မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အငယ်ဆုံးသောသူရဲ့ စိတ်သဘောထားမျိုး မွေးမြူပါ

အငယ်ဆုံးသောသူရဲ့ စိတ်သဘောထားမျိုး မွေးမြူပါ

“သင်တို့တွင် အငယ်ဆုံးသောသူကဲ့သို့ ကျင့်ကြံသူသည် ကြီးမြတ်သောသူဖြစ်၏။”—လု. ၉:၄၈

၁၊ ၂။ ယေရှုက တမန်တော်တွေကို ဘာအကြောင်း သင်ပေးခဲ့သလဲ။ ဘာကြောင့် အဲဒီလို သင်ပေးခဲ့တာလဲ။

အချိန်က အေဒီ ၃၂ ဖြစ်ပြီး ယေရှုနဲ့ သူ့တမန်တော်တွေဟာ ဂါလိလဲနယ်မှာရှိနေကြတယ်။ တမန်တော်တွေက သူတို့ထဲမှာ ဘယ်သူက အကြီးမြတ်ဆုံးလဲဆိုတာ ငြင်းခုံနေကြတယ်။ ခရစ်ဝင်ကျမ်းရေးသူလုကာက အဖြစ်အပျက်ကို ဒီလိုဖော်ပြခဲ့တယ်– “ထိုအခါ မည်သူသည် အကြီးမြတ်ဆုံးဖြစ်မည်နည်းဟု တပည့်တော်တို့ အချင်းချင်းငြင်းခုံကြ၏။ ယေရှုသည် သူတို့၏စိတ်နှလုံးအကြံအစည်ကို သိမြင်လျှင် ကလေးငယ်တစ်ဦးကိုခေါ်၍ မိမိဘေးတွင် ထားပြီးမှ ‘မည်သူမဆို ငါ့နာမကိုထောက်၍ ဤသူငယ်ကို လက်ခံလျှင် ငါ့ကိုလည်း လက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုသာ လက်ခံသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလည်း လက်ခံ၏။ အကြောင်းမူကား သင်တို့တွင် အငယ်ဆုံးသောသူကဲ့သို့ ကျင့်ကြံသူသည် ကြီးမြတ်သောသူဖြစ်၏’ ဟုမိန့်တော်မူ၏။” (လု. ၉:၄၆-၄၈) နှိမ့်ချမှုရှိဖို့လိုတယ်ဆိုတာကို တမန်တော်တွေ နားလည်ဖို့ ယေရှုက စိတ်ရှည်ရှည်နဲ့ ကူညီပေးခဲ့တယ်။

အဲဒီအချိန်တုန်းက ဂျူးအများစုမှာ ယေရှု သင်ပေးခဲ့တဲ့ နှိမ့်ချတဲ့စိတ်သဘောထားမျိုး ရှိခဲ့ကြသလား။ မရှိခဲ့ကြဘူး။ သူတို့ရဲ့စိတ်ဓာတ်က အဲဒါနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ ဂျူးတွေ အချင်းချင်းဆက်ဆံတဲ့အခါမှာ ဘယ်သူက အကြီးမြတ်ဆုံးလဲဆိုတာကို သိဖို့ အရမ်းအရေးကြီးတယ်၊ ဂုဏ်တင်ခံထိုက်သူကို သူတို့ တကယ်ဂုဏ်တင်နေသလားဆိုတာကို အမြဲ စိုးရိမ်ပူပန်ကြတယ်လို့ စာအုပ်တစ်အုပ်က ဆိုတယ်။ (Theological Dictionary of the New Testament) ယေရှုက သူ့တပည့်တွေကို သူတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူ အများစုနဲ့ မတူစေချင်ဘူး။

၃။ (က) အငယ်ဆုံးသောသူကဲ့သို့ ကျင့်ကြံပါဆိုတာ ဘာကို ဆိုလိုတာလဲ။ အဲဒီလိုကျင့်ကြံဖို့ ဘာကြောင့်ခက်နိုင်သလဲ။ (ခ) ဘယ်မေးခွန်းတွေ ပေါ်လာသလဲ။

“အငယ်ဆုံးသောသူ” လို့ပြန်ဆိုတဲ့ ဂရိစကားလုံးက တခြားသူတွေလောက် အရေးမပါသူ၊ ဒါမှမဟုတ် အခွင့်အာဏာမရှိသူလို့ အဓိပ္ပာယ်ရတယ်။ အဲဒီလိုလူတစ်ယောက်က နှိမ့်ချမှုရှိပြီး သူ့ကိုယ်သူ အရေးပါတယ်လို့ မယူမှတ်ဘူး။ ယေရှုက တပည့်တွေကို ကလေးတွေလို နှိမ့်ချမှုနဲ့ ကျိုးနွံမှုရှိသင့်တယ်လို့ သင်ပေးခဲ့တယ်။ ယနေ့ ခရစ်ယာန်စစ်တွေဟာ တမန်တော်တွေကို ယေရှု သင်ပေးခဲ့တဲ့ သင်ခန်းစာကနေ သင်ယူဖို့လိုတယ်။ နှိမ့်ချမှုပြဖို့ ခက်နိုင်ပါတယ်၊ အထူးသဖြင့် အခြေအနေတချို့မှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့မစုံလင်မှုကြောင့် ကျွန်ုပ်တို့ဟာ မာနကြီးပြီး တခြားသူတွေထက်ပိုသာဖို့ ကြိုးစားမိနိုင်တယ်။ ဒါ့အပြင် စာတန့်လောက,ကလည်း ကျွန်ုပ်တို့ကို တစ်ကိုယ်ကောင်းဆန်ဖို့၊ ရန်ရှာဖို့၊ ကြိုးကိုင်ခြယ်လှယ်သူဖြစ်ဖို့ လှုံ့ဆော်ပေးနိုင်တယ်။ နှိမ့်ချတဲ့စိတ်သဘောရှိဖို့ ကျွန်ုပ်တို့ကို ဘာက ကူညီပေးနိုင်သလဲ။ အငယ်ဆုံးသောသူက “ကြီးမြတ်သောသူဖြစ်” တယ်လို့ ယေရှု ပြောတဲ့အခါ ဘာကို ဆိုလိုတာလဲ။ ဘယ်အခြေအနေတွေမှာ ကျွန်ုပ်တို့ နှိမ့်ချမှုပြသင့်သလဲ။

“ဘုရားသခင်၏ချမ်းသာ၊ ဉာဏ်ပညာ၊ အသိပညာတို့သည် အလွန်နက်နဲလှပေစွ”

၄၊ ၅။ ကျွန်ုပ်တို့ကို ဘာက ပိုနှိမ့်ချမှုရှိစေနိုင်သလဲ။ ဥပမာပေးပါ။

ကျွန်ုပ်တို့ ပိုပြီး နှိမ့်ချမှုပြနိုင်တဲ့နည်းတစ်နည်းက ကျွန်ုပ်တို့ထက် ယေဟောဝါ ပိုကြီးမြတ်တယ်ဆိုတာကို သတိရခြင်းဖြစ်တယ်။ တကယ်တော့ ယေဟောဝါမှာ “စစ်၍မကုန်နိုင်သောဉာဏ်” ရှိတယ်။ (ဟေရှာ. ၄၀:၂၈) တမန်တော်ပေါလုက ယေဟောဝါရဲ့ ကြီးမြတ်မှုအကြောင်း ဒီလိုရေးခဲ့တယ်– “ဘုရားသခင်၏ချမ်းသာ၊ ဉာဏ်ပညာ၊ အသိပညာတို့သည် အလွန်နက်နဲလှပေစွ။ စီရင်တော်မူချက်များကို စိစစ်၍မကုန်နိုင်။ နည်းလမ်းတော်များကို လိုက်၍မမီနိုင်ပါတကား။” (ရော. ၁၁:၃၃) လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ ခန့်၊ ပေါလု ဒီစာကိုရေးခဲ့ချိန်ကစပြီး လူသားတွေဟာ အသိပညာမှာ အများကြီးတိုးတက်ခဲ့ပေမဲ့ အထက်ပါစကားတွေက မှန်ကန်နေဆဲပဲ။ ကျွန်ုပ်တို့ဘယ်လောက်ပဲ သိထားပြီးဖြစ်ပါစေ ယေဟောဝါအကြောင်း၊ ကိုယ်တော့်လုပ်ရပ်တွေနဲ့ စဉ်းစားတွေးတောပုံအကြောင်း သင်ယူလေ့လာစရာ အများကြီး ရှိနေဆဲဖြစ်တယ်။

ဥပမာအနေနဲ့ လေအိုဟာ ဘုရားသခင့်ဖန်ဆင်းရာတွေအကြောင်း အားလုံးကို လေ့လာသိရှိနိုင်မှာမဟုတ်ဘူး ဆိုတာကို သိလာတဲ့အခါ နှိမ့်ချမှုတင်ပြခဲ့တယ်။ * လူငယ်တစ်ဦးဖြစ်တဲ့ လေအိုဟာ သိပ္ပံပညာကို နှစ်သက်ခဲ့တယ်။ သူက စကြဝဠာအကြောင်း သိနိုင်သမျှ သိချင်ခဲ့လို့ ကျောင်းမှာ အဲဒီပညာကို လေ့လာဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ လူသားတွေဟာ သိပ္ပံပညာတစ်ခုတည်းနဲ့ စကြဝဠာအကြောင်း အကုန်လုံးမသိနိုင်ဘူးဆိုတာ သူသဘောပေါက်လာတယ်။ ဒါနဲ့ သူက ဥပဒေပညာကို စတင်လေ့လာခဲ့တယ်။ နောက်ပိုင်းမှာ သူဟာ ရှေ့နေ၊ အဲဒီနောက် တရားသူကြီးဖြစ်လာတယ်။ နောက်တော့ သူနဲ့ သူ့ဇနီးက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာအကြောင်းလေ့လာ၊ အမှန်တရားကိုလက်ခံပြီး နှစ်ခြင်းခံခဲ့တယ်။ လေအိုဟာ အဆင့်မြင့်ပညာတတ်မြောက်ပေမဲ့ ဘာက သူ့ကို နှိမ့်ချမှုရှိစေခဲ့သလဲ။ သူဒီလို အဖြေပေးခဲ့တယ်– “ယေဟောဝါနဲ့ စကြဝဠာအကြောင်း ကျွန်ုပ်တို့ ဘယ်လောက်ပဲ သိထားပြီးဖြစ်ပါစေ နောက်ထပ် သိစရာတွေ ရှိနေသေးတယ်ဆိုတာ သဘောပေါက်လာလို့ပဲ။”

သတင်းကောင်းဟောပြောဖို့ အခွင့်အရေးပေးခြင်းအားဖြင့် ကျွန်ုပ်တို့ကို ယေဟောဝါ ဂုဏ်တင်

၆၊ ၇။ (က) ဘယ်ကောင်းမွန်တဲ့ နှိမ့်ချမှုပုံသက်သေကို ယေဟောဝါ ပြခဲ့သလဲ။ (ခ) ဘုရားသခင့်နှိမ့်ချမှုက လူတစ်ယောက်ကို ဘယ်လိုနည်းနဲ့ “ကြီးမြတ်သောသူဖြစ်” စေနိုင်သလဲ။

ကျွန်ုပ်တို့ကို နှိမ့်ချမှုရှိစေနိုင်တဲ့ နောက်အချက်တစ်ချက်က ယေဟောဝါကိုယ်တိုင် နှိမ့်ချမှုရှိတယ်ဆိုတဲ့အချက်ကို သတိရခြင်းဖြစ်တယ်။ ဒီအချက်ကို သုံးသပ်ကြည့်ပါ– ‘ငါတို့သည် ဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်ဖြစ်ကြ၏။’ (၁ ကော. ၃:၉) အကြီးမြတ်ဆုံးဘုရားသခင် ယေဟောဝါက ကျွန်ုပ်တို့နဲ့တွဲဖက်ပြီး လုပ်ဆောင်ချင်တယ်ဆိုတဲ့အချက်ကို စဉ်းစားကြည့်ပါ။ ကိုယ်တော်က ကျွန်ုပ်တို့ကို သူ့ရဲ့စကားတော် သမ္မာကျမ်းစာကိုသုံးပြီး သတင်းကောင်းဟောဖို့ အခွင့်အရေးပေးခြင်းဖြင့် ကျွန်ုပ်တို့ကို ဂုဏ်တင်တယ်။ ယေဟောဝါက အပင်ကိုကြီးထွားစေသူဖြစ်ပေမဲ့ ကျွန်ုပ်တို့ကို အပင်စိုက်ခွင့်၊ ရေလောင်းခွင့်ပေးတယ်။ (၁ ကော. ၃:၆၊ ၇) ဒီလိုနည်းအားဖြင့် ဘုရားသခင်က ကျွန်ုပ်တို့အတွက် တကယ့်ပုံသက်သေကောင်းပြခဲ့တယ်။ ယေဟောဝါရဲ့ပုံသက်သေက ကျွန်ုပ်တို့တစ်ယောက်ချင်းစီကို အငယ်ဆုံးသောသူအဖြစ် ကျင့်ကြံဖို့ အားပေးမှုဖြစ်စေသင့်တယ်ဆိုတာ သေချာပါတယ်။

ဘုရားသခင့်နှိမ့်ချမှုပုံသက်သေက ဒါဝိဒ်အပေါ် အတော့်ကို အကျိုးသက်ရောက်ခဲ့တယ်။ သူ ဒီလိုသီဆိုခဲ့တယ်– “ကိုယ်တော်က ငါ့ကို ကိုယ်တော့်ကယ်တင်ခြင်းဒိုင်းလွှား ပေးလိမ့်မယ်။ ကိုယ်တော့်နှိမ့်ချမှုက ငါ့ကို ကြီးမြတ်စေတယ်။” (၂ ရာ. ၂၂:၃၆ကဘ) ဒါဝိဒ်က မိမိ အစ္စရေးနိုင်ငံမှာ ကြီးမားတဲ့လုပ်ရပ်တွေ လုပ်ဆောင်နိုင်ခဲ့တာဟာ ယေဟောဝါရဲ့နှိမ့်ချမှုကြောင့်ဆိုတာကို သိတယ်၊ ယေဟောဝါက ဒါဝိဒ်ကို ဂရုစိုက်ခြင်း၊ ကူညီပေးခြင်းအားဖြင့် နှိမ့်ချမှုပြခဲ့တယ်။ (ဆာ. ၁၁၃:၅-၇) ကျွန်ုပ်တို့လည်း အဲဒီလိုပဲ။ ကျွန်ုပ်တို့မှာရှိတဲ့ အစွမ်းအစ၊ အထူးတာဝန်တွေက ယေဟောဝါပေးထားတာဖြစ်တယ်။ (၁ ကော. ၄:၇) အငယ်ဆုံးသောသူက “ကြီးမြတ်သောသူဖြစ်” လာတယ်လို့ ယေရှုပြောတဲ့အခါ အဲဒီပုဂ္ဂိုလ်ဟာ ယေဟောဝါရဲ့အမှုတော်မှာ ပိုအသုံးဝင်တဲ့ကျေးကျွန်တစ်ယောက်ဖြစ်လာတာကို ဆိုလိုတယ်။ (လု. ၉:၄၈) ဘယ်လိုဖြစ်နိုင်သလဲဆိုတာ ကြည့်ကြစို့။

အငယ်ဆုံးသောသူက “ကြီးမြတ်သောသူဖြစ်” နိုင်ပုံ

၈။ ဘုရားသခင့်အဖွဲ့အစည်းမှာရှိသူတွေဟာ ဘာကြောင့် နှိမ့်ချမှုရှိဖို့လိုသလဲ။

နှိမ့်ချသူတွေဟာ ဘုရားသခင့်အဖွဲ့အစည်းအဝင်ဖြစ်ရတာနဲ့ အသင်းတော်အစီအစဉ်တွေကို ထောက်မရတာကို ပျော်ရွှင်တယ်။ ဥပမာ၊ ပက်ထရာဟာ သက်သေခံမိသားစုမှာ ကြီးပြင်းလာတဲ့ အမျိုးသမီးငယ်တစ်ဦးဖြစ်တယ်။ ဒါပေမဲ့ သူက ကိစ္စရပ်တွေကို သူ့သဘောအတိုင်းပဲ လုပ်ချင်တဲ့အတွက် အသင်းတော်ကနေ ထွက်သွားတယ်။ နောက်ပိုင်းမှာ အသင်းတော်နဲ့ ပြန်ပေါင်းသင်းခဲ့တယ်။ အခုဆိုရင် သူဟာ ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ရှိနေရတာ၊ အသင်းတော်အစီအစဉ်တွေကို ထောက်မရတာကို ပျော်ရွှင်နေပြီ။ သူ ဘာကြောင့် သဘောထား ပြောင်းလဲသွားတာလဲ။ သူ ဒီလိုပြောတယ်– “ကျွန်မ သိနားလည်ပြီး မွေးမြူရမယ့် အရေးကြီးဆုံးအရည်အသွေးနှစ်ခုက နှိမ့်ချမှုနဲ့ ကျိုးနွံမှုဖြစ်တယ်။”

၉။ နှိမ့်ချသူတစ်ဦးဟာ သမ္မာကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေကို ဘယ်လိုသဘောထားသလဲ။ ဒါက ဘာကြောင့် သူ့ကို ပိုပြီး အသုံးဝင်သူဖြစ်စေသလဲ။

နှိမ့်ချမှုရှိသူတစ်ဦးဟာ ယေဟောဝါအကြောင်း လေ့လာသိရှိဖို့ အထောက်အကူပြုတဲ့အရာတွေအပါအဝင် ကိုယ်တော်ပေးထားရာတွေအားလုံးအတွက် ကျေးဇူးတင်ကြတယ်။ ဒါကြောင့် နှိမ့်ချမှုရှိသူတစ်ဦးဟာ သမ္မာကျမ်းစာကို ပုံမှန်နဲ့ သေသေချာချာလေ့လာပြီး ကင်းမျှော်စင်နဲ့ နိုးလော့!မဂ္ဂဇင်းတွေကို ဖတ်တယ်။ ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်များစွာဟာ စာအုပ်အသစ်တိုင်းကို စာအုပ်စင်ပေါ်မတင်ခင် အရင် ဖတ်ရှုကြတယ်။ ကျွန်ုပ်တို့ရဲ့ ကျမ်းစာအခြေပြုစာပေတွေကို ဖတ်ရှု၊ လေ့လာခြင်းအားဖြင့် နှိမ့်ချမှုနဲ့ ကျေးဇူးတင်လေးမြတ်မှုရှိကြောင်း ပြမယ်ဆိုရင် ဘုရားသခင်နဲ့ ပိုရင်းနှီးလာပြီး ကိုယ်တော့်အမှုတော်မှာ ကျွန်ုပ်တို့ ပိုအသုံးပြုခံရမှာဖြစ်တယ်။—ဟေဗြဲ ၅:၁၃၊ ၁၄

၁၀။ ကျွန်ုပ်တို့ဟာ အသင်းတော်မှာ နှိမ့်ချမှုကို ဘယ်လို တင်ပြနိုင်သလဲ။

၁၀ အငယ်ဆုံးသောသူကို “ကြီးမြတ်သောသူ” ဒါမှမဟုတ် ဘုရားသခင်အတွက် အသုံးဝင်သူဖြစ်စေတဲ့ နောက်နည်းတစ်နည်း ရှိပါသေးတယ်။ ယေဟောဝါက အသင်းတော်တိုင်းမှာ မိမိရဲ့သန့်ရှင်းသောစွမ်းအားတော်ကိုသုံးပြီး အမျိုးသားတွေကို အကြီးအကဲတွေအဖြစ် ခန့်အပ်တယ်။ ဒီအမျိုးသားတွေက အစည်းအဝေးတွေ၊ လယ်ကွင်းလုပ်ငန်းအစီအစဉ်တွေကို စီစဉ်ဖွဲ့စည်းပြီး အသင်းတော်ကို ထိန်းကျောင်းတယ်။ ကျွန်ုပ်တို့က အငယ်ဆုံးသောသူရဲ့ စိတ်သဘောထားမျိုး တင်ပြပြီး ဒီအစီအစဉ်တွေကို တလိုတလား ထောက်ခံတဲ့အခါ အသင်းတော်တစ်ခုလုံး ပျော်ရွှင်မှု၊ ငြိမ်သက်မှုနဲ့ စည်းလုံးမှုရှိအောင် လုပ်ဆောင်နေတာဖြစ်တယ်။ (ဟေဗြဲ ၁၃:၇၊ ၁၇ ကိုဖတ်ပါ။) သင်က အကြီးအကဲ ဒါမှမဟုတ် အမှုထမ်းတစ်ယောက်ဖြစ်တယ်ဆိုရင် ယေဟောဝါပေးအပ်ထားတဲ့တာဝန်အတွက် ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြခြင်းအားဖြင့် နှိမ့်ချမှုပြသလား။

၁၁၊ ၁၂။ ဘယ်သဘောထားက ကျွန်ုပ်တို့ကို ယေဟောဝါရဲ့အဖွဲ့အစည်းအတွက် ပိုအသုံးဝင်သူဖြစ်စေသလဲ။ ဘာကြောင့်လဲ။

၁၁ နှိမ့်ချသူတစ်ဦးဟာ ယေဟောဝါရဲ့အဖွဲ့အစည်းအတွက် ပိုအသုံးဝင်သူဖြစ်လာတယ်၊ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့စိတ်သဘောထားက သူ့ကို ဘုရားသခင်ရဲ့ အသုံးဝင်တဲ့ ကျေးကျွန်ကောင်းတစ်ဦး ဖြစ်စေလို့ပဲ။ ယေရှုက သူ့ရဲ့တပည့်တွေကို အငယ်ဆုံးသောသူအဖြစ်ကျင့်ကြံဖို့ သတိပေးခဲ့ရတယ်၊ ဘာကြောင့်လဲဆိုတော့ တပည့်တချို့ဟာ အဲဒီအချိန်က မာနကြီးတဲ့လူတွေလို စဉ်းစားတွေခေါ်ကြတယ်။ လုကာ ၉:၄၆ မှာ ဒီလိုပြောတယ်– “မည်သူသည် အကြီးမြတ်ဆုံးဖြစ်မည်နည်းဟု တပည့်တော်တို့ အချင်းချင်း ငြင်းခုံကြ၏။” ကျွန်ုပ်တို့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်သူချင်းတွေထက် ဒါမှမဟုတ် တခြားလူတွေထက် ပိုသာတယ်လို့ စဉ်းစားမိနိုင်သလား။ ကျွန်ုပ်တို့ဟာ လောကမှာရှိတဲ့ မာနကြီးသူ၊ တစ်ကိုယ်ကောင်းဆန်သူတွေနဲ့ မတူသင့်ဘူး။ ကျွန်ုပ်တို့က နှိမ့်ချမှုပြပြီး ယေဟောဝါရဲ့အလိုတော်ကို ပထမနေရာမှာထားမယ်ဆိုရင် ညီအစ်ကိုညီအစ်မတွေဟာ ကျွန်ုပ်တို့နဲ့ပေါင်းသင်းခြင်းကနေ အားပေးမှု ခံစားရပါလိမ့်မယ်။

၁၂ အငယ်ဆုံးသောသူအဖြစ် ကျင့်ကြံပါဆိုတဲ့ ယေရှုရဲ့ဆုံးမစကားကို ကျွန်ုပ်တို့ နားလည်တယ်ဆိုရင် ဘဝကဏ္ဍတိုင်းမှာ နှိမ့်ချမှုပြဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။ အခြေအနေသုံးခုကို သုံးသပ်ကြည့်ကြစို့။

အငယ်ဆုံးသောသူဖြစ်ဖို့ ကြိုးစားပါ

၁၃၊ ၁၄။ လင်ယောက်ျားနဲ့ ဇနီးသည်က ဘယ်လိုနည်းနဲ့ အငယ်ဆုံးသောသူအဖြစ် ကျင့်ကြံသင့်သလဲ။ အဲဒါက သူတို့ရဲ့ဆက်ဆံရေးကို ဘယ်လို အထောက်အကူပြုနိုင်သလဲ။

၁၃ အိမ်ထောင်မှာ။ ယနေ့လူများစွာက သူတို့ရဲ့ကိုယ်ပိုင်အခွင့်အရေးကိုပဲ အရမ်းအလေးထားကြတယ်။ တခြားသူတွေရဲ့အခွင့်အရေးက သူတို့အတွက် အရေးမကြီးဘူး။ ဒါပေမဲ့ နှိမ့်ချသူတစ်ဦးဟာ ရောမမှာရှိတဲ့ခရစ်ယာန်တွေကို ပေါလု အားပေးခဲ့တဲ့ သဘောထားမျိုး ရှိတယ်။ သူ ဒီလိုရေးခဲ့တယ်– “ငါတို့သည် ငြိမ်သက်ခြင်းရှိစေသော၊ အချင်းချင်း တည်ဆောက်ပေးသောအမှုများကို လုပ်ဆောင်ရန် အစဉ်ကြိုးစားအားထုတ်ကြစို့။” (ရော. ၁၄:၁၉) အငယ်ဆုံးသောသူအဖြစ် ကျင့်ကြံသူတစ်ဦးဟာ လူတိုင်းနဲ့ အထူးသဖြင့် မိမိရဲ့အိမ်ထောင်ဖက်နဲ့ ငြိမ်းချမ်းတဲ့ဆက်ဆံရေးရှိဖို့ ကြိုးစားတယ်။

၁၄ ဥပမာ အပန်းဖြေမှုကဏ္ဍမှာ လင်ယောက်ျားရဲ့အကြိုက်နဲ့ ဇနီးရဲ့အကြိုက် မတူတာဖြစ်နိုင်တယ်။ လင်ယောက်ျားက အိမ်မှာ အေးအေးဆေးဆေးနေပြီး စာဖတ်တာကို သဘောကျပြီး ဇနီးကတော့ အပြင်ထွက်စားသောက်တာ၊ မိတ်ဆွေတွေဆီ အလည်အပတ်သွားတာကို သဘောကျနိုင်တယ်။ အဲဒီအခါမှာ လင်ယောက်ျားဖြစ်သူက နှိမ့်ချမှုပြပြီး သူ့အကြိုက်ထက် ဇနီးရဲ့အကြိုက်ကိုလိုက်လျောမယ်ဆိုရင် ဇနီးအနေနဲ့ သူ့လင်ယောက်ျားကို လေးစားဖို့ ပိုလွယ်ကူမှာဖြစ်တယ်။ ဇနီးကလည်း သူ့သဘောအတိုင်းပဲလုပ်ဖို့ ကြိုးစားမယ့်အစား လင်ယောက်ျားကို ထည့်စဉ်းစားမယ်ဆိုရင် သူ့ခင်ပွန်းက သူ့ကို ပိုချစ်မြတ်နိုးပြီး တန်ဖိုးထားမှာဖြစ်တယ်။ သူတို့နှစ်ဦးစလုံး နှိမ့်ချမှုရှိတယ်ဆိုရင် အဲဒီဇနီးမောင်နှံရဲ့ဆက်ဆံရေးက ပိုခိုင်မြဲလာမှာဖြစ်တယ်။—ဖိလိပ္ပိ ၂:၁-၄ ကိုဖတ်ပါ။

၁၅၊ ၁၆။ ဆာလံ ၁၃၁ မှာ ဒါဝိဒ်က အစ္စရေးလူတွေကို ဘာ အားပေးခဲ့သလဲ။ ဒီအချက်ကို အသင်းတော်မှာ ကျွန်ုပ်တို့ ဘယ်လိုကျင့်သုံးနိုင်သလဲ။

၁၅ အသင်းတော်မှာ။ ကမ္ဘာပေါ်မှာ လူအများစုက သူတို့ရဲ့အလိုဆန္ဒ ချက်ချင်းပြည့်ရမယ်လို့ ယူဆကြတယ်။ သူတို့မှာ စိတ်ရှည်ခြင်းမရှိသလို စောင့်ရတာကိုလည်း မကြိုက်ကြဘူး။ ကျွန်ုပ်တို့မှာ နှိမ့်ချမှုရှိတယ်ဆိုရင် ယေဟောဝါကိုစောင့်ဖို့၊ ကိုယ်တော့်ကို ယုံကြည်စိတ်ချဖို့ ပိုလွယ်ကူမယ်။ (ဆာလံ ၁၃၁:၁-၃ ကိုဖတ်ပါ။) ကျွန်ုပ်တို့မှာ နှိမ့်ချမှုရှိပြီး ယေဟောဝါကို စောင့်ဆိုင်းမယ်ဆိုရင် ကောင်းချီးခံစားရပါလိမ့်မယ်။ လုံခြုံမှု၊ နှစ်သိမ့်မှုနဲ့ ပျော်ရွှင်မှု ခံစားရမှာဖြစ်တယ်။ ဒါဝိဒ် ဘာကြောင့် အစ္စရေးလူမျိုးကို စိတ်ရှည်ရှည်နဲ့ ဘုရားသခင်ကို စောင့်ဆိုင်းဖို့ အားပေးခဲ့တယ်ဆိုတာ ဒီအချက်ကနေ နားလည်နိုင်ပါတယ်။

၁၆ သင်က ယေဟောဝါကို နှိမ့်ချစွာစောင့်ဆိုင်းမယ်ဆိုရင် ဒါဝိဒ်လိုပဲ နှစ်သိမ့်မှု ခံစားရနိုင်တယ်။ (ဆာ. ၄၂:၅) သင်ဟာ အသင်းတော်မှာ ပိုပြီးကူညီပေးနိုင်ဖို့ အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်လိုစိတ် ရှိနေမယ်။ (၁ တိ. ၃:၁-၇) အကြီးအကဲတစ်ယောက်မှာ ရှိရမယ့်အရည်အချင်းတွေ ရှိလာအောင် သန့်ရှင်းသောစွမ်းအားတော်အကူအညီနဲ့ သင်အရင် ကြိုးစားသင့်တယ်။ ဒါပေမဲ့ သင်က တခြားသူတွေထက် နည်းနည်းပိုပြီး စောင့်ရတယ်ဆိုရင်ကော။ အငယ်ဆုံးသောသူအဖြစ် ကျင့်ကြံသူဟာ လုပ်ငန်းတော်အခွင့်ထူးတစ်ခုရဖို့ စိတ်ရှည်ရှည်နဲ့ စောင့်မှာဖြစ်တယ်။ အဲဒီအချိန်အတောအတွင်းမှာ သူဘာတာဝန်ပဲရရ ယေဟောဝါရဲ့အမှုတော်ကို ပျော်ပျော်ရွှင်ရွှင် ဆက်လုပ်ဆောင်မှာဖြစ်တယ်။

၁၇၊ ၁၈။ (က) ကျွန်ုပ်တို့က တခြားသူတွေကို ခွင့်လွှတ်မယ်၊ ကျွန်ုပ်တို့ကိုခွင့်လွှတ်ဖို့ တခြားသူတွေကို တောင်းပန်မယ်ဆိုရင် ဘာအကျိုးရမလဲ။ (ခ) သဘောတူထားတဲ့အတိုင်း မလုပ်နိုင်တဲ့အခါမျိုးမှာ သုတ္တံ ၆:၁-၅ က ဘာလုပ်ဖို့ အကြံပေးသလဲ။

၁၇ တခြားသူတွေနဲ့ ဆက်ဆံရေးမှာ။ လူအများစုက တောင်းပန်ဖို့ အရမ်းဝန်လေးတတ်ကြတယ်။ ဒါပေမဲ့ ဘုရားသခင့်ကျေးကျွန်တွေကတော့ အမှားကို ဝန်ခံခြင်း၊ ခွင့်လွှတ်ဖို့ တောင်းပန်ခြင်းအားဖြင့် နှိမ့်ချမှုပြကြတယ်။ တခြားသူတွေရဲ့အမှားကို ခွင့်လွှတ်ဖို့လည်း အသင့်ရှိကြတယ်။ မာနက ကြီးမားတဲ့ပြဿနာတွေကို ပေါ်ပေါက်စေပေမဲ့ ခွင့်လွှတ်ဖို့ တလိုတလားရှိခြင်းက အသင်းတော်ကို ငြိမ်သက်စေတယ်။

၁၈ ကျွန်ုပ်တို့ဘက်က တောင်းပန်ပါတယ်လို့ စိတ်ရင်းမှန်နဲ့ ပြောခြင်းအားဖြင့် နှိမ့်ချမှုပြဖို့ လိုပါလိမ့်မယ်။ ဥပမာ၊ ကျွန်ုပ်တို့က တစ်ယောက်ယောက်နဲ့ သဘောတူညီချက်တစ်ခု လုပ်ခဲ့မယ်။ ဒါပေမဲ့ ခိုင်လုံတဲ့အကြောင်းတစ်ခုခုကြောင့် သဘောတူထားတဲ့အတိုင်း မလုပ်နိုင်တဲ့အခါမျိုး ရှိနိုင်တယ်။ ဖြစ်ခဲ့တာတွေက ကျွန်ုပ်တို့ဘက်က လုံးလုံးမှားတာ ဟုတ်ချင်မှဟုတ်ပေမဲ့ ကျွန်ုပ်တို့ရဲ့အမှားကို စဉ်းစားပြီး ဝန်ခံသင့်တယ်။—သု. ၆:၁-၅ ကိုဖတ်ပါ။

အငယ်ဆုံးသောသူအဖြစ်ကျင့်ကြံဖို့ သင် ဘာအခွင့်အရေးတွေ ရထားသလဲ

၁၉။ အငယ်ဆုံးသောသူအဖြစ်ကျင့်ကြံပါလို့ သမ္မာကျမ်းစာက အားပေးတဲ့အတွက် ကျွန်ုပ်တို့ ဘာကြောင့် ကျေးဇူးတင်သင့်သလဲ။

၁၉ အငယ်ဆုံးသောသူအဖြစ်ကျင့်ကြံပါလို့ သမ္မာကျမ်းစာက အားပေးတဲ့အတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ကြတယ်။ အဲဒီလိုနှိမ့်ချမှုပြဖို့ ခက်တဲ့အချိန်တွေလည်း ရှိနိုင်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က ယေဟောဝါဟာ ကျွန်ုပ်တို့ထက် ဘယ်လောက်ကြီးမြတ်တယ်၊ ယေဟောဝါကိုယ်တိုင် နှိမ့်ချမှုပြတယ်ဆိုတာကို စဉ်းစားတွေးတောတယ်ဆိုရင် နှိမ့်ချမှုပြချင်လာမှာဖြစ်တယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ ယေဟောဝါအတွက် ပိုပြီး အသုံးဝင်တဲ့ ကျေးကျွန်တွေဖြစ်လာမယ်။ ဒါကြောင့် အငယ်ဆုံးသောသူအဖြစ် ကျင့်ကြံဖို့ အစွမ်းကုန် ကြိုးစားအားထုတ်ကြပါစို့။

^ အပိုဒ်၊ 5 အမည်တွေကို ပြောင်းထား။