မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အလိုတော်သို့ လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ”

“အလိုတော်သို့ လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ”

“အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏။”—ဆာ. ၁၄၃:၁၀

၁၊ ၂။ ဘုရားသခင့်အလိုတော်ကို သိရှိထားခြင်းက ကျွန်ုပ်တို့ကို ဘယ်လို အကျိုးရှိစေနိုင်သလဲ။ ဘုရင်ဒါဝိဒ်ရဲ့ စံနမူနာကနေ ကျွန်ုပ်တို့ ဘယ်လိုအကျိုးရရှိမလဲ။

သင်က တောတောင်ထူထပ်တဲ့နယ်မြေမှာ လမ်းလျှောက်နေတယ်ဆိုပါစို့။ အခု လမ်းက နှစ်လမ်းဖြစ်နေတယ်။ သင် ဘယ်လမ်းကို သွားသင့်သလဲ။ အဲဒါကိုသိဖို့ သင်ဟာ ဒီနယ်မြေနဲ့အကျွမ်းတဝင်ရှိတဲ့ လူတစ်ယောက်ကို မေးမှာဖြစ်တယ်။ အလားတူပဲ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါ အဲဒီအတိုင်းလုပ်တာက ကျွန်ုပ်တို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ အရာအားလုံးကိုသိတဲ့အရှင် ယေဟောဝါကို မေးမြန်းခြင်းက ကိုယ်တော့်အလိုတော်ကို သိရှိစေတယ်။ အဲဒီအခါမှာ ကိုယ်တော်နှစ်သက်တဲ့ “လမ်း” အတိုင်း လျှောက်လှမ်းနိုင်မှာဖြစ်တယ်။—ဟေရှာ. ၃၀:၂၁

ရှေးခေတ်အစ္စရေးဘုရင် ဒါဝိဒ်ဟာ သူ့ဘဝရဲ့ အချိန်အတော်များများမှာ ဘုရားသခင့်အလိုတော်ကို ထည့်စဉ်းစားတဲ့နေရာမှာ ထူးခြားတဲ့ စံနမူနာဖြစ်ခဲ့တယ်။ သူဟာ ယေဟောဝါဘုရားသခင်ရှေ့မှာ စုံလင်တဲ့စိတ်နှလုံးရှိခဲ့တယ်။ ခက်ခဲတဲ့အခြေအနေတွေကို ဒါဝိဒ်ရင်ဆိုင်ရချိန်မှာ သူလုပ်ဆောင်ခဲ့ရာတွေကနေ သင်ယူနိုင်ဖို့ ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။—၃ ရာ. ၁၁:၄

ယေဟောဝါနာမည်ကို ဒါဝိဒ် လေးမြတ်ခဲ့

၃၊ ၄။ (က) ဂေါလျတ်ကို တိုက်ခိုက်ဖို့ ဒါဝိဒ်ကို ဘာက လှုံ့ဆော်ခဲ့သလဲ။ (ခ) ဘုရားသခင့်နာမည်ကို ဒါဝိဒ်ဘယ်လို သဘောထားခဲ့သလဲ။

ဒါဝိဒ် ငယ်ရွယ်စဉ်တုန်းက ဖိလိတ္တိလူမျိုး ဂေါလျတ်နဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်။ အရပ် ၉ ပေကျော်ရှိပြီး လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ လူထွားကြီးကို ဒါဝိဒ် ဘာကြောင့် စိန်ခေါ်ခဲ့တာလဲ။ (၁ ရာ. ၁၇:၄) သူ့မှာ ရဲစွမ်းသတ္တိရှိလို့လား။ ဒါမှမဟုတ် ဘုရားသခင်ကို ယုံကြည်စိတ်ချလို့လား။ ဒီကိစ္စမှာ ရဲစွမ်းသတ္တိရော၊ ယုံကြည်စိတ်ချမှုပါရှိဖို့ အရေးကြီးတယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ကိုယ်တော့်နာမည်ကို ရိုသေလေးမြတ်ခြင်းက အရပ်မိုးထိုးနေတဲ့ လူထွားကြီးကို တိုက်ခိုက်ဖို့ ဒါဝိဒ်ကို လှုံ့ဆော်ခဲ့တာဖြစ်တယ်။ ဒါဝိဒ်ဟာ ခံပြင်းစွာနဲ့ ဒီလိုမေးခဲ့တယ်– “အသက်ရှင်တော်မူသောဘုရားသခင်၏ ဗိုလ်ခြေတို့ကို ကြိမ်းပရမည်အကြောင်း အရေဖျားလှီးခြင်းကိုမခံသော ထိုဖိလိတ္တိလူသည် အဘယ်သို့သောသူဖြစ်သနည်း။”—၁ ရာ. ၁၇:၂၆

ဂေါလျတ်နဲ့တွေ့တဲ့အခါ လူငယ်ဒါဝိဒ် ဒီလိုပြောခဲ့တယ်– “ခင်ဗျားက ဓား၊ လှံ၊ လှံတိုတွေနဲ့ ကျွန်တော့်ဆီကိုလာတယ်။ ကျွန်တော်ကတော့ ခင်ဗျားစိန်ခေါ်တဲ့ အစ္စရေးတပ်ရဲ့ဘုရားသခင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့နာမည်နဲ့ ခင်ဗျားဆီကိုလာတယ်။” (၁ ရာ. ၁၇:၄၅ကဘ) သူ့ကို စစ်မှန်တဲ့ဘုရားသခင် ကူညီမယ်ဆိုတာ ဒါဝိဒ်ယုံကြည်စိတ်ချတယ်။ သူဟာ လောက်လွှဲတစ်ချက်တည်းနဲ့ ဂေါလျတ်ကို သတ်နိုင်ခဲ့တယ်။ ဒါဝိဒ်ဟာ ကျန်တဲ့သူ့ဘဝတစ်လျှောက်လုံးမှာ ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကိုယ်တော့်နာမည်ကို ရိုသေလေးမြတ်ခဲ့တယ်။ ဒါဝိဒ်က အစ္စရေးအမျိုးသားချင်းတွေကို ယေဟောဝါရဲ့နာမည်အကြောင်း “ဝါကြွား” ဖို့တိုက်တွန်းခဲ့တယ်။—၁ ရာဇဝင်ချုပ် ၁၆:၈-၁၀ ကိုဖတ်ပါ။

၅။ ယနေ့လူတွေဟာ ဂေါလျတ်လိုပဲ ယေဟောဝါကို မရိုသေကြောင်း ဘယ်လိုပြသကြသလဲ။

ယေဟောဝါကို သင့်ဘုရားသခင်အဖြစ် ကိုးကွယ်ရခြင်းကို သင်ဂုဏ်ယူဝါကြွားသလား။ (ယေ. ၉:၂၄) သင့်အိမ်နီးချင်းတွေ၊ အလုပ်ဖော်တွေ၊ အတန်းဖော်တွေ ဒါမှမဟုတ် ဆွေမျိုးတွေက ယေဟောဝါအကြောင်း မရိုမသေပြောဆိုပြီး ကိုယ်တော့်သက်သေတွေကို လှောင်ပြောင်တဲ့အခါ သင်ဘာလုပ်သလဲ။ ဘုရားသခင် သင့်ကိုကူညီမယ်ဆိုတာ ယုံကြည်စိတ်ချပြီး ခုခံပြောဆိုသလား။ “တိတ်ဆိတ်စွာနေရသောအချိန်” ရှိတယ်ဆိုတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်ုပ်တို့ဟာ ယေဟောဝါသက်သေတွေဖြစ်ကြောင်း၊ ယေရှုရဲ့နောက်လိုက်တွေဖြစ်ကြောင်း ပြောဆိုဖို့ မရှက်သင့်ဘူး။ (ဒေ. ၃:၁၊ ၇; မာ. ၈:၃၈) ယေဟောဝါ ဒါမှမဟုတ် သတင်းကောင်းကို မနှစ်သက်တဲ့လူတွေနဲ့ စကားပြောတဲ့အခါ လိမ္မာပါးနပ်စွာနဲ့ ယဉ်ယဉ်ကျေးကျေး ပြောသင့်တယ်။ ဂေါလျတ်ရဲ့ ခြိမ်းခြောက်စကားတွေကိုကြားပြီး “စိတ်ပျက်၍ အလွန်ကြောက်ရွံ့” ခဲ့တဲ့ အစ္စရေးလူတွေနဲ့ မတူသင့်ဘူး။ (၁ ရာ. ၁၇:၁၁) အဲဒီအစား ယေဟောဝါရဲ့ သန့်ရှင်းတဲ့နာမည်အကြောင်း မဆိုင်းမတွ ခုခံပြောဆိုသင့်တယ်။ ယေဟောဝါက ဘယ်လိုဘုရားသခင်မျိုးဖြစ်တယ်ဆိုတာ လူတွေသိအောင် ကျွန်ုပ်တို့ ကူညီပေးလိုကြတယ်။ ဒါကြောင့် ဘုရားသခင်ကိုသိဖို့ အရေးကြီးတယ်ဆိုတာ လူတွေသိအောင် ကူညီပေးရာမှာ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ အသုံးပြုကြတယ်။—ယာ. ၄:၈

၆။ ဂေါလျတ်ကို ဒါဝိဒ် တိုက်ခိုက်ရတဲ့ အဓိကအကြောင်းရင်းက ဘာလဲ။ ကျွန်ုပ်တို့အတွက် အရေးကြီးဆုံးက ဘာဖြစ်သင့်သလဲ။

ဒါဝိဒ်နဲ့ ဂေါလျတ်ရဲ့ဖြစ်ရပ်ကနေ နောက်ထပ်သင်ယူစရာ ရှိသေးတယ်။ စစ်မြေပြင်ရောက်တဲ့အခါမှာ ဒါဝိဒ်က “ထိုဖိလိတ္တိလူကိုသတ်၍ ဣသရေလအမျိုးခံရသော အရှက်ကွဲခြင်းကို ပယ်ရှင်းသောသူသည် အဘယ်အကျိုးကိုရလိမ့်မည်နည်း” လို့မေးခဲ့တယ်။ “သူ့ကိုသတ်သောသူအား ရှင်ဘုရင်သည် ကြီးသောစည်းစိမ်နှင့်ချီးမြှောက်၍ သမီးတော်ကိုလည်း ပေးစားတော်မူမည်” ဆိုပြီး လူတွေက ပြန်ပြောပြကြတယ်။ (၁ ရာ. ၁၇:၂၅-၂၇) ဒါပေမဲ့ ဒါဝိဒ် အဓိကစိတ်ဝင်စားတာက ဆုလာဘ်တွေရဖို့မဟုတ်ဘူး။ သူ့မှာ အဲဒီထက်မကတဲ့ ရည်ရွယ်ချက်ရှိတယ်။ ဒါဝိဒ်ဟာ စစ်မှန်တဲ့ဘုရားသခင်ကို ဂုဏ်တင်လိုခဲ့တယ်။ (၁ ရာ. ၁၇:၄၆၊ ၄၇ ကိုဖတ်ပါ။) ကျွန်ုပ်တို့ကော ဘယ်လိုလဲ။ ကျွန်ုပ်တို့အဓိကထားတာက စည်းစိမ်ဥစ္စာရှာဖွေဖို့နဲ့ လောကမှာ ထင်ပေါ်ကျော်ကြားဖို့လား။ “ယေဟောဝါကို ငါနဲ့အတူ ဂုဏ်တင်ချီးမွမ်းကြပါ။ သူ့နာမည်ကို ငါတို့အတူ ချီးမြှောက်ကြစို့” လို့ သီဆိုခဲ့တဲ့ ဒါဝိဒ်နဲ့ ကျွန်ုပ်တို့ တူချင်ကြမှာသေချာတယ်။ (ဆာ. ၃၄:၃ကဘ) ဒါကြောင့် ဘုရားသခင်ကို ယုံကြည်ကိုးစားပြီး ကျွန်ုပ်တို့အရေးထက် ကိုယ်တော့်နာမည်ကို ရှေ့တန်းတင်ကြပါစို့။—မ. ၆:၉

၇။ သတင်းကောင်းကို နားမထောင်ချင်တဲ့သူတွေနဲ့တွေ့တဲ့အခါ ဟောပြောခြင်းလုပ်ငန်းမှာ ဆက်ပါဝင်နိုင်အောင် ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိဖို့ ဘာလုပ်နိုင်သလဲ။

လူငယ်ဒါဝိဒ်မှာ ခိုင်ခံ့တဲ့ယုံကြည်ခြင်းနဲ့ ယေဟောဝါကို ယုံကြည်စိတ်ချခြင်းရှိဖို့ လိုအပ်ခဲ့တယ်၊ ဒါမှ ဂေါလျတ်ကို သူ ရဲစွမ်းသတ္တိရှိရှိ တိုက်ခိုက်နိုင်မှာဖြစ်တယ်။ သိုးထိန်းတစ်ဦးဖြစ်တဲ့ ဒါဝိဒ်ဟာ နေ့တိုင်း ယေဟောဝါကို ယုံကြည်ကိုးစားဖို့ သင်ယူခဲ့ရတယ်။ အဲဒါက သူလိုအပ်တဲ့ ယုံကြည်ခြင်းရှိလာစေတယ်။ (၁ ရာ. ၁၇:၃၄-၃၇) ကျွန်ုပ်တို့လည်း ခိုင်ခံ့တဲ့ယုံကြည်ခြင်း ရှိဖို့လိုတယ်၊ ဒါမှ အမှုဆောင်လုပ်ငန်းမှာ၊ အထူးသဖြင့် သတင်းကောင်းကို နားမထောင်ချင်တဲ့လူတွေနဲ့ တွေ့တဲ့အခါ ဆက်အမှုဆောင်နိုင်မှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေမှာ ဘုရားသခင်ကို မှီခိုအားကိုးခြင်းဖြင့် ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို တည်ဆောက်နိုင်ပါတယ်။ ဥပမာ၊ ကျွန်ုပ်တို့ ကားတွေ၊ ရထားတွေစီးတဲ့အခါတွေမှာ ကိုယ့်ဘေးမှာရှိတဲ့သူတွေကို သမ္မာကျမ်းစာအကြောင်း စကားစမြည် စပြောဖို့ ကြိုးစားနိုင်တယ်။ တစ်အိမ်တက်ဆင်းသွားနေရင်း လမ်းပေါ်မှာတွေ့တဲ့သူတွေကိုလည်း ဟောပြောသင့်တယ်။—တ. ၂၀:၂၀၊ ၂၁

ဘုရားသခင့်အလိုတော်က ဒါဝိဒ်အတွက် အရေးကြီးဆုံးဖြစ်

ဒါဝိဒ်ဟာ ရှောလုကိုသတ်ဖို့ အခွင့်အရေးရခဲ့ပေမဲ့ ဘာကြောင့် မသတ်ခဲ့သလဲ

၈၊ ၉။ ရှောလုနဲ့ဆက်ဆံရာမှာ ယေဟောဝါရဲ့အလိုတော်ကို အဓိကထားကြောင်း ဒါဝိဒ် ဘယ်လိုဖော်ပြခဲ့သလဲ။

ယေဟောဝါကို ဒါဝိဒ် ယုံကြည်ကိုးစားလိုကြောင်း ဖော်ပြတဲ့ နောက်နည်းတစ်နည်းကို အစ္စရေးနိုင်ငံရဲ့ ပထမဆုံးဘုရင် ရှောလုအပေါ် သူ့ရဲ့ရှုမြင်ပုံမှာ တွေ့မြင်နိုင်တယ်။ ရှောလုက ဒါဝိဒ်ကို မနာလိုဖြစ်ခဲ့တယ်၊ လှံနဲ့ပစ်ပေါက်ပြီး သတ်ဖို့ သုံးကြိမ်ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သုံးကြိမ်စလုံး ဒါဝိဒ် လွတ်အောင်ရှောင်နိုင်ခဲ့တယ်၊ ရှောလုကို လက်တုံ့မပြန်ခဲ့ဘူး။ နောက်ဆုံးမှာ ဒါဝိဒ်ဟာ ရှောလုထံကနေ ထွက်ပြေးခဲ့ရတယ်။ (၁ ရာ. ၁၈:၇-၁၁; ၁၉:၁၀) အဲဒီနောက် ရှောလုဟာ အစ္စရေးစစ်သည် ၃,၀၀၀ ကိုရွေးပြီး တောထဲမှာ ဒါဝိဒ်ကိုသွားရှာခဲ့တယ်။ (၁ ရာ.၂၄:၂) တစ်နေ့မှာ ရှောလုဟာ ဒါဝိဒ်နဲ့ သူ့လူတွေ ပုန်းခိုနေတဲ့ဂူထဲကို အမှတ်တမဲ့ရောက်သွားတယ်။ ဒါဝိဒ်က ဒါကို အခွင့်အရေးယူပြီး ရှောလုကို သတ်ပစ်လိုက်လို့ရတယ်။ ဒါ့အပြင် ဘုရားသခင့်အလိုတော်က အစ္စရေးဘုရင်အဖြစ် ရှောလုနေရာမှာ ဒါဝိဒ်ကို အစားထိုးဖို့ဖြစ်တယ်။ (၁ ရာ. ၁၆:၁၊ ၁၃) တကယ်လို့ ဒါဝိဒ်သာ သူ့လူတွေရဲ့ အကြံပေးစကားကို နားထောင်ခဲ့မယ်ဆိုရင် ရှောလုအသတ်ခံရမှာပဲ။ ဒါပေမဲ့ ဒါဝိဒ်က ‘ငါ့အရှင်သည် ယေဟောဝါအခွင့်နှင့် ခန့်အပ်ခံရသူဖြစ်သောကြောင့် ထိုအရှင်ကို ထိခိုက်ခြင်းငှာ ငါလက်ဆန့်သောအမှုကို ယေဟောဝါ ဆီးတားတော်မူပါစေ’ လို့ ပြောခဲ့တယ်။ (၁ ရာ. ၂၄:၄-၇ ကိုဖတ်ပါ။) ရှောလုက ဘုရားသခင်ခန့်အပ်ထားတဲ့ဘုရင် ဖြစ်နေဆဲပဲ။ ယေဟောဝါက သူ့ကို ဘုရင်အဖြစ်ကနေ မဖယ်ရှားသေးဘူး၊ ဒါကြောင့် ဒါဝိဒ် သူ့ကို မဖယ်ရှားချင်ခဲ့ဘူး။ အဲဒီအစား ဒါဝိဒ်ဟာ ရှောလုရဲ့ လက်ပြတ်ဝတ်ရုံအောက်ပိုင်းကိုပဲ တိတ်တဆိတ် ဖြတ်ယူပြီး ထွက်သွားခဲ့တယ်။ ဒါက ရှောလုကိုသတ်ဖို့ ဒါဝိဒ် အခွင့်အရေးရခဲ့ပေမဲ့ သူ့ကိုအန္တရာယ်ပြုဖို့ မရည်ရွယ်ခဲ့ဘူးဆိုတာ ဖော်ပြတယ်။—၁ ရာ. ၂၄:၁၁

နောက်ဆုံးအကြိမ် ရှောလုကို ဒါဝိဒ်တွေ့တဲ့အခါမှာလည်း ဘုရားသခင်ခန့်အပ်ထားသူကို ရိုသေလေးစားကြောင်း ပြခဲ့တယ်။ အဲဒီတုန်းက ဒါဝိဒ်နဲ့ အဘိရှဲဟာ ရှောလုစခန်းချတဲ့နေရာကိုရောက်လာပြီး ရှောလုအိပ်ပျော်နေတာကို တွေ့ခဲ့ရတယ်။ ဘုရားသခင်က ဒါဝိဒ်ရဲ့ရန်သူကို ဒါဝိဒ်လက်ထဲအပ်လိုက်တာပဲလို့ အဘိရှဲက ယူဆပြီး ရှောလုကို လှံနဲ့ထိုးသတ်ဖို့ ခွင့်တောင်းခဲ့တယ်၊ ဒါပေမဲ့ ဒါဝိဒ် ခွင့်မပြုခဲ့ဘူး။ (၁ ရာ. ၂၆:၈-၁၁) ဘာကြောင့်လဲဆိုတော့ ဒါဝိဒ်ဟာ ယေဟောဝါကိုစောင့်ဆိုင်းပြီး ကိုယ်တော့်လမ်းညွှန်မှုကို ရှာခဲ့တယ်၊ အဘိရှဲ တိုက်တွန်းခဲ့ပေမဲ့ ယေဟောဝါခန့်အပ်ထားတဲ့ဘုရင်ကို ဒါဝိဒ် မထိခိုက်စေချင်ဘူး။

၁၀။ ဘယ် ခက်ခဲတဲ့အခြေအနေမျိုးကို ကျွန်ုပ်တို့ ကြုံတွေ့ရနိုင်သလဲ၊ အခိုင်အမာရပ်တည်ဖို့ ဘာက ကျွန်ုပ်တို့ကို ကူညီပေးမလဲ။

၁၀ ကျွန်ုပ်တို့လည်း ယေဟောဝါရဲ့အလိုတော်အတိုင်းလုပ်မယ့်အစား လူ့အတွေးအခေါ်အတိုင်းလုပ်ဖို့ အပေါင်းအသင်းတွေက ဖိအားပေးတာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ အဘိရှဲလိုပဲ သူတို့ဟာ ကိစ္စရပ်တစ်ခုနဲ့ပတ်သက်တဲ့ ဘုရားသခင့်အလိုတော်ကို ထည့်မစဉ်းစားပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့လုပ်ဖို့ ကျွန်ုပ်တို့ကို အားပေးနိုင်တယ်။ အခိုင်အမာရပ်တည်ဖို့အတွက် ကိစ္စရပ်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ရှုမြင်ပုံကို ရှင်းရှင်းလင်းလင်းသိရှိဖို့လိုပြီး ကိုယ်တော့်နည်းလမ်းအတိုင်း လိုက်လျှောက်ဖို့ အခိုင်အမာ စိတ်ပိုင်းဖြတ်ထားရမှာဖြစ်တယ်။

၁၁။ ဒါဝိဒ်ဟာ သူ့ဘဝမှာ ဘုရားသခင့်အလိုတော်ကို အဓိကထားကြောင်း ဘယ်လိုဖော်ပြခဲ့သလဲ။ ဒါဝိဒ်ကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

၁၁ ဒါဝိဒ်က “အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ” လို့ ယေဟောဝါဘုရားသခင်ထံ ဆုတောင်းခဲ့တယ်။ (ဆာလံ ၁၄၃:၅၊ ၈၊ ၁၀ ကိုဖတ်ပါ။) ဒါဝိဒ်ဟာ သူ့ကိုယ်ပိုင်အယူအဆအတိုင်း၊ တခြားသူတွေ တိုက်တွန်းတဲ့အတိုင်း မလုပ်ခဲ့ဘူး။ အဲဒီအစား ဘုရားသခင့်သွန်သင်မှုကို ခံယူဖို့ စိတ်ပြင်းပြခဲ့တယ်။ သူဟာ “အလုံးစုံသောအမှုတော်တို့ကိုလည်းကောင်း၊ လက်တော်နှင့်ပြုပြင်သောအရာများကိုလည်းကောင်း ဆင်ခြင်” ခဲ့တယ်။ ကျွန်ုပ်တို့လည်း ဒါဝိဒ်လိုပဲ သမ္မာကျမ်းစာကို အသေအချာလေ့လာခြင်း၊ အတိတ်ကာလက လူသားတွေကို ယေဟောဝါလမ်းညွှန်ပုံကို တွေးတောဆင်ခြင်ခြင်းအားဖြင့် ဘုရားသခင့်အလိုတော်ကို သိရှိနိုင်ပါတယ်။

မူတွေကို ဘယ်လိုကျင့်သုံးရမယ်ဆိုတာ ဒါဝိဒ်နားလည်ခဲ့

၁၂၊ ၁၃။ ဒါဝိဒ် ဘာကြောင့် တပ်သားသုံးယောက် ခပ်လာတဲ့ရေကို သွန်လိုက်တာလဲ။

၁၂ ဒါဝိဒ်ရဲ့လုပ်ဆောင်ပုံကနေ ကျွန်ုပ်တို့ နောက်ထပ်သင်ယူစရာ ရှိသေးတယ်။ ဒါဝိဒ်ဟာ မူတွေကို ဘယ်လိုကျင့်သုံးရမယ်ဆိုတာကိုနားလည်ပြီး အဲဒီအတိုင်း အသက်ရှင်နေထိုင်လိုခဲ့တယ်။ မူဆိုတာက မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချဖို့၊ ကိစ္စရပ်တွေကို ယေဟောဝါ ဘယ်လိုရှုမြင်တယ်ဆိုတာ နားလည်စေဖို့ ကူညီပေးတဲ့ အခြေခံအမှန်တရားဖြစ်တယ်။ “ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲကရေ” ကို ဒါဝိဒ်သောက်ချင်တဲ့အခါ ဘာဖြစ်ပျက်ခဲ့သလဲဆိုတာ သုံးသပ်ကြည့်ပါ။ ဒါဝိဒ်ရဲ့ တပ်သားသုံးယောက်ဟာ ဖိလိတ္တိလူတွေသိမ်းပိုက်ထားတဲ့ မြို့ထဲကိုသွားပြီး ရေခပ်လာခဲ့တယ်။ ဒါပေမဲ့ ဒါဝိဒ်က ‘မသောက်ဘဲ ယေဟောဝါရှေ့တော်၌သွန်း’ လိုက်တယ်။ ဘာဖြစ်လို့လဲ။ ဒါဝိဒ် ဒီလိုပြောခဲ့တယ်– “ဤရေကိုသောက်သောအမှုသည် ငါနှင့် ဝေးပါစေသော။ ကိုယ်အသက်ကို မနှမြောဘဲ သွားသော သူတို့၏အသွေးကို ငါသောက်ရမည်လော။ သူတို့သည် ကိုယ်အသက်ကိုစွန့်စား၍ ဤရေကို ဆောင်ခဲ့ကြပြီ။”—၅ ရာ. ၁၁:၁၅-၁၉

တပ်သားတွေခပ်လာတဲ့ရေကို ဒါဝိဒ်မသောက်ခြင်းကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ

၁၃ ပညတ်တရားအရ သွေးကိုမစားဘဲ ယေဟောဝါရှေ့မှာသွန်ရမယ်ဆိုတာ ဒါဝိဒ်သိထားတယ်။ ဘာကြောင့် ဒီလိုလုပ်သင့်သလဲဆိုတာကိုလည်း သူနားလည်တယ်။ “ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်” တယ်ဆိုတာကို ဒါဝိဒ်သိတယ်။ ဒါပေမဲ့ ဒါက သွေးမဟုတ်ဘဲ ရေသာဖြစ်တယ်။ ဒါဝိဒ် ဘာကြောင့် မသောက်တာလဲ။ ဘာကြောင့်လဲဆိုတော့ သွေးပညတ်ရဲ့ နောက်ကွယ်မှာရှိတဲ့မူကို ဒါဝိဒ် သိထားလို့ပဲ။ ဒါဝိဒ်အတွက် အဲဒီရေက တပ်သားသုံးယောက်ရဲ့အသွေးလိုပဲ တန်ဖိုးရှိတယ်။ ဒါကြောင့် အဲဒီရေကိုသောက်ဖို့ဆိုတာ ဒါဝိဒ်အတွက် မဖြစ်နိုင်ဘူး။ ရေကိုသောက်မယ့်အစား မြေပေါ်မှာသွန်လိုက်ဖို့ ဒါဝိဒ် ဆုံးဖြတ်ခဲ့တယ်။—ဝတ်. ၁၇:၁၁; တရား. ၁၂:၂၃၊ ၂၄

၁၄။ ယေဟောဝါနှစ်သက်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ဒါဝိဒ်ကို ဘာက ကူညီပေးခဲ့သလဲ။

၁၄ ဒါဝိဒ်ရဲ့နေ့စဉ်အသက်တာမှာ ဘုရားသခင့်ပညတ်တွေက အရေးပါတယ်။ “အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏” လို့ ဒါဝိဒ်သီဆိုခဲ့တယ်။ (ဆာ. ၄၀:၈) ဒါဝိဒ်ဟာ ဘုရားသခင့်ပညတ်တွေကို လေ့လာပြီး တွေးတောဆင်ခြင်ခဲ့တယ်။ ယေဟောဝါရဲ့ပညတ်တွေကို လိုက်နာမယ်ဆိုရင် အကျိုးခံစားရမယ်ဆိုတာ သူယုံကြည်တယ်။ ဒါဝိဒ်ဟာ မောရှေပညတ်မှာပါတဲ့ မိန့်မှာချက်တွေကိုသာ လိုက်နာလိုတာမဟုတ်ဘဲ အဲဒီမိန့်မှာချက်တွေမှာပါတဲ့ မူတွေကိုလည်း လိုက်နာခဲ့တယ်။ ကျွန်ုပ်တို့ သမ္မာကျမ်းစာကိုလေ့လာတဲ့အခါမှာ ဖတ်တဲ့အရာကို တွေးတောဆင်ခြင်သင့်တယ်။ အဲဒီလိုလုပ်တယ်ဆိုရင် သိရှိလာတဲ့မူတွေကို ကျွန်ုပ်တို့ရဲ့နေ့စဉ်အသက်တာမှာ ကျင့်သုံးနိုင်ပြီး ယေဟောဝါနှစ်သက်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်မှာဖြစ်တယ်။

၁၅။ ရှောလမုန်ဟာ ဘယ်လိုနည်းနဲ့ ဘုရားသခင့်ပညတ်တွေကို နာခံဖို့ ပျက်ကွက်ခဲ့သလဲ။

၁၅ ယေဟောဝါဟာ ဒါဝိဒ်ရဲ့သား ရှောလမုန်ကို ကောင်းချီးများစွာ ပေးခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ရှောလမုန်ဟာ ဘုရားသခင့်ပညတ်တွေကို မလိုက်နာတော့ဘူး။ သူဟာ အစ္စရေးဘုရင်တွေကို မိန့်မှာထားတဲ့ “များစွာသောမယားတို့ကို မယူရ” ဆိုတဲ့ ယေဟောဝါရဲ့ပညတ်ကို မလိုက်နာခဲ့ဘူး။ (တရား. ၁၇:၁၇) တိုင်းတစ်ပါးအမျိုးသမီး အများကြီးနဲ့ ထိမ်းမြားခဲ့တယ်။ သူအသက်ကြီးလာတဲ့အခါ သူရဲ့မယားတွေက သူ့ကို ‘အခြားတစ်ပါးသော ဘုရားသခင်’ တွေနောက် လိုက်စေခဲ့တယ်။ ဒီကိစ္စအတွက် သူဘယ်လိုပဲ အကြောင်းပြပါစေ ဒါဟာ ‘ခမည်းတော်ဒါဝိဒ်ကဲ့သို့ ယေဟောဝါ၌ လုံးလုံးမဆည်းကပ်၊ ရှေ့တော်၌ မကောင်းမှုကို ပြု’ ခြင်းဖြစ်တယ်။ (၃ ရာ. ၁၁:၁-၆) သမ္မာကျမ်းစာမှာ ကျွန်ုပ်တို့ လေ့လာသိရှိခဲ့တဲ့ ပညတ်နဲ့မူတွေကို လိုက်နာရမှာဖြစ်တယ်။ ဥပမာအနေနဲ့ ကျွန်ုပ်တို့ အိမ်ထောင်ပြုဖို့စဉ်းစားတဲ့အခါ ဒီအချက်က အရမ်းအရေးကြီးတယ်။

၁၆။ “သခင်၌ရှိသောသူကိုသာ” ထိမ်းမြားပါဆိုတဲ့ ပညတ်ကနေ ကျွန်ုပ်တို့ ဘာသိရသလဲ။

၁၆ မယုံကြည်သူတစ်ယောက်က ကျွန်ုပ်တို့ကို မေတ္တာသက်ဝင်ပြီး ချစ်မြတ်နိုးကြောင်း ဖော်ပြတဲ့အခါ ကျွန်ုပ်တို့ ဘယ်လို တုံ့ပြန်သလဲ။ ဒါဝိဒ်လို ဘုရားသခင့်ရှုမြင်ပုံကို သိမြင်ဖို့ ကြိုးစားမလား။ ဒါမှမဟုတ် ရှောလမုန်လို ယေဟောဝါရဲ့ပညတ်ကို လျစ်လျူရှုမလား။ စစ်မှန်တဲ့ဝတ်ပြုသူတွေဟာ “သခင်၌ရှိသောသူကိုသာ” လက်ထပ်ဖို့ မိန့်မှာခံရတယ်။ (၁ ကော. ၇:၃၉) ဆိုလိုတာက ခရစ်ယာန်တစ်ယောက် လက်ထပ်ဖို့ ဆုံးဖြတ်တယ်ဆိုရင် ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးသား ယုံကြည်သူချင်းကိုသာ လက်ထပ်သင့်တယ်။ ဒီကျမ်းစာပညတ်က ယေဟောဝါဟာ ကျွန်ုပ်တို့ကို မယုံကြည်သူတစ်ဦးနဲ့ မချစ်ကြိုက်စေချင်ဘူးဆိုတာ နားလည်စေတယ်။ ဒါကြောင့် ကျွန်ုပ်တို့က မယုံကြည်သူတစ်ဦးနဲ့ အိမ်ထောင်မပြုရုံသာမက မယုံကြည်သူတစ်ဦးက ကျွန်ုပ်တို့ကို စိတ်ဝင်စားကြောင်း ဖော်ပြတာကိုတောင် ပြတ်ပြတ်သားသား ငြင်းပယ်ရမှာဖြစ်တယ်။

၁၇။ ညစ်ညမ်းရုပ်ပုံစာပေတွေကို မကြည့်ဖို့ ကျွန်ုပ်တို့ကို ဘာက ကူညီပေးနိုင်သလဲ။

၁၇ ညစ်ညမ်းရုပ်ပုံစာပေတွေကို မကြည့်မိဖို့ ကြိုးစားတွန်းလှန်ရာမှာ အထောက်အကူဖြစ်စေဖို့ ဘုရားသခင့်လမ်းညွှန်မှုကို ဒါဝိဒ် ဘယ်လို အားတက်သရော ရှာဖွေခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ အောက်ပါကျမ်းချက်တွေကို ဖတ်ပါ၊ အဲဒီမှာပါတဲ့မူတွေကို စဉ်းစားပါ၊ ဒီကိစ္စနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့အလိုတော်ကို သိအောင်လုပ်ပါ။ (ဆာလံ ၁၁၉:၃၇; မဿဲ ၅:၂၈၊ ၂၉; ကောလောသဲ ၃:၅ တို့ကိုဖတ်ပါ။) ယေဟောဝါရဲ့မြင့်မားတဲ့စံနှုန်းတွေကို တွေးတောဆင်ခြင်ခြင်းက ညစ်ညမ်းရုပ်ပုံစာပေတွေကို မကြည့်ဖို့ ကျွန်ုပ်တို့ကို ကူညီပေးမှာဖြစ်တယ်။

အမြဲတမ်း ဘုရားသခင်ရှုမြင်သလို ရှုမြင်ပါ

၁၈၊ ၁၉။ (က) ဒါဝိဒ်က မစုံလင်ပေမဲ့ ယေဟောဝါရဲ့မျက်နှာသာကို ဘယ်လို ဆက်ရရှိနိုင်ခဲ့သလဲ။ (ခ) သင် ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ။

၁၈ ဒါဝိဒ်က ပုံသက်သေကောင်းသူဖြစ်ပေမဲ့ ကြီးလေးတဲ့အမှားတွေ အများကြီးလုပ်ခဲ့တယ်။ (၂ ရာ. ၁၁:၂-၄၊ ၁၄၊ ၁၅၊ ၂၂-၂၇; ၅ ရာ. ၂၁:၁၊) ဒါပေမဲ့ ဒါဝိဒ်ဟာ အပြစ်လုပ်တဲ့အခါတိုင်း နောင်တရကြောင်း ဖော်ပြခဲ့တယ်။ သူဟာ ယေဟောဝါရှေ့မှာ “ဖြောင့်မတ်စုံလင်သော စိတ်သဘော” ရှိသူဖြစ်တယ်။ (၃ ရာ. ၉:၄) ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။ အကြောင်းကတော့ ဒါဝိဒ်ဟာ အခြေအနေတွေကို ယေဟောဝါရှုမြင်သလို ရှုမြင်ပြီး ကိုယ်တော်နှစ်သက်တာကိုပဲ လုပ်ဆောင်ခဲ့တယ်။

၁၉ ကျွန်ုပ်တို့ဟာ မစုံလင်သူတွေဖြစ်ပေမဲ့ ယေဟောဝါရဲ့မျက်နှာသာကို ဆက်ရရှိနိုင်ပါတယ်။ သမ္မာကျမ်းစာကို ဆက်လေ့လာပြီး လေ့လာသမျှကို တွေးတောဆင်ခြင်သင့်တယ်၊ လေ့လာသိရှိတာကို ချက်ချင်း လိုက်နာကျင့်သုံးသင့်တယ်။ ကျွန်ုပ်တို့ အဲဒီလိုလုပ်တယ်ဆိုရင် ဆာလံဆရာလိုပဲ နှိမ့်ချစွာနဲ့ “အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ” လို့ ပြောတာနဲ့တူပါလိမ့်မယ်။