မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် ဘယ်လိုစိတ်ထားမျိုး တင်ပြသလဲ

သင် ဘယ်လိုစိတ်ထားမျိုး တင်ပြသလဲ

“သင်တို့၏စိတ်ထား ကောင်းသည့်အတွက် ငါတို့၏သခင် ယေရှုခရစ်၏ မဟာကရုဏာကို ခံစားရပါစေ။”—ဖိလေ. ၂၅

၁။ အသင်းတော်တွေကို ပေါလုစာရေးတဲ့အခါ ဘယ်စကားကို အကြိမ်ကြိမ်ပြောခဲ့သလဲ။

ပထမရာစု ခရစ်ယာန်ယုံကြည်သူချင်းတွေကို တမန်တော်ပေါလု စာရေးတဲ့အခါတွေမှာ အသင်းတော်ပြတဲ့စိတ်ထားကို ဘုရားသခင်နဲ့ ခရစ်တော် နှစ်သက်ပါစေဆိုတဲ့စကားကို အကြိမ်ကြိမ် ပြောခဲ့တယ်။ ဥပမာ၊ ဂလာတိအသင်းတော်ကို စာရေးတုန်းက ‘ညီအစ်ကိုတို့၊ ငါတို့၏သခင် ယေရှုခရစ်၏သနားကြင်နာမှုသည် သင်တို့၏စိတ်နှလုံး၌ ရှိပါစေ။ အာမင်’ လို့ရေးခဲ့တယ်။ (ဂလ. ၆:၁၈) ပေါလုက ခရစ်ယာန်တွေကို ဘယ်လိုစိတ်သဘောထားမျိုးရှိဖို့ အားပေးနေတာလဲ။

၂၊ ၃။ (က) ပေါလုက ခရစ်ယာန်တွေကို ဘယ်လိုစိတ်သဘောထားမျိုးရှိဖို့ အားပေးနေတာလဲ။ (ခ) ကျွန်ုပ်တို့ရဲ့စိတ်သဘောထားနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။

ကျွန်ုပ်တို့ရဲ့သဘောထား ဒါမှမဟုတ် ကျွန်ုပ်တို့ရဲ့စဉ်းစားတွေးတောမှုက တစ်ခုခုကို ပြောဖို့ ဒါမှမဟုတ် လုပ်ဖို့ လှုံ့ဆော်ပေးတယ်။ လူတစ်ယောက်မှာ နူးညံ့သိမ်မွေ့မှု၊ ထောက်ထားစာနာမှု၊ ရက်ရောမှုနဲ့ ခွင့်လွှတ်တတ်တဲ့သဘော ရှိနိုင်တယ်။ သမ္မာကျမ်းစာက “နူးညံ့ငြိမ်သက်ခြင်းသဘော” နဲ့ ‘တည်ငြိမ်အေးဆေးတဲ့စိတ်ထား’ ရှိတာကောင်းတယ်လို့ပြောတယ်။ (၁ ပေ. ၃:၄; သု. ၁၇:၂၇) ဒါပေမဲ့ နောက်တစ်ယောက်ကျတော့ တခြားသူတွေကို ထေ့ငေါ့တတ်တယ်၊ ဥစ္စာပစ္စည်းကို အဓိကထားတယ်၊ စိတ်ဆိုးလွယ်တယ် ဒါမှမဟုတ် လွတ်လွတ်လပ်လပ်နေချင်တဲ့သဘောရှိတယ်။ ပိုဆိုးတာက တချို့သူတွေမှာ အကျင့်ယိုယွင်းတဲ့အတွေးတွေ ဒါမှမဟုတ် ဘုရားသခင်ကို ပုန်ကန်လိုတဲ့သဘောတွေရှိတယ်။

ဒါကြောင့် ပေါလုက သူ့ရဲ့ညီအစ်ကိုတွေကို ဘုရားသခင့်အလိုတော်နဲ့ညီတဲ့စိတ်ထားနဲ့ ခရစ်တော်လိုစိတ်သဘောမျိုး တင်ပြဖို့ အားပေးနေတာဖြစ်တယ်။ (၂ တိ. ၄:၂၂; ကောလောသဲ ၃:၉-၁၂ ကိုဖတ်ပါ။) ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးတာ ကောင်းပါတယ်– ‘ငါ ဘယ်လိုစိတ်ထားမျိုး တင်ပြနေသလဲ။ ဘုရားသခင်နှစ်သက်တဲ့ စိတ်ထားမျိုး ပိုပြီးတင်ပြဖို့ ငါဘာလုပ်နိုင်သလဲ။ အသင်းတော်မှာရှိတဲ့ တခြားသူတွေ ဘုရားသခင်နှစ်သက်တဲ့ စိတ်ထားတင်ပြဖို့ ငါ ဘယ်လိုအားပေးနိုင်သလဲ။’ ဥပမာအနေနဲ့ နေကြာပန်းခင်းတစ်ခင်းမှာရှိတဲ့ နေကြာပန်းတစ်ပွင့်စီက ပန်းခင်းတစ်ခုလုံးရဲ့အလှကို ထောက်ပံ့ပေးတယ်။ ကျွန်ုပ်တို့က ပန်းခင်းထဲက နေကြာပန်းတစ်ပွင့်နဲ့ တူသလား။ အသင်းတော်တစ်ခုလုံး လှပနေဖို့ ကျွန်ုပ်တို့ ကူညီထောက်ပံ့ပေးနေသလား။ အဲဒီလိုဖြစ်ဖို့ တကယ် ကြိုးစားသင့်ပါတယ်။ ဘုရားသခင်နှစ်သက်တဲ့စိတ်ထားကို ဘယ်လိုပြနိုင်တယ်ဆိုတာ လေ့လာကြည့်ကြစို့။

လောကစိတ်ဓာတ်ကို ရှောင်ပါ

၄။ “လောကစိတ်ဓာတ်” ဆိုတာ ဘာလဲ။

“ငါတို့သည် လောကစိတ်ဓာတ်ကို မခံယူကြ။ ဘုရားသခင်ပေးသနားတော်မူသော အရာများကို သိနိုင်မည်အကြောင်း ဘုရားသခင်ထံမှ စွမ်းအားတော်ကို ခံယူကြ၏” လို့သမ္မာကျမ်းစာကပြောတယ်။ (၁ ကော. ၂:၁၂) “လောကစိတ်ဓာတ်” ဆိုတာဘာလဲ။ အဲဒါက ဧဖက် ၂:၂ မှာ ဖော်ပြထားတဲ့ စိတ်ဓာတ်နဲ့ အတူတူပဲ– “ထိုအချိန်က သင်တို့သည် ဤလောကစနစ်လမ်းစဉ်အတိုင်း လိုက်လျှောက်၍ ငါတို့ဝန်းကျင်ရှိ လေ၏သြဇာအာဏာနှင့်တူသောစိတ်ဓာတ်ကို အစိုးရသူ၏အလိုသို့ လိုက်ခဲ့ကြ၏။ ထိုစိတ်ဓာတ်သည် နာခံမှုမရှိသောသူတို့တွင် ရှင်သန်လှုပ်ရှားလျက်ရှိ၏။” ဒီကျမ်းချက်မှာပြောတဲ့ “လေ” က လောကရဲ့စိတ်ဓာတ်၊ လောကမှာရှိတဲ့လူတွေရဲ့ စဉ်းစားတွေးခေါ်မှုဖြစ်တယ်၊ အဲဒါက တကယ့်လေလိုပဲ ကျွန်ုပ်တို့ဝန်းကျင်မှာ ပျံ့နှံ့နေတယ်။ ဥပမာ၊ ယနေ့ လူများစွာမှာ “ဘယ်သူမှ ငါ့ကို ဆရာလာမလုပ်နဲ့” ဒါမှမဟုတ် “သင့် အခွင့်အရေးကို သင် ရအောင်ယူ” ဆိုတဲ့သဘောထားမျိုး ရှိကြတယ်။ သူတို့တွေက စာတန့်လောကမှာရှိတဲ့ “နာခံမှုမရှိသောသူ” တွေဖြစ်တယ်။

၅။ အစ္စရေးလူတချို့ ဘယ် မကောင်းတဲ့သဘောထားမျိုး တင်ပြခဲ့သလဲ။

ဒီစိတ်ဓာတ်မျိုးက အခုမှရှိတာမဟုတ်ပါဘူး။ မောရှေအချိန်တုန်းက ကောရဟာ အစ္စရေးလူမျိုး အခွင့်အာဏာရှိသူတွေကို ဆန့်ကျင်ပုန်ကန်ခဲ့တယ်။ အထူးသဖြင့် ယဇ်ပုရောဟိတ်တာဝန်ရထားတဲ့ အာရုန်နဲ့ သူ့ရဲ့သားတွေကို ဖြစ်တယ်။ သူတို့ရဲ့ အားနည်းချက်ကို ကောရ သတိထားမိတာဖြစ်နိုင်တယ်။ ဒါမှမဟုတ် မောရှေက မျက်နှာလိုက်ပြီး သူ့အမျိုးတွေကို အထူးအခွင့်အရေးတွေပေးထားတယ်လို့ ယူဆတာလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ပါစေ ကောရဟာ ကိစ္စရပ်တွေကို လူ့ရှုထောင့်ကနေကြည့်ခဲ့တယ်ဆိုတာ ထင်ရှားတယ်။ သူဟာ ယေဟောဝါခန့်အပ်ထားတဲ့သူတွေကို ဆန့်ကျင်ပုန်ကန်ပြီး ဒီလို မလေးမစားပြောခဲ့တယ်– “သင်တို့လုပ်နေတာတွေ တော်လောက်ပြီ။ . . . ဘာဖြစ်လို့ ယေဟောဝါရဲ့လူစုလူဝေးထက် သင်တို့ကိုယ်ကို ချီးမြှောက်နေတာလဲ။” (တော. ၁၆:၃ကဘ) အလားတူပဲ ဒါသန်နဲ့ အဘိရံလည်း မောရှေကို အပြစ်တင်ဝေဖန်ပြီး “အုပ်ချုပ်ဖို့ အကြွင်းမဲ့အာဏာရှင်လုပ်ချင်နေ” တယ်လို့ စွပ်စွဲခဲ့တယ်။ မောရှေက မိမိနဲ့လာတွေ့ဖို့ သူတို့ကိုခေါ်တဲ့အခါ “ငါတို့မလာဘူး” လို့ မောက်မောက်မာမာ ပြန်ပြောခဲ့တယ်။ (တော. ၁၆:၁၂-၁၄ကဘ) သူတို့ရဲ့စိတ်ဓာတ်ကို ယေဟောဝါမကြိုက်ဘူးဆိုတာ အထင်အရှားပဲ။ ပုန်ကန်သူအားလုံးကို ကိုယ်တော် ဖျက်ဆီးပစ်လိုက်တယ်။—တော. ၁၆:၂၈-၃၅

၆။ ပထမရာစုက လူတချို့ဟာ သူတို့မှာ မကောင်းတဲ့စိတ်သဘောထားရှိကြောင်း ဘယ်လိုပြသခဲ့သလဲ၊ ဘာကြောင့် ဖြစ်မလဲ။

ပထမရာစုတုန်းက တချို့သူတွေလည်း အသင်းတော်မှာရှိတဲ့ အခွင့်အာဏာရှိသူတွေကို ပြစ်တင်ဝေဖန်ပြီး “မထီမဲ့မြင်ပြု” ခဲ့ကြတယ်။ (ယု. ၈) အဲဒီလူတွေက သူတို့ရရှိထားတဲ့ အခွင့်ထူးတွေနဲ့ မကျေနပ်တဲ့သူတွေ ဖြစ်နိုင်တယ်။ ဘုရားသခင်ပေးတဲ့ အခွင့်အာဏာရရှိထားပြီး အသင်းတော်မှာ ကြိုးကြိုးစားစား အမှုဆောင်နေသူတွေကို ပုန်ကန်ဖို့ တခြားသူတွေကိုလည်း သူတို့ သွေးထိုးလှုံ့ဆော်ခဲ့ကြတယ်။—၃ ယော. ၉၊ ၁၀ ကိုဖတ်ပါ။

၇။ ကျွန်ုပ်တို့မှာ ဘယ်စိတ်သဘောထားမျိုးမရှိဖို့ ဂရုစိုက်ရမလဲ။

အသင်းတော်မှာ ဒီလိုစိတ်သဘောထားမျိုး မရှိသင့်ဘူး။ ဒါကြောင့် ကျွန်ုပ်တို့မှာ အဲဒီလို စိတ်သဘောထားမျိုး မဝင်လာအောင် သတိထားဖို့လိုတယ်။ မောရှေအချိန်နဲ့ တမန်တော်ယောဟန်အချိန်ကလူတွေလိုပဲ ယနေ့အသင်းတော်မှာရှိတဲ့ အကြီးအကဲတွေက မစုံလင်ကြဘူး။ အကြီးအကဲတွေက ကျွန်ုပ်တို့တစ်ဦးတစ်ယောက်ကို ထိခိုက်စေတဲ့အမှားတွေ လုပ်မိနိုင်တယ်။ ကျွန်ုပ်တို့ထဲကတစ်ယောက်ယောက် အဲဒီလိုထိခိုက်ခံရတယ်ဆိုရင် လောကမှာရှိတဲ့လူတွေရဲ့ စိတ်ဓာတ်ကိုတုပပြီး “ငါ့ကို မျှမျှတတ ဆက်ဆံသင့်တယ်” ဒါမှမဟုတ် “အဲဒီညီအစ်ကိုကတော့ အကြီးအကဲ မဖြစ်ထိုက်တော့ဘူး” လို့ မပြောသင့်ဘူး။ အကြီးအကဲတွေလုပ်မိတဲ့ တချို့အသေးအမွှားအမှားတွေကို လျစ်လျူရှုဖို့ ယေဟောဝါဆုံးဖြတ်နိုင်တယ်။ ကျွန်ုပ်တို့ကော အဲဒီလို လျစ်လျူရှုနိုင်မလား။ ကြီးလေးတဲ့အပြစ်ကျူးလွန်ထားတဲ့သူတချို့ဟာ သူတို့ကို ကူညီပေးဖို့ တာဝန်ရထားတဲ့ အကြီးအကဲတွေကို မကြိုက်တာတွေရှိတယ်။ ဒါကြောင့် အဲဒီအကြီးအကဲတွေနဲ့ သွားမတွေ့ဘူး။ အဲဒီလိုလုပ်တာက ဆေးကုပေးမယ့်ဆရာဝန်ကို မကြိုက်လို့ ဆေးကုသမှုမခံယူတဲ့ လူနာနဲ့တူတယ်။

၈။ အသင်းတော်မှာရှိတဲ့ အကြီးအကဲတွေအပေါ် မှန်ကန်တဲ့သဘောထားရှိဖို့ ဘယ်ကျမ်းချက်တွေက ကူညီပေးနိုင်သလဲ။

အဲဒီစိတ်ဓာတ်မျိုးမရှိစေဖို့အတွက် ယေရှုရဲ့ “လက်ယာလက်တော်၌ ကြယ်ခုနစ်လုံးရှိ” တယ်ဆိုတဲ့အချက်ကို သတိရဖို့လိုတယ်။ “ကြယ်” က ကောင်းကင်အတန်းအစား အကြီးအကဲတွေကို ပုံဆောင်တာဖြစ်ပေမဲ့ အသင်းတော်မှာရှိတဲ့ အကြီးအကဲအားလုံးကိုလည်း ရည်ညွှန်းနိုင်တယ်။ ယေရှုဟာ သူ့လက်ထဲမှာရှိတဲ့ “ကြယ်” တွေကို သင့်တော်တယ်လို့ သူယူဆတဲ့ ဘယ်နည်းနဲ့မဆို ညွှန်ကြားနိုင်တယ်။ (ဗျာ. ၁:၁၆၊ ၂၀) အသင်းတော်ရဲ့ဦးခေါင်း ယေရှုဟာ အကြီးအကဲအဖွဲ့ကို အပြည့်အဝ ထိန်းချုပ်ထားတယ်။ ယေရှုရဲ့ “မျက်စိတော်သည် မီးလျှံပမာဖြစ်” ပြီး အရာခပ်သိမ်းကို တွေ့မြင်နိုင်တယ်။ ဒါကြောင့် အကြီးအကဲ တစ်ယောက်ယောက်ကို ပဲ့ပြင်တည့်မတ်ပေးဖို့ တကယ်လိုတယ်ဆိုရင် ယေရှုက သူ့ကို သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့နည်းနဲ့ ပဲ့ပြင်တည့်မတ်ပေးမှာဖြစ်တယ်။ (ဗျာ. ၁:၁၄) ကျွန်ုပ်တို့က အဲဒီအချိန်ရောက်တဲ့အထိ သန့်ရှင်းသောစွမ်းအားတော်နဲ့ခန့်အပ်ထားတဲ့ အကြီးအကဲတွေကို ဆက်လေးစားရမှာဖြစ်တယ်။ ပေါလု ဒီလိုရေးခဲ့တယ်– “သင်တို့တွင် ဦးဆောင်သူများကို နာခံကြလော့။ လက်အောက်ခံကြလော့။ အကြောင်းမူကား သူတို့သည် ကိုယ်တိုင်စာရင်းရှင်းရမည့်သူကဲ့သို့ သင်တို့ကို ဂရုစိုက်ကြည့်ရှုနေကြ၏။ သင်တို့ကို အကျိုးယုတ်စေမည့် ညည်းတွားခြင်းဖြင့်မဟုတ်ဘဲ ဝမ်းမြောက်စွာ ထိုသို့ပြုနိုင်ကြမည်။”—ဟေဗြဲ ၁၃:၁၇

ယေရှုရဲ့အခန်းကဏ္ဍကို စဉ်းစားခြင်းက ဆုံးမမှုကို သင်တုံ့ပြန်ပုံအပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ

၉။ (က) ခရစ်ယာန်တစ်ဦး ဆုံးမခံရတဲ့အခါ ဘယ်စိတ်သဘောမျိုး ပြသမိနိုင်သလဲ။ (ခ) ကျွန်ုပ်တို့ ဆုံးမခံရတဲ့အခါ ဘယ်လိုလုပ်တာက အကောင်းဆုံးလဲ။

ခရစ်ယာန်တစ်ဦးဟာ ဆုံးမခံရတဲ့အခါ ဒါမှမဟုတ် အသင်းတော်မှာ သူရရှိထားတဲ့တာဝန် ဆုံးရှုံးသွားတဲ့အခါ သူ့ရဲ့စိတ်ဓာတ် ဘယ်လိုရှိသလဲဆိုတာ ပေါ်လာတယ်။ လူငယ်ညီအစ်ကိုတစ်ယောက်ဟာ အကြမ်းဖက်ဗီဒီယိုဂိမ်းကစားတာနဲ့ပတ်သက်ပြီး မေတ္တာပါပါ ဆုံးမခံရတယ်။ ဝမ်းနည်းစရာက သူဟာ ဆုံးမမှုကို လက်မခံလို့ အမှုထမ်းတစ်ယောက်နဲ့ဆိုင်တဲ့ ကျမ်းစာတောင်းဆိုချက်တွေကို မပြည့်မီတော့ဘူး၊ ဒါကြောင့် သူဟာ အမှုထမ်းအဖြစ် ဆက်အမှုမဆောင်နိုင်တော့ဘူး။ (ဆာ. ၁၁:၅; ၁ တိ. ၃:၈-၁၀) အဲဒီနောက် ဒီညီအစ်ကိုက အကြီးအကဲတွေရဲ့ဆုံးဖြတ်ချက်ကို သူ သဘောမတူတဲ့အကြောင်း လူတကာသိအောင် လိုက်ပြောတယ်။ ဌာနခွဲရုံးကိုလည်း အကြီးအကဲတွေမကောင်းကြောင်း အကြိမ်ကြိမ်စာရေးခဲ့တယ်။ အသင်းတော်မှာရှိတဲ့ တခြားသူတွေကိုလည်း ဌာနခွဲရုံးကိုစာရေးဖို့ ဖိအားပေးတယ်။ ဒါပေမဲ့ အမှန်တရားကတော့ ကျွန်ုပ်တို့ရဲ့အမှားတွေအတွက် ဆင်ခြေပေးဖို့ ကြိုးစားမယ်ဆိုရင် အသင်းတော်ရဲ့ငြိမ်သက်မှုကို ထိခိုက်နိုင်တယ်၊ ဒါက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။ ဒါကြောင့် ဆုံးမမှုက ကျွန်ုပ်တို့ရဲ့အားနည်းချက်ကို သိမြင်စေတယ်လို့ ရှုမြင်ပြီး ဘာမှမပြောဘဲ လက်ခံလိုက်တာဟာ ပိုကောင်းပါတယ်။—ယေရမိမြည်တမ်းစကား ၃:၂၈၊ ၂၉ ကိုဖတ်ပါ။ *

၁၀။ (က) ယာကုပ် ၃:၁၆-၁၈ က ကောင်းတဲ့စိတ်သဘောထားနဲ့ မကောင်းတဲ့စိတ်သဘောထားအကြောင်း ဘယ်လိုသင်ပေးသလဲ။ (ခ) “အထက်မှဉာဏ်ပညာ” နဲ့အညီလုပ်ဆောင်တဲ့အခါ ဘာအကျိုးရရှိသလဲ။

၁၀ ယာကုပ် ၃:၁၆-၁၈ မှာ ကောင်းတဲ့စိတ်သဘောထားနဲ့ မကောင်းတဲ့စိတ်သဘောထားအကြောင်း သင်ပေးတယ်။ အဲဒီမှာ ဒီလိုဖော်ပြထားတယ်– “မနာလိုခြင်း၊ ဂုဏ်ပြိုင်ခြင်းတို့ရှိလျှင် ရုန်းရင်းခတ်ခြင်းနှင့် ဆိုးညစ်မှုအမျိုးမျိုးရှိတတ်၏။ အထက်မှဉာဏ်ပညာမူကား ဦးစွာ စင်ကြယ်၏။ ထို့နောက် သင့်မြတ်စွာနေတတ်၏။ အကျိုးသင့်အကြောင်းသင့်သဘောရှိ၏။ နာခံရန် အသင့်ရှိ၏။ သနားကြင်နာခြင်းနှင့်လည်းကောင်း၊ ကောင်းသောအကျင့်များနှင့်လည်းကောင်း ပြည့်စုံ၏။ မျက်နှာလိုက်ခြင်းမရှိ။ အရေခြုံခြင်းမရှိ။ ထို့ပြင် ဖြောင့်မတ်ခြင်းအသီးသည် သင့်မြတ်စေသူများအတွက် ငြိမ်သက်သောအခြေအနေတွင် မိမိ၏မျိုးစေ့ကိုကြဲထား၏။” ကျွန်ုပ်တို့က “အထက်မှဉာဏ်ပညာ” နဲ့အညီလုပ်ဆောင်တဲ့အခါ ဘုရားသခင်ရဲ့အရည်အသွေးတွေကို ပြသနိုင်မှာဖြစ်တယ်။ ဒီလိုနည်းအားဖြင့် ကျွန်ုပ်တို့က အချင်းချင်းအပေါ် မှန်ကန်တဲ့စိတ်သဘောထားပြသဖို့ အားပေးရာရောက်ပြီး အသင်းတော်မှာ ငြိမ်သက်ခြင်းရှိစေပါလိမ့်မယ်။

အသင်းတော်မှာ ရိုသေလေးစားတဲ့သဘော တင်ပြပါ

၁၁။ (က) ကျွန်ုပ်တို့မှာ မှန်ကန်တဲ့သဘောထားရှိတယ်ဆိုရင် ဘယ်အရာကို အလေးပေးမှာ မဟုတ်သလဲ။ (ခ) ဒါဝိဒ်ရဲ့ပုံနမူနာကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

၁၁ ယေဟောဝါက “အသင်းတော်ကို ထိန်းကျောင်း” ဖို့ အကြီးအကဲတွေကို တာဝန်ပေးထားတယ်ဆိုတာ သတိရသင့်တယ်။ (တ. ၂၀:၂၈; ၁ ပေ. ၅:၂) ဒါကြောင့် ကျွန်ုပ်တို့က အကြီးအကဲဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဘုရားသခင့်အစီအစဉ်ကို ရိုသေလေးစားသင့်တယ်။ ကျွန်ုပ်တို့မှာ မှန်ကန်တဲ့စိတ်သဘောထားရှိတယ်ဆိုရင် အခွင့်အာဏာရဖို့ ဒါမှမဟုတ် တာဝန်တွေရဖို့ အရမ်းအလေးပေးမှာမဟုတ်ဘူး။ ဒါဝိဒ် ဘုရင်ဖြစ်လာနိုင်တယ်လို့ ဘုရင်ရှောလု စ,စဉ်းစားမိတဲ့အခါ “ဒါဝိဒ်ကို မသင်္ကာစိတ်နဲ့ အမြဲစောင့်ကြည့်နေတော့တယ်။” (၁ ရာ. ၁၈:၉ကဘ) ဘုရင်မှာ မကောင်းတဲ့စိတ်တွေဝင်လာပြီး ဒါဝိဒ်ကိုတောင် သတ်ပစ်ချင်လာတယ်။ ရှောလုလို အခွင့်အာဏာအတွက် အလွန်အမင်းစိုးရိမ်မယ့်အစား ဒါဝိဒ်လိုသဘောထားရှိတာက ပိုကောင်းပါတယ်။ ဒါဝိဒ်ဟာ မတရားမှုတွေ အများကြီးကြုံရပေမဲ့ ဘုရားသခင် ခန့်အပ်ထားတဲ့ အခွင့်အာဏာရှိသူကို ဆက်လေးစားခဲ့တယ်။—၁ ရာ. ၂၆:၂၃ ကိုဖတ်ပါ။

၁၂။ အသင်းတော်မှာ စည်းလုံးမှုရှိဖို့ ဘာလုပ်နိုင်သလဲ။

၁၂ ကျွန်ုပ်တို့အားလုံးမှာ မတူညီတဲ့အမြင် ကိုယ်စီရှိတဲ့အတွက် တစ်ဦးနဲ့တစ်ဦး စိတ်ဆိုးစရာ အကြောင်းတွေရှိနိုင်တယ်။ အသင်းတော်အကြီးအကဲတွေကြားမှာလည်း အဲဒီလို ဖြစ်နိုင်တယ်။ ကျွန်ုပ်တို့မှာ ရှိသင့်တဲ့စိတ်သဘောထားကို သမ္မာကျမ်းစာက ဖော်ပြတယ်– “အချင်းချင်း ဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့။” “သတိပညာရှိသည်ဟု ကိုယ်ကိုမထင်ကြနှင့်။” (ရော. ၁၂:၁၀၊ ၁၆) ကိုယ့်ဘက်က မှန်တယ်လို့ ဇွတ်အတင်းပြောမယ့်အစား အခြေအနေတစ်ခုကို စဉ်းစားသုံးသပ်ရာမှာ မှန်ကန်တဲ့ရှုထောင့် တစ်ခုထက်မက ရှိတယ်ဆိုတာကို သိထားသင့်တယ်။ အခြားသူတွေရဲ့ ရှုထောင့်ကနေ ရှုမြင်ဖို့ ကြိုးစားမယ်ဆိုရင် အသင်းတော်ရဲ့စည်းလုံးမှုကို ဆက်ထိန်းထားနိုင်မှာဖြစ်တယ်။—ဖိ. ၄:၅

၁၃။ ကျွန်ုပ်တို့ရဲ့ရှုမြင်ပုံကို ပြောပြပြီးတဲ့နောက်မှာ ဘာလုပ်သင့်သလဲ။ အဲဒါနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာပုံနမူနာက ကျွန်ုပ်တို့ကို ဘာသင်ပေးသလဲ။

၁၃ အသင်းတော်မှာ တစ်ခုခုလွဲမှားနေတာကို မြင်တယ်ဆိုရင်တောင် မပြောရဘူးဆိုတဲ့သဘောလား။ မဟုတ်ပါဘူး။ ပထမရာစုတုန်းက အကြီးအကျယ်သဘောထားကွဲလွဲစေတဲ့ ကိစ္စတစ်ခု ပေါ်ပေါက်ခဲ့တယ်။ ညီအစ်ကိုတွေက “ထိုပြဿနာနှင့်စပ်လျဉ်း၍ ပေါလုနှင့် ဗာနဗကို အခြားသော ညီအစ်ကိုအချို့နှင့်အတူ ဂျေရုဆလင်မြို့ရှိ တမန်တော်များ၊ အသက်ကြီးသူများထံ သွားစေရန် စီစဉ်ပေးကြ” တယ်။ (တ. ၁၅:၂) ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနည်းနဲ့ပတ်သက်ပြီး ညီအစ်ကိုတစ်ယောက်ချင်းစီမှာ အမြင်တစ်မျိုးစီရှိမှာ ဖြစ်တယ်။ ဒါပေမဲ့ မိမိတို့ရဲ့အမြင်ကို တစ်ယောက်ချင်းစီ ထုတ်ဖော်ပြောဆိုပြီး၊ သန့်ရှင်းတဲ့စွမ်းအားတော်အကူအညီနဲ့ ဆုံးဖြတ်ချက် ချပြီးတဲ့နောက်မှာ ညီအစ်ကိုတွေဟာ ဒီအကြောင်းကို ထပ်မပြောကြတော့ဘူး။ ဆုံးဖြတ်ချက်နဲ့ပတ်သက်တဲ့စာကို အသင်းတော်တွေ လက်ခံရရှိတဲ့အခါ “စာ၌ပါသော အားပေးစကားကြောင့် ဝမ်းမြောက်ကြ” ပြီး “ယုံကြည်ခြင်း၌ ခိုင်ခံ့မြဲမြံလာ” ကြတယ်။ (တ. ၁၅:၃၁; ၁၆:၄၊ ၅) ယနေ့လည်းအလားတူပဲ ကိစ္စတစ်ခုအကြောင်း အကြီးအကဲတွေကို ပြောပြပြီးတဲ့နောက်မှာ အကြီးအကဲတွေက ဒီကိစ္စကို သေချာသုံးသပ်ပြီး သင့်တော်တဲ့ဆုံးဖြတ်ချက်ချမယ်ဆိုတာ ကျွန်ုပ်တို့ယုံကြည်စိတ်ချသင့်တယ်။

တခြားသူတွေနဲ့ဆက်ဆံတဲ့အခါ မှန်ကန်တဲ့စိတ်သဘောထား တင်ပြပါ

၁၄။ တခြားသူတွေနဲ့ဆက်ဆံတဲ့အခါ မှန်ကန်တဲ့စိတ်သဘောထားကို ဘယ်လိုပြနိုင်သလဲ။

၁၄ တခြားသူတွေနဲ့ ကျွန်ုပ်တို့ ဆက်ဆံတဲ့အခါမှာ မှန်ကန်တဲ့စိတ်သဘောထားတင်ပြနိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိတယ်။ တခြားသူတွေက ကျွန်ုပ်တို့ကို စိတ်ဆိုးအောင်လုပ်တဲ့အခါမှာ ခွင့်လွှတ်တတ်တဲ့စိတ်သဘောထား တင်ပြတယ်ဆိုရင် ကောင်းကျိုးများစွာ ရှိနိုင်ပါတယ်။ ဘုရားသခင့်စကားတော်က ကျွန်ုပ်တို့ကို ဒီလိုပြောတယ်– ‘တစ်ဦးနှင့်တစ်ဦး မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ကြလော့။ ယေဟောဝါသည် သင်တို့ကို အကြွင်းမဲ့ခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့လည်း ထိုနည်းတူပြုကြလော့။’ (ကော. ၃:၁၃) “မကျေနပ်စရာအကြောင်းရှိလျှင်” ဆိုတဲ့အသုံးအနှုန်းက တခြားသူတွေကို စိတ်ဆိုးဖို့ ခိုင်လုံတဲ့အကြောင်းရင်းရှိမယ်ဆိုတာ ဖော်ပြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ဟာ အသေးအဖွဲကိစ္စလေးတွေကြောင့် အထိမခံမဖြစ်သင့်ဘူး။ အဲဒီလိုဖြစ်တာက အသင်းတော်ရဲ့ငြိမ်သက်မှုကို ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ညီအစ်ကိုညီအစ်မတွေကို လိုလိုလားလား ခွင့်လွှတ်ပြီး သူတို့နဲ့အတူ ဘုရားသခင့်အမှုတော်မှာ ဆက်ပါဝင်ခြင်းအားဖြင့် ယေဟောဝါကိုတုပသင့်တယ်။

၁၅။ (က) ခွင့်လွှတ်ခြင်းနဲ့ပတ်သက်ပြီး ယောဘထံကနေ ဘာသင်ယူနိုင်သလဲ။ (ခ) မှန်ကန်တဲ့စိတ်သဘောထား ပြသနိုင်ဖို့ ဆုတောင်းခြင်းက ဘယ်လိုကူညီပေးနိုင်သလဲ။

၁၅ ခွင့်လွှတ်ခြင်းအကြောင်းကို ယောဘဆီက သင်ယူနိုင်တယ်။ သူ့ကို နှစ်သိမ့်အားပေးစကားပြောသင့်တဲ့ လူသုံးယောက်က မညှာမတာ ပြောဆိုခဲ့တယ်။ ဒါပေမဲ့ ယောဘ သူတို့ကို ခွင့်လွှတ်ခဲ့တယ်။ ဘယ်လိုနည်းနဲ့လဲ။ “အဆွေခင်ပွန်းတို့အဖို့ ဆုတောင်း” ခြင်းအားဖြင့်ဖြစ်တယ်။ (ယောဘ ၁၆:၂; ၄၂:၁၀) တခြားသူတွေအတွက် ဆုတောင်းပေးတာက သူတို့အပေါ်ထားတဲ့ ကျွန်ုပ်တို့ရဲ့သဘောထားကို ပြောင်းလဲစေနိုင်တယ်။ ညီအစ်ကိုညီအစ်မအားလုံးအတွက် ဆုတောင်းပေးတာက ခရစ်တော်ရဲ့စိတ်ထားမျိုးရှိဖို့ ကျွန်ုပ်တို့ကို ကူညီပေးတယ်။ (ယော. ၁၃:၃၄၊ ၃၅) ညီအစ်ကိုညီအစ်မတွေအတွက် ဆုတောင်းတာအပြင် သန့်ရှင်းသောစွမ်းအားတော်ရဖို့လည်း ဆုတောင်းသင့်တယ်။ (လု. ၁၁:၁၃) တခြားသူတွေနဲ့ဆက်ဆံရာမှာ စစ်မှန်တဲ့ခရစ်ယာန်တွေရဲ့ အရည်အသွေးတွေကို ပြသဖို့ ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော်က ကျွန်ုပ်တို့ကို ကူညီပေးပါလိမ့်မယ်။—ဂလာတိ ၅:၂၂၊ ၂၃ ကိုဖတ်ပါ။

ကောင်းတဲ့စိတ်သဘောထားက အသင်းတော်တစ်ခုလုံးကို အကျိုးပြု

၁၆၊ ၁၇။ ဘယ်စိတ်သဘောထားမျိုးကို သင်ပြသလိုသလဲ။

၁၆ ကျွန်ုပ်တို့တစ်ယောက်ချင်းစီက ကောင်းတဲ့စိတ်သဘောထား ဆက်ရှိဖို့ ကြိုးစားအားထုတ်မယ်ဆိုရင် အသင်းတော်တစ်ခုလုံး အကျိုးခံစားရမှာဖြစ်တယ်။ ဒီဆောင်းပါးကို လေ့လာပြီးတဲ့နောက်မှာ ကျွန်ုပ်တို့ရဲ့ စိတ်သဘောထားကို တိုးတက်ကောင်းမွန်အောင် လုပ်ရမယ်ဆိုတာ နားလည်လာပါလိမ့်မယ်။ အဲဒီလိုနားလည်လာတယ်ဆိုရင် သင်ဘယ်လိုလုပ်နိုင်တယ်ဆိုတာ သိဖို့ ဘုရားသခင့်စကားတော်ရဲ့ စစ်ဆေးမှုကို ခံယူပါ။ (ဟေဗြဲ ၄:၁၂) အသင်းတော်မှာ စံနမူနာကောင်းဖြစ်ချင်တဲ့ ပေါလု ဒီလိုပြောခဲ့တယ်– ‘ကိုယ့်စိတ်သည် ကိုယ်ကိုအပြစ်မတင်။ သို့သော်လည်း ထိုအကြောင်းကြောင့် ငါသည် ဖြောင့်မတ်သည်မဟုတ်။ ငါ့ကိုစစ်ဆေးသောသူကား ယေဟောဝါပေတည်း။’—၁ ကော. ၄:၄

၁၇ ကိုယ့်ကိုယ်ကိုယ် ဒါမှမဟုတ် ကိုယ့်အခွင့်အရာကို အလွန်အမင်းအလေးမထားဘဲ အထက်မှဉာဏ်ပညာနဲ့အညီ လုပ်ဆောင်တဲ့အခါ အသင်းတော်မှာ ကောင်းတဲ့စိတ်သဘောထား ရှိနေမှာဖြစ်တယ်။ တခြားသူတွေကို အလျင်အမြန် ခွင့်လွှတ်ပြီး အကောင်းမြင်တယ်ဆိုရင် ညီအစ်ကိုညီအစ်မတွေနဲ့ ငြိမ်သက်တဲ့ဆက်ဆံရေး ရှိနေပါလိမ့်မယ်။ (ဖိ. ၄:၈) ကျွန်ုပ်တို့က အဲဒီလိုလုပ်တယ်ဆိုရင် ကျွန်ုပ်တို့ပြတဲ့စိတ်သဘောထားကို ယေဟောဝါနဲ့ယေရှု နှစ်သက်မယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—ဖိလေ. ၂၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 ယေရမိမြည်တမ်းစကား ၃:၂၈၊ ၂၉ (ကဘ)– “၂၈ ဘုရားသခင်က အဲဒါကို ခွင့်ပြုထားတဲ့အတွက် သူတစ်ယောက်တည်းထိုင်ပြီး နှုတ်ဆိတ်နေပါစေ။ ၂၉ မျှော်လင့်ချက်ရှိကောင်းရှိနိုင်တဲ့အတွက် သူ့မျက်နှာကို မြေမှာအပ်ထားပါစေ။”