မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အကြောင်း ပိုသိအောင်လုပ်ပါ

သင့်ကို ယေဟောဝါဘုရားသခင် တန်ဖိုးထားပါသလား

သင့်ကို ယေဟောဝါဘုရားသခင် တန်ဖိုးထားပါသလား

“ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးဆိုတဲ့ ခံစားချက်တွေကြောင့် ဘုရားသခင်ဆီ ဆုမတောင်းရဲဘူး။ အဲဒီခံစားချက်ကို ဖျောက်ဖို့ ကျွန်မကြိုးစားနေရတယ်” လို့အမျိုးသမီးတစ်ဦးက ပြောပြတယ်။ သူ့ကို ယေဟောဝါဘုရားသခင် တန်ဖိုးထားတယ်ဆိုတာကို သူ့ခမျာ ယုံရခက်နေတယ်။ သင်ကော အဲဒီလိုမျိုး ခံစားနေရပါသလား။ ခံစားနေရတယ်ဆိုရင် ‘ယေဟောဝါဘုရားသခင်က သူ့ကို ဝတ်ပြုကိုးကွယ်နေတဲ့သူ တစ်ဦးချင်းစီကို တန်ဖိုးထားသလား’ ဆိုပြီး သင် မေးမိနိုင်ပါတယ်။ အဖြေကတော့ ဘုရားသခင် တန်ဖိုးထားပါတယ်။ ဘုရားသခင် တန်ဖိုးထားတယ်ဆိုတဲ့ အထောက်အထားကို ယေရှုရဲ့ စကားတွေကနေ ကျွန်ုပ်တို့ သိရှိနိုင်ပါတယ်။—ယောဟန် ၆:၄၄ ကိုဖတ်ပါ။

ယေဟောဝါဘုရားသခင်ရဲ့ အရည်သွေးတွေနဲ့ အလိုတော်တွေကို တခြားသူတွေထက် ပိုသိတဲ့ ယေရှုက ဘာပြောခဲ့သလဲ။ (လုကာ ၁၀:၂၂) “ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှ ငါ့ထံသို့မလာနိုင်” ဆိုပြီး ပြောခဲ့ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ကို ဘုရားသခင် မသွေးဆောင်ဘူးဆိုရင် ကျွန်ုပ်တို့ဟာ ခရစ်တော်ရဲ့ နောက်လိုက်တွေနဲ့ ခမည်းတော်ယေဟောဝါကို ဝတ်ပြုကိုးကွယ်တဲ့သူတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ (၂ သက်သာလောနိတ် ၂:၁၃) ယေရှု ဘာကို ပြောချင်တယ်ဆိုတာ နားလည်မယ်ဆိုရင် ကျွန်ုပ်တို့ကို ဘုရားသခင် တန်ဖိုးထားတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားကို သိရပါလိမ့်မယ်။

ကျွန်ုပ်တို့ကို ယေဟောဝါဘုရားသခင် ဆွဲဆောင်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ဘုရားသခင်က ကျွန်ုပ်တို့ကို အတင်းအကျပ် အမှုတော်ဆောင်ခိုင်းတယ်ဆိုတဲ့ အဓိပ္ပာယ်မသက်ရောက်ပါဘူး။ ဘုရားသခင်ဟာ မိမိရဲ့အမှုတော်ကို ထမ်းဆောင်ဖို့ ကျွန်ုပ်တို့ကို လွတ်လပ်စွာရွေးချယ်ခွင့် ပေးထားပါတယ်။ (တရားဟောရာ ၃၀:၁၉၊ ၂၀) ကမ္ဘာပေါ်မှာ သန်းပေါင်းများစွာသော လူတွေထဲက စိတ်ရင်းမှန်တဲ့သူတွေကို ဘုရားသခင် ရှာဖွေနေတယ်။ (၁ ရာဇဝင်ချုပ် ၂၈:၉) စိတ်ရင်းမှန်တဲ့သူတွေကို တွေ့တဲ့အခါ သူတို့ရဲ့နှလုံးကို ထိမိစေတဲ့နည်းနဲ့ ကိုယ်တော်တုံ့ပြန်ပါတယ်။ ဘယ်လိုအားဖြင့်လဲ။

ယေဟောဝါဘုရားသခင်ဟာ “ထာဝရအသက်ကို လိုလားသူ” တစ်ဦးချင်းစီရဲ့ နှလုံးကို ညင်ညင်သာသာ ဆွဲဆောင်ပါတယ်။ (တမန်တော် ၁၃:၄၈) ဒီနေရာမှာ နည်းနှစ်နည်းကို ကိုယ်တော် အသုံးပြုတယ်။ ကျမ်းစာသတင်းကောင်း ဟောပြောခြင်းနဲ့ ဘုရားသခင်ရဲ့ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ဖြစ်တယ်။ ကျမ်းစာအမှန်တရား လက်ခံတဲ့သူကို ဘုရားသခင် တွေ့တဲ့အခါ အဲဒီအမှန်တရားကို နားလည်ပြီး သူ့ဘဝမှာ ကျင့်သုံးနိုင်အောင် သန့်ရှင်းသောစွမ်းအားတော်ကို အသုံးပြုပြီး ကူညီပေးတယ်။ (၁ ကောရိန္သု ၂:၁၁၊ ၁၂) ဘုရားသခင့်အကူအညီကို ကျွန်ုပ်တို့မရရှိဘူးဆိုရင် ခရစ်တော်ရဲ့ နောက်လိုက်စစ်အနေနဲ့ရော ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူအနေနဲ့ပါ ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

ဘုရားသခင်ဟာ မိမိရဲ့အမှုတော်ကို ထမ်းဆောင်ဖို့ ကျွန်ုပ်တို့ကို လွတ်လပ်စွာရွေးချယ်ခွင့် ပေးထား

ဒါဆိုရင် ယောဟန် ၆:၄၄ မှာပါတဲ့ ယေရှုရဲ့ စကားတွေကနေ ယေဟောဝါဘုရားသခင်အကြောင်း ဘာသိရှိရသလဲ။ ကိုယ်တော်ဟာ တစ်ဦးချင်းစီရဲ့ ကောင်းကွက်တွေကို တွေ့မြင်ပြီး တန်ဖိုးထားတဲ့အတွက် ဆွဲဆောင်တာဖြစ်တယ်လို့ သိရပါတယ်။ နိဒါန်းမှာ ဖော်ပြထားတဲ့ အမျိုးသမီးဟာ ယုံကြည်စိတ်ချရတဲ့ အဲဒီအမှန်တရားကို သိရှိပြီးတဲ့နောက် စိတ်သက်သာမှုရသွားပါတယ်။ “ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခွင့်ရတာ အခွင့်ထူးပါပဲ။ ကိုယ်တော်ကို ဝတ်ပြုဖို့ ကျွန်မကို ရွေးချယ်တယ်ဆိုရင် ကျွန်မကို တန်ဖိုးထားလို့ပဲ ဖြစ်ရမယ်” လို့ သူက ပြောပြတယ်။ အသင်ကော။ ဘုရားသခင်ဟာ မိမိရဲ့ဝတ်ပြုသူတွေကို တစ်ဦးချင်းစီ တန်ဖိုးထားတယ်လို့ သိလိုက်ရတဲ့အခါ ကိုယ်တော့်အကြောင်း ပိုသိအောင် လေ့လာချင်တဲ့စိတ် ဖြစ်ပေါ်လာတယ် မဟုတ်ဘူးလား။

မေလအတွက် ကျမ်းစာဖတ်ရှုခြင်း အစီအစဉ်

လုကာ ၂၂ယောဟန် ၁၆