မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့ တလိုတလား ခွင့်လွှတ်မှုကနေ သင်အကျိုးခံစားရ

ယေဟောဝါရဲ့ တလိုတလား ခွင့်လွှတ်မှုကနေ သင်အကျိုးခံစားရ

‘ယေဟောဝါက ကရုဏာရှိပြီး သနားစာနာတတ်တဲ့ဘုရားသခင်၊ ဒေါသထွက်နှေးပြီး အမှားတွေ၊ ကျူးလွန်မှုတွေ၊ အပြစ်တွေကို ခွင့်လွှတ်တဲ့ ဘုရားသခင်ဖြစ်တယ်။’—ထွ. ၃၄:၆၊ ၇၊ ကဘ။

၁၊ ၂။ (က) ယေဟောဝါက အစ္စရေးလူမျိုးအတွက် ဘယ်လိုဘုရားသခင်မျိုးလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းကို သုံးသပ်မလဲ။

နေဟမိခေတ်မှာ လေဝိသားတစ်စုဟာ သူတို့ရဲ့ လူထုရှေ့ဆုတောင်းချက်မှာ အစ္စရေးလူတွေ ယေဟောဝါရဲ့ ပညတ်တွေကို အကြိမ်ကြိမ် “နားမထောင်ခဲ့ဘူး” ဆိုတာကို ဝန်ခံခဲ့ကြတယ်။ ဒါပေမဲ့ ယေဟောဝါက သူတို့ကို အကြိမ်ကြိမ် ခွင့်လွှတ်ခဲ့တယ်။ ကိုယ်တော်က ‘အပြစ်ကိုဖြေတတ်သောဘုရားသခင်၊ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်းနှင့်ကြွယ်ဝသော ဘုရားသခင်ဖြစ်’ တယ်။ ယေဟောဝါက အစ္စရေးလူတွေအပေါ် မဟာကြင်နာမှုဆက်ပြခဲ့တယ်။—နေ. ၉:၁၆၊ ၁၇

‘ဘုရားသခင့်ခွင့်လွှတ်မှုကနေ ငါဘယ်လို အကျိုးခံစားရနိုင်သလဲ’ ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် မေးနိုင်ပါတယ်။ အဲဒီမေးခွန်းရဲ့အဖြေကိုရဖို့ ဘုရင်ဒါဝိဒ်နဲ့ မနာရှေကို ဘုရားသခင် ဘယ်လိုခွင့်လွှတ်ခဲ့တယ်ဆိုတာနဲ့ အဲဒီကနေ သူတို့ ဘယ်လိုအကျိုးခံစားခဲ့ရတယ်ဆိုတာ လေ့လာကြမယ်။

ဒါဝိဒ်ရဲ့ကြီးလေးတဲ့အပြစ်တွေ

၃-၅။ ဒါဝိဒ်ဟာ ဘယ်ကြီးလေးတဲ့ အပြစ်တွေ ကျူးလွန်ခဲ့သလဲ။

ဒါဝိဒ်က ဘုရားသခင်ကို ကြောက်ရွံ့သူဖြစ်ပေမယ့် ကြီးလေးတဲ့အပြစ်တွေ ကျူးလွန်ခဲ့တယ်။ အဲဒီအပြစ်တွေထဲမှာ နှစ်ခုက ဥရိယနဲ့ ဗာသရှေဘတို့ဇနီးမောင်နှံနဲ့ ပတ်သက်တယ်။ ဒီအပြစ်တွေရဲ့ အကျိုးဆက်က ပါဝင်ပတ်သက်သူအားလုံးကို ထိခိုက်နာကျင်စေတယ်။ ဒါပေမဲ့ ဒါဝိဒ်ကို ယေဟောဝါ တည့်မတ်ပေးတဲ့ နည်းလမ်းက ကိုယ်တော့်ခွင့်လွှတ်မှုအကြောင်း ကျွန်ုပ်တို့ကို သင်ပေးတယ်။ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ လေ့လာကြည့်ကြစို့။

ဒါဝိဒ်ဟာ အမ္မုန်လူမျိုးတွေရဲ့ မြို့တော်ဖြစ်တဲ့ ရဗ္ဗာမြို့ကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်ကို စေလွှတ်ခဲ့တယ်။ အဲဒီမြို့ဟာ ဂျေရုဆလင်မြို့ရဲ့ အရှေ့ဘက် မိုင် ၅၀ (ကီလိုမီတာ ၈၀) အကွာ၊ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းမှာ တည်ရှိတယ်။ စစ်တပ်က စစ်တိုက်ထွက်နေချိန်မှာ ဒါဝိဒ်ဟာ သူ့ရဲ့နန်းတော်ခေါင်မိုးပေါ်ကနေပြီး ဗာသရှေဘ ရေချိုးနေတာကို မြင်လိုက်တယ်။ သူမရဲ့ယောက်ျားက စစ်တိုက်ထွက်နေတယ်။ ဒါဝိဒ်ဟာ ဗာသရှေဘကို အရမ်းလိုချင်တပ်မက်လာတယ်၊ ဒါကြောင့် သူမကို နန်းတော်ထဲခေါ်လာဖို့ သူ့လူတွေကို စေလွှတ်လိုက်တယ်၊ အဲဒီနောက် ဒါဝိဒ်ဟာ သူမနဲ့ အိမ်ထောင်ရေး ဖောက်ပြန်ခဲ့တယ်။—၂ ရာ. ၁၁:၁-၄

ဗာသရှေဘမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ ဒါဝိဒ်သိတဲ့အခါ ဥရိယကို ဂျေရုဆလင်မြို့ကို ပြန်ပို့ဖို့ သူ့ရဲ့စစ်ဗိုလ်ချုပ်ကို ပြောတယ်။ အဲဒီနောက် ဒါဝိဒ်က ဥရိယကို အိမ်ပြန်ဖို့ အကြိမ်ကြိမ် ပြောခဲ့တယ်။ ဒါဝိဒ်က ဥရိယကို ဗာသရှေဘနဲ့အတူ ပြန်အိပ်စေချင်တယ်။ ဒါပေမဲ့ ဥရိယက သူ့ရဲ့အိမ်ကို မပြန်ခဲ့ဘူး။ ဒါနဲ့ ဘုရင်က ဥရိယကို တိုက်ပွဲအပြင်းထန်ဆုံး ရှေ့တန်းစစ်မျက်နှာမှာ တာဝန်ပေးဖို့နဲ့ သူ့ကို အဲဒီမှာထားခဲ့ပြီး တပ်ဆုတ်လိုက်ဖို့ စစ်ဗိုလ်ချုပ်ဆီကို လျှို့ဝှက်စာတစ်စောင် ရေးပို့လိုက်တယ်။ ဒါဝိဒ် ကြိုတင်အကွက်ချ စီစဉ်ထားတဲ့အတိုင်း စစ်ပွဲမှာ ဥရိယသေဆုံးသွားတယ်။ (၂ ရာ. ၁၁:၁၂-၁၇) ဒါကြောင့် ဘုရင်ဟာ အိမ်ထောင်ရေးဖောက်ပြန်တဲ့အပြစ် ကျူးလွန်ရုံသာမက အပြစ်မဲ့တဲ့ လူတစ်ယောက်ကို သတ်လိုက်တဲ့အတွက် သူ့အပြစ်က ပိုကြီးသွားတယ်။

ဒါဝိဒ်ရဲ့ သဘောထား ပြောင်းလဲခဲ့

၆။ ဒါဝိဒ်အပြစ်လုပ်ပြီးတဲ့နောက် ဘုရားသခင် ဘာလုပ်ခဲ့သလဲ၊ အဲဒါက ယေဟောဝါအကြောင်း ကျွန်ုပ်တို့ကို ဘာသင်ပေးသလဲ။

ဖြစ်ပျက်ခဲ့တာတွေအားလုံးကို ယေဟောဝါ မြင်တွေ့ခဲ့တယ်။ ကိုယ်တော့်ရှေ့မှာ ဘာမှဖုံးကွယ်ထားလို့ မရဘူး။ (သု. ၁၅:၃) နောက်ပိုင်းမှာ ဘုရင်က ဗာသရှေဘကို လက်ထပ်လိုက်ပေမယ့် ‘ဒါဝိဒ်ပြုသောအမှုသည် ယေဟောဝါရှေ့တော်၌ ဆိုးသောအမှုဖြစ်’ ခဲ့တယ်။ (၂ ရာ. ၁၁:၂၇) အဲဒါကို ဘုရားသခင် ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ကိုယ်တော်က ပရောဖက်နာသန်ကို ဒါဝိဒ်ဆီ စေလွှတ်ခဲ့တယ်။ ယေဟောဝါက ခွင့်လွှတ်တဲ့ဘုရားသခင်ဖြစ်တဲ့အတွက် ဒါဝိဒ်ကို ကရုဏာပြချင်တယ်။ ဒါပေမဲ့ ဒါဝိဒ် တကယ်နောင်တရမရဆိုတာ ကိုယ်တော်သိချင်တယ်။ ယေဟောဝါမှာ အဲဒီလိုသဘောထားရှိတဲ့အတွက် ကျွန်ုပ်တို့ အရမ်းအားရှိတယ်။ ကိုယ်တော်က ဒါဝိဒ်ကို အပြစ်ဝန်ခံဖို့အတွက် အတင်းဖိအားမပေးခဲ့ဘူး။ ဒါပေမဲ့ ဒါဝိဒ်ရဲ့ အပြစ်တွေ ဘယ်လောက်ဆိုးတယ်ဆိုတာ ဖော်ပြဖို့ နာသန်ကို ဇာတ်လမ်းတစ်ပုဒ် ပြောပြစေခဲ့တယ်။ (၂ ရာ. ၁၂:၁-၄ ကိုဖတ်ပါ။) အဲဒီလိုလုပ်တာက ဒါဝိဒ်ရဲ့ ခံစားချက်အမှန်ကို သိနိုင်တဲ့ အရမ်းကောင်းတဲ့နည်းလမ်းပဲ။

၇။ နာသန်ရဲ့ဇာတ်လမ်းကို ကြားတဲ့အခါ ဒါဝိဒ် ဘယ်လိုခံစားခဲ့ရသလဲ။

နာသန်ရဲ့ ဇာတ်လမ်းထဲက ဖြစ်ရပ်တွေက မတရားဘူးလို့ ဘုရင်ခံစားခဲ့ရတယ်။ ဒါဝိဒ်ဟာ ဇာတ်လမ်းထဲက သူဌေးကို ဒေါသထွက်ပြီး နာသန်ကို ဒီလိုပြောတယ်– ‘ယေဟောဝါ အသက်ရှင်တော်မူသည်အတိုင်း ထိုသို့ပြုသောသူသည် အမှန်သေရမည်။’ ဒါ့အပြင် ဒီ မတရားတဲ့လုပ်ရပ်အတွက် အစားပြန်လျော်ရမယ်လို့လည်း ပြောတယ်။ အဲဒီအခါ နာသန်က “ထိုသူသည်ကား အခြားသူမဟုတ်။ ကိုယ်တော်ပင်ဖြစ်ပါ၏” လို့ပြောလိုက်တယ်။ ဒါဝိဒ် အရမ်းတုန်လှုပ်သွားတယ်။ ဒါဝိဒ်လုပ်ခဲ့တာတွေကြောင့် သူကိုယ်တိုင် ဒုက္ခတွေခံစားရမှာဖြစ်ပြီး သူ့မိသားစုဝင်တွေလည်း ရက်ရက်စက်စက် အသတ်ခံရမယ်လို့ နာသန်ပြောခဲ့တယ်။ လူရှေ့မှာလည်း အရှက်ခွဲခံရလိမ့်မယ်။ သူလုပ်ခဲ့တဲ့အပြစ် ဘယ်လောက်ကြီးတယ်ဆိုတာ ဒါဝိဒ် သဘောပေါက်ခဲ့ပြီး စိတ်မကောင်းစွာနဲ့ ‘ငါသည် ယေဟောဝါကို ပြစ်မှားပါပြီ’ လို့ပြောခဲ့တယ်။—၂ ရာ. ၁၂:၅-၁၄

ဒါဝိဒ်ရဲ့ဆုတောင်းချက်နဲ့ ဘုရားသခင့်ခွင့်လွှတ်မှု

၈၊ ၉။ ဒါဝိဒ်က သူလုပ်ခဲ့တဲ့ အပြစ်တွေကြောင့် ခံစားရတာတွေကို ဆာလံ ၅၁ မှာ ဘယ်လိုဖော်ပြခဲ့သလဲ။ အဲဒီကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။

နောက်ပိုင်းမှာ ဘုရင်ဒါဝိဒ်က ဆာလံ ၅၁ ကို စပ်ဆိုခဲ့တယ်။ အဲဒီဆာလံမှာပါတဲ့ စကားတွေက သူဘယ်လောက် ဝမ်းနည်းတယ်ဆိုတာ ဖော်ပြတယ်။ ဒါဝိဒ်က သူ့ကိုကူညီပေးပါလို့ ယေဟောဝါထံ အသနားခံခဲ့တယ်။ သူက အမှားကို ဝန်ခံတာထက်မက လုပ်ဆောင်ခဲ့တယ်။ သူ့ရဲ့အပြစ်တွေအတွက်လည်း နောင်တရခဲ့တယ်။ ဘုရားသခင်နဲ့ သူ့ရဲ့ဆက်ဆံရေးက သူ့အတွက် အရေးကြီးဆုံးပဲ။ “ကျွန်တော်က ကိုယ်တော့်ကို ပြစ်မှားမိတယ်။ ကိုယ်တော့်ကိုမှ ပြစ်မှားမိတယ်” လို့ဝန်ခံခဲ့တယ်။ “အို ဘုရားသခင်၊ ကျွန်တော့်ရင်ထဲမှာ စင်ကြယ်တဲ့နှလုံးသားကို ဖန်ဆင်းပေးပါ။ တည်ကြည်ခိုင်မြဲတဲ့စိတ်သဘောသစ်ကို ထည့်သွင်းပေးပါ။ . . . ကိုယ်တော့်ကယ်တင်ခြင်းကြောင့်ခံစားရတဲ့ ရွှင်လန်းမှုလေး ပြန်ပေးလှည့်ပါ။ လိုလိုလားလားနာခံချင်စိတ်ရှိအောင် လှုံ့ဆော်ပေးပါ” ဆိုပြီး အသနားခံခဲ့တယ်။ (ဆာ. ၅၁:၁-၄၊ ၇-၁၂ကဘ) သင်ကော သင့်ရဲ့အမှားတွေနဲ့ပတ်သတ်ပြီး ယေဟောဝါကို စကားပြောတဲ့အခါ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောဆိုသလား။

ဒါဝိဒ်လုပ်ခဲ့တဲ့ အပြစ်ရဲ့ဆိုးကျိုးတွေကို ယေဟောဝါ မဖယ်ရှားပေးခဲ့ဘူး။ ကျန်ရှိတဲ့ သူ့ဘဝတစ်လျှောက်လုံးမှာ အဲဒီအကျိုးဆက်တွေကို ခါးစည်းခံသွားရမှာဖြစ်တယ်။ ဒါပေမဲ့ ဒါဝိဒ်မှာ “ကျိုးပဲ့ကြေမွသောနှလုံး” ရှိခဲ့ပြီး နောင်တရခဲ့တဲ့အတွက် သူ့ကို ယေဟောဝါခွင့်လွှတ်ခဲ့တယ်။ (ဆာလံ ၃၂:၅ ကိုဖတ်ပါ; ဆာ. ၅၁:၁၇) အတိုင်းအဆမဲ့တန်ခိုးရှိတဲ့ ဘုရားသခင်က လူတွေရဲ့ ခံစားချက်အမှန်နဲ့ လူတစ်ယောက်အပြစ်ကျူးလွန်ရတဲ့ အကြောင်းရင်းတွေကို သိတယ်။ ဒါကြောင့် လူသားတရားသူကြီးတွေကိုသုံးပြီး မောရှေပညတ်နဲ့အညီ ဒါဝိဒ်နဲ့ ဗာသရှေဘကို သေဒဏ်စီရင်စေမယ့်အစား ယေဟောဝါကိုယ်တိုင် ကြားဝင်ပြီး ဒါဝိဒ်နဲ့ ဗာသရှေဘကို ကရုဏာပြခဲ့တယ်။ (ဝတ်. ၂၀:၁၀) အချိန်တန်တဲ့အခါ ဘုရားသခင်ဟာ သူတို့ရဲ့သား ရှောလမုန်ကိုတောင် အစ္စရေးဘုရင်အဖြစ် တင်မြှောက်ခဲ့တယ်။—၅ ရာ. ၂၂:၉၊ ၁၀

၁၀။ (က) ဒါဝိဒ်ကို ယေဟောဝါခွင့်လွှတ်ရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုက ဘာဖြစ်မလဲ။ (ခ) ယေဟောဝါရဲ့ ခွင့်လွှတ်မှုရဖို့ ဘာလုပ်ရမလဲ။

၁၀ ဒါဝိဒ်ကို ဘုရားသခင် ခွင့်လွှတ်ခဲ့တဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုက ရှောလုအပေါ် ဒါဝိဒ်ပြခဲ့တဲ့ ကရုဏာကြောင့်ဖြစ်နိုင်တယ်။ (၁ ရာ. ၂၄:၄-၇) တခြားသူတွေကို ကျွန်ုပ်တို့ ဆက်ဆံတဲ့အတိုင်း ယေဟောဝါက ကျွန်ုပ်တို့ကို ဆက်ဆံတယ်လို့ ယေရှု ရှင်းပြခဲ့တယ်။ “သင်တို့သည် စီရင်ခြင်း မခံရမည်အကြောင်း စီရင်ခြင်းကို မပြုကြနှင့်တော့။ သင်တို့သည် ကိုယ်စီရင်သည့်နည်းအတိုင်း စီရင်ခြင်းကို ခံကြရမည်။ ကိုယ်ချိန်ပေးသည့် ပမာဏအတိုင်း ဆပ်ပေးခြင်းကို ခံကြရမည်။” (မ. ၇: ၁၊ ၂) ယေဟောဝါက ကျွန်ုပ်တို့ရဲ့ အပြစ်တွေ၊ အိမ်ထောင်ရေးဖောက်ပြန်တာ ဒါမှမဟုတ် လူသတ်မှုကျူးလွန်တာမျိုးလို ကြီးလေးတဲ့အပြစ်တွေကိုတောင် ခွင့်လွှတ်မယ်လို့ သိရတာက တကယ့်ကို စိတ်သက်သာမှုရစေတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့မှာ ခွင့်လွှတ်တတ်တဲ့သဘောထားရှိပြီး ကျွန်ုပ်တို့ရဲ့ အပြစ်တွေကို ကိုယ်တော်ထံဝန်ခံရမယ်၊ ကျွန်ုပ်တို့ရဲ့ မှားယွင်းတဲ့လုပ်ရပ်တွေကို ပြုပြင်လိုတဲ့သဘောထားရှိရမယ်၊ ဒါမှသာ ကိုယ်တော်က ကျွန်ုပ်တို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးမှာဖြစ်တယ်။ အပြစ်သားတွေ စိတ်ရင်းမှန်နဲ့နောင်တရတဲ့အခါ ယေဟောဝါက သူတို့ကို “လန်းဆန်းစေသောအချိန်ကာလ” ဒါမှမဟုတ် သူတို့မှာ ကြည်လင်တဲ့ ဩတ္တပ္ပစိတ်ရှိအောင် ကူညီပေးမှာဖြစ်တယ်။—တမန်တော် ၃:၁၉ ကိုဖတ်ပါ။

မနာရှေရဲ့အပြစ် ကြီးလေးပေမဲ့ သူနောင်တရခဲ့

၁၁။ မနာရှေဟာ မကောင်းတဲ့ ဘယ်လုပ်ရပ်တွေကို လုပ်ခဲ့သလဲ။

၁၁ ယေဟောဝါက အလွန်ကြီးလေးတဲ့ အပြစ်တွေကိုတောင် တလိုတလား ခွင့်လွှတ်တယ်ဆိုတာ နောက်ထပ် ကျမ်းစာမှတ်တမ်းတစ်ခုက ဖော်ပြတယ်။ ဒါဝိဒ်အုပ်ချုပ်ပြီး နှစ်ပေါင်း ၃၆၀ အကြာမှာ မနာရှေဟာ ယုဒနိုင်ငံရဲ့ဘုရင် ဖြစ်လာတယ်၊ သူ့ရဲ့အုပ်ချုပ်ချိန်က ၅၅ နှစ်ကြာခဲ့တယ်။ သူက စက်ဆုပ်ရွံရှာစရာကောင်းတဲ့ အပြစ်တွေလုပ်ခဲ့လို့ ယေဟောဝါ သူ့ကို ဒဏ်ခတ်ခဲ့တယ်။ မနာရှေဟာ ဗာလအတွက် ယဇ်ပလ္လင်တွေ တည်ဆောက်ခဲ့တယ်၊ နေ၊ လ၊ ကြယ်တွေကို ဝတ်ပြုပြီး သူ့ရဲ့သားတွေကို မီးရှို့ပူဇော်ခဲ့တယ်၊ လူတွေကို နတ်ဆိုးပညာလိုက်စားဖို့ အားပေးခဲ့တယ်။ ‘ယေဟောဝါ၏ ရှေ့တော်၌ များစွာသောမကောင်းမှုကိုပြု’ ခဲ့တယ်။—၆ ရာ. ၃၃:၁-၆

၁၂။ မနာရှေဟာ ဘယ်လိုနည်းနဲ့ ယေဟောဝါထံ ပြန်လှည့်လာခဲ့သလဲ။

၁၂ နောက်ဆုံးမှာ မနာရှေဟာ အဖမ်းခံရပြီး ဗာဗုလုန်မှာ ထောင်ချခံခဲ့ရတယ်။ အဲဒီအချိန်မှာ အစ္စရေးလူတွေကို မောရှေပြောခဲ့တဲ့ ဒီစကားတွေကို သူပြန်သတိရခဲ့တာ ဖြစ်နိုင်တယ်– ‘သင်တို့သည် နောင်ကာလ၌ ဒုက္ခဆင်းရဲကိုခံရ၍ ဤအမှုအလုံးစုံတို့နှင့် တွေ့ကြုံသောအခါ သင်တို့၏ ဘုရားသခင် ယေဟောဝါထံတော်သို့ ပြန်လာ၍ စကားတော်ကို နားထောင်’ ရမည်။ (တရား. ၄:၃၀) မနာရှေဟာ ယေဟောဝါထံ ပြန်လှည့်လာခဲ့တယ်။ ဘယ်လိုနည်းနဲ့လဲ။ “ဘုရားသခင့်ရှေ့မှာ ကိုယ်ကိုအလွန်နှိမ့်ချ” ပြီး အဆက်မပြတ် “ဆုတောင်း” ခြင်းအားဖြင့်ဖြစ်တယ် (စာမျက်နှာ ၂၁ မှာဖော်ပြတဲ့ပုံအတိုင်း)။ (၆ ရာ. ၃၃:၁၂၊ ၁၃) မနာရှေရဲ့ ဆုတောင်းချက်မှာပါတဲ့ စကားတွေကို ကျမ်းစာမှာ အတိအကျ မဖော်ပြထားပေမဲ့ ဆာလံအခန်းကြီး ၅၁ မှာပါတဲ့ ဒါဝိဒ်ရဲ့ စကားတွေနဲ့ ဆင်တူနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ မနာရှေဟာ သူ့ရဲ့စိတ်နှလုံးကို လုံးလုံး ပြုပြင်ပြောင်းလဲခဲ့တယ်။

၁၃။ မနာရှေကို ယေဟောဝါ ဘာကြောင့် ခွင့်လွှတ်ခဲ့တာလဲ။

၁၃ ယေဟောဝါထံ မနာရှေဆုတောင်းတဲ့အခါ ကိုယ်တော် ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ယေဟောဝါက မနာရှေရဲ့ ‘ဆုတောင်းစကားကို’ နားထောင်ခဲ့တယ်။ မနာရှေဟာ ဘုရင်ဒါဝိဒ်လိုပဲ သူ့အပြစ်ဘယ်လောက်ကြီးတယ်ဆိုတာ အသိအမှတ်ပြုပြီး စစ်မှန်တဲ့နောင်တယူခဲ့တယ်။ ဒါကြောင့် ဘုရားသခင်က မနာရှေကို ခွင့်လွှတ်ပြီး ဂျေရုဆလင်မှာ ဘုရင်အဖြစ် ပြန်အုပ်ချုပ်စေခဲ့တယ်။ ရလဒ်အနေနဲ့ ယေဟောဝါဟာ စစ်မှန်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာ မနာရှေသိခဲ့ရတယ်။ (၆ ရာ. ၃၃:၁၃) စစ်မှန်တဲ့နောင်တရသူတွေကို ကရုဏာရှင်ဘုရားသခင် ခွင့်လွှတ်တယ်ဆိုတာ ဒီအဖြစ်အပျက်ကနေ သိရတဲ့အတွက် တကယ့်ကို အားရှိစရာပါပဲ။

ယေဟောဝါရဲ့ခွင့်လွှတ်မှုကြောင့် မနာရှေက ဘုရင်အဖြစ် ဂျေရုဆလင်မြို့ကိုပြန်အုပ်ချုပ်ခွင့်ရ

ယေဟောဝါရဲ့ ခွင့်လွှတ်မှုက အကန့်အသတ်မဲ့လား

၁၄။ အပြစ်ကျူးလွန်သူတစ်ယောက်ကို ယေဟောဝါ ခွင့်လွှတ်၊ မလွှတ်ဆိုတာ ဘယ်ပေါ်မူတည်ပြီး ဆုံးဖြတ်သလဲ။

၁၄ ဘုရားသခင့်ကျေးကျွန်အများစုက ဒါဝိဒ်နဲ့ မနာရှေလို ကြီးလေးတဲ့အပြစ်တွေလုပ်မိလို့ ကိုယ်တော့်ဆီကနေ ခွင့်လွှတ်မှုတောင်းခံရတာမျိုး ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ယေဟောဝါက အပြစ်ကျူးလွန်သူတွေ တကယ်နောင်တရတယ်ဆိုရင် ကြီးလေးတဲ့အပြစ်ပဲဖြစ်ပါစေ ခွင့်လွှတ်ဖို့ တလိုတလားရှိတယ်ဆိုတာ အဲဒီအဖြစ်အပျက်တွေကနေ သိရတယ်။

၁၅။ ယေဟောဝါက လူတိုင်းရဲ့အပြစ်ကို အမြဲတမ်း ခွင့်မလွှတ်ဘူးဆိုတာ ဘယ်လိုသိရသလဲ။

၁၅ ယေဟောဝါက လူတိုင်းရဲ့အပြစ်ကို အမြဲတမ်း ခွင့်လွှတ်တယ်လို့တော့ ကျွန်ုပ်တို့ မယူဆသင့်ဘူး။ ဒါဝိဒ်နဲ့ မနာရှေရဲ့ သဘောထားက အစ္စရေးနဲ့ ယုဒပြည်မှာရှိတဲ့ နာခံမှုမရှိသူတွေရဲ့ သဘောထားနဲ့ အတော့်ကို ကွာခြားခဲ့တယ်။ ဒါဝိဒ် အပြစ်ကျူးလွန်တဲ့အခါ ဘုရားသခင်က နာသန်ကို ဒါဝိဒ်ဆီစေလွှတ်ပြီး နောင်တရဖို့ အခွင့်အရေးပေးခဲ့တယ်။ အဲဒီအခွင့်အရေးအတွက် ဒါဝိဒ်ကျေးဇူးတင်ပြီး နောင်တယူခဲ့တယ်။ မနာရှေလည်း အရမ်းဆိုးရွားတဲ့အခြေအနေ ကြုံရတဲ့အခါ သူ့ရဲ့အပြစ်တွေအတွက် နောင်တယူဖို့လိုတယ်ဆိုတာ အသိအမှတ်ပြုခဲ့တယ်။ ဒါပေမဲ့ အစ္စရေးနဲ့ ယုဒမှာ ရှိတဲ့သူတွေကတော့ သူတို့အပြစ်အတွက် နောင်တရလေ့မရှိဘူး။ ဒါကြောင့် ယေဟောဝါ သူတို့ကို ခွင့်မလွှတ်ခဲ့ဘူး။ ကိုယ်တော်က ပရောဖက်တွေကို အကြိမ်ကြိမ် စေလွှတ်ခဲ့ပြီး သူတို့ရဲ့မနာခံတဲ့လုပ်ရပ်တွေကို ကိုယ်တော် ဘယ်လိုရှုမြင်တယ်ဆိုတာ ကြေညာစေခဲ့တယ်။ (နေဟမိ ၉:၃၀ ကိုဖတ်ပါ။) အစ္စရေးလူတွေ ဗာဗုလုန်ကနေ ယုဒပြည်ကို ပြန်လာပြီးတဲ့နောက်မှာတောင် ယဇ်ပုရောဟိတ်ဧဇရနဲ့ ပရောဖက်မာလခိတို့လို သစ္စာရှိတမန်တွေကို ယေဟောဝါ ဆက်ပြီးစေလွှတ်ခဲ့တယ်။ သူတို့တွေ ဘုရားသခင့်အလိုတော်နဲ့အညီ လုပ်ဆောင်တဲ့အခါ ပျော်ရွှင်မှုများစွာ ခံစားခဲ့ကြရတယ်။—နေ. ၁၂:၄၃-၄၇

၁၆။ (က) အပြစ်တွေအတွက် နောင်တမယူတဲ့ အစ္စရေးလူတွေ ဘာဖြစ်ခဲ့သလဲ။ (ခ) ဇာတိအစ္စရေးလူတွေရဲ့ သားစဉ်မြေးဆက်တွေ ဘယ်အခွင့်အရေး ရနိုင်သလဲ။

၁၆ ယေဟောဝါက အစ္စရေးလူတွေပူဇော်တဲ့ တိရစ္ဆာန်ယဇ်တွေကို လက်မခံတော့ဘူး။ အဲဒီအစား လူသားအားလုံးအတွက် စုံလင်တဲ့ ရွေးနုတ်ဖိုးပူဇော်ရာယဇ်ပေးဖို့ ယေရှုကို မြေကြီးပေါ် စေလွှတ်ခဲ့တယ်။ (၁ ယော. ၄:၉၊ ၁၀) လူသားတစ်ယောက်အနေနဲ့ ယေရှုမှာ သူ့ဖခင်ရဲ့ ရှုမြင်ပုံမျိုး ရှိတယ်ဆိုတာ သူပြောခဲ့တဲ့ ဒီစကားတွေကနေ သိနိုင်ပါတယ်– “ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကို သတ်သည့်မြို့၊ သင့်ထံစေလွှတ်သောသူတို့ကို ခဲနှင့်ပေါက်သည့်မြို့၊ ကြက်မသည် မိမိ၏သားပေါက်များကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားသမီးများကို စုသိမ်းရန် ကြိမ်ဖန်များစွာ ငါအလိုရှိ၏။ သင်တို့မူကား အလိုမရှိကြ။” ဒါကြောင့် ‘ဤအိမ်တော်သည် စွန့်ပစ်ခံရလေပြီ’ လို့ ယေရှုကြေညာခဲ့တယ်။ (မ. ၂၃:၃၇၊ ၃၈) အပြစ်ကျူးလွန်ပြီး နောင်တမယူတဲ့ အစ္စရေးလူမျိုးကို ပုံဆောင်အစ္စရေးလူမျိုး၊ နောက်တစ်နည်းနဲ့ပြောရင် “ဘုရားသခင်၏ အစ္စရေးလူမျိုး” နဲ့ အစားထိုးခဲ့တယ်။ (မ. ၂၁:၄၃; ဂလ. ၆:၁၆) ဇာတိအစ္စရေးလူမျိုးရဲ့ သားစဉ်မြေးဆက်တွေအနေနဲ့ သူတို့ရဲ့အပြစ်ကနေ ခွင့်လွှတ်ခံရနိုင်မလား။ ခွင့်လွှတ်ခံရနိုင်ပါတယ်။ သူတို့သာ ယေဟောဝါနဲ့ ယေရှုခရစ်ရဲ့ပူဇော်ရာယဇ်ကို ယုံကြည်မယ်ဆိုရင် ယေဟောဝါက သူတို့ကို တလိုတလားခွင့်လွှတ်ပြီး ကရုဏာပြမှာဖြစ်တယ်။ မြေကြီးပေါ် ရှင်ပြန်ထမြောက်ရာကာလအတွင်းမှာ မိမိတို့ရဲ့အပြစ်တွေအတွက် နောင်တမယူလိုက်ရဘဲ သေဆုံးသွားသူတွေကိုလည်း ယေဟောဝါ တလိုတလားခွင့်လွှတ်ပါလိမ့်မယ်။—ယော. ၅:၂၈၊ ၂၉; တ. ၂၄:၁၅

ယေဟောဝါရဲ့ ခွင့်လွှတ်မှုကနေ အကျိုးရယူပါ

၁၇၊ ၁၈။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ကျွန်ုပ်တို့ ဘယ်လိုရရှိနိုင်သလဲ။

၁၇ ယေဟောဝါက ကျွန်ုပ်တို့ကို တလိုတလားခွင့်လွှတ်တဲ့အတွက် ကျွန်ုပ်တို့ ဘယ်လို တုံ့ပြန်သင့်သလဲ။ ဒါဝိဒ်နဲ့ မနာရှေလို နောင်တယူသင့်တယ်ဆိုတာ သေချာပါတယ်။ ကျွန်ုပ်တို့မှာ အပြစ်ရှိတယ်ဆိုတာ ဝန်ခံပြီး အမှားတွေအတွက် နောင်တယူမယ်၊ ခွင့်လွှတ်ဖို့ ယေဟောဝါထံသနားခံပြီး ကျွန်ုပ်တို့ကို စင်ကြယ်တဲ့နှလုံးပေးပါလို့ ဆုတောင်းရမယ်။ (ဆာ. ၅၁:၁၀) ကျွန်ုပ်တို့က ကြီးလေးတဲ့အပြစ် ကျူးလွန်မိတယ်ဆိုရင် အကြီးအကဲတွေကို ပြောပြသင့်တယ်၊ ဒါမှ သူတို့က ကျွန်ုပ်တို့ကို ကူညီပေးနိုင်မယ်။ (ယာ. ၅:၁၄၊ ၁၅) ကျွန်ုပ်တို့ရဲ့ အပြစ်တွေက ဘယ်လောက်ပဲ ကြီးလေးပါစေ ယေဟောဝါဟာ “ကရုဏာရှိပြီး သနားစာနာတတ်တဲ့ ဘုရားသခင်၊ ဒေါသထွက်နှေးပြီး ခိုင်မြဲတဲ့မေတ္တာနဲ့ အမှန်တရားကြွယ်ဝတဲ့ဘုရားသခင်၊ ထောင်သောင်းချီတဲ့ လူမျိုးဆက်တွေကို ခိုင်မြဲတဲ့မေတ္တာပြပြီး အမှားတွေ၊ ကျူးလွန်မှုတွေ၊ အပြစ်တွေကို ခွင့်လွှတ်” တဲ့ ဘုရားသခင်ဖြစ်တယ်ဆိုတာ သတိရခြင်းက နှစ်သိမ့်မှုခံစားရစေတယ်။ ယေဟောဝါက မပြောင်းလဲပါဘူး။—ထွ. ၃၄:၆၊ ၇ကဘ။

၁၈ နောင်တရတဲ့ အစ္စရေးလူတွေကို ယေဟောဝါက အကြွင်းမဲ့ ခွင့်လွှတ်မယ်လို့ ကတိပေးခဲ့တယ်။ သူတို့ရဲ့ အပြစ်က “နီသောအဆင်း” ရှိပေမဲ့ “မိုးပွင့်ကဲ့သို့ဖြူ” စေမယ်လို့ ကိုယ်တော် ပြောခဲ့တယ်။ (ဟေရှာယ ၁:၁၈ ကိုဖတ်ပါ။) ဒါကြောင့် ယေဟောဝါရဲ့ ခွင့်လွှတ်မှုကနေ ကျွန်ုပ်တို့ ဘယ်လို အကျိုးရရှိနိုင်သလဲ။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုအတွက် ကျေးဇူးတင်ပြီး နောင်တယူလိုတဲ့ သဘောထားရှိမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့အပြစ်တွေ အကြွင်းမဲ့ခွင့်လွှတ်ခံရနိုင်တယ်။

၁၉။ နောက်ဆောင်းပါးမှာ ဘာအကြောင်း လေ့လာကြမလဲ။

၁၉ လူတွေကို ယေဟောဝါ တလိုတလားခွင့်လွှတ်သလို ကျွန်ုပ်တို့လည်း တခြားသူတွေကို ဘယ်လို ခွင့်လွှတ်နိုင်သလဲ။ တခြားသူတွေ ကြီးလေးတဲ့အပြစ်ကျူးလွန်ပြီး စစ်မှန်တဲ့နောင်တရတဲ့အခါ ကျွန်ုပ်တို့ ဘယ်လိုခွင့်လွှတ်နိုင်သလဲ။ “ကောင်းမြတ်ပြီး ခွင့်လွှတ်ဖို့အသင့်ရှိ” တဲ့ ကျွန်ုပ်တို့ရဲ့ဖခင် ယေဟောဝါကို တုပနိုင်အောင် ကျွန်ုပ်တို့ရဲ့ ခံစားချက်တွေကို ဆန်းစစ်ဖို့ နောက်ဆောင်းပါးက ကူညီပေးပါလိမ့်မယ်။—ဆာ. ၈၆:၅ကဘ။