မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါထံ ဆက်ချဉ်းကပ်နေပါ

ယေဟောဝါထံ ဆက်ချဉ်းကပ်နေပါ

“ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့၊ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။”—ယာ. ၄:၈

၁၊ ၂။ (က) လူတွေကို စာတန် ဘယ်လို လိမ်ညာနေသလဲ။ (ခ) ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ဖို့ ဘာက ကျွန်ုပ်တို့ကို ကူညီပေးမလဲ။

ယေဟောဝါဘုရားသခင်က လူတွေကို ကိုယ်တော်နဲ့ နီးနီးကပ်ကပ်နေဖို့ လိုအပ်ချက်နဲ့ ဖန်ဆင်းထားတယ်။ ဒါပေမဲ့ စာတန်က ကျွန်ုပ်တို့ ယေဟောဝါကို မလိုအပ်ဘူးလို့ ယူဆစေချင်တယ်။ စာတန်ဟာ ဧဒင်ဥယျာဉ်မှာ ဧဝကို လိမ်ညာပြီးကတည်းက လူတွေကိုလည်း အဲဒီလို ဆက်လိမ်ညာနေတယ်။ (က. ၃:၄-၆) အဲဒီအချိန်ကစပြီး လူတွေဟာ ဘုရားသခင်ကို မလိုအပ်ဘူးလို့ ယူဆခဲ့ကြတယ်။

ကျွန်ုပ်တို့ကတော့ စာတန့်ထောင်ချောက်ထဲ ကျမှာကို ပူစရာမလိုပါဘူး။ လူတွေကိုလှည့်ဖြားတဲ့ စာတန်ရဲ့အကြံအစည်တွေကို သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ပြောပြတယ်။ (၂ ကော. ၂:၁၁) ကျွန်ုပ်တို့ဘက်က မှားယွင်းတဲ့ရွေးချယ်မှုတွေ လုပ်မိပြီး ယေဟောဝါနဲ့ဝေးကွာသွားစေဖို့ စာတန် ကြိုးစားနေတယ်။ ပြီးခဲ့တဲ့ဆောင်းပါးမှာ အလုပ်အကိုင်၊ ဖျော်ဖြေရေး၊ မိသားစုနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ရွေးချယ်မှုတွေ ဘယ်လိုလုပ်ရမယ်ဆိုတာ ရှင်းပြခဲ့တယ်။ ဒီဆောင်းပါးမှာတော့ ကျွန်ုပ်တို့ကို သွေးဆောင်ဖို့ စာတန်အသုံးပြုတဲ့ အရာလေးခုဖြစ်တဲ့ နည်းပညာ၊ ကျန်းမာရေး၊ ငွေနဲ့ မာနအကြောင်း သုံးသပ်မှာဖြစ်တယ်။ ဒီကဏ္ဍတွေမှာ မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်တယ်ဆိုရင် “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်” နိုင်ပါလိမ့်မယ်။—ယာ. ၄:၈

နည်းပညာ

၃။ နည်းပညာတွေကို အသုံးပြုခြင်းက အကောင်းရော အဆိုးပါဖြစ်နိုင်ကြောင်း ဥပမာပေးပါ။

ကမ္ဘာတစ်ဝန်းမှာ ခေတ်မီတိုးတက်တဲ့ ကွန်ပျူတာနဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေကို နေရာအနှံ့မှာ တွေ့နေရတယ်။ ဒီပစ္စည်းတွေကို သူ့နေရာနဲ့သူသုံးရင် အသုံးဝင်ပါတယ်။ မသင့်တော်တဲ့နည်းနဲ့ သုံးရင်တော့ အဲဒါတွေက ကျွန်ုပ်တို့ရဲ့ ကောင်းကင်ဖခင် ယေဟောဝါနဲ့ ဝေးကွာသွားစေနိုင်တယ်။ ကွန်ပျူတာကို စဉ်းစားကြည့်ပါ။ သင်တို့ အခုဖတ်နေတဲ့ မဂ္ဂဇင်းက ကွန်ပျူတာအကူအညီနဲ့ ရေးသား ထုတ်ဝေထားတာဖြစ်တယ်။ ရှာဖွေလေ့လာရာမှာ၊ အချင်းချင်းဆက်သွယ်ရာမှာ၊ အပန်းဖြေရာမှာ ကွန်ပျူတာက အထောက်အကူ ပြုနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ဟာ အဲဒီကွန်ပျူတာနည်းပညာတွေကို စွဲစွဲလမ်းလမ်း အသုံးပြုမိနိုင်တယ်။ နောက်ဆုံးပေါ်ပစ္စည်းသစ်တွေကို ကျွန်ုပ်တို့ သုံးမှဖြစ်မယ်လို့ တစ်ဖက်လှည့်နဲ့အယုံသွင်းတဲ့ ကြော်ငြာတွေ တစ်ပုံကြီးရှိတယ်။ လူငယ်တစ်ယောက်က ကွန်ပျူတာတစ်မျိုးကို လိုချင်လို့ သူ့ရဲ့ကျောက်ကပ်တစ်ခုကို တိတ်တိတ်လေး ရောင်းလိုက်တယ်။ ဘယ်လောက်တောင် အမြော်အမြင် နည်းလိုက်သလဲ။

၄။ ခရစ်ယာန်တစ်ယောက်က ကွန်ပျူတာ အလွန်အကျွံသုံးတဲ့အကျင့်ကို ဘယ်လိုပြုပြင်ခဲ့သလဲ။

ကွန်ပျူတာနည်းပညာတွေကြောင့် ကျွန်ုပ်တို့နဲ့ ယေဟောဝါရဲ့ဆက်ဆံရေးကို အထိခိုက်ခံတာက ပိုအန္တရာယ်ကြီးပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ကျော်ကျော် * ဆိုတဲ့ ခရစ်ယာန်တစ်ယောက်ဟာ လေ့လာမှုတွေလုပ်မယ့်အစား အချိန်အများကြီးပေးပြီး ကွန်ပျူတာ သုံးတယ်။ ညဉ့်နက်သန်းခေါင်အထိ အင်တာနက်သုံးတယ်။ သူ ပိုပင်ပန်းလေ ကွန်ပျူတာသုံးပြီး တခြားသူနဲ့စကားပြောတာကို ရပ်ပစ်ဖို့ ဒါမှမဟုတ် အဲဒီထဲကကြည့်နေတဲ့ ဗီဒီယိုကိုပိတ်လိုက်ဖို့ ပိုခက်လေပဲ၊ ဗီဒီယိုတွေထဲမှာ မကောင်းတာတွေတောင်ပါတယ်လို့ သူက ပြောပြတယ်။ ဒီအကျင့်ဆိုးကို သူဖြတ်ချင်တယ်၊ ဒါကြောင့် ကျော်ကျော်က သူ့ရဲ့ကွန်ပျူတာမှာ အိပ်ရာဝင်ချိန်ရောက်ပြီဆိုရင် အလိုလိုပိတ်သွားတဲ့ စနစ်ကို ထည့်ထားလိုက်တယ်။—ဧဖက် ၅:၁၅၊ ၁၆ ကိုဖတ်ပါ။

မိဘတို့၊ နည်းပညာတွေကို ပညာရှိရှိ အသုံးပြုဖို့ သင့်ကလေးတွေကို ကူညီပေးပါ

၅၊ ၆။ (က) မိဘတွေဟာ ကလေးတွေအပေါ် ဘာတာဝန်ရှိသလဲ။ (ခ) ကလေးတွေမှာ အပေါင်းအသင်းကောင်းတွေရှိဖို့ မိဘတွေ ဘယ်လိုလုပ်နိုင်သလဲ။

မိဘတို့၊ သင်တို့ရဲ့ကလေးတွေ လုပ်သမျှကို စေ့စေ့ပေါက်ပေါက် လိုက်ကြည့်နေစရာ မလိုပါဘူး။ ဒါပေမဲ့ သူတို့ ကွန်ပျူတာသုံးတာကိုတော့ ထိန်းပေးဖို့လိုတယ်။ အကျင့်ပျက်တာတွေ၊ နတ်ဆိုးနဲ့ပတ်သက်တာတွေပါတဲ့ ဝက်ဘ်ဆိုက်တွေကို မကြည့်စေနဲ့၊ အကြမ်းဖက်ဂိမ်းတွေ မကစားစေနဲ့၊ အင်တာနက်ကတစ်ဆင့် မကောင်းတဲ့လူတွေနဲ့ မပေါင်းမိစေပါနဲ့။ သင်တို့က အဲဒါတွေကို ခွင့်ပြုထားတယ်ဆိုရင် သူတို့က ‘အဖေနဲ့အမေ ဘာမှမပြောဘူးဆိုတော့ အဲဒါတွေက ကောင်းလို့ပဲဖြစ်မယ်’ လို့ ထင်သွားလိမ့်မယ်။ သင်တို့ဟာ မိဘဖြစ်တဲ့အတွက်ကြောင့် ကလေးတွေကို ယေဟောဝါနဲ့ ဝေးကွာသွားစေတဲ့ အရာမှန်သမျှကနေ ကာကွယ်ပေးရမှာက သင်တို့ရဲ့အလုပ်ပဲ။ တိရစ္ဆာန်တွေတောင်မှ သူတို့ရဲ့ကလေးတွေ ရန်မူခံရပြီဆိုရင် ပြန်တိုက်ခိုက်တတ်ကြတယ်။ မိဘတွေလည်း မိမိတို့ရဲ့ကလေးတွေကို အန္တရာယ်ကနေ ကာကွယ်ပေးဖို့လိုတယ်။—ဟောရှေ ၁၃:၈ နဲ့နှိုင်းယှဉ်ပါ။

မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်တဲ့ အသက်အရွယ်အမျိုးမျိုးရှိ ခရစ်ယာန်တွေနဲ့ ပေါင်းသင်းဖို့ သင့်ကလေးတွေကို ကူညီပေးပါ။ သင့်ကလေးတွေနဲ့ သင်အချိန်ပေးပေါင်းသင်းဖို့ လိုတယ်ဆိုတာ သတိရပါ။ ဒါကြောင့် သူတို့နဲ့အတူ ရယ်မောပါ၊ ကစားပါ၊ အလုပ်လုပ်ပါ။ အဲဒီလိုလုပ်တာက သူတို့ကို ယေဟောဝါနဲ့နီးကပ်စေပါလိမ့်မယ်။ *

ကျန်းမာရေး

၇။ ကျွန်ုပ်တို့အားလုံး ဘာကြောင့် ကျန်းမာရေးကောင်းချင်ကြတာလဲ။

ကျွန်ုပ်တို့ဟာ တခြားသူတွေနဲ့တွေ့ရင် “နေကောင်းလား” လို့မေးတတ်ကြတယ်။ စာတန်ရဲ့စကားကို အာဒံနဲ့ဧဝ နားထောင်ပြီး သူတို့ကိုယ်ကို ယေဟောဝါနဲ့ ဝေးကွာအောင်လုပ်ပြီးကတည်းက လူတွေဟာ ဖျားနာလာခဲ့ကြတယ်။ ဖျားနာလာပြီဆိုရင် ယေဟောဝါရဲ့အမှုတော်မှာ မပါဝင်နိုင်တော့လို့ ကျွန်ုပ်တို့ ဖျားနာတဲ့အခါ စာတန်ဝမ်းသာတယ်။ သေသွားပြီဆိုရင်တော့ ကိုယ်တော့်အမှုတော်မှာ လုံးဝမပါဝင်နိုင်တော့ဘူး။ (ဆာ. ၁၁၅:၁၇) ဒါကြောင့် ကျန်းမာရေးကောင်းအောင် လုပ်ချင်ကြတာ သဘာဝကျပါတယ်။ * ဒါ့အပြင် ညီအစ်ကိုညီအစ်မတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးသင့်တယ်။

၈၊ ၉။ (က) ဘာကြောင့် ကျန်းမာရေး တစ်ခုတည်းကိုပဲ စဉ်းစားပြီး ပူပန်မနေသင့်သလဲ။ (ခ) ရွှင်လန်းခြင်းက ဘာကြောင့်ကောင်းသလဲ။

ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေး တစ်ခုတည်းကိုပဲ စဉ်းစားပြီး ပူပန်မနေသင့်ဘူး။ တချို့သူတွေက သတင်းကောင်း ဟောပြောဖို့ထက် ဓာတ်စာအကြောင်း၊ ကျန်းမာရေးကုထုံးအကြောင်း၊ အလှအပနဲ့ကျန်းမာရေး ထုတ်ကုန်တွေအကြောင်း ပြောဖို့ ပိုအချိန်ပေးကြတယ်။ အဲဒါက တခြားသူတွေကို ကူညီပေးတာလို့ သူတို့ ထင်ကောင်းထင်မယ်။ ဒါပေမဲ့ ဝတ်ပြုရာခန်းမတွေနဲ့ စည်းဝေးကြီးတွေမှာ အလှအပနဲ့ကျန်းမာရေး ထုတ်ကုန်ပစ္စည်းတွေရောင်းတာ၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့အယူအဆတွေကို ကြော်ငြာတာက မသင့်တော်ပါဘူး။ ဘာကြောင့်လဲ။

ကျွန်ုပ်တို့ဟာ သမ္မာကျမ်းစာအကြောင်း ဆွေးနွေးဖို့နဲ့ ဘုရားသခင့်စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ ဝမ်းမြောက်ခြင်း ခံစားရဖို့ စုဝေးကြတာဖြစ်တယ်။ (ဂလ. ၅:၂၂) ကျန်းမာရေးကုထုံးအကြောင်းပြောဖို့နဲ့ ထုတ်ကုန်တွေကိုရောင်းချဖို့ စုဝေးကြတာမဟုတ်ဘူး။ အဲဒီလိုလုပ်တာက တခြားသူတွေရဲ့ဝမ်းမြောက်မှုကို ထိခိုက်စေနိုင်တယ်။ (ရော. ၁၄:၁၇) တခြားသူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်လာရင် သူတို့ဘာသာ ဆုံးဖြတ်ပါစေ။ ဘယ်သူကမှ အဖျားအနာအားလုံးကိုပျောက်အောင် မကုသပေးနိုင်ပါဘူး။ တကယ့်အထူးကုဆရာဝန်တွေတောင်မှ အိုမင်း၊ ဖျားနာပြီး သေဆုံးကြရတယ်။ ကျန်းမာရေးအတွက် အလွန်အမင်း စိုးရိမ်တာက ကျွန်ုပ်တို့ရဲ့အသက်ကို တိုးပြီး မရှည်စေနိုင်ပါဘူး။ (လု. ၁၂:၂၅) အဲဒီအစား “ရွှင်လန်းနေတဲ့စိတ်နှလုံးက ဆေးစွမ်းကောင်းတစ်လက်ပဲ။”—သု. ၁၇:၂၂ကဘ။

၁၀။ (က) ယေဟောဝါအမြင်မှာ ဘယ်အရည်အသွေးတွေက လှပသလဲ။ (ခ) ဘယ်အချိန်ကျမှ ပြည့်ဝစုံလင်တဲ့ကျန်းမာရေး ရရှိလာမလဲ။

၁၀ ကျွန်ုပ်တို့ရဲ့အသွင်အပြင်ကို ဂရုစိုက်တာကလည်း သင့်တော်ပါတယ်။ ဒါပေမဲ့ ရှိရင်းစွဲအသက်ထက် ပိုနုတယ်လို့ ထင်ရအောင်တော့ အရမ်းကြိုးစားဖို့ မလိုပါဘူး။ အသက်ကြီးခြင်းရဲ့လက္ခဏာတွေက ရင့်ကျက်တယ်၊ ကျက်သရေရှိတယ်၊ အတွင်းအလှရှိတယ်ဆိုတာ ဖော်ပြတယ်။ သမ္မာကျမ်းစာမှာ “ဖြူတဲ့ဆံပင်က ဖြောင့်မတ်တဲ့လမ်းစဉ်ပေါ်မှာ ရှိနေမယ်ဆိုရင် အလှသရဖူပဲ” လို့ပြောတယ်။ (သု. ၁၆:၃၁ကဘ) ယေဟောဝါက ကျွန်ုပ်တို့ကို အဲဒီလိုပဲမြင်တယ်၊ ဒါကြောင့် ကျွန်ုပ်တို့လည်း ကိုယ့်ကိုယ်ကို ဘုရားသခင့်အမြင်မျိုးနဲ့ ရှုမြင်သင့်တယ်။ (၁ ပေတရု ၃:၃၊ ၄ ကိုဖတ်ပါ။) ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ရုပ်ရည် ပိုကြည့်ကောင်းအောင်လို့ အန္တရာယ်ရှိတဲ့ ခွဲစိတ်ပြုပြင်မှုလုပ်တာ ဒါမှမဟုတ် ဆေးကုသမှုခံယူတာက ပညာရှိရာကျပါ့မလား။ ကျွန်ုပ်တို့ ဘယ်အသက်အရွယ်ပဲရှိပါစေ၊ ကျန်းမာရေးအခြေအနေ ဘယ်လိုပဲရှိပါစေ အလှစစ်ဆိုတာ ‘ယေဟောဝါပေးတဲ့ ဝမ်းမြောက်ခြင်း’ ကလာတာဖြစ်တယ်။ (နေ. ၈:၁၀) ကမ္ဘာသစ်ကျမှပဲ ပြည့်ဝစုံလင်တဲ့ကျန်းမာရေးနဲ့ ငယ်ရွယ်နုပျိုတဲ့အလှကို ပြန်ရရှိမှာဖြစ်တယ်။ (ယောဘ ၃၃:၂၅; ဟေရှာ. ၃၃:၂၄) ကျွန်ုပ်တို့ဟာ အဲဒီအချိန်အထိ ပညာရှိတဲ့ ရွေးချယ်မှုတွေပြုလုပ်ပြီး ယေဟောဝါရဲ့ကတိတော်တွေကို ယုံကြည်စိတ်ချနေရမှာဖြစ်တယ်။ အဲဒါက လက်ရှိဘဝကို ပျော်မွေ့စေပြီး ယေဟောဝါနဲ့ ဆက်နီးကပ်စေမှာဖြစ်တယ်။—၁ တိ. ၄:၈

ငွေ

၁၁။ ငွေက ဘယ်လိုနည်းနဲ့ ကျွန်ုပ်တို့ကို ယေဟောဝါနဲ့ ဝေးကွာသွားစေနိုင်သလဲ။

၁၁ ငွေရှိတာ၊ ရိုးရိုးသားသား ငွေရှာတာက မမှားပါဘူး။ (ဒေ. ၇:၁၂; လု. ၁၉:၁၂၊ ၁၃) ဒါပေမဲ့ ကျွန်ုပ်တို့က ငွေကို တပ်မက်လာပြီဆိုရင်တော့ ယေဟောဝါနဲ့ ဝေးကွာသွားနိုင်တယ်။ (၁ တိ. ၆:၉၊ ၁၀) “ဤလောကစနစ်၏ စိုးရမ်ပူပန်ခြင်း” ဆိုတာက ကျွန်ုပ်တို့လိုအပ်တာတွေကို ရရှိဖို့ အလွန်အမင်း စိုးရိမ်ပူပန်တာဖြစ်တယ်။ အဲဒီလိုပူပန်တာက ကျွန်ုပ်တို့ကို ယေဟောဝါနဲ့ ဝေးကွာသွားစေနိုင်တယ်။ “စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း” ဆိုတာက စည်းစိမ်ဥစ္စာဟာ ပျော်ရွှင်မှုနဲ့ အနာဂတ်အာမခံချက်ပေးနိုင်တယ်လို့ အထင်မှားနေခြင်းဖြစ်တယ်။ (မ. ၁၃:၂၂) “မည်သူမျှ” ဘုရားသခင်နဲ့ စည်းစိမ်ဥစ္စာရဲ့အစေကို တစ်ပြိုင်တည်း မခံနိုင်ဘူးလို့ ယေရှုပြောခဲ့တယ်။—မ. ၆:၂၄

၁၂။ လူတွေက ငွေကို လွယ်လွယ်နဲ့ရချင်လို့ ဘာလုပ်ကြသလဲ။ အဲဒါကို ဘယ်လိုရှောင်နိုင်သလဲ။

၁၂ ငွေက အဓိကပဲလို့ ကျွန်ုပ်တို့ယူဆတယ်ဆိုရင် အမှားတွေလုပ်မိဖို့ သွေးဆောင်ခံရနိုင်တယ်။ (သု. ၂၈:၂၀) တချို့က ငွေကို လွယ်လွယ်နဲ့ရချင်လို့ ထီထိုးကြတယ်။ တချို့ကျတော့ ငွေရပေါက်ချောင်မယ်လို့ထင်ရတဲ့ စီးပွားရေးလုပ်ငန်းတွေ ဝင်လုပ်ကြတယ်၊ အသင်းတော်ကလူတွေကိုတောင် ငွေအများကြီးရအောင် လုပ်ပေးမယ်လို့ ကတိပေးကြတယ်။ တချို့ကျတော့ ငွေရင်းနှီးမြှုပ်နှံမယ်ဆိုရင် အကျိုးအမြတ် များများပြန်ရမယ်ဆိုတဲ့ ကမ်းလှမ်းချက်တွေကြောင့် လိမ်လည်ခံကြရတယ်။ ကျွန်ုပ်တို့က လောဘကြီးတယ်ဆိုရင် ငွေအလုံးအရင်းနဲ့ ဆုံးၡုံးနိုင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို လက်ခံမိနိုင်တယ်။ ဒါကြောင့် လောဘမကြီးပါနဲ့။ ငွေကို လွယ်လွယ်နဲ့ များများရဖို့ဆိုတာ ဖြစ်နိုင်ချေ သိပ်မရှိဘူး။

၁၃။ ငွေအပေါ် ယေဟောဝါရဲ့အမြင်နဲ့ လောကရဲ့အမြင် ဘယ်လိုကွာခြားသလဲ။

၁၃ ကျွန်ုပ်တို့က “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာရှာ” မယ်ဆိုရင် ဘဝအတွက် လိုအပ်ရာတွေကို ရှာဖွေရာမှာ ယေဟောဝါ ကောင်းချီးပေးပါလိမ့်မယ်။ (မ. ၆:၃၃; ဧ. ၄:၂၈) အလုပ်ပိုလုပ်လို့ အစည်းအဝေးတွေမှာ အိပ်ငိုက်နေတာမျိုး၊ အစည်းအဝေးတက်နေရင်း ငွေအတွက် စိုးရိမ်ပူပန်နေတာမျိုး ဘုရားသခင် မဖြစ်စေချင်ဘူး။ လောက,ကလူတွေက အသက်ကြီးလာတဲ့အခါ အေးအေးဆေးဆေး နေနိုင်အောင် ငွေရဖို့ ဘာမဆိုလုပ်ရမယ်လို့ ထင်နေကြတယ်။ သူတို့ရဲ့ကလေးတွေကိုလည်း အဲဒီလိုပဲ သင်ပေးကြတယ်။ အဲဒီလိုလုပ်တာ မသင့်လျော်ဘူးလို့ ယေရှု ပြောခဲ့တယ်။ (လုကာ ၁၂:၁၅-၂၁ ကိုဖတ်ပါ။) အဲဒါက ဂေဟာဇိကို အမှတ်ရစေတယ်၊ လောဘနောက်လိုက်ရင်း တစ်ဖက်ကလည်း ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိနေနိုင်တယ်လို့ သူထင်ခဲ့တယ်။—၄ ရာ. ၅:၂၀-၂၇

၁၄၊ ၁၅။ ငွေရှိမှ နောင်ရေးအတွက် စိတ်အေးရမယ်လို့ ဘာကြောင့် မယူဆသင့်သလဲ။ ဥပမာပေးပါ။

၁၄ လင်းယုန်ငှက်တွေဟာ သူတို့ မသယ်နိုင်တဲ့ငါးတွေကို ခြေသည်းတွေနဲ့ ကုတ်ချီဖို့ ကြိုးစားလို့ ရေထဲပြုတ်ကျ သေဆုံးကြတယ်။ တစ်ခါတလေ ကျွန်ုပ်တို့လည်း ချမ်းသာဖို့ သဲသဲမဲမဲ ကြိုးစားမယ်ဆိုရင် အဲဒီလိုဖြစ်နိုင်တယ်။ အဲလက်စ်လို့ခေါ်တဲ့ အကြီးအကဲတစ်ယောက်က ဒီလိုပြောပြတယ်– “ကျွန်တော်က အသုံးအစွဲ ချွေတာတတ်သူပါ။ ခေါင်းလျှော်ရည်ထည့်တာ နည်းနည်းပိုများသွားတယ်ဆိုရင်တောင် ဘူးထဲ ပြန်ထည့်တယ်။” ဒါပေမဲ့ အဲလက်စ်က ငွေပိုငွေလျှံ များများရှာနိုင်ရင် လက်ရှိအလုပ်ကနေထွက်ပြီး ရှေ့ဆောင်လုပ်နိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါနဲ့ သူက စီးပွားရေးလုပ်ငန်းတစ်ခုကို လေ့လာပြီး သူ့မှာရှိသမျှငွေတွေကို အဲဒီမှာ ရင်းနှီးမြှုပ်နှံလိုက်တယ်။ ထပ်ပြီး ရင်းနှီးမြှုပ်နှံဖို့ တခြားသူတွေဆီကတောင် ငွေချေးလိုက်သေးတယ်။ ဒါပေမဲ့ သူရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေ ဆုံးၡုံးသွားတယ်။ အဲလက်စ် အခုလိုပြောခဲ့တယ်– “ကျွန်တော့်ရဲ့ငွေတွေကို ပြန်ရအောင်လုပ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။” သူလက်မလျှော့ဘဲ ဆက်ကြိုးစားမယ်ဆိုရင် အကျိုးအမြတ်ပြန်ရမယ်လို့ သူထင်ခဲ့တယ်။

၁၅ အဲလက်စ်ဟာ သူ့လုပ်ငန်းအကြောင်းကလွဲလို့ ဘာကိုမှ မစဉ်းစားနိုင်ဘူး။ အမှုဆောင်လုပ်ငန်းကိုလည်း ဦးစားမထားနိုင်တော့ဘဲ ညဆို ကောင်းကောင်း အိပ်မပျော်တော့ဘူး။ ဒါပေမဲ့ သူထင်သလို ဖြစ်မလာဘူး။ အဲလက်စ်ရဲ့ငွေတွေ အားလုံးဆုံးၡုံးသွားပြီး အိမ်ကိုလည်း ရောင်းလိုက်ရတယ်။ “ကျွန်တော့်ကြောင့် မိသားစု အရမ်းဒုက္ခရောက်ခဲ့ရတယ်” လို့ သူဝန်ခံတယ်။ ဒါပေမဲ့ သူ အရေးပါတဲ့သင်ခန်းစာတစ်ခု ရခဲ့တယ်။ “စာတန့်စနစ်ကို ယုံစားတဲ့သူတိုင်း တကယ်စိတ်ပျက်ရလိမ့်မယ်ဆိုတာ အခု ကျွန်တော်သိပြီ။” (သု. ၁၁:၂၈) ကျွန်ုပ်တို့ရဲ့ငွေတွေနဲ့ ကျွန်ုပ်တို့ရဲ့ ငွေရှာနိုင်စွမ်းကို အားကိုးတယ်ဆိုရင် “ဤလောကစနစ်၏ဘုရား” စာတန်ကို တကယ် ယုံစားနေတာဖြစ်တယ်။ (၂ ကော. ၄:၄; ၁ တိ. ၆:၁၇) အခုဆိုရင် အဲလက်စ်ဟာ သူ့ဘဝကို ရိုးရိုးရှင်းရှင်းဖြစ်အောင် ပြောင်းလဲခဲ့တဲ့အတွက် သတင်းကောင်းဟောပြောခြင်းမှာ ပိုပါဝင်နိုင်ခဲ့တယ်။ အဲဒါက သူနဲ့ သူ့မိသားစုကို ပိုပျော်ရွှင်စေပြီး ယေဟောဝါနဲ့ ပိုနီးကပ်စေခဲ့တယ်။—မာကု ၁၀:၂၉၊ ၃၀ ကိုဖတ်ပါ။

မာန

၁၆။ ကျွန်ုပ်တို့က ဘာအတွက် ဂုဏ်ယူနိုင်သလဲ။ ကိုယ့်ကိုယ်ကို အထင်ကြီးရင် ဘာဖြစ်နိုင်သလဲ။

၁၆ ကျွန်ုပ်တို့က ယေဟောဝါသက်သေတွေဖြစ်ရတာကို ဂုဏ်ယူဝင့်ကြွားသင့်တယ်။ (ယေ. ၉:၂၄) အဲဒါကြောင့် ကျွန်ုပ်တို့က အမြဲတမ်း ဆုံးဖြတ်ချက်ကောင်းတွေချပြီး ဘုရားသခင့် မြင့်မားတဲ့စံနှုန်းတွေကို လိုက်နာဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အထင်မကြီးမိဖို့ သတိပြုရမယ်၊ အဲဒါက ယေဟောဝါနဲ့ ကျွန်ုပ်တို့ကို ဝေးကွာသွားစေနိုင်တယ်။—ဆာ. ၁၃၈:၆; ရော. ၁၂:၃

အသင်းတော်မှာ အခွင့်အရာတစ်ခုရဖို့ပဲ စဉ်းစားနေမယ့်အစား အမှုဆောင်လုပ်ငန်းမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ပါ

၁၇၊ ၁၈။ (က) ကျမ်းစာမှာပါတဲ့ နှိမ့်ချသူနဲ့ မာနကြီးသူတွေက ဘယ်သူတွေလဲ။ (ခ) မာနစိတ်ကြောင့် ယေဟောဝါနဲ့ ဝေးကွာမသွားဖို့ ညီအစ်ကိုတစ်ယောက် ဘာလုပ်ခဲ့သလဲ။

၁၇ သမ္မာကျမ်းစာမှာ မာနကြီးသူတွေနဲ့ နှိမ့်ချသူတွေအကြောင်း ဖော်ပြထားတယ်။ ဘုရင်ဒါဝိဒ်ဟာ နှိမ့်ချစွာနဲ့ ယေဟောဝါထံမှာ လမ်းညွှန်မှုတောင်းခဲ့တယ်၊ အဲဒီအတွက် ယေဟောဝါ သူ့ကို ကောင်းချီးပေးခဲ့တယ်။ (ဆာ. ၁၃၁:၁-၃) ဒါပေမဲ့ ဘုရင် နေဗုခဒ်နေဇာနဲ့ ဗေလရှာဇာက မာနကြီးလို့ ယေဟောဝါ သူတို့ကို ဒဏ်ခတ်ခဲ့တယ်။ (ဒံ. ၄:၃၀-၃၇; ၅:၂၂-၃၀) တစ်ခါတလေ ကျွန်ုပ်တို့မှာ နှိမ့်ချမှု ရှိမရှိ စမ်းသပ်တဲ့အခြေအနေတွေ ပေါ်လာနိုင်တယ်။ အသက် ၃၂ နှစ်ရှိတဲ့ ရိုင်ယန်ဟာ အသင်းတော်အမှုထမ်းတစ်ဦးအနေနဲ့ တခြားအသင်းတော်တစ်ခုကို ပြောင်းသွားတယ်။ မကြာခင်မှာတော့ သူ့ကို အကြီးအကဲအဖြစ် ထောက်ခံမှာပဲလို့ သူထင်နေတယ်။ ဒါပေမဲ့ တစ်နှစ်သာကြာသွားတယ် သူအကြီးအကဲ ဖြစ်မလာဘူး။ ရိုင်ယန်ဟာ မာနစိတ်ဝင်လာပြီး သူ့ကို မထောက်ခံတဲ့ အကြီးအကဲတွေကို စိတ်ဆိုးမလား။ မာနကြောင့် အစည်းအဝေးတွေမတက်တော့ဘဲ အသင်းတော်နဲ့၊ ယေဟောဝါနဲ့ ဝေးဝေးနေမလား။ သင်သာဆိုရင် ဘယ်လိုလုပ်မလဲ။

၁၈ ရိုင်ယန်က “အဖွဲ့အစည်းထုတ်စာပေတွေမှာပါတဲ့ စောင့်ဆိုင်းခြင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှာဖတ်တယ်” လို့ပြောပြတယ်။ (သု. ၁၃:၁၂) “ကျွန်တော့်မှာ စိတ်ရှည်ခြင်းနဲ့ နှိမ့်ချခြင်း လိုနေတယ်ဆိုတာ သိလာတယ်။ ကျွန်တော် ယေဟောဝါရဲ့လေ့ကျင့်ပေးမှုကို ခံယူဖို့ လိုသေးတယ်။” ရိုင်ယန်ဟာ အသင်းတော်မှာရှိတဲ့သူတွေနဲ့ အမှုဆောင်လုပ်ငန်းမှာတွေ့တဲ့ သူတွေကို ပိုကူညီပေးဖို့ စဉ်းစားလာတယ်။ သိပ်မကြာခင် သူ့မှာ တိုးတက်တဲ့ကျမ်းစာသင်အံမှုတွေ အများကြီး ရှိလာတယ်။ “နောက်တစ်နှစ်ခွဲအကြာမှာ ကျွန်တော် အကြီးအကဲအဖြစ် ခန့်အပ်ခံရတဲ့အခါ ရုတ်တရက် အံ့ဩသွားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အမှုဆောင်လုပ်ငန်းမှာ ပျော်မွေ့နေတော့ အဲဒီအကြောင်း မစဉ်းစားမိတော့ဘူး” လို့ သူက ပြောပြတယ်။—ဆာလံ ၃၇:၃၊ ၄ ကိုဖတ်ပါ။

ယေဟောဝါနဲ့ နီးနီးကပ်ကပ်နေပါ

၁၉၊ ၂၀။ (က) ကျွန်ုပ်တို့ လုပ်ဆောင်ရာတွေကြောင့် ယေဟောဝါနဲ့ ဝေးကွာမသွားအောင် ဘာလုပ်နိုင်သလဲ။ (ခ) ယေဟောဝါနဲ့ နီးနီးကပ်ကပ်နေခဲ့တဲ့ ဘယ်စံနမူနာတွေ ရှိသလဲ။

၁၉ ဒီဆောင်းပါးနှစ်ခုမှာဆွေးနွေးခဲ့တဲ့ အရာခုနစ်ခုက သူ့နေရာနဲ့သူ သုံးရင်တော့ ကောင်းပါတယ်။ ကျွန်ုပ်တို့က ယေဟောဝါသက်သေတွေဖြစ်ရတာကို ဂုဏ်ယူဝင့်ကြွားကြတယ်။ သာယာပျော်ရွှင်တဲ့ မိသားစုရှိပြီး ကျန်းမာရေးကောင်းတာကလည်း ယေဟောဝါပေးတဲ့ ဆုကျေးဇူးဖြစ်တယ်။ ကိုယ့်ကိုယ်ကိုနဲ့ မိသားစုကို ကျွေးမွေးစောင့်ရှောက်ဖို့ အလုပ်အကိုင်နဲ့ ငွေရှိဖို့လိုတယ်။ အပန်းဖြေတာက လန်းဆန်းစေပြီး အီလက်ထရွန်နစ်ပစ္စည်းတွေက အသုံးဝင်တယ်။ ဒါပေမဲ့ အဲဒါတွေထဲက တစ်ခုခုကို မသင့်တော်တဲ့အချိန်မှာ၊ မသင့်တော်တဲ့နည်းနဲ့ အလွန်အကျွံ အသုံးပြုမယ်ဆိုရင် ကျွန်ုပ်တို့ကို ယေဟောဝါနဲ့ ဝေးကွာသွားစေနိုင်တယ်။

သင့်ကို ယေဟောဝါနဲ့ ဝေးကွာသွားစေဖို့ ဘယ်အရာကိုမှ ခွင့်မပြုပါနဲ့

၂၀ စာတန်က သင့်ကို ယေဟောဝါနဲ့ ဝေးကွာသွားစေချင်တယ်။ ဒါပေမဲ့ သင်နဲ့ သင့်မိသားစုကို ကာကွယ်ဖို့ သင်လုပ်ဆောင်နိုင်ပါတယ်။ (သု. ၂၂:၃) ယေဟောဝါထံချဉ်းကပ်ပြီး ကိုယ်တော်နဲ့ အမြဲ နီးနီးကပ်ကပ်နေပါ။ အဲဒီလိုလုပ်ခဲ့ကြသူတွေရဲ့ စံနမူနာတွေ ကျမ်းစာထဲမှာ အများကြီးရှိတယ်။ ဧနောက်နဲ့ နောဧဟာ “စစ်မှန်တဲ့ ဘုရားသခင်ရဲ့လမ်းစဉ်အတိုင်း လျှောက်လှမ်း” ခဲ့တယ်။ (က. ၅:၂၂; ၆:၉ကဘ) မောရှေဟာ “မမြင်ရသောအရှင်ကို မြင်ရသကဲ့သို့ တည်ကြည်” ခဲ့တယ်။ (ဟေဗြဲ ၁၁:၂၇) ယေရှုဟာ အမြဲတမ်း ခမည်းတော်ရဲ့အလိုတော်အတိုင်း လုပ်ဆောင်ခဲ့လို့ ခမည်းတော်ရဲ့ထောက်မမှု အမြဲ ရရှိခဲ့တယ်။ (ယော. ၈:၂၉) အဲဒီစံနမူနာတွေကို တုပပါ။ “အစဉ်သဖြင့် ဝမ်းမြောက်နေကြလော့။ မခြားမလပ် ဆုတောင်းကြလော့။ အရာရာအတွက် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။” (၁ သက်. ၅:၁၆-၁၈) သင့်ကို ယေဟောဝါနဲ့ ဝေးကွာသွားစေဖို့ ဘယ်အရာကိုမှ ခွင့်မပြုပါနဲ့။

^ စာပိုဒ်၊ 4 နာမည်တွေကိုပြောင်းထား။

^ စာပိုဒ်၊ 6 အောက်တိုဘာ၊ ၂၀၁၁ နိုးလော့! မှာပါတဲ့ “တာဝန်သိတတ်တဲ့ သားသမီးဖြစ်အောင် ပြုစုပျိုးထောင်နိုင်ပုံ” ကို ကြည့်ပါ။

^ စာပိုဒ်၊ 7 မတ်၊ ၂၀၁၁ နိုးလော့! မှာပါတဲ့ “ကျန်းမာရေးပိုကောင်းစေမယ့် အချက်ငါးချက်” ကိုကြည့်ပါ။