မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါက ကျွန်ုပ်တို့ရဲ့ ခိုနားရာဖြစ်

ယေဟောဝါက ကျွန်ုပ်တို့ရဲ့ ခိုနားရာဖြစ်

“အို၊ ယေဟောဝါ၊ ကိုယ်တော်က လူမျိုးအဆက်ဆက်တိုင်အောင် ကျွန်တော်တို့ရဲ့ ခိုနားရာဖြစ်တယ်။”—ဆာ. ၉၀:၁၊ ကဘ။

၁၊ ၂။ ဘုရားသခင့်ကျေးကျွန်တွေဟာ လက်ရှိလောကနဲ့ပတ်သက်ပြီး ဘယ်လိုရှုမြင်ကြသလဲ။ သူတို့မှာ ဘယ်လို အိမ်ရှိသလဲ။

 ဆိုးညစ်တဲ့ လက်ရှိလောကမှာအသက်ရှင်ရတာက ကိုယ့်အိမ်ကိုယ့်ရာမှာ နေရသလို လုံခြုံတယ်၊ စိတ်ချမ်းသာတယ်လို့ သင်ခံစားရသလား။ မခံစားရဘူးဆိုရင်တော့ သင်ဟာ ယေဟောဝါရဲ့ တခြားကျေးကျွန်တွေနဲ့ ခံစားချက်ချင်းတူနေပြီ။ ရှေးအချိန်ကတည်းက ယေဟောဝါကို တကယ်ချစ်တဲ့သူတွေအားလုံးဟာ သူတို့ကိုသူတို့ ဒီလောကစနစ်ရဲ့ သူစိမ်းတွေ၊ တိုင်းတစ်ပါးသားဧည့်သည်တွေအဖြစ် ယူမှတ်ခဲ့ကြတယ်။ ဥပမာ၊ ခါနာန်ပြည်မှာ တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့နေထိုင်ခဲ့ရတဲ့ ဘုရားသခင်ရဲ့ သစ္စာရှိဝတ်ပြုသူတွေဟာ သူတို့ကိုသူတို့ အဲဒီလိုပဲ ယူမှတ်ခဲ့ကြတယ်။ “မိမိတို့သည် ထိုပြည်တွင် သူစိမ်းများ၊ ခေတ္တနေထိုင်သူများဖြစ်ကြောင်း ဝန်ခံကြ၏” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ဟေဗြဲ ၁၁:၁၃

အလားတူပဲ “ကောင်းကင်နိုင်ငံတော်သားများဖြစ်ကြ” တဲ့ ခရစ်တော်ရဲ့ဘိသိက်ခံနောက်လိုက်တွေဟာ သူတို့ကိုသူတို့ ဒီလောကရဲ့ “တိုင်းတစ်ပါးဧည့်သည်များ” အဖြစ် ယူမှတ်ကြတယ်။ (ဖိ. ၃:၂၀; ၁ ပေ. ၂:၁၁) ခရစ်တော်ရဲ့ “အခြားသိုး” တွေလည်း ယေရှုလိုပဲ “လောကနှင့်မသက်ဆိုင်ကြ” ဘူး။ (ယော. ၁၀:၁၆; ၁၇:၁၆) ဒါပေမဲ့ ဘုရားသခင့်လူတွေဟာ အိမ်ခြေရာခြေမရှိတဲ့ ခြေသလုံးအိမ်တိုင်တွေတော့ မဟုတ်ပါဘူး။ တကယ်တော့ သူတို့မှာ အလုံခြုံဆုံးနေရာ၊ မေတ္တာအရှိဆုံးနေရာတစ်ခု ရှိတယ်၊ အဲဒါကို ယုံကြည်ခြင်းမျက်စိနဲ့ပဲ မြင်နိုင်တယ်။ “အို၊ ယေဟောဝါ ကိုယ်တော်က လူမျိုးအဆက်ဆက်တိုင်အောင် ကျွန်တော်တို့ရဲ့ခိုနားရာဖြစ်တယ်” * လို့ မောရှေရေးခဲ့တယ်။ (ဆာ. ၉၀:၁ကဘ) ယေဟောဝါဟာ ရှေးခေတ်က သစ္စာရှိကျေးကျွန်တွေအတွက် “ခိုနားရာ” ဖြစ်ကြောင်း ဘယ်လိုဖော်ပြခဲ့သလဲ။ ယနေ့ ယေဟောဝါဟာ မိမိနာမည်ခံယူထားသူတွေအတွက် ဘယ်လိုနည်းနဲ့ “ခိုနားရာ” ဖြစ်သလဲ။ အနာဂတ်မှာ ယေဟောဝါဟာ တစ်ခုတည်းသော လုံခြုံတဲ့ခိုနားရာဖြစ်ကြောင်း ကိုယ်တော် ဘယ်လိုဖော်ပြမလဲ။

ယေဟောဝါဟာ ရှေးခေတ်ကျေးကျွန်တွေအတွက် ခိုနားရာဖြစ်ခဲ့

၃။ ဆာလံ ၉၀:၁ မှာ ယေဟောဝါကို ဘာနဲ့ခိုင်းနှိုင်းထားသလဲ၊ ဘာကြောင့်လဲ။

သမ္မာကျမ်းစာမှာ တစ်ခါတလေ ယေဟောဝါကို ကျွန်ုပ်တို့ မြင်တွေ့နိုင်တဲ့အရာတွေနဲ့ နှိုင်းယှဉ်တယ်။ အဲဒါမှ ကိုယ်တော့်အရည်အသွေးတွေကို ကျွန်ုပ်တို့ ကောင်းကောင်းနားလည်နိုင်မှာဖြစ်တယ်။ ဥပမာ၊ ဆာလံ ၉၀:၁ မှာ ယေဟောဝါကို “ခိုနားရာ” ဒါမှမဟုတ် အိမ်နဲ့ နှိုင်းယှဉ်ထားတယ်။ အိမ်လို့ပြောလိုက်တာနဲ့ ကျွန်ုပ်တို့ဟာ မေတ္တာ၊ ငြိမ်းချမ်းမှုနဲ့ ကာကွယ်မှုစတာတွေကို စဉ်းစားမိကြတယ်။ ယေဟောဝါကို ဘာကြောင့် အိမ်နဲ့ နှိုင်းယှဉ်တာလဲ။ ယေဟောဝါဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (၁ ယော. ၄:၈) ကိုယ်တော်ဟာ မိမိရဲ့သစ္စာရှိသူတွေကို “ဘေးကင်းလုံခြုံစွာနေထိုင်စေ” တဲ့ ငြိမ်သက်ခြင်းအရှင်လည်း ဖြစ်တယ်။ (ဆာ. ၄:၈ကဘ) ဥပမာအနေနဲ့ အာဗြဟံကနေအစပြုတဲ့ သစ္စာရှိကျေးကျွန်တွေနဲ့ ကိုယ်တော်ဆက်ဆံပုံကို သုံးသပ်ကြည့်ပါ။

၄၊ ၅။ ဘုရားသခင်က အာဗြဟံအတွက် ခိုနားရာဖြစ်ကြောင်း ဘယ်လိုနည်းနဲ့ ဖော်ပြခဲ့သလဲ။

အာဗြဟံဟာ ယေဟောဝါ ဘာကြောင့် သူ့ကို “သင့်ရဲ့ ပြည်၊ သင့်ရဲ့ဆွေမျိုးသားချင်းတွေ . . . ဆီကနေထွက်ပြီး ငါပြမယ့်ပြည်ကို သွားပါ” လို့ ပြောသလဲဆိုတာ စဉ်းစားမိခဲ့မှာပဲ။ ဒီစကားတွေကြောင့် အာဗြဟံ စိုးရိမ်စိတ်ဝင်ခဲ့မယ်ဆိုရင် ယေဟောဝါနောက်ထပ်ပြောတဲ့ စကားတွေကြောင့် အဲဒီစိုးရိမ်စိတ် ပျောက်သွားမှာသေချာတယ်– “ငါက သင့်ကို လူမျိုးကြီးဖြစ်စေပြီး ကောင်းချီးပေးမယ်။ သင့်နာမည်ကို ကြီးမြတ်စေမယ်။ . . . သင့်ကို ကောင်းချီးပေးသူတွေကို ငါကောင်းချီးပေးမယ်။ သင့်ကို ကျိန်ဆဲသူတွေကို ငါကျိန်ဆဲမယ်။”—က. ၁၂:၁-၃ကဘ။

ယေဟောဝါက အာဗြဟံနဲ့ သူ့သားစဉ်မြေးဆက်ကို ကောင်းချီးပေးပြီး ကာကွယ်မယ်လို့ ကတိပေးခြင်းအားဖြင့် မိမိကိုယ်ကို လုံခြုံတဲ့ခိုနားရာ ဖြစ်စေခဲ့တယ်။ ကိုယ်တော်ဟာ ကတိအတိုင်း တကယ်လုပ်ဆောင်ခဲ့တယ်။ (က. ၂၆:၁-၆) သာဓကအနေနဲ့ ကိုယ်တော်ဟာ အီဂျစ်ဘုရင်ဖာရောနဲ့ ဂေရာမင်းကြီး အဘိမလက်ရန်ကနေ စာရာနဲ့ အာဗြဟံကို ကာကွယ်ခဲ့တယ်။ ဣဇာက်နဲ့ ရေဗက္ကာကိုလည်း အဲဒီလိုအခြေအနေမျိုးကနေ ကာကွယ်ပေးခဲ့တယ်။ (က. ၁၂:၁၄-၂၀; ၂၀:၁-၁၄; ၂၆:၆-၁၁) “[ယေဟောဝါ] က သူတို့ကိုဖိနှိပ်ဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုဘူး။ သူတို့အတွက် ဘုရင်တွေကိုတောင် ပဲ့ပြင်ခဲ့တယ်။ ‘ငါဘိသိက်ပေးထားတဲ့သူတွေကို မထိကြနဲ့။ ငါ့ပရောဖက်တွေကို မကောင်းတာတစ်ခုမှ မလုပ်ကြနဲ့’ လို့ သမ္မာကျမ်းစာမှာ ပြောထားတယ်။”—ဆာ. ၁၀၅:၁၄၊ ၁၅ကဘ။

“သင့်ကို ငါမစွန့်ဘူး”

၆။ ဣဇာက်က ယာကုပ်ကို ဘာလုပ်ဖို့ ပြောခဲ့သလဲ၊ ယာကုပ် ဘယ်လိုစဉ်းစားမိနိုင်သလဲ။

အာဗြဟံရဲ့မြေး ယာကုပ်ကိုလည်း ယေဟောဝါ ကာကွယ်စောင့်ရှောက်ခဲ့တယ်။ ယာကုပ်အိမ်ထောင်ပြုရမယ့် အရွယ်ရောက်တဲ့အခါ သူ့အဖေ ဣဇာက် ဒီလိုပြောခဲ့တယ်– “ခါနန်အမျိုးသမီးတွေကို မင်းမယူရဘူး။ မင်းအမေရဲ့အဖေ ဗေသွေလရဲ့အိမ်ရှိရာ ပါဒန်အာရံအရပ်ကိုသွားပြီး မင်းအမေရဲ့အစ်ကို လာဗန်ရဲ့သမီးတစ်ယောက်ယောက်ကို ယူပါ။” (က. ၂၈:၁၊ ၂ကဘ) သူ့အဖေရဲ့စကားကို ယာကုပ် ချက်ချင်းလိုက်နာခဲ့တယ်။ ယာကုပ်ဟာ ခါနာန်မှာရှိတဲ့ သူ့မိသားစုကို ထားခဲ့ပြီး မိုင်ရာနဲ့ချီဝေးတဲ့ ခါရန်မြို့ကို တစ်ယောက်တည်း သွားခဲ့ပုံရတယ်။ (က. ၂၈:၁၀) သူ ဒီလို စဉ်းစားမိနိုင်တယ်– ‘ငါ ဘယ်လောက်ကြာကြာ အိမ်နဲ့ခွဲနေရမလဲ။ ငါ့ဦးလေးက ငါ့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုပြီး ယေဟောဝါကိုချစ်တဲ့ မိန်းမတစ်ယောက်နဲ့ ပေးစားပါ့မလား။’ ယာကုပ် အဲဒီလိုစိုးရိမ်ခဲ့တယ်ဆိုရင် ဗေရရှေဗမြို့နဲ့ မိုင် ၆၀ (ကီလိုမီတာ ၁၀၀) လောက်ဝေးတဲ့ လုဇမြို့ကိုရောက်တဲ့အခါ အဲဒီစိုးရိမ်စိတ်တွေ လုံးဝပျောက်သွားမှာ သေချာတယ်။ လုဇမြို့မှာ ဘာဖြစ်ခဲ့သလဲ။

၇။ ဘုရားသခင်က အိပ်မက်အားဖြင့် ယာကုပ်ကို ဘယ်လိုစိတ်ချစေခဲ့သလဲ။

လုဇမြို့ရောက်တဲ့အခါ ယာကုပ်ရဲ့အိပ်မက်မှာ ယေဟောဝါ ပေါ်လာပြီး ဒီလိုပြောခဲ့တယ်– “သင်နဲ့အတူ ငါရှိမယ်။ သင်သွားလေရာရာမှာ ငါကာကွယ်စောင့်ရှောက်ပြီး သင့်ကို ဒီပြည်ရောက်အောင် ပြန်ပို့ပေးမယ်။ သင့်ကို ငါပေးထားတဲ့ကတိတွေ မပြည့်စုံမချင်း သင့်ကို ငါမစွန့်ဘူး။” (က. ၂၈:၁၅ကဘ) အဲဒီကြင်နာတဲ့စကားတွေကြောင့် ယာကုပ် စိတ်အေးသွားမှာပဲ။ အဲဒီနောက် ဘုရားသခင့်စကားတွေ ဘယ်လိုပြည့်စုံမလဲဆိုတာသိဖို့ ယာကုပ်ရဲ့ခြေလှမ်းတိုင်းက ဘယ်လောက်အထိ တက်ကြွနေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ အကယ်၍ သင်ဟာ တခြားနိုင်ငံတစ်ခုခုမှာ အမှုဆောင်ဖို့ အိမ်ကနေ ထွက်ခဲ့သူဖြစ်တယ်ဆိုရင် ယာကုပ်ရဲ့စိတ်လှုပ်ရှားမှုကို သင်နားလည်နိုင်မှာဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ ဂရုစိုက်စောင့်ရှောက်မှုကို သင်ခံစားခဲ့ရမှာ သေချာပါတယ်။

၈၊ ၉။ ယေဟောဝါဟာ ယာကုပ်အတွက် “ခိုနားရာ” ဖြစ်ကြောင်း ဘယ်နည်းတွေနဲ့ ဖော်ပြခဲ့သလဲ၊ အဲဒီကနေ ကျွန်ုပ်တို့ ဘာသိနိုင်သလဲ။

ယာကုပ် ခါရန်မြို့ကို ရောက်တဲ့အခါ သူ့ဦးလေးလာဗန်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပြီး နောက်တော့ သူ့ကို လေအာ၊ ရာခေလနဲ့ ပေးစားလိုက်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လာဗန်က ယာကုပ်ကိုလှည့်စားပြီး သူ့လုပ်အားခကို ဆယ်ကြိမ်ပြောင်းလဲခဲ့တယ်။ (က. ၃၁:၄၁၊ ၄၂) ဒါပေမဲ့ ယာကုပ်က ယေဟောဝါ သူ့ကို ဂရုစိုက်စောင့်ရှောက်မယ်ဆိုတာ ယုံကြည်စိတ်ချပြီး အဲဒီမတရားတဲ့လုပ်ရပ်တွေကို သည်းခံခဲ့တယ်။ ကိုယ်တော် သူ့ကို တကယ် ကောင်းချီးပေးခဲ့တယ်။ ဘုရားသခင်က ယာကုပ်ကို ခါနာန်ပြည်ပြန်ဖို့ ပြောတဲ့အချိန်မှာ ယာကုပ်ဟာ “ကျွန်ယောက်ျား ကျွန်မိန်းမတွေ၊ ကုလားအုတ်တွေနဲ့ မြည်းတွေအများကြီး ပိုင်ဆိုင်” နေပြီ။ (က. ၃၀:၄၃ကဘ) တကယ်ကျေးဇူးတင်လေးမြတ်စိတ်နဲ့ ယာကုပ် ဒီလိုဆုတောင်းခဲ့တယ်– “ကိုယ်တော်ပြခဲ့တဲ့ ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာစောင့်သိမှုအားလုံးကို ကျွန်တော် မခံထိုက်ပါဘူး။ ဂျော်ဒန်မြစ်ကို တောင်ဝှေးတစ်ချောင်းနဲ့ပဲ ကျွန်တော်ဖြတ်ကူးခဲ့တာ။ အခုတော့ ကျွန်တော့်မှာ အုပ်စုနှစ်စုရှိနေပါပြီ။”—က. ၃၂:၁၀ကဘ။

ဒါက မောရှေရဲ့ဒီစကား မှန်ကန်တယ်ဆိုတာ ဖော်ပြတယ်– “အို၊ ယေဟောဝါ၊ ကိုယ်တော်က လူမျိုးအဆက်ဆက်တိုင်အောင် ကျွန်တော်တို့ရဲ့ ခိုနားရာဖြစ်တယ်။” (ဆာ. ၉၀:၁ကဘ) ယေဟောဝါဟာ ပြောင်းလဲမသွားဘူး။ မိမိရဲ့သစ္စာရှိကျေးကျွန်တွေကို ချစ်နေဆဲ၊ ကာကွယ်ပေးနေဆဲ၊ ဂရုစိုက်စောင့်ရှောက်နေဆဲပဲ။ (ယာ. ၁:၁၇) ဘယ်လိုနည်းနဲ့လည်းဆိုတာကို သုံးသပ်ကြည့်ကြစို့။

ယေဟောဝါဟာ ယနေ့ ကျွန်ုပ်တို့အတွက် ခိုနားရာဖြစ်

၁၀။ ယေဟောဝါက မိမိရဲ့ကျေးကျွန်တွေအတွက် “ခိုနားရာ” ဆက်ဖြစ်နေမယ်လို့ ဘာကြောင့် စိတ်ချနိုင်သလဲ။

၁၀ ဒီအဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ။ သင်ဟာ တရားရုံးမှာ အရမ်းထက်မြက်ပြီး အခွင့်အာဏာရှိတဲ့သူတစ်ဦးရဲ့ တစ်ဖက်ကနေ သက်သေထွက်ဆိုနေရတယ်။ အဲဒီပုဂ္ဂိုလ်က ရက်စက်ကြမ်းကြုတ်တဲ့ လူလိမ်လူညာ၊ လူသတ်သမားတစ်ယောက်ဖြစ်တယ်၊ သူ့ရဲ့လူတွေကလည်း တစ်ကမ္ဘာလုံးမှာ သူ့အတွက် အလုပ်လုပ်နေတယ်။ တစ်ရက်ပြီးသွားလို့ တရားရုံးအပြင်ဘက်ကို ထွက်လာတဲ့အခါ သင် ဘယ်လိုခံစားရမလဲ။ လုံခြုံတယ်လို့ ခံစားရမလား။ ခံစားရမှာ မဟုတ်ဘူး။ သင့်ကိုကာကွယ်ပေးဖို့ တောင်းဆိုလို့ရတဲ့ အကြောင်းပြချက်ကောင်း ရှိမှာဖြစ်တယ်။ အလားတူပဲ ယေဟောဝါရဲ့ကျေးကျွန်တွေဟာ ယေဟောဝါရဲ့ရန်သူ စာတန်ကိုဆန့်ကျင်ပြီး ယေဟောဝါဘက်ကနေ သက်သေထွက်ဆိုပေးနေကြတယ်။ (ဗျာဒိတ် ၁၂:၁၇ ကိုဖတ်ပါ။) ဒါပေမဲ့ စာတန်က ဘုရားသခင့်လူတွေကို အသံတိတ်သွားအောင် လုပ်နိုင်ပါ့မလား။ လုပ်နိုင်မှာမဟုတ်ဘူး။ တကယ်တော့ ကျွန်ုပ်တို့ဟာ ကမ္ဘာတစ်ဝန်းမှာ ပိုပိုပြီး ဟောပြောနေကြတယ်။ ဘာကြောင့် အဲဒီလိုဟောပြောနိုင်တာလဲ။ တစ်ခုတည်းသော အဖြေကတော့ ယေဟောဝါဟာ ကျွန်ုပ်တို့ရဲ့ “ခိုနားရာ” ဖြစ်လို့ပဲ။ ဒီနောက်ဆုံးကာလမှာ ကိုယ်တော်ဟာ ကျွန်ုပ်တို့ကို အရင်ကထက်ပိုကောင်းချီးပေးပြီး ကာကွယ်နေတယ်။ (ဟေရှာယ ၅၄:၁၄၊ ၁၇ ကိုဖတ်ပါ။) ဒါပေမဲ့ ကျွန်ုပ်တို့ကို လှည့်ဖြားဖို့ စာတန်ကို ခွင့်မပြုမှသာလျှင် ယေဟောဝါဟာ ကျွန်ုပ်တို့အတွက် “ခိုနားရာ” ဆက်ဖြစ်နေနိုင်မယ်။

ဘုရားသခင့်ကျေးကျွန်တွေကို ကောင်းကင်တမန်တွေ ထောက်မကာကွယ်ပေး

၁၁။ အာဗြဟံ၊ ဣဇာက်နဲ့ ယာကုပ်ဆီကနေ ဘာသင်ယူနိုင်သလဲ။

၁၁ အာဗြဟံ၊ ဣဇာက်နဲ့ ယာကုပ်ဆီကနေ ထပ်သင်ယူကြဦးစို့။ သူတို့က ခါနာန်ပြည်မှာနေကြပေမဲ့ အဲဒီက လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေပြီး အဲဒီလူတွေရဲ့ အကျင့်ပျက်လမ်းစဉ်ကို ရွံမုန်းခဲ့ကြတယ်။ (က. ၂၇:၄၆) သူတို့မှာ ဒါမလုပ်နဲ့၊ ဒါလုပ်ဆိုတဲ့ လမ်းညွှန်ချက်တွေအများကြီးပါတဲ့ စာရင်းရှည်တစ်ခု မလိုဘူး။ ယေဟောဝါဘာကိုကြိုက်တယ်၊ ဘာကိုမကြိုက်ဘူးဆိုတာ သူတို့သိတယ်။ ဒါကြောင့် လောကနဲ့သီးခြားနေဖို့ လုပ်နိုင်ရာမှန်သမျှကို သူတို့လုပ်ခဲ့ကြတယ်။ ကျွန်ုပ်တို့အတွက် တကယ်ကောင်းတဲ့ ပုံသက်သေပါပဲ။ အပေါင်းအသင်းနဲ့ အပန်းဖြေမှုရွေးချယ်ရာမှာ အဲဒီ သစ္စာရှိကျေးကျွန်တွေကို တုပဖို့ သင်ကြိုးစားသလား။ ဝမ်းနည်းစရာက ခရစ်ယာန်အသင်းတော်မှာရှိသူတချို့ဟာ တစ်နည်းနည်းနဲ့ စာတန့်လောကမှာ ပျော်မွေ့ကြတယ်။ သင်အဲဒီလို နည်းနည်းလေး ဖြစ်နေပြီဆိုရင်တောင် အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆုတောင်းပါ။ ဒီလောက,က စာတန့်လောကဖြစ်တယ်၊ စာတန်ဟာ တစ်ကိုယ်ကောင်းဆန်တယ်၊ ကျွန်ုပ်တို့ကို ဂရုမစိုက်ဘူးဆိုတာကို သတိရပါ။—၂ ကော. ၄:၄; ဧ. ၂:၁၊ ၂

၁၂။ (က) မိမိရဲ့ကျေးကျွန်တွေအတွက် ယေဟောဝါ ဘာတွေပြင်ဆင်ပေးထားသလဲ။ (ခ) ဒီပြင်ဆင်ပေးချက်တွေကို သင်ဘယ်လို သဘောထားသလဲ။

၁၂ စာတန်ရဲ့စဉ်းလဲတဲ့ပရိယာယ်တွေနဲ့ လှည့်ဖြားတာကိုမခံချင်ဘူးဆိုရင် မိမိရဲ့ကျေးကျွန်တွေအတွက် ယေဟောဝါပြင်ဆင်ပေးထားရာတွေကနေ အကျိုးအပြည့်အဝ ရယူနေဖို့လိုတယ်။ အဲဒီပြင်ဆင်ပေးချက်တွေထဲမှာ ခရစ်ယာန်အစည်းအဝေးတွေ၊ မိသားစုဝတ်ပြုမှုနဲ့ “လူ့အသွင်ဆု” ဖြစ်တဲ့ အကြီးအကဲတွေပါတယ်။ အကြီးအကဲတွေဟာ ကျွန်ုပ်တို့ ဘဝပြဿနာတွေ ဖြေရှင်းရာမှာ နှစ်သိမ့်မှုနဲ့ ထောက်မမှုပေးဖို့ ဘုရားသခင်ခန့်အပ်ထားတဲ့ သိုးထိန်းတွေဖြစ်တယ်။ (ဧ. ၄:၈-၁၂) အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့တဲ့ ညီအစ်ကို ဂျော့ဂ်ျ ဂန်းဂတ်စ်က “ကျွန်တော် [ဘုရားသခင့်လူတွေ] နဲ့အတူရှိနေချိန်မှာ ကျွန်တော့်မိသားစုနဲ့ အိမ်မှာရှိနေသလိုပဲ ခံစားရတယ်” လို့ ရေးခဲ့တယ်။” သင်ကော အဲဒီလို ခံစားရသလား။

၁၃။ ဟေဗြဲ ၁၁:၁၃ ကနေ ကျွန်ုပ်တို့ ဘယ်အရေးပါတဲ့သင်ခန်းစာ သင်ယူနိုင်သလဲ။

၁၃ အာဗြဟံ၊ ဣဇာက်နဲ့ ယာကုပ်ဆီကနေ တုပထိုက်တဲ့ နောက်ထပ်အရည်အသွေးတစ်ခုက ပတ်ဝန်းကျင်ကလူတွေနဲ့မတူဘဲ ကွဲပြားစွာရပ်တည်လိုခြင်းဖြစ်တယ်။  စာပိုဒ် ၁ မှာဖော်ပြခဲ့သလိုပဲ သူတို့ဟာ “သူစိမ်းများ၊ ခေတ္တနေထိုင်သူများဖြစ်ကြောင်း ၀န်ခံကြ” တယ်။ (ဟေဗြဲ ၁၁:၁၃) လောက,ကလူတွေနဲ့ မတူဘဲ ကွဲပြားစွာရပ်တည်ဖို့ သင်စိတ်ပိုင်းဖြတ်ထားသလား။ အဲဒီလိုရပ်တည်ဖို့ဆိုတာ အမြဲတော့ မလွယ်ကူဘူး။ ဒါပေမဲ့ ဘုရားသခင့်အကူအညီ၊ ယုံကြည်သူချင်းတွေရဲ့အကူအညီနဲ့ သင် အောင်မြင်နိုင်ပါတယ်။ သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သတိရပါ။ ယေဟောဝါကို ဝတ်ပြုလိုသူအားလုံးဟာ စာတန်နဲ့ ဒီလောကကို တိုက်လှန်ကြရတယ်။ (ဧ. ၆:၁၂) ဒါပေမဲ့ ကျွန်ုပ်တို့ဟာ ယေဟောဝါကို ယုံကြည်ပြီး ကိုယ်တော့်ကို ကျွန်ုပ်တို့ရဲ့ လုံခြုံတဲ့ခိုနားရာဖြစ်စေမယ်ဆိုရင် တိုက်ပွဲမှာ အနိုင်ရနိုင်ပါတယ်။

၁၄။ အာဗြဟံဟာ ဘယ် “မြို့” ကိုစောင့်မျှော်ခဲ့သလဲ။

၁၄ ကျွန်ုပ်တို့က အာဗြဟံကိုတုပပြီး ရမယ့်ဆုကို မပြတ်အာရုံစိုက်နေဖို့လိုတယ်။ (၂ ကော. ၄:၁၈) အာဗြဟံဟာ ‘စစ်မှန်သည့်အုတ်မြစ်များရှိသော၊ ဘုရားသခင်တည်ထောင်ပြုစုသောမြို့ကို စောင့်မျှော်လျက်နေ’ တယ်လို့ တမန်တော်ပေါလု ရေးခဲ့တယ်။ (ဟေဗြဲ ၁၁:၁၀) အဲဒီ “မြို့” က ဘုရားသခင့်နိုင်ငံတော်ဖြစ်တယ်။ အာဗြဟံဟာ အဲဒီ “မြို့” ကိုစောင့်မျှော်ခဲ့ရတယ်။ ကျွန်ုပ်တို့ကတော့ စောင့်စရာမလိုဘူး။ အဲဒီနိုင်ငံတော်က ကောင်းကင်မှာ အခု အုပ်ချုပ်နေပြီ။ အဲဒီနိုင်ငံတော်ဟာ မကြာခင်မှာ ကမ္ဘာမြေကြီးကိုလည်း အပြည့်အဝ အုပ်ချုပ်တော့မယ်ဆိုတာ သက်သေအထောက်အထား မြောက်မြားစွာက ဖော်ပြနေတယ်။ သင့်အသက်ရှင်နေထိုင်ပုံက အဲဒီနိုင်ငံတော်ကို သင်တကယ်ယုံကြည်ကြောင်း ဖော်ပြသလား။ သင့်ဘဝမှာ ဘုရားသခင့်နိုင်ငံတော်ကို ဦးစားထားပြီး လောကနဲ့ ကင်းကင်းရှင်းရှင်းနေသလား။—၂ ပေတရု ၃:၁၁၊ ၁၂ ကိုဖတ်ပါ။

ယေဟောဝါက ကျွန်ုပ်တို့ရဲ့ “ခိုနားရာ” ဆက်ဖြစ်

၁၅။ လက်ရှိလောကကို ယုံစားနေသူတွေ အနာဂတ်မှာ ဘာကြုံရမလဲ။

၁၅ စာတန့်လောက အဆုံးတိုင်ဖို့ နီးလာတာနဲ့အမျှ “ဆင်းရဲဒုက္ခ” တွေကလည်း ပိုပို ဆိုးလာမှာဖြစ်တယ်။ (မ. ၂၄:၇၊ ၈) ကြီးစွာသောဒုက္ခအတွင်းမှာတော့ အခြေအနေတွေက ပိုပြီးတော့တောင် ဆိုးလာမှာသေချာတယ်။ ကမ္ဘာတစ်ခုလုံးမှာ ပြိုကွဲပျက်စီးမှုတွေ၊ ရှုပ်ထွေးမှုတွေဖြစ်ပြီး လူတွေဟာ အထိတ်တလန့်ဖြစ်ကြလိမ့်မယ်။ (ဟဗ. ၃:၁၆၊ ၁၇) လူတွေဟာ ကြံရာမရဖြစ်ပြီး “တောင်များရှိလိုဏ်ဂူများ၊ ကျောက်ဆောင်များ၌ ပုန်းအောင်းကြ” လိမ့်မယ်။ (ဗျာ. ၆:၁၅-၁၇) ဒါပေမဲ့ ဘယ်လိုဏ်ဂူ၊ ဘယ်စီးပွားရေးအဖွဲ့အစည်း၊ ဘယ်နိုင်ငံရေးအဖွဲ့အစည်းကမှ သူတို့ကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး။

၁၆။ ခရစ်ယာန်အသင်းတော်ကို ကျွန်ုပ်တို့ ဘယ်လိုသဘောထားသင့်သလဲ၊ ဘာကြောင့်လဲ။

၁၆ ဒါပေမဲ့ ယေဟောဝါရဲ့လူတွေမှာတော့ လုံခြုံတဲ့ “ခိုနားရာ” ဖြစ်တဲ့ ယေဟောဝါဘုရားသခင် ရှိတယ်။ သူတို့ဟာ ပရောဖက် ဟဗက္ကုတ်လိုပဲ “ယေဟောဝါကြောင့် အားရရွှင်လန်းမယ်။” ‘ကယ်တင်ရှင် ဘုရားသခင်ကြောင့် ရွှင်လန်းမယ်။’ (ဟဗ. ၃:၁၈) အဲဒီလိုရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ ယေဟောဝါက “ခိုနားရာ” ဖြစ်ကြောင်း ဘယ်လိုဖော်ပြမလဲ။ အဲဒါကတော့ စောင့်ကြည့်ရမှာဖြစ်တယ်။ ဒါပေမဲ့ ဒီအချက်ကိုတော့ စိတ်ချနိုင်ပါတယ်– အီဂျစ်ပြည်က ထွက်လာတဲ့ အစ္စရေးလူတွေလိုပဲ “လူအုပ်ကြီး” ဟာ စည်းစနစ်တကျရှိနေပြီး ဘုရားသခင့်လမ်းညွှန်ချက်တွေကို နိုးနိုးကြားကြား စောင့်နေမှာဖြစ်တယ်။ (ဗျာ. ၇:၉; ထွက်မြောက်ရာ ၁၃:၁၈ ကိုဖတ်ပါ။) လမ်းညွှန်ချက်တွေကို ယေဟောဝါ ဘယ်လိုပေးမလဲ။ အသင်းတော်ကတစ်ဆင့်ပေးမှာ ဖြစ်နိုင်တယ်။ ဟေရှာယ ၂၆:၂၀ မှာ “အတွင်းခန်း” တွေက ဘုရားသခင့်လူတွေကို ကာကွယ်ပေးမယ်လို့ ဖော်ပြထားတယ်။ ဒီအတွင်းခန်းတွေက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသင်းတော်တွေဖြစ်နိုင်တယ်။ (ဟေရှာယ ၂၆:၂၀ ကိုဖတ်ပါ။) အသင်းတော်အစည်းအဝေးတွေကို သင် တန်ဖိုးထားသလား။ အသင်းတော်ကတစ်ဆင့် ယေဟောဝါပေးတဲ့ လမ်းညွှန်ချက်တွေကို သင် ချက်ချင်းလိုက်နာသလား။—ဟေဗြဲ ၁၃:၁၇

၁၇။ သေလွန်သွားတဲ့သစ္စာရှိသူတွေအတွက် ယေဟောဝါဟာ ဘယ်လိုနည်းနဲ့ “ခိုနားရာ” ဖြစ်သလဲ။

၁၇ ကြီးစွာသောဒုက္ခမတိုင်ခင် သေဆုံးသွားတဲ့ သစ္စာရှိသူတွေအတွက်တောင်မှ ယေဟောဝါဟာ “ခိုနားရာ” ဖြစ်တယ်။ ဘယ်လိုနည်းနဲ့လဲ။ ကိုယ်တော် သူတို့ကို ရှင်ပြန်ထမြောက်ပေးမှာဖြစ်တယ်။ ရှေးခေတ်သစ္စာရှိကျေးကျွန်တွေ သေဆုံးပြီးနောက်ပိုင်း အတော်ကြာတဲ့အခါ ယေဟောဝါက မောရှေကို ဒီလိုပြောခဲ့တယ်– ‘ငါက အာဗြဟံရဲ့ဘုရားသခင်၊ ဣဇာက်ရဲ့ဘုရားသခင်၊ ယာကုပ်ရဲ့ဘုရားသခင်ဖြစ်တယ်။’ (ထွ. ၃:၆) ယေရှုဟာ အဲဒီစကားတွေကို ကိုးကားပြောဆိုပြီးတဲ့နောက် ဒီလိုဆက်ပြောတယ်– “ဘုရားသခင်သည် သေလွန်သောသူတို့၏ ဘုရားမဟုတ်။ အသက်ရှင်သောသူတို့၏ဘုရားဖြစ်တော်မူ၏။ အကြောင်းမူကား ထိုသူအပေါင်းတို့သည် ဘုရားသခင်၏အမြင်တွင် အသက်ရှင်နေကြ၏။” (လု. ၂၀:၃၈) မှန်ပါတယ်၊ သေလွန်သွားတဲ့သစ္စာရှိသူတွေဟာ ယေဟောဝါအမြင်မှာ အသက်ရှင်နေကြတယ်၊ သူတို့ ပြန်အသက်ရှင်လာမှာ သေချာတယ်။—ဒေ. ၇:၁

၁၈။ ကမ္ဘာသစ်မှာ ယေဟောဝါက မိမိရဲ့လူတွေအတွက် “ခိုနားရာ” ဖြစ်ကြောင်း ဘယ်လိုအထူးနည်းလမ်းနဲ့ ဖော်ပြဦးမလဲ။

၁၈ ကမ္ဘာသစ်မှာ ယေဟောဝါဟာ မိမိရဲ့လူတွေအတွက် နောက်ထပ် အထူးနည်းတစ်နည်းနဲ့ “ခိုနားရာ” ဖြစ်ဦးမယ်။ ဗျာဒိတ် ၂၁:၃ မှာ ဒီလိုဖော်ပြထားတယ်– “ဘုရားသခင်၏ တဲတော်သည် လူသားတို့နှင့်အတူရှိ၍ ကိုယ်တော်သည် သူတို့နှင့်အတူ နေတော်မူမည်။” အစပိုင်းမှာတော့ ယေဟောဝါဟာ ကိုယ်စားလှယ်ဖြစ်တဲ့ ခရစ်တော်ယေရှုအားဖြင့် မြေကြီးပေါ်မှာရှိတဲ့ နိုင်ငံတော်လက်အောက်ခံတွေနဲ့ အတူနေမှာဖြစ်တယ်။ အနှစ်တစ်ထောင်အကုန်မှာ ယေရှုဟာ မြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ရည်ရွယ်ချက်တွေကို အားလုံးပြီးအောင်လုပ်ပြီး နိုင်ငံကို ဘုရားသခင်ထံ ပြန်အပ်မှာဖြစ်တယ်။ (၁ ကော. ၁၅:၂၈) အဲဒီနောက်မှာတော့ စုံလင်သူတွေဖြစ်တဲ့ လူသားတွေဟာ ကြားဝင်ဖျန်ဖြေပေးသူဖြစ်တဲ့ ယေရှုကို မလိုအပ်တော့ဘဲ ယေဟောဝါကိုယ်တိုင် သူတို့နဲ့အတူ ရှိမှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ရှေ့မှာ အဲဒီလောက်ကောင်းတဲ့ အနာဂတ်ရှိနေတယ်။ အခုချိန်မှာတော့ ယေဟောဝါကို “ခိုနားရာ” ဖြစ်စေခဲ့တဲ့ ရှေးခေတ်သစ္စာရှိကျေးကျွန်တွေကို ဆက်တုပနေကြစို့။

^ စာပိုဒ်၊ 2 သမ္မာကျမ်းစာတော်မှာ ဆာလံ ၉၀:၁ ကို “အိုဘုရားရှင် ကိုယ်တော်သည် ကာလအစဉ်အဆက် အကျွန်ုပ်တို့နေအိမ် ဖြစ်တော်မူပါ၏” လို့ ပြန်ဆိုထားတယ်။