မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်စိတ်နှလုံးအကြံအစည်များကို သတိပြုပါ

သင့်စိတ်နှလုံးအကြံအစည်များကို သတိပြုပါ

“စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏” လို့ သမ္မာကျမ်းစာမှာပြောထားတယ်။ (ယေ. ၁၇:၉) ကျွန်ုပ်တို့ရဲ့စိတ်နှလုံးက တစ်ခုခုကို အရမ်းလိုချင်ပြီဆိုရင် ဆင်ခြေတွေပေးပြီး မရမကယူတတ်တယ်။

သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို အခုလို သတိပေးတယ်– “မကောင်းသောကြံစည်ခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ မတရားမေထုန်ပြုခြင်း၊ ခိုးခြင်း၊ မှားယွင်းသောသက်သေကိုခံခြင်း၊ မြင့်မြတ်သောအရာကို စော်ကားခြင်းတို့သည် စိတ်နှလုံးထဲက ထွက်လာကြ၏။” (မ. ၁၅:၁၉) ကျွန်ုပ်တို့ရဲ့ အတွင်းလူဖြစ်တဲ့ စိတ်နှလုံးက ကျွန်ုပ်တို့ကို ဘုရားသခင့်အလိုတော်နဲ့ ဆန့်ကျင်တဲ့လုပ်ရပ်တွေလုပ်ဖို့ လှည့်စားနိုင်တယ်။ ကျွန်ုပ်တို့ အမှားလုပ်တာကိုတောင် သတိမပြုမိအောင် စိတ်နှလုံးက လှည့်စားနိုင်တယ်။ ကျွန်ုပ်တို့ အမှားတစ်ခုခု မလုပ်မိခင် ကျွန်ုပ်တို့စိတ်နှလုံးထဲမှာ အမှန်တကယ် ရှိနေတဲ့အရာကို သိမြင်နိုင်ဖို့ ဘာကကူညီပေးနိုင်သလဲ။

သင့်စိတ်နှလုံးထဲမှာ ရှိတဲ့အရာကို သိမြင်နိုင်ပုံ

သမ္မာကျမ်းစာကိုနေ့စဉ် ဖတ်ရှုခြင်းက ကျွန်ုပ်တိုရဲ့ စိတ်နှလုံးထဲမှာ အမှန်တကယ်ရှိတဲ့အရာကို သိမြင်နိုင်ဖို့ ဘယ်လိုကူညီပေးသလဲ

သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုပြီး တွေးတောဆင်ခြင်ပါ။

“ဘုရားသခင်၏တရားစကားတော်သည် အသက်ရှင်၍ တန်ခိုးရှိ၏။ မည်သည့်သန်လျက်ထက်မဆို ထက်၍ လူ့အပြင်ပန်းနှင့် အတွင်းသဘောကိုလည်းကောင်း၊ အရိုးဆစ်နှင့် ခြင်ဆီကိုလည်းကောင်း ခွဲခြား၍ ထွင်းဖောက်တတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း ပိုင်းခြားသိမြင်တတ်၏” လို့ တမန်တော်ပေါလုရေးခဲ့တယ်။ (ဟေဗြဲ ၄:၁၂) သမ္မာကျမ်းစာကို ကျွန်ုပ်တို့ လေ့လာတဲ့အခါ ကျွန်ုပ်တို့ရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို ဆန်းစစ်သင့်တယ်။ အဲဒီလိုလုပ်တာက ကျွန်ုပ်တို့စိတ်နှလုံးထဲမှာ အမှန်တကယ် ဘာတွေရှိနေသလဲဆိုတာ သိနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒါကြောင့် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုပြီး တွေးတောဆင်ခြင်ဖို့ အရမ်းအရေးကြီးတယ်။ အဲဒီလိုလုပ်ခြင်းက ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံအတိုင်း ကျွန်ုပ်တို့စဉ်းစားတွေးခေါ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

သမ္မာကျမ်းစာမှာ ပြောထားတဲ့အရာတွေကို အာရုံစိုက်တာက ကျွန်ုပ်တို့ရဲ့ ဩတ္တပ္ပစိတ်ကို လေ့ကျင့်ပေးရာရောက်တယ်။ ကျွန်ုပ်တို့ရဲ့သြတ္တပ္ပစိတ်က ကျွန်ုပ်တို့ရဲ့ အတွင်းထဲမှာရှိနေတဲ့ အသံတစ်ခုနဲ့တူတယ်။ တစ်ခုခုမှားနေတယ်ဆိုရင် ဩတ္တပ္ပစိတ်က ကျွန်ုပ်တို့ကိုပြောပြပြီး ကျွန်ုပ်တို့ မကောင်းတဲ့အရာတွေလုပ်ဖို့ ဆင်ခြေတွေမပေးအောင်လည်း တားဆီးပေးတယ်။ (ရော. ၉:၁) ဒါ့အပြင် သမ္မာကျမ်းစာမှာလည်း ကျွန်ုပ်တို့ကို “သတိပေး” ဖို့ ပုံနမူနာများစွာပါတယ်။ (၁ ကော. ၁၀:၁၁) အဲဒီပုံနမူနာတွေကနေ ကျွန်ုပ်တို့ သင်ခန်းစာယူမယ်ဆိုရင် မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ မချမိအောင် တားဆီးပေးနိုင်တယ်။ ကျွန်ုပ်တို့ကို အထောက်အကူပေးနိုင်တဲ့ ဘယ်အရာတွေရှိသေးသလဲ။

ဆုတောင်းခြင်းက ကျွန်ုပ်တို့ရဲ့စိတ်နှလုံးထဲမှာ အမှန်တကယ်ရှိတဲ့အရာကို သိမြင်ဖို့ ကူညီပေး

သင့်စိတ်နှလုံးထဲမှာ ရှိတဲ့အရာတွေကို သိမြင်နိုင်ဖို့ ဘုရားသခင်ထံမှာ ဆုတောင်းပါ။

ယေဟောဝါဟာ “စိတ်နှလုံးကို စစ်ဆေးသူ” ဖြစ်တယ်။ (၅ ရာ. ၂၉:၁၇ကဘ) ကိုယ်တော့်စိတ်နှလုံးက ကျွန်ုပ်တို့ရဲ့ “စိတ်နှလုံးထက် ကြီးမြတ်တော်မူသောကြောင့် အရာခပ်သိမ်းကို သိတော်မူ” တယ်။ (၁ ယော. ၃:၂၀) ဘုရားသခင်က ကျွန်ုပ်တို့အကြောင်း အကုန်သိတယ်။ ကျွန်ုပ်တို့ ယေဟောဝါထံ ဆုတောင်းတဲ့အခါ ကျွန်ုပ်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ ခံစားချက်တွေနဲ့ အလိုဆန္ဒတွေကို ရိုးသားပွင့်လင်းစွာ ပြောပြမယ်ဆိုရင် ကျွန်ုပ်တို့စိတ်နှလုံးထဲမှာ ရှိတဲ့အရာတွေကို သိမြင်နိုင်အောင် ယေဟောဝါကူညီပေးမှာဖြစ်တယ်။ ကျွန်ုပ်တို့ကို “စင်ကြယ်သောနှလုံး” ပေးပါလို့လည်း ဘုရားသခင်ထံ တောင်းလျှောက်နိုင်တယ်။ (ဆာ. ၅၁:၁၀) ဒါကြောင့် ဆုတောင်းခြင်းက ယေဟောဝါထံကနေ အကူအညီရယူဖို့ အရမ်းအရေးကြီးတဲ့ နည်းတစ်နည်းဖြစ်တယ်။

အစည်းအဝေးတွေက ကျွန်ုပ်တို့ရဲ့စိတ်နှလုံးထဲမှာ အမှန်တကယ်ရှိတဲ့အရာကို နားလည်သဘောပေါက်ဖို့ ကူညီပေး

ခရစ်ယာန်အစည်းအဝေးတွေမှာ အာရုံစိုက်နားထောင်ပါ။

ခရစ်ယာန်အစည်းအဝေးတွေမှာ တင်ဆက်တဲ့အကြောင်းအရာတွေကို အာရုံစိုက်နားထောင်တဲ့အခါ အတွင်းလူဖြစ်တဲ့ ကျွန်ုပ်တို့ရဲ့နှလုံးကို ရိုးသားစွာဆန်းစစ်ဖို့ ကူညီပေးတယ်။ အစည်းအဝေးတိုင်းမှာ အကြောင်းအရာအသစ်တွေ ကြားရမှာ မဟုတ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ဟာ အစည်းအဝေးတွေမှာ အမြဲရှိနေမယ်ဆိုရင် ကျမ်းစာမူတွေနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ပိုနားလည်နိုင်မှာဖြစ်တယ်။ ဒါ့အပြင် ကျွန်ုပ်တို့ရဲ့စိတ်နှလုံးထဲမှာ ရှိနေတဲ့အရာတွေကို သိမြင်ပြီး ပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်ဖို့ အစည်းအဝေးတွေမှာ ရရှိတဲ့ အကြံပေးချက်တွေက ကူညီပေးနိုင်တယ်။ ကျွန်ုပ်တို့ရဲ့ ညီအစ်ကိုညီအစ်မတွေပေးတဲ့ မှတ်ချက်တွေကလည်း အတော်လေး အထောက်အကူပြုတယ်။ (သု. ၂၇:၁၇) ဒါပေမဲ့ အစည်းအဝေးတွေမှာ ကျွန်ုပ်တို့ရဲ့ ညီအစ်ကိုညီအစ်မတွေနဲ့အတူ ပုံမှန်ရှိမနေဘူးဆိုရင် ကျွန်ုပ်တို့အတွက် အန္တရာယ်ရှိတယ်။ အဲဒီလိုနေတာက ‘ကိုယ့်ရဲ့အတ္တဆန္ဒနောက်ကိုပဲ လိုက်’ မိစေနိုင်တယ်။ (သု. ၁၈:၁ကဘ) ဒါကြောင့် ‘ငါ အစည်းအဝေးအားလုံးကိုတက်ပြီး သေချာအာရုံစိုက်နားထောင်သလား’ ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကိုမေးတာက ပညာရှိရာကျပါတယ်။—ဟေဗြဲ ၁၀:၂၄၊ ၂၅

သင့်စိတ်နှလုံးက သင့်ကို လှည့်စားနိုင်ပုံ

ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးက နည်းလမ်းပေါင်းစုံနဲ့ ကျွန်ုပ်တို့ကို လှည့်စားနိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး ရုပ်ပစ္စည်းတပ်မက်ခြင်း၊ အရက်သောက်သုံးခြင်း၊ အပေါင်းအသင်းရွေးချယ်ခြင်းနဲ့ အပန်းဖြေခြင်း စတဲ့ကဏ္ဍလေးခုကို ဆန်းစစ်ကြည့်ကြစို့။

ရုပ်ပစ္စည်းတပ်မက်ခြင်း။

ကျွန်ုပ်တို့ရဲ့ ကာယရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းချင်တဲ့ဆန္ဒက သဘာဝပါပဲ။ ဒါပေမဲ့ ယေရှုက ရုပ်ပစ္စည်းကို ကျွန်ုပ်တို့ဘဝရဲ့ ပထမနေရာမှာမထားဖို့ သတိပေးထားတယ်။ အသီးအနှံတွေအပြည့် သိုလှောင်ထားတဲ့ သူဌေးတစ်ဦးအကြောင်း ယေရှုပြောခဲ့တယ်။ အဲဒီသူဌေးမှာ အရမ်းအထွက်တိုးတဲ့ လာမယ့်ရိတ်သိမ်းရာသီအတွက် အသီးအနှံတွေသိုလှောင်ဖို့ နေရာမရှိတော့ဘူး။ ဒါကြောင့် သူ့ရဲ့ လက်ရှိစပါးကျီတွေကိုဖျက်ပြီး ပိုကြီးတဲ့စပါးကျီတွေ ဆောက်ချင်နေတယ်။ သူ ဒီလိုတွေးခဲ့တယ်– “ငါ၏အသီးအနှံရှိသမျှ၊ ဥစ္စာရှိသမျှကို သိုထားမည်။ ထို့နောက် ‘ငါသည် နှစ်ပေါင်းများစွာအတွက် ဥစ္စာအများကို သိုထားလျက်ရှိပြီ။ စိတ်ချမ်းသာစွာနေလော့။ စားသောက်ပြီး ပျော်မွေ့လော့’ ဟုငါ့ကိုငါ ပြောမည်။” ဒါပေမဲ့ အဲဒီသူဌေးဟာ တကယ်လို့ ညတွင်းချင်းမှာပဲ သူသေသွားရင် သူလုပ်ထားသမျှက အလကားပဲဆိုတဲ့ အရေးကြီးတဲ့အချက်ကို မေ့နေခဲ့တယ်။—လု. ၁၂:၁၆-၂၀

ကျွန်ုပ်တို့အသက်ကြီးလာတာနဲ့အမျှ ကျွန်ုပ်တို့အတွက် အိုစာမင်းစာ ဖူဖူလုံလုံရှိပါ့မလားဆိုပြီး စတင် စိုးရိမ်ပူပန်လာနိုင်တယ်။ ဒါကြောင့် ဥစ္စာပစ္စည်းစုဆောင်းဖို့ အစည်းအဝေးရှိတဲ့ညတွေမှာလည်း အချိန်ပို အလုပ်ဆင်းတာ၊ ဒါမှမဟုတ် ကျွန်ုပ်တို့ရဲ့ခရစ်ယာန်တာဝန်တွေကို လျစ်လျူရှုတာတွေ စတင်ဖြစ်လာနိုင်တယ်။ အဲဒီလို စိတ်သဘောထားမျိုးကို တွန်းလှန်သင့်တယ်မဟုတ်လား။ ဒါမှမဟုတ် ကျွန်ုပ်တို့ဟာ အချိန်ပြည့်အမှုဆောင်လုပ်ငန်းက ဘဝမှာ အကောင်းဆုံးအလုပ်ဆိုတာ သိထားတဲ့ လူငယ်တစ်ဦးလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ရှေ့ဆောင်စမလုပ်ခင်မှာ အရင် အလုပ်လုပ်ပြီး ငွေစုသင့်တယ်လို့ ကျွန်ုပ်တို့ တွေးမိနိုင်တယ်။ တကယ်လို့ သင် အဲဒီလို တွေးမိတယ်ဆိုရင် အခုချိန်ဟာ ယေဟောဝါရဲ့ အမှုတော်မှာ သင် အတတ်နိုင်ဆုံးပါဝင်ရမယ့် အချိန်ဆိုတာ သတိရပါ။ ဒါ့အပြင် မနက်ဖြန်မှာ အသက်ရှင်မယ် မရှင်ဘူးဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။

အရက်သောက်သုံးခြင်း။

“စပျစ်ဝိုင်အလွန်အကျွံသောက်တဲ့သူတွေ . . . ထဲမှာ သင် မပါစေနဲ့” လို့ သုတ္တံ ၂၃:၂၀ (ကဘ) မှာပြောထားတယ်။ သင်ဟာ အရက်သောက်ချင်တဲ့ စိတ်ဆန္ဒပြင်းပြနေတယ်ဆိုရင် ဆင်ခြေတွေပေးပြီး မကြာခဏ အရက်သောက်မိနိုင်တယ်။ ဥပမာ ‘ငါက စိတ်ပြေလက်ပျောက် သောက်တာပါ၊ မူးအောင်သောက်တာမှ မဟုတ်ဘဲ’ ဆိုပြီး သင်ပြောမိနိုင်တယ်။ သင် အဲဒီလိုဖြစ်နေတယ်ဆိုရင် သင့်စိတ်နှလုံးထဲမှာရှိတဲ့အရာကို ရိုးရိုးသားသား ဆန်းစစ်ပါ၊ သင့် စိတ်နှလုံးရဲ့လှည့်စားခြင်းကို မခံပါနဲ့။

အပေါင်းအသင်းရွေးချယ်ခြင်း။

ကျွန်ုပ်တို့ဟာ ကျောင်း၊ အလုပ်နဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ယေဟောဝါကို ဝတ်မပြုသူတွေနဲ့ နေ့စဉ် ပြောဆိုဆက်ဆံရတယ်။ ဒါပေမဲ့ မယုံကြည်သူတွေနဲ့ မလိုအပ်ဘဲ အချိန်ပေးပေါင်းသင်းတာ ဒါမှမဟုတ် သူတို့နဲ့ ရင်းရင်းနှီးနှီးနေတာက မှားပါတယ်။ အဲဒီလူတွေမှာ အရည်အချင်းကောင်းတွေအများကြီးရှိလို့ဆိုပြီး ဆင်ခြေပေးမိနိုင်တယ်။ ဒါပေမဲ့ “လှည့်ဖြားခြင်းကို မခံကြနှင့်။ မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်၏” လို့ သမ္မာကျမ်းစာက သတိပေးထားတယ်။ (၁ ကော. ၁၅:၃၃) ညစ်ပတ်တဲ့ ရေနည်းနည်းလေးက သန့်စင်တဲ့ရေကို ညစ်ညမ်းသွားစေနိုင်သလိုပဲ ဘုရားသခင်ကိုမချစ်တဲ့လူတွေနဲ့ ပေါင်းသင်းတာက ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ပျက်စီးစေနိုင်တယ်။ ကျွန်ုပ်တို့ဟာ ယေဟောဝါကို မချစ်တဲ့သူတွေနဲ့ တရင်းတနှီးပေါင်းသင်းတာကြောင့် သူတို့လို စတင် စဉ်းစားတွေးခေါ်၊ ဝတ်စားဆင်ယင်ပြီး ပြောဆိုပြုမူမိနိုင်တယ်။

အပန်းဖြေခြင်း။

ဒီနေ့ခေတ် နည်းပညာတွေကြောင့် ဖျော်ဖြေမှုမျိုးစုံကို ကျွန်ုပ်တို့ အလွယ်တကူရရှိနိုင်တယ်။ ဒါပေမဲ့ အဲဒီဖျော်ဖြေမှုတွေထဲက အများစုဟာ ခရစ်ယာန်တွေအတွက် မသင့်တော်ဘူး။ မသန့်ရှင်းတဲ့အရာတွေကို စကားနဲ့တောင် မပြောကြဖို့ ခရစ်ယာန်တွေကို ပေါလုပြောခဲ့တယ်။ (ဧ. ၅:၃) မသန့်ရှင်းတဲ့အကြောင်းအရာတစ်ခုခုကို နားထောင်ဖို့ ဒါမှမဟုတ် ကြည့်ဖို့ ကျွန်ုပ်တို့ရဲ့ ဆန္ဒပြင်းပြနေတယ်ဆိုရင်ကော။ ကျွန်ုပ်တို့အားလုံးဟာ ပျော်ရွှင်ဖို့လိုအပ်တယ်၊ ဒါကြောင့် အပန်းဖြေဖို့အတွက် ကျွန်ုပ်တို့ လုပ်တဲ့အရာတွေက ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်တယ်လို့ ဆင်ခြေတွေပေးမိနိုင်တယ်။ ဒါပေမဲ့ ပေါလုရဲ့သတိပေးချက်ကို ကျွန်ုပ်တို့ အမြဲတမ်းလိုက်နာပြီး မသန့်ရှင်းတဲ့အရာတိုင်းကို မကြည့်ဖို့နဲ့ နားမထောင်ဖို့ လိုတယ်။

ကျွန်ုပ်တို့ ပြုပြင်ပြောင်းလဲနိုင်

ကျွန်ုပ်တို့ဟာ ကိုယ့်စိတ်နှလုံးရဲ့လှည့်စားခြင်းကို ခံခဲ့ရတယ် ဒါမှမဟုတ် မှားယွင်းတဲ့ လုပ်ရပ်တွေလုပ်ဖို့အတွက် ဆင်ခြေတွေပေးခဲ့မိတယ်ဆိုရင်တောင် ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ နောက်မကျသေးပါဘူး။ (ဧ. ၄:၂၂-၂၄) ယနေ့ခေတ်ပုံနမူနာနှစ်ခုကို သုံးသပ်ကြည့်ရအောင်။

မီဂဲလ် *ဟာ စည်းစိမ်ဥစ္စာနဲ့ပတ်သက်ပြီး သူရဲ့သဘောထားကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ခဲ့တယ်။ သူ ဒီလိုပြောတယ်– “ကျွန်တော်တို့မိသားစုနေထိုင်တဲ့ နိုင်ငံဟာ နောက်ဆုံးပေါ် အကောင်းဆုံးနည်းပညာတွေရနိုင်ပြီး ဇိမ်ကျကျနေဖို့ အရမ်းအရေးကြီးတယ်လို့ ယူဆတဲ့နိုင်ငံဖြစ်တယ်။ လောကမှာရှိတဲ့ ပစ္စည်းတွေကို ရနိုင်သလောက် များများရဖို့ ကျွန်တော်ကြိုးစားခဲ့တယ်၊ တစ်ဖက်ကလည်း ကိုယ့်ကိုယ်ကိုယ် ရုပ်စ္စည်းတပ်မက်သူ ဖြစ်မသွားအောင် လုပ်နိုင်မယ်လို့ ကျွန်တော်ထင်ခဲ့တယ်။” ဒါပေမဲ့ မကြာခင် မီဂဲလ်ဟာ သူမှားတယ်ဆိုတာ သဘောပေါက်လာတယ်။ သူ့ရဲ့စဉ်းစားတွေးခေါ်ပုံကို ပြုပြင်ပြောင်းလဲနိုင်ဖို့ ကူညီပေးပါလို့ ယေဟောဝါထံမှာ ဆုတောင်းခဲ့တယ်။ မီဂဲလ် ဒီလိုဆက်ပြောတယ်– “ကျွန်တော်တို့ မိသားစုလိုက် ကိုယ်တော့်အမှုတော်မှာ အပြည့်အဝပါဝင်ချင်တယ်ဆိုတာ ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ကျွန်တော်တို့ရဲ့ဘဝကို ရိုးရှင်းစေဖို့နဲ့ သာ၍လိုအပ်တဲ့နေရာမှာ အမှုဆောင်ဖို့ ဆုံးဖြတ်ချက်ချနိုင်ခဲ့တယ်။ မကြာခင်မှာပဲ ကျွန်တော်တို့ ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်နိုင်ခဲ့ကြတယ်။ ပြည့်ဝ၊ ပျော်ရွှင်တဲ့အသက်တာရဖို့ ပစ္စည်းဥစ္စာအများကြီး မလိုအပ်ဘူးဆိုတာ ကျွန်တော်တို့ သိလာတယ်။”

မကောင်းတဲ့အပေါင်းအသင်းတွေကိုဖြတ်ဖို့ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသားဆန်းစစ်ခြင်းက ဘယ်လောက်အရေးကြီးတယ်ဆိုတာ လီရဲ့တွေ့ ကြုံမှုက ဖော်ပြတယ်။ “ကျွန်တော့်အလုပ်နဲ့ ပတ်သက်ပြီး အလုပ်ကလူတွေနဲ့ တွေ့ဆုံပွဲတွေမှာ ပုံမှန်ဆိုသလို စားသောက်ရတာတွေ ရှိတယ်။ အဲဒီတွေ့ဆုံပွဲတွေမှာ အရက်အလွန်အကျွံသောက်မိနိုင်တယ်ဆိုတာ ကျွန်တော်သိထားတာတောင် ဆက်သွားနေတုန်းပဲ။ ကျွန်တော်အရက်ကို အကြိမ်အတော်များများ အလွန်အကျွံသောက်ခဲ့မိတယ်၊ ဒါပေမဲ့ နောက်ပိုင်း ကျွန်တော့်လုပ်ရပ်တွေအတွက် ကျွန်တော် နောင်တရခဲ့တယ်” လို့ လီပြောပြခဲ့တယ်။ သူ့စဉ်းစားတွေးခေါ်ပုံကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာ လီသဘောပေါက်ခဲ့တယ်။ သူဒီလို ရှင်းပြခဲ့တယ်– “ကျွန်တော်ဟာ ယေဟောဝါကို မချစ်တဲ့သူတွေနဲ့ ပေါင်းသင်းဖို့ပဲ ကြိုးစားခဲ့တယ်ဆိုတာ ဘုရားသခင့်တရားစကားတော်အကူအညီနဲ့ အကြီးအကဲတွေရဲ့ အကြံပေးချက်တွေကနေ ကျွန်တော်နားလည်လာတယ်။” အခုတော့ လီဟာ အဲဒီလူတွေနဲ့ လူချင်းတွေ့မယ့်အစား သူ့အလုပ်ကိစ္စတွေကို အတတ်နိုင်ဆုံး တယ်လီဖုန်းနဲ့ပဲ ဆက်သွယ်ပြောဆိုဖို့ ကြိုးစားတယ်။

ကိုယ့်ကိုယ်ကိုယ် ရိုးသားဖို့လိုပြီး ကျွန်ုပ်တို့ရဲ့စိတ်နှလုံးထဲမှာ အမှန်တကယ် ဘာရှိလဲဆိုတာ ဆန်းစစ်ဖို့လိုတယ်။ ဘယ်လိုနည်းနဲ့ ကျွန်ုပ်တို့ အဲဒီလိုလုပ်နိုင်မလဲ။ “နှလုံးထဲမှာ သိုဝှက်ထားတဲ့အရာတွေကို သိ” တဲ့ ယေဟောဝါထံ ဆုတောင်းနိုင်ပါတယ်။ (ဆာ. ၄၄:၂၁ကဘ) ကျွန်ုပ်တို့မှာ ဘုရားသခင့်တရားစကားတော် သမ္မာကျမ်းစာလည်းရှိတယ်။ ကျွန်ုပ်တို့ သမ္မာကျမ်းစာဖတ်တဲ့အခါ ကျမ်းစာက မှန်တစ်ချပ်လိုပဲ ကျွန်ုပ်တို့ဟာ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာ သိမြင်နိုင်ဖို့ ကူညီပေးတယ်။ (ယာ. ၁:၂၂-၂၅) အဖွဲ့အစည်းထုတ်စာပေတွေနဲ့ အစည်းအဝေးတွေကတစ်ဆင့်လည်း ယေဟောဝါထံက သွန်သင်ချက်တွေကို ကျွန်ုပ်တို့ရရှိကြတယ်။ အဲဒီပြင်ဆင်ပေးချက်တွေအားလုံးက ကျွန်ုပ်တို့ရဲ့စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ မှန်ရာကို ဆက်လုပ်နိုင်ဖို့ ကူညီပေးနိုင်တယ်။

^ စာပိုဒ်၊ 18 နာမည်တွေကို ပြောင်းထား။