မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကာကွယ်မှုပေးတဲ့ ယေဟောဝါရဲ့ချိုင့်ထဲမှာပဲ နေပါ

ကာကွယ်မှုပေးတဲ့ ယေဟောဝါရဲ့ချိုင့်ထဲမှာပဲ နေပါ

“ယေဟောဝါက စစ်တိုက်တဲ့နေ့မှာ စစ်တိုက်ခဲ့သလို ဒီလူမျိုးတွေကို စစ်တိုက်မယ်။”—ဇာ. ၁၄:၃၊ ကဘ။

၁၊ ၂။ မကြာခင်ဖြစ်ပွားတော့မယ့် တကယ့်စစ်ပွဲက ဘာလဲ။ အဲဒီစစ်ပွဲမှာ ကျွန်ုပ်တို့ ဘာလုပ်ဖို့ မလိုအပ်ဘူးလဲ။

အမေရိကန်က သန်းနဲ့ချီတဲ့လူတွေဟာ ၁၉၃၈၊ အောက်တိုဘာ ၃၀ ရက်နေ့မှာ လူကြိုက်များတဲ့ ရေဒီယိုအသံလွှင့်အစီအစဉ်တစ်ခုကို နားထောင်နေကြတယ်။ အစီအစဉ်က ဂြိုဟ်တွေရဲ့စစ်ပွဲ ဆိုတဲ့ သိပ္ပံဇာတ်လမ်းတစ်ပုဒ် တင်ဆက်နေတာဖြစ်တယ်။ အသံသရုပ်ဆောင်တွေက အင်္ဂါဂြိုဟ်သားတွေဟာ ကမ္ဘာဂြိုဟ်ပေါ်ကို ကျူးကျော်ဝင်ရောက် ဖျက်ဆီးနေတဲ့အကြောင်း သတင်းကြေညာတဲ့ပုံစံနဲ့ သရုပ်ဆောင်တယ်။ ဒါက ဇာတ်လမ်းတစ်ပုဒ် တင်ဆက်နေတာဖြစ်တယ်လို့ ရေဒီယိုက ကြေညာပေမဲ့ နားထောင်နေသူများစွာက တကယ်ထင်ပြီး ထိတ်လန့်ကုန်တယ်။ တချို့ဆိုရင် ရန်သူတွေရဲ့ အန္တရာယ်တွေကနေ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ကြတယ်။

မကြာခင်မှာ တကယ့်စစ်ပွဲတစ်ခု ဖြစ်ပွားပါတော့မယ်။ ဒါပေမဲ့ လူအများစုက အဲဒီစစ်ပွဲအတွက် အသင့်မပြင်ကြဘူး။ အဲဒီစစ်ပွဲကတော့ သိပ္ပံဇာတ်လမ်းတစ်ပုဒ်မဟုတ်ဘဲ ဘုရားသခင့်တရားစကားတော် သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ စစ်ပွဲဖြစ်တယ်။ အဲဒီစစ်ပွဲက ဆိုးညစ်တဲ့ဒီလောကကို တိုက်ခိုက်မယ့် ဘုရားသခင့်စစ်ပွဲ အာမဂေဒုန်ပဲ။ (ဗျာ. ၁၆:၁၄-၁၆) ဒီစစ်ပွဲမှာ ဘုရားသခင့်ကျေးကျွန်တွေဟာ မိမိတို့ကိုယ်ကို တခြားဂြိုဟ်သားတွေရဲ့ရန်ကနေ ကာကွယ်ဖို့မလိုဘူး။ ယေဟောဝါက မိမိရဲ့တန်ခိုးတော်ကိုသုံးပြီး အံ့ဩစရာကောင်းတဲ့နည်းနဲ့ ကျွန်ုပ်တို့ကို ကယ်တင်မယ်။

၃။ ဘယ်ပရောဖက်ပြုချက်ကို လေ့လာကြမလဲ၊ အဲဒီပရောဖက်ပြုချက်က ယနေ့ကျွန်ုပ်တို့အတွက် ဘာကြောင့် အရေးကြီးသလဲ။

ဇာခရိအခန်းကြီး ၁၄ မှာပါတဲ့ ပရောဖက်ပြုချက်တစ်ခုမှာ အာမဂေဒုန်စစ်ပွဲအကြောင်း ဖော်ပြထားတယ်။ အဲဒီပရောဖက်ပြုချက်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၅၀၀ ကျော်လောက်က ရေးခဲ့တာဖြစ်ပေမဲ့ အဲဒါက ယနေ့ကျွန်ုပ်တို့အတွက် အရမ်းအရေးကြီးတယ်။ (ရော. ၁၅:၄) ကောင်းကင်မှာ ခရစ်တော်စတင်နန်းထိုင်တဲ့ ၁၉၁၄ ခုနှစ်ကစပြီး ဘုရားသခင့်လူမျိုးအလယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို အဲဒီပရောဖက်ပြုချက်မှာ ဖော်ပြထားတယ်။ မကြာခင်ဖြစ်ပျက်တော့မယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ အဖြစ်အပျက်တွေကိုလည်း ဖော်ပြထားတယ်။ အဲဒီမှာ “အလွန်ကြီးသောချိုင့်” နဲ့ “အသက်ရေ” အကြောင်းလည်း ပါတယ်။ (ဇာ. ၁၄:၄၊) အဲဒီချိုင့်ရဲ့အဓိပ္ပာယ်နဲ့ ယေဟောဝါကိုဝတ်ပြုသူတွေ အဲဒီချိုင့်ထဲမှာ ဘယ်လို ကာကွယ်ခံရတယ်ဆိုတဲ့အကြောင်း ဒီဆောင်းပါးမှာ လေ့လာမှာဖြစ်တယ်။ ဒါ့အပြင် အသက်ရေက ဘာကိုဆိုလိုသလဲ၊ အသက်ရေကနေ ကျွန်ုပ်တို့ ဘယ်လို အကျိုးရရှိနိုင်သလဲဆိုတာကိုပါ လေ့လာမယ်။ ကျွန်ုပ်တို့ဟာ အသက်ရေကို သောက်ဖို့လိုတယ်ဆိုတာ သိရုံသာမကဘဲ သောက်ချင်စိတ်လည်း ရှိဖို့လိုတယ်ဆိုတာ လေ့လာမှုကနေ သိရမှာဖြစ်တယ်။ ဒါကြောင့် ဇာခရိကျမ်းမှာပါတဲ့ ပရောဖက်ပြုချက်ကို အာရုံစိုက်ကြစို့။—၂ ပေ. ၁:၁၉၊ ၂၀

ယေဟောဝါရဲ့နေ့ စတင်

၄။ (က) ‘ယေဟောဝါရဲ့နေ့’ ဘယ်အချိန်မှာ စတင်သလဲ။ (ခ) ၁၉၁၄ ခုနှစ်မတိုင်ခင် နှစ်ပေါင်းများစွာကတည်းက ဘိသိက်ခံခရစ်ယာန်တွေ ဘာကို ဟောပြောခဲ့ကြသလဲ။ နိုင်ငံရေးနဲ့ ဝတ်ပြုရေးခေါင်းဆောင်တွေက ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။

ဇာခရိအခန်းကြီး ၁၄ ကို ‘ယေဟောဝါရဲ့နေ့’ နဲ့ အစပြုထားတယ်။ (ဇာခရိ ၁၄:၁၊ ၂ ကိုဖတ်ပါ။) အဲဒီနေ့က ဘာနေ့လဲ။ အဲဒီနေ့က “သခင့်နေ့တော်” ဖြစ်ပြီး ဘုရားသခင့်ကောင်းကင်နိုင်ငံတော်မှာ ယေရှု ဘုရင်ဖြစ်လာတဲ့ ၁၉၁၄ ခုနှစ်မှာ စတင်ခဲ့တယ်။ (ဗျာ. ၁:၁၀; ၁၁:၁၅) ဘိသိက်ခံခရစ်ယာန်တွေဟာ ၁၉၁၄ ခုနှစ်မှာ လူမျိုးခြားတွေရဲ့ အချိန်ကာလပြည့်စုံမယ့်အကြောင်း နှစ်ပေါင်းများစွာ ကြိုဟောခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး ကမ္ဘာပေါ်မှာ တစ်ခါမှမကြုံတွေ့ဖူးတဲ့ ဆင်းရဲဒုက္ခတွေ တိုးများလာမယ်လို့လည်း ဟောပြောခဲ့ကြတယ်။ (လု. ၂၁:၂၄) အဲဒီသတိပေးချက်ကို လူတွေ အာရုံစိုက်ခဲ့ကြသလား။ အာရုံမစိုက်ခဲ့ကြပါဘူး။ အချိန်တန်သတိပေးချက်ကို အာရုံစိုက်မယ့်အစား နိုင်ငံရေးနဲ့ ဝတ်ပြုရေးခေါင်းဆောင်တွေဟာ ထက်ထက်သန်သန် ဟောပြောနေတဲ့ ဘိသိက်ခံခရစ်ယာန်တွေကို လှောင်ပြောင်ပြီး နှိပ်စက်ညှင်းပန်းခဲ့ကြတယ်။ တကယ်တော့ သူတို့ အဲဒီလိုလုပ်တာဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လှောင်ပြောင်နေတာဖြစ်တယ်၊ ဘာကြောင့်လဲဆိုတော့ ဘိသိက်ခံခရစ်ယာန်တွေက ဘုရားသခင့်နိုင်ငံတော်ကို ကိုယ်စားပြုလို့ပဲ။—ဟေဗြဲ ၁၂:၂၂၊ ၂၈

၅၊ ၆။ (က) ဘုရားသခင့်လူမျိုးရဲ့ ရန်သူတွေ ဘာလုပ်ခဲ့ကြသလဲ။ (ခ) ကျန်ခဲ့တဲ့ မြို့သားတစ်ဝက်က ဘယ်သူတွေလဲ။

‘[ဂျေရုဆလင်]မြို့ က သိမ်းပိုက်ခံရလိမ့်မယ်’ လို့ ပြောခြင်းအားဖြင့် ဘုရားသခင့်လူမျိုးရဲ့ ရန်သူတွေ လုပ်ဆောင်မယ့်အရာကို ဇာခရိ ကြိုဟောခဲ့တယ်။ ‘ဂျေရုဆလင်မြို့’ က ဘုရားသခင့်နိုင်ငံတော်ကို ပုံဆောင်တယ်။ မြေကြီးပေါ်မှာရှိတဲ့ ဘိသိက်ခံခရစ်ယာန်တွေဟာ အဲဒီနိုင်ငံတော်ရဲ့ အစိတ်အပိုင်းဝင်တွေ ဖြစ်တယ်။ (ဖိ. ၃:၂၀) ပထမကမ္ဘာစစ်အတွင်းမှာ ယေဟောဝါအဖွဲ့အစည်းရဲ့ ကြီးလေးတဲ့တာဝန်တွေကို ထမ်းဆောင်နေကြတဲ့ ညီအစ်ကိုတွေဟာ အဖမ်းခံရပြီး အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့မှာ ထောင်ချခံရတယ်၊ အဲဒီနည်းနဲ့ “မြို့” ဟာ သိမ်းပိုက်ခံခဲ့ရတယ်။ စာပေတွေကို တားမြစ်ပိတ်ပင်ခြင်း၊ ဟောပြောခြင်းလုပ်ငန်းကို ရပ်တန့်သွားအောင်လုပ်ဖို့ ကြိုးစားခြင်းအားဖြင့် ရန်သူတွေဟာ ဘိသိက်ခံခရစ်ယာန်တွေကို မတရားရက်ရက်စက်စက် ဆက်ဆံခဲ့ကြတယ်။ ဒါက အိမ်တွေဟာ ရန်သူရဲ့ “လုယက်” ဒါမှမဟုတ် တိုက်ခိုက်သိမ်းယူတာကို ခံရတာနဲ့တူတယ်။

အင်အားကြီးတဲ့ရန်သူတွေက ဘုရားသခင့်လူမျိုးကို နှိပ်စက်ညှဉ်းပန်းပြီး သူတို့အကြောင်း မဟုတ်မမှန်ပြောဆိုခဲ့ကြပေမဲ့ စစ်မှန်တဲ့ဝတ်ပြုရေးကိုတော့ မဖျက်ဆီးနိုင်ခဲ့ပါဘူး။ ဘိသိက်ခံခရစ်ယာန်တွေဟာ သစ္စာရှိရှိ ဆက်ရပ်တည်ခဲ့ကြတယ်။ ဇာခရိပြောခဲ့သလိုပဲ မြို့သားတစ်ဝက်က ကျန်ခဲ့တယ်၊ သူတို့တွေက သစ္စာရှိရှိ ဆက်ရပ်တည်ခဲ့ကြတဲ့ ဘိသိက်ခံခရစ်ယာန်တွေဖြစ်တယ်။

၇။ ဘိသိက်ခံခရစ်ယာန်တွေက ယနေ့ကျွန်ုပ်တို့အတွက် ဘယ်ပုံသက်သေ ပြခဲ့သလဲ။

ပထမကမ္ဘာစစ်ပြီးသွားတဲ့အခါ ဘုရားသခင့်လူမျိုး ခံရတဲ့ နှိပ်စက်ညှဉ်းပန်းမှု ရပ်တန့်သွားသလား။ မရပ်တန့်သွားဘူး။ ဇာခရိကြိုဟောခဲ့တဲ့ နှိပ်စက်ညှဉ်းပန်းမှုက ဆက်ရှိခဲ့တယ်။ (ဗျာ. ၁၂:၁၇) ဥပမာ၊ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတွေဟာ ကြောက်မက်ဖွယ် နှိပ်စက်ညှဉ်းပန်းမှုတွေ ခံခဲ့ရတယ်။ သစ္စာတည်ကြည်ခဲ့ကြတဲ့ ဘိသိက်ခံခရစ်ယာန်တွေရဲ့ ပုံနမူနာက ယနေ့ခေတ် ကျွန်ုပ်တို့ကြုံတွေ့ရမယ့် ဘယ်စမ်းသပ်မှုမျိုးကိုမဆို ခံရပ်နိုင်ဖို့ ခွန်အားဖြစ်စေတယ်။ အဲဒီစမ်းသပ်မှုတွေထဲမှာ မယုံကြည်သူဆွေမျိုးတွေ၊ အလုပ်ဖော်နဲ့ ကျောင်းနေဖက်တွေက ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်ကို ကဲ့ရဲ့လှောင်ပြောင်တာလည်း ပါတယ်။ (၁ ပေ. ၁:၆၊ ၇) ကျွန်ုပ်တို့ ဘယ်နေရာမှာပဲ ရှိနေပါစေ ဆန့်ကျင်သူတွေကြောင့် ကြောက်ရွံ့တုန်လှုပ်နေမှာ မဟုတ်ဘဲ သစ္စာရှိရှိ ရပ်တည်သွားဖို့ ဆုံးဖြတ်ထားကြတယ်။ (ဖိ. ၁:၂၇၊ ၂၈) ဒါပေမဲ့ ကျွန်ုပ်တို့ကို မုန်းတီးနေတဲ့ လောကမှာ လုံခြုံမှုကို ဘယ်လိုရှာတွေ့နိုင်မလဲ။—ယော. ၁၅:၁၇-၁၉

‘အလွန်ကြီးတဲ့ချိုင့်’ တစ်ခုကို ယေဟောဝါ ဖြစ်ပေါ်စေ

၈။ (က) တစ်ခါတလေ သမ္မာကျမ်းစာမှာ တောင်တွေက ဘာကို ပုံဆောင်သလဲ။ (ခ) “သံလွင်တောင်” က ဘာကို ကိုယ်စားပြုသလဲ။

“မြို့” ဒါမှမဟုတ် ဂျေရုဆလင်ဟာ ဘုရားသခင့်နိုင်ငံတော်ကို ပုံဆောင်တယ်ဆိုတာ ဇာခရိပရောဖက်ပြုချက်ကနေ ကျွန်ုပ်တို့ သိခဲ့ကြတယ်။ ဒါဆို ‘ဂျေရုဆလင်အရှေ့ဘက်က သံလွင်တောင်’ က ဘာကို ပုံဆောင်သလဲ။ ဘယ်လိုနည်းနဲ့ အဲဒီတောင်က ‘အလယ်ကနေကွဲ’ ပြီး တောင်နှစ်လုံး ဖြစ်လာမလဲ။ အဲဒါတွေကို ယေဟောဝါက ဘာကြောင့် “ငါ့တောင်” တွေလို့ခေါ်သလဲ။ (ဇာခရိ ၁၄:၃-၅ ကိုဖတ်ပါ။) တစ်ခါတလေ သမ္မာကျမ်းစာမှာ တောင်ကို နိုင်ငံ ဒါမှမဟုတ် အစိုးရအဖြစ် ရည်ညွှန်းလေ့ရှိတယ်။ ဘုရားသခင့်တောင်တော်ကနေ ကောင်းချီးတွေနဲ့ အကာအကွယ် ရရှိတယ်လို့လည်း ကျမ်းစာမှာ ပြောထားတယ်။ (ဆာ. ၇၂:၃; ဟေရှာ. ၂၅:၆၊ ၇) ဒါကြောင့် ဂျေရုဆလင်အရှေ့ဘက်မှာရှိတဲ့ သံလွင်တောင်ဟာ ဘုရားသခင့် အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ပုံဆောင်တယ်။

၉။ သံလွင်တောင်က ‘အလယ်ကနေကွဲ’ သွားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။

သံလွင်တောင်ဟာ ‘အလယ်ကနေကွဲ’ သွားတယ်လို့ ပရောဖက်ပြုချက်မှာ ပြောထားတယ်။ အဲဒါက ဘာကို ဆိုလိုတာလဲ။ အထူးရည်ရွယ်ချက်တစ်ခုအတွက် ယေဟောဝါက နောက်ထပ်အုပ်ချုပ်ရေးတစ်ခု တည်ထောင်မှာကို ဆိုလိုတယ်။ အဲဒါကလည်း ဘုရားသခင့်အုပ်ချုပ်ရေးတစ်ခုဖြစ်ပြီး ဘုရင်က ယေရှုခရစ်ဖြစ်တယ်။ အုပ်ချုပ်ရေးနှစ်ခုစလုံးက ယေဟောဝါနဲ့ သက်ဆိုင်တဲ့အတွက်ကြောင့် ကွဲထွက်လာတဲ့တောင်နှစ်လုံးကို “ငါ့တောင်” တွေဆိုပြီး ကိုယ်တော် ခေါ်ဆိုခဲ့တာဖြစ်တယ်။—ဇာ. ၁၄:၄၊ ၅

၁၀။ တောင်နှစ်လုံးကြားမှာရှိတဲ့ ‘အလွန်ကြီးတဲ့ချိုင့်’ က ဘာကို ပုံဆောင်သလဲ။

၁၀ ပရောဖက်ပြုချက်အရ သံလွင်တောင် နှစ်ခြမ်းကွဲသွားပြီး တောင်ဘက်မှာတစ်ဝက်၊ မြောက်ဘက်မှာတစ်ဝက် ဖြစ်သွားတယ်၊ အဲဒီတောင်နှစ်လုံးအပေါ်မှာ ယေဟောဝါရဲ့ခြေတော် ရှိနေတယ်။ ကွဲသွားတဲ့နေရာမှာ ‘အလွန်ကြီးတဲ့ချိုင့်’ ဖြစ်သွားပြီး အဲဒါက ယေဟောဝါရဲ့ခြေအောက်မှာ တည်ရှိတယ်။ အဲဒီချိုင့်က ဘာကို ပုံဆောင်သလဲ။ ဘုရားသခင့်ကာကွယ်မှုကို ပုံဆောင်တယ်။ လူတွေဟာ တောင်နှစ်လုံးကြားမှာရှိတဲ့ ချိုင့်ဝှမ်းထဲမှာ အကာအကွယ်ယူတတ်ကြသလိုပဲ ယေဟောဝါရဲ့ကျေးကျွန်တွေကလည်း ကိုယ်တော့်အုပ်ချုပ်မှုနဲ့ သားတော်ရဲ့အုပ်ချုပ်မှုအောက်မှာ လုံခြုံမှုရရှိကြတယ်။ စစ်မှန်တဲ့ဝတ်ပြုရေးကို ဖျက်ဆီးဖို့ ယေဟောဝါ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး။ ဘယ်အချိန်မှာ သံလွင်တောင် နှစ်ခြမ်းကွဲသွားသလဲ။ ယေရှု ကောင်းကင်မှာ စတင်အုပ်ချုပ်တဲ့ ၁၉၁၄ ခုနှစ်မှာဖြစ်တယ်။ ယေဟောဝါရဲ့လူတွေက ‘အလွန်ကြီးတဲ့ချိုင့်’ ထဲကိုပြေးဝင်ပြီး လွတ်မြောက်မှုရရှိလိမ့်မယ်လို့ ပရောဖက်ပြုချက်မှာ ပြောထားတယ်။ အဲဒါက ဘယ်အချိန်မှာ စတင်ဖြစ်ပျက်သလဲ။

ဘုရားသခင့်လူတွေ ချိုင့်ထဲကို စတင်ပြေးဝင်ကြ

၁၁၊ ၁၂။ (က) ဘုရားသခင့်လူမျိုးဟာ ဘယ်အချိန်ကစပြီး ချိုင့်ထဲကို ပြေးဝင်ခိုလှုံခဲ့ကြသလဲ။ (ခ) ယေဟောဝါရဲ့ တန်ခိုးကြီးတဲ့လက်ရုံးက မိမိလူမျိုးကို ဆက်ကာကွယ်ပေးနေတယ်ဆိုတာ ဘာကဖော်ပြသလဲ။

၁၁ ယေရှုက မိမိရဲ့နောက်လိုက်တွေကို အခုလို သတိပေးခဲ့တယ်– “လူအမျိုးမျိုးတို့သည် ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။” (မ. ၂၄:၉) အဲဒီမုန်းတီးမှုက နောက်ဆုံးသောနေ့ရက်တွေရဲ့ အစပိုင်း ၁၉၁၄ ခုနှစ်ကစပြီး ပိုပြင်းထန်လာတယ်။ ပထမကမ္ဘာစစ်အတွင်းမှာ ရန်သူတွေက သစ္စာရှိဘိသိက်ခံခရစ်ယာန်တွေကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခဲ့ကြတယ်၊ ဒါပေမဲ့ ဒီသစ္စာရှိအုပ်စုက ပျောက်ကွယ်မသွားဘူး။ ၁၉၁၉ ခုနှစ်မှာ ဘုရားသခင့်လူတွေဟာ ကမ္ဘာ့အယူမှားဝတ်ပြုရေးဖြစ်တဲ့ မဟာဗာဗုလုန်ကနေ လွတ်မြောက်ခဲ့ကြတယ်။ (ဗျာ. ၁၁:၁၁၊ ၁၂) * အဲဒီနှစ်ကစပြီး ဘုရားသခင့်လူမျိုးတွေဟာ ချိုင့်ထဲကို ပြေးဝင်ပြီး လွတ်မြောက်မှုရခဲ့ကြတယ်။

၁၂ ၁၉၁၉ ခုနှစ်ကစပြီး ယေဟောဝါဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ စစ်မှန်တဲ့ဝတ်ပြုသူတွေကို ကာကွယ်ပေးခဲ့တယ်။ နှစ်တွေတစ်လျှောက်မှာ ကမ္ဘာ့ဒေသအသီးသီးမှာရှိတဲ့ အစိုးရတွေက ယေဟောဝါသက်သေတွေရဲ့ ဟောပြောခြင်းလုပ်ငန်းနဲ့ စာပေတွေကို ပိတ်ပင်တားဆီးခဲ့တယ်။ အဲဒီလို ပိတ်ပင်တားဆီးမှုတွေဟာ တချို့နိုင်ငံတွေမှာ အခုထိ ရှိနေတုန်းပဲ။ တိုင်းနိုင်ငံတွေက စစ်မှန်တဲ့ဝတ်ပြုရေးကို ဖျက်ဆီးဖို့ ဘယ်လိုပဲ ကြိုးစားနေပါစေ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး။ ဒါက ယေဟောဝါရဲ့ တန်ခိုးကြီးတဲ့လက်ရုံးဟာ မိမိလူမျိုးကို ဆက်ကာကွယ်ပေးနေတယ်ဆိုတာ ဖော်ပြတယ်။—တရား. ၁၁:၂

၁၃။ ဘယ်လိုနည်းနဲ့ ယေဟောဝါရဲ့ချိုင့်ထဲမှာ ရှိနေနိုင်သလဲ။ ကာကွယ်မှုပေးတဲ့ ယေဟောဝါရဲ့ချိုင့်ထဲမှာ ကျွန်ုပ်တို့ရှိနေဖို့ ဘာကြောင့် ခါတိုင်းထက် ပိုအရေးကြီးသလဲ။

၁၃ ယေဟောဝါအပေါ် ကျွန်ုပ်တို့ ဆက်သစ္စာရှိတယ်ဆိုရင် အဲဒါက ကာကွယ်ပေးတဲ့ ယေဟောဝါရဲ့ချိုင့်ထဲမှာ ကျွန်ုပ်တို့ ရှိနေတာဖြစ်တယ်။ ယေဟောဝါနဲ့ ကိုယ်တော့်သားတော်က ကျွန်ုပ်တို့ကို ဘုရားသခင့်လက်ကနေ လုယူသွားဖို့ ဘယ်သူ့ကိုမှ၊ ဘယ်အရာကိုမှ ခွင့်ပြုမှာမဟုတ်ဘူး။ (ယော. ၁၀:၂၈၊ ၂၉) ယေဟောဝါရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သိမှတ်နာခံပြီး မေရှိယနိုင်ငံတော်ကို လက်အောက်ခံနိုင်ဖို့ ကျွန်ုပ်တို့ကို ယေဟောဝါ အကူအညီတွေ ပြင်ဆင်ပေးထားတယ်။ မကြာခင်ရောက်လာတော့မယ့် ကြီးစွာသောဒုက္ခအတွင်းမှာ ဘုရားသခင့်အကူအညီကို ကျွန်ုပ်တို့ ပိုပြီးလိုအပ်မှာဖြစ်တယ်။ ဒါကြောင့် အခုအချိန်ဟာ ကာကွယ်မှုပေးတဲ့ ယေဟောဝါရဲ့ချိုင့်ထဲမှာ ရှိနေဖို့ ခါတိုင်းထက် ပိုအရေးကြီးတဲ့အချိန်ဖြစ်တယ်။

စစ်တိုက်တဲ့နေ့ ရောက်ပြီ

၁၄၊ ၁၅။ ရန်သူတွေကို ယေဟောဝါစစ်တိုက်တဲ့နေ့မှာ ကာကွယ်မှုပေးတဲ့ ‘အလွန်ကြီးတဲ့ချိုင့်’ ရဲ့ အပြင်ဘက်မှာ ရှိနေသူတွေ ဘာဖြစ်မလဲ။

၁၄ ဒီလောကစနစ်ရဲ့အဆုံး နီးလာတာနဲ့အမျှ ဘုရားသခင့်လူမျိုးအပေါ် စာတန်ရဲ့တိုက်ခိုက်မှုက ပိုပြင်းထန်လာပါလိမ့်မယ်။ အဲဒီနောက် စာတန်ရဲ့နောက်ဆုံးတိုက်ခိုက်မှု ရောက်လာမယ်။ အဲဒီအခါမှာ ယေဟောဝါက မိမိလူမျိုးရဲ့ရန်သူအားလုံးကို တိုက်ခိုက်ချေမှုန်းပစ်မယ်။ အဲဒါက ဇာခရိကြိုဟောထားတဲ့ “စစ်တိုက်ရာ” နေ့ဖြစ်ပါလိမ့်မယ်။ အဲဒီစစ်ပွဲမှာ စစ်သူကြီးယေဟောဝါဟာ တခြား ဘယ်စစ်ပွဲတွေထက်မဆို ပိုပြီး ဘုန်းထင်ရှားပါလိမ့်မယ်။—ဇာ. ၁၄:၃

၁၅ ယေဟောဝါစစ်တိုက်တဲ့နေ့မှာ ကာကွယ်မှုပေးတဲ့ ‘အလွန်ကြီးတဲ့ချိုင့်’ ရဲ့ အပြင်ဘက်မှာ ရှိနေသူတွေ ဘာဖြစ်မလဲ။ အဲဒီလူတွေမှာ တောက်ပတဲ့ “အလင်း” ရှိမှာမဟုတ်ဘူးလို့ ပရောဖက်ပြုချက်မှာ ပြောထားတယ်။ အဓိပ္ပာယ်ကတော့ သူတို့ဟာ ဘုရားသခင့်မျက်နှာသာ ရမှာမဟုတ်ဘူး။ ရောက်လာတော့မယ့်စစ်ပွဲကြီးမှာ စစ်လက်နက်တွေအဖြစ် ပုံဆောင်တဲ့ ‘မြင်း၊ လား၊ ကုလားအုတ်၊ မြည်းနဲ့ ရှိသမျှသောတိရစ္ဆာန်’ တွေ ထိခိုက်ခံရမှာဖြစ်တယ်။ စစ်ပွဲမှာသုံးမယ့်စစ်လက်နက်တွေဟာ သုံးလို့မရအောင် ဖြစ်သွားပါလိမ့်မယ်။ ယေဟောဝါက မိမိရဲ့ရန်သူတွေကို “ဘေးဒဏ်” ဒါမှမဟုတ် ရောဂါဆိုးနဲ့ ဒဏ်ခတ်မယ်လို့ ဇာခရိပြောတယ်။ သူတို့ရဲ့ အသားတွေနဲ့ မျက်လုံးတွေ ပုပ်ဆွေးသွားပါလိမ့်မယ်။ အဲဒါက ပုံဆောင်သဘောလား၊ စာသားအတိုင်းဖြစ်မလားဆိုတာတော့ ကျွန်ုပ်တို့ မသိကြဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့ကို သူတို့ ဒုက္ခမပေးနိုင်တော့ဘူး ဒါမှမဟုတ် ဘုရားသခင်ကို ဆန့်ကျင်ပြီး မပြောနိုင်တော့ဘူးဆိုတာကိုတော့ ကျွန်ုပ်တို့ သိထားကြတယ်။ (ဇာ. ၁၄:၆၊ ၇၊ ၁၂၊ ၁၅) “မြေကြီးဘုရင်များနှင့် သူတို့၏တပ်များ” အားလုံးဟာ စာတန့်ဘက်မှာ နေကြပါလိမ့်မယ်။ သူတို့ဟာ ကမ္ဘာမြေကြီးရဲ့ ဘယ်နေရာမှာပဲရှိပါစေ ဖျက်ဆီးခံရမှာဖြစ်တယ်။ (ဗျာ. ၁၉:၁၉-၂၁) “ထာဝရဘုရားကွပ်မျက်တော်မူခြင်းကို ခံရသောသူတို့သည် မြေကြီးတစ်ဖက်မှတစ်ဖက်တိုင်အောင် နှံ့ပြားကြလိမ့်” မယ်။—ယေ. ၂၅:၃၂၊ ၃၃

၁၆။ ကိုယ့်ကိုယ်ကို ဘယ်မေးခွန်းတွေ မေးသင့်သလဲ။ ကြီးစွာသောဒုက္ခအတွင်းမှာ ဘာလုပ်ဖို့လိုသလဲ။

၁၆ စစ်ဖြစ်ပြီဆိုရင် အားလုံးဒုက္ခရောက်ရကြတယ်၊ အနိုင်ရတဲ့သူတွေတောင် ဒုက္ခရောက်ကြတယ်။ ကျွန်ုပ်တို့လည်း ကြီးစွာသောဒုက္ခအတွင်းမှာ ဆင်းရဲဒုက္ခခံစားရနိုင်တယ်။ စားစရာမရှိတာ၊ ပစ္စည်းဥစ္စာတွေ ဆုံးၡုံးသွားတာတွေ ဖြစ်နိုင်တယ်။ လူနေမှုအဆင့်အတန်း ကျသွားတာ၊ အခုရရှိတဲ့ အခွင့်အရေးတွေ မရတော့တာ ဖြစ်နိုင်တယ်။ အဲဒီလို ဆင်းရဲဒုက္ခတွေ ခံစားရတဲ့အခါ ကျွန်ုပ်တို့ ဘယ်လို တုံ့ပြန်ကြမလဲ။ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ထိတ်ထိတ်ပျာပျာ ဖြစ်နေမလား။ စိတ်ဓာတ်ကျပြီး မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်လိုက်မလား။ ယေဟောဝါကို ဆက်ဝတ်မပြုတော့ဘဲ နေမလား။ ကြီးစွာသောဒုက္ခအတွင်းမှာ ယေဟောဝါအပေါ် သစ္စာစောင့်သိပြီး ကျွန်ုပ်တို့ကို ကိုယ်တော်ကာကွယ်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချခြင်းအားဖြင့် ကာကွယ်မှုပေးတဲ့ ချိုင့်ထဲမှာပဲ ကျွန်ုပ်တို့ ရှိနေရမှာဖြစ်တယ်။—ဟဗက္ကုတ် ၃:၁၇၊ ၁၈ ကိုဖတ်ပါ။

‘အသက်ရေသည် စီးသွားလိမ့်မည်’

၁၇၊ ၁၈။ (က) “အသက်ရေ” က ဘာကိုဆိုလိုတာလဲ။ (ခ) “အရှေ့ပင်လယ်” နဲ့ “အနောက်ပင်လယ်” က ဘာကိုဆိုလိုတာလဲ။ (ဂ) ကျွန်ုပ်တို့ ဘယ်လို စိတ်ပိုင်းဖြတ်ထားကြသလဲ။

၁၇ အာမဂေဒုန်ပြီးနောက်မှာ ခရစ်တော်အုပ်ချုပ်မယ့် နိုင်ငံတော်ကနေ အသက်ရေ စီးလာပါလိမ့်မယ်။ အဲဒီ “အသက်ရေ” က လူသားတွေ ထာဝစဉ်အသက်ရှင်နိုင်အောင် ဘုရားသခင်ပြင်ဆင်ပေးတဲ့ အရာတိုင်းကို ဆိုလိုတယ်။ ဇာခရိရဲ့ပရောဖက်ပြုချက်မှာပြောတဲ့ “အရှေ့ပင်လယ်” က ပင်လယ်သေဖြစ်ပြီး အဲဒါက သင်္ချိုင်းမှာအိပ်ပျော်နေတဲ့ လူတွေကို ဆိုလိုတာဖြစ်တယ်။ “အနောက်ပင်လယ်” ကတော့ မြေထဲပင်လယ်ဖြစ်ပြီး အဲဒီထဲမှာ သက်ရှိတွေနဲ့ပြည့်နေတယ်၊ အဲဒါက အာမဂေဒုန်မှာ ကပ်ကျော်လွတ်မြောက်မယ့် “လူအုပ်ကြီး” ကို ဆိုလိုတယ်။ (ဇာခရိ ၁၄:၈၊ ၉ ကိုဖတ်ပါ; ဗျာ. ၇:၉-၁၅) ဒီအုပ်စုနှစ်ခုစလုံးက “အသက်ရေစီးရာမြစ်” ကနေလာတဲ့ “အသက်ရေ” ကိုသောက်ကြပါလိမ့်မယ်။ ရလဒ်အနေနဲ့ သူတို့အားလုံး ပြည့်ဝစုံလင်တဲ့အသက်နဲ့ ထာဝစဉ်အသက်ရှင်နိုင်ပါလိမ့်မယ်။—ဗျာ. ၂၂:၁၊ ၂

ကာကွယ်မှုပေးတဲ့ ယေဟောဝါရဲ့ချိုင့်ထဲမှာ ရှိနေဖို့ စိတ်ပိုင်းဖြတ်ထားပါ

၁၈ ဆိုးညစ်တဲ့ဒီလောကစနစ်ဖျက်ဆီးခံရတဲ့အခါ ကျွန်ုပ်တို့ဟာ ယေဟောဝါရဲ့ကာကွယ်မှုအောက်မှာ အသက်ရှင်လွတ်မြောက်ပြီး ဘုရားသခင့်ဖြောင့်မတ်တဲ့ ကမ္ဘာသစ်ထဲ ရောက်ရှိသွားပါလိမ့်မယ်။ ဒီလောကမှာရှိတဲ့လူတွေက ကျွန်ုပ်တို့ကို မုန်းတီးကြပေမဲ့ ဘုရားသခင့်နိုင်ငံတော်အပေါ် သစ္စာတည်ကြည်ဖို့နဲ့ ကာကွယ်မှုပေးတဲ့ ယေဟောဝါရဲ့ချိုင့်ထဲမှာပဲရှိနေဖို့ ကျွန်ုပ်တို့ အခိုင်အမာ စိတ်ပိုင်းဖြတ်ထားကြတယ်။

^ စာပိုဒ်၊ 11 ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! စာအုပ်၊ စာမျက်နှာ ၁၆၉-၁၇၀ တို့ကိုကြည့်ပါ