မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး– အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်နိုင်

အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား

အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား

“အကျွန်ုပ်တို့၏ အသက်အရွယ်သည် အနှစ်ခုနစ်ဆယ်အတိုင်း အရှည်ရှိပါ၏။ အားရှိခြင်းကြောင့် အနှစ်ရှစ်ဆယ်ပြည့်သော်လည်း ထိုနှစ်ကာလတစ်လျှောက်လုံးသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်ပါ၏။” —ဆာလံ ၉၀:၁၀၊ သမ္မာ။

အဲဒီကျမ်းစကားတွေက မှန်ကန်တယ်မဟုတ်လား။ ဒီလောကမှာ အသက်ရှင်ရတဲ့ဘဝဟာ “ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း” တွေနဲ့ ပြည့်နှက်နေပါတယ်။ ‘အခုအချိန်မှာ အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား’ လို့ သင် မေးဖူးမှာပါ။

ဥပမာ၊ မာရီယာရဲ့အဖြစ်ကို ကြည့်ပါ။ သူဟာ အမြဲ တက်ကြွဖျတ်လတ်နေတဲ့သူ တစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ အခု သူ့အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့အတွက် အိမ်အပြင်ကို မထွက်နိုင်တော့ဘူး။ စိတ်သွားတိုင်းလည်း ကိုယ်မပါနိုင်တော့ဘူး။ အဲဒီလိုဘဝမျိုးနဲ့ အသက်ရှင်နေရတာကို အဓိပ္ပာယ်ရှိတယ်လို့ သူဘယ်လိုလုပ်ခံစားရနိုင်မလဲ။

သင်ကော။ ငါအသက်ရှင်ရတာ အဓိပ္ပာယ်ရှိပါ့မလားဆိုပြီး သင့်ကိုယ်သင် မေးဖူးမှာပါ။ သင်ဟာ အမြဲတမ်း အလုပ်လုပ်နေရတဲ့အတွက် ပင်ပန်းပြီး ငြီးငွေ့လာနိုင်တယ်။ သင် ကြိုးစားလုပ်ဆောင်နေတာကို လူအများက ဂရုမပြုမိကြဘူး၊ မသိတာလည်း ဖြစ်နိုင်တယ်။ အခုလောလောဆယ်မှာ သင့်ဘဝ အောင်မြင်နေရင်တောင် နောင်တစ်ချိန်မှာ ဘာဖြစ်လာမလဲဆိုပြီး စိုးရိမ်နေတာဖြစ်နိုင်တယ်။ တစ်ခါတလေ သင်ဟာ အထီးကျန်တာ ဒါမှမဟုတ် စိတ်ကျဝေဒနာ ခံစားနေရတာ ဖြစ်နိုင်တယ်။ သင့်မိသားစုဘဝက သာယာချမ်းမြေ့မှုမရှိဘဲ ဖြစ်နေမယ်။ သင် ချစ်မြတ်နိုးရသူတစ်ယောက် သေဆုံးသွားတာဖြစ်နိုင်တယ်။ အန်ဒရေရဲ့အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူ့အဖေကို သူအရမ်းချစ်တယ်။ တစ်ရက်မှာ သူ့အဖေဟာ ကောက်ကာငင်ကာ ကျန်းမာရေးဖောက်လာပြီး သေဆုံးသွားတယ်။ အန်ဒရေအတွက် အဲဒီဖြစ်ရပ်က အရမ်းကို ဆိုးဝါးလွန်းပါတယ်။ အဲဒီဝမ်းနည်းဖွယ် ဖြစ်ရပ်ကို မေ့ပျောက်လို့ ရမှာ မဟုတ်ဘူးလို့ စဉ်းစားမိပြီး ရင်ထဲမှာ ဟာတာတာကြီး ဖြစ်ကျန်ရစ်ခဲ့တယ်။

ဘယ်လိုဆင်းရဲဒုက္ခတွေကိုပဲ ကျွန်ုပ်တို့ ကြုံတွေ့ရပါစေ အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းကို သိရှိဖို့ လိုအပ်ပါတယ်။ လွန်ခဲ့တဲ့အနှစ် ၂,၀၀၀ လောက်က ကမ္ဘာပေါ် အသက်ရှင်ခဲ့တဲ့ ယေရှုခရစ်ရဲ့အသက်တာကနေ အဖြေကို တွေ့ရှိနိုင်ပါတယ်။ ယေရှုခရစ်ဟာ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရပေမဲ့ အဓိပ္ပာယ်ရှိရှိ အသက်ရှင်နေထိုင်ခဲ့တယ်။ ကျွန်ုပ်တို့လည်း ယေရှုရဲ့စံနမူနာကို လိုက်လျှောက်မယ်ဆိုရင် အဓိပ္ပာယ်ရှိရှိ အသက်ရှင်နေထိုင်နိုင်မှာဖြစ်တယ်။