မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှု နှိမ့်ချခြင်း ပုံသက်သေပြခဲ့

ယေရှု နှိမ့်ချခြင်း ပုံသက်သေပြခဲ့

“ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့လည်းပြုရမည်အကြောင်း ပုံသက်သေကိုပြခဲ့ပြီ။” —ယော. ၁၃:၁၅

၁၊ ၂။ ယေရှုရဲ့မြေကြီးအသက်တာနောက်ဆုံးညမှာ တမန်တော်တွေကို ဘယ်သင်ခန်းစာ သင်ပေးခဲ့သလဲ။

ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးညဖြစ်တယ်။ ယေရှုဟာ ဂျေရုဆလင်မြို့မှာရှိတဲ့အိမ်တစ်အိမ်ရဲ့ အထက်ခန်းမှာ တပည့်တွေနဲ့အတူ ရှိနေတယ်။ ညစာစားနေချိန်မှာ ယေရှုက ထပြီး အပေါ်ဝတ်ရုံကိုချွတ်လိုက်တယ်။ ပဝါတစ်ထည်နဲ့ ခါးကိုစည်းလိုက်ပြီး အင်တုံတစ်လုံးမှာ ရေထည့်လိုက်တယ်။ ပြီးတဲ့နောက် တပည့်တွေရဲ့ခြေကိုဆေးပြီး ပဝါနဲ့ ခြောက်အောင်သုတ်ပေးတယ်။ ပြီးသွားတဲ့အခါ အပေါ်ဝတ်ရုံကို ပြန်ဝတ်လိုက်တယ်။ ယေရှု ဘာကြောင့် ဒီနှိမ့်ချတဲ့အလုပ်ကို လုပ်ခဲ့တာလဲ။—ယော. ၁၃:၃-၅

ယေရှု ဒီလို ရှင်းပြခဲ့တယ်– “သင်တို့၌ ငါပြုခဲ့သောအမှုကို သိကြသလော။ . . . ငါသည် သခင်ဖြစ်လျက်၊ ဆရာဖြစ်လျက်နှင့် သင်တို့၏ခြေကို ဆေးပေးလျှင် သင်တို့သည်လည်း အချင်းချင်းတို့၏ခြေကို ဆေးပေးသင့်၏။ ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့လည်း ပြုရမည်အကြောင်း ပုံသက်သေကို ပြခဲ့ပြီ။” (ယော. ၁၃:၁၂-၁၅) ယေရှုဟာ ဒီနှိမ့်ချတဲ့လုပ်ရပ်နဲ့ တမန်တော်တွေ မမေ့ပျောက်နိုင်တဲ့၊ နောက်ပိုင်းအသက်တာမှာ နှိမ့်ချမှုဆက်ပြဖို့ အားပေးတဲ့ သင်ခန်းစာတစ်ခု သင်ပေးခဲ့တယ်။

၃။ (က) ဘယ်အခြေအနေနှစ်ခုမှာ ယေရှုက နှိမ့်ချမှုရှိဖို့အရေးကြီးကြောင်း အလေးပေးဖော်ပြခဲ့သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။

နှိမ့်ချခြင်းရဲ့အရေးကြီးမှုကို ယေရှုပြောခဲ့တာဟာ တမန်တော်တွေရဲ့ခြေကို ဆေးပေးတဲ့အချိန်ကျမှ မဟုတ်ဘူး။ တစ်ခါတုန်းက တမန်တော်တချို့ဟာ သူတို့ထဲမှာ ဘယ်သူက အကြီးမြတ်ဆုံးလည်းဆိုတာကို ငြင်းခုံခဲ့ကြတယ်။ ယေရှုက ကလေးတစ်ယောက်ကို သူ့ဘေးမှာခေါ်ပြီး တပည့်တွေကို ဒီလိုပြောခဲ့တယ်– “မည်သူမဆို ငါ့နာမကိုထောက်၍ ဤသူငယ်ကို လက်ခံလျှင် ငါ့ကိုလည်း လက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုသာ လက်ခံသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလည်း လက်ခံ၏။ အကြောင်းမူကား သင်တို့တွင် အငယ်ဆုံးသောသူကဲ့သို့ ကျင့်ကြံသူသည် ကြီးမြတ်သောသူဖြစ်၏။” (လု. ၉:၄၆-၄၈) နောက်ပိုင်းတစ်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေထက် ပိုသာတယ်လို့ ထင်နေတဲ့ ဖာရိရှဲတွေနဲ့စကားပြောတုန်းက “ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်သူတိုင်း နှိမ့်ချခံရလိမ့်မည်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသူသည် ချီးမြှောက်ခံရလိမ့်မည်” လို့ပြောခဲ့တယ်။ (လု. ၁၄:၁၁) ယေရှုဟာ သူ့နောက်လိုက်တွေကို နှိမ့်ချမှုရှိစေချင်တာ ထင်ရှားတယ်။ မာနကြီးတာ၊ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေထက်သာတယ်လို့ ယူဆတာ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာမျိုး မရှိစေချင်ဘူး။ ယေရှုကို တုပနိုင်ဖို့အတွက် သူ့ရဲ့နှိမ့်ချခြင်းပုံသက်သေကို သေချာလေ့လာကြည့်ကြစို့။ ဒီအရည်အသွေးက ဒီအရည်အသွေးကိုတင်ပြသူရော၊ တခြားသူတွေကိုပါ အကျိုးပြုတယ်ဆိုတာလည်း သိရပါလိမ့်မယ်။

“ငါ မဆန့်ကျင်ဘူး”

၄။ ယေရှု မြေကြီးကိုမလာခင်ကတည်းက နှိမ့်ချမှုကို ဘယ်လိုတင်ပြခဲ့သလဲ။

ဘုရားသခင့်သားတော်ဟာ မြေကြီးကိုမလာခင်ကတည်းက နှိမ့်ချမှုတင်ပြခဲ့တယ်။ ကောင်းကင်မှာ သူ့ဖခင်နဲ့အတူ နှစ်ပေါင်းများစွာ အတူနေခဲ့တယ်။ သူတို့ သားအဖနှစ်ဦးရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးအကြောင်း ဟေရှာယကျမ်းမှာ ဒီလိုဖော်ပြထားတယ်– “အချုပ်အခြာအာဏာရှင်ယေဟောဝါက ငါ့ကို သင်ကြားပေးတယ်။ သူက မနက်တိုင်း ငါ့ကိုနှိုးတယ်။ စာသင်သားတွေလို နားထောင်နိုင်ဖို့ ငါ့နားကို သူနိုးကြားစေတယ်။ အချုပ်အခြာအာဏာရှင် ယေဟောဝါက ငါ့နားကိုဖွင့်ပေးတယ်။ ငါကလည်း ကလန်ကဆန်မလုပ်ဘူး။ ငါ မဆန့်ကျင်ဘူး။” (ဟေရှာ. ၅၀:၄၊ ၅ကဘ) ယေရှုဟာ နှိမ့်ချမှုတင်ပြခဲ့ပြီး ယေဟောဝါသင်ပေးတာကို အသေအချာ အာရုံစိုက်ခဲ့တယ်။ သူဟာ စစ်မှန်တဲ့ဘုရားသခင်ထံကနေ စိတ်အားထက်သန်စွာ သင်ယူလိုခဲ့တယ်။ အပြစ်ရှိတဲ့လူသားတွေကို ကြင်နာမှုပြဖို့ ယေဟောဝါ နှိမ့်ချမှုပြခဲ့တာကိုလည်း မြင်တွေ့ခဲ့မှာဖြစ်တယ်။

၅။ စာတန်နဲ့ငြင်းခုံတဲ့အချိန်မှာ ယေရှုဟာ နှိမ့်ချမှုနဲ့ ကျိုးနွံမှုကို ဘယ်လိုပြခဲ့သလဲ။

ကောင်းကင်တမန်တိုင်းက ယေရှုလို နှိမ့်ချမှုရှိတာ မဟုတ်ဘူး။ စာတန်ဖြစ်သွားတဲ့ ကောင်းကင်တမန်ဟာ ယေဟောဝါထံကနေ မသင်ယူချင်ခဲ့ဘူး။ သူက မာနစိတ်ဝင်လာပြီး သူ့ကိုယ်သူ တခြားသူတွေထက် ပိုအရေးပါတယ်လို့ စတင်စဉ်းစားလာတယ်။ ဒါက နှိမ့်ချမှုနဲ့ ဆန့်ကျင်ဘက်ပဲ။ ရလဒ်အနေနဲ့ သူဟာ ယေဟောဝါကို ဆန့်ကျင်ပုန်ကန်ခဲ့တယ်။ ယေရှုရဲ့စိတ်သဘောထားကတော့ အဲဒီလိုမဟုတ်ဘူး။ အဲဒါနဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့တယ်။ ကောင်းကင်မှာ ဘုရားသခင် သူ့ကိုပေးအပ်ထားတဲ့ အခွင့်အာဏာထက် ပိုမလိုချင်ခဲ့ဘူး။ သူ့ရဲ့အခွင့်အာဏာကိုလည်း လွဲမှားတဲ့နည်းနဲ့ အသုံးမပြုလိုခဲ့ဘူး။ ဥပမာ၊ ကောင်းကင်တမန်မင်း မိက္ခေလဖြစ်တဲ့ယေရှုဟာ ‘မောရှေ၏အလောင်းကို အကြောင်းပြု၍ စာတန်နှင့်ငြင်းခုံသောအခါ’ သူရထားတဲ့အခွင့်အာဏာထက် ပိုမသုံးခဲ့ဘူး။ အဲဒီအစား ဘုရားသခင့်သားတော်ဟာ နှိမ့်ချမှုနဲ့ ကျိုးနွံမှုကို တင်ပြခဲ့တယ်။ အဲဒီကိစ္စကို သင့်လျော်တဲ့အချိန်မှာ သင့်လျော်တဲ့နည်းနဲ့ကိုင်တွယ်ဖို့ စကြဝဠာရဲ့ အကြီးမြတ်ဆုံးတရားသူကြီး ယေဟောဝါထံ ယေရှု တလိုတလား အပ်နှံခဲ့တယ်။—ယုဒ ၉ ကိုဖတ်ပါ။

၆။ ယေရှုဟာ မေရှိယနဲ့ဆိုင်တဲ့တာဝန်ကို လက်ခံခြင်းအားဖြင့် နှိမ့်ချမှုကို ဘယ်လိုပြခဲ့သလဲ။

ယေရှုဟာ ကောင်းကင်မှာရှိကတည်းက မေရှိယနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်အားလုံးကို သိထားမှာသေချာတယ်။ ဒါကြောင့် သူ မြေကြီးပေါ်လာရင် ဆင်းရဲဒုက္ခခံစားရမယ်ဆိုတာ ကြိုသိထားမှာပဲ။ ဒါပေမဲ့ ယေရှုဟာ ကြိုဟောထားတဲ့မေရှိယအဖြစ် မြေကြီးပေါ်မှာ အသက်ရှင်ပြီး အသေခံဖို့ သဘောတူခဲ့တယ်။ ဘာကြောင့်လဲ။ နှိမ့်ချမှုကြောင့်လို့ တမန်တော်ပေါလုက ပြောခဲ့တယ်။ ပေါလု ဒီလိုရေးခဲ့တယ်– “ကိုယ်တော်သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ရှိသော်လည်း ဘုရားသခင်နှင့် တန်းတူဖြစ်မည့်အခွင့်အရာကို ရယူရန် စဉ်းစားတော်မမူခဲ့။ သို့အစား မိမိပိုင်ဆိုင်သမျှကိုစွန့်၍ ကျွန်၏ပုံသဏ္ဌာန်ကို ဆောင်ယူလျက် လူ့အသွင်ကို ခံယူတော်မူ၏။”—ဖိ. ၂:၆၊ ၇

လူသားတစ်ဦးအနေနဲ့ “ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ” ခဲ့

ယေရှုရဲ့ နှိမ့်ချမှုပုံသက်သေကနေ ကျွန်ုပ်တို့ ဘယ်လို အကျိုးခံစားကြရသလဲ

၇၊ ၈။ ယေရှုဟာ ကလေးဘဝနဲ့ မြေကြီးပေါ်အမှုဆောင်ချိန်အတွင်းမှာ နှိမ့်ချမှုကို ဘယ်လိုနည်းတွေနဲ့ ပြသခဲ့သလဲ။

ပေါလု ဒီလို ရေးခဲ့တယ်– “[ယေရှု] လူသားတစ်ဦးအသွင်ဖြင့် ရှိစဉ်တွင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ၍ အသေခံရသည့်တိုင်အောင်၊ ညှဉ်းဆဲရာသစ်တိုင်ပေါ် အသေခံရသည့်တိုင်အောင် နာခံတော်မူ၏။” (ဖိ. ၂:၈) ယေရှုဟာ ကလေးဘဝကတည်းက နှိမ့်ချမှု ပုံသက်သေပြခဲ့တယ်။ သူ့မိဘတွေဖြစ်တဲ့ ယောသပ်နဲ့မာရိက မစုံလင်သူတွေဖြစ်ပေမဲ့ သူတို့ရဲ့စကားကို ယေရှု နားထောင်ခဲ့တယ်။ (လု. ၂:၅၁) ဒါက လူငယ်တွေအတွက် ပုံသက်သေကောင်းပဲ။ မိဘစကား နားထောင်တဲ့သူတွေကို ဘုရားသခင် ကောင်းချီးပေးမှာဖြစ်တယ်။

လူကြီးဖြစ်လာတဲ့အခါမှာလည်း ယေရှုဟာ နည်းလမ်းများစွာနဲ့ နှိမ့်ချမှု တင်ပြခဲ့တယ်။ သူ့အတွက် အရေးကြီးဆုံးက ယေဟောဝါအလိုတော်ဆောင်ခြင်းဖြစ်တယ်။ (ယော. ၄:၃၄) ယေရှုခရစ်ဟာ သူ့ရဲ့အမှုဆောင်ချိန်အတွင်းမှာ ဘုရားသခင့်နာမည်ကို အသုံးပြုပြီး လူတွေကို ဘုရားသခင့်ရည်ရွယ်ချက်အကြောင်း၊ သူ့ဖခင်က ဘယ်လို ဘုရားသခင်မျိုးဖြစ်ကြောင်း သွန်သင်ပေးခဲ့တယ်။ ဘုရားသခင်နှစ်သက်တဲ့နည်းနဲ့ အသက်ရှင်ဖို့ လူတွေကို သွန်သင်ပေးရုံသာမက သူကိုယ်တိုင်လည်း အဲဒီအတိုင်း အသက်ရှင်ခဲ့တယ်။ ဥပမာ၊ တပည့်တွေကို ယေရှု ဆုတောင်းနည်းသင်ပေးတဲ့အခါမှာ ဦးဆုံး “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ” လို့ ဆုတောင်းဖို့ သင်ပေးခဲ့တယ်။ (မ. ၆:၉) ဒီနေရာမှာ ယေရှုက တပည့်တွေလုပ်ရမယ့် အရေးကြီးဆုံးအလုပ်က ယေဟောဝါရဲ့နာမည် သန့်ရှင်းမြင့်မြတ်စေဖို့ဖြစ်တယ်ဆိုတာ ဖော်ပြခဲ့တယ်။ ယေရှုကိုယ်တိုင်လည်း အဲဒီအတိုင်း လုပ်ခဲ့တယ်။ သူ့ရဲ့မြေကြီးအသက်တာ ကုန်ဆုံးခါနီးမှာ “ကိုယ်တော်၏နာမတော်ကို သူတို့အား ကြားသိစေပါပြီ၊ ထပ်၍ ကြားသိစေပါဦးမည်” လို့ပြောနိုင်ခဲ့တယ်။ (ယော. ၁၇:၂၆) ဒါ့အပြင် ယေဟောဝါရဲ့အကူအညီမပါဘဲ ဘာကိုမှမလုပ်နိုင်ဘူးလို့လည်း မကြာခဏပြောခဲ့တယ်။—ယော. ၅:၁၉

၉။ မေရှိယနဲ့ပတ်သက်ပြီး ဇာခရိ ဘယ်လို ပရောဖက်ပြုခဲ့သလဲ။ ဒီပရောဖက်ပြုချက်ကို ယေရှု ဘယ်လို ပြည့်စုံစေခဲ့သလဲ။

ဇာခရိက မေရှိယနဲ့ပတ်သက်ပြီး ဒီလို ပရောဖက်ပြုခဲ့တယ်– “အို ဇိအုန်သမီးပျို၊ အားရပါးရရွှင်လန်းပါ။ အို ဂျေရုဆလင်သမီးပျို၊ အောင်သံလွှင့်ပါ။ ဖြောင့်မတ်ပြီး နှိမ့်ချတဲ့ သင့်ဘုရင်က အောင်ပွဲခံပြီ။ သူက မြည်းမရဲ့သားဖြစ်တဲ့မြည်းကိုစီးပြီး သင့်ဆီလာနေပြီ။” (ဇာ. ၉:၉ကဘ) အေဒီ ၃၃၊ ပသခါပွဲမတိုင်ခင် ယေရှု ဂျေရုဆလင်မြို့ထဲ ဝင်လာတဲ့အချိန်မှာ အဲဒီပရောဖက်ပြုချက် ပြည့်စုံခဲ့တယ်။ လူတွေက သူတို့ရဲ့အဝတ်တွေနဲ့ သစ်ခက်တွေကို လမ်းမှာ ဖြန့်ခင်းခဲ့ကြတယ်။ ဂျေရုဆလင်မြို့သားတွေဟာ ယေရှု မြို့ထဲဝင်လာမယ်ဆိုတာကို ကြားတဲ့အခါ စိတ်လှုပ်ရှားကြတယ်။ လူတွေက မိမိကို သူတို့ရဲ့ဘုရင်အဖြစ် ကြွေးကြော် ချီးမွမ်းတဲ့အခါမှာတောင် ယေရှု နှိမ့်ချမှုတင်ပြခဲ့တယ်။—မ. ၂၁:၄-၁၁

၁၀။ ယေရှုဟာ သေတဲ့အထိ နာခံမှုတင်ပြခြင်းအားဖြင့် ဘာကို သက်သေပြနိုင်ခဲ့သလဲ။

၁၀ ယေရှုခရစ် မြေကြီးပေါ်မှာရှိတုန်းက ညှဉ်းဆဲရာသစ်တိုင်မှာ အသေခံခဲ့တဲ့အထိ နှိမ့်ချမှုနဲ့ နာခံမှုပြခဲ့တယ်။ လူသားတွေဟာ အပြင်းထန်ဆုံးစမ်းသပ်မှုတွေ ခံရတဲ့အခါမှာတောင် ယေဟောဝါကို ဆက်သစ္စာတည်ကြည်နိုင်တယ်ဆိုတာကို အကောင်းဆုံးနည်းနဲ့ သူသက်သေပြခဲ့တယ်။ လူတွေက ယေဟောဝါထံကနေ အကျိုးအမြတ်ရလို့ ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်နေတာ ဆိုတဲ့ စာတန်ရဲ့စွပ်စွဲချက် မှားတယ်ဆိုတာကိုလည်း ဖော်ပြခဲ့တယ်။ (ယောဘ ၁:၉-၁၁; ၂:၄) သူ့ဖခင်ကို အပြည့်အဝနာခံခဲ့ခြင်းအားဖြင့် ယေဟောဝါမှာ အုပ်ချုပ်ပိုင်ခွင့်ရှိကြောင်းနဲ့ ယေဟောဝါရဲ့အုပ်ချုပ်မှုက အကောင်းဆုံးဖြစ်တယ်ဆိုတာ ယေရှုယုံကြည်ကြောင်း ဖော်ပြခဲ့တယ်။ နှိမ့်ချတဲ့သားတော်ရဲ့ သစ္စာတည်ကြည်မှုကို မြင်တွေ့ရတဲ့အတွက် ယေဟောဝါ အရမ်းပျော်မှာသေချာတယ်။—သု. ၂၇:၁၁ ကိုဖတ်ပါ။

၁၁။ ယေရှုရဲ့ရွေးနုတ်ဖိုးက ယုံကြည်သူလူသားတွေအတွက် ဘာအခွင့်အရေးရစေသလဲ။

၁၁ ယေရှုဟာ ညှဉ်းဆဲရာသစ်တိုင်ပေါ်မှာ အသေခံခဲ့ခြင်းအားဖြင့် လူသားတွေအတွက် ရွေးနုတ်ဖိုးကိုလည်း ပေးခဲ့တယ်။ (မ. ၂၀:၂၈) ယေရှုရဲ့ရွေးနုတ်ဖိုးကြောင့် အပြစ်ရှိလူသားတွေဟာ ဘုရားသခင့်ဖြောင့်မတ်တဲ့တောင်းဆိုချက်နဲ့အညီ အပြစ်လွှတ်ခံရပြီး ထာဝစဉ်အသက်ရှင်ဖို့ အခွင့်အရေးရရှိကြတယ်။ ပေါလု ဒီလိုရေးခဲ့တယ်– “ပြစ်မှုတစ်ခုအားဖြင့် လူအမျိုးမျိုးတို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ခံရ၏။ ထိုနည်းတူ ဖြောင့်မတ်သောအမှုတစ်ခုအားဖြင့် လူအမျိုးမျိုးတို့သည် အသက်နှင့်ဆိုင်သော ဖြောင့်မတ်ရာသို့ ရောက်ရ၏။” (ရော. ၅:၁၈) ယေရှုရဲ့သေခြင်းကြောင့် သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းခံရသူတွေဟာ ကောင်းကင်မှာ မသေနိုင်တဲ့အသက်ကိုရရှိပြီး “အခြားသိုး” တွေကတော့ မြေကြီးပေါ်မှာ ထာဝစဉ်အသက်ရှင်ခွင့် ရကြမှာဖြစ်တယ်။—ယော. ၁၀:၁၆; ရော. ၈:၁၆၊ ၁၇

ငါသည် “စိတ်နှိမ့်ချသောသဘောရှိ၏”

၁၂။ မစုံလင်တဲ့လူသားတွေနဲ့ ဆက်ဆံရာမှာ နှိမ့်ချခြင်းနဲ့ နူးညံ့သိမ်မွေ့ခြင်းကို ယေရှု ဘယ်လိုပြခဲ့သလဲ။

၁၂ ယေရှုဟာ “ဝန်လေး၍ ပင်ပန်းသောသူ” အားလုံးကို မိမိထံလာဖို့ ဖိတ်ခေါ်ခဲ့တယ်။ သူဒီလိုပြောခဲ့တယ်– “ငါ့ထမ်းပိုးကို ထမ်း၍ ငါ့ထံမှ သင်ယူကြလော့။ အကြောင်းမူကား ငါသည် နူးညံ့သိမ်မွေ့၍ စိတ်နှိမ့်ချသောသဘောရှိ၏။ သင်တို့သည် လန်းဆန်းရလိမ့်မည်။” (မ. ၁၁:၂၈၊ ၂၉) ယေရှုက နှိမ့်ချခြင်းနဲ့ နူးညံ့သိမ်မွေ့ခြင်းရှိတဲ့အတွက် မစုံလင်တဲ့လူသားတွေကို ကြင်ကြင်နာနာ၊ မျှမျှတတ ဆက်ဆံခဲ့တယ်။ တပည့်တွေ တတ်နိုင်တာထက်လည်း ပိုမတောင်းဆိုခဲ့ဘူး။ ယေရှုက သူတို့ကို ချီးမွမ်းပြီး အားပေးခဲ့တယ်။ သူတို့ကို အစွမ်းအစမရှိဘူး၊ အသုံးမကျဘူးဆိုတဲ့ ခံစားချက်မျိုး မဝင်စေခဲ့ဘူး။ သူတို့ကို ကြမ်းတမ်းခက်ထန်စွာလည်း မဆက်ဆံခဲ့ဘူး။ အဲဒီအစား ယေရှုက “ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏” လို့ပြောခဲ့တယ်။ ဆိုလိုတာက မိမိရဲ့နောက်လိုက်တစ်ယောက်ဖြစ်ဖို့အတွက် တောင်းဆိုချက်တွေက လိုက်နာဖို့ မခက်ခဲလွန်းဘူး။ မိမိထံက သင်ယူပြီး မိမိရဲ့သွန်သင်ချက်တွေကို လိုက်နာမယ်ဆိုရင် လန်းဆန်းမှုခံစားရမှာဖြစ်တယ်။ ဒါကြောင့် ယောက်ျား၊ မိန်းမ၊ လူငယ်၊ လူကြီးမရွေး အားလုံးက ယေရှုနဲ့အတူ ရှိနေချင်ကြတယ်။—မ. ၁၁:၃၀

ယေရှုရဲ့သနားကြင်နာမှုကို ကျွန်ုပ်တို့ တုပသင့်

၁၃။ ဆင်းရဲပင်ပန်းစွာ အသက်ရှင်နေရသူတွေကို ယေရှု ဘယ်လို ကြင်နာမှုပြခဲ့သလဲ။

၁၃ ယေရှုဟာ ဆင်းရဲပင်ပန်းစွာ အသက်ရှင်နေရတဲ့ အစ္စရေးလူတွေအတွက် စိတ်မကောင်းဖြစ်ပြီး သူတို့အတွက် အကူအညီဖြစ်စေမယ့် အရာအားလုံးကို လုပ်ဆောင်ပေးခဲ့တယ်။ ယေရှုဟာ ဂျေရိခိုမြို့အနားမှာ မျက်မမြင်သူတောင်းစားတွေဖြစ်တဲ့ ဗာတိမဲနဲ့ သူ့အဖော်ကို တွေ့ခဲ့တယ်။ သူတောင်းစားနှစ်ယောက်က သူတို့ကို ကူညီပေးဖို့ တစာစာအော်နေတဲ့အခါ အနားကလူတွေက သူတို့ကို တိတ်တိတ်နေဖို့ ပြောကြတယ်။ ဒီမျက်မမြင်နှစ်ယောက်ကို ယေရှု လျစ်လျူရှုလိုက်လို့ရတယ်။ ဒါပေမဲ့ ယေရှုက သူတို့နှစ်ယောက်ကို သနားလို့ သူ့အနားခေါ်ပြီး မျက်စိပြန်မြင်အောင် လုပ်ပေးခဲ့တယ်။ ယေရှုဟာ အပြစ်ရှိလူသားတွေအပေါ် နှိမ့်ချမှုနဲ့ သနားကြင်နာမှုပြခြင်းအားဖြင့် သူ့ဖခင်ကို တုပခဲ့တယ်။—မ. ၂၀:၂၉-၃၄; မာ. ၁၀:၄၆-၅၂

“ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်”

၁၄။ ယေရှုရဲ့နှိမ့်ချမှုကြောင့် ဘယ်ကောင်းကျိုးတွေ ခံစားရသလဲ။

၁၄ ယေရှု နှိမ့်ချမှုပြခဲ့တဲ့အတွက် လူများစွာဟာ ရွှင်လန်းမှုနဲ့ကောင်းချီးတွေ ခံစားခဲ့ကြရတယ်။ ယေဟောဝါဟာ မိမိရဲ့အလိုတော်ကို သားတော် နှိမ့်ချစွာလုပ်ဆောင်တာကို မြင်တွေ့တဲ့အခါ ပျော်ရွှင်မှာဖြစ်တယ်။ တမန်တော်တွေနဲ့ တပည့်တွေက ယေရှုရဲ့ နူးညံ့တဲ့သဘောနဲ့ စိတ်နှိမ့်ချမှုကနေ လန်းဆန်းမှု ခံစားခဲ့ကြရတယ်။ သူတို့ကို ပုံသက်သေကောင်းပြခြင်း၊ သွန်သင်ပေးခြင်း၊ ချီးမွမ်းပေးခြင်းအားဖြင့် ဘုရားသခင့်ကျေးကျွန်ကောင်းတွေဖြစ်ဖို့ ကူညီပေးခဲ့တယ်။ တခြားလူတွေကိုလည်း သွန်သင်ပေးခြင်း၊ အားပေးခြင်း၊ သူတို့ရဲ့လိုအပ်ရာတွေကို ဖြည့်ဆည်းပေးခြင်းအားဖြင့် ကူညီပေးခဲ့တယ်။ ယေရှုရဲ့ ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်သူအားလုံးဟာ ထာဝရကောင်းချီးတွေကို အမှန်တကယ် ခံစားကြရမှာဖြစ်တယ်။

၁၅။ နှိမ့်ချမှုပြခဲ့တဲ့အတွက် ယေရှု ဘာအကျိုးခံစားခဲ့ရသလဲ။

၁၅ ယေရှုကော။ သူ့ရဲ့နှိမ့်ချမှုကနေ အကျိုးခံစားခဲ့ရသလား။ ခံစားခဲ့ရပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေရှုက တပည့်တွေကို “ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်” လို့ပြောခဲ့တယ်။ (မ. ၂၃:၁၂) ဒီစကားတွေ မှန်ကန်တယ်ဆိုတာ ယေရှုရဲ့အဖြစ်အပျက်က ဖော်ပြတယ်။ ပေါလု ဒီလိုရှင်းပြခဲ့တယ်– “ဘုရားသခင်သည် ကိုယ်တော် [ယေရှု]ကို သာလွန်မြင့်မြတ်သော အခွင့်အရာသို့ ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။ သို့ဖြင့် ကောင်းကင်ပေါ်၊ မြေကြီးပေါ်၊ မြေကြီးအောက်၌ ရှိသမျှသောသူတို့သည် ယေရှု၏နာမရှေ့တွင် ဒူးထောက်ကြရမည်။ ထို့ပြင် ယေရှုခရစ်သည် ခမည်းတော်ဘုရားသခင်၏ ဘုန်းအသရေကို ထင်ရှားစေသော သခင်ဖြစ်ကြောင်း လူတိုင်း အတိအလင်း ဝန်ခံကြလိမ့်မည်။” ယေရှု မြေကြီးပေါ်မှာရှိစဉ်က နှိမ့်ချမှုနဲ့ သစ္စာတည်ကြည်မှု တင်ပြခဲ့တဲ့အတွက် ယေဟောဝါက သူ့ကို ကောင်းကင်နဲ့ မြေကြီးပေါ်မှာရှိတဲ့ အခွင့်အာဏာထက် ကြီးမြတ်တဲ့အခွင့်အာဏာ ပေးအပ်ခြင်းအားဖြင့် ချီးမြှောက်ခဲ့တယ်။—ဖိ. ၂:၉-၁၁

ယေရှုဟာ ‘အမှန်တရားနဲ့ နှိမ့်ချသူတွေအတွက် စီးနင်းတိုက်ခိုက်’ မယ်

၁၆။ ဘုရားသခင့်သားတော်ဟာ အနာဂတ်မှာ နှိမ့်ချမှုကို ဘယ်လို ဆက်တင်ပြမလဲ။

၁၆ ဘုရားသခင့်သားတော်ဟာ အနာဂတ်မှာလည်း ဆက်ပြီး နှိမ့်ချမှုတင်ပြမှာဖြစ်တယ်။ ကောင်းကင်မှာ ဘုရင်ဖြစ်နေတဲ့ ယေရှုက ဘုရားသခင့်ရန်သူတွေကို တိုက်ခိုက်မယ့်အကြောင်း ဆာလံကျမ်းတစ်ချက်က ဒီလိုဖော်ပြတယ်– “ခမ်းနားမြင့်မြတ်စွာ အောင်ပွဲခံပါ။ အမှန်တရားနဲ့ဖြောင့်မတ်ခြင်းအတွက်၊ နှိမ့်ချသူတွေအတွက် စီးနင်းတိုက်ခိုက်ပါ။” (ဆာ. ၄၅:၄ကဘ) အာမဂေဒုန်မှာ ယေရှုခရစ်က နှိမ့်ချသူတွေ၊ ဖြောင့်မတ်သူတွေနဲ့ အမှန်တရားကိုချစ်မြတ်နိုးသူတွေကို ကာကွယ်ဖို့ တိုက်ခိုက်ပါလိမ့်မယ်။ အဲဒီနောက် ခရစ်တော်ရဲ့အုပ်ချုပ်မှု အနှစ်တစ်ထောင်အကုန်မှာ “အစိုးရရှိသမျှ၊ အခွင့်အာဏာတန်ခိုး ရှိသမျှတို့ကို အချည်းနှီးဖြစ်စေ” မှာဖြစ်တယ်၊ အဲဒီအခါ ဘာဖြစ်ပျက်မလဲ။ သူဆက်ပြီး နှိမ့်ချမှုပြဦးမလား။ ပြပါလိမ့်မယ်။ အဲဒီအချိန်မှာ ခရစ်တော်ဟာ ‘နိုင်ငံတော်ကို ခမည်းတော်ဘုရားသခင်ထံ အပ်ပေး’ ပါလိမ့်မယ်။—၁ ကောရိန္သု ၁၅:၂၄-၂၈ ကိုဖတ်ပါ။

၁၇၊ ၁၈။ (က) ယေဟောဝါရဲ့ကျေးကျွန်တွေဟာ ယေရှုရဲ့ နှိမ့်ချမှုပုံသက်သေကိုတုပဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဖြေဆိုပေးမလဲ။

၁၇ ကျွန်ုပ်တို့ကော။ ယေရှုရဲ့ပုံသက်သေကိုတုပပြီး နှိမ့်ချမှုတင်ပြကြမလား။ အာမဂေဒုန်မှာ ဘုရင်ယေရှုခရစ်က နှိမ့်ချပြီး ဖြောင့်မတ်တဲ့သူတွေကိုပဲ ကယ်တင်မှာဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ ကယ်တင်ခံရချင်တယ်ဆိုရင် နှိမ့်ချမှုရှိဖို့လိုတယ်။ ယေရှု နှိမ့်ချမှုတင်ပြခဲ့တဲ့အတွက် တခြားသူတွေရော၊ သူကိုယ်တိုင်ပါ အကျိုးခံစားခဲ့ရတယ်၊ အဲဒီလိုပဲ ကျွန်ုပ်တို့လည်း နှိမ့်ချမှုတင်ပြမယ်ဆိုရင် ကျွန်ုပ်တို့ရော၊ တခြားသူတွေပါ အကျိုးကျေးဇူးများစွာ ခံစားကြရမှာဖြစ်တယ်။

၁၈ ယေရှုရဲ့နှိမ့်ချမှုပုံသက်သေကို တုပဖို့ ကျွန်ုပ်တို့ကို ဘာကကူညီပေးနိုင်သလဲ။ နှိမ့်ချမှုပြဖို့ မလွယ်ကူပေမဲ့ ဘယ်လိုနည်းနဲ့ အတတ်နိုင်ဆုံး နှိမ့်ချမှု တင်ပြနိုင်သလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေကို နောက်ဆောင်းပါးမှာ တွေ့ရပါလိမ့်မယ်။