မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သဘာဝဘေးဆိုးများ—ဘုရားသခင်က ရက်စက်တယ်ဆိုတဲ့ အထောက်အထားလား

သဘာဝဘေးဆိုးများ—ဘုရားသခင်က ရက်စက်တယ်ဆိုတဲ့ အထောက်အထားလား

လူတချို့ ပြောဆိုရာ– “ကမ္ဘာကို ဘုရားသခင် အုပ်ချုပ်နေတဲ့အတွက် သဘာဝဘေးဆိုးတွေက ကိုယ်တော်ကြောင့် ဖြစ်တယ်။ ဒီတော့ ကိုယ်တော်ဟာ ရက်စက်တဲ့ဘုရားပဲ ဖြစ်ရမယ်။”

သမ္မာကျမ်းစာ ပြောဆိုရာ– ‘တစ်လောကလုံးသည် ဆိုးညစ်သူ၏ ဩဇာအောက်တွင် ရှိနေကြ၏။’ (၁ ယောဟန် ၅:၁၉) “ဆိုးညစ်သူ” က ဘယ်သူလဲ။ သမ္မာကျမ်းစာထဲမှာ သူ့ကို စာတန်မာရ်နတ်လို့ ဖော်ပြထားတယ်။ (မဿဲ ၁၃:၁၉; မာကု ၄:၁၅) အဲဒါက ယုံရခက်ပါသလား။ ဒီအချက်ကို စဉ်းစားကြည့်ပါ– စာတန်က ဒီလောကကို အုပ်ချုပ်နေတယ်ဆိုရင် လူတွေကို သူ့လိုပဲ တစ်ကိုယ်ကောင်းဆန်ဖို့၊ လောဘကြီးဖို့ ဩဇာပေးမှာဖြစ်တယ်။ ဒီအချက်က လူတွေ ဘာကြောင့် ကမ္ဘာကို ဆိုးဆိုးရွားရွား စီမံကိုင်တွယ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို သိနားလည်ဖို့ အထောက်အကူမပြုဘူးလား။ သဘာဝပတ်ဝန်းကျင်ကို ညံ့ဖျင်းစွာ စီမံကွပ်ကဲခြင်းက သဘာ၀ဘေးဆိုးတွေကို ဖြစ်ပေါ်စေနိုင်တယ် ဒါမှမဟုတ် ပိုပြီးတော့ ဆိုးရွားသွားစေနိုင်တယ် ဒါမှမဟုတ် လူတွေကို ပိုပြီးဒုက္ခရောက်စေနိုင်တယ်လို့ ပညာရှင်များစွာက သတိပေးနေကြတယ်။

ဒါဆိုရင် ဘုရားသခင်က စာတန်ကို ဘာကြောင့် ကမ္ဘာကို အုပ်ချုပ်ခွင့်ပြုထားရတာလဲ။ အဖြေရဖို့အတွက် လူ့သမိုင်းအစကို ပြန်သွားကြည့်ဖို့လိုပါတယ်။ လူ့သမိုင်းအစမှာ ကျွန်ုပ်တို့ရဲ့ ကနဦးမိဘတွေဖြစ်တဲ့ အာဒံနဲ့ဧဝတို့ဟာ ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ် ငြင်းပယ်ပြီး ပုန်ကန်ခဲ့တယ်။ အဲဒီအချိန်ကစပြီး လူသားအများစုဟာ အဲဒီပုန်ကန်မှုလမ်းစဉ်နောက်ကိုပဲ လိုက်ခဲ့ကြတယ်။ ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ် ငြင်းပယ်ဖို့ ရွေးချယ်လိုက်တဲ့အတွက် လူသားထုတစ်ရပ်လုံး ဘုရားသခင့်ရန်သူ စာတန်လက်ထဲ ကျရောက်သွားခဲ့တယ်။ ဒါကြောင့် ယေရှုက စာတန်ကို “ဤလောကကို အစိုးရသောမင်း” လို့ခေါ်ဆိုခဲ့တယ်။ (ယောဟန် ၁၄:၃၀) ဒီလောကကြီးကို စာတန် ထာဝစဉ် အုပ်စိုးသွားမှာလား။ အုပ်စိုးသွားမှာ မဟုတ်ပါဘူး။

ယေဟောဝါ * ဘုရားသခင်ဟာ စာတန်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲဒုက္ခတွေကို လျစ်လျူမရှုထားပါဘူး။ တကယ်ဆိုရင် ဘုရားသခင်ဟာ လူသားတွေ ဒုက္ခရောက်နေတာကို ကြည့်ပြီး စိတ်ထိခိုက်ပါတယ်။ ဥပမာ၊ အစ္စရေးလူတွေ ဒုက္ခရောက်တဲ့အချိန်မှာ ဘုရားသခင်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘သူတို့ အော်ဟစ်ခြင်းကို ကြားတော်မူလျှင် သူတို့၌ ဆင်းရဲဒုက္ခကို ကြည့်ရှုတော်မူ၏။’ (ဆာလံ ၁၀၆:၄၄) သနားကြင်နာတဲ့ ဘုရားသခင်ဟာ ယေရှုခရစ်ကို တရားမျှတပြီး ဖြောင့်မတ်တဲ့ ရှင်ဘုရင်အဖြစ် ခန့်အပ်လိုက်ခြင်းအားဖြင့် စာတန်ရဲ့ ရက်စက်တဲ့အုပ်ချုပ်မှုကို မကြာခင် ပယ်ဖျက်ဖို့ စီစဉ်ထားပါပြီ။

သင်နဲ့သက်ဆိုင်ပုံ– စာတန်ရဲ့အုပ်ချုပ်မှုက လူသားတွေကို သဘာဝဘေးဆိုးတွေကနေ မကာကွယ်ပေးနိုင်ပေမဲ့ ယေရှုရဲ့အုပ်ချုပ်မှုက ကာကွယ်ပေးပါလိမ့်မယ်။ ယေရှုဟာ သူ့ရဲ့တပည့်တွေကို လေမုန်တိုင်းဒဏ်ကနေ ကာကွယ်ပေးခဲ့ဖူးပါတယ်။ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘ကိုယ်တော်သည် လေကို ဆုံးမလျက် ရေကို “တိတ်ဆိတ်ငြိမ်ဝပ်စွာနေ” ဟုမိန့်တော်မူ၏။ ထိုအခါ လေမုန်တိုင်းစဲ၍ အလွန်ငြိမ်သက်လေ၏။’ အဲဒီနောက် တပည့်တွေ ဘာပြောသလဲဆိုတာကို ဒီလိုဖော်ပြထားတယ်– “ဧကန်စင်စစ် ဤသူကား မည်သူနည်း။ လေနှင့်ရေတို့ပင် သူ၏စကားကို နားထောင်ကြပါသည်။” (မာကု ၄:၃၇-၄၁) ဒီအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ဘုရင်အဖြစ် ယေရှု အုပ်ချုပ်တဲ့အခါ နာခံမှုရှိတဲ့ လူသားအားလုံးကို ကိုယ်တော် ကာကွယ်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဒံယေလ ၇:၁၃၊ ၁၄

^ စာပိုဒ်၊ 5 သမ္မာကျမ်းစာအရ ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့နာမည် ဖြစ်ပါတယ်။