မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ရဲ့ ဧဝံဂေလိတရား ဟောပြောခြင်းတာဝန်ကို ကျေပွန်စေပါ

သင့်ရဲ့ ဧဝံဂေလိတရား ဟောပြောခြင်းတာဝန်ကို ကျေပွန်စေပါ

“ဧဝံဂေလိတရားဟောပြောသူ၏ အမှုကို ဆောင်ရွက်လော့။ အမှုတော်ကို အကုန်အစင် ပြီးမြောက်စေလော့။”—၂ တိ. ၄:၅

၁။ ယေဟောဝါကို ဘာကြောင့် ပထမဦးဆုံးနဲ့ အကြီးမြတ်ဆုံး ဧဝံဂေလိတရားဟောပြောသူလို့ ခေါ်နိုင်သလဲ။

ဧဝံဂေလိတရားဟောပြောသူဆိုတာ သတင်းကောင်းဟောပြောသူဖြစ်တယ်။ ပထမဦးဆုံးနဲ့ အကြီးမြတ်ဆုံး ဧဝံဂေလိတရားဟောပြောသူက ယေဟောဝါဘုရားသခင်ပါပဲ။ အာဒံနဲ့ဧဝ ပုန်ကန်ပြီးပြီးချင်းမှာပဲ ယေဟောဝါက စာတန်မာရ်နတ် ဖျက်ဆီးခံရမယ်ဆိုတဲ့ သတင်းကောင်းကို ကြေညာခဲ့တယ်။ (က. ၃:၁၅) ရာစုနှစ်တွေတစ်လျှောက်မှာ ယေဟောဝါက မိမိရဲ့နာမည်ကို ဘယ်လို သန့်ရှင်းမြင့်မြတ်စေမယ်၊ စာတန်ဖြစ်ပေါ်စေခဲ့တဲ့ပြဿနာတွေကို ဘယ်လို ဖြေရှင်းမယ်၊ လူသားတွေ ဘယ်လိုနည်းနဲ့ ထာဝစဉ်အသက်ရှင်ခွင့် ပြန်ရရှိမယ်ဆိုတာတွေကို ရှင်းပြခဲ့တယ်။ ဒီသတင်းကောင်းအားလုံးကို ဘုရားသခင့်တရားစကားတော် သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။

၂။ (က) ကောင်းကင်တမန်တွေဟာ ဘယ်လိုနည်းနဲ့ ဧဝံဂေလိတရားဟောပြောသူတွေ ဖြစ်သလဲ။ (ခ) ယေရှုဟာ ဘယ်လိုနည်းနဲ့ ဧဝံဂေလိတရားဟောပြောသူတွေအတွက် ပုံသက်သေကောင်းဖြစ်သလဲ။

ကောင်းကင်တမန်တွေလည်း ဧဝံဂေလိတရားဟောပြောသူတွေဖြစ်တယ်။ သူတို့ကိုယ်တိုင်က သတင်းကောင်း ဟောပြောကြပြီး တခြားသူတွေ သတင်းကောင်းဟောပြောရာမှာလည်း သူတို့ ပါဝင်ကူညီပေးကြတယ်။ (လု. ၁:၁၉; ၂:၁၀; တ. ၈:၂၆၊ ၂၇၊ ၃၅; ဗျာ. ၁၄:၆) ကောင်းကင်တမန်မင်း မိက္ခေလကော။ သူလည်း ဧဝံဂေလိတရားဟောပြောသူဖြစ်တယ်။ သူ ယေရှုအဖြစ် မြေကြီးပေါ်မှာ အသက်ရှင်ခဲ့တုန်းက သူ့ရဲ့အရေးကြီးဆုံးအလုပ်ဟာ သတင်းကောင်းဟောပြောခြင်းပဲ။ သူ့ရဲ့ပုံသက်သေက ဟောပြောခြင်းဟာ ကျွန်ုပ်တို့အတွက်လည်း အရေးကြီးဆုံးအလုပ်ဖြစ်သင့်တယ်ဆိုတာ ဖော်ပြတယ်။—လု. ၄:၁၆-၂၁

၃။ (က) ကျွန်ုပ်တို့ ဘယ်သတင်းကောင်းကို ဟောပြောနေကြသလဲ။ (ခ) ဘယ်မေးခွန်းတွေရဲ့အဖြေကို ကျွန်ုပ်တို့ သိဖို့လိုသလဲ။

ယေရှုက မိမိရဲ့တပည့်တွေကို ဧဝံဂေလိတရားဟောပြောသူတွေဖြစ်ဖို့ အမိန့်ပေးခဲ့တယ်။ (မ. ၂၈:၁၉၊ ၂၀; တ. ၁:၈) တမန်တော်ပေါလုက သူ့ရဲ့လုပ်ဖော်ဆောင်ဖက် တိမောသေကို ဒီလိုတိုက်တွန်းခဲ့တယ်– “ဧဝံဂေလိတရားဟောပြောသူ၏အမှုကို ဆောင်ရွက်လော့။ အမှုတော်ကို အကုန်အစင် ပြီးမြောက်စေလော့။” (၂ တိ. ၄:၅) ယေရှုရဲ့နောက်လိုက်တွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ ဘယ်သတင်းကောင်းကို ဟောပြောနေကြသလဲ။ ကောင်းကင်ဖခင် ယေဟောဝါက ကျွန်ုပ်တို့ကိုချစ်တယ်ဆိုတဲ့အကြောင်း လူတွေကို ကျွန်ုပ်တို့ပြောပြကြတယ်။ (ယော. ၃:၁၆; ၁ ပေ. ၅:၇) ယေဟောဝါဘုရားသခင်က မိမိရဲ့ချစ်ခြင်းမေတ္တာကို မိမိရဲ့နိုင်ငံတော်အားဖြင့် ဖော်ပြတယ်။ ဒါကြောင့် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုကို လက်အောက်ခံမယ်၊ ဘုရားသခင်ကိုနာခံမယ်၊ မှန်ရာကိုပြုလုပ်မယ်ဆိုရင် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်တယ်လို့ တခြားသူတွေကို ကျွန်ုပ်တို့ ပြောပြကြတယ်။ (ဆာ. ၁၅:၁၊ ၂) မတရားမှုအားလုံးကို ဖယ်ရှားပစ်မယ်ဆိုတာက ယေဟောဝါရဲ့ ရည်ရွယ်ချက်ပဲ။ အရင်က ခံခဲ့ရတဲ့ဆင်းရဲဒုက္ခတွေကြောင့် စိတ်နာကျင်ကြေကွဲနေတာကိုလည်း ကိုယ်တော် ဖယ်ရှားပေးမယ်။ ဒါ တကယ့်သတင်းကောင်းပဲ။ (ဟေရှာ. ၆၅:၁၇) ကျွန်ုပ်တို့က ဧဝံဂေလိတရားဟောပြောသူတွေဖြစ်တဲ့အတွက်ကြောင့် ဒီအရေးကြီးတဲ့ မေးခွန်းနှစ်ခုကို လေ့လာသုံးသပ်ကြည့်ကြစို့– ယနေ့အချိန်မှာ ဘာကြောင့် လူတွေ သတင်းကောင်းကြားရဖို့ အရေးကြီးသလဲ။ ဧဝံဂေလိတရားဟောပြောခြင်းတာဝန်ကို ကျွန်ုပ်တို့ ဘယ်လို အကောင်းဆုံး ကျေပွန်နိုင်သလဲ။

ဘာကြောင့် လူတွေ သတင်းကောင်းကြားရဖို့ လိုသလဲ

ထိရောက်တဲ့မေးခွန်းတွေ . . . သူတို့ယုံကြည်ရတဲ့အကြောင်းရင်းတွေကို သိရှိအောင် လူတွေကို ကူညီပေးပါ

၄။ ဘုရားသခင်နဲ့ပတ်သက်ပြီး လူတွေ ဘယ်လို လိမ်ညာပြောဆိုကြသလဲ။

သင့်အဖေက သင်နဲ့ သင့်မိသားစုကို စွန့်ပစ်သွားပြီလို့ တစ်ယောက်ယောက်က သင့်ကို လိမ်ပြောတယ်ဆိုပါစို့။ အဲဒီသူက သင့်အဖေဟာ သင်တို့နဲ့ အဆက်အသွယ်မလုပ်ချင်ဘူး၊ သိုသိုသိပ်သိပ်နေတတ်တယ်၊ ရက်စက်ကြမ်းတမ်းတယ်လို့ ပြောတယ်။ တချို့ကျတော့ သင့်အဖေက သေဆုံးသွားပြီဖြစ်လို့ သူနဲ့ဆက်သွယ်ဖို့ ကြိုးစားရင်လည်း အကျိုးရှိမှာမဟုတ်ဘူးလို့ ပြောကြတယ်။ တကယ်တော့ လူတွေက ဘုရားသခင်နဲ့ပတ်သက်ပြီး အဲဒီအတိုင်း ပြောဆိုနေကြတယ်။ ဘုရားသခင်က လျှို့ဝှက်ဆန်းကြယ်တယ်၊ ဘုရားသခင်ကို သိဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဘုရားသခင်က ရက်စက်ကြမ်းကြုတ်တယ်လို့ လူတွေ သွန်သင်ခံနေကြရတယ်။ ဥပမာ၊ တချို့ဘာသာရေးခေါင်းဆောင်တွေက ဘုရားသခင်ဟာ လူဆိုးတွေကိုအပြစ်ပေးဖို့ ငရဲမှာ ထာဝစဉ်ညှဉ်းဆဲတယ်လို့ သွန်သင်တယ်။ တချို့ကျတော့ လူတွေကို ဒုက္ခရောက်စေတဲ့ သဘာဝဘေးဒဏ်တွေကို ဘုရားသခင် ဖြစ်ပေါ်စေတယ်လို့ ပြောကြတယ်။ သဘာဝဘေးဒဏ်တွေက လူကောင်းလူဆိုးအားလုံးကို သိမ်းကျုံးပြီး သေကျေပျက်စီးစေတာတောင်မှ အဲဒါက ဘုရားသခင်ဒဏ်ခတ်တာလို့ ပြောကြတယ်။

အမှန်တရားကိုလက်ခံလာအောင် လူတွေရဲ့စိတ်နှလုံးကို ဖွင့်ပေးပါ

၅၊ ၆။ ဆင့်ကဲသီအိုရီနဲ့ အယူမှားဘာသာရေးသွန်သင်ချက်တွေက လူတွေကို ဘယ်လို ထိခိုက်စေသလဲ။

တချို့ကျတော့ ဘုရားသခင် မရှိဘူးလို့ပြောကြတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ဆင့်ကဲသီအိုရီကို လေ့လာကြည့်ပါ။ ဆင့်ကဲသီအိုရီကို လက်ခံယုံကြည်သူတွေက ဖန်ဆင်းရှင်မရှိဘူး၊ သက်ရှိတွေကို တစ်ယောက်ယောက်က ပုံစံပြုထားတာမဟုတ်ဘူးလို့ ပြောကြတယ်။ လူဆိုတာ တိရစ္ဆာန်တစ်မျိုးပဲ၊ ဒါကြောင့် လူတစ်ယောက်ယောက်က တိရစ္ဆာန်လိုပြုမူကျင့်ကြံတာဟာ အံ့ဩစရာမဟုတ်ဘူးလို့တောင် တချို့ကပြောကြတယ်။ အားကြီးတဲ့သူက အားနည်းတဲ့သူကို အနိုင်ကျင့်ဗိုလ်ကျတဲ့အခါ ဒါက သဘာဝတရားပဲလို့ တချို့က ပြောကြတယ်။ ဒါကြောင့် မတရားမှုဆိုတာ အမြဲတမ်းရှိနေမှာပဲလို့ လူများစွာက ယုံကြည်တာကို အံ့ဩစရာမဟုတ်ပါဘူး။ ဆင့်ကဲသီအိုရီကို ယုံကြည်သူတွေမှာ စစ်မှန်တဲ့မျှော်လင့်ချက်ဆိုတာ မရှိဘူး။

နောက်ဆုံးကာလမှာ လူသားတွေ ဆင်းရဲဒုက္ခခံနေရတာက ဆင့်ကဲအယူဝါဒနဲ့ အယူမှားဘာသာရေးသွန်သင်ချက်တွေကြောင့်လည်း ပါတယ်။ (ရော. ၁:၂၈-၃၁; ၂ တိ. ၃:၁-၅) ဒီလူ့သွန်သင်ချက်တွေမှာ စစ်မှန်ပြီး တည်မြဲတဲ့ သတင်းကောင်းမရှိဘူး။ အဲဒီအစား တမန်တော်ပေါလုပြောသလို အဲဒါတွေက လူတွေကို “ဉာဏ်အလင်းကွယ်လျက် ဘုရားသခင်ပေးတော်မူမည့်အသက်နှင့် ကင်းကွာ” သွားစေတယ်။ (ဧ. ၄:၁၇-၁၉) ဆင့်ကဲသီအိုရီနဲ့ အယူမှားဘာသာရေးသွန်သင်ချက်တွေက ဘုရားသခင်ဆီကလာတဲ့ သတင်းကောင်းကို လူတွေလက်ခံဖို့ အတားအဆီးဖြစ်စေတယ်။—ဧဖက် ၂:၁၁-၁၃ ကိုဖတ်ပါ။

မှန်ကန်တဲ့ကောက်ချက်ချနိုင်ဖို့ ကျိုးကြောင်းဆင်ခြင် တတ်အောင် ကူညီပေးပါ

၇၊ ၈။ သတင်းကောင်းကို လူတွေ အပြည့်အဝနားလည်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ဘာလဲ။

လူတွေ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ပြန်ရရှိဖို့ဆိုရင် အရင်ဦးဆုံး ယေဟောဝါ တည်ရှိတယ်ဆိုတာနဲ့ ကိုယ်တော့်ထံချဉ်းကပ်သင့်တဲ့ အကြောင်းကောင်းတွေရှိတယ်ဆိုတာကို ယုံကြည်ရမယ်။ ဖန်ဆင်းရာတွေကို လေ့လာဖို့ သူတို့ကို အားပေးခြင်းအားဖြင့် ဘုရားသခင်နဲ့ပတ်သက်တဲ့ အသိပညာတွေကို လေ့လာနိုင်အောင် ကျွန်ုပ်တို့ ကူညီပေးနိုင်ပါတယ်။ လူတွေဟာ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ ဖန်ဆင်းရာတွေကို လေ့လာလိုစိတ်ရှိမယ်ဆိုရင် ဘုရားသခင်မှာရှိတဲ့ ဉာဏ်ပညာနဲ့ တန်ခိုးအကြောင်းကို သိရှိရမှာဖြစ်တယ်။ (ရော. ၁:၁၉၊ ၂၀) ဘုရားသခင်ဖန်ဆင်းထားရာတွေက အံ့ဩစရာတွေဖြစ်တယ်ဆိုတာ လူတွေသိနားလည်အောင် ကျွန်ုပ်တို့ ဘယ်လို ကူညီပေးနိုင်သလဲ။ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော ဆိုတဲ့ ဘရိုရှာကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ဖန်ဆင်းခြင်းကိုလေ့လာရုံနဲ့ အဖြေမရနိုင်တဲ့မေးခွန်းတချို့ ရှိပါတယ်။ အဲဒါတွေကတော့ ဘုရားသခင် ဘာကြောင့် ဆင်းရဲဒုက္ခတွေကို ခွင့်ပြုထားတာလဲ၊ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်က ဘာလဲ၊ ကျွန်ုပ်တို့တစ်ဦးချင်းစီကို ဘုရားသခင် ဂရုစိုက်သလား ဆိုတဲ့မေးခွန်းတွေဖြစ်တယ်။

ဘုရားသခင်နဲ့ ကိုယ်တော့်ရည်ရွယ်ချက်နဲ့ပတ်သက်တဲ့ သတင်းကောင်းကို လူတွေ အပြည့်အဝ နားလည်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက သမ္မာကျမ်းစာကို လေ့လာခြင်းဖြစ်တယ်။ လူတွေ သတင်းကောင်းကို သိရှိလာအောင် ကျွန်ုပ်တို့ ကူညီပေးနိုင်တာက အခွင့်ထူးတစ်ခုပါပဲ။ ဒါပေမဲ့ လူတစ်ယောက် ဘုရားသခင်ကိုယုံကြည်လာပြီး ကိုယ်တော့်မိတ်ဆွေဖြစ်အောင် ကျွန်ုပ်တို့ ကူညီပေးချင်တယ်ဆိုရင် အချက်အလက်တွေကို သင်ပေးရုံထက်မက လုပ်ဖို့လိုတယ်။ သူတို့ယုံကြည်လက်ခံလာအောင်လုပ်ရမယ်၊ ဆိုလိုတာက သူ ဘာကြောင့် ယုံကြည်ဖို့လိုတယ်ဆိုတာ နားလည်အောင် သူ့ကိုကူညီပေးရမယ်။ (၂ တိ. ၃:၁၄) ဒါကြောင့် လူတွေ ယုံကြည်လက်ခံလာအောင်လုပ်ဖို့ ယေရှုဆီကနေ သင်ယူဖို့လိုတယ်။ ယေရှု ဘာကြောင့် အောင်မြင်ခဲ့တာလဲ။ အကြောင်းရင်းတစ်ခုက မေးခွန်းတွေကို ထိထိရောက်ရောက် အသုံးပြုခြင်းဖြစ်တယ်။ ယေရှုကို ကျွန်ုပ်တို့ ဘယ်လို တုပနိုင်သလဲ။

အောင်မြင်တဲ့ ဧဝံဂေလိတရားဟောပြောသူတွေက မေးခွန်းတွေကို ထိရောက်စွာ အသုံးပြု

၉။ သတင်းကောင်းကို လူတွေယုံကြည်လာအောင် ကူညီပေးချင်တယ်ဆိုရင် ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။

ဧဝံဂေလိတရားဟောပြောခြင်းလုပ်ငန်းမှာ ကျွန်ုပ်တို့ ဘာကြောင့် ယေရှုလို မေးခွန်းတွေ မေးသင့်သလဲ။ သင့်ဆရာဝန်က သင်အကြီးစားခွဲစိတ်မှု ခံယူဖို့လိုတယ်လို့ ပြောတယ်ဆိုပါစို့။ သူပြောတာကို သင်ယုံကြည်ပါလိမ့်မယ်။ ဒါပေမဲ့ သူက သင့်ကို သင့်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာမေးခွန်းမှ မမေးဘဲ အဲဒီလိုပြောလိုက်တယ်ဆိုရင်ကော။ သူ့ကို သင်ယုံကြည်စိတ်ချမှာမဟုတ်ဘူး။ အလွန်ကျွမ်းကျင်တဲ့ဆရာဝန်တွေတောင်မှ လူတစ်ယောက်ကို မကူညီခင်မှာ မေးခွန်းတွေမေးပြီး အဖြေတွေကို နားထောင်ရမှာဖြစ်တယ်။ ဒါကြောင့် နိုင်ငံတော်နဲ့ပတ်သက်တဲ့ သတင်းကောင်းကို လူတွေယုံကြည်လာအောင် ကူညီပေးချင်တယ်ဆိုရင် ထိရောက်တဲ့မေးခွန်းတွေ မေးတတ်အောင် သင်ယူရမယ်။ ဒါမှ သူတို့ ဘာအကူအညီလိုနေတယ်ဆိုတာသိပြီး ကူညီပေးနိုင်မယ်။

နားထောင်နေသူရဲ့နှလုံးထဲရောက်ဖို့ဆိုရင် သူ ဘာကြောင့် ယုံကြည်ဖို့လိုတယ်ဆိုတာကို နားလည်အောင် ကူညီပေးရမယ်

၁၀၊ ၁၁။ ယေရှုရဲ့သွန်သင်နည်းကို တုပမယ်ဆိုရင် ကျွန်ုပ်တို့ ဘယ်အချက်တွေကို ပြုလုပ်နိုင်သလဲ။

၁၀ ကောင်းစွာရွေးချယ်ထားတဲ့ မေးခွန်းတွေမေးတာက သင်သားရဲ့အကြောင်းကို သိရှိစေရုံသာမက သင်သားကို စဉ်းစားစေပြီး သူ့ရဲ့အယူအဆတွေကို ထုတ်ဖော်ပြောလာစေတယ်ဆိုတာကို ယေရှုသိခဲ့တယ်။ ဥပမာ၊ ယေရှုက တပည့်တွေကို နှိမ့်ချမှုအကြောင်း သင်ပေးချင်တဲ့အခါ အရင်ဆုံး စဉ်းစားတွေးတောစေတဲ့မေးခွန်းတစ်ခုကို မေးခဲ့တယ်။ (မာ. ၉:၃၃) မူတွေကို ဘယ်လို စဉ်းစားဆင်ခြင်ရမယ်ဆိုတာ ပေတရုကို သင်ပေးဖို့ ယေရှုက အဖြေမှန်ရွေးချယ်ရတဲ့ မေးခွန်းတစ်ခုမေးခဲ့တယ်။ (မ. ၁၇:၂၄-၂၆) နောက်တစ်ကြိမ်မှာတော့ တပည့်တွေရဲ့စိတ်နှလုံးထဲမှာ ဘာရှိသလဲဆိုတာ ယေရှုသိချင်လို့ သူတို့ကို သဘောထားမေးခွန်းတွေ မေးခဲ့တယ်။ (မဿဲ ၁၆:၁၃-၁၇ ကိုဖတ်ပါ။) ယေရှုဟာ လူတွေ ဘာလုပ်ရမယ်ဆိုတာကိုပဲ ပြောပြတာမဟုတ်ဘူး။ မေးခွန်းတွေမေးခြင်းအားဖြင့် လူတွေ သတင်းကောင်းလက်ခံပြီး သူတို့ရဲ့ဘဝမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လှုံ့ဆော်ပေးခဲ့တယ်။

၁၁ ထိရောက်တဲ့မေးခွန်းတွေ အသုံးပြုခြင်းအားဖြင့် ယေရှုကို တုပတဲ့အခါ အနည်းဆုံးအချက်သုံးချက်ကို ကျွန်ုပ်တို့ ပြုလုပ်တယ်။ လူတွေကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ကူညီပေးနိုင်တယ်ဆိုတာ ကျွန်ုပ်တို့ သိရှိကြတယ်၊ စကားဆက်ပြတ်စေသူတွေနဲ့ စကား ဆက်ပြောနိုင်ပုံကိုလည်း သိရှိကြတယ်၊ သူတို့ကိုယ်တိုင် လေ့လာမှုကနေ ဘယ်လိုအကျိုးခံစားရနိုင်တယ်ဆိုတာကိုလည်း ကျွန်ုပ်တို့ သွန်သင်ပေးတယ်။ ထိရောက်တဲ့မေးခွန်းတွေကို ဘယ်လိုမေးနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး ဥပမာသုံးခုကို လေ့လာကြည့်ကြစို့။

၁၂–၁၄။ သင့်ကလေး သတင်းကောင်းဟောပြောရာမှာ သူ့ကိုယ်သူ ယုံကြည်စိတ်ချမှုရှိစေဖို့ သင် ဘယ်လိုကူညီပေးနိုင်သလဲ။ ဥပမာပေးပါ။

၁၂ ဥပမာ ၁။ သင့် ဆယ်ကျော်သက်ကလေးက သူ့အတန်းဖော်တွေကို ဖန်ဆင်းခြင်းနဲ့ပတ်သက်တဲ့ သူ့ယုံကြည်ချက်အကြောင်း ပြောပြရမှာ ကြောက်နေတယ်ဆိုရင် သင် ဘာလုပ်မလဲ။ သင့်ကလေး သတင်းကောင်း ဟောပြောရာမှာ သူ့ကိုယ်သူ ယုံကြည်စိတ်ချမှုရှိအောင် သင် ကူညီပေးချင်မယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် သူ့ကို အလျင်စလို အပြစ်တင်မယ့်အစား၊ ဘယ်လိုပြောရမယ်ဆိုတာကို ချက်ချင်း ပြောပြမယ့်အစား ယေရှုပြုလုပ်သလိုပဲ သင့်ကလေးရဲ့ခံစားချက်ကို ထုတ်ဖော်ပြောဆိုစေတဲ့ မေးခွန်းတွေ မေးပါ။ ဘယ်လို လုပ်နိုင်သလဲ။

၁၃ သင့်ကလေးနဲ့အတူ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော ဘရိုရှာမှာပါတဲ့ အပိုင်းတချို့ကို ဖတ်ပြီးနောက်မှာ ဘယ်အပိုင်းကို စိတ်အဝင်စားဆုံးလဲလို့ သူ့ကို မေးနိုင်တယ်။ သူဘာကြောင့် ဖန်ဆင်းရှင်ကို ယုံကြည်ပြီး ဘုရားသခင့်အမှုတော် ဆောင်ချင်တယ်ဆိုတဲ့ တခြားအကြောင်းရင်းတွေကို စဉ်းစားဖို့ အားပေးပါ။ (ရော. ၁၂:၂) သူ့အကြောင်းပြချက်နဲ့ သင့်အကြောင်းပြချက် တူမှာမဟုတ်ဘူးဆိုတာ ပြောပြပါ။

၁၄ အဲဒီနောက် သင်တို့အတူတူ ပြောဆိုခဲ့တဲ့အတိုင်း အတန်းဖော်နဲ့ပြောဆိုဖို့ သင့်ကလေးကို အားပေးပါ။ သင့်ကလေးဟာ သူ့အတန်းဖော်ကို ဖန်ဆင်းခြင်းနဲ့ပတ်သက်တဲ့အချက်တချို့ကို ပြောပြပြီး သဘောထားမေးခွန်းတွေ မေးနိုင်ပါတယ်။ ဥပမာ၊ အတန်းဖော်ကို သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော ဘရိုရှာရဲ့ စာမျက်နှာ ၁၂ နဲ့ ၁၃ မှာပါတဲ့ အကြောင်းအရာကို ဖတ်ခိုင်းပါ။ ပြီးတဲ့နောက် သင့်ကလေးက ‘လေယာဉ်တောင်ပံကို တီထွင်တဲ့ အင်ဂျင်နီယာဟာ ဉာဏ်အရမ်းကောင်းဖို့လိုမယ်မဟုတ်လား’ လို့ မေးနိုင်တယ်။ အတန်းဖော်က ဟုတ်တာပေါ့လို့ ဖြေပါလိမ့်မယ်။ အဲဒီအခါ ‘လေယာဉ်တောင်ပံက စင်ရော်တောင်ပံကိုတုပပြီး လုပ်ထားတယ်ဆိုတာ သိသလား’ လို့ ထပ်မေးနိုင်တယ်။ ပြီးတဲ့နောက် ‘တုပတဲ့သူတောင် ဉာဏ်အရမ်းကောင်းဖို့လိုတယ်ဆိုရင် မူလဖန်တီးရှင် ဆိုရင်ကော’ လို့ဆက်မေးနိုင်ပါတယ်။ သင့်ကလေးက မိမိရဲ့ယုံကြည်ချက်အကြောင်း တခြားသူတွေကို ယုံကြည်စိတ်ချမှုရှိရှိ ပြောပြနိုင်ဖို့ ကူညီပေးရာမှာ သူနဲ့အတူ ပုံမှန်လေ့ကျင့်ပေးနိုင်တယ်။ မေးခွန်းတွေကို ထိထိရောက်ရောက် အသုံးပြုတတ်ဖို့ သင့်ကလေးကို လေ့ကျင့်ပေးတယ်ဆိုရင် သူ့ကို အောင်မြင်တဲ့ ဧဝံဂေလိတရားဟောပြောသူဖြစ်အောင် ကူညီပေးရာရောက်ပါလိမ့်မယ်။

၁၅။ ဘုရားမဲ့ဝါဒီတစ်ယောက်ကို ကျွန်ုပ်တို့ ဘယ်မေးခွန်းတွေမေးပြီး ကူညီပေးနိုင်သလဲ။

၁၅ ဥပမာ ၂။ သက်သေခံခြင်းလုပ်ငန်းမှာ သင်ပါဝင်နေစဉ် ဘုရားသခင် တကယ်ရှိမရှိဆိုတာကို သံသယဝင်နေသူတစ်ဦးနဲ့ ဆုံတွေ့နိုင်တယ်။ သူက သူ့ကိုယ်သူ ဘုရားမဲ့ဝါဒီလို့ ပြောလာနိုင်တယ်။ အဲဒီအခါ စကားစဖြတ်လိုက်မယ့်အစား သူ ဘုရားမဲ့ဝါဒီဖြစ်တာ ဘယ်လောက်ကြာပြီလဲ၊ ဘာကြောင့် အဲဒီလို အမြင်မျိုးကို လက်ခံခဲ့တာလဲ ဆိုပြီး လေးလေးစားစား ပြန်မေးနိုင်ပါတယ်။ သူဖြေတာတွေကို နားထောင်ပြီးနောက်မှာ သူ့ယုံကြည်ချက်ကို သူ အလေးအနက်ထားတဲ့အတွက် လေးစားကြောင်း ပြောနိုင်ပါတယ်။ အဲဒီနောက် သက်ရှိတွေဟာ ဖန်ဆင်းခံရတာဖြစ်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ ဖော်ပြထားတဲ့ ဘရိုရှာတစ်စောင် ဖတ်ချင်သလားလို့ မေးနိုင်တယ်။ သူက ဖတ်ချင်တယ်လို့ပြောတယ်ဆိုရင် သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော ဘရိုရှာကို ဝေငှနိုင်ပါတယ်။ ကျွန်ုပ်တို့က မေးခွန်းတွေကို လိမ္မာပါးနပ်စွာ၊ နှစ်လို့ဖွယ် မေးမယ်ဆိုရင် လူတစ်ယောက်ရဲ့နှလုံးထဲကို သတင်းကောင်းရောက်သွားအောင် လုပ်နိုင်မှာဖြစ်တယ်။

၁၆။ ကျွန်ုပ်တို့ရဲ့ သင်သားက လေ့လာနေတဲ့စာအုပ်ထဲက အဖြေတွေကို ဖတ်ပြရုံဖတ်ပြတာမျိုး မဖြစ်အောင် ဘယ်လို ပြုလုပ်သင့်သလဲ။

၁၆ ဥပမာ ၃။ ကျွန်ုပ်တို့ ကျမ်းစာသင်တဲ့အခါ သင်သားက လေ့လာနေတဲ့စာအုပ်ထဲက အဖြေတွေကို ဖတ်ပြရုံဖတ်ပြတာမျိုးဆိုရင် ဘာဖြစ်နိုင်သလဲ။ သူ အမှန်တရားမှာ ကောင်းကောင်းတိုးတက်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲ။ သင်သားက မစဉ်းစားဘဲ အဖြေတွေကို ဒီအတိုင်းဖတ်ပြတယ်ဆိုရင် နက်နက်ရှိုင်းရှိုင်း အမြစ်မတွယ်တဲ့သစ်ပင်နဲ့ တူသွားနိုင်တယ်။ သူ ဆန့်ကျင်မှုတွေနဲ့ကြုံရတဲ့အခါ အမှန်တရားမှာ ဆက်တည်မြဲနေဖို့ ခက်ခဲသွားနိုင်တယ်။ (မ. ၁၃:၂၀၊ ၂၁) အဲဒီလိုမဖြစ်ဖို့ဆိုရင် သင်ယူခဲ့တာတွေနဲ့ပတ်သက်ပြီး ဘယ်လိုယူဆသလဲလို့ သင်သားကို မေးဖို့လိုတယ်။ သူ သင်ယူလေ့လာခဲ့တာတွေကို လက်ခံသလား၊ ဘာကြောင့် အဲဒီလို သူယူဆသလဲဆိုတာကို သိအောင်လုပ်ပါ။ အဲဒီနောက် ကျမ်းစာကို စဉ်းစားဆင်ခြင်တတ်အောင် ကူညီပေးပါ၊ အဲဒါမှ သူ့ယုံကြည်ချက်တွေက ကျမ်းစာအပေါ် အခြေခံမှာဖြစ်တယ်။ (ဟေဗြဲ ၅:၁၄) ကျွန်ုပ်တို့က ထိရောက်တဲ့မေးခွန်းတွေကို အသုံးပြုမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ကျမ်းစာသင်သားတွေဟာ အမှန်တရားမှာ အခိုင်အမာ အမြစ်စွဲမှာဖြစ်တယ်။ အဲဒါမှ ဆန့်ကျင်မှု၊ လိမ်လည်လှည့်ဖြားမှု ကြုံရတဲ့အခါ တွန်းလှန်နိုင်မယ်။ (ကော. ၂:၆-၈) ကျွန်ုပ်တို့ရဲ့ဧဝံဂေလိတရားဟောပြောခြင်းတာဝန်ကို ကျေပွန်စေဖို့ နောက်ထပ် ဘာလုပ်နိုင်သေးသလဲ။

အောင်မြင်တဲ့ ဧဝံဂေလိတရားဟောပြောသူတွေဟာ အချင်းချင်းကူညီပေးကြ

၁၇၊ ၁၈။ အမှုဆောင်လုပ်ငန်းမှာ သင် တခြားကြေညာသူတစ်ဦးနဲ့တွဲပြီး လုပ်ဆောင်တဲ့အခါ သင့်တွဲဖက်ကို ဘယ်လိုကူညီပေးနိုင်သလဲ။

၁၇ ယေရှုဟာ ဟောပြောခြင်းလုပ်ငန်းမှာ တပည့်တွေကို နှစ်ယောက်စီ စေလွှတ်ခဲ့တယ်။ (မာ. ၆:၇; လု. ၁၀:၁) နောက်ပိုင်းမှာ တမန်တော်ပေါလုက သတင်းဟောပြောရာမှာ သူနဲ့အတူ “လက်တွဲ” ပါဝင်ခဲ့တဲ့ သူ့ရဲ့ “လုပ်ဖော်ဆောင်ဖက်” တွေအကြောင်း ပြောပြခဲ့တယ်။ (ဖိ. ၄:၃) ၁၉၅၃ ခုနှစ်မှာ အဖွဲ့အစည်းက ဟောပြောခြင်းလုပ်ငန်းမှာ ကြေညာသူတွေ တခြားသူတွေကို လေ့ကျင့်ပေးတဲ့ အထူးအစီအစဉ်ကို စတင်ခဲ့တယ်။

၁၈ အမှုဆောင်လုပ်ငန်းမှာ သင် တခြားကြေညာသူတစ်ဦးနဲ့တွဲပြီး လုပ်ဆောင်တဲ့အခါ သင့်တွဲဖက်က အိမ်ရှင်ကို ဟောပြောနေချိန်မှာ သူ့ကို ကူညီဖို့ သင်ဘာလုပ်နိုင်သလဲ။ (၁ ကောရိန္သု ၃:၆-၉ ကိုဖတ်ပါ။) သင့်တွဲဖက် ဖတ်နေတဲ့ကျမ်းချက်ကို သင့်ကျမ်းစာအုပ်မှာ လိုက်ဖွင့်ကြည့်ပါ။ သူတို့အပြန်အလှန်စကားပြောနေချိန်မှာ သင့်တွဲဖက်ကို ကူညီပေးဖို့ လိုမလို သိနိုင်ဖို့ အာရုံစိုက်နားထောင်ပါ။ (ဒေ. ၄:၁၂) ဒါပေမဲ့ သင့်တွဲဖက်က ကောင်းကောင်းသက်သေခံနေတယ်ဆိုရင် ဒါမှမဟုတ် အိမ်ရှင် စကားပြောနေတယ်ဆိုရင် ကြားဖြတ်ပြီး ဝင်မပြောပါနဲ့။ သင် ကြားဖြတ်ပြောလိုက်တယ်ဆိုရင် သင့်တွဲဖက် စိတ်ပျက်သွားနိုင်သလို အိမ်ရှင်လည်း စိတ်ရှုပ်သွားနိုင်တယ်။ တစ်ခွန်း၊ နှစ်ခွန်း ဝင်ပြောတာက မမှားပါဘူး။ ဒါပေမဲ့ သင်ပြောပြီးနောက်မှာ သင့်တွဲဖက်ကို ဆက်ပြောစေပါ။

၁၉။ ကျွန်ုပ်တို့ ဘယ်အချက်ကို သတိရသင့်သလဲ။ ဘာကြောင့်လဲ။

၁၉ တစ်အိမ်နဲ့တစ်အိမ်အကူးမှာ သင်နဲ့ သင့်တွဲဖက် တစ်ယောက်ကိုတစ်ယောက် ဘယ်လိုကူညီပေးနိုင်သလဲ။ သင်တို့ရဲ့တင်ဆက်ပုံကို တိုးတက်စေနိုင်တဲ့နည်းတွေကို ဆွေးနွေးဖို့ အဲဒီအချိန်ကို အသုံးပြုပါ။ သင့်ရပ်ကွက်မှာရှိတဲ့ လူတွေနဲ့ပတ်သက်ပြီး စိတ်ပျက်စရာစကားတွေ မပြောမိဖို့ သတိပြုပါ။ ညီအစ်ကိုညီအစ်မတွေရဲ့အကြောင်းကို ပြစ်တင်ပြောဆိုတာမျိုး မလုပ်ပါနဲ့။ (သု. ၁၈:၂၄) ကျွန်ုပ်တို့ဟာ မြေအိုးတွေဖြစ်တယ်၊ တစ်ယောက်မှ မစုံလင်ဘူးဆိုတာကို သတိရသင့်တယ်။ ယေဟောဝါက သတင်းကောင်းဟောပြောခြင်းလုပ်ငန်းဖြစ်တဲ့ ဘဏ္ဍာကို ကျွန်ုပ်တို့ထံမှာ အပ်နှင်းထားခြင်းအားဖြင့် ကျွန်ုပ်တို့အပေါ် အလွန်ချစ်ခင်ကြင်နာမှု ပြသတယ်။ (၂ ကောရိန္သု ၄:၁၊ ကိုဖတ်ပါ။) ဒါကြောင့် ဧဝံဂေလိတရားဟောပြောခြင်းတာဝန်ကို ကျေပွန်ဖို့ အစွမ်းကုန်ကြိုးစားခြင်းအားဖြင့် အဲဒီဘဏ္ဍာကို တန်ဖိုးထားလေးမြတ်ကြောင်း ဖော်ပြကြပါစို့။