မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

အနှစ် ၆၀ ကြာ ချစ်ခင်ရင်းနှီးခဲ့ကြပေမဲ့ အစပဲရှိသေး

အနှစ် ၆၀ ကြာ ချစ်ခင်ရင်းနှီးခဲ့ကြပေမဲ့ အစပဲရှိသေး

၁၉၅၁ ခုနှစ်ရဲ့ တစ်ခုသောနွေညနေခင်းမှာ အသက် ၂၀ ကျော်စ လူငယ်လေးယောက်ဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ အီတာကာမြို့က ဖုန်းရုံတွေနားမှာ ရပ်နေကြပြီး မစ်ရှီဂန်၊ အိုင်အိုဝါနဲ့ ကယ်လီဖိုးနီးယားကို ဖုန်းဆက်ဖို့ စိတ်စောနေကြတယ်။ သူတို့မှာ ပြောစရာသတင်းကောင်းရှိတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ရှေ့ဆောင် ၁၂၂ ယောက်ဟာ ၁၇ ကြိမ်မြောက် ဂိလဒ်ကျောင်းတက်ဖို့အတွက် နယူးယောက်ပြည်နယ်၊ တောင် လဲန်စင်းကို ရောက်လာကြတယ်။ အဲဒီ ခရစ်ယာန်သာသနာပြုလောင်းတွေထဲမှာ လိုဝယ်လ် တာနာ၊ ဝီလျံ (ဘီလ်) ကာစတန်၊ ရစ်ချက် ကယ်လ်စီနဲ့ ရေမွန် တဲမ်ပဲလ်တန်လည်းပါတယ်။ လိုဝယ်လ်နဲ့ဘီလ်က မစ်ရှီဂန်ကလာပြီး ရစ်ချက်က အိုင်အိုဝါနဲ့ ရေမွန်က ကယ်လီဖိုးနီးယားက လာတာဖြစ်တယ်၊ သူတို့လေးယောက်ဟာ မကြာခင်မှာပဲ ငယ်ပေါင်းတွေလို ခင်မင်ရင်းနှီးသွားကြတယ်။

ဘယ်ကနေ ညာ– ရစ်ချက်၊ လိုဝယ်လ်၊ ရေမွန်နဲ့ ဘီလ်တို့ဟာ ဂိလဒ်ကျောင်းမှာ သူငယ်ချင်းတွေဖြစ်ခဲ့ကြ

ငါးလကြာပြီးတဲ့နောက် ကျောင်းသားတွေကို စကားပြောဖို့ ကမ္ဘာ့ဌာနချုပ်က ညီအစ်ကို နေသန်နောရ် ရောက်လာမယ်လို့ ကြေညာတဲ့အခါ အားလုံးက စိတ်လှုပ်ရှားခဲ့ကြတယ်။ ညီအစ်ကိုလေးယောက်က ဖြစ်နိုင်မယ်ဆိုရင် တစ်နိုင်ငံတည်းမှာပဲ အတူအမှုဆောင်ချင်တယ်ဆိုတဲ့ သူတို့ရဲ့ဆန္ဒကို ပြောပြထားတယ်။ အခု သူတို့ တိုင်းတစ်ပါး ခရစ်ယာန်သာသနာပြုတာဝန်တွေအကြောင်း ဒီထက်မက ပိုသိရှိရဦးမလား။ သိရမှာသေချာပါတယ်။

ကျောင်းသားတွေ တာဝန်ခန့်အပ်ခံရတဲ့နိုင်ငံတွေကို ညီအစ်ကိုနောရ် စတင်ကြေညာတဲ့အခါ သူတို့အားလုံး အရမ်းရင်ခုန်နေကြတယ်။ ပထမဦးဆုံး စင်မြင့်ပေါ်ကို ဖိတ်ခေါ်ခံရသူတွေက ရင်တထိတ်ထိတ်ဖြစ်နေတဲ့ ညီအစ်ကိုလေးယောက်ဖြစ်တယ်၊ ဒါပေမဲ့ သူတို့က တစ်နေရာတည်းမှာပဲ အတူတာဝန်ကျတယ်ဆိုတာ သိသွားတဲ့အခါ ပျော်သွားကြတယ်။ ဘယ်နိုင်ငံမှာပါလိမ့်။ ဂျာမနီနိုင်ငံလို့ ကြေညာလိုက်တဲ့အခါမှာတော့ ကျောင်းသားတွေက အံ့ဩတကြီးဖြစ်ပြီး လက်ခုပ်တီး၊ ဩဘာပေးခဲ့ကြတယ်။

၁၉၃၃ ခုနှစ်ကနေစပြီး ဟစ်တလာကြီးစိုးချိန်တစ်လျှောက်မှာ ဂျာမနီက သက်သေခံတွေပြသခဲ့တဲ့ သစ္စာတည်ကြည်မှုကို ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေ အံ့သြချီးမွမ်းခဲ့ကြတယ်။ ကျောင်းသားအများစုက ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ဥရောပက ညီအစ်ကိုတွေအတွက် အဝတ်အစားတွေ၊ ထောက်ပံ့ပစ္စည်းတွေပို့ပေးဖို့ သူတို့ကိုယ်တိုင် ထုပ်ပိုးခဲ့တာတွေကို မှတ်မိနေသေးတယ်။ ဂျာမနီက ဘုရားသခင့်လူတွေဟာ ယုံကြည်ခြင်း၊ စိတ်ဓာတ်ခိုင်မာမှု၊ ရဲစွမ်းသတ္တိ​နဲ့ ယေဟောဝါအပေါ်ယုံကြည်ကိုးစားခြင်းမှာ ထူးခြားတဲ့စံနမူနာဖြစ်တယ်။ လိုဝယ်လ်က ‘အခု ကျွန်တော်တို့ အဲဒီညီအစ်ကိုညီအစ်မတွေကို ကိုယ်တိုင်မြင်တွေ့ရတော့မယ်’ လို့တွေးခဲ့တာကို မှတ်မိနေတယ်။ အဲဒီညနေမှာ အားလုံးက စိတ်လှုပ်ရှားနေပြီး မိသားစုနဲ့ မိတ်ဆွေတွေဆီ ဖုန်းဆက်ချင်နေတာက အံ့ဩစရာမဟုတ်ပါဘူး။

ဂျာမနီသို့

အကြီးအကဲနဲ့ အမှုထမ်းသင်တန်းမှာ ရေမွန်သင်တန်းပို့ချနေ

၁၉၅၁၊ ဇူလိုင် ၂၇ ရက်နေ့မှာ သူငယ်ချင်းလေးယောက်လိုက်ပါလာတဲ့ ဟုမ်းလဲန် သင်္ဘောကြီးဟာ ၁၁ ရက်ကြာတဲ့ ဂျာမနီခရီးကိုသွားဖို့ နယူးယောက် အိစ်ရေးဗားဆိပ်ကမ်းကနေ ထွက်ခွာခဲ့တယ်။ နောက်ပိုင်းမှာအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်လာတဲ့ ဂိလဒ်သင်တန်းပို့ချသူ ညီအစ်ကို အဲလ်ဘတ် ရှရိုးဒါက သူတို့ကို ဂျာမန်စကား အနည်းအကျဉ်းသင်ပေးလိုက်တယ်။ အခု သင်္ဘောပေါ်မှာ ဂျာမန်ခရီးသည်တွေ အများကြီးပါတယ်ဆိုတော့ ဂျာမန်စကားကို ပိုသင်ယူလို့ရပြီပေါ့။ ဒါပေမဲ့ ခရီးသည်တွေက ဂျာမန်စကားနောက်တစ်မျိုးကို ပြောနေသလိုပဲ။ စိတ်ရှုပ်စရာပါလား။

လှိုင်းမူးတဲ့ဒဏ်ကို အလူးအလိမ့်ခံပြီးတဲ့နောက် ဩဂုတ် ၇ ရက်၊ အင်္ဂါနေ့မနက်မှာ ညီအစ်ကိုတွေဟာ ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ကို ခြေချမိပါပြီ။ နေရာတိုင်းမှာ လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ပြီးသွားတဲ့ စစ်ကြီးရဲ့ဒဏ်ရာဒဏ်ချက်တွေကို မြင်တွေ့နေရတယ်။ မြင်မြင်သမျှက စိတ်မကောင်းစရာတွေချည်းပဲ၊ သူတို့ဟာ ဌာနခွဲရုံးတည်ရှိရာ ဗီစ်ဘာဒင်မြို့ကိုသွားဖို့ ညရထားပေါ်တက်ခဲ့ကြတယ်။

ဗီစ်ဘာဒင်ဗေသလမှာ ရစ်ချက်အလုပ်လုပ်နေ

ဗုဒ္ဓဟူးနေ့မနက်စောစောမှာ ဂျာမန်နာမည်စစ်စစ်မှည့်ထားတဲ့ ဂျာမန်သက်သေခံတစ်ယောက်ကို သူတို့ ဦးဆုံးတွေ့ခဲ့ရတယ်။ ဟန်းစ်က သူတို့ကို ဘူတာရုံကနေ ဗေသလကို ကားနဲ့ခေါ်သွားပြီး အဲဒီမှာ အင်္ဂလိပ်စကားမပြောတတ်တဲ့ ခပ်ထန်ထန် အသက်ကြီးကြီး ညီအစ်မတစ်ယောက်နဲ့ ထားခဲ့တယ်။ နည်းနည်းကျယ်ကျယ်အော်ပြောရင် စကားပြောလို့ပေါက်မယ်လို့ အဲဒီညီအစ်မကြီးက ယူဆပုံရတယ်။ ဒါပေမဲ့ အသံသာပိုကျယ်သွားတယ်၊ ညီအစ်မကြီးနဲ့ ညီအစ်ကိုလေးယောက်ရဲ့အခြေအနေက ကောင်းမလာဘဲ ပိုဆိုးသွားတယ်။ နောက်ဆုံး ဌာနခွဲအမှုထမ်းဖြစ်တဲ့ ညီအစ်ကို အဲရစ်ခ် ဖရော့စ်ရောက်လာပြီး သူတို့ကို အင်္ဂလိပ်စကားနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်လိုက်တယ်။ အဲဒီတော့မှာ အဆင်ပြေသွားတယ်။

ဩဂုတ်လကုန်ခါနီးမှာ အဲဒီညီအစ်ကိုလေးယောက်ဟာ ဖရန်ခ်ဖတ် အမ် မိန်းမှာပြုလုပ်တဲ့ “စင်ကြယ်တဲ့ဝတ်ပြုရေး” စည်းဝေးကြီးကို တက်ခဲ့ကြတယ်၊ အဲဒါက သူတို့တက်ခဲ့ရတဲ့ ဦးဆုံး ဂျာမန်စည်းဝေးကြီးပဲ။ အများဆုံးတက်ရောက်သူ ၄၇,၄၃၂ ယောက်နဲ့ နှစ်ခြင်းခံသူ ၂,၃၇၃ ယောက်က ညီအစ်ကိုလေးယောက်ရဲ့ ထက်သန်မှုနဲ့ ဟောပြောလိုစိတ်ကို အားသစ်လောင်းပေးခဲ့တယ်။ ဒါပေမဲ့ ရက်အနည်းငယ်အကြာမှာ ညီအစ်ကိုနောရ်က သူတို့လေးယောက် ဗေသလမှာနေပြီး အမှုဆောင်ရမယ်လို့ ပြောခဲ့တယ်။

သူတို့ရဲ့အလုပ်ကနေ ခံစားရတဲ့ ရွှင်လန်းမှုက ယေဟောဝါဟာ အမြဲပဲ အကောင်းဆုံးကိုသိတယ်ဆိုတဲ့အချက်ကို အပြည့်အဝ ယုံကြည်စိတ်ချစေခဲ့တယ်

ရေမွန်က ခရစ်ယာန်သာသနာပြုပဲလုပ်ချင်လို့ အရင်က အမေရိကန်ဗေသလမှာအမှုဆောင်ဖို့ ဖိတ်ခေါ်တာကို ငြင်းပယ်ခဲ့ဖူးတယ်။ ရစ်ချက်နဲ့ ဘီလ်လည်း ဗေသလမှာအမှုဆောင်ဖို့ တစ်ခါမှ မစဉ်းစားဖူးဘူး။ ဒါပေမဲ့ နောက်ပိုင်း သူတို့ရဲ့အလုပ်ကနေ ခံစားရတဲ့ရွှင်လန်းမှုက ယေဟောဝါဟာ အမြဲပဲ အကောင်းဆုံးကိုသိတယ်ဆိုတဲ့အချက်ကို အပြည့်အဝ ယုံကြည်စိတ်ချစေခဲ့တယ်။ ဒါကြောင့် ကိုယ့်ဆန္ဒကိုပဲ ဦးစားပေးမယ့်အစား ယေဟောဝါရဲ့လမ်းညွှန်မှုအတိုင်း လိုက်လျှောက်တာက ဘယ်လောက်တောင် ပညာရှိရာကျလိုက်သလဲ။ ဒီအချက်ကိုသိနားလည်တဲ့သူဟာ ယေဟောဝါပေးအပ်တဲ့ ဘယ်တာဝန်ကိုမဆို ဘယ်နေရာမှာပဲ လုပ်ဆောင်ရပါစေ ပျော်ရွှင်မှုခံစားရပါလိမ့်မယ်။

တားမြစ်တယ်

ဂျာမနီဗေသလ မိသားစုဝင်တွေက အင်္ဂလိပ်စကားပြောလေ့ကျင့်ဖို့အတွက် သူတို့ဆီမှာ အမေရိကန်လူမျိုးတွေရှိတာကို သဘောကျကြတယ်။ ဒါပေမဲ့ တစ်နေ့တော့ စားသောက်ခန်းမှာ အဲဒီမျှော်လင့်ချက် ရုတ်တရက်ပျက်စီးသွားတယ်။ တကယ်အရေးကြီးတယ်လို့ ယူဆရတဲ့ အကြောင်းအရာတစ်ခုကို ညီအစ်ကို ဖရော့စ်က သူ့အကျင့်အတိုင်းပဲ ဂျာမန်စကားနဲ့ အားမာန်ပါပါပြောနေတယ်။ မိသားစုဝင်အများစုက တိတ်ဆိတ်နေပြီး သူတို့ရှေ့မှာရှိတဲ့ပန်းကန်ပြားကိုပဲ စိုက်ကြည့်နေကြတယ်။ အသစ်ရောက်လာတဲ့ ညီအစ်ကိုလေးယောက်က ဘာအကြောင်းပြောနေတယ်ဆိုတာကို နားမလည်ပေမဲ့ သူတို့နဲ့ပတ်သက်နေတယ်ဆိုတာကိုတော့ တဖြည်းဖြည်း ရိပ်မိလာတယ်။ ဒါနဲ့ ညီအစ်ကို ဖရော့စ်က “ဖာဘိုတန်” (“တားမြစ်တယ်”) လို့ အကျယ်ကြီးအော်ပြောလိုက်တယ်၊ နောက်ထပ် အသံကိုချဲ့ပြီး အဲဒီအတိုင်း အော်ပြောပြန်တယ်၊ သူတို့ စိတ်တထင့်ထင့်ဖြစ်ခဲ့ကြတယ်။ သူဘာကြောင့် အဲဒီလောက် အရမ်းစိတ်လှုပ်ရှားနေရတာလဲ။

ညီအစ်ကိုနောရ် လည်ပတ်တုန်းက ညီအစ်ကို ဖရော့စ် (ညာ) နဲ့ တခြားညီအစ်ကိုတွေ (ဘယ်)၊

စားသောက်လို့ပြီးသွားတော့ အားလုံးက သူတို့ရဲ့အခန်းထဲကို အလျှိုလျှိုဝင်သွားကြတယ်။ နောက်ပိုင်းမှာ ညီအစ်ကိုတစ်ယောက်က ဒီလိုပြောပြတယ်– “ခင်ဗျားတို့က ကျွန်တော်တို့ကို ကူညီပေးဖို့ဆိုရင် ဂျာမန်စကားတတ်မှဖြစ်မယ်။ ဒါကြောင့် ခင်ဗျားတို့ ဂျာမန်စကားမတတ်မချင်း ခင်ဗျားတို့နဲ့ အင်္ဂလိပ်စကားမပြောရဘူးလို့ ညီအစ်ကို ဖရော့စ်က တားမြစ်တာဖြစ်တယ်။”

ဗေသလမိသားစုဝင်တွေက ချက်ချင်းပဲ စကားနားထောင်ကြတယ်။ ဒါက အသစ်ရောက်လာတဲ့သူတွေ ဂျာမန်စကားသင်ယူဖို့ အထောက်အကူပြုတယ်၊ ဒါတင်မက မေတ္တာရှိတဲ့ ညီအစ်ကိုတွေပေးတဲ့အကြံပြုချက်က အစပိုင်းမှာ လိုက်နာဖို့ခက်တယ်ဆိုရင်တောင် ကျွန်တော်တို့ရဲ့ကောင်းကျိုးအတွက် ဖြစ်တယ်ဆိုတာကိုလည်း သင်ပေးရာရောက်တယ်။ ညီအစ်ကိုဖရော့စ်ရဲ့ သွန်သင်ချက်က ယေဟောဝါအဖွဲ့အစည်းရဲ့ကောင်းကျိုးကို သူလိုလားကြောင်းနဲ့ ညီအစ်ကိုတွေကိုချစ်ကြောင်း ထင်ရှားဖော်ပြတယ်။ * ဒါကြောင့် ညီအစ်ကိုလေးယောက်က သူ့ကို ပိုပိုပြီးချစ်ခင်လာတာဟာ အံ့ဩစရာမဟုတ်ပါဘူး။

မိတ်ဆွေတွေထံက သင်ယူခဲ့ကြ

ညာ–၁၉၅၂ ခုနှစ်၊ ဆွစ်ဇလန်မှာ အားလပ်ရက် အပန်းဖြေတုန်းက

ဘုရားသခင်ကိုကြောက်ရွံ့တဲ့ မိတ်ဆွေတွေဆီကနေ အဖိုးတန်သင်ခန်းစာတွေ သင်ယူနိုင်တယ်၊ အဲဒီသင်ခန်းစာတွေက ကျွန်တော်တို့ကို ယေဟောဝါနဲ့ ပိုကောင်းတဲ့မိတ်ဆွေဖြစ်စေဖို့ ထောက်ကူပေးတယ်။ ညီအစ်ကိုလေးယောက်ဟာ များလွန်းလို့ နာမည်မဖော်ပြနိုင်တဲ့ သစ္စာရှိ ဂျာမန်ညီအစ်ကိုညီအစ်မတွေထံကနေရော၊ သူတို့အချင်းချင်းထံကပါ အများကြီး သင်ယူခဲ့ကြတယ်။ ရစ်ချက် ဒီလိုပြောပြတယ်– “လိုဝယ်လ်က ဂျာမန်စကားကောင်းကောင်းတတ်တယ်၊ ကျန်တဲ့ ကျွန်တော်တို့သုံးယောက်ကတော့ အတော့်ကိုကြိုးစားကြရတယ်။ အုပ်စုထဲမှာဆိုလည်း သူက အသက်အကြီးဆုံးဖြစ်တော့ ဘာသာစကားပြဿနာဖြေရှင်းတာနဲ့ ဦးဆောင်တာက အလိုလိုနေရင်း သူ့တာဝန်ဖြစ်သွားတယ်။” ရေမွန် ဒီလိုပြောပြတယ်– “ဂျာမနီမှာ တစ်နှစ်အမှုဆောင်ပြီးလို့ ကျွန်တော်တို့ ပထမဆုံး အားလပ်ခွင့်ယူတဲ့အခါမှာ ဆွစ်ဇလန်လူမျိုး ညီအစ်ကိုတစ်ယောက်က ဆွစ်ဇလန်မှာရှိတဲ့ သူရဲ့ အပန်းဖြေသစ်သားအိမ်ကို အသုံးပြုခွင့်ပေးလို့ ကျွန်တော်တို့ အရမ်းပျော်သွားတယ်။ နှစ်ပတ်လောက်တော့ ဂျာမန်စကားပြောဖို့ လုံးပန်းရတဲ့ဘဝက လွတ်ပြီပေါ့။ ဒါပေမဲ့ လိုဝယ်လ်ရဲ့လုပ်ရပ်ကို ကျွန်တော် နားမလည်ခဲ့ဘူး။ မနက်တိုင်း နေ့စဉ်ကျမ်းချက်ကို ဂျာမန်လိုဖတ်ပြီး ဆွေးနွေးမယ်လို့ ဇွတ်အတင်းပြောတယ်။ ကျွန်တော် ဘာမှမတတ်နိုင်ဘဲ သူပြောတဲ့အတိုင်း လုပ်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဖိုးတန်သင်ခန်းစာတစ်ခု ရခဲ့ကြတယ်။ တစ်ခါတလေ ကိုယ်က သဘောမတူရင်တောင် ကိုယ့်ကောင်းကျိုးကို တကယ်လိုလားတဲ့သူတွေရဲ့ဦးဆောင်မှုကို လိုက်နာပါဆိုတဲ့ သင်ခန်းစာပဲ။ ဒီသဘောထားက နှစ်တွေတစ်လျှောက်မှာ ကျွန်တော်တို့အတွက် အကျိုးရှိခဲ့ပြီး ဘုရားသခင့်အဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်ကို လိုက်နာဖို့ ပိုလွယ်ကူစေခဲ့တယ်။”

ဖိလိပ္ပိ ၂:၃ မှာ “သူတစ်ပါးသည် မိမိထက်သာလွန်သည်ဟု နှိမ့်ချသောစိတ်နှင့် ယူမှတ်ကြလော့” လို့ပြောတဲ့အတိုင်း သူငယ်ချင်းလေးယောက်ဟာ အချင်းချင်းရဲ့ အားသာချက်တွေကို လေးစားဖို့လည်း သင်ယူခဲ့ကြတယ်။ ဒါကြောင့် ကျန်တဲ့သုံးယောက်က ကိစ္စရပ်တွေကို ပိုပြီး ကောင်းကောင်းကိုင်တွယ်တတ်တဲ့ ဘီလ်ကို အားလုံးရဲ့ကိုယ်စား လုပ်ဆောင်စေဖို့ သဘောတူခြင်းအားဖြင့် သူ့ကို ဂုဏ်တင်လေ့ရှိတယ်။ လိုဝယ်လ် ဒီလိုပြောပြတယ်– “အကျပ်အတည်းတွေ့တဲ့အခါ၊ ခက်ခဲတဲ့ကိစ္စတွေကို ဖြေရှင်းရတဲ့အခါဆိုရင်တော့ ဘီလ်ကိုပဲ အားကိုးရတယ်။ သူက ကျွန်တော်တို့အားလုံး သဘောတူတဲ့နည်းနဲ့ အကျပ်အတည်းကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းတတ်တယ်၊ ကျွန်တော်တို့မှာတော့ အဲဒီလို ရဲစွမ်းသတ္တိ၊ အစွမ်းအစမျိုးမရှိဘူး။”

တပျော်တပါး အိမ်ထောင်ပြုကြ

တစ်ယောက်ပြီးတစ်ယောက် အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့ရဲ့ခင်မင်ရင်းနှီးမှုက ယေဟောဝါနဲ့ အချိန်ပြည့်လုပ်ငန်းကို ချစ်တဲ့မေတ္တာပေါ်အခြေခံထားလို့ ယေဟောဝါကို အဓိကဦးစားထားတဲ့သူတွေကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ခံယူခြင်းထက် ပေးကမ်းခြင်းက ပိုပြီးအကျိုးရှိတယ်ဆိုတာနဲ့ ကိုယ့်အကြိုက်ထက် ဘုရားသခင့်နိုင်ငံတော်ကို ဦးစားထားတာက အမှန်ကန်ဆုံးပဲဆိုတာကို အချိန်ပြည့်လုပ်ငန်းက သူတို့ကို သင်ပေးခဲ့တယ်။ သူတို့က အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေကြတဲ့ ညီအစ်မတွေကိုပဲ ရွေးချယ်ခဲ့ကြတယ်။ ဒါကြောင့် သူတို့အားလုံးရဲ့အိမ်ထောင်ရေးက ခိုင်မြဲပြီး ပျော်ရွှင်ခဲ့ကြတယ်။

ခင်မင်ရင်းနှီးမှုပဲဖြစ်ဖြစ်၊ အိမ်ထောင်ရေးပဲဖြစ်ဖြစ် ရေရှည်တည်တံ့ဖို့ဆိုတာ ယေဟောဝါ ပါဝင်ဖို့လိုတယ်။ (ဒေ. ၄:၁၂) နောက်ပိုင်းမှာ ဘီလ်နဲ့ ရေမွန်ရဲ့ အိမ်ထောင်ဖက်တွေက ဆုံးပါးသွားကြပေမဲ့ သူတို့ဟာ ပျော်ရွှင်မှုနဲ့ သစ္စာရှိတဲ့ဇနီးတွေရဲ့ ထောက်မမှုကို ခံစားခဲ့ကြရတယ်။ လိုဝယ်လ်နဲ့ ရစ်ချက်ကတော့ ဒီထောက်မမှုကို ဆက်ရရှိခဲ့တယ်၊ ဘီလ်က ပညာရှိရှိရွေးချယ်ပြီး နောက်အိမ်ထောင်ပြုခဲ့တဲ့အတွက် အချိန်ပြည့်လုပ်ငန်းမှာ ဆက်ပါဝင်နိုင်ခဲ့တယ်။

နောက်ပိုင်းနှစ်တွေမှာ သူတို့ရတဲ့တာဝန်တွေကြောင့် တစ်နေရာစီ ခွဲခွာခဲ့ကြရတယ်၊ အများအားဖြင့် ဂျာမနီ၊ ဩစတြီးယား၊ လပ်စ်ဇမ်းဘတ်ခ်၊ ကနေဒါနဲ့ အမေရိကန်တို့မှာဖြစ်တယ်။ ဒါကြောင့် ဒီသူငယ်ချင်းလေးယောက်ဟာ သူတို့ရဲ့ဆန္ဒအတိုင်း တစ်နေရာတည်းမှာ အချိန်အကြာကြီး အတူနေလို့ မရတော့ဘူး။ တစ်မြေစီ ဝေးနေကြရပေမဲ့ အဆက်အသွယ်မပြတ်ခဲ့ကြဘူး၊ အသီးသီးခံစားရတဲ့ ကောင်းချီးတွေအတွက် အတူပျော်ရွှင်ပြီး ဝမ်းနည်းစရာတွေကို မျှဝေခံစားခဲ့ကြတယ်။ (ရော. ၁၂:၁၅) ဒီလိုမိတ်ဆွေမျိုးက အဖိုးတန်တယ်၊ အဲဒါကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။ ဒါက ယေဟောဝါထံက ဆုကျေးဇူးဖြစ်တယ်။ (သု. ၁၇:၁၇) ယနေ့လောကမှာတော့ ဒီလိုမိတ်ဆွေမျိုး အရမ်းရှားပါးတယ်။ ဒါပေမဲ့ ခရစ်ယာန်စစ်တွေမှာတော့ အများကြီးရှိနိုင်တယ်။ ယေဟောဝါသက်သေတွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ ကမ္ဘာတစ်ဝန်းက ယုံကြည်သူချင်းတွေနဲ့ မိတ်ဆွေဖွဲ့နိုင်ကြပြီး အဲဒါထက် ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်နဲ့ မိတ်ဆွေဖွဲ့နိုင်ကြတယ်။

ဒီသူငယ်ချင်းလေးယောက်လည်း တခြားသူတွေလိုပဲ အခက်အခဲပြဿနာတွေ ကြုံတွေ့ခဲ့ကြရတယ်၊ အိမ်ထောင်ဖက်တွေ ဆုံးပါးသွားတယ်၊ အသည်းအသန်ဖျားနာကြတယ်၊ အသက်ကြီးတဲ့မိဘတွေကို ပြုစုရတယ်၊ အချိန်ပြည့်လုပ်ငန်းမှာပါဝင်ရင်း ကလေးကို ကျွေးမွေးပြုစုရတယ်၊ တာဝန်အသစ်တွေရတဲ့အခါ စိုးရိမ်ခဲ့ကြတယ်၊ အခုဆိုရင် အသက်လည်းကြီးနေလို့ ပိုခက်ခဲလာတယ်။ ဒါပေမဲ့ ယေဟောဝါကိုချစ်တဲ့သူတွေ အခက်အခဲတိုင်းကို အောင်မြင်စွာဖြေရှင်းနိုင်ဖို့ ရပ်ဝေး ရပ်နီးမှာရှိတဲ့ မိတ်ဆွေက ကူညီပေးတယ်ဆိုတာ အတွေ့အကြုံကနေ သူတို့သိလာကြတယ်။

ထာဝရမိတ်ဆွေဖြစ်နေဖို့မျှော်လင့်

လိုဝယ်လ်က ၁၈ နှစ်၊ ရေမွန်က ၁၂ နှစ်၊ ဘီလ်က ၁၁ နှစ်နဲ့ ရစ်ချက်က ၁၀ နှစ်အရွယ် အသီးသီးရှိနေချိန်မှာ နှစ်ခြင်းခံခဲ့ကြပြီး ၁၇ နှစ်နဲ့ ၂၁ နှစ်ကြားမှာ သူတို့အားလုံး မှန်မှန်ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်ခဲ့ကြတာဟာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။ သူတို့ဟာ “ယခုအသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့” ဆိုတဲ့ ကျမ်းစာအားပေးချက်အတိုင်း လုပ်ခဲ့ကြတယ်။—ဒေ. ၁၂:၁

သင်ဟာ ငယ်ရွယ်တဲ့ ခရစ်ယာန်အမျိုးသားတစ်ဦးဖြစ်တယ်ဆိုရင် အချိန်ပြည့်လုပ်ငန်းမှာပါဝင်ဖို့ ယေဟောဝါရဲ့ဖိတ်ခေါ်ချက်ကို ဖြစ်နိုင်မယ်ဆိုရင် လက်ခံပါ။ အဲဒီအခါကျရင် သင်လည်း ကိုယ်တော့်မဟာကြင်နာမှုကြောင့် ဒီညီအစ်ကိုလေးယောက်ခံစားရတဲ့ ပျော်ရွှင်မှုမျိုး ခံစားရပါလိမ့်မယ်။ သူတို့က တိုက်နယ်၊ ခရိုင်၊ ဇုန်လုပ်ငန်း၊ ဗေသလနဲ့ ဌာနခွဲကော်မတီတွေမှာ အမှုဆောင်ခဲ့ကြပြီး အကြီးအကဲ၊ အမှုထမ်းများအတွက်သင်တန်းနဲ့ ရှေ့ဆောင်လုပ်ငန်းတော်ကျောင်းတွေမှာ သင်တန်းပို့ချတာ၊ စည်းဝေးကြီးတွေမှာ ဟောပြောတာတွေကို လုပ်ဆောင်ပြီး ပျော်ရွှင်မှု ခံစားခဲ့ကြရတယ်။ သူတို့ရဲ့လုပ်ဆောင်မှုကနေ လူများစွာ အကျိုးခံစားခဲ့ရတာကို သိရတဲ့အတွက် လူတို့လေးယောက် ဘယ်လောက်တောင် ပျော်ရွှင်လိုက်ကြသလဲ။ ဒါတွေအားလုံးက ငယ်ရွယ်စဉ်ကတည်းက ယေဟောဝါရဲ့အမှုတော်ကို စိတ်နှလုံးအကြွင်းမဲ့ထမ်းဆောင်ပါဆိုတဲ့ ဘုရားသခင့်ဖိတ်ခေါ်ချက်ကို လက်ခံခဲ့လို့ပဲ။—ကော. ၃:၂၃

ဘယ်ကနေ ညာ– ၁၉၈၄ ခုနှစ်၊ စယ်လ်တာမှာ ဌာနခွဲအဆောက်အဦသစ်တွေ အပ်နှံတုန်းက ရစ်ချက်၊ ဘီလ်၊ လိုဝယ်လ်နဲ့ ရေမွန်

အခုအချိန်မှာတော့ လိုဝယ်လ်၊ ရစ်ချက်နဲ့ ရေမွန်တို့ဟာ ဂျာမနီနိုင်ငံ၊ စယ်လ်တာမြို့မှာရှိတဲ့ ဌာနခွဲရုံးမှာ အတူတူ ပြန်အမှုဆောင်နေကြပြီ။ စိတ်မကောင်းစရာကတော့ ဘီလ်ဟာ အမေရိကန်မှာ အထူးရှေ့ဆောင်အဖြစ် အမှုဆောင်နေရင်း ၂၀၁၀ ခုနှစ်မှာ ကွယ်လွန်သွားတယ်။ အနှစ် ၆၀ နီးပါးကြာရှည်ခဲ့တဲ့ အထူးခင်မင်ရင်းနှီးမှုဟာ သေခြင်းကြောင့် ကွေကွင်းခဲ့ကြရတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်က မိမိရဲ့မိတ်ဆွေတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ သေခြင်းကြောင့် ခဏတာဝေးကွာနေတဲ့ ခရစ်ယာန်မိတ်ဆွေတွေဟာ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတာကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်တယ်။

“ကျွန်တော်တို့ရင်းနှီးခင်မင်ခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်းမှာ ကတောက်ကဆတ်ဖြစ်တယ်ဆိုတာ တစ်ခါမှမရှိခဲ့ဖူးဘူး”

ဘီလ်က သူမကွယ်လွန်ခင်လေးမှာ ဒီလိုရေးခဲ့တယ်– “ကျွန်တော်တို့ ရင်းနှီးခင်မင်ခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်းမှာ ကတောက်ကဆတ်ဖြစ်တယ်ဆိုတာ တစ်ခါမှမရှိခဲ့ဖူးဘူး။ ကျွန်တော်တို့ရဲ့ ပေါင်းသင်းဆက်ဆံမှုက ကျွန်တော့်အတွက် တကယ့်ကို စွဲမှတ်စရာပဲ။” ကျန်တဲ့သူငယ်ချင်းသုံးယောက်ကလည်း ကမ္ဘာသစ်မှာ ဆက်ပြီး ထာဝရမိတ်ဆွေဖြစ်သွားဖို့ မျှော်လင့်ရင်း “ငါတို့ရဲ့ခင်မင်ရင်းနှီးမှုက အခုမှ အစပဲရှိသေးတယ်” လို့ချက်ချင်းပြန်ပြောကြတယ်။

^ အပိုဒ်၊ 17 ညီအစ်ကိုဖရော့စ်ရဲ့ စိတ်ဝင်စားစရာ ဘဝအတ္ထုပ္ပတ္တိကို ဧပြီ ၁၅၊ ၁၉၆၁ ကင်းမျှော်စင်၊ စာမျက်နှာ ၂၄၄-၂၄၉ [အင်္ဂလိပ်] မှာထုတ်ဝေခဲ့။