မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ မော်ကွန်းတိုက်မှ

‘ကြားခဲ့ဖူးသမျှမှာ အကောင်းဆုံးသတင်းပဲ’

‘ကြားခဲ့ဖူးသမျှမှာ အကောင်းဆုံးသတင်းပဲ’

“အဲဒါတွေက ဘာအတွက်လဲ” လို့ ကနေဒါနိုင်ငံ၊ ဆက်စ်ခက်ချဝမ်ပြည်နယ်၊ ဆာစကာတွန်းမြို့ သိုလှောင်ရုံထဲက ပေ ၆၀ (၁၈ မီတာ) မြင့်တဲ့သစ်သားပုံကြီးကို ပြပြီး ဂျော့ဂ်ျ နေးရှ်က မေးခဲ့တယ်။ အဲဒီသစ်သားတွေက ပထမကမ္ဘာစစ်အတွင်းမှာ အချက်ပြမျှော်စင် ဆောက်ခဲ့တဲ့ သစ်တွေဖြစ်တယ်။ “အဲဒီသစ်တွေကို ရေဒီယိုအသံလွှင့်မျှော်စင် ဆောက်တဲ့နေရာမှာသုံးဖို့ ကျွန်တော်စိတ်ကူးပေါ်လာတယ်၊ အဲဒီလိုနဲ့ ဟောပြောခြင်းလုပ်ငန်းအတွက် ရေဒီယိုအသံလွှင့်ရုံတစ်ရုံ ပေါ်လာဖို့ လမ်းစဖြစ်ခဲ့တယ်” လို့ နောက်ပိုင်းမှာ ညီအစ်ကို နေးရှ်က ပြောပြခဲ့တယ်။ တစ်နှစ်ကြာပြီးနောက် ၁၉၂၄ ခုနှစ်မှာတော့ အသံလွှင့်အစီအစဉ် စတင်ခဲ့တယ်။ အဲဒါက ကနေဒါနိုင်ငံမှာ ဘာသာရေးအကြောင်း ဦးဆုံးအသံလွှင့်တဲ့ အသံလွှင့်ရုံတစ်ရုံ ဖြစ်ခဲ့တယ်။

(၁) အယ်လ်ဘာတာပြည်နယ်၊ အက်မန်တန်မြို့က အသံလွှင့်ရုံ (၂) အွန်တဲရီယိုပြည်နယ်၊ တိုရွန်တိုမြို့က အသံလွှင့်စက်ခန်းမှာအလုပ်လုပ်နေတဲ့ ညီအစ်ကို

ကနေဒါက ဥရောပနီးနီး ကျယ်တဲ့အတွက်ကြောင့် ရေဒီယိုကနေ သက်သေခံဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်တယ်။ ဆာစကာတွန်းအသံလွှင့်ရုံမှာ အလုပ်လုပ်တဲ့ ဖလောရဲန့်စ် ဂျွန်ဆင်က အခုလိုပြောခဲ့တယ်– “ရေဒီယိုအသံလွှင့်အစီအစဉ်ကြောင့် ကျွန်မတို့ မတွေ့ဆုံနိုင်တဲ့ သူတွေဆီကို အမှန်တရားရောက်သွားတယ်။” “ဒါ့အပြင် အဲဒီအချိန်တုန်းက ရေဒီယိုက အသစ်အဆန်းဖြစ်နေလို့ လူတွေဟာ အသံလွှင့်သမျှကို နားထောင်ချင်နေကြတယ်။” ၁၉၂၆ ခုနှစ်မှာ ကျမ်းစာကျောင်းသား (အဲဒီအချိန်တုန်းက ယေဟောဝါသက်သေတွေကို ခေါ်တဲ့အမည်) တွေဟာ ကိုယ်ပိုင်အသံလွှင့်ရုံတွေကို ကနေဒါနိုင်ငံရဲ့ မြို့လေးမြို့မှာ တည်ထောင်ခဲ့ကြတယ်။ *

(၃) ဆက်စ်ခက်ချဝမ်ပြည်နယ်၊ ဆာစကာတွန်းမြို့က စီအိတ်ခ်ျယူစီ စတူဒီယို

အဲဒီအသံလွှင့်အစီအစဉ်တစ်ခုခုကို သင်ဖမ်းလိုက်မယ်ဆိုရင် ဘာကြားရမယ်လို့ ထင်သလဲ။ ဒေသခံအသင်းတော်ထဲက အဆိုတော်တွေဟာ တူရိယာတီးမှုတ်သူတွေ၊ အသေးစား သံစုံတီးဝိုင်းအဖွဲ့တွေနဲ့တွဲဖက်ပြီး မကြာခဏ သီချင်း သီဆိုပေးခဲ့ကြတယ်။ ညီအစ်ကိုတွေကလည်း ကျမ်းစာဟောပြောချက်တွေ ဟောပြောပြီး ကျမ်းစာဆွေးနွေးခန်းတွေ လုပ်ခဲ့မယ်ဆိုတာ သေချာတယ်။ အဲဒီလို ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့တဲ့ အေမီ ဂျုံးစ်က အခုလိုပြန်ပြောပြခဲ့တယ်– “ကျွန်မ လယ်ကွင်းလုပ်ငန်းမှာ ပါဝင်တဲ့အခါ ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်ရင် တစ်ခါတလေ အိမ်ရှင်က ‘ဟုတ်လား၊ ရှင့်အသံကို ရေဒီယိုထဲမှာ ကြားဖူးတယ်’ လို့ ပြောတယ်။”

“ဖုန်းခေါ်ဆိုတဲ့ အရေအတွက်က များလွန်းလို့ အလုပ်ရှုပ်ကုန်တယ်”

နိုဗာစကိုးရှားပြည်နယ်၊ ဟယ်လီဖက်စ်မြို့ကလွှင့်တဲ့ ကျမ်းစာကျောင်းသားတွေရဲ့ အစီအစဉ်တစ်ခုမှာ ဟောပြောချက်ကို နားထောင်နေရင်း နားထောင်သူတွေက ဖုန်းဆက်ပြီး ကျမ်းစာမေးခွန်းတွေ မေးနိုင်တယ်။ “အဲဒီအစီအစဉ်အပေါ်တုံ့ပြန်မှုက တကယ်ကို အံ့ဩစရာကောင်းတယ်။ ဖုန်းခေါ်ဆိုတဲ့ အရေအတွက်က များလွန်းလို့ အလုပ်ရှုပ်ကုန်တယ်” လို့ ညီအစ်ကိုတစ်ယောက်က စာရေးခဲ့တယ်။

တမန်တော် ပေါလုလိုပဲ ကျမ်းစာကျောင်းသားတွေဟာ တုံ့ပြန်မှုအမျိုးမျိုးနဲ့ကြုံခဲ့ရတယ်။ (တ. ၁၇:၁-၅) တချို့နားထောင်သူတွေက သတင်းကောင်းကို ကြိုက်ကြတယ်။ ဥပမာ၊ ဟက်တာ မာရှယ်ဟာ ရေဒီယိုကနေ ကျမ်းစာကျောင်းသားတွေ ဖော်ပြခဲ့တဲ့ ကျမ်းစာမှလေ့လာစရာများ စာအုပ်တွဲထဲက စာအုပ် ခြောက်အုပ်ကို မှာယူခဲ့တယ်။ “အဲဒီ စာအုပ်တွေက ဆန်းဒေးစကူးမှာ ကလေးတွေကို သင်ပေးဖို့ ကျွန်တော့်အတွက် အထောက်အကူဖြစ်မယ်လို့ တွေးခဲ့တယ်” ဆိုပြီး အဲဒီညီအစ်ကိုက နောက်ပိုင်းမှာ စာရေးခဲ့တယ်။ ဒါပေမဲ့ စာအုပ်ရဲ့ အတွဲ ၁ ကို ဖတ်ပြီးတဲ့နောက်မှာ ဟက်တာက သူ့ရဲ့ချာ့ခ်ျကနေထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူဟာ ဇွဲထက်သန်တဲ့ သတင်းကောင်းဟောပြောသူဖြစ်လာပြီး သူသေဆုံးတဲ့ ၁၉၉၈ ခုနှစ်အထိ ယေဟောဝါကို သစ္စာရှိရှိ အမှုဆောင်ခဲ့တယ်။ နိုဗာစကိုးရှားပြည်နယ် အရှေ့ပိုင်းမှာ “နိုင်ငံတော်၊ လောကရဲ့ မျှော်လင့်ချက်” ဆိုတဲ့ဟောပြောချက်ကို အသံလွှင့်ပြီးတဲ့နောက် ကာနယ် ဂျေ. အေ. မက်ဒေါ်နယ်က အခုလိုပြောပြခဲ့တယ်– “ကိပ် ဘရီတန်ကျွန်းမှာနေတဲ့ လူတွေဟာ မနေ့က သတင်းကောင်းတစ်ခု ကြားခဲ့ရတယ်၊ အဲဒါက ဒီလောကမှာ သူတို့ကြားခဲ့ဖူးသမျှမှာ အကောင်းဆုံးသတင်းပဲလို့ ပြောကြတယ်။”

တစ်ဖက်မှာလည်း ခရစ်ယာန်ဓမ္မဆရာတွေက ဒေါသထွက်ခဲ့ကြတယ်။ ကျမ်းစာကျောင်းသားတွေရဲ့ အစီအစဉ်တွေကို ထုတ်လွှင့်ပေးတဲ့ အသံလွှင့်ရုံတွေကို ဖျက်ဆီးပစ်မယ်လို့ ဟယ်လီဖက်စ်မြို့မှာနေတဲ့ ကက်သလစ်တွေက ခြိမ်းခြောက်ခဲ့ကြတယ်။ ၁၉၂၈ ခုနှစ်မှာ ဘာသာရေးခေါင်းဆောင်တွေရဲ့ သွေးထိုးမှုကြောင့် အစိုးရက ကျမ်းစာကျောင်းသားတွေရဲ့ ရေဒီယိုအသံလွှင့်လိုင်စင်ကို သက်တမ်းမတိုးပေးတော့ဘူးဆိုပြီး ရုတ်တရက်ကြေညာခဲ့တယ်။ ညီအစ်ကိုညီအစ်မတွေက လေကို ဘယ်သူပိုင်သလဲ ဆိုတဲ့လက်ကမ်းဝေစာကို ပုံနှိပ်ထုတ်ဝေခဲ့ကြပြီး မတရားတဲ့လုပ်ရပ်ကို ကန့်ကွက်ခဲ့ကြတယ်။ ဒါပေမဲ့ အစိုးရအရာရှိတွေက ကျမ်းစာကျောင်းသားတွေရဲ့ အသံလွှင့်လိုင်စင်ကို သက်တမ်းတိုးပေးဖို့ ငြင်းဆိုခဲ့ကြတယ်။

အဲဒီအဖြစ်အပျက်ကြောင့် ကနေဒါနိုင်ငံက အုပ်စုငယ်လေးဖြစ်တဲ့ ယေဟောဝါရဲ့ကျေးကျွန်တွေ စိတ်ဓာတ်ကျခဲ့သလား။ “အစမှာတော့ ရန်သူတွေဘက်က အပြတ်အသတ်အနိုင်ရသွားသလို ဖြစ်ခဲ့တယ်” လို့ ညီအစ်မ အစ္စဘဲလ် ဝိန်းရိုက်က ဝန်ခံခဲ့တယ်။ “ဒါပေမဲ့ ယေဟောဝါကသာ အသံလွှင့်အစီအစဉ်ကို ဆက်သုံးချင်တယ်ဆိုရင် အရာရှိတွေ အခုလို တားဆီးနိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်မသိတယ်။ ဒါကြောင့် ကျွန်မတို့ဟာ သတင်းကောင်းကြေညာဖို့ တခြားနည်းလမ်း၊ ပိုပြီးအသုံးတည့်မယ့်နည်းလမ်းကို ပြောင်းသုံးရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ” လို့ အဲဒီညီအစ်မ ဆက်ပြောပြခဲ့တယ်။ ကနေဒါနိုင်ငံက ကျမ်းစာကျောင်းသားတွေဟာ ရေဒီယိုကနေ သက်သေခံဖို့ကိုပဲ အရမ်းအားထားနေမယ့်အစား လူတွေရဲ့ အိမ်တွေကို ကိုယ်တိုင်သွားဖို့ စတင်အာရုံစိုက်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ ‘ကြားခဲ့ဖူးသမျှမှာ အကောင်းဆုံးသတင်း’ ကိုကြေညာရာမှာ ရေဒီယိုအသံလွှင့်အစီအစဉ်က တော်တော်လေးပေါက်ရောက်ခဲ့တယ်ဆိုတာ သေချာပါတယ်။—ကနေဒါနိုင်ငံရဲ့ ကျွန်ုပ်တို့၏ မော်ကွန်းတိုက်မှ။

^ အပိုဒ်၊ 4 လေလှိုင်းကတစ်ဆင့် သက်သေခံဖို့အတွက် ညီအစ်ကိုတွေဟာ တခြားအသံလွှင့်ရုံတွေကိုလည်း အခပေးပြီး ငှားရမ်းခဲ့ကြတယ်။