှုခရစ်ရဲ့ ပူဇော်သကာပေါ်အခြေပြုပြီး သင့်အပြစ်တွေကို နောင်တရကာ ယေဟောဝါရဲ့အလိုတော်ဆောင်ဖို့ သင့်ကိုယ်ကို အပ်နှံပြီးပြီလား” ဆိုတဲ့မေးခွန်းကို ဖြေရမှာဖြစ်တယ်။ ဒါကြောင့် နှစ်ခြင်းခံမယ့်သူတွေဟာ သက်သေတွေရှေ့မှာ ဘုရားသခင်ကို ထာဝစဉ်အမှုဆောင်ပါမယ်လို့ ကတိပြုခဲ့ကြတယ်။

သင့်ရဲ့အရေးကြီးဆုံး ကတိအတိုင်း သင်လုပ်ဆောင်နေသလား

၁၄။ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မကြာမကြာ မေးသင့်သလဲ။

၁၄ သင်ဟာ နှစ်ခြင်းခံပြီးခါစဖြစ်စေ၊ ဘုရားသခင်ကို ဆယ်စုနှစ်အတော်ကြာ အမှုဆောင်ခဲ့သူဖြစ်စေ သင့်ကိုသင် ဒီမေးခွန်းတွေ မကြာမကြာ မေးဖို့လိုတယ်– ‘ငါဟာ ယေရှုကိုတုပပြီး ငါပေးထားတဲ့ အရေးအကြီးဆုံးကတိအတိုင်း ဆက်လုပ်ဆောင်နေသလား။ ငါ့ဘဝမှာ ဟောပြောခြင်းနဲ့တပည့်ဖြစ်စေခြင်းလုပ်ငန်းကို အရေးကြီးဆုံးလုပ်ငန်းအဖြစ် သဘောထားခြင်းအားဖြင့် ယေရှုရဲ့စကားကို ငါဆက်နားထောင်နေသလား။’—၂ ကောရိန္သု ၁၃:၅ ကိုဖတ်ပါ။

၁၅။ ဘယ်ကဏ္ဍတွေမှာလည်း အဟုတ်ကို အဟုတ်ဖြစ်စေဖို့ အရေးကြီးသလဲ။

၁၅ ကျွန်ုပ်တို့ရဲ့ အပ်နှံခြင်းကတိသစ္စာကို စောင့်ထိန်းကြောင်းဖော်ပြဖို့ဆိုရင် တခြားအရေးကြီးတဲ့ကိစ္စတွေမှာလည်း သစ္စာရှိကြောင်း ပြရမှာဖြစ်တယ်။ ဥပမာ သင်က အိမ်ထောင်သည်တစ်ယောက်ဖြစ်တယ်ဆိုရင် သင့်အိမ်ထောင်ဖက်ကို ချစ်ခင်မြတ်နိုး ယုယသွားပါမယ်ဆိုတဲ့ အထူးကတိသစ္စာကို ဆက်စောင့်ထိန်းရမှာဖြစ်တယ်။ သင်က စီးပွားရေးလုပ်ငန်းတစ်ခုအတွက် စာချုပ်တစ်ခု ချုပ်ထားတယ် ဒါမှမဟုတ် ယေဟောဝါရဲ့အဖွဲ့အစည်းမှာ စေတနာ့ဝန်ထမ်းလုပ်ဖို့ လျှောက်လွှာဖြည့်ထားတယ်ဆိုရင် သင်ကတိပြုထားတဲ့အတိုင်း လုပ်ဆောင်သင့်တယ်။ ဆင်းရဲချို့ငဲ့သူတစ်ယောက်က သင့်ကို ထမင်းစားဖိတ်တာကို သင်က လာမယ်လို့ ကတိပေးထားတယ်ဆိုပါစို့။ အဲဒီအချိန်မှာပဲ သူဌေးတစ်ယောက်ကလည်း သင့်ကို ထမင်းစားဖိတ်တယ်ဆိုရင် သင် အရင်ကတိပေးထားတဲ့ ဆင်းရဲတဲ့အိမ်ကို သွားသင့်တယ်။ တစ်အိမ်တက်ဆင်း ဟောပြောတဲ့အခါ စိတ်ဝင်စားသူတစ်ယောက်ယောက်ကို ပြန်လာမယ်လို့ ကတိပေးထားတယ်ဆိုရင် ကတိအတိုင်း ပြန်သွားသင့်တယ်။ အဲဒီလိုဆိုရင် ယေဟောဝါက သင့်ရဲ့ဟောပြောခြင်းလုပ်ငန်းကို ကောင်းချီးပေးပါလိမ့်မယ်။—လုကာ ၁၆:၁၀ ကိုဖတ်ပါ။

ယဇ်ပုရောဟိတ်နဲ့ဘုရင် ကူညီပေးနိုင်

၁၆။ ကျွန်ုပ်တို့ဘက်က ကတိပျက်မိတယ်ဆိုရင် ဘာလုပ်သင့်သလဲ။

၁၆ မစုံလင်တဲ့လူသားတွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ “ကြိမ်ဖန်များစွာ မှားတတ်ကြ” တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်၊ အထူးသဖြင့် ကျွန်ုပ်တို့ ပြောတဲ့စကားမှာဖြစ်တယ်။ (ယာ. ၃:၂) ကျွန်ုပ်တို့က ပြောတဲ့အတိုင်း မလုပ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်သိရင် ဘာလုပ်သင့်သလဲ။ အစ္စရေးလူတွေကို ဘုရားသခင်ပေးတဲ့ပညတ်မှာဆိုရင် “မဆင်မခြင်ကျိန်ဆိုမိ” တဲ့အပြစ်ကျူးလွန်သူအတွက် ကရုဏာပါအစီအစဉ်တစ်ခုရှိတယ်။ (ဝတ်. ၅:၄-၇၊ ၁၁ကဘ) အဲဒီလိုအပြစ်လုပ်မိတဲ့ခရစ်ယာန်တွေအတွက်လည်း မေတ္တာပါအစီအစဉ်တစ်ခုရှိတယ်။ ကျွန်ုပ်တို့က ကိုယ်ပြုမိတဲ့အပြစ်ကို ယေဟောဝါရှေ့ ဝန်ခံတယ်ဆိုရင် ကိုယ်တော်က ယဇ်ပုရောဟိတ်မင်း ယေရှုခရစ်ရဲ့ လုပ်ဆောင်မှုကိုထောက်ပြီး ကျွန်ုပ်တို့ကို ခွင့်လွှတ်မှာဖြစ်တယ်။ (၁ ယော. ၂:၁၊ ၂) ဒါပေမဲ့ ဘုရားသခင့်မျက်နှာသာ ဆက်ရနေဖို့ဆိုရင် ကျွန်ုပ်တို့က တကယ်နောင်တရကြောင်း ဖော်ပြရမှာဖြစ်တယ်။ ဥပမာအနေနဲ့ လွယ်လွယ်နဲ့ကတိပေးပြီး ကတိဖျက်တဲ့အကျင့် မရှိဖို့လိုတယ်။ ကျွန်ုပ်တို့ဘက်က ကတိပျက်တဲ့အတွက်ကြောင့် ပေါ်လာတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ရမှာဖြစ်တယ်။ (သု. ၆:၂၊ ၃) ဒါကြောင့် ကျွန်ုပ်တို့မလုပ်နိုင်တဲ့အရာဆိုရင် ကတိမပေးခင်မှာ သေချာစဉ်းစားတာက ပိုကောင်းပါတယ်။—ဒေ. ၅:၂ ကိုဖတ်ပါ။

၁၇၊ ၁၈။ အဟုတ်ကိုအဟုတ်ဖြစ်စေသူတွေအတွက် ဘယ်ကောင်းမွန်တဲ့အနာဂတ် စောင့်ကြိုနေသလဲ။

၁၇ အဟုတ်ကိုအဟုတ်ဖြစ်စေဖို့ ကြိုးစားနေတဲ့ ယေဟောဝါကိုဝတ်ပြုသူအားလုံးအတွက် အရမ်းကောင်းတဲ့အနာဂတ် စောင့်ကြိုနေပါတယ်။ ကောင်းကင်အတန်းအစား ၁၄၄,၀၀၀ ကတော့ မသေနိုင်တဲ့အသက်တာကို ရရှိပြီး ကောင်းကင်မှာ “ခရစ်တော်နှင့်အတူ ဘုရင်များအဖြစ် အနှစ်တစ်ထောင်အုပ်စိုးရ” မှာဖြစ်တယ်။ (ဗျာ. ၂၀:၆) နောက်ထပ် သန်းနဲ့ချီတဲ့သူတွေကတော့ ခရစ်တော်အုပ်ချုပ်မယ့် မြေကြီးပရဒိသုမှာ အသက်ရှင်နေထိုင်ရမှာဖြစ်ပြီး ပြည့်ဝစုံလင်တဲ့ခန္ဓာနဲ့စိတ်ကို ရရှိဖို့ ကူညီပေးခံရမှာဖြစ်တယ်။—ဗျာ. ၂၁:၃-၅

၁၈ ယေရှုရဲ့အနှစ်တစ်ထောင်အုပ်ချုပ်မှုအကုန်မှာ နောက်ဆုံးစမ်းသပ်မှုရှိမှာဖြစ်တယ်။ စမ်းသပ်မှုကိုအောင်မြင်တဲ့သူတွေက မြေကြီးပရဒိသုမှာ ဆက်နေထိုင်ခွင့်ရမှာဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် သံသယဝင်စရာအကြောင်းလည်း ရှိတော့မှာမဟုတ်ဘူး။ (ဗျာ. ၂၀:၇-၁၀) လူတိုင်းက အဟုတ်ကို အဟုတ်၊ မဟုတ်ကို မဟုတ်ဖြစ်စေကြပါလိမ့်မယ်။ အဲဒီအခါ လူတိုင်းက “အမှန်တရားရဲ့ဘုရားသခင်” ယေဟောဝါကို အပြည့်အဝ တုပနိုင်မှာဖြစ်တယ်။ဆာ. ၃၁:၅ကဘ။