မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ သုံးပြီး ကိုယ်ကိုယ်တိုင်နဲ့ တခြားသူတွေကို ကူညီပါ

သမ္မာကျမ်းစာ သုံးပြီး ကိုယ်ကိုယ်တိုင်နဲ့ တခြားသူတွေကို ကူညီပါ

“ကိုယ်တော်ပေးတဲ့ သွန်သင်ချက်တိုင်းက မှန်ကန်တယ်လို့ ကျွန်တော် ယူမှတ်တယ်။” —ဆာ. ၁၁၉:၁၂၈၊ ကဘ။

၁။ ဘုရားသခင့်တရားစကားတော်ကို ကျွန်ုပ်တို့ ဘာကြောင့် အပြည့်အဝယုံကြည်ရမလဲ။

ကျမ်းစာသင်သားတစ်ယောက်ဟာ လယ်ကွင်းအမှုဆောင်လုပ်ငန်းမှာ စတင်ပါဝင်နိုင်ဖို့အတွက် သမ္မာကျမ်းစာက ဘုရားသခင့်တရားစကားတော်ဖြစ်တယ်ဆိုတာကို ယုံကြည်ကြောင်း ဖော်ပြရတယ်။ * ကျွန်ုပ်တို့အားလုံးဟာ သမ္မာကျမ်းစာကို ယုံကြည်ကြောင်း ကျွန်ုပ်တို့ရဲ့အပြောအဆို၊ အပြုအမူနဲ့ ပြသဖို့လိုတယ်။ ကျွန်ုပ်တို့က သမ္မာကျမ်းစာကို အပြည့်အဝယုံကြည်ပြီး အမှုဆောင်လုပ်ငန်းမှာ ထိထိရောက်ရောက် အသုံးပြုတဲ့အခါ တခြားသူတွေ ယေဟောဝါကိုသိကျွမ်းလာအောင်၊ ထာဝရအသက်လမ်းကို ရှာတွေ့နိုင်အောင် ကူညီပေးနိုင်တယ်။

၂။ ကျွန်ုပ်တို့ဟာ ဘာကြောင့် ‘သင်ယူသိရှိခဲ့တဲ့အရာတွေမှာ တည်မြဲတည်နေ’ သင့်သလဲ။

တမန်တော်ပေါလုက တိမောသေဆီကို ‘သင်ယူသိရှိခဲ့တဲ့အရာတွေမှာ တည်မြဲတည်နေ’ ပါလို့ စာရေးတဲ့အခါ ဘုရားသခင့်တရားစကားတော်ရဲ့အရေးကြီးမှုကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။ တိမောသေ သင်ယူခဲ့တဲ့ “အရာတွေ” က သူ့ကို သတင်းကောင်းကို ယုံကြည်လက်ခံလာအောင် လှုံ့ဆော်ပေးတဲ့ ကျမ်းစာအမှန်တရားတွေဖြစ်တယ်။ သမ္မာကျမ်းစာကနေ ကျွန်ုပ်တို့သင်ယူခဲ့တဲ့အရာတွေက ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကိုလည်း ခိုင်ခံ့စေနိုင်ပါတယ်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ ‘ကယ်တင်ခြင်းရဖို့ ပညာရှိစေနိုင်’ တယ်။ (၂ တိ. ၃:၁၄၊ ၁၅) ပေါလု ဆက်ပြောတဲ့စကားတွေက သမ္မာကျမ်းစာဟာ ဘုရားသခင်ဆီကလာတယ်ဆိုတာ ဖော်ပြတယ်။ ဒါပေမဲ့ ၂ တိမောသေ ၃:၁၆ (ဖတ်ပါ။) ကနေ နောက်ထပ် ဘာသင်ယူနိုင်သေးသလဲ။ အဲဒီကျမ်းချက်ကို အသေးစိတ် လေ့လာကြည့်ကြစို့။ ဒီလိုလေ့လာခြင်းအားဖြင့် ယေဟောဝါရဲ့သွန်သင်ချက်တွေက “မှန်ကန်” တယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို ပိုခိုင်ခံ့စေပါလိမ့်မယ်။—ဆာ. ၁၁၉:၁၂၈

‘သွန်သင်ခြင်းတွင် အကျိုးရှိ’

၃–၅။ (က) ပင်တေကုတ္တေပွဲနေ့မှာ လူအုပ်ကို ပေတရုဟောပြောပြီးနောက် ဘာဖြစ်ခဲ့သလဲ။ ဘာကြောင့်လဲ။ (ခ) သက်သာလောနိတ်မြို့ကလူတွေ ဘာကြောင့် အမှန်တရားကို လက်ခံခဲ့ကြသလဲ။ (ဂ) ကျွန်ုပ်တို့ရဲ့အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး လူတွေ ဘာ သတိထားမိကြသလဲ။

ယေရှုက အစ္စရေးလူမျိုးကို “ပရောဖက်များ၊ ပညာရှိများ၊ သွန်သင်သူများကို သင်တို့ရှိရာသို့ ငါစေလွှတ်၏” လို့ပြောခဲ့တယ်။ (မ. ၂၃:၃၄) အမှုဆောင်လုပ်ငန်းမှာ သမ္မာကျမ်းစာသုံးပြီး သွန်သင်ပေးတဲ့ မိမိရဲ့တပည့်တွေအကြောင်း ယေရှု ပြောနေတာဖြစ်တယ်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ သွန်သင်သူတစ်ဦးဖြစ်တဲ့ တမန်တော်ပေတရုဟာ ဟေဗြဲကျမ်းစောင်တွေထဲက ကျမ်းချက်အတော်များများကို ကိုးကားပြီး ဂျေရုဆလင်မြို့မှာရောက်နေတဲ့ လူအုပ်ကို ဟောပြောချက်တစ်ခုပေးခဲ့တယ်။ အဲဒီကျမ်းချက်တွေကို ပေတရု ရှင်းပြတဲ့အခါ နားထောင်နေတဲ့ လူများစွာဟာ “စိတ်နှလုံးပူပန်” ခဲ့ပြီး သူတို့လုပ်ခဲ့တဲ့ အမှားတွေအတွက် နောင်တယူခဲ့ကြတယ်။ အဲဒီနေ့မှာ လူသုံးထောင်လောက်ဟာ ဘုရားသခင့်ခွင့်လွှတ်မှုကို တောင်းခံပြီး ခရစ်ယာန်တွေဖြစ်လာကြတယ်။—တ. ၂:၃၇-၄၁

သွန်သင်သူနောက်တစ်ဦးဖြစ်တဲ့ တမန်တော်ပေါလုဟာ ဂျေရုဆလင်မဟုတ်တဲ့ တခြားနေရာတွေမှာ ဟောပြောခဲ့တယ်။ ဥပမာ၊ သူဟာ မက်ဆီဒိုးနီးယားပြည်၊ သက်သာလောနိတ်မြို့က တရားဇရပ်မှာ ဝတ်ပြုနေတဲ့ ဂျူးတွေကို ဟောပြောခဲ့တယ်။ ပေါလုဟာ ဥပုသ် သုံးနေ့တိုင်တိုင် ကျမ်းစာကိုအခြေခံပြီး ထိုသူတို့နဲ့ ကျိုးကြောင်းဆင်ခြင် ဆွေးနွေးခဲ့တယ်။ ခရစ်တော် ဆင်းရဲဒုက္ခခံရမယ်၊ သေခြင်းမှထမြောက်ရမယ်ဆိုတဲ့ အကြောင်းတွေကို အကိုးအကားတွေနဲ့ ရှင်းလင်းထောက်ပြခဲ့တယ်။ ဘာအကျိုးရခဲ့သလဲ။ “အချို့ [ဂျူး] တို့သည် ယုံကြည်သူများဖြစ်လာ” ကြပြီး “ဂရိလူများစွာ” လည်း ယုံကြည်လာကြတယ်။—တ. ၁၇:၁-၄

ယနေ့ ဘုရားသခင့်ကျေးကျွန်တွေလည်း လူများစွာက သတိထားမိပြီး အသိအမှတ်ပြုရတဲ့အထိ သမ္မာကျမ်းစာကို အသုံးပြုနေကြတယ်။ ဆွစ်ဇလန်က အမျိုးသားတစ်ယောက်ဟာ အမှုဆောင်မှာ ညီအစ်မတစ်ယောက် ကျမ်းစာဖတ်ပြတာကို နားထောင်ပြီး “ခင်ဗျားတို့က ဘယ်အဖွဲ့ကလဲ” လို့မေးလိုက်တယ်။ ညီအစ်မက “ကျွန်မနဲ့ ကျွန်မအဖော်က ယေဟောဝါသက်သေတွေပါ” လို့ပြန်ဖြေလိုက်တယ်။ အဲဒီအခါ ဒီအမျိုးသားက “အဲဒါကို ကျွန်တော်သိသင့်တယ်။ ယေဟောဝါသက်သေတွေကလွဲလို့ ဘယ်သူက ကျွန်တော့်အိမ်ကိုလာပြီး သမ္မာကျမ်းစာဖတ်ပြမှာလဲ” လို့ ပြန်ပြောတယ်။

၆၊ ၇။ (က) အသင်းတော်မှာ သွန်သင်တဲ့သူတွေဟာ သမ္မာကျမ်းစာကို အထိရောက်ဆုံးနည်းနဲ့ ဘယ်လို အသုံးပြုသင့်သလဲ။ (ခ) ကျမ်းစာသင်အံမှုတွေလုပ်တဲ့အခါ သမ္မာကျမ်းစာကို ဘယ်လို ထိထိရောက်ရောက်အသုံးပြုနိုင်သလဲ။

တခြားသူတွေကို သွန်သင်တဲ့အခါ သမ္မာကျမ်းစာကို အထိရောက်ဆုံးနည်းနဲ့ ကျွန်ုပ်တို့ ဘယ်လို အသုံးပြုနိုင်သလဲ။ အကယ်၍ သင်ဟာ အစည်းအဝေးမှာ ဟောပြောဖို့ တာဝန်ရတယ်ဆိုရင် သတ်သတ်မှတ်မှတ် ကျမ်းချက်တွေကို သုံးပါ။ ကျမ်းချက်မှာ ဘယ်လိုဖော်ပြထားတယ်ဆိုတာ ပြောပြရုံ၊ စာရွက်တစ်ရွက်မှာ ရေးထားတဲ့ ကျမ်းချက်ကို ဖတ်ပြရုံ ဒါမှမဟုတ် အီလက်ထရွန်နစ်ကိရိယာတစ်ခုခုကနေ ဖတ်ပြရုံလောက်သာ မလုပ်ဘဲ သင့်ကျမ်းစာအုပ်ထဲက ဖတ်ပြပါ။ ပရိသတ်ကိုလည်း ကျမ်းစာလိုက်ဖွင့်ဖတ်ဖို့ အားပေးပါ။ ကျမ်းချက်ရဲ့အဓိပ္ပာယ်နဲ့ ယေဟောဝါနဲ့ပိုရင်းနှီးအောင် ကျမ်းချက်တွေက ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ ရှင်းပြပါ။ နားလည်ရခက်တဲ့ဥပမာတွေ၊ ပရိသတ်ကိုရယ်မောစေတဲ့ တွေ့ကြုံမှုတွေ ပြောမယ့်အစား အချိန်တွေကို သမ္မာကျမ်းစာအကြောင်း ဆွေးနွေးရာမှာ အသုံးပြုပါ။

သင်သားတွေကို ကျမ်းစာသင်ပေးတဲ့အခါ ဘယ်အချက်ကို သတိရသင့်သလဲ။ ကျွန်ုပ်တို့ တစ်ယောက်ယောက်ကို ကျမ်းစာသင်ပေးတဲ့အခါ စာအုပ်မှာညွှန်းထားတဲ့ကျမ်းချက်တွေကို ကျော်မသွားသင့်ဘူး။ အဲဒီကျမ်းချက်တွေကိုဖတ်ဖို့ သင်သားကို အားပေးပြီး ကျမ်းချက်ရဲ့အဓိပ္ပာယ်ကို နားလည်အောင် ကူညီပေးသင့်တယ်။ ဘယ်လိုနည်းနဲ့လဲ။ ကိုယ်တစ်ယောက်တည်းပဲ ဒိုင်ခံပြောနေမယ့်အစား သင်သား ဘယ်လိုယူဆတယ်ဆိုတာ ပြောဖို့ အခွင့်အရေးပေးသင့်တယ်။ ဘာကိုယုံကြည်ရမယ်၊ ဘယ်လိုလုပ်ရမယ်လို့ ပြောမယ့်အစား ကောင်းကောင်းပြင်ဆင်ထားတဲ့မေးခွန်းတွေသုံးပြီး ကျမ်းစာသွန်သင်ချက်တွေကို သင်သားနားလည်အောင် ကူညီပေးနိုင်တယ်။ *

‘အပြစ်ဖော်ပြခြင်းတွင် အကျိုးရှိ’

၈။ ပေါလု ဘာကိုတိုက်လှန်ခဲ့ရသလဲ။

“အပြစ်ဖော်ပြခြင်း” ဆိုတာ အသင်းတော်အကြီးအကဲတွေရဲ့ တာဝန်လို့ ကျွန်ုပ်တို့ ယူဆလေ့ရှိတယ်။ ‘အပြစ်ပြုကျင့်လေ့ရှိသူတို့ကို ဆုံးမပဲ့ပြင်’ ရမှာက ကြီးကြပ်မှူးတွေရဲ့ တာဝန်ဆိုတာ မှန်ပါတယ်။ (၁ တိ. ၅:၂၀; တိ. ၁:၁၃) ဒါပေမဲ့ ကိုယ့်ကိုယ်ကို အပြစ်ဖော်ပြ ဆုံးမဖို့လည်း အရေးကြီးတယ်။ ပေါလုဟာ ကြည်လင်တဲ့သြတ္တပ္ပစိတ်ရှိပြီး ပုံသက်သေကောင်းတဲ့ ခရစ်ယာန်ဖြစ်တယ်။ (၂ တိ. ၁:၃) ဒါပေမဲ့ သူ ဒီလိုပြောခဲ့တယ်– “ငါ့ကိုယ်အင်္ဂါများ၌ အခြားသောတရားတစ်ပါးသည် ငါ့စိတ်သဘော၌ရှိသောတရားကို တိုက်လှန်၍ . . . အပြစ်တရားလက်သို့ ငါ့ကိုအပ်နှံကြောင်း ငါမြင်၏။” ပေါလုဟာ မိမိရဲ့အားနည်းချက်တွေကို တိုက်လှန်နိုင်ဖို့ ဘာလုပ်ခဲ့ရသလဲဆိုတာ ဆွေးနွေးကြည့်ကြစို့။—ရောမ ၇:၂၁-၂၅ ကိုကြည့်ပါ။

၉၊ ၁၀။ (က) ပေါလု တိုက်လှန်ခဲ့ရတဲ့ အားနည်းချက်တွေက ဘာတွေဖြစ်နိုင်သလဲ။ (ခ) ပေါလုဟာ သူ့ရဲ့အားနည်းချက်တွေကို ဘယ်လို တိုက်လှန်ခဲ့ရသလဲ။

ဘယ်အားနည်းချက်တွေကို ပေါလု တိုက်လှန်ခဲ့ရသလဲ။ သူ တိတိကျကျ မပြောခဲ့ပေမဲ့ တိမောသေကို စာရေးတုန်းက သူဟာ “ရိုင်းစိုင်းသောသူဖြစ်ခဲ့” တယ်လို့တော့ ပြောတယ်။ (၁ တိ. ၁:၁၃) ပေါလုဟာ ခရစ်ယာန်မဖြစ်ခင်က ခရစ်ယာန်တွေကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခဲ့တယ်။ ခရစ်တော်ရဲ့နောက်လိုက်တွေကို သူ “အမျက်ခြောင်းခြောင်းထွက်” တယ်လို့ ဝန်ခံခဲ့တယ်။ (တ. ၂၆:၁၁) ပေါလုဟာ သူ့ရဲ့ဒေါသကို ထိန်းချုပ်ဖို့ သင်ယူခဲ့တယ်။ ဒါပေမဲ့ တစ်ခါတလေ သူ့ရဲ့ခံစားချက်နဲ့ အပြောအဆိုကို ထိန်းချုပ်ဖို့ ကြိုးစားနေရဆဲဖြစ်တယ်။ (တ. ၁၅:၃၆-၃၉) ဘာက သူ့ကို ကူညီပေးခဲ့သလဲ။

၁၀ ကောရိန္သုအသင်းတော်ကိုရေးတဲ့ သူ့ရဲ့ပထမစာမှာ ပေါလုက သူ့ကိုယ်သူ ဆက်ပြီးဆုံးမနေဖို့ ဘာလုပ်ခဲ့တယ်ဆိုတာ ပြောပြတယ်။ (၁ ကောရိန္သု ၉:၂၆၊ ၂၇ ကိုဖတ်ပါ။) သူ့ရဲ့အားနည်းချက်ကို တိုက်လှန်ဖို့ သူပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့တယ်။ ပေါလုဟာ သမ္မာကျမ်းစာသွန်သင်ချက်တွေကို ရှာဖွေပြီး အဲဒီသွန်သင်ချက်တွေကို လိုက်နာကျင့်သုံးနိုင်ဖို့ ကူညီပေးပါလို့ ယေဟောဝါထံ ဆုတောင်းခဲ့မှာပဲ၊ ပြီးတဲ့နောက် တိုးတက်ဖို့ အစွမ်းကုန်ကြိုးစားခဲ့မယ်ဆိုတာ သေချာပါတယ်။ * ကျွန်ုပ်တို့လည်း အားနည်းချက်တွေကို တိုက်လှန်နေရလို့ ပေါလုရဲ့ပုံသက်သေကနေ အကျိုးရရှိနိုင်ကြပါတယ်။

၁၁။ ကျွန်ုပ်တို့ဟာ အမှန်တရားလမ်းမှာ ဆက်ရှိနေမနေဆိုတာ ကိုယ့်ကိုယ်ကို ဘယ်လို “ဆန်းစစ်” နေနိုင်သလဲ။

၁၁ ကျွန်ုပ်တို့ရဲ့အားနည်းချက်ကို ဆက်တိုက်လှန်စရာမလိုတော့ဘူးလို့ ဘယ်တော့မှ မစဉ်းစားသင့်ဘူး။ အဲဒီအစား ကျွန်ုပ်တို့ဟာ အမှန်တရားလမ်းမှာ ဆက်ရှိနေမနေဆိုတာ ကိုယ့်ကိုယ်ကို “ဆန်းစစ်လျက်နေ” ဖို့လိုတယ်။ (၂ ကော. ၁၃:၅) ကောလောသဲ ၃:၅-၁၀ နဲ့ အလားတူကျမ်းချက်မျိုးကို ကျွန်ုပ်တို့ဖတ်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ဒီလိုမေးနိုင်ပါတယ်– ‘ငါ့ရဲ့ အပြစ်လုပ်လိုတဲ့ဆန္ဒတွေကို သေစေဖို့ ငါကြိုးစားနေသလား၊ ဒါမှမဟုတ် ငါ့ရဲ့ကိုယ်ကျင့်တရားက လျော့ရဲနေသလား။ အင်တာနက်အသုံးပြုတဲ့အခါ ညစ်ညမ်းတာတွေ ပေါ်လာရင် ငါချက်ချင်း ပိတ်လိုက်သလား ဒါမှမဟုတ် မကြည့်သင့်တာတွေကို ရှာဖွေပြီး ကြည့်သလား။’ သမ္မာကျမ်းစာမှာတွေ့ရတဲ့ ဒီသွန်သင်ချက်တွေကို ကျွန်ုပ်တို့ဘဝမှာ လိုက်နာကျင့်သုံးတယ်ဆိုရင် ကျွန်ုပ်တို့ဟာ “နိုးကြား၍သတိရှိနေ” နိုင်ပါလိမ့်မယ်။—၁ သက်. ၅:၆-၈

‘ပဲ့ပြင်ခြင်းတွင် အကျိုးရှိ’

၁၂၊ ၁၃။ (က) ပဲ့ပြင်ခြင်းဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ပဲ့ပြင်တဲ့နေရာမှာ ယေရှုကို ဘယ်လိုတုပနိုင်သလဲ။ (ခ) တစ်ယောက်ယောက်ကို ကျွန်ုပ်တို့ ပဲ့ပြင်ပေးဖို့လိုတယ်ဆိုရင် ဘယ်လိုစကားမျိုးကို ရှောင်သင့်သလဲ။

၁၂ “ပဲ့ပြင်ခြင်း” ဆိုတဲ့ ဂရိစကားလုံးက “ကောင်းအောင်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ သင့်တော်မှန်ကန်သောအခြေအနေ ပြန်ရောက်အောင် ပြုလုပ်ခြင်း” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ တစ်ခါတလေမှာ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့အပြောအဆိုနဲ့ အပြုအမူအပေါ် နားလည်မှုလွဲနေသူတစ်ဦးကို ပဲ့ပြင်တည့်မတ်ပေးရတဲ့အခါတွေ ရှိတယ်။ ဥပမာ၊ ဂျူးဘာသာရေးခေါင်းဆောင်တွေက ယေရှုဟာ “အခွန်ခံများ၊ အပြစ်သားများ” အပေါ် သနားကြင်နာတယ်လို့ အပြစ်တင်ခဲ့ကြတယ်။ ယေရှု သူတို့ကို ဒီလိုပြန်ပြောခဲ့တယ်– “ကျန်းမာသူတို့သည် သမားတော်ကို မလိုကြ။ ဖျားနာသူတို့သာ လိုကြ၏။ ‘ငါသည် သနားကြင်နာခြင်းကို အလိုရှိ၏။ ပူဇော်သကာကို အလိုမရှိ’ ဟူသော ကျမ်းစကားအနက်ကို သွား၍လေ့လာကြလော့။” (မ. ၉:၁၁-၁၃) ယေရှုဟာ စိတ်ရှည်၊ ကြင်နာစွာနဲ့ အားလုံးကို ဘုရားသခင့်တရားစကားတော်အကြောင်း ရှင်းပြခဲ့တယ်။ ဒါကြောင့် စိတ်နှိမ့်ချသူတွေက ယေဟောဝါဟာ “ကရုဏာရှိပြီး သနားစာနာတတ်တဲ့ဘုရားသခင်၊ ဒေါသထွက်နှေးပြီး ခိုင်မြဲတဲ့မေတ္တာနဲ့ အမှန်တရားကြွယ်ဝတဲ့ဘုရားသခင်” ဖြစ်တယ်ဆိုတာ သိလာကြတယ်။ (ထွ. ၃၄:၆ကဘ) ဘုရားသခင့်သားတော်ရဲ့ “ပဲ့ပြင်” ပေးမှုကြောင့် လူများစွာဟာ သတင်းကောင်းကို ယုံကြည်လာကြတယ်။

၁၃ တခြားသူတွေကို ကူညီဖို့ကြိုးစားရာမှာ ယေရှုကို ကျွန်ုပ်တို့ တုပသင့်တယ်။ ဒေါသထွက်နေတဲ့သူတစ်ယောက်က ‘ခင်ဗျားကို ကျွန်တော် ပဲ့ပြင်ပေးချင်တယ်’ လို့ ခပ်ပြတ်ပြတ် ပြောမိနိုင်တယ်။ ဒါပေမဲ့ အဲဒီလိုပြောတာက ၂ တိမောသေ ၃:၁၆ မှာပါတဲ့ ညွှန်ကြားချက်ကို လိုက်နာတာမဟုတ်ဘူး။ တခြားသူတွေကို ဆူပူကြိမ်းမောင်းဖို့ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို အခွင့်အာဏာပေးထားတာ မဟုတ်ဘူး။ မစာမနာ ပြစ်တင်ဝေဖန်တာက “သန်လျက်” နဲ့ထိုးသလိုပဲ တခြားသူတွေကို စိတ်ထိခိုက်စေတယ်၊ အကျိုးလည်း မရှိဘူး။—သု. ၁၂:၁၈

၁၄–၁၆။ (က) တခြားသူတွေ ပြဿနာကြုံတွေ့ရတဲ့အခါ အကြီးအကဲတွေ ဘယ်လိုနည်းနဲ့ ‘ပဲ့ပြင်’ ပေးနိုင်သလဲ။ (ခ) မိသားစုအတွင်းမှာ ‘ပဲ့ပြင်’ ပေးတဲ့အခါ မိဘတွေ သမ္မာကျမ်းစာသုံးဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၄ ပဲ့ပြင်ပေးရာမှာ စိတ်ရှည်ဖို့၊ ကြင်နာမှုရှိဖို့ ဘယ်လိုလုပ်နိုင်သလဲ။ မကြာမကြာ စကားများတတ်တဲ့ ဇနီးမောင်နှံက အကြီးအကဲတစ်ယောက်ဆီလာပြီး အကူအညီတောင်းတယ်လို့ စဉ်းစားကြည့်ပါ။ အကြီးအကဲ ဘာလုပ်မလဲ။ ဘယ်ဘက်မှာမှမပါဘဲ ဒီလင်မယားနဲ့အတူ ကျမ်းစာမူတွေကို ကျိုးကြောင်းဆင်ခြင်မယ်၊ မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်စာအုပ်၊ အခန်း ၃ မှာပါတဲ့မူတွေကိုလည်း သုံးကောင်းသုံးနိုင်တယ်။ အကြီးအကဲက အဲဒီမူတွေအကြောင်း ပြောနေချိန်မှာ ဒီဇနီးမောင်နှံဟာ သူတို့နှစ်ယောက် ဘယ်နေရာမှာ ပြုပြင်ပြောင်းလဲရမယ်ဆိုတာ သိလာမှာဖြစ်တယ်။ နောက်ပိုင်းမှာ အကြီးအကဲက အဲဒီဇနီးမောင်နှံရဲ့ အခြေအနေ တိုးတက်မှုရှိမရှိ သတင်းမေးပြီး လိုအပ်တယ်ဆိုရင် နောက်ထပ် ကူညီပေးမှာဖြစ်တယ်။

၁၅ မိဘတွေက မိမိတို့ရဲ့သားသမီးတွေကို ဘယ်လို ပဲ့ပြင်ပေးနိုင်သလဲ။ သင့်ရဲ့ ဆယ်ကျော်သက်သမီးမှာ သူငယ်ချင်းအသစ်တစ်ယောက်ရှိတယ်လို့ မြင်ယောင်ကြည့်ပါ။ ဒါပေမဲ့ သင့်သမီးဟာ အဲဒီသူငယ်ချင်းအသစ်နဲ့ မပေါင်းသင့်ဘူးလို့ သင် ယူဆတယ်။ သင် အရင်ဆုံး အဲဒီသူငယ်ချင်းအကြောင်း စုံစမ်းသင့်တယ်။ အဲဒီနောက် စိုးရိမ်စရာအကြောင်းရှိတယ်ဆိုရင် သင့်သမီးနဲ့ စကားပြောနိုင်တယ်။ လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်မှာတွေ့ရတဲ့ ကျမ်းစာမူတွေကို သုံးနိုင်တယ်။ အဲဒီနောက် သင် သူ့ကို အချိန် ပိုပေးနိုင်တယ်။ အမှုဆောင်လယ်ကွင်းမှာ သူနဲ့အတူ ပါဝင်တဲ့အခါမှာ ဒါမှမဟုတ် မိသားစုနဲ့အတူ အပန်းဖြေတဲ့အချိန်မှာ သူ့ရဲ့သဘောထား ဘယ်လိုရှိတယ်ဆိုတာကိုလည်း သင် အကဲခတ်နိုင်တယ်။ သင်က သင့်သမီးအပေါ် စိတ်ရှည်ပြီး ကြင်နာမှုပြတယ်ဆိုရင် သင့်သမီးက သင် သူ့ကိုတကယ်ချစ်ပြီး စိတ်ဝင်စားတယ်ဆိုတာ သိလာပါလိမ့်မယ်။ အဲဒီအခါ သူက အပေါင်းအသင်းနဲ့ပတ်သက်တဲ့ သင့်ရဲ့ သွန်သင်ပေးမှုတွေကို လိုက်နာပြီး ဘဝမှာ လမ်းမှား မလိုက်မိအောင် လုပ်ဆောင်မှာဖြစ်တယ်။

မိဘတွေဟာ “ပဲ့ပြင်” ရာမှာ ကြင်နာမှုရှိပြီး သမ္မာကျမ်းစာကို အသုံးပြုခြင်းအားဖြင့် ပြဿနာကြီးတွေကိုရှောင်ရှားနိုင်ဖို့ သားသမီးတွေကို ကူညီပေးကြ (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၆ နောက်ထပ် ဘယ်သူတွေကို ကူညီပေးနိုင်သေးသလဲ။ ကျန်းမာရေးအတွက် စိတ်ပူနေတဲ့သူတွေ၊ အလုပ်လက်မဲ့ဖြစ်နေလို့ စိတ်ဓာတ်ကျနေသူတွေနဲ့ ကျမ်းစာသွန်သင်ချက်တွေကို ကောင်းကောင်းနားမလည်သူတွေကို စိတ်ရှည် ကြင်နာစွာ ပဲ့ပြင်ပေးနိုင်ပါတယ်။ ‘ပဲ့ပြင်’ ပေးတဲ့အခါ သမ္မာကျမ်းစာကို အသုံးပြုတယ်ဆိုရင် ကျွန်ုပ်တို့အားလုံး အကျိုးများစွာ ခံစားကြရတယ်။

‘ဖြောင့်မတ်စေရန် ဆုံးမခြင်းတွင် အကျိုးရှိ’

၁၇။ ကျွန်ုပ်တို့ ဘာကြောင့် ဆုံးမမှုကို ကျေးဇူးတင်လေးမြတ်စိတ်နဲ့ လက်ခံသင့်သလဲ။

၁၇ “ဆုံးမခြင်းခံရစဉ် ဝမ်းမြောက်စရာဟု မထင်တတ်။ ဝမ်းနည်းစရာဟု ထင်တတ်၏။” ဒါပေမဲ့ “ဆုံးမခြင်းအားဖြင့် လေ့ကျင့်ခံရသူတို့သည် နောက်မှ ဖြောင့်မတ်ခြင်းတည်းဟူသော ငြိမ်သက်ခြင်းအသီးကို ရကြ” တယ်။ (ဟေဗြဲ ၁၂:၁၁) ခရစ်ယာန်လူကြီးအများစုက သူတို့ရဲ့ ယုံကြည်သူမိဘတွေရဲ့ ဆုံးမမှုကနေ အကျိုးခံစားရတယ်လို့ ပြောကြတယ်။ ခရစ်ယာန်အကြီးအကဲတွေကတစ်ဆင့် ယေဟောဝါ ဆုံးမတာကို ကျွန်ုပ်တို့ လက်ခံခြင်းအားဖြင့် အသက်လမ်းပေါ်မှာ ဆက်လျှောက်နေနိုင်မှာဖြစ်တယ်။—သု. ၄:၁၃

၁၈၊ ၁၉။ (က) “ဖြောင့်မတ်စေရန်ဆုံးမ” ရာမှာ သုတ္တံ ၁၈:၁၃ မှာပါတဲ့ အကြံပြုချက်က ဘာကြောင့် အရမ်းအရေးကြီးသလဲ။ (ခ) အကြီးအကဲတွေက အပြစ်ကျူးလွန်သူကို ဆုံးမတဲ့အခါ နူးညံ့သိမ်မွေ့မှုနဲ့ မေတ္တာ တင်ပြတယ်ဆိုရင် ဘာအကျိုးရရှိနိုင်သလဲ။

၁၈ ထိထိရောက်ရောက် ဆုံးမတတ်တာကလည်း အရည်အချင်းတစ်ခုဖြစ်တယ်။ ယေဟောဝါက ခရစ်ယာန်တွေကို “ဖြောင့်မတ်စေရန်” ဆုံးမဖို့ ပြောတယ်။ (၂ တိ. ၃:၁၆) ဒါကြောင့် တခြားသူတွေကို ဆုံးမတဲ့အခါ ကျမ်းစာမူတွေကို အသုံးပြုသင့်တယ်။ မူတစ်ခုကို သုတ္တံ ၁၈:၁၃ (ကဘ) မှာ တွေ့ရတယ်– “ကိစ္စတစ်ခုကို နားမထောင်ခင် ပြန်ပြောတဲ့သူတိုင်းက မိုက်မဲသူဖြစ်ရုံမက အရှက်ခွဲခြင်းကိုပါ ခံရတတ်တယ်။” ဒါကြောင့် ညီအစ်ကိုညီအစ်မတစ်ယောက် ကြီးလေးတဲ့အပြစ်ကျူးလွန်ထားတယ်လို့ တစ်ယောက်ယောက်က အကြီးအကဲတွေကိုလာပြောရင် အကြီးအကဲတွေက အဲဒီသူကို မဆုံးမခင် အချက်အလက်အားလုံးကို သိအောင်လုပ်သင့်တယ်။ (တရား. ၁၃:၁၃၊ ၁၄) အဲဒါမှ အကြီးအကဲတွေက “ဖြောင့်မတ်စေရန်” ဆုံးမ နိုင်မှာဖြစ်တယ်။

၁၉ သမ္မာကျမ်းစာက “နူးညံ့သိမ်မွေ့သောသဘော” နဲ့ဆုံးမဖို့လည်း အကြီးအကဲတွေကို ညွှန်ကြားထားတယ်။ (၂ တိမောသေ ၂:၂၄-၂၆ ကိုဖတ်ပါ။) လူတစ်ယောက်ရဲ့အပြစ်က ယေဟောဝါကို ရှုတ်ချစရာဖြစ်စေပြီး အပြစ်မဲ့သူတွေကို ထိခိုက်စေနိုင်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အကြီးအကဲတွေက အပြစ်ကျူးလွန်သူကို ဒေါသတကြီး ဆုံးမတယ်ဆိုရင် အကူအညီဖြစ်မှာမဟုတ်ဘူး။ အကြီးအကဲတွေက “ဘုရားသခင်၏ထောက်ထားညှာတာမှု” ကိုတုပတယ်ဆိုရင် အပြစ်ကျူးလွန်သူကို နောင်တယူဖို့ လှုံ့ဆော်မှုဖြစ်စေနိုင်တယ်။—ရော. ၂:၄

၂၀။ သားသမီးတွေကို ဆုံးမတဲ့အခါ မိဘတွေ ဘယ်မူတွေကို ကျင့်သုံးသင့်သလဲ။

၂၀ သားသမီးတွေကို “ယေဟောဝါဘုရား၏ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း မွေးမြူ” တဲ့အခါမှာ မိဘတွေကိုယ်တိုင်လည်း ကျမ်းစာမူတွေအတိုင်း လိုက်လျှောက်ရမှာဖြစ်တယ်။ (ဧ. ၆:၄) ဥပမာ၊ အဖေတစ်ယောက်က သူ့ရဲ့သား အမှားလုပ်တယ်လို့ ကြားတဲ့အခါ ဘာလုပ်သင့်သလဲ။ သားကို အပြစ်မပေးခင်မှာ အချက်အလက်အားလုံးကို သိအောင်လုပ်သင့်တယ်။ ခရစ်ယာန်မိသားစုအတွင်းမှာ ဒေါသတကြီး ရိုက်နှက်တာမျိုး မရှိသင့်ဘူး။ ‘ယေဟောဝါဘုရားဟာ အလွန်ချစ်ခင်စုံမက်ပြီး သနားကြင်နာမှုရှိ’ တယ်၊ မိဘတွေ သားသမီးတွေကို ဆုံးမတဲ့အခါ အဲဒီနှစ်သက်စရာကောင်းတဲ့ အရည်အသွေးတွေကို ကြိုးစားတုပသင့်တယ်။—ယာ. ၅:၁၁

ယေဟောဝါပေးတဲ့ အဖိုးတန်လက်ဆောင်

၂၁၊ ၂၂။ ဆာလံ ၁၁၉:၉၇-၁၀၄ ကိုဖတ်တဲ့အခါ ဘယ်စကားလုံးတွေက ယေဟောဝါရဲ့စကားတော်အပေါ် ထားရှိတဲ့ သင့်ခံစားချက်နဲ့ ကိုက်ညီသလဲ။

၂၁ တစ်ခါတုန်းက ဘုရားသခင့်ကျေးကျွန်တစ်ယောက်ဟာ ယေဟောဝါရဲ့ပညတ်တော်ကို သူဘာကြောင့် ချစ်မြတ်နိုးကြောင်း ဖွင့်ဟပြောဆိုခဲ့တယ်။ (ဆာလံ ၁၁၉:၉၇-၁၀၄ ကိုဖတ်ပါ။) သူဟာ သမ္မာကျမ်းစာကိုလေ့လာခြင်းအားဖြင့် ဉာဏ်ပညာ၊ ထိုးထွင်းသိမြင်မှုနဲ့ သိနားလည်မှုတွေ ရရှိခဲ့တယ်။ ကျမ်းစာမှာပါတဲ့မူတွေကို သူလိုက်လျှောက်တဲ့အခါ တခြားသူတွေကြုံတွေ့ရတဲ့ အမှားတွေကို ရှောင်နိုင်ခဲ့တယ်။ သမ္မာကျမ်းစာလေ့လာရတာကို သူပျော်ပြီး အဲဒီမှာပါတဲ့ သွန်သင်ချက်တွေကို လိုက်လျှောက်တဲ့အခါ အကျိုးခံစားခဲ့ရတယ်။ သူ့ရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးမှာ ဘုရားသခင့်ပညတ်တော်အတိုင်း လိုက်လျှောက်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။

၂၂ သမ္မာကျမ်းစာကို သင်လေးမြတ်သလား။ ဘုရားသခင်ဟာ မိမိရဲ့ရည်ရွယ်ချက်ကို ပြည့်စုံစေမယ်ဆိုတာကို သင် အခိုင်အမာယုံကြည်စိတ်ချအောင် သမ္မာကျမ်းစာက ကူညီပေးနိုင်ပါတယ်။ အဲဒီမှာပါတဲ့ သွန်သင်ချက်တွေက သင့်ကို သေစေနိုင်တဲ့အပြစ်တွေကနေ ကာကွယ်ပေးတယ်။ တခြားသူတွေ အသက်လမ်းပေါ်ရောက်လာဖို့နဲ့ အဲဒီမှာ ဆက်ရှိနေဖို့ ကူညီပေးရာမှာ သမ္မာကျမ်းစာကို သင် အသုံးပြုနိုင်ပါတယ်။ ဉာဏ်ပညာအကြီးမားဆုံးနဲ့ မေတ္တာအရှိဆုံးဖြစ်တဲ့ ဘုရားသခင် ယေဟောဝါကို အမှုဆောင်ရာမှာ သမ္မာကျမ်းစာကို အပြည့်အဝအသုံးပြုသင့်တယ်။

^ စာပိုဒ်၊ 1 ဘုရားသခင့်အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း၊ စာမျက်နှာ ၇၉ ကိုကြည့်ပါ။

^ စာပိုဒ်၊ 7 ယေရှုဟာ တခြားသူတွေကို သွန်သင်တဲ့အခါတွေမှာ “သင်တို့ မည်သို့ ထင်ကြသနည်း” လို့ မေးလေ့ရှိတယ်။ ပြီးတဲ့နောက် အဖြေရဖို့ စောင့်တယ်။—မ. ၁၈:၁၂; ၂၁:၂၈; ၂၂:၄၂

^ စာပိုဒ်၊ 10 ပေါလုရဲ့စာတွေထဲမှာ အားနည်းချက်တွေကို တိုက်လှန်ဖို့ အားပေးမှုတွေ အများကြီးပါတယ်။ (ရော. ၆:၁၂; ဂလ. ၅:၁၆-၁၈) ပေါလုဟာ တခြားသူတွေကို သွန်သင်တဲ့အတိုင်း ကိုယ်တိုင်လည်း ကျင့်သုံးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—ရော. ၂:၂၁